Chapter 105
အန်တီကျန်းက ကလေးများကို သဘောကျပြီး သူ့မိသားစုထဲမှ ကလေးနှစ်ယောက်ကို သဘောကျလေသည်။ ကျိလဲ့ယွီက သွက်လက်ပြီး လင်းဖေးက လိမ္မာသည်။ အန်တီကျန်းကသူတို့ကို အလွန်သဘောကျပြီး အထူးသဖြင့် စာဖတ်ရခြင်းကို သဘောကျသည့်လင်းဖေးကို မိဘသဘာ၀အရ ပိုသဘောကျလေသည်။
ထို့ကြောင့် ကျန်းရှောင်စုန့်က လင်းဖေးကို လာတောင်းပန်သောအခါသူက လင်းဖေးဘက်တွင် မဆိုင်းမတွ ရပ်တည်ခဲ့သည်။ ကျန်းရှောင်စုန့်က သူတို့၏ကလေးကို အနိုင်ကျင့်လိုက်သည်ဟုထင်ပြီး သူတို့အပေါ် အမြင်ကောင်းမရှိတော့ပေ။
"အိုကေ…အန်တီ ဆေးပြီးပြီ…"
အန်တီကျန်းက ချယ်ရီခရမ်းချဉ်သီးများကို ပန်းကန်ပြားပေါ်တင်လိုက်ပြီး ကျိလဲ့ယွီကို ပေးလိုက်သည်။
"သူတို့ကို လွှတ်ထားလိုက်…သားဒယ်ဒီက သူတို့ကို ကိုင်တွယ်လိမ့်မယ်…အသီးသွားစားတော့လေ…"
ကျိလဲ့ယွီက နာခံစွာ ခေါင်းငြိမ့်လိုက်သည်။
"ဟုတ်ကဲ့…"
"သားက အရမ်းချစ်ဖို့ကောင်းတာပဲ…"
"သားဒယ်ဒီကို အရင် သွားကျွေးလိုက်မယ်…"
ပြောပြီးနောက် သူက အသီးပန်းကန်ကို ယူကာ ဧည့်ခန်းရှိ စားပွဲဆီသို့ လျှောက်သွားပြီး ကျိယွီရှောင်ရှေ့တွင် ပန်းကန်ကို ချလိုက်ကာ ပြောလိုက်သည်။
"ဒယ်ဒီ အရင်စား…"
ကျိယွီရှောင်က ရယ်မောလိုက်ပြီး နူးညံ့စွာ ပြောလိုက်သည်။
"သားစား…ဒယ်ဒီမစားတော့ဘူး…"
"စားပါ~~~"
ကျိလဲ့ယွီက ညုတုတု ပြောလိုက်သည်။
"ဒယ်ဒီအရင်စား…သား ပန်းတွေကို ရေသွားလောင်းလိုက်ဦးမယ်…ဒယ်ဒီစားပြီးမှ သား ကိုကိုနဲ့အတူစားလိုက်မယ်…"
'သူ့သားက အရမ်းတော်တာပဲ…ကမ္ဘာပေါ်က နတ်သားလေး…သူ့ရှေ့က ၀က်ဝံကလေးနဲ့မတူဘူး…'
ကျိယွီရှောင် တွေးလိုက်သည်။
ကျိလဲ့ယွီက ကျိယွီရှောင်ကို ပြုံးပြလိုက်ပြီး တံခါးအပြင်သို့ ပြေးထွက်သွားကာ ခြံထဲရှိ ပန်းဥယျာဉ်ဆီသို့ သွားလိုက်သည်။
ဆောင်းဦးရာသီတွင် ကျိယွီရှောင်၏ခြံထဲရှိဂန္ဓမာပန်းများက ရောင်စုံဖူးပွင့်နေကြလေသည်။
ကျိလဲ့ယွီက တည်ငြိမ်စွာ ရေပိုက်ကို ယူလိုက်ပြီး ကလေးသီချင်းညည်းကာ ဥယျာဉ်ထဲမှ ပန်းများကို ရေလောင်းလိုက်သည်။
ကျိယွီရှောင်က ရှေ့မှလူများကို စိုက်ကြည့်လိုက်၏။ ကျန်းချင်းက ကိုးရို့ကားယားနိုင်စွာ ပြုံးလိုက်ပြီး ညက ဝယ်ခဲ့သည့်လက်ဆောင်ကို ပေးလိုက်သည်။
"ဒါက လင်းဖေးအတွက် လက်ဆောင်သေးလေးပါ…လင်းဖေးက ရှောင်စုန့်ရဲ့မသိတတ်မှုကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်…"
"ဟက်…ခင်ဗျား တောင်းပန်ရင် တခြားလူတွေက ခင်ဗျားကို ခွင့်လွှတ်ပေးရမှာလား…ခင်ဗျားသား မသိတတ်တာကို ကျုပ်သားက ဘာလို့ခံရမှာလဲ…"
ကျန်းချင်း၏မျက်နှာက ပိုမိုရှက်ရွံ့လာလေသည်။
"အဲ့လို မဆိုလိုပါဘူး…ကျွန်တော်…"
"ပြန်ယူသွား…ဒီမိသားစုမှာ ဘာမှချို့တဲ့တာမရှိဘူး…လင်းဖေးက တစ်ခုခု ချို့တဲ့နေပုံပေါ်လို့လား…"
ကျန်းချင်းက ရှက်ရွံ့စွာ ခေါင်းခါလိုက်သည်။
"ဖေးဖေးက ခင်ဗျားကို မတွေ့ချင်ဘူး…အဲ့ဒါက အချိန်ဖြုန်းတယ်လို့ သူ ထင်တယ်…တောင်းပန်ရင် သက်ဆိုင်တဲ့သူကိုပဲ တောင်းပန်ရမယ်လို့ မပြဋ္ဌာန်းထားဘူးမလား…"
"ဟုတ်ပါတယ်…ဟုတ်ပါတယ်…"
ကျန်းချင်း ခေါင်းငြိမ့်လိုက်သည်။
"ခင်ဗျားကို မမေးဘူး…ခင်ဗျားမိန်းမကို မေးနေတာ…မစ္စကျန်း ဟုတ်တယ်မလား…"
ဟယ့်နီ လျင်မြန်စွာ ခေါင်းငြိမ့်လိုက်သည်။
"ဟုတ်ပါတယ်…"
"အတန်းထဲမှာ ရန်ဖြစ်ခဲ့တာမလား…ခင်ဗျားသားက မနက်ဖြန်ကျရင် အတန်းထဲက လူတိုင်းကို လင်းဖေးအပေါ် အမှားလုပ်မိကြောင်း ပြောရမယ်…သူက လင်းဖေးကို တမင်သက်သက် ရန်စခဲ့တာ…သူက ၀န်ခံပြီး ထပ်မလုပ်တော့ပါဘူးလို့ ပြောရမယ်…အိုကေလား…"
''ဟုတ်ကဲ့...''
ဟယ့်နီက ခေါင်းငြိမ့်ကာ မငြင်းဆန်ရဲခဲ့ပေ။
"ပြီးရင် သူက ဆရာရုံးခန်းကို သွားရမယ်…မစ္စကျန်း အဲ့နေ့က ရုံးခန်းထဲမှာ မကောင်းတဲ့စကားတွေ အများကြီးပြောခဲ့တယ်မလား…ခင်ဗျားက တခြားမိသားစုရဲ့ကလေးကို မျက်စိကန်းပြီး စိတ်လိုက်မာန်ပါ အနိုင်ကျင့်ခဲ့မိပါတယ်လို့ ၀န်ခံခိုင်းတာ မလွန်ဘူးမလား…''
"မလွန်ပါဘူး…"
ဟယ့်နီက ကြမ်းပြင်ကို စိုက်ကြည့်နေကာ သူ့လည်ပင်းက လေးလံလာသလို ခံစားနေရလေသည်။
"ကောင်းတယ်…"
ကျိယွီရှောင် ခေါင်းငြိမ့်လိုက်သည်။
"တခြားကလေးတွေကို အနိုင်ကျင့်ရတာ အရမ်းစိတ်၀င်စားဖို့ ကောင်းတယ်မလား…"
"မကောင်းပါဘူး…"ဟယ့်နီက လျင်မြန်စွာ ခေါင်းခါလိုက်သည်။
ကျိယွီရှောင် ရယ်မောလိုက်သည်။
"မဟုတ်ဘူးလား…ကျွန်တော်က အခု စိတ်၀င်စားဖို့ကောင်းတယ်လို့ တွေးနေတာ…မစ္စကျန်း ခင်ဗျားရဲ့ကလေးကို တခြားကလေးတွေကိုအနိုင်ကျင့်ဖို့.နဲ့ လင်းဖေးကိုလည်းထပ်အနိုင်ကျင့်ဖို့ အလိုလိုက်ဖျက်စီးလို့ရတယ်…ဘယ်သူမှ မသိရင်တော့ ကောင်းတာပေါ့…နောက်တစ်ခါကျရင် ဒီလိုရပ်ပြီး စကားပြောနေနိုင်မယ်လို့တော့ မထင်ဘူးနော်…"
ဟယ့်နီ မျက်ရည်များ ကျလာလေသည်။
"ကျွန်မ ထပ်မဖြစ်စေရပါဘူး…"
"ကျွန်တော့်ကို လာမပြောနဲ့…ကျွန်တော် ဂရုမစိုက်ဘူး…ခင်ဗျားထွက်သွားလို့ ရပြီ…"
ဟယ့်နီက ယင်းကို ကြားသောအခါ လွတ်ငြိမ်းခွင့်ရသွားပြီဟု ခံစားရပြီး သားကို ဆွဲခေါ်ကာ ထွက်သွားလေသည်။
သူ့၏သိက္ခာများက ဤအခန်းထဲတွင် သေဆုံးသွားလေသည်။ သူ့ကို အရှက်ရစေသည့် ဤနေရာမှ အမြန် ထွက်သွားချင်လေသည်။
ကျိလဲ့ယွီက ခြံထဲတွင် ရေပိုက်နှင့် ကစားနေလေသည်။ သူက ပန်းပင်ရေလောင်းရသည်ကို ငြီးငွေ့နေပြီး ကောင်းကောင်းမလုပ်တော့ပေ။ ဘယ်ညာသာ ရွေ့နေလေသည်။
ကျိလဲ့ယွီက တံခါးကို စောင့်ကြည့်နေပြီး တံခါးပွင့်လာသည်နှင့် ရေပိုက်ကို ယင်းနေရာသို့မတော်တဆကဲ့သို့ လှမ်းထိုးလိုက်သည်။ ထိုအခါ ရေများက ဟယ့်နီဆီသို့ တည့်တည့် ပျံသန်းသွားလေသည်။
ယင်းက ရေပန်းနှင့်ရေချိုးခြင်းနှင့် မတူပေ။
ရေများက ဟယ့်နီမေးစေ့ကို ရက်စက်စွာ မှန်သွားပြီး သူ့တစ်ကိုယ်လုံး အေးခဲစိုစွတ်သွားလေသည်။ ဟယ့်နီ ထိန်းမရသိမ်းမရ အော်ဟစ်လိုက်သည်။
ကျိလဲ့ယွီက အသံကြောင့် ထိတ်လန့်သွားပုံရပြီး ရေပိုက်ကို အမြန်ရွေ့လိုက်သည်။ ထိုအခါ ရေများက ကျန်းရှောင်စုန့်မျက်နှာပေါ်သို့ တည့်တည့်ရောက်သွားလေသည်။
ထိုအခါ ကျန်းရှောင်စုန့်က ရေအေးများကြောင့် အေးခဲသွားပြီး ချက်ချင်းအော်ငိုလိုက်သည်။
ကျိလဲ့ယွီက ထိတ်လန့်မှင်သက်နေသလို ရေပိုက်ကို ကျန်းရှောင်စုန့်မျက်နှာပေါ်သို့ တည့်တည့်ထိုးထားဆဲဖြစ်သည်။
ကျိယွီရှောင်က ဟယ့်နီနှင့်ကျန်းရှောင်စုန့်၏အော်သံကို ကြားသောအခါ ဝှီးချဲလ်ပေါ်တွင် ပြန်ထိုင်နေပြီးဖြစ်သည်။
သူက အနည်းငယ် စိတ်ရှုပ်ထွေးသွားပြီး တံခါးဘက်သို့ လှည့်ကြည့်လိုက်သော်လည်း ထိုနှစ်ယောက်ကို ဂရုမစိုက်ပေ။ ထို့ကြောင့် မီးဖိုချောင်ထဲမှ ပြေးထွက်လာသည့် အန်တီကျန်းကို ပြောလိုက်သည်။
"သွားကြည့်လိုက်…"
ပြောပြီးနောက် ကျိယွီရှောင်က ဝှီးချဲလ်ကို ဓာတ်လှေကားဆီသို့ တွန်းသွားလိုက်သည်။
နောက်ဆုံးတွင် ဟယ့်နီက ပြန်တုံ့ပြန်နိုင်ပြီး ကျန်းရှောင်စုန့်ကို လှမ်းဆွဲလိုက်သည်။
သူ့တစ်ကိုယ်လုံးက စိုစွတ်နေပြီး ဆောင်းဦးလေညှင်းကြောင့် တစ်ကိုယ်လုံး တုန်ရီနေလေသည်။
သူ ကျိလဲ့ယွီကို ကြည့်လိုက်သည်။ သူ့ဆံပင်များကလည်း စိုစွတ်နေပြီး ယခင်ကလို မာနကြီးပြီး ချမ်းသာပုံ မပေါ်တော့ပေ။ သူ့ကြည့်ရသည်မှာ အမွှေးများရေစိုနေသော ကြက်နှင့်တူလေသည်။
ကျိလဲ့ယွီက ငိုတော့မည်ပုံဖြစ်နေလေသည်။ သူ့ကြည့်ရသည်မှာ ထိတ်လန့်စိတ်ထိခိုက်နေပြီး သနားချင့်စဖွယ် ဖြစ်နေ၏။
"သား…သားမရည်ရွယ်ပါဘူး…"
ကျိလဲ့ယွီက မဝံ့မရဲပြောလိုက်သည်။
ကျန်းရှောင်စုန့်က စိုစွတ်နေသော အင်္ကျီလက်များကို မြှောက်ပြလိုက်ပြီး ကျိလဲ့ယွီကို လက်ညှိုးထိုးကာ ငိုယိုပြောလိုက်သည်။
"မင်း ရည်ရွယ်ချက်ရှိရှိလုပ်တာ…မင်းက ငါ့ကို တမင် ရေပိုက်နဲ့ထိုးတာ…ငါ့ကို တောင်းပန်…"
ကျိလဲ့ယွီက ပိုမိုကြေကွဲလာလေသည်။
"ငါ တမင်တကာလုပ်တာမဟုတ်ဘူး…"
ကျန်းချင်းက ယင်းကို မြင်သောအခါ မတော်တဆဖြစ်ရပ်သာဖြစ်ကြောင်း တွေးလိုက်သည်။
ဤလိမ္မာရေးခြားရှိသောကလေးက ပန်းများကို ရေလောင်းကာ ရေကစားနေပြီး သူတို့ထွက်လာသည်ကို သတိမထားမိခဲ့ပေ။ ထို့ကြောင့် အသံကြား၍ လှည့်ကြည့်လိုက်သောအခါ သူ့ဇနီးနှင့်သားကို ရေပိုက်ဖြင့် ထိုးမိသွားလေသည်။ ယင်းကို သူက ထိတ်လန့်သွားပြီး ရေပိုက်ကို လွှတ်ရန်မေ့သွားကာ ဆက်ကိုင်ထားမိခြင်းဖြစ်ပေမည်။
"ရပါတယ်…ဘာမှမဖြစ်ဘူး…"
ကျန်းချင်းက မိန်းမနှင့်သားဘက် လှည့်ကာ ပြောလိုက်သည်။
"သူက တမင်တကာ လုပ်တာမှ မဟုတ်တာ…မေ့လိုက်ပါ…"
အဲ့ဒါတွေထက် သူက ကျိယွီရှောင်သားလေ…
ဟယ့်နီက ပြန်မပြောပေ။ သူက အပြစ်ကင်းစင်ပုံရသည့် ကျိလဲ့ယွီကို စိုက်ကြည့်နေလေသည်။
ထိုအခိုက်အတန့်တွင် သူ့နှလုံးသားထဲမှ မကျေနပ်ချက်များ ပေါက်ကွဲလာလေသည်။
သူက ကလေးတစ်ယောက်ကို တောင်းပန်ဖို့လာခဲ့ပေမဲ့ အဲ့ကလေးက သူ့ကို လျစ်လျူရှုထားတယ်…သူက ကလေးနဲ့ တစ်နေ့လည်လုံး တံခါး၀မှာ ရပ်နေခဲ့ရပေမဲ့ လင်းဖေးရဲ့မျက်နှာကိုတောင် မမြင်ခဲ့ရဘူး…
ကျိယွီရှောင်က သူ့ကို အရှက်ခွဲတယ်…
လင်းဖေးက သူ့ကို မတွေ့ချင်ဘူး…အခုကျိယွီရှောင်ရဲ့သား၊ လင်းဖေးရဲ့ညီက သူနဲ့သူ့သားကို ရေပိုက်နဲ့လာထိုးပြန်ပြီ…
သူက ဘာပြောနိုင်မှာလဲ…
ဒီကလေးက မရည်ရွယ်ဘဲ လုပ်မိသွားတယ်ဆိုတဲ့အချက်ကို လျစ်လျူရှုလိုက်ပြီး ကလေးက တမင်သက်သက်လုပ်ခဲ့ရင်တောင် သူက ဘာပြောနိုင်မှာလဲ…
သူက ဘာပြောရဲမှာလဲ…
သွားတွေကျိုးသွားရင်တောင် ဘာမှမပြောဘဲ မျိုချရမှာပဲ…
ဟယ့်နီက ငိုကြွေးကာ ကျန်းရှောင်စုန့်ကို ဆွဲခေါ်သွားလိုက်သည်။
သား၏ငိုကြွေးသံကို နားထောင်ပြီး သူ့မျက်ရည်များက မရပ်တန့်နိုင်တော့ပေ။
ကားပေါ်ရောက်သည့်တိုင် ဟယ့်နီက မျက်နှာကို အုပ်ကာ ဆက်လက်ငိုကြွေးနေလေသည်။ သို့သော် သူ့ဘေးရှိ ကျန်းရှောင်စုန့်က မကျေမနပ်ပြောလာသည်။
"သား အင်္ကျီလဲချင်တယ်…သားအ၀တ်တွေက စိုရွှဲနေတာပဲ…မေမေ သားအေးတယ်…အင်္ကျီလဲချင်တယ်…ဝူးဝူးဝူး…"
ဟယ့်နီက ကျန်းရှောင်စုန့်၏ကုတ်အင်္ကျီချွတ်ရန် ကူညီပေးလိုက်သော်လည်း လက်ဆန့်လိုက်သောအခါ သူ့အင်္ကျီလက်က ရေတစ်စက်စက်ကျနေလေသည်။ ထိုအခါ သူ့၏အရှက်တကွဲအကျိုးနည်းဖြစ်မှုကို သတိရသွားပြီး မျက်ရည်များက ပိုမိုကျဆင်းလာ၏။
အန်တီကျန်း တံခါးဖွင့်လိုက်သောအခါ ဟယ့်နီနှင့်ကျန်းရှောင်စုန့်က အမြန်ထွက်သွားကြသည်ကို တွေ့လိုက်ရသည်။
သူက သံသယရှိစွာ ကြည့်လိုက်ပြီး ပန်းဥယျာဉ်ထဲမှ ကျိလဲ့ယွီဆီ လျှောက်သွားကာ မေးလိုက်သည်။
"သူတို့ဘာဖြစ်သွားတာလဲ…ဘာလို့ စောစောက ထအော်နေကြတာလဲ…"
ကျိလဲ့ယွီက ပုံမှန်အတိုင်း ပန်းများကို ရေဆက်လောင်းနေလေသည်။
"သား ပန်းပင်တွေကို ရေလောင်းနေတုန်း သူတို့က ရောက်လာကြတာလေ…သားက သူတို့ကို မတွေ့မိလို့ မတော်တဆ သူတို့ကို ရေပိုက်နဲ့ထိုးမိသွားတယ်…"
ပြောပြီးနောက် သူက အန်တီကျန်းကို အပြစ်ရှိသလို ရှက်ရွံ့စွာ ကြည့်လိုက်လေသည်။
အန်တီကျန်းက ရေအနည်းငယ်စင်သွားသည်ဟု ထင်သောကြောင့် ယင်းကို ဂရုမစိုက်တော့ပေ။
သူက လင်းဖေး၏ကိစ္စကြောင့် ကျန်းရှောင်စုန့်တို့မိသားစုကို မကျေနပ်သည့်အတွက် ကျိလဲ့ယွီကို နှစ်သိမ့်ပေးလိုက်သည်။
"ရပါတယ်…သူတို့ကိုက နုနယ်လွန်းတာ…လမ်းပေါ်မှ ရေဖြန်းကာတွေ ဖြတ်သွားလို့ ရေတွေစင်ကြပေမဲ့ သူတို့လို ထအော်တဲ့လူကို မမြင်ဖူးဘူး…သားကိုယ်သား အပြစ်မတင်နဲ့…ဒါက သားအမှားမဟုတ်ဘူး…ပန်းတွေ ရေလောင်းနေတာ သူတို့မမြင်ဘူးလား…စောင့်နိုင်ရင်စောင့်…မစောင့်နိုင်ရင် ရှောင်သွားကြပေါ့…"
ပြောပြီးနောက် အန်တီကျန်းက ကျိလဲ့ယွီလက်ထဲမှ ရေပိုက်ကို ယူလိုက်သည်။
"အိုကေ…သွားကစားရအောင်…ပန်းပင်ရေလောင်းဖို့က အန်တီနောက်မှ သားကို ကူညီပေးမယ်…"
ကျိလဲ့ယွီက နာခံစွာ ခေါင်းငြိမ့်လိုက်သည်။
"ကျေးဇူးတင်ပါတယ်…"
"မလိုပါဘူး..သွားကြရအောင်…"
အန်တီကျန်းက ပြုံးကာ ပြောလိုက်သည်။
ကျိလဲ့ယွီက ရှေ့သို့ လျှောက်သွားရင်းနှင့် သူ့၏လိမ္မာရေးခြားရှိပြီး အပြစ်ကင်းစင်သောမျက်နှာက ကျေနပ်အားရဂုဏ်ယူနေသော မျက်နှာအဖြစ်သို့ ပြောင်းသွားလေသည်။
သူတို့က လင်းဖေးကို အနိုင်ကျင့်ရဲတယ်…
နောက်နေတာလား…
လင်းဖေးက ငါ့ဟာ…ဘယ်သူမှ လင်းဖေးကို လာထိလို့ မရဘူး…
လင်းဖေးကို အနိုင်ကျင့်တဲ့လူတိုင်းကို ငါက လက်စားပြန်ချေပြမယ်…
ကျိလဲ့ယွီ၏နှုတ်ခမ်းထောင့်က တဖြည်းဖြည်း ကွေးညွှတ်လာလေသည်။ သူ့စိတ်က ပေါ့ပါးပျော်ရွှင်နေ၏။
ဒီလိုရာသီဥတုမျိုးမှာ ရေအေးနဲ့ အပက်ခံရလို့ အအေးမိသွားကြမလား မသိဘူး…
အအေးမိသွားကြရင် ကောင်းမယ်…
သူက တံခါးကို ဖွင့်လိုက်ပြီး ကလေးသီချင်းညည်းကာ ၀င်သွားလိုက်သည်။
လင်းဖေးက ပြတင်းပေါက်ဘောင်ပေါ်မှ ထလိုက်စဉ် တံခါးခေါက်သံကို ကြားလိုက်ရပြီး ကျိယွီရှောင်က ဝှီးချဲလ်ကို တွန်းကာ အခန်းထဲ ၀င်လာလေသည်။
လင်းဖေးက ကျန်းရှောင်စုန့်နှင့်သူ့အမေ ရောက်လာရသည့်အကြောင်းရင်းကို ခန့်မှန်းမိပြီဖြစ်သည်။ ကျန်းရှောင်စုန့်က သူ ဘယ်မှာနေလဲ မသိပေ။ ဆရာမကျောက်ပင် ဤနေရာကို မသိခဲ့ပေ။ ထို့ကြောင့် ကျိယွီရှောင်က သူ့လိပ်စာကို သူတို့ကို ပြောပြလိုက်ခြင်းသာ ဖြစ်နိုင်သည်။ ကျိယွီရှောင်က သူတို့ကို သူ့ထံ လာတောင်းပန်ခိုင်းခြင်းဖြစ်သည်။
"သား စာအုပ်မဖတ်ဘူးလား…"
ကျိယွီရှောင်က ထူးဆန်းနေသောကြောင့် မေးလိုက်သည်။
လင်းဖေးက သူစောင့်ကြည့်နေသည်ကို မပြောချင်ပေ။
"ခဏအနားယူနေတာပါ…"
'ဟုတ်တာပေါ့…'ကျိယွီရှောင် တွေးလိုက်သည်။
'စာအုပ်က ဘယ်လောက်ကောင်းကောင်း မျက်လုံးအနားပေးဖို့ လိုအပ်တယ်…'
“ကျန်းရှောင်စုန့်နဲ့သူ့အမေကို ပြန်လွှတ်လိုက်ပြီ… သား သူတို့ကို မတွေ့ချင်ဘူးဆိုလို့ သူတို့က သုံးသပ်စာ ရေးပေးခဲ့တယ်…သား ဖတ်ချင်လား…"
လင်းဖေး ခေါင်းခါလိုက်သည်။ သူက ကျန်းရှောင်စုန့်အတွက် အချိန်မဖြုန်းချင်ပေ။
ကျိယွီရှောင် ခေါင်းငြိမ့်လိုက်သည်။ သူ ခန့်မှန်းထားသော်လည်း တကယ်ဖြစ်လာသောအခါအနည်းငယ်ခံစားရလေသည်။
ဒါက သိပ်မသိသာဘူး…ရေစက်လေးတစ်စက်လိုပဲ…
သူက လင်းဖေး ပျော်မယ်လို့ ထင်လို့ လုပ်ခဲ့ပေမဲ့ လင်းဖေးက ဂရုတောင်စိုက်ပုံ မပေါ်ဘူး…အဲ့လိုမလုပ်ပေးလည်း ရတဲ့ပုံပဲ…
သူက လင်းဖေးကို ကောင်းကောင်းနားမလည်ဘူးပဲ…သူက အသုံးမကျတဲ့အလုပ်ကို လုပ်ခဲ့မိတာပဲ…
"ဒီလိုဆို ရှုရှု ကိုယ့်ဖာသာ ကိုင်တွယ်လိုက်မယ်…သားကို ဒါက ပျော်အောင် လုပ်ပေးနိုင်မယ်ထင်ခဲ့ပေမဲ့ အသုံးမ၀င်ဘူးပဲ…ကံကောင်းလို့ ဒါက သား သူတို့ကြောင့် ၀မ်းမနည်းဘူးဆိုတာကို ပြနေတာပဲ…"
လင်းဖေးက ကျိယွီရှောင်၏အသံထဲမှ ရှုံးနိမ့်မှုကို ခံစားလိုက်ရလေသည်။
သူက ကျိယွီရှောင်ကို ပြောလိုက်သည်။
"ကျွန်တော် ၀မ်းမနည်းပါဘူး…"
"ရှုရှု သိပါတယ်…"
ကျိယွီရှောင် ပြောလိုက်သည်။
လင်းဖေးက ကျိယွီရှောင်ထံ ချဉ်းကပ်သွားကာ ကျိယွီရှောင်ရှေ့တွင် ရပ်၍ ပြောလိုက်သည်။
"ကျွန်တော် နည်းနည်းပျော်နေတယ်…"
ကျိယွီရှောင် ခေါင်းရှုပ်သွားသည်။
"တကယ်လား…"
လင်းဖေးက သိသိသာသာကို ဒါကို စိတ်မ၀င်စားတဲ့ပုံပါ…
လင်းဖေး ခေါင်းငြိမ့်လိုက်သည်။
"ရှုရှုက ကျွန်တော့်ကို ပျော်စေချင်တယ်…ရှုရှုက ကျွန်တော့်ကို ပျော်စေချင်လို့ ကျွန်တော် အခု ပျော်နေတယ်…"
ကျိယွီရှောင်က တစ်ခဏတာ အံ့အားသင့်သွားပြီး လင်းဖေးပြောချင်သည့် အဓိပ္ပာယ်ကို နားလည်သွားလေသည်။
လင်းဖေးက ကျန်းရှောင်စုန့်နဲ့သူ့အမေရဲ့တောင်းပန်မှုကြောင့် မပျော်ဘူး…သူက အဲ့ဒါတွေကို သူ(လင်းဖေး)ပျော်ဖို့ လုပ်ပေးခဲ့တဲ့အတွက် သူ(လင်းဖေး)ပျော်နေတယ်…
"ရှုရှု သူတို့ကို လာခိုင်းခဲ့တာမလား…ရှုရှုက သူတို့ရဲ့တောင်းပန်မှုကို ကျွန်တော်လိုအပ်တယ်လို့ ခံစားရတဲ့အတွက် ကျွန်တော့်ကို ကာကွယ်ဖို့၊ ကျွန်တော် ပျော်သွားဖို့ သူတို့ကို လာတောင်းပန်ခိုင်းခဲ့တာမလား…ကျွန်တော် ပျော်ပါတယ်…"
ကျိယွီရှောင်က လင်းဖေး၏ရှင်းပြနေမှုကို မြင်သောအခါ ကူရာမဲ့စွာ ပြုံးလိုက်ပြီး လက်ဆန့်ကာ လင်းဖေးကို ပွေ့ဖက်လိုက်သည်။
"သားပျော်နေသရွေ့…"
"ရှုရှု ပျော်လား…"
လင်းဖေး မေးလိုက်သည်။
"သားပျော်ရင် ရှုရှုလည်း ပျော်တယ်…"
ကျိယွီရှောင်က လင်းဖေး၏မျက်နှာလေးကို နမ်းကာ ပြောလိုက်သည်။
လင်းဖေးက လင်းလော့ချင်း ယခင်က ပြောဖူးသည့်စကားကို သတိရသွားသည်။
'မင်း ငါ့ကို နမ်းရင် ငါပျော်မှာပါ'
ထို့ကြောင့် လင်းဖေးကို မျက်နှာကို လှည့်လိုက်ပြီး ကျိယွီရှောင်၏မျက်နှာကို နမ်းလိုက်သည်။
ကျိယွီရှောင် အံ့ဩသွားပြီး လင်းဖေးကို မယုံကြည်နိုင်စွာ ကြည့်နေလေသည်။
လင်းဖေး၏မျက်လုံးများက ကြည်လင်နေပြီး မမြင်နိုင်သောနူးညံ့မှုများဖြင့် ပြည့်နေ၏။
"အခု ပိုပျော်လာပြီလား…"
ကျိယွီရှောင်၏နှလုံးသားထဲမှ ရေတစ်စက်က သဲလွန်စပင်မကျန် ချက်ချင်းပျောက်ကွယ်သွားလေသည်။
သူ လုပ်ခဲ့တာတွေက အသုံးမ၀င်ဘူး…ဒါပေမဲ့ လင်းဖေးက သူ့ဂရုစိုက်မှုကြောင့်၊ သူ လင်းဖေးကို ပျော်ရွှင်စေချင်တာကြောင့် ပျော်ရွှင်နေတယ်တဲ့…
လင်းဖေးက သူပျော်သွားအောင် နမ်းပေးသေးတယ်…
ကျိယွီရှောင် ပျော်ရွှင်နေလေသည်။
သူ လင်းဖေး၏နဖူးကို ပွတ်သပ်လိုက်ပြီး နူးညံ့စွာ ပြောလိုက်သည်။
"ရှုရှု ပျော်နေတ
ယ်…"
လင်းဖေးက ကျိယွီရှောင်၏ခံစားချက်များ ကောင်းမွန်လာသည်ကို ခံစားမိသောကြောင့်စိတ်သက်သာရာရစွာ ပြုံးလိုက်သည်။
တစ်ဖက်မှ ကျိယွီရှောင်ကလည်း လင်းဖေး၏ခံစားချက်ကို ခံစားမိလေသည်။
ကျိယွီရှောင်အတွက် လင်းဖေး၏အပြုံးက မနက်ခင်းတွင် ပွင့်လန်းလာသည့်ပန်းကလေးနှင့်တူလေသည်။ ထိုအခိုက်အတန့်တွင် သူ လင်းဖေးနှင့် နီးကပ်လာသလို ခံစားလိုက်ရသည်။