အပိုင်း ၁၁၀
Viewers 35k

Chapter 110




လင်းလော့ချင်းက ကျိလဲ့ယွီ၏ဗီဒီယိုကောလ်ဖိတ်ခေါ်ချက်ကို လက်ခံရရှိသောအခါ အနည်းငယ် အံ့ဩသွားလေသည်။ သူက ကျိလဲ့ယွီနှင့် ဗီဒီယိုကောလ်ပြောခြင်းက ရှားပါးလေသည်။ အချိန်အများစုတွင် သူက ကျိယွီရှောင်နှင့် ဗီဒီယိုကောလ်ပြောလေ့ရှိပြီး တစ်ခါတစ်ရံ လင်းဖေးနှင့် ပြောလေ့ရှိသည်။


ကျိလဲ့ယွီက ကျိယွီရှောင်၏ကင်မရာထဲတွင်သာ ပါလာလေ့ရှိသည်။


ဒါဆို ကျိလဲ့ယွီက ဘာလို့ သူ့ကို ဗီဒီယိုကောလ်ခေါ်လာရတာလဲ…


သူက သူ့ပစ္စည်းများကို စားပွဲပေါ် တင်လိုက်ပြီး ဆိုဖာပေါ် ထိုင်လိုက်ကာ ဗီဒီယိုကောလ်ကို လက်ခံလိုက်သည်။


လင်းဖေးနှင့်ကျိလဲ့ယွီ၏မျက်နှာက ဖုန်းစခရင်ပေါ်တွင် ချက်ချင်းပေါ်လာလေသည်။ ကျိလဲ့ယွီက ချိုမြိန်စွာ ပြုံးကာ လင်းလော့ချင်းကို ခေါ်လိုက်၏။


"ပါးပါး…"


လင်းလော့ချင်း ရယ်မောလိုက်သည်။


"ဘာဖြစ်လို့လဲ…ပါးပါးကို လွမ်းလို့လား…ဘာလို့ ဒီလောက်နောက်ကျမှ ဗီဒီယိုကောလ်ခေါ်လာတာလဲ…"


"ပါးပါး အလုပ်ပြီးပြီလား…"


"ပြီးပြီ…"


လင်းလော့ချင်းက မူလက ရေချိုးပြီးလျှင် ကျိယွီရှောင်နှင့် ဗီဒီယိုကောလ်ပြောရန် စီစဉ်ထားခြင်းဖြစ်သည်။ သို့သော် ကလေးများက သူ့ကို ဗီဒီယိုကောလ် ခေါ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။


“သားတို့ ရေချိုးလို့ ပြီးပြီလား…” 


“ကျွန်‌တော်တို့ ရေချိုးလို့ပြီးပြီ… ” 


လင်းဖေး ပြန်ဖြေလိုက်သည်။


"မအိပ်ကြသေးဘူးလား…"


ကျိလဲ့ယွီ : "သားတို့ ခဏနေ အိပ်ကြတော့မှာ…"


"ဒါဆို ပါးပါးကို တွေ့ချင်လို့ ‌‌ဗီဒီယိုကောလ် ခေါ်လိုက်တာလား…"


ကျိလဲ့ယွီ ခေါင်းငြိမ့်လိုက်ပြီး လင်းဖေးက ခေါင်းခါလိုက်သည်။


ကျိလဲ့ယွီ :"..."


ဘာလို့ ခေါင်းခါနေတာလဲ…


ပါးပါးကို အရင် ပျော်သွားအောင်လုပ်ပြီးမှ သူပျော်သွားချိန်မှ ငါတို့ ဘာလိုချင်လဲ ပြောရမှာလေ…ဒါမှ အမေ မဟုတ်ဘူး ပါးပါးက ကူညီပေးမှာ…နားလည်လား…


ကျစ်…သူ့အစ်ကိုက စာတွေအများကြီးဖတ်ပြီး အဆင့်တွေ ကောင်းနေပေမဲ့ စာအုပ်ထဲမှာ ဒါတွေကို မသင်ခဲ့ရဘူးလား…


လင်းလော့ချင်းက ကျိလဲ့ယွီ သူ့ကို ရှာရသည့် အကြောင်းရင်းကို မှန်းဆမိပေသည်။


သူက လင်းဖေးကို ကြည့်ကာ ပြောလိုက်သည်။


"သား ရှုရှုကို ဘာလို့တွေ့ချင်တာလဲ…"


"ရှုရှုကျိက ကျွန်တော့်အတွက် ကျောင်းအသစ် ရှာပေးထားတယ်…"


လင်းဖေး တည်ငြိမ်စွာ ပြောလိုက်သည်။


လင်းလော့ချင်း ခေါင်းငြိမ့်လိုက်သည်။


"ရှုရှု သိတယ်…ကျောင်းက ကောင်းတယ်…ကျောင်းတက်ရင် ရှုရှုကျိက သားကို ကျောင်းလိုက်ပို့ပေးလိမ့်မယ်…ရှုရှု ပို့ပေးချင်ပေမဲ့ အလုပ်က ခွင့်ယူလို့ မရဘူး…သူက သားကို ကျောင်းပို့ပေးမှာ ဖြစ်ပေမဲ့ ရှုရှုကလည်း အဲ့အချိန်ကျရင် သားကို ‌‌ဗီဒီယိုကောလ်ခေါ်မှာပါ…"


“ဟုတ်ကဲ့…” 


လင်းဖေး မေးလိုက်သည်။


"ရှောင်ယွီက သားနဲ့တူတူ တက်လို့မရဘူးလား…"


လင်းလော့ချင်း အံ့ဩသွားသည်။ 


ဒါက ဘာအဓိပ္ပာယ်လဲ…ကျိလဲ့ယွီကရော တစ်တန်းတက်ချင်တာလား…


သူ ကျိလဲ့ယွီကို ကြည့်လိုက်သည်။ ကျိလဲ့ယွီက ဆန်စေ့ကောက်နေသော ကြက်ကလေးသဖွယ်ဆက်တိုက် ခေါင်းငြိမ့်ကာ သူ့ဆန္ဒကို ထုတ်ဖော်ပြသနေလေသည်။


"ရှောင်ယွီတက်ချင်တာလား…သားက ကျောင်းတက်ရတာကို မကြိုက်ဘူးမလား…တစ်တန်းက သူငယ်တန်းထက် စာတွေများတယ်နော်…"


“သား ကိုကိုနဲ့အတူ ကျောင်းတက်ချင်တယ်…သား ကိုကို့ကို ကာကွယ်ပေးမယ်…"


လင်းဖေး :"..."


သူ ကျိလဲ့ယွီကို လှည့်ကြည့်လိုက်ပြီး သူ့မျက်၀န်းများက စကားပြောနေလေသည်။


'ဘာပြောလိုက်တယ်…ဘယ်သူက ဘယ်သူ့ကို ကာကွယ်ပေးမှာလဲ…'


ကျိလဲ့ယွီက သူ့၏ဂုဏ်ယူနေသော မျက်နှာလေးကို ငုံ့လိုက်သည်။


"ကိုကိုလည်း သားကို ကာကွယ်ပေးနိုင်တယ်…"


လင်းဖေး၏မျက်လုံးထဲ၌ ကူရာမဲ့မှု ၄၀%၊ 'ဒါက ပိုကောင်းတယ်' ၃၀%၊ အလိုလိုက်မှု ၄၀%ရှိနေလေသည်။


လင်းလော့ချင်း ပြုံးလိုက်သည်။


"ဒါဆို သားကိုကိုနဲ့အတူ ကျောင်းတက်ချင်တာပေါ့…"


ကျိလဲ့ယွီ ခေါင်းငြိမ့်လိုက်သည်။


သူက ဘာလို့ အဲ့လိုလုပ်ရတာလဲ…စောစောလည်း ထရမယ်…အိမ်စာတွေကလည်း ပိုလုပ်ရမယ်…


ဒါတွေအားလုံးက လင်းဖေးအတွက် မဟုတ်ဘူးလား…


"သား တစ်တန်းတက်လို့ ဆရာမသင်ပေးတာတွေ နားမလည်ရင် ဘယ်လိုလုပ်မလဲ…"


ကျိလဲ့ယွီက ယုံကြည်မှုရှိရှိ ပြောလိုက်သည်။


"သား လုပ်နိုင်ပါတယ်…ပြီးတော့ ကိုကိုကလည်း သားကို သင်ပေးလို့ရတယ်လေ…ကိုကိုသာ သင်ပေးရင် သား သေချာပေါက် နားလည်မှာ…"


"သားကရော…"


လင်းလော့ချင်း လင်းဖေးကို နမ်းလိုက်သည်။


"သားကရော ရှောင်ယွီနဲ့ တစ်တန်းတူတူ တက်ချင်လား…"


လင်းဖေးက ကျိလဲ့ယွီ၏ပြင်းထန်သောအကြည့်ကို ခံစားမိသည်။


"ဟုတ်ကဲ့…"


သူ နူးညံ့စွာ ပြောလိုက်၏။


လင်းလော့ချင်း အနည်းငယ် အံ့ဩသွားသည်။


သူက လင်းဖေးကို နားလည်ပြီး လင်းဖေး၏လျစ်လျူရှုတတ်သော ကိုယ်ရည်ကိုယ်သွေးကိုလည်း သိလေသည်။


လင်းဖေးအတွက် တစ်စုံတစ်ယောက်နဲ့ ကျောင်းတူတူတက်ချင်သည့် ဆန္ဒက အလွန်ရှားပါးလေသည်။


သူ မသိသောနေရာတွင် ‌ဖေးဖေးလေးနှင့်အနာဂတ် ဗီလိန်ကြီးက ဆက်ဆံရေးကောင်းပုံရသည်။


"ကောင်းပြီ…"


လင်းလော့ချင်း ကတိပေးလိုက်သည်။


"ကျောင်းအတူတူတက်ချင်လည်း တူတူတက်ကြ…"


ကျိလဲ့ယွီ : “ပါးပါးက အရမ်းကောင်းတာပဲ…”


လင်းဖေး :" ဒါပေမဲ့ ရှောင်ယွီက ရှုရှုကျိ‌ကိုပြောတော့ ရှုရှုကျိက သဘောမတူဘူး…"


ကျိလဲ့ယွီက လင်းလော့ချင်းကို သနားချင့်စဖွယ် အကြည့်ဖြင့် ကြည့်လိုက်လေသည်။


လင်းလော့ချင်း : ''...''


'သရုပ်ဆောင်တာ အရမ်းကောင်းတာပဲ…ဖျော်ဖြေရေးလောကကို ၀င်ပြီး ငါ့အမွေကို ဆက်ဆံသင့်တယ်…'


"ရှုရှုကျိကို ရှုရှုပြောလိုက်မယ်…ပြဿနာမရှိဘူး…"


လင်းလော့ချင်း ပြောလိုက်သည်။


ကျိယွီရှောင် သဘောမတူသည့် အကြောင်းရင်းက ကျိလဲ့ယွီ စာမလိုက်နိုင်မှာကို စိတ်ပူ၍သာ ဖြစ်လေသည်။ စာမလိုက်နိုင်လျှင် ကျိလဲ့ယွီက မပျော်မရွှင် ဖြစ်လာနိုင်ပေသည်။


ထိုစကားကို ကြားသောအခါ ကျိလဲ့ယွီက ချိုမြိန်စွာ ပြုံးလိုက်သည်။


"ကျေးဇူးတင်ပါတယ် ပါးပါး …ပါးပါးက အရမ်းကောင်းတာပဲ…ပါးပါးကို အရမ်းချစ်တယ်…"


"တကယ်လား …ဒါဆို ပါးပါးကို နမ်းပါဦး…"


ကျိလဲ့ယွီက ဖုန်းစခရင်ကို နမ်းလိုက်သည်။


လင်းလော့ချင်း၏နှလုံးသားက နူးညံ့သွားလေသည်။ 


ကျိလဲ့ယွီက အရမ်းကောင်းတယ်…သူက ဖောက်ပြန်နေတဲ့သူ မဟုတ်ဘူး..သာမာန်ကလေးပဲ…လင်းဖေးသာ ဘေးမှာ ရှိနေသရွေ့ လဲ့ယွီက ထိန်းချုပ်မှု လွတ်သွားမှာ မဟုတ်ဘူး…


"ဖေးဖေးရော ရှုရှုကို မနမ်းဘူးလား…"


သူ လင်းဖေးကို မေးလိုက်သည်။


လင်းဖေးက ဖုန်းစခရင်ကို နမ်းခြင်းက မိုက်မဲသည်ဟု ထင်သည့်အတွက် ကျိလဲ့ယွီ၏ဖုန်းထဲတွင် နမ်းနေသည့် အီမိုဂျီရှာလိုက်သော်လည်း ကျိလဲ့ယွီနှင့်ကျိယွီရှောင်က တိုက်ရိုက်သာ စကားပြောလေ့ ရှိသည့်အတွက် အီမိုဂျီ မရှိချေ။


Wechatတွင် အော်ရဂျင်နယ် ပါလာသော အဝါရောင်မျက်နှာလေးများသာ ရှိလေသည်။


လင်းဖေး :"..."


ထိုအခါ သူက မျက်နှာများ ကြားမှ နမ်းနေသည့် မျက်နှာအီမိုဂျီကို ပို့ပေးလိုက်သည်။


လင်းလော့ချင်း မကျေနပ်ပေ။


"အီမိုဂျီကို မလိုချင်ပါဘူး…ဖေးဖေး ရှုရှုကို နမ်းတာကို လိုချင်တာ…"


လင်းဖေး :"..."


ခွဲတာတောင် မကြာသေးဘူး…ကလေးဆန်နေတုန်းပါလား…


လင်းဖေးက ကူရာမဲ့စွာ လက်ကို မြှောက်လိုက်ပြီး လက်ညှိုးထိပ်ကို နမ်းလိုက်ကာ စခရင်ပေါ်ရှိ လင်းလော့ချင်းမျက်နှာပေါ် ဖိလိုက်သည်။


ဒါ အဆင်ပြေသင့်တယ်…


ဒါက တီဗီထဲက သင်ခဲ့တဲ့ဟာပဲ…


လင်းလော့ချင်း ရယ်မောလိုက်သည်။


ချစ်စရာကောင်းလိုက်တာ…


"မင်းက အဲ့ဒါကို သိတယ်ပေါ့…အိုကေ…မင်းအနမ်းကို လက်ခံလိုက်ပါမယ်…"


လင်းဖေးက ဂုဏ်ယူစွာ ပြုံးလိုက်သည်။


သူ အများကြီးသိတယ်…


လင်းလော့ချင်းက ကလေးနှစ်ယောက်ကို နောက်ပြောင်ပြီးနောက် အနားယူရန် တိုက်တွန်းလိုက်သည်။


"ပါးပါး ဒယ်ဒီကို ပြောဖို့ မမေ့နဲ့နော်…"


ကျိလဲ့ယွီ သတိပေးလိုက်သည်။


“စိတ်မပူနဲ့…သားတို့ သေချာပေါက် ကျောင်းတူတူ တက်စေရမယ်…"


ကျိလဲ့ယွီက လင်းဖေးကို အတုခိုးကာ လင်းလော့ချင်းကို နမ်းလိုက်ပြီး ချိုသာစွာ ပြောလိုက်သည်။


"Goodnight ပါးပါး…ပါးပါးလည်း စောစောအိပ်ပြီး အိမ်ကို စောစောပြန်လာနော်…"


"ဟုတ်ပါပြီ…"


လင်းလော့ချင်းက ဖုန်းချပြီးနောက် ကျိယွီရှောင်ကို ဗီဒီယိုကောလ်ခေါ်လိုက်သည်။


ကျိယွီရှောင် တစ်ဖက်လူက ဆွယ်တာပါးပါးလေး ၀တ်ထားသည်ကို မြင်သောအခါ မေးလိုက်သည်။


"ရိုက်ကူးရေးပြီးပြီလား…"


"ပြီးသွားပြီ…မင်း သိလား…ငါ ခုနလေးတင် မင်းရဲ့အဖိုးတန်သားလေးဆီက ဗီဒီယိုကောလ်ဖိတ်ခေါ်ချက် ရခဲ့တယ်…"


"ရှောင်ယွီလား…သူက မင်းကို ဘာလို့ရှာတာလဲ…"


"ကျောင်းကိစ္စပေါ့…ရှောင်ယီက ဖေးဖေးနဲ့ကျောင်းတူတူ တက်ချင်လို့တဲ့…*


ကျိယွီရှောင် ပြုံးလိုက်သည်။


ရှောင်ယွီက တကယ် မရမက တောင်းဆိုနေတာပဲ…


“မင်း သဘောမတူဘူးလား…ဘာလို့လဲ…‌ရှောင်ယွီ စာမလိုက်နိုင်မှာကို စိုးရိမ်လို့လား…"


"မင်းအသံနားထောင်ရသလောက် မင်းက သဘောတူနေပုံပဲ…"


ကျိယွီရှောင် ပြောလိုက်သည်။


လင်းလော့ချင်း ခေါင်းငြိမ့်လိုက်၏။


"ဟုတ်တယ်…ငါကတော့ အဲ့ဒါကို ပြဿနာကြီးလို့ မထင်ဘူး..သူတက်ချင်ရင် တက်ခိုင်းလိုက်သင့်တယ်…"


"မင်းက သူ့ကို အလိုလိုက်လွန်းတယ်…သူက အတန်းကျော်ချင်နေတာ…ကျောင်းဖွင့်နေတာဘယ်လောက်ကြာပြီလဲ…သူက တစ်တန်းစာတွေကို ဘာမှ မသင်ရသေးဘူး…အခု သူ ကျောင်းပြောင်းချင်နေပေမဲ့ ပြီးရင် ကျောင်းတောင် တက်ချင်တော့မှာ မဟုတ်ဘူး…"


"အဲ့လို မပြောပါနဲ့…"


လင်းလော့ချင်း ဖြောင်းဖြလိုက်သည်။


" တစ်တန်းစာတွေက အဲ့လောက် မခက်ပါဘူး…ကလေးတော်တော်များများကလည်း သူငယ်တန်းတွေ၊ မူကြိုတွေ မတက်တော့ဘဲ တစ်တန်းကို တိုက်ရိုက်တက်ကြတာပဲ… ဒါ့အပြင် ရှောင်ယွီက အရမ်းဉာဏ်ကောင်းတယ်…စာသင်နှစ်တစ်၀က်လောက် လွတ်နေပေမဲ့ ဖေးဖေးက သူ့ကို ပြန်သင်ပေးလို့ ရတာပဲလေ…"


"မင်း သူ့ကို ယုံလွန်းနေပြီ…သူသာ စာမလိုက်နိုင်ရင် ဘယ်လိုလုပ်မလဲ…"


"မင်း သူ့ကို လျှော့တွက်လွန်းနေပြီ…သူက မင်းအစ်ကိုရဲ့သား၊ မင်းရဲ့တူ…မင်းတို့ ညီအစ်ကိုနှစ်ယောက်လုံးက ဒီလောက်ထက်မြက်တဲ့ဟာ…ရှောင်ယွီက တစ်တန်းစာလေးကို မလိုက်နိုင်ဘူးဆိုတာ ငါ မယုံဘူး…"


ကျိယွီရှောင် :"..."


'ယုတ္တိရှိသလိုပဲ…သူ့အစ်ကိုက ဘက်စုံထူးချွန်တဲ့ ကျောင်းသား…သူ့သားက ဘယ်လိုလုပ် ညံ့ဖျင်းမှာလဲ…'


“ဖေးဖေးက ရှောင်ယွီကို သင်ပေးချင်လို့လား…"


"သင်ပေးချင်တာပေါ့…သူတို့ဆက်ဆံရေးက ဒီလောက်ကောင်းတဲ့ဟာ…ငါ ပြောတာထက်တောင် ပိုကောင်းရင် ကောင်းဦးမှာ…ဖေးဖေးက ရှောင်ယွီကို သင်ပေးချင်တာပေါ့…"


"ကောင်းပြီ…"


ကျိယွီရှောင် သက်ပြင်းချလိုက်သည်။


"မင်းတို့သုံးယောက် ဒီလောက်စည်းလုံးညီညွှတ်နေမှတော့ ငါသာ ဆက်ခုခံနေရင် ငါကပဲ ခေါင်းမာတဲ့သူ ဖြစ်တော့မယ်…ရှောင်ယွီ စိတ်တိုင်းကျတာ လုပ်ခိုင်းလိုက်မယ်…ဖေးဖေးအတွက်တော့ ခက်ခဲစေမိပြီ…"


"ဥက္ကဋ္ဌကျိအတွက်သာ ခက်ခဲတာပါ…မင်းအတွက်‌ရော ၊ ရှောင်ယွီအတွက်ရော ခက်ခဲခဲ့တာပါ…မင်း သဘောမတူလို့ သူက ငါ့ဆီရောက်လာတယ်လေ…ရှောင်ယွီက အရမ်းပါးနပ်တယ်…မင်းတူလေးက တကယ် ထက်မြက်လွန်းတယ်…"


ကျိယွီရှောင် ပြုံးလိုက်သည်။


နှစ်ယောက်သား စကားစမြည် ပြောပြီးနောက် အချိန်လင့်နေပြီဖြစ်ကာ ကျိယွီရှောင်က လင်းလော့ချင်းကို ရေချိုးပြီး အိပ်ရာ၀င်ရန် တိုက်တွန်းလိုက်သည်။


လင်းလော့ချင်းက ဖုန်းချရန် ၀န်လေးနေပြီး ကျိယွီရှောင်ကို ထပ်မံနှောင့်ယှက်ပြီးနောက် နှုတ်ဆက်လိုက်ကာ ဖုန်းချလိုက်ပြီး ရေချိုးခန်းထဲ ၀င်သွားလိုက်သည်။


ကျိယွီရှောင်က ဝှီးချဲလ်ကို တွန်းကာ စာဖတ်ခန်းထဲမှ ထွက်လာပြီး ကျိလဲ့ယွီအခန်းသို့ သွားလိုက်သည်။


လင်းဖေးနှင့်ကျိလဲ့ယွီက ‌အိပ်ရာပေါ်တွင် အတူလှဲလျောင်းနေကာ Tablet အတူ ကြည့်နေကြပြီး တံခါးဖွင့်သံ ကြားသောအခါ တစ်ပြိုင်တည်း မော့ကြည့်လိုက်ကြ‌သည်။


"ဒယ်ဒီ…"


ကျိလဲ့ယွီ ပြုံးကာ ပြောလိုက်၏။


ကျိယွီရှောင်က သူ့၏ တက်ကြွကာ ချစ်စဖွယ်ကောင်းသည့် တူလေးကို လက်ယပ်ခေါ်လိုက်သည်။


ကျိလဲ့ယွီက စောင်ကို ဖယ်ကာ ကျိယွီရှောင်ဆီသို့ စူးစမ်းစွာ လျှောက်သွားလေသည်။


သူ ကျိယွီရှောင်ရှေ့ ရပ်လိုက်သောအခါ ကျိယွီရှောင်က သူ့မျက်နှာကို ညှစ်လိုက်၏။


ကျိလဲ့ယွီ :"..."


"တော်တော် တော်နေတယ်ပေါ့…ငါ သဘောမတူမှန်းသိတော့ မင်းပါးပါးကို သွားရှာတယ်…"


ကျိလဲ့ယွီက ကျိယွီရှောင်ကို အပြစ်ကင်းစင်သော မျက်လုံးဝိုင်းကြီးများဖြင့် ကြည့်နေလေသည်။


ကျိယွီရှောင်က လက်လွှတ်လိုက်ပြီး ကျိလဲ့ယွီမျက်နှာကို ပွတ်သပ်ပေးလိုက်သည်။


"ကောင်းပြီ…မင်းက ဒီလောက် ဉာဏ်ကောင်းနေတယ်ဆိုတော့ မင်း စာတွေ အမှီလိုက်နိုင်မယ်လို့ ငါ ယုံကြည်လိုက်မယ်…ငါ့ကို စိတ်မပျက်စေနဲ့…ဟုတ်ပြီလား…"


ကျိလဲ့ယွီ ခေါင်းငြိမ့်လိုက်၏။


"သား ကြိုးကြိုးစားစား လေ့လာမှာပါ…"


ကျိယွီရှောင်က ယင်းကို မယုံကြည်ပေ။


မင်းလား…ကြိုးစားလေ့လာမှာ…သစ်စေ့ကသာ သစ်ပင်ပေါက်လာစေတယ်…မင်းက စာလုပ်ရတာ ကြိုက်တဲ့လူ မဟုတ်ဘူး…ဒီစကားတွေကို ကြီးလာမှသာ လာပြော…


ကျိယွီရှောင်က မလောပေ။ သူလည်း ငယ်စဉ်က ကျောင်းတက်ရသည်ကို မကြိုက်ခဲ့ပေ။ အထက်တန်းရောက်မှသာ အလေးအနက် လေ့လာခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ကျိလဲ့ယွီက အထက်တန်းရောက်မှသာ ကြိုးစားလျှင်လည်း ရပေသည်။ သူ့အစ်ကိုကလေးက သူနှင့် တူနေပေ၏။


သို့သော် ထိုအတွေးကို ကျိလဲ့ယွီအား ပြောပြ၍ မရပေ။


"ကောင်းပြီ…ဒယ်ဒီ သားကို ယုံလိုက်မယ်…"


ကျိလဲ့ယွီ ကျေနပ်သွားပြီး ပျော်ရွှင်စွာ ပြောလိုက်သည်။


"ကျေးဇူးတင်ပါတယ် ဒယ်ဒီ…"


"ရပါတယ်…"


ကျိယွီရှောင်က ကျိလဲ့ယွီကို ပွေ့ဖက်ကာ နမ်းလိုက်သည်။


‌နမ်းပြီးနောက် သူက လင်းဖေးကို ကြည့်လိုက်သည်။ ထို့နောက် ဝှီးချဲလ်ကို လင်းဖေးဆီသို့ တွန်းလိုက်ပြီး လင်းဖေးကို ပွေ့ဖက်လိုက်ကာ ပါးကို နမ်းလိုက်၏။


လင်းဖေးက အံ့ဩသွားသော်လည်း မျက်နှာပေါ်တွင် ထုတ်မပြခဲ့ပေ။


"နောက်နှစ်ရက်နေရင် သားတို့ကို ကျောင်းလိုက်ပို့ပေးမယ်…"


လင်းဖေး ခေါင်းငြိမ့်လိုက်သည်။


"ဟုတ်ကဲ့…"


"ကောင်းပြီ…သွားအိပ်ကြတော့…စောစောအိပ်ကြ…ညဉ့်နက်ထဲအထိ က‌စားမနေနဲ့…"


ကျိလဲ့ယွီက ကျိယွီရှောင် လက်မောင်းကို ပွေ့ဖက်လိုက်ပြီး သူ့ကို မေးလိုက်သည်။


"ဒယ်ဒီ သားတို့နဲ့ အတူတူ မအိပ်ချင်ဘူးလား…"


ကျိယွီရှောင် အိပ်ချင်သော်လည်း သုံးညဆက်တိုက် မအိပ်ရသေးသည့်အတွက် အိပ်ဆေးသောက်အိပ်ရန် လိုလေသည်။ ထို့အပြင် သူ့အိမ်မက်ဆိုးများကြောင့် ကလေးများအား စိတ်အနှောင့်အယှက် မဖြစ်စေချင်ပေ။


"ဒယ်ဒီ ဒီနေ့ လုပ်စရာရှိသေးလို့…မနက်ဖြန်မှ အိပ်ကြတာပေါ့…"


"ဟုတ်ကဲ့…"


ကျိလဲ့ယွီ နာခံစွာ ပြောလိုက်သည်။


"ချစ်ဖို့ ကောင်းလိုက်တာ…"


ကျိယွီရှောင်က ကျိလဲ့ယွီ၏ခေါင်းကို ပုတ်လိုက်ပြီး လင်းဖေး၏အခန်းထဲမှ ထွက်သွားလိုက်သည်။


ကျိလဲ့ယွီက ကျိယွီရှောင် ထွက်သွားပြီးနောက် လင်းဖေးကို ဂုဏ်ယူစွာ ပြောလိုက်သည်။


"ဘယ်လိုလဲ…ပါးပါးကို ပြောခိုင်းရင် ရ‌တယ်လို့ သားမပြောခဲ့ဘူးလား…ဒယ်ဒီက ပါးပါးစကားကို နားထောင်မှာကို သားသိနေတယ်လေ…"


လင်းဖေးက အိပ်ရာပေါ်တွင်ထိုင်ကာ လက်ရှိဆက်ဆံရေးအကြောင်း တွေးနေသည်။ ကျိလဲ့ယွီက သူ့စကား နားထောင်သည်။ သူက လင်းလော့ချင်းနှင့်ကျိယွီရှောင်စကား နားထောင်သည်။ ကျိယွီရှောင်က လင်းလော့ချင်းစကား နားထောင်သည်။


ဒီလိုဆို သူတို့မိသားစုအကြီးအကဲက လင်းလော့ချင်းပေါ့…


သူ ထင်ထားတာနဲ့ လွဲနေတာပဲ…သူက ကျိယွီရှောင်လို့ ထင်နေတာ…


"နောက်ဆို သားတို့မှာ တခြားပြဿနာတွေ ရှိလာရင်

ပါးပါးကို အရင်ပြောရမယ်…ပြီးမှ ဒယ်ဒီ့ကို ပြောမယ်…"


ကျိလဲ့ယွီ ခေါင်းငြိမ့်ကာ ပြောလိုက်သည်။


လင်းဖေး :"..."


မင်းဒယ်ဒီကို တကယ် အဲ့လိုဆက်ဆံမှာလား…


ကျိလဲ့ယွီက ပြဿနာရှိသည်ဟု မထင်ပေ။


သူ့အဖေဖြစ်စေ၊ သူ့ရှုရှုဖြစ်စေ သူတို့က သူတို့ဇနီး၏စကားကို နားထောင်ကြရလေသည်။ သူ့အမေသို့မဟုတ် ‌လင်းလော့ချင်းက သဘောတူနေသရွေ့ ကိစ္စက အဆင်ပြေပြီဖြစ်သည်။


သူက ဉာဏ်ကြီးရှင်‌လေးပဲ…