Chapter 107
လင်းလော့ချင်းက သူ့ညွှန်ကြားချက်ကို လက်ခံကြောင်း သိသောအခါမှ အခြားညွှန်ကြားချက်များကို ပြုလုပ်လေသည်။
လင်းလော့ချင်းက မညွှန်ကြားမီနှင့် မညွှန်ကြားပြီးကို ဝူရှင်းယွမ်ကို ဗီဒီယိုရိုက်ခိုင်းထားပြီး နှစ်ခုနှိုင်းယှဉ်ကြည့်ခဲ့သည်။ သူ့၏ပြောင်းလဲသွားသည့် လှုပ်ရှားမှုများက ပိုမိုချောမွေ့လှပလာလေသည်။
“အစ်ကိုကျန်းက အရမ်းတော်တာပဲ..."
ရှစ်ကျန်းက တောက်ပစွာ ပြုံးလိုက်သည်။
"အရင်က ကိုယ်ခံပညာလေ့ကျင့်ဖူးတော့ အတွေ့အကြုံနည်းနည်း ရှိတယ်လေ...ကိုယ်ခံပညာပဲဖြစ်ဖြစ်၊ ဇာတ်၀င်ခန်းပဲဖြစ်ဖြစ် သူတို့က လှုပ်ရှားမှုအတူတူပဲ...အဓိကအချက်က မပြောင်းလဲဘူး...တခြားသေးငယ်တဲ့လှုပ်ရှားမှုလေးကိုတော့ မင်းရဲ့ကိုယ်ပိုင်အလေ့အကျင့်အတိုင်း ချိန်ညှိလိုက်လို့ရတယ်...အဲ့လိုဆို မင်းလှုပ်ရှားမှုတွေက ပိုကောင်းလာပြီး ပိုပေါ့ပေါ့ပါးပါးဖြစ်လာမှာ..."
လင်းလော့ချင်း အံ့ဩသွားသည်။
"အစ်ကိုက ကိုယ်ခံပညာရှင်ပဲပေါ့..."
ရှစ်ကျန်း ပြုံးကာ ခေါင်းငြိမ့်လိုက်သည်။
လင်းလော့ချင်း စူးစမ်းလိုက်သည်။
"ဒါဆို အစ်ကိုကျန်းက ဒီဖျော်ဖြေရေးလောကမှာ ဘယ်လောက်ကြာပြီလဲ..."
"ငါးနှစ်နီးပါးရှိပြီ..."
ငါးနှစ်တိုင် သူက နာမည်မရှိသည့် ဇာတ်ရုပ်များတွင် သရုပ်ဆောင်ခဲ့သည်။ သူ့နောက်ကွယ်တွင် တစ်ယောက်ယောက်မရှိသောကြောင့် အခွင့်အရေး ကြီးကြီးမားမားမရနိုင်ဘဲ ဤအတိုင်း တိတ်ဆိတ်နေခဲ့သည်မှာ ကြာပြီဖြစ်သည်။
လင်းလော့ချင်းလည်း ဤကမ္ဘာသို့ မကူးပြောင်းမီက ရှစ်ကျန်းကဲ့သို့ပင်ဖြစ်သည်။ သို့သော် ရှစ်ကျန်းက ကိုယ်ခံပညာတတ်ပြီး သူ့ထက် ပိုသန်မာလေသည်။
သူ့စကားကို ကြားပြီးနောက် လင်းလော့ချင်း နှုတ်ဆိတ်သွားသည်ကို မြင်သောအခါ လင်းလော့ချင်းက ဘာဆက်ပြောရမလဲ မသိသောကြောင့်ဟု ထင်လိုက်သည်။
နောက်ဆုံးတွင် သူက နာမည်ပင် မရှိ၊ ဖျော်ဖြေရေးလောကတွင် ငါးနှစ်ပင် ကြာပြီးဖြစ်သည်။ သူက မရှိလည်းဖြစ်သည့် လူပိုလေးသာဖြစ်ပြီး ရှက်ရွံ့မိလေသည်။
သူက လင်းလော့ချင်းကို ပြုံးကာ ပြောလိုက်သည်။
"တခြား ဘာကူညီစရာရှိသေးလဲ...မရှိရင် ငါ အရင်သွားနှင့်မယ်..."
လင်းလော့ချင်းက မသိစိတ်အရ အမြန်ပြောလိုက်သည်။
"အလုပ်များနေလား...မများရင် ဒိုင်ယာလော့ ကူလေ့ကျင့်ပေးပါလား...ကျွန်တော့်လိုင်းတွေက မမှန်သေးလို့...."
"မင်းက ငါနဲ့ ဒိုင်ယာလော့လေ့ကျင့်ချင်တယ်..."
ရှစ်ကျန်းက သူ့ကိုယ်သူ ညွှန်ပြကာ ပြောလိုက်သည်။
သူက အပိုဇာတ်ကောင်လေးလေ...ဇာတ်၀င်ခန်းတစ်ခန်းမှာ ဆယ်ကြောင်းက အများဆုံးပဲ...အဲ့ဒါကို လင်းလော့ချင်းက သူနဲ့လေ့ကျင့်ချင်တယ်...
လင်းလော့ချင်းက သူ့ကို အထင်ကြီးနေတာပဲ...
လင်းလော့ချင်း ခေါင်းငြိမ့်လိုက်သည်။
"ဟုတ်တယ်...နောက်ဇာတ်၀င်ခန်းက ဆရာမဆုဟုန် နဲ့လေ...သူက အခုထိမရောက်သေးဘူးလေ...ကျွန်တော် သူနဲ့လေ့ကျင့်လို့ မရဘူး...တခြားလူတွေကလည်း အလုပ်များနေလို့လေ..."
ပြောပြီးနောက် ဆုဟုန်က သူ့အမေနေရာမှ သရုပ်ဆောင်ကြောင်းကို သတိရသွားပြီး ရှစ်ကျန်းက သူရှက်ရွံ့နေသည်ဟု တွေးမည်ကို စိုးရိမ်သောကြောင့် ထပ်ဖြည့်ပြောလိုက်သည်။
"အလုပ်များနေရင်လည်း ရပါတယ်...ကျွန်တော် တောင်းပန်ပါတယ်...ကျွန်တော် ရဲတင်းလွန်းသွားတယ်..."
ရှစ်ကျန်းက ထိုသို့မတွေးပေ။ လင်းလော့ချင်းက အဘယ်ကြောင့် ထိုသို့ပြောကြောင်း နားမလည်သော်လည်း လင်းလော့ချင်းသာ တကယ်လေ့ကျင့်ချင်လျှင် သူက အတူလေ့ကျင့်ရန် အလွန်ဆန္ဒရှိပေသည်။
သူက အဖွဲ့များစွာတွင် ပါခဲ့သော်လည်း တစ်စုံတစ်ယောက်နှင့်အတူလေ့ကျင့်ရသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။
လင်းလော့ချင်းက ဟာသလုပ်နေတာမဟုတ်ရင် ဒီကိစ္စက ဟာသပဲ...သူ့လိုစာကြောင်းဆယ်ကြောင်းတောင် မရှိတဲ့သူနဲ့ အတူလေ့ကျင့်မယ်တဲ့...လင်းလော့ချင်းက ထူးဆန်းလိုက်တာ...
"အိုကေ...ငါ အားပါတယ်...မင်းရဲ့လိုင်းတွေကို စစ်ဆေးပေးမယ်လေ..."
ပြောပြီးနောက် သူ ဇာတ်ညွှန်းတောင်းလိုက်သည်။
လင်းလော့ချင်းက ဝူရှင်းယွမ်ကို ရှစ်ကျန်းအား ဇာတ်ညွှန်းပေးခိုင်းလိုက်၏။
ရှစ်ကျန်းက ဇာတ်ညွှန်းကို လေးနက်စွာ ဖတ်လိုက်၏။
ဇာတ်၀င်ခန်းက အလွန်ရိုးရှင်းလေသည်။ အမေမန်က မန်ထောင်တွင် တစ်ခုခုမှားယွင်းနေကြောင်းသတိထားမိသောအခါ မန်ဟွားကို သူ့အစ်မ ချစ်မိနေလား မေးသည့်အခန်းဖြစ်သည်။ မန်ဟွားက မန်ထောင်အတွက် ဖုံးကွယ်ပေးခဲ့သည်။ အမေမန်က နောက်ဆုံးတွင် လေးနက်စွာ ပြောလိုက်သည်။ မန်ထောင်က ဤအသက်အရွယ်တွင် ချစ်မိသည်မှာ ပုံမှန်ဖြစ်လေသည်။ သူ့သမီးက ချမ်းသာသည့်ချစ်သူကို ရှာစရာမလိုပေ။ သူ့ကို ပျော်ရွှင်အောင် ထားပေးနိုင်မည့်ချစ်သူကိုသာ ရှာရန်လိုလေသည်။
ထို့နောက် သူ တစ်ခုခုသတိရသွားပြီး ခေါင်းခါကာ ပြောလိုက်သည်။
"ထားလိုက်ပါတော့...သားအစ်မကိုပြောလိုက်...သူသာ တစ်ယောက်ယောက်ကို ကြိုက်နေရင် အမေ မကန့်ကွက်ပါဘူးလို့..."
မန်ဟွားက သူ့အမေနှလုံးသားထဲတွင် လျှို့ဝှက်ချက်တစ်ခုရှိကြောင်း ခံစားမိလိုက်သည်။
လင်းလော့ချင်းက လိုင်းများကို မှတ်သားပြီးဖြစ်သည်။
ရှစ်ကျန်းက ယင်းကို မှတ်သားရန် မလိုပေ။ အထစ်အငေါ့မရှိ ဖတ်ရှုရန်သာ လိုလေသည်။
သူ ဖတ်ပြီးနောက် မှတ်မိလုနီးပါးဖြစ်သွားသောအခါ လင်းလော့ချင်းကို ပြောလိုက်သည်။
"ငါ မှတ်ပြီးပြီ..."
"ဒါဆို စကြရအောင်..."
လင်းလော့ချင်း ပြောလိုက်သည်။
......
ပထမဆုံး ဒိုင်ယာလော့က ရှစ်ကျန်းနှင့်သက်ဆိုင်၏။
"ရှောင်ဟွား အမေ သားကို မေးစရာရှိလို့..."
"ဘာမေးမလို့လဲအမေ..."
လင်းလော့ချင်း သူ့ကို ကြည့်လိုက်သည်။
ရှစ်ကျန်း၏မျက်နှာက တွန့်ဆုတ်မှုအချို့နှင့် စူးစမ်းမှုအချို့ကို ပြသနေလေသည်။ ထို့အပြင် စိုးရိမ်မှုများနှင့်မျှော်လင့်ချက်များကလည်း ပြည့်နှက်နေ၏။
"သားအစ်မ ချစ်မိနေတာလား..."
ရှစ်ကျန်း၏မျက်လုံးများက လင်းလော့ချင်းကို သေချာစိုက်ကြည့်နေ၏။
လင်းလော့ချင်းက ရှစ်ကျန်း၏အမူအရာ၊ မျက်လုံးနှင့် သိမ်မွေ့သောခန္ဓာကိုယ်လှုပ်ရှားမှုများကို ကြည့်လိုက်သည်။ အမှန်ပင် ရှစ်ကျန်း၏သရုပ်ဆောင်စွမ်းရည်က ကောင်းမွန်ပေသည်။
သူ့၏သရုပ်ဆောင်စွမ်းရည်သာမက စကားပြောစွမ်းရည်ကလည်း ထူးချွန်၏။
ထိုသို့သောလူက သေးငယ်သောအပိုဇာတ်ရုပ်လေးများတွင် ငါးနှစ်လုံး ကျင်လည်နေရလေသည်။
လင်းလော့ချင်းက ရှစ်ကျန်းကို ကြည့်ကာ နှလုံးသားထဲ၌ အတွေးအချို့ပေါ်လာ၏။
ဤကား ရှစ်ကျန်းက တစ်စုံတစ်ယောက်နှင့်အတူလေ့ကျင့်သည်မှာ ပထမဆုံးဖြစ်သည်။
ထို့ကြောင့် ပြီးသွားသောအခါ မျှော်လင့်တကြီးမေးလိုက်၏။
"ဘယ်လိုလဲ...အဆင်ပြေလား..."
လင်းလော့ချင်း ခေါင်းငြိမ့်လိုက်ပြီး ရိုးသားစွာ ပြောလိုက်သည်။
"အစ်ကိုကျန်းရဲ့သရုပ်ဆောင်ချက်က အရမ်းကောင်းတာပဲ..."
ရှစ်ကျန်း ပြုံးလိုက်သည်။
"ငါက မင်းကို မထိန်းထားရင် ရပါပြီ..."
"ဘာလို့ အဲ့လိုထင်တာလဲ...စကားမစပ် အစ်ကိုကျန်းက ဘယ်ကုမ္ပဏီလက်အောက်ခံလဲ..."
"ဖုန်းယွီ..."
လင်းလော့ချင်း :"..."
ဒီကုမ္ပဏီက ဘာကုမ္ပဏီလဲ...တစ်ခါမှ မကြားဖူးဘူး...
သို့သော် သူ ခေါင်းငြိမ့်လိုက်ပြီး ရှစ်ကျန်းနှင့် စကားစမြည်ဆက်ပြောလိုက်သည်။ မကြာမီ ရှစ်ကျန်းက ရှုတင်မန်နေဂျာ ဖုန်းဆက်ခေါ်သောကြောင့် ထွက်သွားလေသည်။
လင်းလော့ချင်းက ရှစ်ကျန်းကို အဘယ်ကြောင့် ၀န်ထမ်းမဟုတ်သော်လည်း ရှုတင်မန်နေဂျာခိုင်းသည်ကို လုပ်နေရသလဲဟု မမေးခဲ့ပေ။
ပြောရရင် ဒါတွေက အဆက်အသွယ်တွေပဲ...အဲ့လိုကူညီခဲ့ရင် နောက်ရုပ်ရှင်ကျရင် သတိရပြီး လှမ်းခေါ်နိုင်တယ်လေ...
ထို့နောက် သူက ဝူရှင်းယွမ်ဘက်လှည့်ကာ မေးလိုက်သည်။
"ဖုန်းယွီကို သိလား..."
ဝူရှင်းယွမ် ခေါင်းခါလိုက်ပြီး ဖုန်းထုတ်ကာ စစ်ဆေးလိုက်သည်။
"ဒါက ကုမ္ပဏီသေးလေးဖြစ်မယ်...ကုမ္ပဏီကြီးသာဆိုရင် ဒီလိုအမည်မသိဇာတ်ရုပ်တွေမှာ သရုပ်ဆောင်ရမှာ မဟုတ်ဘူး..."
"ကျွန်တော်လည်း အဲ့လိုထင်တယ်...အစ်ကိုဝူ သူ့ရဲ့သရုပ်ဆောင်စွမ်းရည်က ဘယ်လိုလဲ..."
"အတော်ကောင်းတယ်...အနည်းဆုံး ငါတို့အဖွဲ့ရဲ့အဓိကဇာတ်ဆောင်တွေထက် ပိုကောင်းတယ်..."
"ကျွန်တော်လည်း အဲ့လိုထင်တယ်..."
ဒါပေမဲ့ သူက ဘာလို့ ရှစ်ကျန်းဆိုတဲ့နာမည်ကို ရင်းနှီးနေရတာလဲ...
"အစ်ကိုဝူ ကျွန်တော်က ဒုတိယဥက္ကဋ္ဌမလား...အဲ့ဒါ တကယ့်အစစ်လား...နာမည်ပဲလား..."
'ငါ့ကို ဘာလို့လာမေးတာလဲ...မင်းယောကျာ်းကို မေးလေ...'
"မင်း ဘာပြောချင်တာလဲ..."
"ကျွန်တော် တစ်ယောက်ယောက်နဲ့စာချုပ်ချုပ်ဖို့ အဆင့်မှီလား..."
ဝူရှင်းယွမ် :"!!!"
"မင်းက ရှစ်ကျန်းနဲ့စာချုပ်ချုပ်ချင်လို့လား....ဒါပေမဲ့ မင်းက သူနဲ့စကားနည်းနည်းပဲ ပြောရသေးတယ်လေ...ပြီးတော့ တစ်၀က်လောက်က မင်းလိုင်းတွေကြီးပဲ..."
"အခု စာချုပ်ချုပ်မယ် မပြောပါဘူး...အဆင့်မှီလား မေးရုံပါပဲ..."
"မင်း ဒါကို ဥက္ကဋ္ဌကျိကို မေးဖို့လိုတယ်...ငါကအဆင့်နိမ့်၀န်ထမ်းလေးပဲ..."
"ဒါဆို အစ်ကိုက တစ်ယောက်ယောက်ကို အေ့ဂျင်အနေနဲ့ စာချုပ်မချုပ်နိုင်ဘူးပေါ့..."
ဝူရှင်းယွမ် :'ဟုတ်တယ်...'
"ဒါဆို မင်း သူနဲ့ စာချုပ်ချုပ်ချင်လား..."
"အခုတော့ မဟုတ်သေးဘူး...သူ့ရဲ့သရုပ်ဆောင်စွမ်းရည်ကကောင်းတယ်...ရုပ်ရည်နဲ့စိတ်ထားကလည်း မဆိုးဘူး... သူက အလားအလာရှိတဲ့လူပဲ..."
ယင်းကို ကြားပြီးနောက် ဝူရှင်းယွမ်က ရှစ်ကျန်း ထွက်သွားသည့်လမ်းကြောင်းကို ကြည့်လိုက်သည်။
'သူ့ရဲ့ရုပ်ရည်က တည်ကြည်ပြီး သူရဲကောင်းဆန်ပေမဲ့ အရမ်းတောင့်တင်းလွန်းတယ်...သူက လင်းလော့ချင်းလောက် မနူးညံ့ဘူး...ကျိယွီရှောင်လောက်လည်း မချောဘူး...ဒရမ်မာတွေ၊ ရုပ်ရှင်တွေနဲ့ပဲ သင့်တော်တယ်...အိုင်ဒေါလ်ဒရမ်မာတွေနဲ့ မကိုက်ညီဘူး...အဲ့ဒါက ဒီလောက်နှစ်တွေ အများကြီး မအောင်မြင်ခဲ့ရတဲ့ အကြောင်းရင်းတစ်စိတ်တစ်ပိုင်းပဲ...'
ဘာပဲဖြစ်ဖြစ် မှန်မှန်ကန်ကန် ဦးဆောင်နိုင်ရင် အနာဂတ်က ကောင်းမွန်လိမ့်မယ်...
"ငါ သူ့ကို အာရုံစိုက်ပြီး သူ့ရဲ့ကိုယ်ရည်ကိုယ်သွေးနဲ့ အခြားကဏ္ဍတွေကို စစ်ဆေးလိုက်မယ်..."
လင်းလော့ချင်း ခေါင်းငြိမ့်လိုက်သည်။ ထိုနာမည်နှင့် အဘယ့်ကြောင့် ရင်းနှီးနေသလဲ မသိသော်လည်း သူ့ကို ဦးစွာ စောင့်ကြည့်ရပေသည်။ မဟုတ်လျှင် သူ မှတ်မိလာသည့်တစ်နေ့ လူကို ရှာမတွေ့လျှင် မကောင်းပေ။
ထိုသို့တွေးပြီးနောက် သူ'ရှစ်ကျန်း'ဟုသော နာမည်ကို အာရုံမစိုက်တော့ပေ။
များများစဉ်းစားလေလေ ပိုမေ့လာလေလေပဲ...
ပစ်ထားလိုက်မှ သတိရလာမှာ...
ဟုတ်ပေသည်။ ညဘက် လင်းလော့ချင်းရေချိုးနေစဉ် မျက်လုံးများက ရုတ်တရက် ထိတ်လန့်တကြီး ပွင့်လာလေသည်။
သူ မှတ်မိပြီ...
သူ မကူးပြောင်းလာခင် စာအုပ်ဖတ်နေတုန်းရှစ်ကျန်းဆိုတဲ့နာမည်ကို တွေ့လိုက်ရတယ်...
စာအုပ်ထဲက ရှစ်ကျန်းက နာမည်မရှိတဲ့ ဇာတ်ပို့လေးမဟုတ်ဘူး...အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကို သုံးနှစ်ဆက်တိုက်ရခဲ့တဲ့ ရုပ်ရှင်ကြယ်ပွင့်ပဲ...
သူက အမျိုးသမီးဇာတ်ဆောင်ရဲ့ အိုင်ဒေါလ်ပဲ...
အမျိုးသမီးဇာတ်ဆောင်က ရုပ်ရှင်လက်မှတ်၀ယ်ပြီး လင်းဖေးရဲ့စားပွဲခုံအောက် ထည့်ထားခဲ့ပေမဲ့ လင်းဖေးက မသွားခဲ့ဘူး...အဲ့ဒါကြောင့် သူက ရုပ်ရှင်ကို တစ်ယောက်တည်းကြည့်ခဲ့ရပြီး၀မ်းနည်းတကြီး ပြန်ထွက်လာတဲ့အချိန် ရုပ်ရှင်ရုံတံခါး၀မှာ အမျိုးသားဇာတ်ဆောင်နဲ့ တွေ့ခဲ့တာပဲ...
အမျိုးသားဇာတ်ဆောင်က အမျိုးသမီးဇာတ်ဆောင်ရဲ့ ၀မ်းနည်းနေတဲ့အသွင်အပြင်ကိုမြင်တော့ သူ့ကို ချော့ခဲ့တယ်...သူက ရှစ်ကျန်းရဲ့ပိုစတာကို လက်ညှိုးထိုးပြပြီး "ဒါက မင်းကြိုက်တဲ့သရုပ်ဆောင်လား...သူ့ကို ရှစ်ကျန်းလို့ခေါ်တယ်မလား...ငါ့မှာ ဘာမှ လုပ်စရာမရှိဘူး...မင်း ဒီရုပ်ရှင်ကို ထပ်ကြည့်ချင်လား..."
အမျိုးသားဇာတ်ဆောင်ရဲ့စကားတွေကြောင့် အမျိုးသမီးဇာတ်ဆောင်ရဲ့နှလုံးသား နွေးထွေးသွားရတဲ့ ဇာတ်ကွက်ပဲ...
လင်းလော့ချင်းက ရေပန်းအောက်တွင် ရပ်ကာ မယုံကြည်နိုင်ဖြစ်နေလေသည်။
အမျိုးသမီးဇာတ်ဆောင်က ရှစ်ကျန်းကို အသုံးပြုပြီး လင်းဖေးနဲ့ ဆက်သွယ်ခဲ့တယ်...ရှစ်ကျန်းကဆယ်နှစ်လောက် နာမည်မရှိတာကနေ အခုမှ ထွန်းတောက်လာတဲ့လူလို့ ပြောပြီး လင်းဖေးက သူ့ကို မှတ်မိအောင် လုပ်ခဲ့တာပဲ...
အနာဂတ်ရဲ့အကောင်းဆုံးမင်းသားကြီး ရှစ်ကျန်းက နာမည်တောင်မရှိတဲ့ သရုပ်ဆောင်လေးတဲ့လား...
လင်းလော့ချင်း ပိုမိုစိတ်လှုပ်ရှားလာလေသည်။
ထီဆုကြီး၏ ပေါက်မဲနံပါတ်ကို သိပါက ထီဆိုင်ပိုင်ရှင်ဖြစ်နိုင်လေသည်။
သူက ရှစ်ကျန်းဟူသည့် နာမည်နှင့် ရင်းနှီးနေသည့်အတွက် ရှစ်ကျန်းနှင့် စာချုပ်ချုပ်ချင်ခဲ့သည်။ ယင်းပင်မက ရှစ်ကျန်းကို ကြည့်လျှင် သူ့ကိုယ်သူ ပြန်မြင်ယောင်ပြီး အခွင့်အရေးပေးချင်ခြင်းလည်း ဖြစ်လေသည်။
ယခု သူက ရှစ်ကျန်းနှင့် ပိုစာချုပ်ချုပ်လာချင်လေသည်။ ရှင်းယွီက ကျိယွီရှောင်ပိုင်၏။ ဆိုလိုသည်က ကျိယွီရှောင်ကို သူပိုင်၏။
ရှစ်ကျန်းရဲ့ မြေဩဇာရေတွေကို အပြင်လူတွေရဲ့လယ်ကွင်းထဲ စီးခွင့်မပေးနိုင်ဘူး...
သူက ရှစ်ကျန်းကို မမှတ်မိခင်ကတောင် စာချုပ်ချုပ်ချင်နေတာ...အခု ဒီတိုင်း မနေနိုင်တော့ဘူး...
လင်းလော့ချင်းက ပျော်ရွှင်စွာ ရေချိုးပြီးနောက် ရေချိုးခန်းထဲမှ ထွက်ကာ ကျိယွီရှောင်ကို ဖုန်းခေါ်လိုက်သည်။ သူက ကျိယွီရှောင်ကို သူ့တွင် ဒုဥက္ကဋ္ဌ၏ပါဝါရှိမရှိ မေးချင်လေသည်။
ကျိယွီရှောင်က မရဘူးဆိုရင်...
မဟုတ်ဘူး...ကျိယွီရှောင်က ဘယ်လိုလုပ် အဲ့လိုပြောမှာလဲ...သူ ကျိယွီရှောင်ကို ယုံကြည်တယ်...
ကျိယွီရှောင်က ကုတင်အစွန်းတွင်ထိုင်၍ စာအုပ်ဖတ်ကာ အိပ်စက်ခြင်းကို ရှာဖွေနေလေသည်။ထိုစဥ် ဖုန်းမြည်သံကြား၍ ဖုန်းကို ကြည့်လိုက်ရာ လင်းလော့ချင်းဖြစ်နေလေသည်။
ဒီလောက် နောက်ကျတဲ့အထိ အလုပ်လုပ်နေတုန်းလား...
"မင်း အလုပ်ပြီးပြီလား..."
"ပြီးပြီ..."
လင်းလော့ချင်းက အိပ်ရာပေါ်တွင် ထိုင်နေလေသည်။
"မင်း ဘာလုပ်နေတာလဲ...မအိပ်သေးဘူးလား..."
"မအိပ်သေးဘူး...စာအုပ်ဖတ်နေတာ..."
"ဘာစာအုပ်လဲ..."
ကျိယွီရှောင်က စာအုပ်အဖုံးကို ကြည့်လိုက်သည်။
"သမုဒ္ဒရာရဲ့ အနာဂတ်..."
'လေးနက်တဲ့ စာအုပ်ပဲ...ငါ့ယောကျာ်းက တကယ် လေးနက်တဲ့လူပဲ...'
"ဒါဆို မင်းဆက်ဖတ်လေ..."
ကျိယွီရှောင်က ပြုံးကာ စာအုပ်ကို ပိတ်လိုက်သည်။
"ငါ မဖတ်ချင်တော့ဘူး..."
"ဘာလို့လဲ..."
"ဘာလို့ဆို ဒီထက်အရေးကြီးတဲ့ ကိစ္စရှိနေလို့လေ...ဥပမာ ငါ့မိန်းမ ဖုန်းခေါ်တာမျိုးပေါ့..."
လင်းလော့ချင်း ရယ်မောလိုက်သည်။ သူ့နှလုံးသားက ချိုမြိန်သွားလေသည်။
ကျိယွီရှောင်နှင့် တစ်ခဏခန့် ချိုမြိန်စွာ စကားပြောပြီးနောက် အဓိကကိစ္စကို ပြောလိုက်သည်။
"ငါ မင်းကို မေးစရာရှိတယ်..."
"ဘာမေးမလို့လဲ..."
"ငါ ရှင်းရီရဲ့ကိစ္စတွေမှာ ၀င်စွက်ဖက်လို့ရလား..."
ကျိယွီရှောင်က လင်းလော့ချင်း ထိုသို့မေးလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
"ရတာပေါ့...ရှင်းရီကို မင်းကို ပေးထားတဲ့ဟာ...မင်း ကြိုက်သလိုသာလုပ်..."
လင်းလော့ချင်း :"!!!"
"ငါ့ကို ပေးထားတာ..."
“မဟုတ်ရင် ငါက ဘာလို့ ရှင်းရီကို လိုမှာလဲ..."
မူလက သူ့အစီအစဉ်ထဲတွင် ရှင်းရီ မပါ၀င်ခဲ့ပေ။
သို့သော် လင်းလော့ကျင်းနေရာတွင် လင်းလော့ချင်းကို အစားထိုးပြီးနောက် အဖေကျိ၏ လက်အောက်ခံကုမ္ပဏီများထဲမှ ရှင်းရီကို တောင်းယူခဲ့သည်။ ဤသို့ဖြင့် သူ့၏အချစ်တွင် ရူးသွပ်နေသည့်ဇာတ်ရုပ်က ပြီးပြည့်စုံသွားလေသည်။
အစပိုင်းတွင် သူက လင်းလော့ချင်းထံ ရှင်းရီကို တိုက်ရိုက်မပေးချင်ခဲ့ပေ။ ရှင်းရီ၏အရင်းအမြစ်များအား အသုံးပြုခွင့်သာ ပေးထားလေသည်။
သို့သော် သူတို့ အချိန်အတော်ကြာပေါင်းသင်းပြီးနောက် သူ့အတွေးများ ထပ်မံပြောင်းလဲသွားခဲ့သည်။ သူက လင်းလော့ချင်းကို ကောင်းကောင်းဆက်ဆံချင်ပြီး လင်းလော့ချင်းကို ပျော်ရွှင်စေချင်လေသည်။ ထို့ကြောင့် ဖျော်ဖြေရေးနယ်ပယ်တွင် ရှိနေပြီး ဖျော်ဖြေရေးလောကအကြောင်းသိသည့် လင်းလော့ချင်းထံ ရှင်းရီအား ပေးချင်ခဲ့သည်။
လင်းလော့ချင်းက ကျိယွီရှောင်၏အဖြေကို မမျှော်လင့်ထားသည့်အတွက် အံ့အားသင့်သွားလေသည်။ ထို့နောက် ကျိယွီရှောင်ကို ဖြောင်းဖြလိုက်သည်။
"အဲ့လို မလုပ်တာ ပိုကောင်းပါတယ်...ဒီလိုမျိုး ကုမ္ပဏီပေးတာက မသင့်တော်ဘူး..."
"ငါတို့က ပိုင်ဆိုင်မှုတွေကို မျှဝေထားတဲ့လူတွေလေ...ဘာလို့ မသင့်တော်ရမှာလဲ..."
"ငါက ကုမ္ပဏီကို ဘယ်လိုလုပ် စီမံခန့်ခွဲနိုင်မှာလဲ...ဒေဝါလီခံသွားရင် ဘယ်လိုလုပ်မလဲ..."
လင်းလော့ချင်းက စိုးရိမ်တကြီးမေးလိုက်သည်။
"ရပါတယ်...မင်းယောကျာ်းမှာ ပိုက်ဆံရှိတယ်...ကုမ္ပဏီတစ်လုံးရှိတယ်...တခြား ဘာမှလစ်ဟာနေတာ မရှိဘူး..."
လင်းလော့ချင်း :"..."
'ဒီလိုအချိန်မှာ မင်းမှာ အချစ်ဦးနှောက် တကယ်ရှိနေသလိုပဲ...မင်းက တကယ့်ကို မထိန်းချုပ်နိုင်တော့ဘူးလား...'
"ဒါ့အပြင် ပရော်ဖက်ရှင်နယ် မန်နေဂျာတစ်ယောက် ခန့်ထားတယ်...မင်း ဘာမှ လုပ်စရာ မလိုဘူး...ပိုက်ဆံထိုင်သိမ်းနေဖို့ပဲ လိုတယ်..."
ထိုအခါ လင်းလော့ချင်းက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။
ကုမ္ပဏီကို စီမံခန့်ခွဲရတာ မဟုတ်သရွေ့ အဆင်ပြေတယ်...
စီးပွားရေးမှာ အမျှော်အမြင်ရှိမှုက လူတိုင်းမှာ ရှိတာ မဟုတ်ဘူး...
"ဒါဆို ငါ ကုမ္ပဏီနာမည်အောက်မှာ တစ်ယောက်ယောက်နဲ့ စာချုပ်ချုပ်လို့ရလား..."
"ဘယ်သူနဲ့ စာချုပ်ချုပ်မှာလဲ..."
ကျိယွီရှောင်က အကဲဆတ်စွာ မေးလိုက်သည်။
"ငါတို့အဖွဲ့ထဲက ဇာတ်ပို့လေးနဲ့လေ...သူ့သရုပ်ဆောင်စွမ်းရည်က အရမ်းကောင်းတယ်...ရုပ်ရှည်ကလည်း အဆင်ပြေတယ်...စိတ်ထားလေးကလည်း ကောင်းတယ်...သူက ကုမ္ပဏီသေးသေးလေးနဲ့ စာချုပ်ချုပ်ထားပြီး ဇာတ်ရုပ်သေးသေးလေးတွေမှာ သရုပ်ဆောင်နေတာ ငါးနှစ်လောက်ရှိပြီ...သူ့မှာ အလားအလာ အများကြီးရှိတယ်လို့ ငါထင်တယ်...အဲ့ဒါကြောင့် သူနဲ့စာချုပ်ချုပ်ချင်လို့...မင်း ဘယ်လိုထင်လဲ..."
ကျိယွီရှောင် :"..."
"ယောကျာ်းလား...မိန်းမလား..."
"ယောကျာ်းလေး...မျက်နှာက ယောကျာ်းပီသပြီး ချောမောတယ်..."
လင်းလော့ချင်း အမြန် ပြန်ဖြေလိုက်သည်။
ထိုချီးကျူးစကားကို ကြားသောအခါ ကျိယွီရှောင် အေးစက်စွာ ထေ့ငေါ့ပြောလိုက်သည်။
"ယောကျာ်းလေးတစ်ယောက်ကို ငါ့ရှေ့မှာ ချီးကျူးနေတယ်ပေါ့...ပြောသေးတယ်...ယောကျာ်းပီသတယ်တဲ့လား..."
လင်းလော့ချင်းက ကျိယွီရှောင်၏တုံ့ပြန်မှုကို သဘောကျသွားလေသည်။
"ငါက အခြေအနေကို ပြောပြရုံလေ...ဘာလို့ သ၀န်တိုနေတာလဲ..."
'မင်းက ငါ့ကို ယောကျာ်းပီသတယ်လို့ တစ်ခါမှ မချီးကျူးဖူးဘူး...ငါက ယောကျာ်းမပီသလို့လား...'
ကျိယွီရှောင် တွေးလိုက်သည်။
"သူနဲ့ စာချုပ်မချုပ်နဲ့..."
ကျိယွီရှောင် တမင်တကာ ပြောလိုက်သည်။
လင်းလော့ချင်း :"..."
လင်းလော့ချင်း ရယ်ရမည်လား ငိုရမည်လား မသိတော့ချေ။
'ဘာလို့ ဒီလောက် ကလေးဆန်ရတာလဲ...'
"မင်းက ဘာလို့အရမ်းချစ်စရာကောင်းရတာလဲ...ငါ အခု မင်းရှေ့ ပြေးလာပြီး မင်းရဲ့ချစ်စရာကောင်းတဲ့ပုံစံလေးကို မြင်ချင်လိုက်တာ..."
ကျိယွီရှောင်က ဒေါသထွက်စွာ ထေ့ငေါ့ပြောလိုက်သည်။
"မင်းက ငါ့ကို ဘာလို့ မြင်ချင်သေးတာလဲ...မင်းရဲ့ဇာတ်ပို့လေးကိုပဲ သူ ဘယ်လောက် ယောကျာ်းပီသလဲ ထိုင်ကြည့်နေ..."
လင်းလော့ချင်းက သူ့ကို ချော့လိုက်သည်။
"မင်းက ပိုယောကျာ်းပီသပြီး ပိုချောမောတာပေါ့...မင်းက ကြည့်လို့အရမ်းကောင်းတယ်...သူက မင်းနဲ့ယှဉ်လို့တောင် မရဘူး...ကံကောင်းလို့ မင်းက သရုပ်ဆောင်မလုပ်တာ...မဟုတ်ရင်ထိပ်တန်းကြယ်ပွင့်ကြီး ဖြစ်နေလောက်ပြီ..."
"မင်းပြောတာ နောက်ကျသွားပြီ..."
"ငါ မင်းကို ရိုးရိုးသားသားပြောနေတာပါ...မင်းက ငါတွေ့ဖူးသမျှထဲမှာ ရုပ်အချောဆုံးပဲ...အရိုးသားဆုံးပြောရရင် သူ့မှာသာ မင်းလိုရုပ်ရည်ရှိရင် လူမသိသူမသိဘဲ ငါးနှစ်လောက် နေနေရမှာ မဟုတ်ဘူး..."
ထိုအခါမှ ကျိယွီရှောင် အနည်းငယ် ကျေနပ်သွားသည်။
"တကယ်လား..."
"တကယ်ပေါ့...မင်းကိုယ်မင်း မသိဘူးလား...မင်းက ယွီရှုလင်းဖုန်း(ကျက်သရေရှိ၊ လှပ၊ကြော့ရှင်း)ရဲ့ စစ်မှန်တဲ့ပုဲရိပ်ပဲ...ချောမောမှုက ဖော်ပြလို့တောင် မရဘူး...နှီးဝါးက မင်းကို အနုစိတ်ကျကျ အပင်ပန်းခံပြီး ဖန်ဆင်းပေးထားတာ...မင်းက ဘယ်သူနဲ့မှ နှိုင်းယှဉ်လို့ မရဘူး..."
ကျိယွီရှောင် လင်းလော့ချင်း ထိုမျှအထိ ပြောလာလိမ့်ဟု မထင်ထားခဲ့ပေ။
"ကောင်းပြီ...ငါ စဉ်းစားကြည့်မယ်..."
သူက အခြေခံအားဖြင့် သဘောတူပြီးဖြစ်လေသည်။
"ဖြည်းဖြ
ည်း စဉ်းစားကြည့်...ငါ အစ်ကိုဝူကို သူ့အကြောင်း စုံစမ်းခိုင်းထားတယ်...သူ့မှာ ပြဿနာတွေ ရှိလားလို့...မရှိဘူးဆိုရင် ငါ သူနဲ့စာချုပ်ချုပ်လိုက်မယ်..."
လင်းလော့ချင်း ဆွေးနွေးလိုက်သည်။
သို့သော် ထိုသို့သော ပြဿနာများ ရှိမလာနိုင်ပေ။ သူက အမျိုးသမီးဇာတ်ဆောင်၏အိုင်ဒေါလ်ဖြစ်ပြီး ယနေ့ ဆက်ဆံကြည့်ရသလောက် အလွန်ပွင့်လင်းပြီး သဘောထားကြီးသူဖြစ်လေသည်။
"ကောင်းပြီ..."
ကျိယွီရှောင် တုံ့ပြန်လိုက်သည်။