🐹 အခန်း ၄၄
ဝူယိလေးက ဒယ်ဒီ့အပေါ် ကောင်းမှာပါ
ညဉ့်နက်လာသည့်အခါ လူတိုင်း လျင်မြန်စွာ အိပ်မောကျသွားလေသည်။
အချိန်ကြာသည့်တိုင်အောင် အိပ်စက်နိုင်ခြင်းမရှိသဖြင့် နျဲ့ရှောင် ထ,ထိုင်လိုက်ပြီး ပြတင်းပေါက်မှ ဖြာကျနေသည့် လရောင်အောက်ရှိ ခေါင်းအုံးထက်တွင် အိပ်ပျော်နေသည့် ဆန်မုန့်လုံးလေးအား ကြည့်လိုက်သည်။
အိပ်ရာမဝင်ခင် အကောင်ပေါက်လေး ပြောခဲ့သည့် စကားများကို ပြန်ကြားယောင်မိသည့်အခါ နျဲ့ရှောင်၏ နှလုံးသားမှာ နားလည်ရခက်လောက်အောင် တဒုတ်ဒုတ် ခုန်လာသည်။ ကောင်ငယ်လေး၏ ဆယ်ကျော်သက် အသွင်သဏ္ဌာန်အား မြင်ယောင်မိချိန်တွင် သူ၏ ချောမောသည့် မျက်နှာမှာ တရှိန်းရှိန်း ပူလောင်လာလေသည်။
ပြင်းပြင်းထန်ထန် ခေါင်းခါယမ်းလိုက်ပြီးနောက် မသင့်လျော်သည့် အတွေးများအား မောင်းထုတ်လိုက်သည်။
နျဲ့ရှောင်သည် ခေါင်းအသာစောင်းကာ ငြိမ်းချမ်းစွာ အိပ်မောကျနေသော ရိုးရှင်းနုံအသည့် ဆန်မုန့်လုံးလေးအား ကြည့်လိုက်ပြီးနောက် သူ၏ နှလုံးသား တုန်လှုပ်လာသည်။ ရုတ်တရက် လက်ဆန့်ထုတ်လိုက်ပြီး သူ၏ ခံစားချက်များအား ပြေလျော့သွားစေရန် ကြိမ်အနည်းငယ်ခန့် ပွတ်သပ်လိုက်သည်။
“ဒယ်ဒီ့ ချုံပေါင်လေး..”
အန္တရာယ်ကို မသိရှာသော ဟမ်းစတားလေးသည် ပွတ်သပ်မှုကြောင့် နိုးလာပြီး တွေဝေကာဖြင့် သူ၏ ခန္ဓာကိုယ်လေးအား ကုန်းရုန်းကာ ထထိုင်လိုက်သည်။ သို့သော်လည်း နျဲ့ရှောင်သည် သူ့ကိုယ်သူ စောင်ဖြင့် အလျင်အမြန်ခြုံလိုက်ပြီး မျက်လုံးများ မှိတ်ကာ အိပ်စက်သွားသည်ကို မြင်လိုက်ရလေသည်။
နျဲ့ရှောင်အားကြည့်ရင်း နူးနူးညံ့ညံ့ ထွေးအိအိ ဟမ်းစတားလေးမှာ ရုတ်တရက် စိတ်ရှုပ်ထွေးလာသည်။
“ချိ???”
***
တစ်ညလုံး ငြိမ်းချမ်းစွာ အိပ်စက်ခဲ့ရသည့် နျဲ့ရှောင်တို့အဖွဲ့နှင့် နှိုင်းယှဉ်လျှင် လင်းကောဟိုင်၏အဖွဲ့မှာ ညလုံးပေါက် မျက်လုံးမမှိတ်ရဲဘဲ ကျီးလန့်စာစား နေခဲ့ရကြရသည်။
သူတို့သည် အိမ်ထဲရှိ ပရိဘောဂများအား အသုံးပြုကာ ဇွန်ဘီများ အချိန်တိုအတွင်း ချိုးဖြတ်ဝင်ရောက်နိုင်ခြင်း မရှိစေရန် တံခါးများ ပြတင်းပေါက်များကို တားဆီးပိတ်ပင်ထားကြသည်။ သို့သော်လည်း နေထွက်လာသည်နှင့်အမျှ ဆာလောင်လာပြီး ဇွန်ဘီများ ဝိုင်းထားသည့် ဗလာအခန်းထဲတွင် အချိန်ကြာမြင့်စွာ ဆက်နေရန် မဖြစ်တော့ချေ။
အနှေးနှင့်အမြန် သေဆုံးသွားကြပေမည်။
ထိုအတွေး ဝင်လာချိန်တွင် လင်းကောဟိုင်သည် ခေါင်းမော့လိုက်ပြီး ဇနီးဖြစ်သူ လင်းမိန်ကျွမ့်နှင့် အကြည့်ချင်း ဖလှယ်လိုက်သည်။ ထို့နောက် သူတို့နှစ်ဦး မတ်တတ်ရပ်ကာ မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့် လူငယ်နှစ်ဦးထံ အမူအရာမဲ့စွာဖြင့် လျှောက်သွားကြသည်။
လူငယ်နှစ်ဦးသည် ထိုစုံတွဲ၏ အပြုအမူကိုကြည့်ရင်း မသင်္ကာဖွယ်ကောင်းသည်ဟု ခံစားမိသဖြင့် သတိအပြည့်ဖြင့် မတ်တတ်ရပ်လိုက်ကြသည်။
“ခင်ဗျားတို့ ဘာလိုချင်လို့လဲ..”
“စိတ်မကောင်းပါဘူး..”
ထိုသို့ပြောရင်း လင်းကောဟိုင်တို့နှစ်ဦးသည် လူငယ်နှစ်ဦးထံသို့ တန်းတန်းမတ်မတ် ပြေးသွားကြပြီး လူလေးဦး အချင်းချင်း တိုက်ခိုက်ကြလေသည်။
သို့သော်လည်း ဆာလောင်နေသည့်တိုင် လူငယ်နှစ်ဦးမှာ လင်းကောဟိုင်တို့ နှစ်ဦးထက် ပိုမိုကြံ့ခိုင်နေဆဲဖြစ်သဖြင့် လွယ်လင့်တကူ အနိုင်ယူနိုင်ခြင်း မရှိချေ။ များမကြာမီတွင် လင်းကောဟိုင်တို့နှစ်ဦး အရေးနိမ့်လာသည်။
လူငယ်နှစ်ဦးသည် ဟောဟဲလိုက်ရင်း လင်းကောဟိုင်တို့နှစ်ဦးအား ဖိနှိပ်ထားရင်း ပါးစပ်မှ ယုတ်ရင်းကြမ်းတမ်းစွာ ဆဲဆိုကြသည်။ သူတို့၏ နောက်ကျောမှ ချဉ်းကပ်လာသည့် အန္တရာယ်အား လုံးလုံးလျားလျား သတိမပြုမိကြချေ။
ထောင့်ထဲတွင်နေရင်း စောင့်ကြည့်နေသည့် ဝတုတ်လေးသည် သူ၏လက်ထဲတွင် ဓားမြှောင်နှစ်ချောင်းအားကိုင်ကာ အသံတိတ် ချဉ်းကပ်လာသည်။ အနည်းငယ်မျှ တုံ့ဆိုင်းခြင်း မရှိဘဲနှင့် လူငယ်နှစ်ဦး၏ နောက်ကျောအား ဓားမြှောင်ဖြင့် ထိုးစိုက်လိုက်လေသည်။
ကျွမ်းကျင်လှသည့် လှုပ်ရှားမှုများမှာ အကြိမ်ပေါင်းများစွာ လေ့ကျင့်ထားသကဲ့သို့ပင်။
လူငယ်နှစ်ဦးမှာ ချက်ချင်းပင် မျက်လုံးများ ပြူးကျယ်သွားကြပြီး နာကျင်စွာ ညည်းညူအော်ဟစ်ရင်း အသိစိတ်ပျောက်ကာ မြေပြင်ပေါ်သို့ လဲကျသွားလေသည်။
လင်းမိန်ကျွမ့်သည် မြေပြင်မှ လျင်မြန်စွာ ထလိုက်ပြီး သူမသား၏ ဦးခေါင်းအားဖက်နမ်းပြီး ပွတ်သပ်လိုက်သည်။
“မားရဲ့ သားလိမ္မာလေးဖြစ်ဖို့ တကယ်ကို ထိုက်တန်တယ်.. ကောင်းကောင်းလုပ်ခဲ့တယ်..”
“မား.. မြန်မြန်သွားရအောင်.. သားဗိုက်ဆာနေတာ အရမ်းပဲ..”
ဝတုတ်လေးသည် လူသတ်မှု ကျူးလွန်ခဲ့သော်လည်း သူ၏ခြေထောက်အောက်ရှိ လူများမှာ အသားစားရန် မွေးမြူထားသည့် တိရိစ္ဆာန်များသဖွယ် ကြောက်ရွံ့စိတ် အနည်းငယ်မျှပင် မရှိဘဲ ပကတိမျက်လုံးများဖြင့် ပြောလာသည်။
လင်းကောဟိုင်သည် လူငယ်နှစ်ဦး၏ အလောင်းများအား မ,ကာ တံခါးဝတွင် ထားလိုက်သည်။ ထို့နောက် သူ၏ ဇနီးနှင့်သားအား ပြောလိုက်သည်။
“စကားပြောနေတာ ရပ်ပြီး မြန်မြန်လေး ဒီနေရာမှာ လာရပ်နေကြ..”
ထို့နောက်တွင် မိသားစုသုံးဦးသား ပူပူနွေးနွေး သေဆုံးထားသော လူငယ်နှစ်ဦး၏ အလောင်းများကို အသုံးပြုကာ ဇွန်ဘီများအား ဆွဲဆောင်လိုက်ပြီးနောက် အခြားပြတင်းပေါက်မှတဆင့် ချောချောမွေ့မွေ့ ထွက်ပြေးလွတ်မြောက်သွားကြသည်။
ကမ္ဘာပျက်ကပ် စတင်ပြီး ရက်ပေါင်းများစွာ ကြာသည့်တိုင်အောင် လင်းကောဟိုင်၏ မိသားစုသည် အန္တရာယ် ရင်ဆိုင်ရသည့် အခါမျိုးတွင် ဤကဲ့သို့သော နည်းလမ်းမျိုးကို မကြာခဏ အသုံးပြုတတ်ကြသည်။
မကျေနပ်ချက်များဖြင့် သေဆုံးသွားခဲ့သော လူငယ်နှစ်ဦးမှာ အသားတစ်စမျှပင် မကျန်တော့အောင် ဇွန်ဘီများ၏ ကိုက်ဖြတ်စားသောက်ခြင်း ခံလိုက်ရသည်။ လူငယ်နှစ်ဦးမှာ သူတို့နှင့်အတူ ခရီးသွားဖော်၏ လက်ထဲတွင် အသက်သေဆုံးကြရလိမ့်မည်ဟု မျှော်လင့်မထားခဲ့မိကြချေ။
များမကြာမီတွင် လင်းကောဟိုင်သည် အခြားကားတစ်စီးအား ရှာတွေ့ပြီး သူ၏ ဇနီးနှင့် သားကို ခေါ်ကာ အခြေစိုက်စခန်းရှိရာသို့ ဆက်လက်မောင်းနှင်လေသည်။ ကားပေါ်ရှိ ဝတုတ်လေးမှာ သည်းမခံနိုင်လောက်အောင် ဆာလောင်လာသည့်အတွက် စတင်ညည်းညူလေသည်။
“သားတို့က မနေ့က လူတွေကို ဘာဖြစ်လို့ မသတ်ကြတာလဲ.. သူတို့မှာ ကားအကြီးကြီးရှိပြီး အစားအသောက်တွေလည်း ရှိနေတာ.. သူတို့ကို သေချာပေါက် သတ်သင့်တာကို..”
လင်းမိန်ကျွမ့်သည် သူမသား၏ မိုက်မဲသည့် စကားများအား ကြားသည့်အခါ ခေါင်းကို အသာပုတ်လိုက်သည်။
“အရူးကောင်လေး.. အဲဒီလူတွေကို မားတို့က ရန်သွားစဖို့ မတတ်နိုင်ဘူး.. သူတို့မှာ စွမ်းရည်တွေ ရှိကြတယ်.. သူတို့ကို ဆန့်ကျင်လိုက်မယ်ဆိုရင် အရင်ဆုံး သေသွားမှာ မားတို့ပဲ.. စခန်းကို ရောက်တဲ့အထိ စောင့်လိုက်ဦး.. အဲဒီတော့မှ သူတို့လိုမျိုး စွမ်းရည်ပိုင်ရှင် တစ်ယောက်ကို ချဉ်းကပ်နိုင်မှာ.. အဲဒီအချိန် ရောက်ရင်တော့ မားတို့အတွက် စားသောက်ဖို့ စိုးရိမ်စရာ မလိုတော့ဘူး..”
ဝတုတ်သည် အလုံးစုံ နားမလည်သော်လည်း ခေါင်းငြိတ်လိုက်ပြီးနောက် နှုတ်ခမ်းများ တွန့်ကွေးလာသည်။
“မမသာ ဒီမှာရှိရင် သူ့ကိုလွှတ်ပြီး စွမ်းရည်ပိုင်ရှင်တစ်ဦးနဲ့ ပြန်လာခဲ့လို့ ပြောနိုင်မှာ.. အဲဒီလိုဆိုရင် သားစားချင်တာ မှန်သမျှ စားနိုင်ပြီ..”
*လျှိုမိန်ကျွမ့်နှင့် လင်းကောဟိုင်တို့သည် ထိုစကားအား ကြားသည့်အခါ မျက်လုံးများ အရောင်မှိန်သွားကြသည်။ လျှိုမိန်ကျွမ့် မျက်လုံးထောင့်ရှိ မျက်ရည်စများအား လက်ဖြင့်သုတ်လိုက်သည်။
***
အခြားတစ်ဘက်တွင်မူ။ ဝူယိစခန်း၏ ဝင်ပေါက်၌ လူအုပ်ကြီးမှာ စခန်းမှ တာဝန်ရှိသူ၏ တစ်ယောက်ချင်း စစ်ဆေးမှု ခံယူရန် တန်းစီလျက်ရှိနေကြသည်။
ဒဏ်ရာရထားခြင်း မရှိကြောင်း အတည်ပြုပြီးမှသာလျှင် စခန်းအတွင်းသို့ ဝင်ခွင့်ရှိမည် ဖြစ်သည်။
လင်းမုန့်ဖေးသည် ကြီးမားခိုင်ခံ့သည့် မြို့တံတိုင်းအား မော့ကြည့်လိုက်သည်။ အိပ်မက်ထဲမှ နိုးထခြင်းမရှိသေးဟု ထင်မှတ်နေမိသည်။ မျက်လုံးမှ မျက်ရည်များ တသွင်သွင် စီးကျလာသည်။
——နောက်ဆုံးတော့ လုံခြုံသွားပြီလေ..
စစ်ဆေးမှု ပြီးဆုံးသွားသည့်အခါ အဖွဲ့သည် စခန်းအတွင်းသို့ ချောချောမွေ့မွေ့ ဝင်ရောက်သွားနိုင်ခဲ့ကြသည်။ လူတစ်ဦးသည် သူတို့အား စခန်းမှ စည်းမျဉ်းစည်းကမ်းများနှင့် အကျွမ်းဝင်ရင်းနှီးလာစေရန် ဦးဆောင်ခေါ်သွားလေသည်။
ယနေ့ည အကျဉ်းစခန်း၌ နေရမည်ဟူသည့်အပြင် အကျဉ်းစခန်းထဲရှိ အခြေအနေမှာလည်း ဆိုးဝါးနေသည်ကို မြင်သည့်အခါ လျှိုကန်း ရုတ်တရက် ဒေါသထွက်လာမိသည်။
“ငါက စောက်စွမ်းရည်ပိုင်ရှင်ကွ.. ဒါက စွမ်းရည်ပိုင်ရှင်တွေကို ဆက်ဆံတဲ့ပုံလား..”
လျှိုကန်း၏မျက်နှာမှာ စိုးရိမ်စိတ် မရှိဘဲ သူတို့အား ခေါ်ဆောင်လာခဲ့သူကို လက်ဖြင့်တွန်းလိုက်သည်။
တာဝန်ရှိသူမှာ သာမန်လူတစ်ဦး ဖြစ်သည်။ လျှိုကန်းထံမှ နှစ်ကြိမ်တွန်းခံလိုက်ရပြီးနောက် မြေပြင်ပေါ်သို့ ထိုင်လျက်ကျသွားသည်။ စိတ်အခြေအနေမှာလည်း ရုတ်တရက် မသာယာတော့ချေ။
“လူတိုင်း ဒီလိုပဲ.. စခန်းထဲမှာရှိတဲ့ စွမ်းရည်ပိုင်ရှင် အများစုက အခုထိ အိမ်တစ်လုံးတောင် မရသေးဘူး.. နေရာကောင်းမှာ နေချင်တယ်ဆိုရင် အမှတ်တွေစုပြီး လဲလိုက်လေ.. မင်းတို့ကို ၃ ရက် ရိက္ခာထောက်ပံ့ပေးတာကိုက အရမ်းကို ရက်ရောနေပြီ.. စခန်းမှာ နေချင်တယ်ဆိုရင် အပြင်ထွက်ပြီး ရိက္ခာနဲ့ ဇွန်ဘီအမြုတေ ရှာလေ.. ပြီးရင် ရလာတဲ့ တစ်ဝက်ကို စခန်းကို ပြန်အပ်ရမယ်..”
“ဘယ်လိုတောင် စောက်ရေးမပါတဲ့ စည်းမျဉ်းတွေလဲ..”
လျှိုကန်း ရင်ထဲ မီးတစ်စ မျိုချလိုက်သလို ခံစားရလေသည်။ လက်သီးဆုပ်ကာ ထိုးနှက်ဖို့ ပြင်သော်လည်း သူ၏ လက်သီးချက်မှာ မမြင်နိုင်သည့် အကာအကွယ်တစ်ခု၏ ရုတ်တရက်တားဆီးခံလိုက်ရသည်။
တာဝန်ရှိသူ မျက်လုံးများ ဖွင့်လိုက်ပြီး လျှိုကန်း၏အနောက်မှ လာနေသည့် လူများကို မြင်သည့်အခါ ချက်ချင်းပင် အံ့ဩတကြီး အော်ဟစ်လိုက်မိသည်။
“ဘော့စ်ဝူ.. မစ္စရှောင်ယွီ..”
ဝူဝမ်ချီနှင့် ဝူဝမ်ယွီတို့မှာ စခန်းသို့ လှည့်လည်နေစဉ် ဤကဲ့သို့သော အဖြစ်အပျက်နှင့် ရင်ဆိုင်တွေ့မည်ဟု မျှော်လင့်မထားချေ။ လျှိုကန်း၏ အမူအရာမှာလည်း မကောင်းဘဲ ဖျက်လိုဖျက်ဆီးဟန် ရှိနေသည်။ စခန်းသို့ လာရောက်ခိုလှုံသူ များပြားလာသည်နှင့်အမျှ လူအမျိုးမျိုးလည်း တွေ့လာရသည်။
ဝူဝမ်ယွီသည် လျှိုကန်းကို ကြည့်လိုက်ပြီးနောက် တာဝန်ရှိသူအား အေးစက်စွာ ပြောလိုက်သည်။
“စခန်းထဲမှာ တစ်စုံတစ်ယောက်ကို နာကျင်အောင်လုပ်တယ်ပေါ့.. သူ့ဆီက ၁၀ မှတ် နုတ်လိုက်..”
“ဟုတ်ကဲ့..”
တာဝန်ရှိသူသည် နှောင့်နှေးခြင်းမရှိဘဲ တက်ကြွစွာ ပြန်ဖြေသည်။ တစ်ပြိုင်နက်တည်းမှာပင် သူ၏ ခံစားချက်များမှာလည်း လျော့ကျသွားသည်။ ထိုလူနှစ်ဦးသာ ရှိနေမည်ဆိုလျှင် မည်သူက စိတ်လိုက်မာန်ပါ ပြုလုပ်ရဲမည်နည်း။
လျှိုကန်းမှာ ခွေးမလေးထံမှ ဤသို့ မျက်နှာဖြတ်ရိုက်ခံလိုက်ရသဖြင့် ရုတ်တရက် မျက်နှာပျက်သွားရသည်။ စကားပြောမည် ပြင်စဉ်မှာပင် တစ်ဖက်လူ၏ အနောက်တွင်ရှိသော သန်သန်မာမာ အမျိုးသား၏ အေးစက်စက် မျက်လုံးများဖြင့် စိုက်ကြည့်ခံလိုက်ရသည်။
“မင်းက စည်းကမ်းတွေကို မလိုက်နာနိုင်ဘူးဆိုရင် ငါ မင်းကို စခန်းအပြင် ကန်ထုတ်ပစ်လို့ရတယ်..”
လျှိုကန်းနှင့်အဖွဲ့မှာ ကြောက်ရွံ့မှုကြောင့် ချက်ချင်း တိတ်ဆိတ်သွားပြီး ဤကဲ့သို့သော အခြေအနေမျိုးတွင် ပါးစပ်ဟဖို့ရန် မရဲကြချေ။ ပတ်ဝန်းကျင်ရှိ လူများမှာ ဤလူနှစ်ဦး ထွက်သွားသည်ကို လေးစားနှစ်လိုမှုဖြင့် ကြည့်နေသည်ကိုသာ ကူကယ်ရာမဲ့စွာဖြင့် ကြည့်လိုက်ကြလေသည်။
ထိုမောင်နှစ်မ၏ စကားများကို အဝေးမှပင် ကြားနေရသည်။
“အခုနက ကော အရမ်းကို ခံ့ညားနေရောပဲနော်..”
“ရူးတူးတူးနဲ့..”
အဝေးတွင် မတ်တတ်ရပ်နေသည့် လင်းမုန့်ဖေး၏ အကြည့်များမှာ ဝူဝမ်ယွီနှင့် ဝူဝမ်ချီတို့၏ နောက်ကျောတွင်သာ ကပ်ငြိနေလေသည်။
ဝူဝမ်ယွီမှာ အံ့အားသင့်ဖွယ် ကောင်းရလောက်အောင် အသက်ရှင်နေလိမ့်မည်ဟု သူမ တွေးမထားခဲ့ပေ။ သူမသည် အသက်ရှင်နေရုံမျှ မကသေးဘဲ သူမအား သည်းသည်းလှုပ်နေသည့် အစ်ကိုဖြစ်သူကို ရှာတွေ့ခဲ့သည့်အပြင် ဤစခန်း၏ အဓိကလူတစ်ဦးလည်း ဖြစ်နေသေးသည်။
လင်းမုန့်ဖေးသည် မိတ်ကပ်ထူလပျစ်နှင့် လွန်လွန်ကျူးကျူး ဝတ်ဆင်ထားသည့် သူမကိုယ်သူမ ပြန်ကြည့်လိုက်သည်။ သူမ၏ အသွင်အပြင်မှာ နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့စဉ်ကနှင့် များစွာပြောင်းလဲသွားပြီ ဖြစ်သည်။ သူမ၏ ရင်ထဲတွင် မနာလိုမှုများ တောက်လောင်လာပြီး မုန်းတီးစွာ အံကြိတ်လိုက်သည်။
ဘာကိစ္စနဲ့ ဝူဝမ်ယွီက အရမ်းကံကောင်းနေတာလဲ..
ကျန်းဝမ်ကျွင်းသည်လည်း ဝူဝမ်ယွီ၏ နောက်ကျောအား ကြောင်အစွာ စိုက်ကြည့်နေမိသည်။ အပြစ်ရှိစိတ်ကြောင့် ရင်ထဲတင်းကြပ်ကာ မျက်ရည်များ ရစ်ဝဲလာလေသည်။
ကျန်းဝမ်ကျွင်း ခေါင်းမော့ကာ လင်းမုန့်ဖေးအား မကျေနပ်ချက်များ ပြည့်နေသည့် မျက်လုံးများဖြင့် ကြည့်လိုက်သည်။
***
ထိုအချိန်တွင် ဝူယိလေးတို့အဖွဲ့သည် နံနက်စောစောမှာပင် စတင်ထွက်ခွာလာကြပြီး ဟိုင်ချန်သို့ ခရီးဆက်ကြသည်။
ထရပ်ကားပေါ်တွင် ရှောင်ဝူယိသည် ကျစ်ဟွေ့ကွမ်၏ နူးညံ့သည့် အမွေးများပေါ်တွင် လဲလျောင်းနေပြီး သူ၏ဖုန်းထဲရှိ ဂိမ်းများအား ဆော့ကစားနေရင်း နျဲ့ရှောင်းအား ခဏတိုင်း ကြည့်နေလေသည်။
“ဒယ်ဒီက အခု ပေါင်ပေါင်းနဲ့ ချစ်ဖို့ စဉ်းစားနေတာလားဟင်..”
ဤနံနက် နိုးလာချိန်မှစကာ ကောင်ငယ်လေးသည် မကြာခဏ ဤသို့မေးနေသဖြင့် နျဲ့ရှောင်အား လုံးလုံးလျားလျား မသက်မသာဖြစ်စေသည်။
နျဲ့ရှောင် : “…” ငါ့အတွက် အရမ်းခက်ခဲတယ်ကွ..
ကျန်းချိုး၊ သွမ့်ဝမ်ယွီနှင့် အခြားသူများမှာ မျက်လုံးများမှိတ်လျက်ရှိကြသည်။ ကားပေါ်တွင် မတုန်မလှုပ် ခပ်ငြိမ်ငြိမ်ထိုင်ကာ စွမ်းအင်ဖြည့်တင်းနေကြခြင်းပင်။ ကောင်ငယ်လေး၏ စကားကို ကြားသည့်အခါ သူတို့အားလုံး ချက်ချင်း စိတ်တက်ကြွလာကြပြီး နားစွင့်လိုက်ကြသည်။
ထရပ်တစ်စီးလုံးမှာ နားလည်ရခက်လောက်အောင် အလွန်အမင်း တိတ်ဆိတ်သွားလေသည်။
ခြေလှမ်းတိုင်းတွင် သူ၏ပေါင်ပေါင်း၏ ဖိနှိပ်ခြင်းကို ခံနေရသဖြင့် နျဲ့ရှောင် နဖူးကိုသာ လက်ဖြင့်အုပ်လိုက်မိသည်။ တိတ်တဆိတ် မျက်လုံးပင့်ကြည့်သည့်အခါ ရှောင်ဝူယိ၏ မျက်လုံးတောက်တောက်လေးများဖြင့် ဆုံလေသည်။
နျဲ့ရှောင်မှာ အချိန်တစ်ခုကြာအောင် ဆွံ့အသွားမိသည်။
“ဒယ်ဒီ..”
သို့သော်လည်း ရုတ်တရက်ဆိုသလို နျဲ့ရှောင် အကြံတစ်ခု ပေါ်လာသည်။ ချက်ချင်းပင် အလေးအနက်ထားကာ ရှောင်ဝူယိအား အလွန်စိတ်အားထက်သန်စွာဖြင့် ကြည့်လိုက်သည်။
“တကယ်တော့ ဒယ်ဒီက မိန်းမတွေကိုပဲ ကြိုက်တာ ပေါင်ပေါင်းရဲ့..”
ထရပ်ကားပေါ်ရှိလူတိုင်း : “…” လူလိမ်..
သို့သော်လည်း ချစ်စဖွယ်ကောင်လေး ရှောင်ဝူယိမှာ နျဲ့ရှောင်၏စကားကို ယုံကြည်သွားလေသည်။ ရှောင်ဝူယိသည် နျဲ့ရှောင်၏ လေးနက်နက် အမူအရာကို ကြည့်ပြီးနောက် မျက်လုံးထဲတွင် ရုတ်တရက် မျက်ရည်စများ ရစ်သီလာပြီး အော်ဟစ်ငိုကြွေးတော့သည်။
“အူးဝူးဝူး.. ပေါင်ပေါင်း မိထွေးမလိုချင်ဘူးလို့..”
ရှောင်ဝူယိသည် နျဲ့ရှောင်၏ လက်မောင်းအား လက်နှစ်ဖက်ဖြင့် ချိတ်တွယ်လိုက်ပြီး ဝမ်းနည်းနေလေသည်။ သူ၏ဖုန်းကိုလည်း ဂရုမစိုက်တော့ချေ။ နျဲ့ရှောင်၏ လက်ပင်းကိုသာ ဖက်ထားပြီး ထွက်သွားခွင့်မပေးချေ။
သနားစဖွယ်ကောင်းလှသည်။
ကောင်ငယ်လေး၏ တုံ့ပြန်မှုမှာ ထိုမျှလောက် ကြီးမားလိမ့်မည်ဟု နျဲ့ရှောင် မျှော်လင့်မထားချေ။ ချက်ချင်းပင်သူ၏နှလုံးသားက နာကျင်စူးနင့်လာသည်။ ဝမ်းနည်းတကြီး ကျဆင်းနေသည့် မျက်ရည်များကြောင့် ရင်ဘတ်အား ဓားဖြင့် ထိုးစိုက်နေသလိုပင်။
နျဲ့ရှောင် ရုတ်တရက်ဆိုသလို နှလုံးသား ကတုန်ကယင် ဖြစ်လာသည်။
ပတ်ပတ်လည်မှု ရှုတ်ချသည့် အကြည့်များမှာ နျဲ့ရှောင်အား ထိုးဖောက်လုမတတ် ဖြစ်လာပြီး သူ၏ခေါင်းပေါ်တွင် “ဆန်ကုန်မြေလေး” ဟု ရေးထိုးထားသလိုပင်။
“လိမ္မာတဲ့ ရှောင်ဝူယိလေး ကျဲကျဲဆီလာနော်.. အဲဒီ ညစ်ပတ်တဲ့ မင်းရဲ့ဒယ်ဒီကို မေ့ပစ်လိုက်..”
ရှောင်ယန်သည် ဝူယိလေး၏ သွင်ပြင်အား မြင်ရသည့်အခါ ဝမ်းနည်းနာကျင်လာသဖြင့် နျဲ့ရှောင်အား ဒေါသတကြီး ကြည့်လိုက်သည်။
နျဲ့ရှောင်သည် ကောင်ငယ်လေးမှာ သူ့အားတွန်းလွှတ်ကာ အဝေးသို့ သွားတော့မည်ကို ခံစားမိသဖြင့် ထွက်သွား၍မရအောင် သူ၏လက်မောင်းများဖြင့် တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်သည်။ စက္ကန့်ပိုင်းလေး အတွင်းမှာပင် သူ၏ကံကြမ္မာကို လက်ခံလိုက်ရတော့သည်။
“လိမ္မာနော်.. မငိုပါနဲ့.. ဒယ်ဒီက ပေါင်ပေါင်းအတွက် မိထွေးမရှာပါဘူးကွာ..”
“တကယ်လား ဟင်..”
ကောင်ငယ်လေး ခေါင်းမော့လိုက်သော်လည်း မျက်ရည်စများ ရှိနေဆဲပင်။ သံသယတစ်ဝက်ဖြင့် ပြောလာသည်။
“ဒါပေမဲ့ ဒယ်ဒီပဲ မိန်းကလေးတွေကို သဘောကျတာလို့ ပြောခဲ့ပြီးတော့..”
ထိုသို့ပြောရင်း ရှောင်ဝူယိမှာ ထပ်မံ ငိုချင်လာပုံရသည်။
“ဒယ်ဒီ လိမ်လိုက်တာ..”
နျဲ့ရှောင်သည် ကူကယ်ရာမဲ့စွာဖြင့် ကောင်ငယ်လေး၏ ဆံနွယ်နုနုလေးများအား အသာပွတ်လိုက်ပြီးနောက် သူ၏ ကံကြမ္မာအား လက်ခံလိုက်တော့သည်။ သို့သော်လည်း စိတ်ထဲတွင်မူ ဝန်ထုပ်တစ်ခု လျော့ကျသွားသကဲ့သို့ပင်။
ဆယ်ကျော်သက်ကောင်ငယ်လေးသည် သူ့အား အမှန်တကယ် အလဲထိုးနိုင်ခဲ့ကြောင်း ဝန်ခံရပေမည်။
“ဒယ်ဒီလည်း ချုံပေါင်ကို သဘောကျတယ်..”
နျဲ့ရှောင် သေသေချာချာ စဉ်းစားပြီးပြီ ဖြစ်သည်။ သူ့ဘဝတွင် သူ့အရှေ့၌ ရှိနေသည့် ဤကောင်ငယ်လေးမှအပ အခြားသူများနှင့် အတူရှိဖို့ရန် မဖြစ်နိုင်ပေ။ ရှင်းရှင်းလင်းလင်း စဉ်းစားပြီးနောက်တွင် သူပြောလိုက်သည့်စားနှင့် ပတ်သက်၍ စိတ်လက်ပေါ့ပါးလာသည်။
ထိုသို့ပြောပြီးနောက် နျဲ့ရှောင်သည် လက်ဦးမှုယူပြီး ကောင်ငယ်လေး၏ ပါးပြင်အား နမ်းလိုက်သည်။ ချက်ချင်း ပြောင်းလဲသွားသည့် သဘောထားကြောင့် ကားပေါ်ရှိ လူများမှာ ရုတ်တရက် မျက်စိကန်းလုမတတ်ပင်။
မင်း နည်းနည်းလောက်ပိုပြီး ငြင်းဆန်နေသင့်တာ မဟုတ်ဘူးလား.. ပြောင်းလဲတတ်ပြီး သတ္တိမရှိတဲ့ကောင်..
ေစာက်ရေးထဲမှ.. ဒီဟမ်းစတားစာက အရမ်းရွံစရာကောင်းတယ်..
ကောင်ငယ်လေးမှာ အချိန်တစ်ခု ကြာသည့်တိုင်အောင် မတုံ့ပြန်နိုင်ပေ။ မျက်ရည်စများဖြင့် နျဲ့ရှောင်အား ကြောင်အအလေး စိုက်ကြည့်ပြီးနောက်တွင် ရူးကြောင်ကြောင်လေး ပြုံးလာသည်။ သူ၏ ပါးချိုင့်သေးသေးလေး နှစ်ခုမှာ မယှဉ်သာလောက်အောင် ချစ်စဖွယ်ကောင်းလှသည်။
ရှက်ရွံ့နီမြန်းနေသည့် မျက်နှာလေးဖြင့် ပြောလာသည်မှာ _“ပေါင်ပေါင်း ဒယ်ဒီ့အပေါ် ကောင်းကောင်းဆက်ဆံမှာပါ..”
🐹🐹🐹🐹🐹
စာရေးသူမှာ ပြောစရာရှိပါတယ်_ ဒယ်ဒီနျဲ့က နောက်ဆုံးတော့ စိတ်နဲ့ကိုယ် တစ်သားတည်း ကျသွားပါပြီ.. ဂုဏ်ယူပါတယ်..
Xena : ဟူး.. ပန်းသီးက ဘယ်တော့မှ အပင်နဲ့ ဝေးဝေးမှာ မကြွေဘူးပဲ..
Koi : ကျန်းချိုးကတော့ ဒီအကြောင်းကို တစ်သက်လုံး ပြောနေတော့မှာ..