အပိုင်း ၄၅
Viewers 8k


🐹 အခန်း ၄၅

 ဝူယိလေးက မင်းသားလေး 

 



နျဲ့ရှောင်၏ စိတ်သဘောထားမှာ အလွန်မြန်ဆန်စွာ ပြောင်းလဲသွားလိမ့်မည်ဟု ကျန်းချိုးနှင့် အခြားသူများ မတွေးခဲ့မိကြချေ။ သူတို့သည် ဤတိုက်ပွဲအား အနည်းဆုံး တစ်ပတ်ခန့် မြင်တွေ့ရလိမ့်မည်ဟု တွေးထားမိကြသော်လည်း နျဲ့ရှောင်သည် မျက်စိတစ်မှိတ်အတွင်းမှာပင် သူ့ကိုယ်သူ ဟမ်းစတားလေးထံ ရောင်းချလိုက်လိမ့်မည်ဟု မျှော်လင့်မထားမိကြပေ။


“မသေခင်အထိ ခုခံသွားမည်” ဟူသည့် အသွင်သဏ္ဌာန်နှင့် အစပိုင်းတွင် အင်တင်တင် ဖြစ်နေခဲ့သည်မှာ သိသိသာသာ မဟုတ်ပါလား။


သူတို့၏ မျက်နှာချင်းဆိုင်ရှိ ပြောင်းလဲလွယ်သူအားကြည့်ကာ လူတိုင်း အမူအရာမဲ့စွာဖြင့် ရှိနေကြသော်လည်း စိတ်ထဲတွင် တိတ်တဆိတ် လှောင်ရယ်နေကြသည်။


ဟာ့.. ယောက်ျားတွေများ..


နျဲ့ရှောင်သည်လည်း အဖွဲ့သားများ၏ သူ့အပေါ် အကြည့်များကို သတိပြုမိသည်။ သူ၏ ပေါင်ပေါင်းအား ပွေ့ဖက်ကာ ရှက်ကိုးရှက်ကန်းဖြင့် နှာခေါင်းအား ထိလိုက်သည်။


သူ့ ပေါင်ပေါင်း၏ စနောက်မှုအပေါ် အနည်းငယ် အသားမကျသေးရုံသာ ဖြစ်သည်။ သူ၏ အမှတ်လက္ခဏာမှာ ပြောင်းလဲသွားပြီး ရုတ်တရက် ချစ်သူတစ်ဦးဖြစ်လာတော့မည်ဟု ပြောဆိုရန်မှာ သူ၏ စိတ်ထဲရှိ “ဖခင်အိုကြီး” ဟူသည့် အစိုင်အခဲကို အနည်းငယ် မကျော်လွှားနိုင်သေးရုံပင်။ ဤမျှသာ။


... သူ သဘောမကျဟု တစ်ခါလေးမျှပင် မပြောခဲ့မိချေ။


နျဲ့ရှောင်သည် သူ၏ လက်မောင်းထဲရှိ ကောင်ငယ်လေးအား ကြည့်လိုက်သည်။ သူ၏အကြည့်များမှာ ကြင်နာမှုနှင့် အလိုလိုက်လိုမှုအပြည့်ပင်။ သူ့နှလုံးသားထဲရှိ အထုံးကို ဖြည်နိုင်သွားသည်နှင့် သူ့ ပေါင်ပေါင်း၏ အစားခံရန်မှာ မဆိုးလှပေ။


လူတိုင်းသည် နျဲ့ရှောင်၏ မျက်နှာပေါ်ရှိ အလွန်တောက်ပပြီး ထိန်းမနိုင်သိမ်းမရသည့် အပြုံးကြီးကိုကြည့်ရင်း နောက်တစ်ဖန် မျက်စိကန်းသွားတော့မတတ်ပင်။


ကျန်းချိုးမှာ သူ၏ ဂေါ်ဖီထုပ်အား ဝက်တူးသွားခံရသကဲ့သို့ သူ၏ လက်အချင်းချင်း လိမ်နေမိသည်။


“နျဲ့ရှောင် မကောင်းတဲ့လူယုတ်မာကောင်.. မင်းက သေချာပေါက်ကို အစောကတည်းက မင်းရဲ့ ‌ပေါင်ပေါင်းကို အကွက်ချကြံစည်လာတာပဲ ဖြစ်ရမယ်.. ဒါတောင်မှ သူတော်ကောင်းယောင် ဆောင်နေသေးတယ်.. မင်းက မင်းရဲ့ပေါင်ပေါင်းကို ခေါင်းမာမာနဲ့ ကစားပြီး ငိုအောင်တောင် လုပ်လိုက်တယ်.. ပြီးတော့မှ သူဝမ်းနည်းနေတာကိုလည်းမြင်ရော ကတိပေးလိုက်တယ်ပေါ့လေ..”


“မင်းက အရမ်းကို အကွက်စေ့ပြီး ယုတ်မာလွန်းတယ်.. အရှက်မရှိတဲ့ကောင်..”


နျဲ့ရှောင် : “…” ငါမဟုတ်ဘူး.. မလုပ်ဘူး..


သူငြင်းဆန်ချင်သော်လည်း လွန်ခဲ့သည့် အခိုက်အတံ့အား အမှတ်ရလိုက်သည့်အခါတွင်မူ သဘောတူ လက်ခံလိုက်တော့သည်။


သို့သော်လည်း ကျန်းချိုး၏စကားကို ကြားလိုက်ရသူများမှာ ထိုအရာများသည် အစစ်အမှန် အချက်အလက်များဟု ခံစားမိကြသဖြင့် နျဲ့ရှောင်အား စိစစ်မှုနှင့် မေးခွန်းထုတ်နေမှုအပြည့် ပါဝင်သည့် မျက်လုံးများဖြင့် ကြည့်လာကြသည်။


နျဲ့ရှောင်မှာ ကူကယ်ရာမဲ့စွာဖြင့် ပါးစပ်ဟလိုက်သော်လည်း ပါးစပ်တစ်ရာ ရှိနေလျှင်မည် မည်သည့်အငြင်းစကားမျှ မဆိုနိုင်ချေ။


ရှောင်ဝူယိမှာမူ ထိုအကြောင်းအား များများစားစား ဂရုစိုက်ခြင်း မရှိပေ။ လက်ရှိအချိန်တွင် အပျော်ဆုံးမှာ သူသာဖြစ်ပြီး နျဲ့ရှောင်၏ လက်မောင်းအား ကပ်တွယ်ဖက်တွယ်လို့နေသည်။


ယခုမှစကာ နေ့နေ့ညည ဒယ်ဒီနှင့်အတူ လွတ်လွတ်လပ်လပ်၊ ယုံကြည်မှုရှိရှိဖြင့် ပွေ့ဖက်နမ်းရှုံ့ ပင့်မြှောက်ခြင်း ပြုလုပ်နိုင်တော့မည်။ 


တူတူလည်း အိပ်ကြမှာပါ.. လာလာလာ..


“ဘာပဲဖြစ်ဖြစ် ဒယ်ဒီက ပေါင်ပေါင်းကို ကတိပေးပြီးပြီနော်.. ပေါင်ပေါင်း အရမ်းပျော်တာပဲ..”


ရှောင်ဝူယိသည် နျဲ့ရှောင်၏ ရင်ဘတ်ကို ခေါင်းဖြင့်ပွတ်သပ်နေရင်း ပျော်ရွှင်မှုကြောင့် မျက်လုံးလေးများလည်း မှေးကျဉ်းနေလေသည်။


ထိုမြင်ကွင်းအား မြင်နေရသူများမှာ ရုတ်တရက် ပြောစရာစကား မဲ့သွားကြသည်။ 


ဟုတ်ပါပြီ.. အခုလိုမျိုး စောစောစီးစီး အတူတူ ရှိသွားကြတော့လည်း ကောင်းပါတယ်.. ချစ်စရာလေး ပျော်နေရင် ပြီးတာပဲပေ့ါ..


ထိုသို့ဖြင့် အပြစ်ကင်းကာ နူးနူးညံ့ညံ့ ချစ်စဖွယ်မျက်နှာလေးအား ကြည့်ရင်း ကျန်းချိုး ရုတ်တရက်ဆိုသလို အနည်းငယ် ပျော်ရွှင်လာမိသည်။


ထိုဖြူစင်သည့် အသွင်အပြင်လေးမှာ “ချစ်သူတွေ ဖြစ်လာပြီးနောက် ဖြည့်စည်းပေးရမည့် တာဝန်ဝတ္တရားများကို သိရှိနားလည်ခြင်း မရှိပုံ” ရလေသည်။


နျဲ့ရှောင် နောက်တစ်ဖန် လောင်ကျွမ်းရပေဦးမည်။


တစ်ခြားတစ်ဘက်တွင်မူ သွမ့်ဝမ်ယွီနှင့် ရှောင်ယန်တို့သည် သူတို့၏ တိုးတက်မှု နှေးကွေးသည့် ဆက်ဆံရေးများအကြောင်း စတင်စဉ်းစားမိလာကြသည်။ သူတို့၏ တိုးတက်မှုမှာ ခရုတစ်ကောင်အလား နှေးကွေးလှသဖြင့် ရုတ်တရက် ရှက်ရွံ့လာမိကြသည်။


နျဲ့ရှောင်အနေဖြင့် ရှေ့ဆက်ပြီး လောင်နေရဦးမည် ဆိုလျှင်ပင် အနည်းဆုံး သူတို့၏ ဆက်ဆံ‌ရေးမှာ အတည်ပြုပြီး ဖြစ်သဖြင့် သူမတို့နှစ်ဦး၏ အခြေအနေနှင့် နှိုင်းစာလျှင် ပိုကောင်းလေသည်။ 


သွမ့်ဝမ်ယွီသည် သူ၏ဘေးရှိ နင်ဖုန်းအား ကြည့်လိုက်သလို ရှောင်ယန်သည်လည်း စခန်းတွင် ကျန်နေခဲ့သည့် ဝူဝမ်ချီအား တွေးမိလိုက်ပြီးနောက် နှစ်ဦးသား သက်ပြင်းချလိုက်မိကြသည်။


ကျစ်ဟွေ့ကွမ်သည် စွမ်းအားကြီးသူ တစ်ဦးအား အောင်မြင်စွာ နှိမ်နင်းနိုင်ခဲ့သည့် ဟမ်းစတားလေးအားကြည့်ကာ စိတ်ထဲတွင် ပျော်ရွှင်နေမိသည်။


သို့သော်လည်း သူ၏ မှတ်ဉာဏ်များ ပြန်လည်ရရှိလာမည်ဆိုပါက ဂုဏ်သရေရှိ နီမိုတော်ဝင်မျိုးနွယ်၏ မဟာစစ်သူကြီး မော့ယန်သည် ဤအချိန်တွင် နျဲ့ရှောင်၏ မျက်နှာအား ကျားလက်ဝါးဖြင့် ရိုက်ခဲ့ခြင်း မပြုခဲ့မိခြင်းကြောင့် သူ့ကိုယ်သူ မုန်းတီးနေပေလိမ့်မည်။


သူ၏ နှာခေါင်းအောက်၌ပင် သူတို့၏ မင်းသားငယ်လေးအား အရိုင်းအစိုင်းလူသားမှ လိမ်လည်လှည့်ဖြားခဲ့သည်။ 


နောင်တတရားကြောင့် သူ၏ အသည်းအူများပင် အပြာရောင်ဖြစ်လာပေမည်။



***


တစ်ချိန်တည်းမှာပင် ကြယ်စုံညကောင်းကင်ပြင်ကျယ်ကြီးထဲမှ ဆွဲဆောင်မှုရှိပြီး လှပသည့် သစ်ပင်သစ်တောများ ဖုံးလွှမ်းနေသည့် အစိမ်း‌ရောင်ဂြိုလ်တစ်ခုပေါ်တွင် ဖြစ်သည်။


လရောင်ကဲ့သို့ ဖြူဖွေးသည့် ချန်ဖောင်အား ဝတ်ဆင်ထားသော သန့်စင်ရည်မွန်သည့် သွင်ပြင်ရှိသော လူတစ်ဦးသည် အဝေးရှိ ကြယ်လေးများအား ဝမ်းနည်းစွာဖြင့် ကြည့်နေလေသည်။


ထပ်ဆောင်းပြောရမည်ဆိုလျှင် သဘာဝတောအုပ်များနှင့် ပေါင်းစပ်ရောနှောနေသည့် ဤရှေး‌‌ဟောင်းခန်းမကြီးထဲတွင် တိရိစ္ဆာန်ငယ်လေးများနှင့် အဝတ်မျိုးစုံ ဝတ်ဆင်ထားသော ချောမောလှပသည့် အမျိုးသား အမျိုးသမီးများစွာ ရှိနေလေသည်။


“အသုံးမကျတဲ့ မော့ယန်.. မင်းသားလေးကို ရှာဖို့ လွှတ်လိုက်ပါတယ်ဆိုမှ သူကပါ ပျောက်သွားလိုက်သေးတယ်.. ပြန်လာလို့ကတော့ ဒီချိုး(ငှက်) က သင်းကို သေအောင် ဆိတ်ပစ်လိုက်ဦးမယ်..”


ဝန်ကြီး အန်းယိသည် အဖြူရောင်ဝတ်ရုံအား ဝတ်ဆင်ထားသည်။ လက်ဖြင့် အဆက်မပြတ် ဖိသပ်နေမှုကြောင့် ချောမွေ့ရှည်လျားသည့် ဆံပင်များ ရှုပ်ထွေးလာသည်။ သူ၏လှပသည့် ချိုး(ငှက်)မွေးများ ပြောင်သွားမည်ကိုပင် စိုးရိမ်ဖွယ်ရာရှိသည်။ စိုးရိမ်ပူပန်မှုကြောင့် စိတ်ကယောက်ကယက် ဖြစ်နေသဖြင့် နေရာမှာတင် ရှေ့နောက် လှည့်နေမိသည်။ သူ့အား ကြည့်နေကြသည့် မည်သူမဆို အမြင်အာရုံများပင် ရွဲ့စောင်းလာတော့သည်။


အနီးတွင်ရပ်နေသည့် ရှဥ့်ငယ်လေးသည် သူ၏ လက်ကလေးများအား ရင်ဘတ်ပေါ် တင်လိုက်ပြီးနောက် နှစ်သိမ့်စကား ပြောလာသည်။


“မင်းသားလေးနဲ့ စစ်သူကြီး မော့ယန်ရဲ့ စွမ်းရည်တွေနဲ့ဆိုရင် သေချာပေါက် အဆင်ပြေနေကြမှာပါ ဝန်ကြီး အန်းယိခင်ဗျ.. ရှာတွေ့ဖို့ အချိန်တစ်ခုပဲ လိုအပ်တာပါ..”


“ဟုတ်ပါတယ်.. ဟုတ်ပါတယ်.. မင်းသားလေးနဲ့ စစ်သူကြီးက ဘေးကင်းကြမှာပါ.. ဝန်ကြီး အန်းယိ မစိုးရိမ်ပါနဲ့.. ကျွန်တော်တို့ နောက်ထပ် လူတွေထပ်ပြီး စေလွှတ်ဖို့ မလိုဘူးလား..”


အခြားသူများလည်း သံယောင်လိုက်လာကြသည်။


အန်းယိသည် စိုစိုပြေပြေ မရှိတော့သည့် ဆံပင်(အမွေး)များကြောင့် စိတ်ပူပင်သောက ရောက်နေရရှာပြီး သက်ပြင်းချရုံသာ တတ်နိုင်လေသည်။


သူတို့၏ မင်းသားလေးသည် လွန်ခဲ့သည့် ၃ နှစ်က ပထမဆုံးအကြိမ် မွေးရာပါစွမ်းအား နိုးထလာခဲ့သည်။ သို့သော်လည်း မင်းသားလေးမှာ ထိုအချိန်က အာကာသ-အချိန် စွမ်းရည်အပေါ် ထိန်းချုပ်နိုင်စွမ်း မရှိခဲ့သဖြင့် ဟင်းလင်းပြင် (အာကာသ) အား တိုက်ရိုက်ဆုတ်ဖြဲကာ သဲလွန်စမကျန်အောင် ပျောက်ကွယ်သွားလေသည်။


အဆိုပါသတင်းအား အစွမ်းကုန် ကြိုးစားဖုံးဖိခဲ့ပြီး မင်းသားလေးအား ရှာဖွေရန် မဟာစစ်သူကြီး မော့ယန်ကို တိတ်တဆိတ် စေလွှတ်ခဲ့သည်။ ထို့နောက် သဲလွန်စများ တဖြည်းဖြည်း ရှာတွေ့လာသည်။ သို့သော်လည်း မကြာသေးမီ ကာလတွင် စစ်သူကြီး မော့ယန်နှင့် ဆက်သွယ်မှု လုံးလုံးလျားလျား ပြတ်တောက်သွားခဲ့လေသည်။


သူတို့မျိုးနွယ်စု၏ အချက်ပြသင်္ကေတ မည်မျှပင် ပေးပို့ထုတ်လွှင့်စေကာမူ စစ်သူကြီး မော့ယန်မှာ လက်ခံရရှိနိုင်စွမ်း မရှိပုံရပြီး တုံ့ပြန်မှု နည်းနည်းလေးမျှပင် မရှိချေ။


လတ်တလောတွင် မင်းသားလေး ပျောက်ဆုံးနေသည့် သတင်းမှာ ကြယ်ကမ္ဘာတစ်ခုလုံး ပျံ့နှံ့နေသည်။ လက်ရှိတွင် သူတို့၏ နီမိုတော်ဝင်မျိုးနွယ်အား စောင့်ကြည့်ကာ တိတ်တဆိတ် လှောင်ပြောင်နေမည့် လူမည်မျှ ရှိနေမည်ကို မသိနိုင်ချေ။ နီမိုတော်ဝင်မျိုးနွယ်၏ ထိခိုက်အားနည်းနေသည့် အခြေအနေအား အခွင့်ကောင်းယူရန် ပြင်ဆင်နေကြသည့် ရန်သူမည်မျှ ရှိမည်ကိုလည်း မသိနိုင်။


နေ့စဉ်နေ့တိုင်း စုပုံနေသည့် ပြဿနာရပ်များသည်လည်း ဝန်ကြီး အန်းယိအား ခေါင်းမွေးများ ပြောင်သွားသည်အထိ စိုးရိမ်ပူပန်စေသည်။


သုံးနှစ်တောင် ကြာသွားခဲ့ပြီ.. မင်းသားလေး ဘယ်မှာများလဲ..


ဆာ့သ်သည် ခန်းမကြီးထောင့်တွင် မတ်တတ်ရပ်လျက်နှင့် နီမိုတော်ဝင်မျိုးနွယ်၏ အတွင်းအစည်းအဝေးကို နားထောင်နေလေသည်။ နှစ်ပေါင်းများစွာ စုဆောင်းထားခဲ့သည့် အမျိုးမျိုးသော စွမ်းရည်အမြုတေများကြောင့် သူ၏ခန္ဓာကိုယ်အား ဖုံးကွယ်ထားရန်မှာ ခက်ခဲမှု မရှိပေ။


သူ၏ တည်ရှိမှုအား မည်သူကမျှ သတိမပြုမိချေ။


သို့သော်လည်း ဆာ့သ် ဤနေရာသို့ ရောက်နေသည်မှာ ရက်ပေါင်းများစွာ ရှိပြီဖြစ်သော်လည်း နေ့စဉ်နေ့တိုင်းတွင် ထိုငြီးငွေ့ဖွယ်ကောင်းသည့် စိတ်ဓာတ်ကျဖွယ် စကားများကိုသာ ကြားနေရသည်။


သူ၏ စိတ်ရှည်သည်းခံမှု ကုန်ခမ်းသွားခဲ့ပြီ ဖြစ်သဖြင့် နီမိုတော်ဝင်မျိုးနွယ်စုရှိ တုံးအအ တိရစ္ဆာန်များထံမှ ရရှိမည့် သဲလွန်စများအား ထည့်မတွက်လိုတော့ချေ။


သူ၏ ရှာဖွေအားထုတ်နိုင်စွမ်းမှာ သူတို့ထက် မြင့်မားပေလိမ့်မည်။ သုံးနှစ်ကြာ ရှာဖွေသည့်တိုင်အောင် ကျရှုံးနေခဲ့သဖြင့် နီမိုတော်ဝင်မျိုးနွယ်စု၏ စွမ်းဆောင်နိုင်ရည်အပေါ် မည်သည့်အရာကိုမျှ မျှော်လင့် မထားသင့်ပေ။


ဆာ့သ်သည် သူ၏ အင်္ကျီလက်ကိုခါကာ ထွက်သွားမည် ပြုစဉ်မှာပင် ခန်းမအတွင်းသို့ အလျင်စလို ပျံသန်းဝင်ရောက်လာပြီး ဝန်ကြီး အန်းယိ၏ လက်ပေါ်တွင် သက်ဆင်းလိုက်သည့် ခိုဖြူတစ်ကောင်အား တွေ့လိုက်ရသည်။


“ဝန်ကြီး အန်းယိ ခင်ဗျ.. သတင်းတစ်ခု ရှိပါတယ်.. သတင်းတစ်ခု ရလာလို့ပါ.. ကျွန်တော်တို့က စစ်သူကြီး မော့ယန်ရဲ့ ဆက်သွယ်ရေးစက်ကို ရှာတွေ့ပါပြီ..”


ထိုသို့ပြောပြီး စာပို့ခိုသည် အန်းယိ၏ လက်ထဲသို့ အနက်ရောင် ဆက်သွယ်ရေးစက်တစ်လုံး ကမ်းပေးလိုက်သည်။


အန်းယိ အနီးကပ် ကြည့်လိုက်ပြီးနောက်တွင် စစ်သူကြီး မော့ယန်၏ ဆက်သွယ်ရေးစက်ဖြစ်ကြောင်း အလျင်အမြန် အတည်ပြုလိုက်သည်။ သူ၏အာဏာအဆင့်အတန်းမှာ မော့ယန်ထက် မြင့်မားသဖြင့် ဆက်သွယ်ရေးစက်အား တိုက်ရိုက်ဖွင့်လိုက်သည်။


တစ်ဆက်တည်းမှာပင် အထဲတွင်ပါဝင်သည့် အချက်အလက်များ ထွက်ပေါ်လာသည်။


ပါဝင်သည့် သတင်းအချက်များအရ စစ်သူကြီး မော့ယန်၏ နောက်ဆုံးတည်နေရာမှာ ကြယ်အစုအဝေးသို့ တရားဝင် ဝင်ရောက်ခွင့် မရှိသေးသည့် ကြယ်ပင်လယ်တစ်ခုအတွင်း၌ ဖြစ်ပြီး ထိုနေရာမှာ လက်ရှိတွင် မဟာမိတ်ဥပဒေ၏ ကာကွယ်ပေးခြင်း ခံထားရသည်။


ဆာ့သ်သည် အဝေးမှပင်လျှင် မြေပုံတစ်ခုလုံးအား ရှင်းလင်းစွာ မြင်နိုင်သဖြင့် ရုတ်တရက်ဆိုသလို သူ၏နှုတ်ခမ်းတွင် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ သူ၏ နှလုံးသားထဲရှိ ပျော်ရွှင်မှုအား ခက်ခက်ခဲခဲ ဖိနှိပ်လိုက်ရပြီး ကောင်းကင်ဘုံ၏ ကူညီပေးမှုကြောင့် အူလှိုက်သည်းလှိုက်ရယ်မောချင်မိသည်။


ဆာ့သ် ‌နှောင့်နှေးမနေချေ။ သူ၏ ခြေထောက်အား ကြွလိုက်သည်နှင့် ခန်းမကြီးထဲမှ ပျောက်ကွယ်သွားလေသည်။


အန်းယိမှာ အသန်မာဆုံး ပင်ကိုယ်စွမ်းရည်နှင့် မွေးဖွားလာသော ငှက်တစ်ကောင် ဖြစ်သည်။ ပတ်ဝန်းကျင် လေစီးဆင်းမှု၊ လေဦးတည်ရာနှင့် လမ်းကြောင်းအပေါ် အလွန်အမင်း ထိခိုက်လွယ်သူ ဖြစ်သည်။ ဆာ့သ် ရှိနေခဲ့သည့် နေရာသို့ ကြည့်လိုက်ပြီး သူ၏ မျက်လုံးများ ရုတ်တရက် အလွန်အမင်း အေးစက်လေးနက်လာသည်။


“အဲဒီမှာ ဘယ်သူရပ်နေခဲ့တာလဲ..”


ဆာ့သ်သည် သူ၏ လျှို့ဝှက်စမ်းသပ်ခန်းသို့ ပြန်လာပြီး ကြယ်အစုအဝေးသို့ ဝင်ရောက်ခြင်း မရှိသေးသည့် ပြင်ပကြယ်ပင်လယ်ကို ပျော်ရွှင်စွာ ကြည့်လိုက်သည်။ ထိုနေရာအား သူ၏ စမ်းသပ်ခံနေရာတစ်ခုအဖြစ် အသုံးပြုနေသည်မှာ ကြာမြင့်လှပေပြီ။


များမကြာမီတွင် ဆာ့သ်သည် လှပသည့် အပြာရောင်ကမ္ဘာကြီး အပါအဝင် ကြယ်ပင်လယ် မြေပုံထဲရှိ အသက်ဓာတ် ဖြစ်ပေါ်နိုင်စွမ်းရှိသော သဘာဝ ဂြိုလ်အနည်းငယ်ကို စုစည်းလိုက်သည်။


အာကာသ (ဟင်းလင်းပြင်) အား ဆုတ်ဖြဲကာ ထွက်ပြေးသွားနိုင်စွမ်းရှိသည့် မင်းသားလေး၏ အာကာသ-အချိန် စွမ်းရည်ကို တွေးမိသည့်အခါ ဆာ့သ်သည် သူ၏လက်ထဲတွင်ရှိသည့် စွမ်းရည်အမြုတေများကို အသုံးပြုကာ အာကာသလှောင်အိမ်တစ်ခု ဖန်တီးဖို့လိုမည်ဟု ခံစားမိလေသည်။


စက္ကန့်ပိုင်းလေးသာ ထိန်းသိမ်းထားနိုင်မည် ဆိုသည့်တိုင်အောင် လုံလောက်ပေသည်။


အိုး.. သူ၏ မင်းသားလေး ထွက်လာရန် နည်းလမ်းရှာဖို့လည်း လိုအပ်နေဆဲပင်။


ဆာ့သ်၏ မျက်လုံးများ ရုတ်တရက် ကျဉ်းမြောင်းသွားသည်. သူ၏နှုတ်ခမ်းထောင့်များ မြင့်တက်သွားပြီးနောက် ဝိုင်းပတ်နေသည့် ဂြိုလ်များအား မုန်းတီးစွာ ကြည့်လိုက်သည်။


 ***


ညနေခင်း။


ရှောင်ဝူယိတို့အဖွဲ့သည် သူတို့၏ လုပ်ရိုးလုပ်စဉ်အတိုင်း ဗီလာထဲတွင် နေထိုင်ကြသည်။ လမ်းခရီးတွင် အတားအဆီး မရှိသဖြင့် ခရီးစဉ်မှာလည်း နှောင့်နှေးခြင်း မရှိပေ။ အစဉ်အစီအတိုင်းဆိုလျှင် မနက်ဖြန်တွင် ယန်ဇီမြစ်ကမ်းသို့ ရောက်သင့်သည်။


ထို့နောက် သူတို့သည် မင်ချန်သို့ ကြိုးတံတားမှ ဖြတ်သန်းရမည်။ မတော်တဆ အဖြစ်အပျက်များ မရှိပါက ဟိုင်ချန်ရေလက်ကြားသို့ တစ်ပတ်အတွင်း ချောမွေ့စွာ ရောက်ပေလိမ့်မည်။


နျဲ့ရှောင်သည် ပြတင်းပေါက်အပြင်ဘက်ရှိ လကို ကြည့်ရင်း မျက်ခုံးများ တွန့်သွားသည်။ သူတို့အနည်းငယ် အရှိန်တင်သင့်သည်ဟု တွေးမိနေခြင်းပင်။ ဟိုင်ချန်ရှိ သိပ္ပံပညာရှင်များ မည်မျှကြာအောင် တောင့်ခံနိုင်မည်ကို မည်သူမျှ မသိနိုင်ချေ။


နျဲ့ရှောင်သည် အတွေးများစွာဖြင့် စိတ်ဖိစီးနေချိန်မှာပင် အိပ်ယာပေါ်ရှိ ကောင်ငယ်လေး၏ နူးညံ့ချိုသာသည့် အသံလေးအား ကြားလိုက်ရသည်။ သူ၏မျက်နှာလေးမှာ အပြစ်ကင်းစင်ပြီး မည်သည့် ပြဿနာကမျှ သူ့အား စိုးရိမ်ပူပန်လာစေရန် လုပ်နိုင်ပုံ မရချေ။


“ဒယ်ဒီရေ.. အိပ်ချိန်ရောက်ပြီနော်..”


ရှောင်ဝူယိသည် သူ၏ဘေးရှိ နူးညံ့သည့် ဂွမ်းစောင်ကို လက်ဖြင့်ပုတ်ကာ နျဲ့‌ရှောင်အား စိတ်အားထက်သန်စွာ ကြည့်လိုက်သည်။


“ပေါင်ပေါင်း ဒီနေ့ ဒီလိုမျိုးလေး အိပ်ချင်လို့.. ဟမ်းစတားပုံ မပြောင်းဘူးနော်..”


နျဲ့ရှောင်သည် ကောင်ငယ်လေး၏ ပုံစံအား ကြည့်ပြီးနောက် တွန့်ကွေးနေသည့် မျက်ခုံးများ ပြေလျာ့သွားသည်။ ညင်သာစွာ ပြုံးလိုက်ပြီးနောက် ပြောလေသည်။


“ပေါင်ပေါင်း ပျော်တယ်ဆို အားလုံး အဆင်ပြေတယ်ကွာ..”


ရှောင်ဝူယိသည် နျဲ့ရှောင်၏ ချောမောသည့် မျက်နှာအား စိုက်ကြည့်ပြီးနောက် သူ၏ ပါးဖောင်းဖောင်းလေး နှစ်ဖက်မှာ ရှက်သွေးဖြာလာသည်။ ရှက်ရွံ့စွာဖြင့် ဂွမ်းစောင်ထဲသို့ တိုးဝင်ကာ မျက်လုံးများ မှိတ်လိုက်ပြီး အိပ်ချင်ယောင်ဆောင်လိုက်သည်။


“ပေါင်ပေါင်း အိပ်ပျော်နေပါပြီ.. လာလာလာ..”


နျဲ့ရှောင်သည် ပြုံးရင်းဖြင့် ကုတင်ပေါ်သို့ တက်လိုက်သည်။ ထို့နောက် ခေါင်းငုံ့ကာ ကောင်ငယ်လေး၏ နဖူးအား အိပ်ယာဝင်အနမ်းပေးလိုက်သည်။ ပြီးနောက် ကောင်ငယ်လေးအား ပွေ့ဖက်ကာ အိပ်စက်ရန်ပြင်လေသည်။


သူတို့နှစ်ဦး၏ ပတ်သက်မှုမှာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ နျဲ့ရှောင် ထပ်မံတုံ့ဆိုင်း မနေတော့ချေ။ ပွေ့ဖက်ခြင်းမှာ သာမန်သာဖြစ်သည်။


နျဲ့ရှောင် မျက်လုံးများမှိတ်ကာ နွေးထွေးနူးညံ့သည့် *အချစ်ကလေးအား လက်မောင်းထဲ ပွေ့ဖက်ပြီး ကမ္ဘာပျက်ကပ်ကြီး အလျင်အမြန် ပြီးဆုံးသွားရန် နှလုံးသားအောက်ခြေမှ နှစ်နှစ်ကာကာ မျှော်လင့်မိသည်။ ထိုမှသာ သူ၏ပေါင်ပေါင်းမှာ အန္တရာယ်များလှသည့် နေရာမျိုးတွင် နေထိုင်ရန် မလိုအပ်ဘဲ ငြိမ်းချမ်းရိုးရှင်းသည့် ဘဝလေးဖြင့် မည်သည့်အရာကိုမျှ ဂရုထားရန် မလိုဘဲ ပျော်ရွှင်စွာ ဟိုဟိုဒီဒီ ပြေးလွှားဆော့ကစားနိုင်ပေမည်။ 


ဗီလာ၏ အခြားအခန်းထဲ၌။


ပိုင်မေ့သည်လည်း အိပ်မပျော်ဘဲ ရှိနေလေသည်။ သူ့အနေဖြင့် အိပ်စက်ရန် မလိုအပ်ဟု ပြောလျှင် ပိုမှန်ပေမည်။


မျက်လုံးများမှိတ်ကာ အိပ်ယာပေါ်တွင် လှဲနေစဉ်မှာပင် ရုတ်တရက် မျက်လုံးများ ပွင့်လာသည်။ မနီးမဝေးတွင် သူတို့ထံသို့ လျှောက်လှမ်းလာသည့် အဆင့်နိမ့် ဇွန်ဘီများအား အာရုံခံမိလေသည်။


အစွမ်းထက်သူများ ဖြစ်မလာခင် သေဆုံးသွားခဲ့သည့် စွမ်းရည်ပိုင်ရှင် အများအပြားရှိကြောင်း အချက်အလက်များအရ သက်သေပြပြီး ဖြစ်သည်။ သူတို့၏ ဦးခေါင်းထဲရှိ စွမ်းရည်အမြုတေများကို မည်သူကမျှ ရှာဖွေတွေ့ရှိခြင်း မရှိသေးချေ။


ထိုဇွန်ဘီများမာ စွမ်းရည်အမြုတေ တစ်ခုထက်ပို၍ လာရောက်ပို့ဆောင်ခြင်းဖြစ်ကြောင်း ပိုင်မေ့ အာရုံခံမိသည်။ ထိုအခါမှ စိတ်သက်သာရာရစွာ သက်ပြင်းချမိပြီး သူ၏ပုခုံး‌ပေါ်ရှိ ဝန်တစ်ခု လျော့ကျသွားသလိုပင်။ မျက်နှာတွင် အပြုံးတစ်ခု ရှိနေသလို မျက်ခမ်းစပ်များလည်း နီရဲနေသည်။


သို့သော်လည်း အပြင်ဘက်ရှိ သတ္တုခြံဝင်းအား ကြည့်လိုက်ပြီးနောက် ပိုင်မေ့သည် အလျင်စလို မလှုပ်ရှားရဲချေ။ ကျန်းချိုး မသိလိုက်ဘဲ ခြံဝင်းအပြင်သို့ ထွက်သွားနိုင်မည်ဟု ယုံကြည်ချက် မရှိပေ။


ထိုသို့စဉ်းစားပြီးနောက် ပိုင်မေ့သည် နေ့အချိန်တွင် ဇွန်ဘီအနည်းငယ်အား တိတ်တဆိတ် ဆင့်ခေါ်ရန် စောင့်ဆိုင်းလိုက်သည်။ ထို့နောက်တွင် ရှုပ်ထွေးနေသည့် အခြေအနေအား အခွင့်ကောင်းယူကာ စွမ်းရည်အမြုတေများအား တိတ်တဆိတ် စုဆောင်းလိုက်မည်။


*နျဲ့ရှောင်က ရှောင်ဝူယိကို ပေါင်ပေါင်းအစား ရှောင်ပေါင်ပေ့လို့ ပြောင်းခေါ်ပါတယ်တဲ့။ အဲဒါကြောင့် အလျဉ်းသင့်သလို ရေးသွားပါမယ်။



🐹🐹🐹🐹🐹