အပိုင်း ၄၃
Viewers 8k


🐹 အခန်း ၄၃

ဝူယိလေး၏ ခရီးဆောင်ဗီလာ 

 



နျဲ့ရှောင်တို့သည် သူတို့၏ ခရီးစဉ်တွင် အသက်ရှင်သန်သူအချို့နှင့် တွေ့ဆုံရနိုင်ချေရှိသည်ဟု မျှော်လင့်ထားပြီး ဖြစ်သော်လည်း ဤမျှလောက် မြန်ဆန်စွာ ကြုံတွေ့ရမည်ဟု မမျှော်လင့်မိချေ။ အလွန်သနားစဖွယ်ကောင်းစွာ တောင်းပန်တိုးလျှိုးလျက်ရှိသည့် သာမန်လူ ၅ ဦးနှင့် ရင်ဆိုင်ရသည့်အခါ နျဲ့ရှောင်တို့ မျက်မှောင်ကြုတ်သွားမိသည်။


“မင်းတို့ကို ငါနဲ့အတူ ခေါ်မသွားနိုင်ဘူး.. ငါတို့ရဲ့ ဦးတည်ချက်က ဟိုင်ချန်ပဲ.. ခရီးက ရှည်လျားပြီး ခက်ခဲတယ်.. မင်းတို့ရဲ့ လုံခြုံမှုအတွက် အာမခံချက် မပေးနိုင်ဘူး..”


နျဲ့ရှောင်သည် အမှန်အတိုင်းပြောကာ တိုက်ရိုက်ပင် ငြင်းဆန်လိုက်သည်။


လင်းကောဟိုင်နှင့်အတူ ပါလာကြသူများသည် ထိုစကားအား ကြားသည့်အခါ ချက်ချင်းပင် ကြက်သေသေသွားကြသည်။ *ဟိုင်ချန်နှင့် ဖုန်းချန်မှာ မိုင်ပေါင်းများစွာ ကွာဝေးပြီး လမ်းတစ်လျှောက် မည်သည့်အရာများနှင့် ကြုံတွေ့ရနိုင်ကြောင်း မသိနိုင်ချေ။


“အဲဒါဆို ကျွန်တော်တို့ ဘာလုပ်ရမလဲ..”


လူငယ် ၂ ဦးသည် ရုတ်တရက်ဆိုသလို သူတို့၏ ဦးခေါင်းများအား ကိုင်ကာ စိတ်ဖိစီးစွာဖြင့် ဆောင့်ကြောင့်ထိုင်လိုက်ကြသည်။ သူတို့၏ ပေါင်လုံးများအားဖက်ကာ ခါးသီးမှုနွံမှ ရုန်းထွက်နိုင်တော့မည်ဟု ထင်ခဲ့မိကြသော်လည်း သူတို့၏ နေ့ရက်များအား ယခင်အတိုင်း ကျီးလန့်စာစားဘဝနှင့် ဆက်လက်ကုန်ဆုံးကြရလိမ့်မည်ဟု မည်သူက သိထားမည်နည်း။


ဤကမ္ဘာပျက်ကပ်ကြီး မည်သည့်အချိန်မှ အဆုံးသတ်နိုင်မည်နည်း။ မည်သည့်အချိန်မှ ငြိမ်းချမ်းစွာ အိပ်စက်နိုင်မည်နည်း။


လင်းကောဟိုင်တို့ မိသားစုမှာလည်း စက္ကူစကဲ့သို့ ဖြူဖျော့နေပြီး နောက်ကျောပုံလျက်သားကျကာ စိတ်ပျက်အားလျော့သွားကြသည်။


ထိုအဖြစ်အပျက်အား မြင်သည့်အခါ ကျန်းချိုး နှုတ်ခမ်းများ တွန့်ကွေးပြီးနောက် ပြောလေသည်။


“မင်းတို့အားလုံးက ခြေအစုံ လက်အစုံနဲ့ ရက်တွေအများကြီး ရှင်သန်လာနိုင်ခဲ့ပြီးမှ ဒီလောက်လေးနဲ့ ကြောက်ရွံ့သွားကြတယ်ပေါ့.. ကျွတ်.. လောင်ဇီက မင်းတို့ကို လမ်းတစ်ခု ညွှန်ပေးနိုင်တယ်.. ဖုန်းချန်ရဲ့ အနောက်ဘက် တောင်ကုန်းတွေပေါ်က ဗီလာဝင်းထဲမှာ အခု အခြေစိုက်စခန်းတစ်ခု တည်ထောင်ထားပြီးပြီ.. ငါတို့က အဲဒီက လာကြတာပဲ.. ဒီကနေဆို မင်းတို့ ကားမောင်းသွားရင် နေ့တစ်ဝက်လောက်နဲ့ ရောက်နိုင်တယ်..”


ထိုစကားများအား ကြားသည့်အခါ လင်းကောဟိုင်၏အဖွဲ့ ရုတ်တရက် ထိတ်လန့်သွားကြသည်။ မျှော်လင့်ချက်နှင့် စိတ်လှုပ်ရှားမှုတို့ ပြည့်နေသည့် မျက်နှာများဖြင့် ခေါင်းမော့ကြည့်လိုက်ကြသည်။ 


“တကယ်ပဲလား..”


“မင်းပြောကြည့်လေ..”


ကျန်းချိုး မျက်လုံးလှိမ့်ကာ မိုးကုပ်စက်ဝိုင်းအား ကြည့်လိုက်သည်။


“မင်းတို့ဘာသာ ကားတစ်စီးရှာပြီး လူနည်းတဲ့နေရာက သွားမယ်ဆိုရင် မမှောင်ခင် စခန်းကို ရောက်နိုင်တယ်..”


“သွားမယ်.. ကျွန်တော်တို့သွားမယ်..”


လင်းကောဟိုင်တို့အဖွဲ့သည် စိတ်လှုပ်ရှားစွာဖြင့် မျက်ရည်များ သုတ်လိုက်ကြသည်။ ဝတုတ်အား နျဲ့ရှောင်တို့အဖွဲ့နှင့် ခေတ္တထားခဲ့ပြီးနောက် လမ်းပေါ်တွင် ကားရှာထွက်ကြသည်။ နျဲ့ရှောင်တို့အဖွဲ့အား နောက်တစ်ဖန် နှောင့်နှေးစေလိုသည့်ဆန္ဒ အနည်းငယ်မျှပင် မရှိကြချေ။


ခန့်မှန်းလို့မရနိုင်သည့် ဟိုင်ချန်သို့ သွားရာလမ်းနှင့် နှိုင်းယှဉ်မည်ဆိုလျှင် အနီးအနားရှိ အခြေစိုက်စခန်းမှာ တည်ငြိမ်မှုပေးလေသည်။


များမကြာမီတွင် လူ ၄ ဦးသည် ကားနှစ်စီးနှင့် ပြန်ရောက်လာကြသည်။ ကမ္ဘာပျက်ကပ်အတွင်း လမ်းမပေါ်တွင် အပေါများဆုံးမှာ ထိုကားများပင်။


ပိုင်မေ့သည် ထိုအဖွဲ့အား ဓာတ်ဆီတစ်ပုံး ပေးလိုက်ပြီးနောက် ကိုယ့်လမ်းကိုယ် ဆက်ကြလေသည်။


လင်းကောဟိုင်တို့အဖွဲ့၏ ကားများ ထွက်ခွာသွားသည်ကိုကြည့်ရင် နင်ဖုန်း သက်ပြင်းချလိုက်ပြီးနောက် ပြောလေသည်။


“ဆက်သွယ်ရေးကွန်ယက် ပိုကောင်းလာရင် ကောင်းမှာပဲ.. အခြေစိုက်စခန်း ရှိတဲ့နေရာကို ကြေညာလိုက်တာနဲ့ လူတွေက သူတို့ဘာသာ ရှာဖွေလာနိုင်ကြလိမ့်မယ်.. အခုထိ အသက်ရှင်နေကြတယ်ဆိုမှတော့ သေချာပေါက် လိုအပ်တဲ့ စွမ်းရည်နဲ့ ရဲရင့်မှု ရှိနေမှာ ပြောစရာ မလိုတော့ဘူး..”


သွမ့်ဝမ်ယွီသည် နင်ဖုန်း၏ခေါင်းအား ပွတ်လိုက်သည်။


“မကြာခင် ဆက်သွယ်ရေးပိုတိုးတက်လာမှာပါ.. အဲဒီအအချိန်ကျရင် ပိုများတဲ့လူတွေက အခြေစိုက်စခန်းတွေ ရှိနေတာကို သိလာလိမ့်မယ်..”


***


ထိုအချိန်တွင် ဝူယိစခန်းရှိရာသို့ သွားနေသည့် အခြားအဖွဲ့တစ်ခုလည်း ရှိလေသည်။ အခြေစိုက်စခန်း၏ သတင်းအား မည်သည့်နေရာမှ ရရှိလာသည်ကိုမူ မသိရချေ။


ထိုအဖွဲ့အား ဦးဆောင်လာသူမှာ မလုံ့တလုံ ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးအား ပွေ့ဖက်ထားသော လူဝကြီးတစ်ဦးဖြစ်သည်။ ထိုအမျိုးသမီးသည် ထိုလူ၏ လက်မောင်းအား ရေမြွေတစ်ကောင်ကဲ့သို့ ဖက်တွယ်ထားလေသည်။


“ရှောင်ဖေးရေ.. စခန်းကိုရောက်တဲ့အထိ စောင့်ဦးနော်.. အဲတော့မှ အစ်ကိုက အရသာရှိတဲ့ အစားအသောက်တွေ ယူပေးမယ်..”


ထိုအဝလွန်အဆီပိတ်နေသည့်လူမှာ လင်းမုန့်ဖေး၏ ပါးအား နမ်းလိုက်သည်။ သူ၏လက်အား ဝှေ့ယမ်းလိုက်သည်နှင့် အဝေးတွင်ရှိသည့် ဇွန်ဘီများမှာ ဆီပူပူဖြင့် လောင်းချခံလိုက်ရပြီး ရုပ်ပျက်သည်အထိ လောင်ကျွမ်းသွားကြသည်။


“အစ်ကိုကန်းက အရမ်းကြင်နာတတ်တာပဲ..”


လင်းမုန့်ဖေးသည် သူမစိတ်ထဲရှိ ပျို့အန်ချင်စိတ်အား ဖိနှိပ်သည်းခံရင်း လျှိုကန်း၏ အဆီပိတ်နေသည့် မျက်နှာအား ကြည့်လိုက်သည်။ သူမ၏ အသံမှာ မူဟန်ပိုကာ နူးညံ့လို့နေသည်။


သူတို့နှင့်အတူ လိုက်ပါလာကြသူများမှာ ထိုမြင်ကွင်းအား နေသားကျနှင့်ပြီး ဖြစ်သည်။ ထိုနှစ်ဦးမှာ လိုက်ဖက်ခြင်း မရှိသော်လည်း ထိုအခြင်းအရာအား သဘောတူလက်ခံထားကြသည်။ သို့သော်လည်း အနောက်ခပ်လှမ်းလှမ်းမှ လိုက်ပါလာသည့် ကောင်လေးတစ်ဦးမှာမူ အရှေ့တွင်ရှိသည့် လူနှစ်ယောက်အား မုန်းတီးမှုအပြည့်ရှိသည့် မျက်လုံးများဖြင့် ကြည့်နေလေသည်။


ကျန်းဝမ်ကျွင်းသည် လေးလံသည့် အထုပ်အပိုးများအား သယ်ဆောင်ရင်း မျက်လုံးထဲတွင် မုန်းတီးမှုနှင့် သရော်လှောင်ပြောင်မှုအပြည့် ရှိနေလေသည်။ သူ၏ ပိန်ပါးသည့် ပုခုံးများမှာ ပစ္စည်းအလေးချိန်ကြောင့် အချိန်မရွေး လဲကျသွားနိုင်ပုံရသည်။


များမကြာမီတွင် အရှေ့မှ သူ့အား အော်ဟစ်သံ ထွက်‌ပေါ်လာသည်။


“အမှိုက်ကောင်.. မြန်မြန်လာစမ်း..”


***


ညအချိန်။ နျဲ့ရှောင်တို့အဖွဲ့သည် ထရပ်ကားပေါ်တွင် အိပ်ရာအိတ်များဖြင့် အိပ်စက်အနားယူရန် အသင့်ဖြစ်နေကြသည်။ နျဲ့ရှောင်သည် ဝူယိ၏ နေရာလွတ်ထဲရှိ ဗီလာအား လုံးလုံးလျားလျား မေ့လျော့နေခဲ့သည်။


ဟင်းလင်းပြင်တွင် ဗီလာကြီးတစ်ခု ထွက်ပေါ်လာသည်ကို မြင်တွေ့ရသည့်အခါ နင်ဖုန်းနှင့် အခြားသူများမှာ ဒူးထောက်ကျသွားမတတ်ပင်။


“အလုပ်သမားလေးကတော့ တကယ့်ကို အဖိုးတန်လေးပဲ..”


နင်ဖုန်းသည် ဗီလာအားကြည့်ရင်း ကောင်ငယ်လေး၏ လည်ပင်းအားဖက်ကာ နှစ်ကြိမ်ခန့် အနမ်းပေးချင်သွားမိသည်။


“ဝူယိနော်.. အလုပ်သမားလေး လုံးဝကို မဟုတ်ဘူး..”


ဟမ်းစတားလေး ချက်ချင်းပင် ဒေါသတကြီး ဖြစ်လာသည်။


အကောင်ပေါက်လေးထံမှ ဤကဲ့သို့ ကြီးကြီးမားမား တုံ့ပြန်မှုမျိုး ရရှိလိမ့်မည်ဟု နျဲ့ရှောင် ထင်မှတ်မထားမိချေ။ ကူကယ်ရာမဲ့စွာ၊ သည်းသည်းလှုပ် ချစ်မြတ်နိုးစွာ ပြုံးလိုက်သည်။ ဤသည်မှာ အစစ်အမှန် အားလပ်ရက်တစ်ခုနှင့် တူလာသည်။ 


“လူတိုင်း ငါနဲ့ ဒယ်ဒီ့ရဲ့အိမ်မှာ‌ နေလို့ရတယ်.. ဒါပေမဲ့ ဇွန်ဘီတွေက အိမ်ကို ညစ်ပတ်အောင် လုပ်တာတို့ ဖျက်ဆီးတာတို့ကို လုံးဝ ခွင့်ပြုလို့မရဘူးနော်..”


ရှောင်ဝူယိသည် လူတိုင်းအား ပြင်းပြင်းထန်ထန် စိုက်ကြည့်ပြီးနောက် လွယ်ကူသည့် တောင်းဆိုမှုလေးအား ပြောလိုက်သည်။


ကျန်းချိုးသည် ပတ်ဝန်းကျင်ရှိ သတ္တုများအား ဆွဲငယ်လိုက်ပြီးနောက် ဗီလာပတ်လည်တွင် သံတံတိုင်းတစ်ခုအဖြစ် ပြောင်းလဲကာရံလိုက်သည်။ ထို့ကြောင့် ညစ်ပေပျက်စီးမည်ကို စိုးရိမ်ဖို့ရန် မလိုတော့ချေ။


ကျန်းချိုးသည် လက်နှစ်ဖက်အား အချင်းချင်းပွတ်တိုက်ကာ သန့်စင်လိုက်သည်။


“ဒီလိုဆို မဆိုးဘူးမဟုတ်လား.. လောင်ဇီက ဝူဝမ်ချီလောက်တော့ မဆိုးပါဘူးကွာ..”


“ကျန်းချိုးချိုးက အရမ်းအံ့ဩဖို့ကောင်းတာပဲ..”


ကောင်ငယ်လေးများ လက်ခုပ်နှစ်ဖက်အား နီရဲနေအောင် တီးလုနီးနီးပင်။


ကျန်းချိုးသည် ဂုဏ်ယူဝံ့ကြွားစွာဖြင့် ခေါင်းမော့လိုက်သည်။ 


သံဖြင့်ပြုလုပ်ထားသည့် ခြံဝင်းတံတိုင်းအားကြည့်ကာ ရှောင်ဝူယိသည် နောက်တစ်နေ့ နံနက်တွင် ထိုအရာများကိုပါ နေရာလွတ်ထဲသို့ ယူဆောင်သွားဖို့ရန် တွေးမိလိုက်သည်။ 


အာ.. အရင်းအမြစ်တွေကို မပြုန်းတီးအောင်ပါ.. (˶ •‌◡•‌ ˶)


ပိုင်မေ့သည် ဗီလာကြီးအား ကြည့်ပြီးနောက် ပျော်ရွှင်တက်ကြွနေသည့် ရှောင်ဝူယိအား ကြည့်လိုက်သည်။ ကောင်ငယ်လေး၏ နေရာလွတ် အရွယ်အစားမှာ သူ၏ နားလည်ထားမှုအား နောက်တစ်ဖန် ဉာဏ်ပွင့်သွားစေပြန်သည်။


လူတိုင်း ပျော်ရွှင်စွာဖြင့် ဗီလာတွင်းသို့ ဝင်သွားကြပြီး ပိုင်မေ့သည် ထရပ်ကားအား သိမ်းဆည်းလိုက်သည်။


ဗီလာအတွင်းသို့ ဝင်ပြီးနောက် လူတိုင်းသည် နျဲ့ရှောင်နှင့် ဟမ်းစတားလေး၏အိမ်အား လှည့်ပတ်ကြည့်ရှုကြပြီး အနားယူရန် အဆင်ပြေသည့်အခန်းများအား ရွေးလိုက်ကြသည်။


“‌ရှောင်ရှောင်းရေ.. အိပ်ကြစို့..”


ရှောင်ဝူယိသည် ပျော်ရွှင်စွာဖြင့် နျဲ့ရှောင်အား အော်ပြောလိုက်သည်။ ရုတ်တရက် ပြောင်းလဲသွားသည့် အမည်နာမကြောင့် နျဲ့ရှောင်မှာ ရုတ်တရက် မတုံ့ပြန်နိုင်ဘဲ ဖြစ်သွားလေသည်။


ရှောင်ယန်မှာ ကနဦးတွင် ဝူယိသည် သူမအား ခေါ်ဆိုနေခြင်း ဖြစ်မည်ဟု ထင်လိုက်မိသော်လည်း ခေါင်းလှည့်ကြည့်လိုက်သည့်အခါ ထိုကောင်လေးမှာ နျဲ့ရှောင်၏ လက်မောင်းအားကိုင်ကာ “ရှောင်ရှောင်း” ဟု ထပ်ကာထပ်ကာ ခေါ်ဆိုလျက်ရှိသည်ကို တွေ့လိုက်ရသည်။


နျဲ့ရှောင်မှာ အတော်လေး ကူကယ်ရာမဲ့နေသည့် *ဗုဒ္ဓလူသားသဖွယ် ဖြစ်လာသည်။ ဤမနက်ခင်း စခန်းမှ ထွက်မလာခင် အချိန်မှစကာ သူ၏ ပေါင်ပေါင်းသည် သူ့အား ရုတ်တရက် ပြောင်းလဲခေါ်ဆိုလာခြင်း ဖြစ်သည်။ သူ၏ကလေးလေးမှာ မည်သည့်အရာအား ကစားလိုသည် သို့တည်းမဟုတ် မည်သည်ကြောင့် ထိုသို့ပြောင်းလဲသွားသည်ကို သူကိုယ်တိုင်ပင်လျှင် မသိရှိပေ။


ကျန်းချိုး၊ နင်ဖုန်း၊ သွမ့်ဝမ်ယွီနှင့် အခြားသူများသည် ချစ်စဖွယ်အမည်အား ကြားလိုက်သည့်အခါ ‘ဘဝကြီးက အဓိပ္ပါယ်မဲ့နေတယ်’ ဟူသည့် အမူအရာနှင့် နျဲ့ရှောင်အား ကြည့်လိုက်ကြသည်။ ဝါးလုံးကွဲ ရယ်မောလိုက်ကြလေသည်။ “ဒယ်ဒီ” ဟု ခေါ်ခံရခြင်းမှာ ပိုကောင်းသည်ဟု ခံစားရနေပေမည်။


မိန်းကလေးနာမည်နဲ့တူတယ်ကွ..


ရှောင်ယန်သည်လည်း ရုတ်တရက် သိလိုစိတ်ဖြစ်မိသဖြင့် ပြုံးကာ မေးလိုက်သည်။


“ဝူယိလေးက ဒယ်ဒီလို့ ခေါ်ရာကနေ ဘာဖြစ်လို့ ရုတ်တရက် နာမည်ပြောင်းလိုက်တာလဲ..”


“ဘာဖြစ်လို့လဲဆိုရင် ဒယ်ဒီလို့ ခေါ်နေရင် ဒယ်ဒီနဲ့ ချစ်လို့မရတော့ဘူးလေ.. *ဖူဖူဖူက မကောင်းဘူး..”


ရှောင်ဝူယိမှာ အပြစ်ကင်းစင်မှုပြည့်ရှိသည့် မျက်နှာလေးဖြင့် ပြောလေသည်။


နျဲ့ရှောင်အပါအဝင် လူတိုင်းမှာ ထိုညစ်ညမ်းသည့် စကားများကြောင့် ခေတ္တမျှ ထိတ်လန့်တုန်လှုပ်သွားကြသည်။


“!!!???”


သူ၏ကလေးလေးမှာ သူ၏ စင်ကြယ်မှုအား အလိုရှိနေလိမ့်မည်ဟု မျှော်လင့်မထားသဖြင့် နျဲ့ရှောင်မှာ ခန္ဓာကိုယ်တစ်ခုလုံး အနည်းငယ် မသက်မသာဖြစ်လာသည်။


ကျန်းချိုးနှင့် ကျန်လူများ အသိပြန်ဝင်လာကြပြီး ချက်ချင်းပင် ဖရဲစေ့ လက်တစ်ဆုပ်ကိုင်ကာ ပွဲကြည့်ရန် ထိုင်လိုက်ကြသည်။


ထိုနှစ်ဦးမှာ အလွန်ရင်းနှီးလွန်းသည်ဟု ယခင်ကတည်းက ခံစားမိကြသဖြင့် ဤသို့သော နေ့ရက်မျိုး ရောက်ရှိလာမည်မှာ သေချာပေါက်ပင်။


သားအဖကနေ ချစ်သူတွေဖြစ်သွားတာကို စောင့်ကြည့်ဦးမှာ..


ကျွတ်.. ပါးစပ်အပြည့် ဝါးလို့ရတဲ့ ဖရဲစေ့တွေ ရှိနေတာ ကောင်းချက်ပဲ..


နျဲ့ရှောင်သည် နဖူးပေါ်ရှိ ချွေးများအား သုတ်လိုက်ပြီး ကောင်ငယ်လေး၏ အလွန်စိတ်အားထက်သန်သည့် အကြည့်များကို ကြည့်လိုက်ပြီးနောက် ရုတ်တရက်ဆိုသလို “တိတ်ဆိတ်မှု” ဟု ခေါ်ဆိုသည့် ပုဂ္ဂိုလ်အား အလွန်သတိရလာမိသည်။


“ဒယ်ဒီ့ကို ဟာသလုပ်မနေနဲ့ ပေါင်ပေါင်း....”


ရှောင်ဝူယိသည် နျဲ့ရှောင်အား ကြည့်လိုက်ပြီးနောက် နှုတ်ခမ်းဆူကာဖြင့် ပြောလေသည်။


“အရမ်းကြီး ရင်းရင်းနှီးနှီး ပူးပူးကပ်ကပ်နေရင် လူတိုင်း နားလည်မှု လွဲသွားကြလိမ့်မယ်လို့ ဒယ်ဒီပဲ ပြောခဲ့တာလေ.. အဲဒါကြောင့် ပေါင်ပေါင်းက ဒယ်ဒီနဲ့ ချစ်သွားကြရင် ဘယ်သူကမှ နားလည်မှုလွဲမှာ မဟုတ်တော့ဘူး.. ဟူး ဟူး..”


ထိုစကားများအား ကြားသည့်အခါ ကျန်းချိုးနှင့် နင်ဖုန်း တုန်လှုပ်သွားမိကြပြီး စိတ်ထဲမှ လက်ခုပ်တီးပေးလိုက်သည်။ 


ဘယ်လိုတောင် နည်းလမ်းကျကျ ပြောဆိုတတ်ပြီး သတ္တိရှိလိုက်လဲနော်..


နျဲ့ရှောင်မှာ ဒူးများပင် ခွေကျလုမတတ် ဖြစ်လာသည်။


ကောင်ငယ်လေး၏ အပြစ်ကင်းကာ ပွင့်လင်းသည့် စကားများကြောင့် သွမ့်ဝမ်ယွီနှင့် ရှောင်ယန်တို့မှာ ခေါင်းတခါခါနှင့် ရယ်မောမိကြသည်။


သေချာပေါက်ပင် ဤကလေးလေးမှာ ငယ်ရွယ်ပြီး ဗဟုသုတနည်းလှသည်။ ပြဿနာရှာနေသည် ဆိုခြင်းထက် ဆော့ကစားကာ အပြောင်အပျက် ပြောနေခြင်းနှင့် ပိုတူလေသည်။


နျဲ့ရှောင်သည် မျက်နှာတည်လိုက်ပြီးနောက် ကူကယ်ရာမဲ့စွာဖြင့် ရှောင်ဝူယိ၏ ဦးခေါင်းအား ပွတ်လိုက်သည်။


“ပြဿနာမရှာနဲ့ကွာ..”


“ပေါင်ပေါင်း ပြဿနာမရှာပါဘူး..”


ရှောင်ဝူယိမှာ မှားယွင်းစွပ်စွဲခံရသလို ခံစားမိသဖြင့် နျဲ့ရှောင်အား သနားစဖွယ်ကောင်းစွာ ကြည့်လိုက်သည်။


“ပေါင်ပေါင်းက ဒယ်ဒီနဲ့ ချစ်ချင်ရုံလေးပါ..”


နျဲ့ရှောင်သည် သူတို့မိသားစုမှ ကလေးလေးအား ကြည့်ကာ သူ၏ ဝှက်ဖဲအား ထုတ်လိုက်လေသည်။ နည်းလမ်းကျကျဖြင့် ပြောလာသည်မှာ ဤသို့ပင်။


“အဲဒီတော့ ပေါင်ပေါင်းက ဒယ်ဒီနဲ့ ချစ်ချင်တယ်ဆိုရင် ဒယ်ဒီနဲ့ တူတူအိပ်လို့ မရဘူးနော်.. လက်မထပ်ခင် အိပ်ရာတူတူ မအိပ်ရဘူး..”


“အမ်!???”


ဟမ်းစတားလေးမှာ ရုတ်တရက် မိုးကြိုးပစ်ခံလိုက်ရသလိုပင်။ ဤသည်မှာ လုံးဝ(လုံးဝ) လက်မခံနိုင်သည့်အရာ ဖြစ်သည်။ ဒယ်ဒီနှင့် အတူတူ မအိပ်ရခြင်းမှာ အလွန်ဆိုးဝါးလှသည်။


အလွန်အခက်တွေ့နေပုံရသည့် ကောင်ငယ်လေးအား မြင်သည့်အခါ နင်ဖုန်းနှင့် အခြားသူများ တွေးမိသည်မှာ ဤနေ့အဖြစ်အပျက်သည် ယခင်နည်းတူပင် ဖြစ်လာနိုင်သည်ဟူ၍ပင်။ ထို့ကြောင့် ဆေးကြောပြီး အိပ်စက်ဖို့ရန် ရုံထဲမှ ထွက်ခွာရန် ပြင်ကြသည်။


သို့သော်လည်း ယထာဘူတကျကျ ပြောဆိုတတ်သော ဟမ်းစတားလေးထံမှ ကမ္ဘာတစ်ခုလုံး တုန်ဟည်းနိုင်လောက်သည်ဟု ဖော်ညွှန်းနိုင်သည့် ရွှေရောင်စကားလုံးများအား ကြားလိုက်ရပြန်သည်။


“အဲဒါဆိုရင်လည်း လက်မထပ်ခင်မှာ ညဘက်ဆိုရင် ဒယ်ဒီက ဒယ်ဒီလုပ်ပြီး နေ့ဘက်ဆိုရင် ရှောင်ရှောင်းလုပ်ပေါ့..”


ရှောင်ဝူယိသည် သူ၏လက်ချောင်းလေးများအား ဟိုထိဒီထိ ကစားနေရင်း နျဲ့ရှောင်အား ရှက်ရဲရဲ ကြည့်လိုက်သည်။


ထိုအချိန်တွင် ပိုင်မေ့သည်ပင်လျှင် ကောင်ငယ်လေးအား လက်မထောင်ပြချင်စိတ် ပေါက်လာသည်။


လူတိုင်းမှာ ထို နာမည်ပြောင်နှစ်ခုအား ဖြောင့်ဖြောင့်တန်းတန်း တွေးဖို့ရန် မဖြစ်နိုင်တော့ချေ။


အားးး ငါတို့ကပဲ ညစ်ညမ်းနေကြတာပါ..


နျဲ့ရှောင် : “…”


ငါသင်ကြားပေးခဲ့လို့ ဒီကလေးက ဒီလိုတွေ ဖြစ်လာရတာ.. ငါ့မှာပဲ အပြစ်ရှိတာပါ..


ရှောင်ဝူယိသည် နျဲ့ရှောင် တုံ့ပြန်ခြင်း မရှိသည်ကို မြင်လေသည်။ ဆိတ်ဆိတ်နေခြင်းသည် သဘောတူလက်ခံခြင်းဟု မှတ်ယူကာ ဟမ်းစတားအသွင်သို့ ပြောင်းလဲလိုက်ပြီးနောက် နျဲ့ရှောင်၏ ပုခုံး‌ပေါ် ခုန်တက်သွားလေသည်။


သေးငယ်သည့် ဆန်မုန့်လုံးလေး၏ ခန္ဓာကိုယ်မှာ နျဲ့ရှောင်အား မူးလဲကျလုနီးနီး ဖြစ်စေသည်။


“ချိ..!”


ဒယ်ဒီရေ.. အခုက ညနေခင်းရောက်နေပြီဆို‌တော့ ပေါင်ပေါင်းတို့ တူတူအိပ်လို့ရပြီ..


နျဲ့ရှောင်သည် သူ၏ပုခုံးပေါ်ရှိ နူးညံ့အိစက်ကာ ချစ်စဖွယ်ကောင်းလှသည့် ဆန်မုန့်လုံးလေးအား ကြည့်လိုက်ပြီးနောက် ကူကယ်ရာမဲ့စွာဖြင့် နဖူးပေါ် လက်တင်လိုက်မိသည်။ ရုတ်တရက်ဆိုသလို အစားခံရတော့မည်ဟု ခံစားမိပြီး ဤသည်မှာ အထင်မှားနေခြင်းများလား ဆိုသည်ကိုပင် မသိတော့ချေ။


အားးး ဘုရားသခင်.. မိုးနတ်မင်းကြီးရေ..


ကျန်းချိုးသည် သူ၏အခန်းသို့ ပြန်ရင်း နျဲ့ရှောင်ဘေးမှ ဖြတ်သွားသည့်အခါ မသိလိုက် မသိဘာသာဖြင့် နျဲ့ရှောင်၏ ပုခုံးပေါ်ရှိ ဟမ်းစတားလေးအား ကြည့်လိုက်ပြီးနောက် နျဲ့ရှောင်အား စာနာမှုအပြည့်ဖြင့် ပုခုံးပုတ်လိုက်သည်။


“ငါအရင်က မှားသွားခဲ့တယ်.. အခုတော့ မင်း အစားခံရမှာကို မြင်ရဖို့ မစောင့်နိုင်တော့ဘူး..”


ထို့နောက် နင်ဖုန်း၊ သွမ့်ဝမ်ယွီနှင့် ရှောင်ယန်တို့သည် ဟမ်းစတားလေးအပေါ် နက်နက်ရှိုင်းရှိုင်း လေးစားမှုအား ဖော်ပြရင်း နျဲ့ရှောင်၏ ပုခုံးကို တစ်ယောက်ပြီးတစ်ယောက် ပုတ်သွားကြသည်။


ပိုင်မေ့သည်ပင်လျှင် နဲ့ရှောင်အား “ကျားယို့/အားတင်းထား” ဟု ပြောသွားခဲ့သည်။


အခင်းပေါ်တွင် လဲလျောင်းနေသည့် ကျစ်ဟွေ့ကွမ်သည် မျက်လုံးဖွင့်ကာ ကြည့်လိုက်သည်။ သူ၏ စိတ်ထဲတွင် ဖော်ပြဖို့ရန် မဖြစ်နိုင်လောက်သော ယုံကြည်မှုနှင့် ဂုဏ်ယူမှုတို့ အပြည့်ပင်။ ကမ္ဘာကြီးပေါ်တွင် သူ့မိသားစုမှ ဟမ်းစတားလေး မလုပ်နိုင်သည့်အရာဟူ၍ မရှိပေ။


“တစ်စုံတစ်ယောက်အား စားသောက်ခြင်း” အမှုကိစ္စနှင့် စပ်လျဉ်း၍ ဟမ်းစတားလေးနှင့် နှိုင်းယှဉ်ပါက ဗီလာထဲရှိ လူအားလုံး ကြောင်အသွားကြသည်။


ထိုအရာအား တုံ့ပြန်သည့် အနေဖြင့် ဟမ်းစတားလေးသည် အပြစ်ကင်းစွာဖြင့် ခေါင်းကလေးအား စောင်းငဲ့ကြည့်လိုက်သည်။


“ချိ..?”


 ***


ထိုအချိန်တွင် လင်းကောဟိုင်၏အဖွဲ့မှာ မျှော်မှန်းထားသည့်အတိုင်း ညမမှောင်ခင် ဝူယိစခန်းသို့ ရောက်ရှိနိုင်ကြခြင်း မရှိကြပေ။


ရုတ်တရက်ထွက်ပေါ်လာပြီး သူတို့၏ကားများအား ဖျက်ဆီးကြသည့် ဇွန်ဘီများနှင့် ထိပ်တိုက်ရင်ဆိုင် နေရသောကြောင့်ပင်။


ရွေးချယ်စရာ မရှိတော့သဖြင့် ကားပေါ်မှခုန်ဆင်းကာ အနီးအနားရှိ အိမ်တစ်လုံးထဲတွင် အလျင်စလို ပုန်းအောင်းလိုက်ရသည်။


ဇွန်ဘီများမှာ ညအချိန်တွင် အလွန်မြန်ဆန်ကြသည်။ မူလက ဇွန်ဘီ တစ်ကောင်၊ နှစ်ကောင်ခန့်သာ ရှိသော်လည်း လတ်ဆတ်သည့် အသွေးအသားရနံ့သည် ပိုမိုများပြားသည့် ဇွန်ဘီများအား တဖြည်းဖြည်းချင်း ဆွဲဆောင်နေလေသည်။


ဇွန်ဘီများသည် တံခါးအား တဘန်းဘန်း ထုရိုက်နေကြသည်။ ဝတုတ်လေးမှာ ကြောက်လန့်မှုကြောင့် ဖြူဖျော့လျက်ရှိသည်။ ပါးစပ်အား လက်ဖြင့်အုပ်ကာ သူ့မိခင်၏ လက်မောင်းများအကြား ပုန်းနေပြီး အသံတစ်သံမျှပင် မထွက်ရဲချေ။


လင်းကောဟိုင်နှင့် သူ၏ဇနီးသည် သားဖြစ်သူအား ကာကွယ်စောင့်ရှောက်ရင်း ဤညကို လုံခြုံဘေးကင်းစွာ ဖြတ်သန်းနိုင်လိမ့်မည်ဟု မျှော်လင့်ကာ သူတို့ဘေးရှိ လူငယ်နှစ်ဦးအား ကြည့်လိုက်ကြသည်။

 

Xena : ငါသိနေတယ် ရေမြွေမ ဖေးက လွယ်လွယ်နဲ့ မသေဘူးဆိုတာကို.. အခုတော့ သူမရဲ့ မိသားစုက သူမလိုမျိုး မဆိုးဝါးဘူးလို့တော့ မျှော်လင့်တာပဲ.. ပြီးတော့ သူ့ရဲ့မောင်လေး ဝတုတ်မှာ နာမည်လေးတောင် မရှိရှာဘူး.. သနားစရာဝတုတ်..

Koi : ဝူယိလေးက ငါ့ကိုသတ်တော့မှာပဲ.. ဆက်တိုက်ကို အငြင်းခံနေရလို့..

 

ဟိုင်ချန်နဲ့ ဖုန်းချန်ကြား အကွာအဝေးက ၅၅၀.၆၈ မိုင် (၈၈၆.၂၃ ကီလိုမီတာ) ရှိပြီး ကားမောင်းရမယ့်လမ်းကြောင်းက ၆၉၇.၀၆ မိုင် (၁၁၂၁.၈၅ ကီလိုမီတာ) ရှိပါတယ်။


ဗုဒ္ဓလူသား - Buddha man ဆိုတာ မိမိရဲ့ ကိုယ်ပိုင်အလုပ်ကိစ္စကိုသာ အာရုံစူးစိုက်ပြီး ဆန့်ကျင်ဘက်လိင်နှင့် အချိန်ဖြုန်းလိုစိတ်၊ ပတ်သက်လိုစိတ် မရှိတဲ့လူကို ဆိုလိုပါတယ်။ စရိုက်လက္ခဏာ : ကိုယ့်အရှိန်နဲ့ကိုယ် ပြုလုပ်တတ်၊ ချစ်မှုရေးရာတွေကို မကြိုက်နှစ်သက်၊ အခြားသူတွေကို အထူးတလည် စိုးရိမ်ပူပန်မှုမျိုးမရှိ၊ ချစ်သူရည်းစား ရှိဖို့ရန် မလိုအပ်၊ တစ်ဦးတည်းနေရတာ ကြိုက်နှစ်သက်၊ မိန်းကလေးတွေနဲ့ အတူရှိရတာ ပင်ပန်းတယ်လို့ ခံစားရ။ (ထိုဝေါဟာရမှာ ဂျပန်မဂ္ဂဇင်းတစ်ခုမှ ‌ပေါ်ပေါက်လာပြီး ၂၀၁၈ ခုနှစ်အတွင်း ရေပန်းစားသည့်စကားလုံး ဖြစ်လာသည်။)


ဖူဖူဖူ - မူရင်း တရုတ်လိုမှာ ‘အင်းဆက်က မကောင်းဘူးလေ’ လို့ ရေးထားတာပါ။ ဆင်ဆာဖြတ်ထားတဲ့ စကားလုံး ဖြစ်ပါတယ်။