အပိုင်း ၄၆
Viewers 9k


🐹 အခန်း ၄၆

 ဝူယိလေးက အနက်ရောင်သေတ္တာတစ်ခု ရှာတွေ့တယ် 




နောက်တစ်နေ့ နံနက်စောစော နေထွက်လာချိန်တွင် နျဲ့ရှောင်တို့သည် ရိုးရိုးရှင်းရှင်း နံနက်စာ စားလိုက်ကြပြီးနောက် ခရီးဆက်ကြသည်။


ထိုနေ့နံနက်တွင် ရှောင်ဝူယိမှာ အိပ်ရေးမဝသဖြင့် ဟမ်းစတားလေး အသွင်ဖြင့် နျဲ့ရှောင်၏ အိတ်ကပ်ထဲ၌သာ တိုးဝင်အိပ်နေပြီး အိတ်ကပ်အစွန်းအားလည်း လက်ကလေးများဖြင့် တွဲလောင်းခိုထားသေးသည်။ 


နင်ဖုန်းသည် မနာလိုမှုအပြည့်ဖြင့် ခေတ္တမျှကြာအောင် ကြည့်လိုက်သည်။ သူသည်လည်း အလွန်တရာ အိပ်ချင်နေပေသည်။


“ကြိုးတံတားက အရှေ့မှာဟေ့..”


သွမ့်ဝမ်ယွီသည် သူ၏လက်ထဲရှိ မြေပုံအား ငုံ့ကြည့်လိုက်ပြီးနောက် နှာရိုးပေါ်ရှိ မျက်မှန်ကို ပင့်တင်လိုက်သည်။ ထို့နောက် ခေါင်းမော့ကာ ပြောာသည်။


“ဒီတံတားကို ဖြတ်ပြီးရင် ငါတို့ မင်ချန်ကို ရောက်တော့မယ်.. ဒါပေမဲ့ ဝူချင်ဖုန်းနဲ့ သူ့အဖွဲ့က အခု ဘယ်မှာရောက်နေတယ်ဆိုတာ ငါတို့ မသိရသေးဘူး..”


မောင်းသူနေရာတွင် ရှိနေသည့် ရှဲ့ကျွင်းသည် စတီယာရင်ဘီးအားကိုင်ရင်း မျက်လုံးထောင့်ဖြင့် လမ်းဘေးကိုကြည့်ကာ ပြောသည်။


“သူတို့က အတော်လေးဝေးတဲ့ မြို့တော်ကနေ လာကြတာလေ.. ငါတို့ထက် နည်းနည်းတော့ နောက်ကျလောက်မယ်.. ဒါပေမဲ့လည်း တစ်ရက် နှစ်ရက် လောက်ပါပဲ.. သတ်မှတ်ထားတဲ့ အချိန်ထက်စောပြီးတော့ ရောက်နေမယ်ဆိုရင်တော့ ပင်လယ်ကို ဘယ်လိုဖြတ်ကြမလဲ စဉ်းစားလို့ရတာပေါ့..”


နျဲ့ရှောင် ကားနောက်ခန်းတွင် ထိုင်နေရင်းဖြင့် သွမ့်ဝမ်ယွီနှင့် အခြားသူများ ပြောနေသည်ကို နားထောင်လျက်ရှိသည်။


နျဲ့ရှောင် သူ၏ အိတ်ကပ်အတွင်းရှိ ဟမ်းစတားလေးအား ငုံ့ကြည့်လိုက်ပြီးနောက် အကြံပြုလာသည်။


“ငါတို့ အရှိန်နည်းနည်း မြှင့်လိုက်ရင် ပိုကောင်းမယ်လို့ထင်တယ်.. ဇွန်ဘီတွေက ညဘက် မှောင်လာတဲ့အချိန် ပိုပြီးတော့ မြန်မြန်လှုပ်ရှားနိုင်ကြတယ် ဆိုပေမဲ့လည်း ငါတို့ လမ်းပေါ်မှာ ခရီးဆက်လို့ ရနေသေးတယ်လေ..”


သူတို့၏ တိုက်ခိုက်စွမ်းရည်ကို ထည့်သွင်းစဉ်းစားမည်ဆိုလျှင် ညအမှောင်ထဲ မောင်းနှင်ရန်မှာ ပြဿနာတစ်ရပ် မဟုတ်ချေ။


ရှောင်ယန်သည်လည်း နျဲ့ရှောင်၏စကားကို ခေါင်းညိတ်ထောက်ခံလိုက်သည်။ သို့သော်လည်း အပြင်ဘက် လမ်းမသို့ လှည့်ကြည့်လိုက်မိသေးသည်။


“လမ်းတစ်လျှောက် အဆင့်မြင့်ဇွန်ဘီ နည်းနည်းလေးတောင် မတွေ့ခဲ့တာနဲ့တင် အရမ်းကံကောင်းနေပြီဆိုတာ ပြောနေဖို့တောင် မလိုတော့ဘူး..”


“တကယ် အဲလိုဖြစ်ပုံပဲ..”


နင်ဖုန်း ထိုအကြောင်းအား သေသေချာချာ စဉ်းစားကြည့်ပြီးနောက် အတော်လေး အံ့အားသင့်သွားမိသည်။


“အဲဒါက ကျွန်တော်တို့ အရှိန်တင်ပြီး မောင်းနေတာကြောင့်လည်း ဖြစ်နိုင်တယ်.. ကျွန်တော်တို့မှာ လူတွေအများကြီး မပါဘူးလေ.. ပြီးတော့ အကြမ်းဖျင်း ပြောရမယ်ဆိုရင် အဆင့်မြင့်ဇွန်ဘီတွေက မြို့လယ်မှာ ပေါ်လာနိုင်ခြေ ပိုများတယ်..”


“ဖြစ်နိုင်တယ်..”


ရှဲ့ကျွင်းက သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။


ပိုင်မေ့ သူတို့၏ ဆွေးနွေးပြောဆိုနေမှုများအား တိတ်တဆိတ် နားထောင်လျက်ရှိသည်။ ခပ်သာသာ ပြုံးလိုက်ပြီး သူ၏ အကျိုးဆောင်မှုနှင့် နာမည်ကောင်းတို့ကို နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်လိုက်သည်။


များမကြာမီတွင် နျဲ့ရှောင်၏ အိတ်ကပ်ထဲ၌ အချိန်ကြာမြင့်စွာ အိပ်စက်နေခဲ့သည့် ဟမ်းစတားလေး နိုးလာလေသည်။ နံနက်စာ စားဖို့ရန် နေရာလွတ်ထဲမှ စတော်ဘယ်ရီသီးကြီး တစ်လုံးအား ထုတ်ယူလိုက်ပြီး သူ၏ လက်ကလေးနှစ်ဖက်ဖြင့် ကိုင်ကာ ပျော်ရွှင်နေသည့် မျက်နှာလေးဖြင့် တမြုံ့မြုံ့ ဝါးနေလေသည်။


နင်ဖုန်း ဟမ်းစတားလေးအား ထိတ်လန့်တကြား ကြည့်လာသည်။


“မင်းဆီမှာ ဘာဖြစ်လို့ စတော်ဘယ်ရီ လတ်လတ်ဆတ်ဆတ်တွေ ရှိနေရသေးတာလဲ..”


နျဲ့ရှောင်က ချစ်စဖွယ် အသွင်အပြင်လေးနှင့် တမြုံ့မြုံ့ဝါးနေသည့် ဟမ်းစတားလေးအား ငုံ့ကြည့်လိုက်ပြီးနောက် ရုတ်တရက် ရယ်မောလိုက်မိသည်။


သူတို့ ရှာဖွေကယ်ဆယ်ရေး လုပ်စဉ်တွင် စခန်းအနီး၌ စတော်ဘယ်ရီစေ့အချို့ ရောနှောပါဝင်နေသည့် မျိုးစေ့များအား ရရှိခဲ့သည်။ စတော်ဘယ်ရီစေ့များအား နေရာလွတ်အတွင်း၌ စိုက်ပျိုးထားသည်မှာ ရက်ပေါင်းများစွာ ကြာမြင့်ပြီဖြစ်ကာ စတော်ဘယ်ရီ များများစားစား မရှိချေ။ သို့သော်လည်း ဤသည်ကပင် ကောင်ငယ်လေးအား အလွန်ပျော်ရွှင်နေစေသည်။


စတော်ဘယ်ရီစားသည့် အချိန်တိုင်းတွင် ရှောင်ဝူယိသည် သူ၏ ဆန်မုန့်လုံးလေး အသွင်သို့ ပြောင်းလဲလေ့ရှိသည်။ စတော်ဘယ်ရီများအား အချိန်ကြာမြင့်စွာ စားသောက်နိုင်ရန်အတွက် ပေါင်ပေါင်း ထိုသို့ ပြုလုပ်ရမည်ဟု ဆိုလေသည်။


ဟမ်းစတားလေးသည် နင်ဖုန်း၏ အငမ်းမရ ပုံစံအား မြင်သည့်အခါတွင် သူ၏ စတော်ဘယ်ရီလေးအား နှမြောတွန့်တိုစွာ ဆုပ်ကိုင်ထားလိုက်ပြီး နင်ဖုန်းအား အပြစ်ကင်းစင်စွာ ကြည့်လိုက်သည်။


“ချိ..!” ပေါင်ပေါင်းမှာ ဒီတစ်ခုလေးပဲ ရှိတော့တာရယ်..


ဤတစ်ကြိမ်တွင်မူ နင်ဖုန်းမှာ ဘာသာပြန်ပေးမည့် ကြားခံလူ မလိုအပ်တော့ဘဲ မယုံကြည်နိုင်မှု အပြည့်ဖြင့် ပြောလေသည်။


“မင်း လိမ်နေတာ.. အများကြီး ရှိနေဦးမှာ ငါသိတယ်..”


ဟမ်းစတားလေး၏ မျက်နှာသေးသေးလေးမှာ ချက်ချင်းပင် ပေါက်စီကဲ့သို့ ရှုံ့တွလာပြီး လူတိုင်းအား ကြည့်လိုက်သည်။ တစ်ကိုယ်တည်း စားသောက်ခြင်းမှာ ကောင်းမွန်သည့် အပြုအမူ မဟုတ်ကြောင်း သူသိသည်။ ထို့ကြောင့် နာကျင်စွာဖြင့် သူ၏ ပါးအိအိလေးများကို လက်ကလေးများဖြင့် တွန်းလိုက်ပြီးနောက် တစ်ဦးလျှင် စတော်ဘယ်ရီ နှစ်လုံးကျစီ ဝေငှပေးလိုက်သည်။


ကျန်းချိုးနှင့် သွမ့်ဝမ်ယွီက လက်ထဲရှိ စတော်ဘယ်ရီများအား တစ်လှည့်၊ ဝမ်းနည်းနာကျင်နေသည့် မျက်နှာလေးနှင့် ဆန်မုန့်လုံးလေးအား တစ်လှည့်ကြည့်ပြီးနောက် ရယ်မောလိုက်ကြသည်။


စတော်ဘယ်ရီများမှာ နှစ်ကိုက်မျှနှင့်ပင် ကုန်သွားကြသဖြင့် ဟမ်းစတားလေးမှာ ထိတ်လန့်ကာ သူ၏ ရင်ဘတ်အား လက်သီးဆုပ်ဖြင့် ထုနေလေသည်။

 ‘မင်းတို့က အစားအစာကို သိုလှောင်ဖို့ လုံးဝကို မသိကြတာပဲ..’


ထိုအပြုအမူလေးမှာ အလွန်အမင်း ချစ်စဖွယ်ပင်။


စတော်ဘယ်ရီ နှစ်လုံးမှာ နင်ဖုန်းအတွက် အာမထိလှချေ။ ဝမ်းနည်းစွာဖြင့် သက်ပြင်းချလိုက်သည်။


“ငါလည်း ကိုယ်ကို ကျုံ့နိုင်ရင် အရမ်းကောင်းမှာပဲ.. အဲဒီလိုဆို စတော်ဘယ်ရီ တစ်လုံးကို အကြိမ်တစ်ရာလောက် စားလို့ရမှာ.. ဒီခေတ်ကြီးမှာ စားစရာကို နေ့ဖို့ညစာ ချန်ထားသင့်တယ်.. လိုအပ်တာတွေကို ထောက်ပံ့ပေးနေရတဲ့ သူတွေဆိုရင် ပိုဆိုးတာပေါ့..”


ထိုစကားအား ကြားသည့်အခါ လူတိုင်းသည် လိုအပ်သည်များအား ထောက်ပံ့ပေးသလို သူတို့ တစ်ဖွဲ့လုံးအား ကျွေးမွေးထားနိုင်သည့် ဟမ်းစတားလေးအား ကြည့်မိလိုက်ကြသည်။


လူတိုင်း၏ အကြည့်အား သတိပြုမိသဖြင့် ဟမ်းစတားလေးသည် စိတ်ပျက်စွာ သက်ပြင်းရှိုက်လိုက်သည်။ 


ဒီပေါင်ပေါင်းအတွက် ခက်ခဲလိုက်တာနော်..


သူ၏ လက်ဖဝါးပေါ်တွင် သက်ပြင်းချနေသည့် ဆန်မုန့်လုံးလေးအားကြည့်ကာ နျဲ့ရှောင် ပြုံးလိုက်ပြီးနောက် ကောင်ငယ်လေး သက်သောင့်သက်သာ ရှိစေရန် ခပ်ဖွဖွ ပွတ်သပ်ပေးနေမိသည်။


များမကြာမီတွင် သူတို့အဖွဲ့သည် ကြိုးတံတားသို့ ရောက်လာကြသည်။ သို့သော်လည်း တံတားရှေ့တွင် ဇွန်ဘီများ သိပ်သည်းစွာ ရှိနေလေသည်။ အစောပိုင်းတွင် ကံကောင်းသည်ဟု ဆိုမိခဲ့ကြသဖြင့် ဤမျှလောက် များပြားသည့် ဇွန်ဘီများအား တစ်နေရာတည်းတွင် တွေ့ရခြင်း ဖြစ်ပေမည်။


ကံကောင်းထောက်မစွာဖြင့် ဇွန်ဘီအမြုတေများအား ဆက်မပြတ် စုပ်ယူနေမှုကြောင့် လူတိုင်း၏ စွမ်းရည်များမှာ ပိုမိုကာ သန်မာလာကြသည်။ ထို့ကြောင့် ဤပြဿနာမှာ ဖြေရှင်းဖို့ရန် အခက်ကြီး မဟုတ်လှချေ။ သူတို့အား အချိန်အနည်းငယ် နှေးဖင့်သွားစေရုံမျှသာ ဖြစ်သည်။


ပိုင်မေ့ သူ၏စွမ်းအားကို ဖော်ထုတ်ရန် ပျင်းရိမနေဘဲ နေရာလွတ်ထဲရှိ ကျောက်တုံးကြီးများအား အသုံးပြုကာ ဇွန်ဘီများအား အပေါ် ဖိကြိတ်လိုက်သည်။ တစ်ဆက်တည်းမှာပင် ဇွန်ဘီများ ယူဆောင်လာသည့် စွမ်းရည်အမြုတေများအား တည်တည်ငြိမ်ငြိမ် စုဆောင်းနေလေသည်။


နျဲ့ရှောင်၏ ပုခုံးပေါ်ရှိ ဟမ်းစတားလေးသည်လည်း ပိုင်မေ့ကဲ့သို့ပင် “ကောင်းကင်ဘုံမှ ကျဆင်းလာသည့် အပြစ်ပေးမှု” အား အသုံးပြုရင်း တံတားအား ကျောက်တုံးကြီးများဖြင့် တဒုန်းဒုန်းမြည်အောင် ထုနေသည်။


တံတားအခင်းမှ တုန်ခါမှုကို ခံစားမိပြီးနောက် ပိုင်မေ့နှင့် ဟမ်းစတားလေးတို့၏ ကြမ်းကြမ်းတမ်းတမ်း ပြုမူနေမှုအား မြင်သည့်အခါ သွမ့်ဝမ်ယွီမှာ တံတား၏ ကြံ့ခိုင်မှုအတွက် အနည်းငယ် စိုးရိမ်လာမိသဖြင့် ထိုနှစ်ဦးအား အော်ပြောလိုက်သည်။


“မင်းတို့တွေ ခဏလောက် နားလိုက်ကြပါဦး.. ဒီလို ဆက်လုပ်နေရင် တံတားက ပြိုကျသွားနိုင်တယ်..”


ပိုင်မေ့နှင့် ဟမ်းစတားလေးမာ ချက်ချင်းပင် ရှက်ရွံ့သွားမိသည်။


မည်သို့ပင်ဖြစ်စေ ပိုင်မေ့သည် စွမ်းရည်အမြုတေများအား သူ၏ နေရာလွတ်ထဲ၌ အောင်မြင်စွာ သိမ်းဆည်းထားပြီး ဖြစ်သည်။ ထို့ကြောင့် တိုက်ခိုက်ခြင်းမှ ရပ်နားလိုက်လျှင်ပင် အကြောင်းကိစ္စ မဟုတ်ချေ။ တစ်ခုတည်းသော အံ့အားသင့်ဖွယ်ရာသည် ဇွန်ဘီများမှာ အဆုံးမရှိပုံပင်။ တံတား၏ အနီးဝန်းကျင် ဒေသမှ မရပ်မနား စီးဆင်းလာပုံရသည်။


ထိုအခြင်းအရာနှင့် စပ်လျဉ်း၍ ပိုင်မေ့ မျက်မှောင်ကြုတ်လိုက်မိသည်။ ထိုဇွန်ဘီများမှာ သူခေါ်ထားခြင်း မဟုတ်သည့်အပြင် သူတို့အား မောင်းထုတ်ရန်ပင် ကြိုးစားနေခဲ့ခြင်း ဖြစ်သည်။


“ဘယ်လိုဖြစ်တာလဲ.. ဘယ်လိုလုပ်ပြီးတော့ ဒီနေ့ကျမှ ဒီတံတားမှာ စောက်ဇွန်ဘီတွေ လာစုနေရတာလဲ..”


ကျန်းချိုး ဆဲရေးလိုက်သည်။ အဆင့်နိမ့်ဇွန်ဘီများသာ ဖြစ်သော်လည်း စိတ်ရှုပ်ဖွယ် ကောင်းလှသလို အလွန်အမင်း ပြွတ်သိပ်နေသဖြင့် အချိန်လည်းကုန်ပေမည်။


အထူးသဖြင့် ယင်းတို့၏ ဆီချေးနံ့နှင့် သွေးနံ့များမှာ နှာခေါင်းဝသို့ ပြင်းပြင်းထန်ထန် လာ‌ရောက်ရိုက်ခတ်သဖြင့် အသက်ရှူကြပ်လာကြသည်။ 


နျဲ့ရှောင်သည်လည်း မျက်မှောင်ကြုတ်သွားမိသည်။ တံတားအောက်ရှိ ကြည်လင်နေသည့် ရေမျက်နှာပြင်အား ကြည့်လိုက်သည်။


“ဒီရေထဲမှာ တစ်ခုခု ရှိနေတာများလား..”


ထိုသို့ပြောပြီးနောက် နင်ဖုန်း၏ စိုးရိမ်တကြီး အော်ဟစ်သံအား ကြားလိုက်ရသည်။


“စောက်ကျိုးနည်းဟေ့.. အဲဒီ ဇွန်ဘီတွေက မြစ်ထဲကို ခုန်ဆင်းနေကြပြီ.. ဒါက ရေအရင်းအမြစ်ကို စောက်ရမ်း ညစ်ညမ်းသွားစေတာ မဟုတ်ဘူးလား.. အေပေးလေးတွေရေ ဒါ ငါတို့ရဲ့ ယန်ဇီမြစ်ကွ.. ဂါးးးး”


ယခုအခါ မြစ်များ၊ ချောင်းများရှိ ရေများအား အရမ်းကာရော မသောက်ရဲကြသော်လည်း ဤကဲ့သို့သော မြင်ကွင်းမျိုးအား တွေ့မြင်ရခြင်းမှာ အလွန်ဝမ်းနည်းဖွယ်ရာပင်။


အချိန်တစ်ခု ကြာသည့်တိုင်အောင် လူတိုင်း၏ အမူအရာမှာ အကျည်းတန်နေဆဲ ဖြစ်သည်။


ဟမ်းစတားလေးသည် တုံ့ဆိုင်းခြင်း မရှိဘဲနှင့် ကျစ်ဟွေ့ကွမ်ပေါ်သို့ ခုန်တက်သွားလိုက်ပြီးနောက် သူ၏ လက်ကလေးများဖြင့် ကျစ်ဟွေ့ကွမ်၏ အမွေးများအား ဆုပ်ကိုင်လိုက်သည်။ ထို့နောက် မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို ကြည့်ရှုရန်အတွက် ပျံသန်းရန် အသင့်ဖြစ်နေလေသည်။


“ကျစ်ဟွေ့ကွမ်‌ရေ.. သွားကြည့်ကြမယ်ဟေ့..”


သို့သော်လည်း ကျယ်ပြောလှသည့် ယန်ဇီမြစ်ထဲတွင် ရေစီးကြောင်းများ မြန်ဆန်ကာ လှိုင်းထန်နေသဖြင့် ရေအောက်သို့ ရှင်းရှင်းလင်းလင်း မမြင်နိုင်ချေ။ ရေထဲသို့ ခုန်ဆင်းသွားကြသည့် ဇွန်ဘီများမှာလည်း ရေစီးနှင့်အတူ မျောပါသွားကြသဖြင့် သူတို့ပစ်မှတ်၏ ဦးတည်ရာကို မဆုံးဖြတ်နိုင်ဘဲ ရှိနေကြသည်။


သွမ့်ဝမ်ယွီသည် တံတားပေါ်တွင် မတ်တတ်ရပ်လျက်နှင့် သူ၏ ခန္ဓာကိုယ်အား စွမ်းရည်အဖြစ်သို့ ပြောင်းလဲလိုက်ပြီးနောက် တံတားလက်ရန်းပေါ်မှ ကျွမ်းထိုးချလိုက်သည်။ တံတားပေါ်မှ ခုန်ဆင်းပြီးနောက် ရေပြင်ပေါ်တွင် မတ်တတ်ရပ်လိုက်သည်။


သွမ့်ဝမ်ယွီ ရေမျက်နှာပြင်နှင့် ထိတွေ့မိသည့်အခါ ရေထဲရှိ ပြောင်းလဲမှုများအား အာရုံခံမိလိုက်သည်။ ရုတ်တရက်ပင် မျက်နှာအမူအရာ ပြောင်းလဲသွားပြီးနောက် ခပ်ဖွဖွ ခြေဆောင့်လိုက်သည်။ သူ၏ ခြေထောက်အောက်ရှိ ရေပြင်ပေါ်တွင် ဇွန်ဘီအဖြစ် ပြောင်းလဲသွားသည့်ငါးများ တစ်ကောင်ပြီးတစ်ကောင် ထွက်ပေါ်လာလေသည်။


ဇွန်ဘီငါးများသည် အပေါ်အောက် နှုတ်ခမ်းတစ်စုံအား ဖွင့်ချည်ပိတ်ချည် ပြုလုပ်ကာ ပါးစပ်နှင့်အပြည့် ကြောက်မက်ဖွယ် သွားစွယ်များအား ထုတ်ဖော်ပြသနေသည်။


ထိုမြင်ကွင်းကြောင့် တံတားပေါ်တွင် ရပ်နေဆဲဖြစ်သည့် နျဲ့ရှောင်တို့ ထိတ်လန့်တုန်လှုပ်သွားကြသည်။ သူတို့၏ အမူအရာမှာလည်း မြင်မကောင်းလောက်အောင် အပျက်ပျက်အယွင်းယွင်းဖြစ်ကာ တည်ကြည်လေးနက်လာကြသည်။


“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ.. ဘာဖြစ်လို့ တိရစ္ဆာန်တွေက သန္ဓေပြောင်းသွားကြတာလဲ.. အဲဒီလိုဆိုရင် သမုဒ္ဒရာကြီးက အခု ဘယ်လိုဖြစ်သွားမှာလြ..”


နင်ဖုန်းမှာ အလွန်ကြောက်ရွံ့နေသည်။ ကမ္ဘာပျက်ကပ် ဆိုက်ရောက်ပြီး ရက်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ယခုထိတိုင် ဇွန်ဘီအဖြစ် ပြောင်းလဲသွားသည့် တိရစ္ဆာန် တစ်ကောင်တစ်လေကိုမျှ မတွေ့ခဲ့ဖူးချေ။ ဇွန်ဘီပိုးသည် လူသားများကိုသာ ကူးစက်နိုင်စွမ်း ရှိသည်ဟု သူတို့ ထင်ထားခဲ့ကြခြင်း ဖြစ်သည်။


သို့သော်လည်း လက်ရှိဖြစ်ပေါ်နေသည့် မြင်ကွင်းမှာ သူတို့၏ မျက်နှာအား ဖြတ်ရိုက်လိုက်သကဲ့သလို့ပင်။


ပိုင်မေ့၏ မျက်နာမှာလည်း အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားသည်။ အခြားသူများမှာ မသေချာသော်လည်း ဤတိရစ္ဆာန်ဇွန်ဘီများ ပေါ်ထွက်လာချိန်ကို အခြားသူများထက် သူ ပိုသိသည်။


လွန်ခဲ့သည့် အခိုက်အတံ့ကပင် ရေထဲ၌ ထိုဇွန်ဘီငါးများ ရှိနေသည်ကို သူ သတိမထားမိချေ။ သို့သော်လည်း ယခုအခါတွင် မိုင်ပေါင်းများစွာအတွင်း ပြွတ်သိပ်အုံခဲနေသည့် ဇွန်ဘီငါးများကို ခံစားမိသည်။ 


ပိုင်မေ့ ကောင်းကင်သို့ မော့ကြည့်လိုက်မိသည်။ ထို့နောက် သူ၏မျက်လုံးထဲရှိ စိတ်ပျက်နေမှုအား ဖိနှိပ်လိုက်သည်။ ဤအရာအားလုံးကို စိတ်ကြိုက်ခြယ်လှယ်နိုင်စွမ်းရှိသူမှာ ထိုပုဂ္ဂိုလ်သာလျှင် ရှိသည်။


ကျစ်ဟွေ့ကွမ်၏ နောက်ကျော‌ပေါ်ရှိ ဟမ်းစတားလေးမှာ ရေပေါ်ရှိ သွမ့်ဝမ်ယွီအား ဆွဲတင်လိုက်သည်။


သို့သော်လည်း သွမ့်ဝမ်ယွီသည် ကျစ်ဟွေ့ကွမ်၏ ကျောပေါ်သို့ ချက်ချင်းတက်လာခြင်း မရှိဘဲ မြစ်ပြင်ကိုသာ ကြည့်ရင်း ပြောလသည်။


“ဒီရေထဲမှာ တစ်ခုခု ရှိနေတယ်.. ဇွန်ဘီငါးတွေက မြစ်ကြမ်းပြင်ကို ဦးတည်ပြီး သွားနေကြတယ်.. ရေထဲကို ခုန်ဆင်းသွားကြတဲ့ ဇွန်ဘီတွေကလည်း အဲဒီကို သွားကြတာ ဖြစ်နိုင်တယ်..”


ထိုသို့ပြောရင်း သွမ့်ဝမ်ယွီသည် မြစ်ရေအား ခြယ်လှယ်လိုက်သည်။ ရေမျက်နှာပြင်မှ ကြီးမားသည့် ရေပွေတစ်ခု မြင့်တက်လာပြီး လေးလံသည့် အနက်ရောင် သတ္တုသေတ္တာတစ်ခု ထွက်ပေါ်လာလေသည်။ ရေအောက်ခြေတွင် အသင်္ချေအနန္တရှိနေသည့် ဇွန်ဘီငါးများမှာ ရေထဲမှ အသည်းအသန် ခုန်ပေါက်လာကြပြီး ရေပွေစီးကြောင်းအတိုင်း လိုက်ပါကူးခပ်ချင်နေပုံရသည်။


လူတိုင်းသည် ကြီးမားလှသည့် အနက်ရောင်သေတ္တာကြီးအား ကြည့်ကာ ရုတ်တရက် မှင်တက်နေမိသည်။ ဟမ်းစတားလေးသည် နေရာလွတ်ထဲရှိ ငါးဖမ်းပိုက်များအား တွေးမိလိုက်သဖြင့် ချက်ချင်းပင် ထုတ်ယူသုံးစွဲလိုက်သည်။


ထို့နောက်တွင် သွမ့်ဝမ်ယွီသည် ငါးဖမ်းပိုက်အား ဆွဲကာ ဟမ်းစတားလေးနှင့်အတူ တံတားရှိရာသို့ ပြန်လာလိုက်သည်။ အနက်ရောင်သေတ္တာမှာ သူတို့ထင်ထားသည်ထက် ပိုမိုလေးလံလှသည်။


တံတားပေါ်မှ ခုန်ဆင်းသွားကြသည့် ဇွန်ဘီများသည်လည်း ယခုအခါတွင် အနက်ရောင်သေတ္တာထံသို့ အဆက်မပြတ် ပြေးဝင်လာကြသည်။


နျဲ့ရှောင်၏အဖွဲ့သည် ဤအခြေအနေအား စွမ်းအားအပြည့်ဖြင့် ရင်ဆိုင်လေသည်။ လမ်းတစ်လျှောက် ဇွန်ဘီများအား သတ်ဖြတ်ကာ တံတားအား ဖြတ်သန်းရန် လမ်းဖောက်ပြီးနောက် အနက်ရောင်သေတ္တာအား ယူဆောင်ကာ ကားမောင်းထွက်ပြေးသွားကြသည်။


ဤတစ်ကြိမ်တွင် ပိုင်မေ့သည်လည်း ဇွန်ဘီဘုရင်တစ်ကောင်၏ အာဏာကို အပြည့်အဝ ထုတ်ဖော်ကာ သူတို့နောက်သို့ လိုက်ပါလာကြသည့် ဇွန်ဘီများအား ရပ်တံ့လိုက်သည်။


ပိုင်မေ့ အနက်ရောင်သေတ္တာအား စူးစမ်းမှုနှင့် သံသယအပြည့်ဖြင့် ကြည့်လိုက်သည်။ ဤအနက်ရောင်သေတ္တာ၏ ညှို့ဓာတ်သည် အဆင့်နိမ့်ဇွန်ဘီများအပေါ်၌ ဇွန်ဘီဘုရင်တစ်ကောင်၏ ဖိနှိပ်နိုင်စွမ်းကိုပင် ကျော်လွန်လုနီးနီး ဖြစ်သည်။


ကျစ်ဟွေ့ကွမ် အနက်ရောင်သေတ္တာထံသို့ တိုးကပ်သွားပြီး အနံ့ခံကြည့်လိုက်သည်။ ထိုထဲတွင် ကြောင်ကြီးတစ်ကောင်အား ဆာလောင်လာစေနိုင်သော ရင်းနှီးသည့် အနံ့တစ်ခု ရှိနေသည်။ 


သိပ်သည်းလှသည့် ဇွန်ဘီအုပ်အား ကျော်လွန်ဖြတ်သန်းနိုင်သည့်အထိ အရှိန်မြှင့် မောင်းနှင်လိုက်ကြသည်။ ထို့နောက်တွင် သူတို့၏ အာရုံမှာ ချိပ်ပိတ်ထားဟန်မရှိသည့် အနက်ရောင် သတ္တုသေတ္တာထံသို့ ရောက်ရှိသွားကြသည်။


နင်ဖုန်း တံတွေးမျိုချလိုက်သည်။


“ဒီထဲမှာ ထိပ်တန်းအဆင့် ဇီဝလက်နက်တို့ဘာတို့ မပါလောက်ပါဘူးနော်.. ဒီသေတ္တာကို ဖွင့်လိုက်ရင် ကျွန်တော်တို့က ချက်ချင်း တိုက်ခိုက်ခံရပြီး ဇွန်ဘီတွေ ဖြစ်သွားကြမှာလား..”


ကျန်းချိုးက သတ္တုသေတ္တာပေါ်သို့ လက်တင်လိုက်ပြီး ရုတ်တရက် တောင့်တင်းသွားလေသည်။သူ အခြားသူများအား လှည့်ကြည့်လိုက်သည်။


“ငါတို့ ဒီဟာကို ဖွင့်မှာလား မဖွင့်ဘူးလား..”


လူတိုင်း တုံ့ဆိုင်းနေကြသည်။ ထို့နောက်တွင် သေတ္တာဆီမှ အသံတစ်ချို့ ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။ ကျန်းချိုး ထိတ်လန့်သွားသဖြင့် ချက်ချင်းပင် ခြေနှစ်လှမ်းခန့် နောက်ဆုတ်လိုက်သည်။


လူတိုင်း တစ်ဦးနှင့်တစ်ဦး ကြည့်လိုက်ကြသည်။


ဤတစ်ကြိမ်တွင် ရှောင်ယန်သည် အသက်ရှင်သန်မှုနှင့် ပတ်သက်သည့် ကိစ္စရပ်အား ထုတ်ပြောလာသည်။ သူမ မပြောမီ တံတွေးမျိုချလိုက်သည်။


“အဲဒါက.. ဘာလဲဆိုတော့.... ရေထဲမှာနေတဲ့ လူတွေက အသက်ရှင်နိုင်လား.. ပြီးတော့ စကားပြောနိုင်လား..”


နင်ဖုန်း ကြောက်ရွံ့စွာဖြင့် သူ၏မျက်နှာအား လက်ဖြင့်အုပ်လိုက်သည်။


“ရေသရဲ ဖြစ်နိုင်တာလား..”


ထိုစကားအား ကြားသည့်အခါ ဟမ်းစတားလေးသည် ကြောက်ရွံ့စွာဖြင့် နျဲ့ရှောင်၏ အိတ်ကပ်အတွင်းသို့ ခုန်ဆင်းကာ သူ၏ ခန္ဓာကိုယ်သေးသေးလေးဖြင့် ပုန်းနေလေသည်။


နျဲ့ရှောင်သည် အနက်ရောင်သေတ္တာအားကြည့်ရင်း မျက်ခုံးများ တွန့်ကွေးလာသည်။


“ဒါက သွမ့်ဝမ်ယွီလိုမျိုး ရေစွမ်းရည်ပိုင်ရှင်တစ်ယောက် ဖြစ်နိုင်တယ်.. ဘယ်လိုပဲဖြစ်ဖြစ်ပါ သေတ္တာကို အရင်ဖွင့်လိုက်.. ဘာလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ဇွန်ဘီတော့ မဟုတ်ဘူး..”


ကျန်းချိုးသည် နျဲ့ရှောင်၏ စကားအား နားထောင်ပြီးနောက် ထပ်မံတုံ့ဆိုင်းမနေတော့ချေ။ ပန်ဒိုရာသေတ္တာ ဟုတ်သည်ဖြစ်စေ၊ မဟုတ်ဘူးဖြစ်စေ ဦးစွာဖွင့်ပြီးမှ ဆုံးဖြတ်ရပေမည်။


ကျန်းချိုးသည် သတ္တုသေတ္တာပေါ်သို့ လက်တင်လိုက်သည်။ ဤသတ္တုအမျိုးအစားအား ယခင်က မတွေ့ခဲ့ဖူးချေ။ အလွန်မာကြောသဖြင့် အက်ကွဲကြောင်းပေါ်ရန် အချိန်အတော်ကြာ ယူလိုက်ရသည်။ 


သေတ္တာအတွင်းမှ ထွက်လာသည့် အသံမှာလည်း ပိုမိုရှင်းလင်းလာသည်။ တစ်ချိန်တည်းမှာပင် သင်းပျံ့ပျံ့ မွှေးရနံ့သည် အက်ကွဲကြောင်းမှတဆင့် လူတိုင်း၏ နှာခေါင်းဝသို့ ရောက်ရှိလာသည်။


——မကြုံစဖူး အနံ့ထူးလေး..


ထိုလတ်ဆတ်မွှေးပျံ့သည့်ရနံ့ ထွက်ပေါ်လာသည်နှင့် ပိုင်မေ့သည်ပင်လျှင် စိတ်အနှောင့်အယှက် ဖြစ်လာမိသည်။


နျဲ့ရှောင် စိတ်လှုပ်ရှားလာမိသည်။ သေတ္တာကို အကြည့်မလွှဲဘဲ စိုက်ကြည့်နေမိပြီး သူ၏လက်ထဲရှိ လျှပ်စီးနှင့် လေဓားသွားတို့မှာ လေတိုးသံနှင့် ပေါက်ကွဲသံများ ထွက်ပေါ်လျက်ရှိသည်။


ဟမ်းစတားလေးသည်လည်း အိတ်ကပ်အတွင်းမှ ခေါင်းပြူကြည့်လာသည်။ သူ၏ လက်ကလေးများအား အမှီပြုကာ ရှေ့သို့တိုးကြည့်လိုက်ပြီးနောက် နှာခေါင်းလေးရှုံ့ကာဖြင့် အလွန်ရင်းနှီးနေပုံရသည့် ရနံ့အား အနံ့ခံလိုက်သည်။


ကျစ်ဟွေ့ကွမ်အတွက်မူ ရင်းနှီးကျွမ်းဝင်မှုအား ပိုမိုခံစားမိလာသလို သူ၏ စိတ်ဝိညာဉ်ထဲမှ ဆာလောင်မှုကိုပါ ခံစားမိလာသည်။


ကျန်းချိုးသည်လည်း တံတွေးမျိုချလိုက်ပြီးနောက် သေတ္တာအဖုံးအား ဂရုတစိုက်ဖြင့် တဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။


ထို့နောက် သေတ္တာထဲ၌ အစက်အပြောက် ကင်းစင်ပြီး တလက်လက်တောက်ပနေသည့် အဖြူရောင်ပုလဲလုံးများ အပြည့်ဖြစ်နေသည်ကို မြင်တွေ့လိုက်ရလေသည်။


လူတိုင်း : “.....”


ထို့နောက်တွင် ပုလဲများအောက်မှ အလွန်ချိုသာပြီး လူတစ်ယောက်အား ပြုစားနိုင်လောက်အောင် သာယာသည့် အသံတစ်ခု ထွက်ပေါ်လာသည်။ တစ်ဆက်တည်းမှာပင် ပုလဲများအကြားမှ ဖြူဖွေးချောမွတ်သည့် လက်တစ်ဖက် ဆန့်ထွက်လာပြီး သေတ္တာနှင့် အနီးဆုံးတွင် ရှိနေသည့် ကျန်းချိုးအား ရုတ်တရက် ဆောင့်ဆွဲလိုက်သည်။


ထိုအရာသည် ကျန်းချိုး၏ အင်္ကျီကော်လံအား ဆွဲကာ သေတ္တာအောက်ခြေသို့ ဆွဲခေါ်ရန် ကြိုးစားလေသည်။


နောက်ထပ် ထွက်ပေါ်လာသည့် စကားလုံးများမှာမူ ညစ်ညမ်းလွန်းလှသည်။


“မားသားဖားသား.. လောင်ဇီဆီကို ရေမြန်မြန် ယူလာပေးစမ်း.. ဒါမှမဟုတ် လောင်ဇီကို တ-က်လုပ်လိုက်စမ်းပါဟ..”


“......”



🐹🐹🐹🐹🐹