Chapter 106
နောက်ဆုံးတွင် သူက လင်းဖေးရှေ့မှ စိမ်းသက်သောအလွှာကို ဖြတ်သန်းနိုင်ပြီဖြစ်သည်။ သူက လင်းဖေးနှင့်ဆက်သွယ်ရန် လင်းလော့ချင်း သို့မဟုတ် ကျိလဲ့ယွီ၏တံတားကို မလိုတော့ပေ။
သူ့နှလုံးသားထဲ၌ ပျော်ရွှင်မှုများ ပြည့်နှက်စွာဖြင့် လင်းဖေး၏မျက်နှာကို ထပ်နမ်းလိုက်လေသည်။
ကျိယွီရှောင်က လင်းဖေး၏အခန်းထဲမှ ပျော်ရွှင်စွာ ထွက်လာပြီး အသုံးမ၀င်သောသုံးသပ်စာနှစ်စောင်ကို ကိုင်ကာ စာဖတ်ခန်းဆီသို့ ပြန်သွားလိုက်သည်။
လင်းဖေးက စားပွဲသို့ ပြန်လာပြီး စာအုပ် ဆက်ဖတ်လိုက်လေသည်။
သို့သော် သူ နှစ်ကြောင်းသာ ဖတ်ရသေးချိန် ကျိလဲ့ယွီက လက်ထဲတွင် အသီးပန်းကန်ကိုင်ကာ တံခါးဖွင့်ဝင်လာလေသည်။
"သား ပြန်လာပြီ…"
ကျိလဲ့ယွီက သူ့ထံ သဘာ၀ကျကျ လျှောက်လာကာ ထိုင်လိုက်သည်။ ထို့နောက် အသီးပန်းကန်ကို လင်းဖေးစားပွဲပေါ် တင်လိုက်ပြီး လင်းဖေးလက်ထဲမှ စာအုပ်ကို ကြည့်လိုက်သည်။
"ဒီနေ့ အိမ်မှာ စာအုပ်ဖတ်နေတာလား…"
"ဟုတ်တယ်…"
‘ပျင်းစရာ ကောင်းလိုက်တာ…’
ကျိလဲ့ယွီ တွေးလိုက်သည်။ ထို့နောက် ချယ်ရီခရမ်းချဉ်သီးတစ်လုံးကို ယူလိုက်ပြီး ပါးစပ်ထဲ ထည့်လိုက်သည်။
"ဒီနေ့ ကိုကို့ကို တစ်ယောက်ယောက်လာရှာတယ်…"
"ဟုတ်တယ်…"
လင်းဖေးက တည်ငြိမ်နေပြီး သူ့မျက်လုံးများက စာအုပ်ပေါ်မှ မခွာပေ။
ကျိလဲ့ယွီ စူးစမ်းလိုက်သည်။
"သူတို့က ကိုကို့ကို ဘာလို့လာရှာတာလဲ…သူတို့နဲ့ဘယ်လိုပတ်သတ်လဲ…"
"အတန်းဖော်…"
ကျိလဲ့ယွီ ခေါင်းငြိမ့်လိုက်သည်။
အဲ့ကောင်က လင်းဖေးကို ကျောင်းမှာ အနိုင်ကျင့်ခဲ့တာလား…
"ဒါဆို ကိုကိုက ဘာလို့ သူတို့ကို ဆင်းမတွေ့တာလဲ…"
"သူတို့ကို ဘာလို့ဆင်းတွေ့ရမှာလဲ…"
ဤတစ်ကြိမ်တွင်တော့ လင်းဖေး၏မျက်လုံးများက စာအုပ်ပေါ်မှ ကွာပြီး ကျိလဲ့ယွီကို ကြည့်လိုက်လေသည်။
ကျိလဲ့ယွီက ချယ်ရီခရမ်းချဉ်သီးစားနေပြီး ပါးများက ဖောင်းနေကာ ရှဉ့်လေးတစ်ကောင်သဖွယ် ဖြစ်နေလေသည်။
လင်းဖေးက သူ ဖတ်နေသည့်စာမျက်နှာကို မှတ်လိုက်ကာ စာအုပ်ကို ပိတ်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
"မင်း ငါ့ကို တစ်ခုခုပြောဖို့ မေ့မနေဘူးလား…"
"ဘာလဲ…"
သူ ဘာလုပ်ခဲ့လို့လဲ…သူ ဘာမှမေ့နေပုံ မပေါ်ဘူး…
"မမေ့ပါဘူး…"
လင်းဖေး :"..."
အခု မင်းရဲ့မရေမတွက်နိုင်တဲ့ချို့ယွင်းချက်တွေမှာ မရိုးသားမှုပါ ထပ်ပေါင်းထည့်နေတာလား…
လင်းဖေးက ကူရာမဲ့သွားသည်။
"မင်း ငါ့ကို အရင်က ဘာပြောခဲ့လဲ…"
"ပြောခဲ့တာတွေ များလွန်းလို့…ဘာကို ကိုကိုပြောတာလဲ မသိဘူး…"
လင်းဖေး :"..."
“မင်း ဘာမှမမှတ်မိဘူးလား…”
"အဲ့လိုတော့ မဟုတ်ဘူးလေ…သား ကိုကို့ကိုကတိပေးခဲ့တာတွေ အားလုံးကို မှတ်မိတာပေါ့…"
"ဒါဆို မင်း ခြံထဲမှာ ဘာလုပ်ခဲ့လဲ…မင်း ငါ့ကို မပြောပြဘူးလား…"
ကျိလဲ့ယွီ အံ့ဩသွားသည်။
"တွေ့သွားတာလား…"
သူ တစ်ခုခုလုပ်တိုင်း လင်းဖေးက ဘာလို့ အမြဲမိနေရတာလဲ…
သနားစရာကောင်းလိုက်တာ…
သူ လက်မှိုင်ချလိုက်ရပြီ…
“ဒီတစ်ခါ သား သူတို့ကို ရေထဲ မတွန်းချဘူးလေ...ကိုကို မှာထားသလို ဓားတွေလဲ မသုံးဘူး…သူတို့ကို ရေနဲ့ ပက်လိုက်ရုံပဲ…ဒါက လူတွေကို မသေစေဘူးလေ…ပြီးတော့ နောက်ကွယ်မှာ လုပ်ခဲ့တာလည်း မဟုတ်ဘူး…သူတို့ရှေ့မှာပဲ လုပ်ခဲ့တာ…ဒါက မကောင်းတဲ့ကိစ္စမှ မဟုတ်တာ…အဲ့ဒါကြောင့် ကိုကို့ကို ပြောပြစရာမှ မလိုတာ…"
ကျိလဲ့ယွီက တာ၀န်ကျေကျေ ပြောလိုက်၏။
ထို့နောက် မျက်တောင်ကို ချစ်စဖွယ်ကောင်းစွာ ခတ်လိုက်သည်။
"ပန်းကလေးတွေနဲ့ မြက်ပင်လေးတွေတောင် ရေလောင်းခံရမှာ မကြောက်ဘူး…လူတွေကလည်း မိုးရွာကြီးထဲ ထီးမပါဘဲ သွားလာကြတာပဲ…သူတို့တွေအကုန် အဆင်ပြေနေတယ်လေ…"
လင်းဖေး :"..."
သူ့မှာ မှားယွင်းတဲ့အကြောင်းပြချက်တွေ အများကြီးရှိတယ်…
ကျိလဲ့ယွီက လင်းဖေးကို အပြစ်ကင်းစင်စွာ ကြည့်လိုက်သည်။
"ဟုတ်တယ်မလား…"
လင်းဖေး :"..."
လင်းဖေးက ကျိလဲ့ယွီမျက်နှာကို ညှစ်လိုက်ပြီး ယင်းကို ဂရုမစိုက်တော့ပေ။
ထားလိုက်ပါ…ရေနည်းနည်းလေးပဲဟာ…သူတို့ တကယ်သေမှာ မဟုတ်ဘူး…
ကျိလဲ့ယွီက ယင်းကို မြင်သောအခါ စိတ်သက်သာရာရသွားပြီး တမင်တကာ ငြီးငြူထေ့ငေါ့လိုက်သည်။
"သားက သူတို့ကို ရေနဲ့ပက်ခဲ့ပေမဲ့ ကိုကိုက သားကို မချီးကျူးဘူး…ဆုံးတောင်ဆုံးမနေတယ်…"
လင်းဖေး :"..."
"မင်းကို ချီးကျူးစေချင်တာလား…"
ကျိလဲ့ယွီက လင်းဖေး၏မနှစ်မြို့သည့်လေသံကို ကြားလိုက်သောအခါ ယုတ္တိရှိရှိ ပြောလိုက်သည်။
"သားက ဒါကို ကိုကို့အတွက် လုပ်ခဲ့တာလေ…ကိုကို့အတွက်သာမဟုတ်ရင် သား သူတို့ကို လျစ်လျူရှုထားမှာ…"
သူက နှုတ်ခမ်းစူကာ လင်းဖေးကို မကျေနပ်စွာ ကြည့်လိုက်သည်။
လင်းဖေး :"..."
လင်းဖေးက ကူရာမဲ့မှု ၃၀%၊ တည်ငြိမ်မှု၃၀%၊ အလိုလိုက်မှု ၄၀%ပါသော မျက်လုံးဖြင့်ကြည့်လိုက်ပြီး တစ်ဖက်လူခေါင်းကို ပွတ်သပ်ပေးလိုက်သည်။
"တော်တယ်…"
"တခြား ဘာရှိသေးလဲ…"
လင်းဖေးက ကျိလဲ့ယွီကို ပွေ့ဖက်လိုက်သည်။
"ငါ မင်းကို တကယ်ဆုံးမနေတာ မဟုတ်ပါဘူး…"
"ဒါဆို နောက်တစ်ခါကျရင် သားကို မဆုံးမနဲ့တော့နော်…"
ကျိလဲ့ယွီက သူ့အကျိုးခံစားခွင့်ကို ချက်ချင်း တောင်းလိုက်သည်။
လင်းဖေးက ကျိလဲ့ယွီ၏ဆံပင်များကို ပွတ်သပ်ပေးလိုက်သည်။
"အဲ့ဒါဆိုရင် မင်း အဲ့ဒါတွေ ထပ်မလုပ်နဲ့တော့လေ…"
ကျိလဲ့ယွီ :!!!".
ကျိလဲ့ယွီ၏မျက်နှာလေးက ချက်ချင်းဖောင်းကားလာပြီး လင်းဖေးကို ဒေါသထွက်လုနီးပါး ဖြစ်လာလေသည်။
လင်းဖေးက ကျိလဲ့ယွီကို ကြည့်ကာ ရယ်မောလိုက်ပြီး ကျိလဲ့ယွီ၏ခေါင်းကို ထပ်မံထိလိုက်သည်။
"အိုကေ…နောက်တစ်ခါကျရင် မင်းကို မဆုံးမတော့ဘူး…ဒါပေမဲ့ မင်းလည်း လွန်ကျူးတာတွေ မလုပ်ရဘူး…"
"ဟုတ်ကဲ့…"
"မင်း အဲ့ဒါတွေ မလုပ်ခင် ငါ့ကို အရင်ပြောပြရမယ်…လုပ်ပြီးသွားလို့ ပြောဖို့နောက်ကျသွားရင်လည်း ငါ့ကို ပြောပြရမှာပဲ…ဘာပဲဖြစ်ဖြစ် ငါ့ကို ပြောပြရမယ်…"
ကျိလဲ့ယွီ မျက်မှောင်ကြုတ်လိုက်သည်။
"အရင်နဲ့ ဘာကွာလို့လဲ…"
"နာခံပါ…"လင်းဖေးက ခေါင်းကို ပုတ်ကာ ပြောလိုက်သည်။
ကျိလဲ့ယွီက နှုတ်ခမ်းစူလိုက်သည်။
"ဟုတ်ကဲ့…."
ထို့နောက် သူက လင်းဖေး၏လက်မောင်းထဲသို့ ထပ်မံ ခုန်ဆင်းလိုက်သည်။ ထို့နောက် တစ်ခုခုကို သတိရသွားပြီး မေးလိုက်သည်။
"သူက ကိုကို့ကို ဘယ်လိုအနိုင်ကျင့်တာလဲ…ဘယ်အချိန်က အနိုင်ကျင့်ခဲ့တာလဲ…ဘာလို့သားကို မပြောပြတာလဲ…အာ…ကိုကို ဒီနေ့ ကျောင်းမသွားဘဲ ကျောင်းပြောင်းရတာက သူ့ကြောင့်လား…"
ကျိလဲ့ယွီ၏ဆက်တိုက်မေးခွန်းများကို နားထောင်ပြီးနောက် လင်းဖေးက လက်ဆန့်ကာ ချယ်ရီခရမ်းချဉ်သီးတစ်လုံးကို ယူလိုက်ပြီး ကျိလဲ့ယွီပါးစပ်ထဲ ထည့်လိုက်သည်။
ကျိလဲ့ယွီက ယင်းကို သတိမထားမိခဲ့ကြောင့် အသီးကို ကိုက်ကာ လင်းဖေးကို ကြောင်အစွာ ကြည့်နေလေသည်။
လင်းဖေးက ကျိလဲ့ယွီ၏ထိုအမူအရာကို အလွန်ချစ်စရာကောင်းသည်ဟု တွေးမိပြီး ကျိလဲ့ယွီ၏ မျက်နှာကို ညှစ်လိုက်ကာ တည်ငြိမ်စွာ အဖြေပြန်ပေးလိုက်သည်။
"သူ ငါ့ကို အနိုင်ကျင့်တာ မဟုတ်ဘူး…ငါ သူ့ကို ရိုက်ခဲ့တာ…သူ့မျက်နှာပေါ်က ဒဏ်ရာကို မမြင်ဘူးလား…"
“ကျောင်းပြောင်းရတာက သူ့ကြောင့် မဟုတ်ဘူး…ငါ့ရှုရှုက အဲ့ကျောင်းက ငါနဲ့မသင့်တော်ဘူးထင်လို့ ပိုသင့်တော်တဲ့နေရာကို ပြောင်းပေးဖို့ လုပ်တာ…"
ကျိလဲ့ယွီက ပါးစပ်ထဲမှ ချယ်ရီခရမ်းချဉ်သီးကို ဝါးလိုက်ပြီး စူးစမ်းစွာ မေးလိုက်သည်။
"အဲ့လိုဆို ကိုကိုနဲ့ပိုသင့်တော်တဲ့နေရာက ဘယ်နေရာလဲ…"
လင်းဖေး ခေါင်းခါလိုက်သည်။
"အရင်က ကြည့်ဖူးတဲ့ တိရစ္ဆာန်ကမ္ဘာကို မှတ်မိလား…ကျားတိုင်းမှာ ကိုယ်ပိုင်နယ်မြေရှိတယ်…ငါ့မှာလည်း ရှိလာလိမ့်မယ်…"
ကျိလဲ့ယွီက ခေါင်းထောက်ကာ နားထောင်နေပြီး ပြောလိုက်သည်။
"ဒါဆို သားမှာလည်း ကိုယ်ပိုင်နယ်မြေရှိမှာပေါ့…"
ယင်းကို ကြားသောအခါ လင်းဖေး အနည်းငယ် ရှုပ်ထွေးသွားလေသည်။ လင်းလော့ချင်းက သူ(လင်းဖေး)က နဂါးတစ်ကောင်ဖြစ်ကြောင်း ပြောခဲ့သော်လည်း ကျိလဲ့ယွီက ဘာကောင်လဲ မပြောခဲ့ပေ။
ကျိလဲ့ယွီက ဘာလဲ…
သူက ငါးသေးသေးလေးလား….
လင်းဖေးက လင်းလော့ချင်းနှင့် နောက်တစ်ကြိမ်တွေ့လျှင် ဤကိစ္စကိုမေးရန် ဆုံးဖြတ်လိုက်သည်။
....
နောက်တစ်နေ့မနက်တွင် ကျန်းရှောင်စုန့်က တင်းတင်း၊ ဟောင်ဟောင်တို့နှင့်အတူ အတန်းရှေ့တွင် ၀န်လေးစွာ တောင်းပန်ခဲ့ကြသည်။ ထို့နောက်သူတို့သုံးယောက်က ဆရာရုံးခန်းရှိ အပြစ်ပေးဧရိယာသို့ သွားလိုက်၏။
ဟယ့်နီက ဆရာရုံးခန်းထဲတွင် သူက အခြားလူများကို အနိုင်ကျင့်မိကြောင်း၊ တမင်တကာ လင်းဖေးကို ခက်ခဲအောင် လုပ်ခဲ့ကြောင်းကို တင်းတင်း၊ ဟောင်ဟောင်တို့၏အမေနှင့်အတူ ၀န်ခံခဲ့သည်။
သူတို့က ခေါင်းကိုငုံ့ကြည့်ပြီး မျက်နှာပျက်နေကြကာ ၀န်ခံပြီးနောက် နောက်ပင် ပြန်မကြည့်ရဲစွာထွက်သွားကြသည်။
ကျောက်လေ့က အတန်းထဲရှိ ကျောင်းသားများကို လင်းဖေးက အခြားကျောင်းသို့ ပြောင်းတော့မည်ဖြစ်ကြောင်း ပြောပြလိုက်၏။ အကြောင်းပြချက်အဖြစ် လင်းဖေး၏ထူးချွန်သည့် အဆင့်များကြောင့် အခြားကျောင်းက ခေါ်သွားခြင်းဖြစ်ကြောင်း ပြောပြခဲ့၏။
ကျောင်းသားများက အနည်းငယ် အံ့ဩသွားကြသော်လည်း အလွန်အံ့ဩသွားကြခြင်း မဟုတ်ပေ။ နောက်ဆုံးတွင် သူတို့က လင်းဖေးနှင့် မေးထူးခေါ်ပြောဆက်ဆံရေးသာရှိပြီး လင်းဖေး၏အဆင့်များကလည်း အမှန်ပင် ကောင်းမွန်သောကြောင့် အကြောင်းပြချက်ကို အလွယ်တကူ လက်ခံနိုင်ကြ၏။
တင်းတင်းနှင့် ဟောင်ဟောင်တို့၏ မိခင်များကလည်း သူတို့၏ကလေးများကို ကျိယွီရှောင်အိမ်သို့ ခေါ်လာကြသည်။ သူတို့က အချင်းချင်း သိကြပြီး ကျန်းရှောင်စုန့်အဖေတွင် ဖြစ်ရပ်တစ်ခုရှိခဲ့သော ကြောင့် ကျန်ကလေးနှစ်ယောက်၏အဖေများကလည်း သူတို့ပါ ဆက်နွယ်လာမည်ကို ကြောက်ရွံ့သောကြောင့် ဇနီးများကို လင်းဖေးအား တောင်းပန်ရန် လွှတ်လိုက်ကြခြင်းဖြစ်သည်။
ကျိယွီရှောင်က သူတို့ကို လက်မခံခဲ့ပေ။ ဟယ့်နီနှင့် ကျန်းရှောင်စုန့်တို့ကဲ့သို့ နေ့လည်ခင်းတွင် အပြင်မှာ ရပ်ခိုင်းထားပြီး သုံးသပ်စာရေးခိုင်းလိုက်ကာ ပြန်လွှတ်လိုက်သည်။
သူတို့က စောစောပြန်သွားကြခြင်းကြောင့် ကျိလဲ့ယွီနှင့် မဆုံခဲ့ကြပေ။ ၎င်းကို ကပ်ဘေးမှ လွတ်မြောက်သွားခြင်းဟု ဆိုနိုင်ပေသည်။
ဤအချိန်တွင် လင်းဖေး၏ကျောင်းတွင်းပြဿနာကို ဖြေရှင်းပြီးပြီဟု ယူဆနိုင်ပြီဖြစ်သည်။
လင်းလော့ချင်းက ကျိယွီရှောင်ပါးစပ်မှ ထိုကိစ္စများကို ကြားလိုက်ရသောအခါ တစ်ခဏခန့် ထိတ်လန့်သွားလေသည်။ သူ့အမြင်ကွယ်ရာတွင် ကျိယွီရှောင်က ဤမျှအထိ လုပ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
“မင်းက တော်တော်ပြတ်သားတာပဲ..."သူ သက်ပြင်းချလိုက်သည်။
ကျိယွီရှောင်လည်း စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်၏။
"ငါက မင်းကိစ္စကို ၀င်စွက်ဖက်မိသွားတယ်လို့ ထင်ခဲ့တာ..."
"ဘာလို့...ငါက ဖေးဖေးရဲ့ရှုရှုလေ...မင်းကလည်း သူ့ရှုရှုပဲ...မင်းမှာလည်း တခြားအတွေးတွေရှိပြီး အဲ့အတွေးတွေနဲ့ သူ့ကို ကူညီပေးခဲ့တာမလား...ဒါက သဘာ၀ပဲ..."
နောက်ဆုံးတွင် လူတိုင်းက သူတို့၏အချစ်ကို ကွဲပြားစွာ ဖော်ပြကြလေ့ရှိသည်။
အကယ်၍ သူ့တွင် ကျိယွီရှောင်ကဲ့သို့သော ချမ်းသာမှုနှင့် အဆင့်အတန်းရှိခဲ့လျှင် သူလည်း အခြားနည်းနှင့် ပြန်ပေးဆပ်ခိုင်းခြင်းမျိုးဖြစ်နိုင်ပေသည်။
"ဒါပေမဲ့ မင်းမှန်တယ်သိလား..."
ကျိယွီရှောင်က ပြတင်းပေါက်အပြင်ကို စိုက်ကြည့်လိုက်သည်။
"ဖေးဖေးက အဲ့ါကို ဂရုမစိုက်ဘူး...သူတို့ရောက်လာတော့ သူတို့ကို ကြည့်ဖို့တောင် စိတ်မ၀င်စားဘူး..."
"ဒါပေမဲ့ မင်း သူ့အတွက် လုပ်နေတာ သူသိမှာပါ...အဲ့ဒါကြောင့် သူပျော်နေလိမ့်မယ်..."
လင်းလော့ချင်း ပြုံးကာ ပြောလိုက်သည်။
"မင်းက မင်းတူကို ကောင်းကောင်း သိတာပဲ..."
"သိတာပေါ့...ငါ မင်းကို ကျေးဇူးတင်ချင်တုန်းပဲ...မင်းက တခြားလူကို တောင်းပန်ခိုင်းရုံတင်မကဘူး...မင်းရဲ့ဂရုစိုက်မှုကိုလည်း သူခံစားမိအောင် လုပ်ခဲ့တယ်...အခု ငါ အိမ်မှာ မရှိရင်တောင် သူက စိတ်ချလက်ချနေနိုင်ပြီ..."
ကျိယွီရှောင်က လင်းဖေးနှင့် ပွေ့ဖက်ခဲ့ခြင်းကို ပြန်တွေးလိုက်သည်။
"အဲ့လိုဖြစ်ဖို့ မျှော်လင့်ပါတယ်..."
လင်းဖေးက လင်းလော့ချင်းမရှိလျှင်ပင် အိမ်တွင် သက်တောင့်သက်သာ နေနိုင်ရန် မျှော်လင့်လေသည်။ ဤကား လင်းလော့ချင်းက အနာဂတ်တွင် မည်သည့်နေရာသို့ သွားသည်ဖြစ်စေ၊ မည်မျှ ကြာမည်ဖြစ်စေ အိမ်ပြန်လာရန် မျှော်လင့်နေခြင်းနှင့်ကဲ့သို့ပင် ဖြစ်သည်။
ကျိယွီရှောင်က လသာဆောင်တွင် ထိုင်နေပြီး လေများက လိုက်ကာများကို ကျီစယ်နေကြသည်။ သူက ပြတင်းပေါက်ဘေးမှ ရှားစောင်းပင်လေးကို ကြည့်လိုက်ပြီး လင်းလော့ချင်းကို ထပ်မံလွမ်းဆွတ်လာလေသည်။
တစ်ယောက်နဲ့တစ်ယောက် ကြည့်နေပေမဲ့မရောက်နိုင်တဲ့အခြေအနေမှာ လရောင်က မင်းအပေါ်ထွန်းလင်းဖို့ မျှော်လင့်တယ်...
.......
လင်းလော့ချင်း အဖွဲ့သို့ပြန်ရောက်ပြီး သုံးရက်မြောက်နေ့တွင် မာပေါ်ကျုံးက ဆေးရုံမှ ဆင်းလာပြီဖြစ်ကြောင်းကို ဝူရှင်းယွမ်ထံမှ ကြားလိုက်ရသည်။
လင်းလော့ချင်း ခေါင်းငြိမ့်လိုက်သည်။ မာပေါ်ကျုံးက ဤအတောအတွင်း ဆေးရုံက ဆင်းလာမည်ဟုလည်း သူမျှော်လင့်ထားခဲ့လေသည်။
မာပေါ်ကျုံးက အနည်းငယ် သနားစရာကောင်း၏။ သူ အဖွဲ့သို့ ရောက်လာပြီး မကြာမီတွင် ရောဂါဟောင်းက ထဖောက်ကာ သက်သာသွားပြန်တော့လည်း ရာသီဥတုအပြောင်းအလဲကြောင့် ဖျားသွားပြန်ပြီဖြစ်သည်။ ဤသို့ဖြင့် ဆယ်ရက်ကြာမှ ပြန်ကောင်းလာလေသည်။
မာပေါ်ကျုံးက အမျိုးသားဇာတ်ဆောင်မဟုတ်ခြင်းက ကံကောင်း၏။ သူ့တွင် ဇာတ်၀င်ခန်းများစွာ မရှိပေ။ မဟုတ်လျှင် ဒါရိုက်တာကျန်းက ခေါင်းကိုက်နေလောက်ပြီဖြစ်သည်။
လင်းလော့ချင်း တွေးတောနေစဉ် တစ်စုံတစ်ယောက်၏အော်သံကို ကြားလိုက်ရသည်။
"ရှစ်ကျန်း ဒီကိုလာ...ဒီလှုပ်ရှားမှုကို ကြိုးစားကြည့်..."
လင်းလော့ချင်းက အသံကြားရာသို့ ကြည့်လိုက်သောအခါ ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။
သူက ထိုပုံရိပ်ကို မူလပိုင်ရှင်၏မှတ်ဉာဏ်ထဲတွင် လုံး၀မမြင်ဖူးခဲ့ကြောင်း သေချာလေသည်။
ဒါဆို ဘာလို့ ဒီနာမည်က သူနဲ့ ရင်းနှီးနေရတာလဲ...
“ရှစ်ကျန်း...”
သူ ဝူရှင်းယွမ်ကို မေးလိုက်သည်။
"ဇာတ်ပို့ဇာတ်ကောင်..."
ဝူရှင်းယွမ်က ထိုအကြောင်းသိပ်မသိပေ။
"သူ့မှာ အခန်းတွေအများကြီး မရှိဘူး...အဲ့ဒါကြောင့် သူ့နာမည်ကို အချိန်ဇယားမှာ မရေးထားတာ...သူက အရေးမကြီးတဲ့ဇာတ်ပို့ဖြစ်လောက်တယ်..."
မကြာမီ ဝူရှင်းယွမ်၏စကားကို အတည်ပြုလိုက်သည်။
ရှစ်ကျန်းက အမှန်ပင် သေးငယ်သောဇာတ်ပို့ဇာတ်ဆောင်ဖြစ်လေသည်။ သူက အမျိုးသားဇာတ်ဆောင်အဖေစွန်းဟောက်၏သက်တော်စောင့်နေရာမှ သရုပ်ဆောင်ခြင်းဖြစ်သည်။ စွန်းဟောက် ၏အမိန့်ကို နာခံပြီး စွန်းကျန်း၏အခြေအနေကို စွန်းဟောက်အား ရံဖန်ရံခါအစီရင်ခံလေ့ရှိသည်။ စွန်းကျန်းက သူ့အဖေကို ရင်ဆိုင်ရန် လာခဲ့သော်လည်း သက်တော်စောင့်က တားဆီးခဲ့ပြီး နှစ်ယောက်သား ထိပ်တိုက်ရင်ဆိုင်ပြီးနောက် စွန်းကျန်းက ဒေါသတကြီး ပြန်သွားလေသည်။
လင်းလော့ချင်းက ရှစ်ကျန်းနှင့်လီဟန်ဟိုင်းကို စိုက်ကြည့်နေသည်။ သူကြည့်လေလေ ရှစ်ကျန်းက လီဟန်ဟိုင်းထက် သရုပ်ဆောင်ပိုကောင်းကြောင်း ခံစားရလေလေဖြစ်သည်။
သက်တော်စောင့်က နာမည်ပင်မရှိပေ။ သူ့ကိုယ်ရည်ကိုယ်သွေးဖော်ပြချက်ကလည်း နည်းပါးလေသည်။ သူက သတင်းပို့ရသည့် ကိရိယာတန်ဆာပလာတစ်ခုလိုပင်ဖြစ်သည်။
သို့သော် ရှစ်ကျန်း၏သရုပ်ဆောင်ချက်တွင် သက်တော်စောင့်က သူ့ကို လှုံ့ဆော်နေသည့် သခင်လေးကို ကူရာမဲ့စွာ သည်းခံနေရလေသည်။ သူက စွန်းကျန်းကို တွေ့တိုင်း အေးစက်စက်အမူအရာဖြစ်နေသော်လည်း ရံဖန်ရံခါ စွန်းကျန်းကို သဘောကျကြောင်း ဖော်ပြသည့် အနုစိတ်အမူအရာလေးများ ရှိလေသည်။
ထိုသဘောကျမှုက ဒေါသပေါက်ကွဲနေသည့်ကလေးကို ကြည့်နေသည့် လူကြီးတစ်ယောက်နှင့်တူ၏။ သူက စွန်းကျန်းကို မဝေဖန်သောကြောင့် မျက်ကွယ်ပြုခဲ့ရလေသည်။
ရှစ်ကျန်းရဲ့သရုပ်ဆောင်စွမ်းရည်က ဒီလောက်ကောင်းတာ...သူက ဇာတ်ပို့ပဲလား...ဒါဆို သူ့နာမည်ကို ဘာလို့ ရင်းနှီးနေရတာလဲ...
လင်းလော့ချင်းက ဤပြဿနာကို မလွှတ်ချနိုင်ခဲ့ပေ။ ရှစ်ကျန်းက ရိုက်ကူးရေးပြီး၍ ရှုတင်မန်နေဂျာက အကူအညီတောင်းရန် လှမ်းခေါ်သောအခါ သူက ချက်ချင်း တားလိုက်ပြီး ရှစ်ကျန်းဆီ လျှောက်သွားလိုက်သည်။
ရှစ်ကျန်းက ခေါ်သံကြား၍ လှည့်ကြည့်လိုက်သောအခါ လင်းလော့ချင်းကို တွေ့လိုက်ရလေသည်။
သူက လင်းလော့ချင်းကို သိသည်။ သူက အဖွဲ့ထဲရှိ သရုပ်ဆောင်အားလုံးကို သိပြီး လင်းလော့ချင်းက ဒါရိုက်တာ၏ချီးကျူးမှုကို အခံရဆုံးသရုပ်ဆောင်ဖြစ်သည်။
ဒါပေမဲ့ လင်းလော့ချင်းက ဘာလို့ သူ့ကို ခေါ်တာလဲ...
သို့သော် လင်းလော့ချင်းက ရှစ်ကျန်း၏စိတ်ထဲမှ မေးခွန်းအတွက် အဖြေကို ပေးလိုက်လေသည်။
"ဆရာရှစ် ကျွန်တော် ဆရာနဲ့အစ်ကိုဟိုင်းရဲ့ဇာတ်၀င်ခန်းကို မြင်တယ်...ဆရာ့လှုပ်ရှားမှုက အရမ်းလှတာပဲ...ကျွန်တော့်မှာလည်း တိုက်ခိုက်တဲ့ဇာတ်၀င်ခန်းတွေရှိတော့လေ...ကိုယ်ခံပညာရှင်ကလည်း အလုပ်များနေတော့ ကျွန်တော့်ကိုညွှန်ကြားပေးလို့ ရနိုင်မလား..."
သူ့စကားများက လိမ်ခြင်း မဟုတ်ပေ။ မန်ဟွားက စွန်းကျန်းနှင့် ထိပ်တိုက်တွေ့ရသည့်ဇာတ်ကောင်ဖြစ်ပြီး တိုက်ခိုက်နိုင်စွမ်းရှိသူဖြစ်သည်။ နောက်ပိုင်းတွင် တိုက်ပွဲလေးငါးပွဲရှိပြီး ကိုယ်ခံပညာရှင်ကလည်း ကျန်းချွမ်ကို ညွှန်ကြားပေးနေရခြင်းဖြင့် အလုပ်များနေလေသည်။ သူ့စကားများက မှန်သော်လည်း တိုက်ခိုက်သည့်ဇာတ်၀င်ခန်းက နောက်ပိုင်းမှသာဖြစ်ကာ ယခုညွှန်ကြားပေးရန် မလိုအပ်သေးပေ။
ရှစ်ကျန်းက ကိုယ်ခံပညာရှင်ကို ကြည့်လိုက်သောအခါ ဝူကျစ်နှင့်သူ့အလုပ်သင်က ကျန်းချွမ်ကိုသင်ပြညွှန်ကြားရင်း အလုပ်များနေကြလေသည်။
ထို့ကြောင့် သူက တက်ကြွစွာ သဘောတူလိုက်သည်။
"ရပါတယ်...ဒါပေမဲ့ ဆရာလင်း ငါ့ကို ဆရာရှစ်လို့ မခေါ်ပါနဲ့...အစ်ကိုကျန်းလို့ ခေါ်ရင်ရပါတယ်..."
“ဟုတ်ကဲ့...ကျေးဇူးတင်ပါတယ် အစ်ကိုကျန်း...ကျွန်တော့်ကိုလည်း လော့ချင်းလို့ ခေါ်လို့ ရပါတယ်..."
"ကောင်းပြီ...ဒါပေမဲ့ မင်း ခဏလောက်စောင့်ပေးနိုင်မလား...ငါက အစ်ကိုယန်ကို တစ်ခုခုရွှေ့ဖို့ ကူညီပေးရဦးမှာမို့ပါ...ငါ ကူညီပြီးရင် မင်းဆီ လာခဲ့မယ်လေ..."
"ဟုတ်ကဲ့..."
လင်းလော့ချင်းက ဖုန်းထုတ်လိုက်သည်။
"ဒါဆို wechat အပ်ကြရအောင်..."
"အင်း..."
ရှစ်ကျန်းက ဖုန်းထုတ်လိုက်ပြီး wechatအပ်ပြီးနောက် ထွက်သွားလိုက်သည်။
လင်းလော့ချင်းက သူ့နားနေနေရာသို့ ပြန်လာပြီး ထိုနာမည်နှင့်အဘယ်ကြောင့် ရင်းနှီးနေသနည်းဟု စဉ်းစားနေလေသည်။
မကြာမီ ရှစ်
ကျန်းက ပစ္စည်းများ ရွှေ့ပြီး၍ လင်းလော့ချင်းဆီ ရောက်လာလေသည်။
လင်းလော့ချင်းက ဝူကျစ်၏ညွှန်ကြားပေးမှုကို သတိရပြီး သရုပ်ပြလိုက်သည်။
နောက်ဆုံးတွင် သူက အတွေ့အကြုံများစွာ ရှိပြီးလှုပ်ရှားမှုများက မကျွမ်းကျင်သော်လည်း ကောင်းမွန်လေသည်။ ယင်းကို ရှစ်ကျန်းက မြင်ပြီးနောက် ချီးကျူးလိုက်သည်။
ထို့နောက် သူက နေရာနှစ်နေရာကို အစမ်းညွှန်ကြားပေးလိုက်သည်။