အပိုင်း ၄၂
Viewers 8k


🐹 အခန်း ၄၂

 ဝူယိလေးတို့ ဟိုင်ချန်ကို ထွက်ခွာကြပြီ 



 

နောက်တစ်နေ့ နံနံစောစောတွင် အခန်းထဲမှ ပန်ဒါမျက်လုံးများဖြင့် ထွက်လာသည့် ရှဲ့ကျွင်းအား တွေ့လိုက်ကြရသည်။ လူတိုင်းသည် ရှဲ့ကျွင်း၏ ဝမ်းနည်းပက်လက်နှင့် မသက်မသာဖြစ်နေသော အသွင်အပြင်ကြောင့် အညှာအတာမဲ့စွာ ရယ်မောလိုက်ကြသည်။ ထို့နောက် ရှဲ့ကျွင်းနှင့် ဝူဝမ်ယွီအား စနောက်လိုသည့် မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။


ဝူဝမ်ချီသည် ဖခင်အိုကြီးမှ သမီးဖြစ်သူအား ကာကွယ်နေသကဲ့သို့ ရှဲ့ကျွင်းအား ရက်စက်ကြမ်းကြုတ်စွာ ကြည့်နေလေသည်။ ထို့ကြောင့် လူတိုင်း ရယ်မောကြပြန်သည်။


ဝူဝမ်ချီ ဒေါသပေါက်ကွဲမည့်ဘေးမှ ကာကွယ်ရန်အတွက် ရှဲ့ကျွင်းနှင့် ဝူဝမ်ယွီတို့မှာ ထိန်းထိန်းသိမ်းသိမ်း ပြုမူနေကြလေသည်။


နှုတ်ဆက်မှုပြုပြီးနောက်တွင် နျဲ့ရှောင်တို့အဖွဲ့သည် လူတိုင်း၏ အကြည့်အောက်မှာပင် ဟိုင်ချန်သို့ စတင်ထွက်ခွာကြလေသည်။


“လုံခြုံဘေးကင်းပါစေကွာ..”


“မြန်မြန်ပြန်လာကြရမယ်နော်..”


***


ထိုအချိန်တွင် မြို့တော်မှအဖွဲ့သည်လည်း ဟိုင်ချန်သို့ ထွက်လာကြပြီ ဖြစ်သည်။ ဝူချင်ဖုန်းတို့သည် ကားပေါ်တွင် ရုတ်တရက် ပေါ်ထွက်လာသည့် ကလေးလေး မော့ယဲ့အား ကြည့်ကာ ခေါင်းကိုက်လာကြသည်။


လက်ရှိတွင် သူတို့သည် မြို့တော်မှ မိုင်ထောင်ချီအဝေးသို့ ရောက်နှင့်ပြီး ဖြစ်သည့်အတွက် မော့ယဲ့အား ပြန်ပို့ဖို့ရန် လုံးဝမဖြစ်နိုင်ချေ။ ထို့ကြောင့် လူပိုခေါ်ရမည့် ကံကြမ္မာအား လက်ခံလိုက်ရတော့သည်။ 


တစ်ညလုံး ဗိုက်ဆာနေခဲ့သည့် ရှောင်မော့ယဲ့သည် ဘီစကစ်များအား အငမ်းမရ စားသောက်ရင်းဖြင့် ကားပေါ်ရှိ ဦးဦးနှင့် ကိုကိုများအား နှစ်သိမ့်ပေးလျက်ရှိသည်။


“ကျွန်တော့်အတွက် စိတ်မပူပါနဲ့ဗျ.. ဦးဦးတို့ကို မနှောင့်နှေးစေရပါဘူး.. ပြီးတော့ ကျွန်တော်က နည်းနည်းလေးပဲ စားမှာပါ..”


ဝူချင်ဖုန်းနှင့် ကျန်သူများ : “…”


အား.. ငါတို့အတွက် အရမ်းခက်ခဲလွန်းတယ်နော်..


***


ဆက်သွယ်ရေးစက်မှတဆင့် စီစဉ်ထားသည့် အစီအစဉ်များအရ နျဲ့ရှောင်၏အဖွဲ့သည် ဝူချင်ဖုန်းတို့အဖွဲ့နှင့် ဟိုင်ချန်ရေလက်ကြားတွင် ဆုံကြမည် ဖြစ်သည်။


အဖွဲ့နှစ်ဖွဲ့မှာ မတူညီသည့် လမ်းများမှ လာရောက်ကြပြီး နှစ်ဖွဲ့ဆုံပြီးနောက်မှသာ ပင်လယ်ကိုဖြတ်ကာ ဟိုင်ချန်သို့ အတူသွားကြမည်ပင်။


နျဲ့ရှောင်၏ အဖွဲ့သည် ထရပ်ကားတစ်ခုတည်းပေါ်တွင် ရှိနေကြပြီး လမ်းတစ်လျှောက် မရပ်မနား ခရီးနှင်ကြလေသည်။


ဤခရီးစဉ်တွင် ကျားကြီး ကျစ်ဟွေ့ကွမ် အပါအဝင် လူ ၉ ယောက်သာ ပါဝင်သည်။ ပါဝင်သူတိုင်းမှာ စွမ်းရည်ပိုင်ရှင်များ ဖြစ်ကြပြီး တစ်ဦးလျှင် ဇွန်ဘီ ၁၀၀ နှင့် ရင်ဆိုင်နိုင်စွမ်းရှိသည်။ လူအနည်းငယ်သာ ရှိသည့်အတွက် သူတို့အားလုံးသည် နေရာလွတ်ပေါင်းများစွာ ပါဝင်သည့် ထရပ်ကားကြီး တစ်ခုတည်းပေါ်တွင် လိုက်ပါလာကြသည်။


ရှောင်ဝူယိသည် လက်ရှိတွင် ဟမ်းစတားသဏ္ဌာန်ဖြင့် ရှိနေပြီး ကျစ်ဟွေ့ကွမ်၏ နွေးထွေးနူးညံ့သည့် ဗိုက်သားပေါ်တွင် ဇိမ်ကျကျ လှဲနေလေသည်။ လမ်းပေါ်ရှိ ခလုတ်ကန်သင်းများမှာ ရှောင်ဝူယိအား နည်းနည်းလေးမျှပင် သက်ရောက်မှုမရှိဘဲ ကမ္ဘာကြီးအား ဂရုမစိုက်သည့် အနေအထားဖြင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်မှာ လွန်စွာချစ်စဖွယ်ပင်။


နင်ဖုန်းတို့သည် ရှောင်ဝူယိအား မြင်သည့်အခါ မနာလိုဖြစ်မိကြသည်။ ဖုန်းထဲရှိ ဂိမ်းများကို ကစားရင်းသာ အချိန်ဖြုန်းနေလေသည်။ ဖုန်းအားကုန်သွားမည်ဆိုလျှင် နျဲ့ရှောင်၏ လက်ထဲရှိ အားသွင်းခေါင်းနှင့် ချိတ်ဆက်လိုက်ရုံသာ ဖြစ်သည်။


“ဘော့စ်.. အားသွင်းပေးပါဦး..”


နျဲ့ရှောင်သည် သူ၏လက်ထဲရှိ အားသွင်းခေါင်းအား ကြည့်လိုက်ပြီးနောက် သူ၏ ကံကြမ္မာမှ နှုတ်ထွက်ချင်စိတ်ပင် ဖြစ်လာမိသည်။ များမကြာမီတွင် နျဲ့ရှောင်ထံမှ လျှပ်စီးကြောင်းတစ်ခု ထွက်ပေါ်လာပြီး အားကုန်နေသည့် ဖုန်းမှာလည်း အားပြန်ပြည့်လာသည်။


ထိုသည်ကို ကြည့်ပြီးနောက် ကျန်းချိုးသည်လည်း နောက်ကျန်ရစ်ခဲ့ခြင်း မရှိစေရန်အတွက် သူ၏ အားသွင်းခေါင်းအား နျဲ့ရှောင်၏ လက်ချောင်းထဲသို့ ထည့်လိုက်ပြီး သက်ပြင်းချလိုက်သည်။


“တကယ်ကို အဆင်ပြေတာပဲ..”


နှုတ်ခမ်းမဲ့နေသော နျဲ့ရှောင် : “…”


အကြည့်တစ်ချက်နှင့်ပင် ဤအဖွဲ့မှာ အန္တရာယ်များသည့် ခရီးစဉ်အား ထွက်လာခြင်းနှင့် မတူဘဲ အားလပ်ရက် အပန်းဖြေခရီး ထွက်နေသကဲ့သို့ပင်။


ထိုအချိန်မှာပင် ကားခေါင်းခန်းတွင် ရှိနေကြသည့် ရှဲ့ကျွင်းနှင့် သွမ့်ဝမ်ယွီမှ ရုတ်တရက် ပြောလာသည်။ ရှေ့ဆက်ရမည့်လမ်းမှာ ရုတ်တရက်ဆိုသလို ဇွန်ဘီအုပ်၏ ပိတ်ဆို့ခြင်း ခံလိုက်ရသည်။


“ဖုန်းဆော့နေတာ ရပ်ပြီး အလုပ်လုပ်ကြမယ်ဟေ့..”


ရှောင်ယန်သည် အပြင်ဘက်ရှိ ဇွန်ဘီများအား ကင်းထောက်ရန် အပြင်သို့ ခေါင်းဆန့်ကြည့်လိုက်ပြီးနောက် ပြောလေသည်။


“ရှင်တို့အားလုံး ရှေ့တတည့်တည့်ကိုပဲ သွားကြ.. ကျွန်မ ကာပေးထားမယ်..”


ထိုသို့ပြောပြီးနောက် ရေခဲမှုန်များသည် ရှေ့တန်းတွင်ရှိနေသည့် ဇွန်ဘီများအား ရေခဲရုပ်ထုအဖြစ်သို့ ပြောင်းသွားစေသည်။


ထိုအဖြစ်အပျက်အား မြင်သည့်အခါ ရှဲ့ကျွင်းသည် လီဗာအား ဖိနင်းလိုက်သည်။ အေးခဲနေသည့် ဇွန်ဘီများ အပိုင်းပိုင်းအစစ အက်ကွဲသွားကြသည်။ အချို့ဇွန်ဘီများသည် ထရပ်ကားအား ခန္ဓာကိုယ်ဖြင့် တဘန်းဘန်းမြည်အောင် ဝင်ဆောင့်မိကြပြီး ဇွန်ဘီများသည် သွားကျိန်းဖွယ်ရာ တဂီးဂီး အသံများထုတ်လွှတ်ကာဖြင့် ထွက်ပြေးသွားကြသည်။


သွမ့်ဝမ်ယွီသည် ကားခေါင်းခန်းတွင် ထိုင်လျက်နှင့် ကားမှန်တွင် ပေကျံနေသည့် သွေးစသွေးနများအား ဆေးကြောလျက်ရှိသည်။ စီးကျလာသည့်ရေများမှာ ရှောင်ယန်အား အဆင့်မြှင့်ပေးလိုက်သကဲ့သို့ပင်။


ကြီးမားလှသည့် တိုက်ပွဲကြီးသည် ကျစ်ဟွေ့ကွမ်၏ ဗိုက်သားပေါ်တွင် အိပ်နေသော ဟမ်းစတားလေးအား နှိုးလိုက်နိုင်လေသည်။ အိပ်မွေ့ချခံရသကဲ့သို့ မျက်လုံးများ ဖွင့်လိုက်သော်လည်း အနည်းငယ် မူးဝေနေဟန်ရှိသည်။


နျဲ့ရှောင်သည် အကောင်ပေါက်လေးအား ကောက်ယူကာ သူ၏ အိတ်ကပ်ထဲသို့ ထည့်လိုက်ပြီး အခြားသူများနှင့်အတူ ထရပ်ကား၏ နောက်ဘက်မှ ခုန်ဆင်းလိုက်ကြသည်။ အလကားပေးလာသည့် ဇွန်ဘီအမြုတေများအား မကောက်ယူရန် အကြောင်းမရှိပေ။


ပိုင်မေ့သည် အစိတ်စိတ်အပိုင်းပိုင်းဖြစ်နေသည့် ဇွန်ဘီများအားကြည့်ကာ စကားအပို မဆိုဘဲနှင့် ဇွန်ဘီအမြုတေ ကူကောက်ပေးနေသည်။ ဤကဲ့သို့သော အခြေအနေမျိုးတွင် နေရာလွတ်စွမ်းရည်ပိုင်ရှင်များ၏ နေရာလွတ်စွမ်းရည်များမှာ အလွန်အဆင်ပြေကာ အသုံးတည့်လှသည်။


ဟမ်းစတားလေးသည် သူ၏ မျက်လုံးလေးများကိုပွတ်ကာ အပြင်ဘက်တွင် ရုတ်တရက် ပေါ်လာသည့် ဇွန်ဘီအကြွင်းအကျန်များအား ကြည့်လိုက်သည်။ သူအိပ်ပျော်နေစဉ် မည်သည့်အရာများ ဖြစ်သွားသည်ကို လုံးဝ မသိရှိချေ။ ဇွန်ဘီအမြုတေ ကောက်ယူနေကြသည့် လူများအား မြင်သည့်အခါ သူ၏ လက်ကလေးများအား ဆန့်ထုတ်လိုက်ပြီးနောက် သိုလှောင်ရုံပိစိလေးအား ဖြည့်လိုက်လေသည်။


ပိုင်မေ့ လျှောက်လှမ်းသွားသမျှ နေရာတိုင်း၏ ပတ်ပတ်လည်ရှိ ဇွန်ဘီအမြုတေများ အားလုံးသည် သူ၏ နေရာလွတ်အတွင်းသို့ ရောက်ရှိသွားကြသည်။ သို့သော်လည်း ဇွန်ဘီတစ်ကောင်နံဘေးမှ ဖြတ်သွားချိန်တွင် သူ၏ခြေလှမ်းများ ရုတ်တရက် ရပ်တံ့သွားပြီးမှ မျက်နှာအရောင် ပြောင်းလဲခြင်းမရှိ အမူအရာ ပြောင်းလဲခြင်းမရှိဘဲနှင့် ရှေ့ဆက်လျှောက်လေသည်။


ဤသေးငယ်သည့် အခန်းကဏ္ဍလေးမှာ လူတိုင်း၏ အချိန်အား မနှောင့်နှေးစေခဲ့ပေ။ ဇွန်ဘီအမြုတေများ စုဆောင်းပြီးသည့်နောက်တွင် ခရီးဆက်ကြလေသည်။


ဟမ်းစတားလေးမှာ လုံးလုံးလျားလျား နိုးသွားပြီ ဖြစ်သဖြင့် ထပ်မံအိပ်စက်နိုင်ခြင်း မရှိတော့ချေ။ ထို့ကြောင့် သူတို့၏ အိမ်ထဲရှိ ဟမ်းစတားကစားစရာလေးအား ထုတ်ယူလိုက်သည်။ ရှားပါးလှသည့် အနားယူချိန်အား အခွင့်ကောင်းယူကာ နျဲ့ရှောင်နှင့် ဆော့ကစားရန် မေးလိုက်သည်။


ရင်းနှီးကျွမ်းဝင်လှသည့် “အဖေနှင့်သား” အား ကြည့်ရင်း လူတိုင်း သွားများပင် ကိုက်ခဲလာကြသည်။


နင်ဖုန်းသည်လည်း လုပ်စရာတစ်ခုခု ရှာဖွေနေသည်။ ထို့နောက် ချက်ချင်းပင် ဖုန်းထုတ်ကာ ဒန်းပေါ်ရှိ ဆန်မုန့်လုံးလေးအား ဓာတ်ပုံရိုက်ယူလိုက်ပြီးနောက် သက်ပြင်းချလိုက်သည်။


“ဒီ ကမ္ဘာပျက်ကပ် ပြီးသွားလို့ကတော့ သခင်လေးက အဲဒီ ဖရဲသီးစားကြတဲ့ အင်တာနက်သုံးစွဲသူတွေကို လက်တွေ့ဘဝရဲ့ နတ်သားလေးကိုပြရမယ်.. အဲဒါမှ အလန့်တကြားနဲ့ လက်ထဲက ဖရဲသီးတွေ လွတ်ကျကုန်မှာ..”


ရှောင်ယန်မှာ ထိုစကားအား ကြားသည့်အခါ ရယ်မောမိလေသည်။ ကမ္ဘာပျက်ကပ်၏ အဆုံးမှာ မည်သို့ရှိမည်ကို အမှန်တကယ်ကို မျှော်လင့်နေမိသည်။


ဟမ်းစတားလေးသည်လည်း တက်ကြွစွာပင် ပိုစ့်အမျိုးမျိုးပေးကာ နျဲ့ရှောင်အပါအဝင် လူတိုင်းနှင့် အလွန်ချစ်စဖွယ်ကောင်းသည့် အဖွဲ့လိုက်ဓာတ်ပုံများ ရိုက်လိုက်ကြသည်။


ကျန်းချိုးပင်လျှင် မငြင်းပယ်နိုင်ဘဲ ခပ်မိုက်မိုက်အနေအထားဖြင့် အဖွဲ့လိုက်ပုံတစ်ပုံ ရိုက်လိုက်လေသည်။


ပိုင်မေ့သည်လည်း ပြုံးလျက်အနေအထားဖြင့် ဟမ်းစတားလေးနှင့် နှစ်ပုံတိတိ ရိုက်ထားလိုက်သည်။ ထိုပုံများအား နင်ဖုန်း၏ ဘလူးတုသ်မှတဆင့် ရှဲပေးလာသည်။ သူ၏ ပုံပန်းသွင်ပြင်မှာ ကမ္ဘာပျက်ကပ် မတိုင်မီနှင့် ခြားနားမှုမရှိသည်ကို မြင်သည့်အခါ ရှုပ်ထွေးသည့် ခံစားချက်များ ဖြစ်ပေါ်လာသည်။


ကမ္ဘာပျက်ကပ်သာ အမှန်တကယ် ပြီးဆုံးသွားခဲ့လျှင် သူ့အနေဖြင့် ရှင်သန်နိုင်ပါဦးမည်လော။


ပိုင်မေ့ ထိုသို့မတွေးမိဘဲ မနေနိုင်ချေ။ ကာဂိုပေါ်သို့ လှဲချလိုက်ပြီးနောက် မျက်လုံးများမှိတ်ကာ စိတ်ကိုအနားပေးလိုက်သည်။ သူ၏ လက်နှစ်ဖက်ကို ဝမ်းဗိုက်‌ပေါ်တွင် တင်ထားပြီး တစ်ဖက်တွင် ဗလာဖြစ်ကာ တစ်ဖက်မှာ လက်သီးဆုပ်ထားသည်။ ထို့နောက် မည်သူမျှ သတိမပြုမိချိန်တွင် သူ၏လက်ထဲ၌ အပြာဖျော့ရောင် စွမ်းရည်အမြုတေတစ်ခု ထွက်ပေါ်လာသည်။


အကြိမ်အနည်းငယ်ခန့် ဂရုတစိုက် ကိုင်တွယ်ကြည့်ရှုပြီးနောက်တွင် သူ မမှားကြောင်း အတည်ပြုလိုက်နိုင်သည်။ ပိုင်မေ့သည် ထိုအရာအား သူ၏ နေရာလွတ်ထဲသို့ ပြန်ထည့်သိမ်းလိုက်သည်။ ကားပေါ်မှဆင်းကာ ဇွန်ဘီအမြုတေများအား ကျပန်းကောက်ယူရင်း မျှော်လင့်မထားသည့် အကျိုးအမြတ် ရရှိလိမ့်မည်ဟု စိတ်ကူးပင် မယဉ်ဖူးချေ။


ပိုင်မေ့ မျက်လုံးများ ဖွင့်လိုက်ပြီးနောက် ထရပ်ကားအပြင်ဘက်တွင် ရုတ်တရက်ရွာကျလာသည့် မိုးဖွဲများနှင့် ဗွက်ထနေသည့်လမ်းအား ကြည့်လိုက်သည်။ စွမ်းရည်အမြုတေများ စုဆောင်းရန် နည်းလမ်းအသစ်အား ရရှိလိုက်ပြီ ဖြစ်သည်။


ကနဦးတွင် ခဲဖျော့ရောင် စွမ်းရည်အမြုတေအား ရရှိလာသည့်အတိုင်း လူသေများထံမှ ယူဆောင်ရန် ဖြစ်သည်။


ညစာစားချိန် ရောက်ပြီဖြစ်သလို မိုးရွာထားမှုကြောင့် လမ်းမှာလည်း ချော်နေလေသည်။ နေ့လယ်ခင်းတွင် လူတိုင်းအလှည့်ကျ မောင်းနှင်ခဲ့ကြသဖြင့် အနားယူရန် ဆုံးဖြတ်လိုက်ကြသည်။


ကျစ်ဟွေ့ကွမ်သည်လည်း ထိုအခါမှသာ မျက်ခွံပွင့်လာသည်။ နူးညံ့အိစက်သည့် ချစ်စဖွယ် ဟမ်းစတားလေးမှအပ စားသောက်ခြင်း အမှုကိစ္စသည်သာလျှင် ကျားပျင်းကြီးအား စိတ်လှုပ်ရှားအောင် ပြုလုပ်နိုင်ပုံရသည်။


ဟမ်းစတားလေးနှင့် ပိုင်မေ့၏ နေရာလွတ်ထဲတွင် လိုအပ်သည့် အရာမှန်သမျှ ရှိလေသည်။ ထို့ကြောင့် ဂတ်စ်မီးဖိုအား ထုတ်ယူလိုက်ပြီးနောက် ကာဂိုထဲတွင် ချက်ပြုတ်လိုက်သည်။ နင်ဖုန်း၏ မီးစွမ်းရည်ကိုပင် အသုံးပြုရန် မလိုအပ်ချေ။


ပိုင်မေ့မှာ အစာစားရန် မလိုအပ်ချေ။ စခန်းတွင် ရှိနေစဉ် ကာလပတ်လုံး အမြဲလိုလို မစားဘဲ နေတတ်သည်။ အစာစားရန် မလိုအပ်သည့်အတွက် မစားဘဲ နေခြင်းဖြစ်သော်လည်း ယခုအခါတွင်မူ နျဲ့ရှောင်၏ စောင့်ကြည့်နေသည့် မျက်လုံးများအောက်တွင် အစာမစားဘဲ နေပါက အလွန်သံသယဖြစ်ဖွယ် ကောင်းပေလိမ့်မည်။


ရှောင်ယန်သည် ပိုင်မေ့ အနည်းအကျဉ်းသာ စားသောက်သည်ကို မြင်သည့်အခါ အတော်လေး အံ့အားသင့်သွားလေသည်။


“ရှင် ထပ်ယူဦးမလား.. ကျွန်မက ဝိတ်လျှော့ဖို့ ကြိုးစားနေတာတောင် ရှင့်ထက် အများကြီး ပိုစားသေးတယ်..”


ပိုင်မေ့ ရှက်ရွံ့စွာ ပြုံးလိုက်ပြီးနောက် ညင်သာယဉ်ကျေးစွာ ဆိုလေသည်။


“ကျွန်တော်က အများကြီး မစားလို့ပါ..”


ပိုင်မေ့၏ ပိန်ပါးသည့် ပုံရိပ်အား ကြည့်လိုက်ပြီးနောက် နင်ဖုန်းသည် ရှောင်ယန်အားကြည့်ကာ ပြောလိုက်သည်။


“နောက်တစ်ခါ ကျဲ ဝိတ်လျှော့မယ်ဆိုရင် ပိုင်မေ့ဆီကနေ သင်ယူရမယ်.. ဒီလောက်အများကြီး စားသောက်နေပြီး ဝိတ်လျှော့နေတယ်လို့ ပြောရဲသေးတယ်နော်..”


ရှောင်ယန် ပြုံးလိုက်ပြီးနောက် တင့်တယ်သည့် ကိုယ်နေဟန်ထား မပျက်စေဘဲနှင့် နင်ဖုန်းအား ခေါင်းခေါက်လိုက်သည်။


နင်ဖုန်း : QAQ


“အဲဒီ ဝူဝမ်ချီ အနားမှာမရှိတာနဲ့ ကျဲက လူကြမ်းမကြီး ဖြစ်သွားတော့တာပဲ..”


ထိုစကားကို ကြားသည့်အခါ လူတိုင်း ရယ်မောလိုက်ကြပြီး ရှောင်ယန်၏ မျက်နှာမှာ ချက်ချင်း နီရဲလာလေသည်။


ဟမ်းစတားလေးသည် ဆယ်ကျော်သက်အသွင်သို့ ပြောင်းလဲထားပြီး ပန်းကန်လုံးတစ်လုံးအားကိုင်ကာ တစ်ဟိဟိ ရယ်မောနေလေသည်။ နျဲ့ရှောင်မှာမူ အစာသီးသွားမည်ကို စိုးရိမ်သဖြင့် စောင့်ကြည့်လျက်ရှိသည်။


“အစာစားနေတုန်း မရယ်ရဘူး.. ဂရုစိုက်ပြီးစား.. မဟုတ်ရင် သီးလိမ့်မယ်..”


ကျန်းချိုးသည် မည်သူနှင့်မျှ ဤမျှနီးကပ်အောင် မနေဖူးသဖြင့် နျဲ့ရှောင်၏ အလွန်အကျူး ဂရုစိုက်နေပုံအား မြင်ရသည့်အခါ အံ့ဩတကြီး စုတ်သပ်လိုက်သည်။


စာအုပ်တစ်အုပ်ကို သူ့အဖုံးနဲ့ ဆုံးဖြတ်လို့ မရဘူးဆိုတာ တကယ်ပဲကိုး..


စားသောက်ပြီးချိန်တွင် ပိုင်မေ့မှ ရှင်းလင်းသိမ်းဆည်းပေးမည်ဟု ဆိုလာသည်။ အခြားသူများ အနေဖြင့် ထိုအမှုကိစ္စနှင့် ပတ်သက်၍ ပိုင်မေ့နှင့် ငြင်းခုန်မှုပြုရန် မကောင်းလှသည်ကြောင့် ရေယူကာ ကားဘေး၌ ဆေးကြောမှုပြုစေလိုက်သည်။


ထိုအချိန်မှာပင် ရုတ်တရက်ဆိုသလို မယုံနိုင်လောက်အောင် များပြားသည့် ပုံရိပ်များ သူတို့ထံသို့ ပြေးးလာကြသည်။ လူတိုင်း အနီးကပ်ကြည့်လိုက်သည့်အခါ ဇွန်ဘီများ မဟုတ်ကြောင်း တွေ့ရှိလိုက်ကြသည်။


“ကယ်ကြပါဦး..”


အကူအညီတောင်းခံသံကို ကြားပြီးနောက် သူတို့အနေဖြင့် ထိုလူများ သေဆုံးသွားမည်ကို ကြည့်နေရန် မဖြစ်နိုင်ချေ။ ထို့ကြောင့် ရှေ့သို့ပြေးကာ သူတို့နောက်မှ လိုက်လာသည့် ဇွန်ဘီအနည်းငယ်ကို သတ်ဖြတ်ဖြေရှင်းလိုက်ရသည်။


ဘေးဒုက္ခမှ ရှင်သန်နိုင်ခဲ့ကြသော လူများမှာ အသိအမှတ် ပြုရလောက်အောင် အစွမ်းထက်သည့် စွမ်းရည်ပိုင်ရှင်များအား ကြောင်အစွာဖြင့် ကြည့်လိုက်ကြသည်။ မျက်လုံးထဲမှ မျက်ရည်များ အဆက်မပြတ် စီးကျလာပြီး ကြမ်းကြမ်းတမ်းတမ်း ပွတ်သုတ်လိုက်သည်။


လေထုထဲတွင် အစားအသောက်ရနံ့ ရရှိလိုက်သဖြင့် ရနံ့ထွက်‌ပေါ်ရာ နေရာသို့ သွေးရူးသွေးတန်း ပြေးလာကြခြင်း ဖြစ်သည်။ အမှန်တကယ် ကယ်တင်ခံလိုက်ရမည်ဟု မျှော်လင့်မထားမိကြချေ။


နျဲ့ရှောင်၏ အထင်ကြီးလေးစားဖွယ်ရာ အဖွဲ့အား ကြည့်ရင်း သူတို့၏ အနာဂတ်လုံခြုံရေးမှာ အာမခံချက် ရရှိလိုက်ပြီဟု ခံစားမိကြသည်။ ထို့ကြောင့် မြေပြင်ပေါ်တွင် ဒူးထောက်ကာ ကျေးဇူးတင်စကားဆိုရင်း ခိုလှုံခွင့် တောင်းခံကြသည်။


“ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်.. ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ခေါ်သွားပေးပါ.. ဘာမဆို လုပ်နိုင်ပါတယ်..”


နျဲ့ရှောင်တို့သည် ရွှံ့ဗွက်ထဲတွင် ဒူးထောက်နေကြသူများ အထူးသဖြင့် အားနည်းနေသည့် သားအမိကို ကြည့်လိုက်ကြပြီး ရုတ်တရက် ခေါင်းကိုက်လာလေသည်။ သူတို့မှာ ဟိုင်ချန်သို့ သွားနေကြခြင်းဖြစ်ပြီး ခရီးစဉ်နှင့် မသက်ဆိုင်သော တိုက်ခိုက်နိုင်စွမ်းမရှိသည့် လူများအား ခေါ်ဆောင်သွားရန် မဖြစ်နိုင်ချေ။


“အရင်ဆုံးထလိုက်ကြ..”


နျဲ့ရှောင်သည် ကောင်းကင်မှ မိုးဖွဲများ ကျဆင်းလာသည်ကို မြင်သည့်အခါ မျက်မှောင်ကြုတ်လိုက်ပြီး ထိုလူများအား ကားပေါ် အရင်တက်စေသည်။


စုစုပေါင်း လူ ၅ ဦးအား ကယ်တင်ခဲ့သည်။ အသက် ၂၀ ဝန်းကျင်ရှိမည့် လူငယ်လေး ၂ ဦးမှလွဲ၍ ကျန် ၃ ဦးမှာ မိသားစုဖြစ်သည်။ သူတို့၏သားမှာ ၁၀ နှစ်ပင် မပြည့်သေးချေ။ ကမ္ဘာပျက်ကပ်အတွင်း မိသားစု ၃ ဦး အတူတကွ ရှိနေနိုင်ကြသည်မှာ အမှန်တကယ်ကို ရှားပါးပြီး ကောင်းမွန်သည့် ကံတရားကြောင့် ဖြစ်သည်။


ကောင်ငယ်လေးမှာ အလွန်ဆာလောင်နေသည့်အတွက် မျက်နှာမှာ အဝါရောင်ပြောင်းလာပြီး အသားအရောင်မှာလည်း မကောင်းလှချေ။ သို့သော်လည်း သူ၏ပုံသဏ္ဌာန်မှာ ပိန်ပါးနေခြင်း မဟုတ်သဖြင့် ဤကောင်လေးမှာ ကမ္ဘာပျက်ကပ် မတိုင်မီက ဝတုတ်လေးဖြစ်နိုင်သည်။ ထိုအချိန်တွင် ကားထဲရှိ အစားအသောက်ရနံ့မှာ ပျောက်ကွယ်သွားခြင်း မရှိသေးသဖြင့် သူ၏ဝမ်းဗိုက်မှာ အော်မြည်လာာပြီး ကျယ်လောင်စွာဖြင့် မိခင်ဖြစ်သူအား ပြောလေသည်။


“မား.. သားဗိုက်ဆာတယ်..”


ထိုလူ ၅ ဦး၏ သနားစဖွယ် အခြေအနေအား မြင်သည့်အခါ နျဲ့ရှောင်တို့သည် ရိက္ခာအချို့ထုတ်ပြီး သူတို့၏ အစာအိမ်အား ဖြည့်တင်းစေသည်။


ညစ်ပေနေသည့် သက်လတ်ပိုင်းအရွယ်လူသည် အစားအသောက်အား အငမ်းမရ ဝါးမျိုပြီးနောက် ပါးစပ်သုတ်လိုက်ပြီးနောက် နျဲ့ရှောင်အား တောင်းပန်တိုးလျှိုးစွာ ကြည့်လိုက်ပြီးနောက် သူ့ကိုယ်သူ အရင်ဆုံး မိတ်ဆက်လာသည်။ ထိုအခါမှသာ သူတို့၏ အမည်နှင့် မည်သူမည်ဝါဖြစ်ကြောင်း သိလိုက်ကြရသည်။



သက်လတ်ပိုင်းအရွယ်လူ၏ အမည်မှာ လင်းကောဟိုင်ဖြစ်သည်။ သူ၏ ဇနီးနှင့်သားအား ခေါ်ဆောင်ကာ ဆွေမျိုးများထံသို့ သွားရောက်လည်ပတ်ရန် ထွက်လာခဲ့ကြခြင်းပင်။ ကမ္ဘာပျက်ကပ် မတိုင်မီက ဇနီးမောင်နှံနှစ်ဦးမှာ ကုမ္ပဏီဝန်ထမ်းများ ဖြစ်ကြသည်။ အခြား လူငယ်နှစ်ဦးမှာမူ ထွက်ပြေးစဉ် မတော်တဆ ဆုံခဲ့ရသည့်သူများသာ ဖြစ်သည်။


‌ရှောင်ဝူယိနှင့် ရှဲ့ကျွင်းသည် သက်လတ်ပိုင်းအရွယ်လူ၏ ဇနီးဖြစ်သူအား ကြည့်လိုက်ကြသည်။ သူမအား ရင်းနှီးနေသလို ခံစားမိကြသော်လည်း မည်သည့်နေရာတွင် ဆုံတွေ့ခဲ့ဖူးမှန်း မသိကြချေ။


ဝူဝမ်ယွီနှင့် ဝူဝမ်ချီသာ ဤနေရာတွင် ရှိနေကြမည်ဆိုလျှင် ထိုလူများမှာ လင်းမုန့်ဖေး၏ မိဘနှင့် မောင်ငယ်ဖြစ်ကြောင်း အကြည့်တစ်ချက်နှင့်ပင် မှတ်မိလိမ့်မည်မှာ အသေအချာပင်။ လင်းမုန့်ဖေးနှင့် သူမ၏ မိခင်မှာ လွန်စွာတူလှသည်။


နျဲ့ရှောင်တို့သည် လင်းမုန့်ဖေး၏အိမ်သို့ ရောက်ဖူးခဲ့ကြသော်လည်း သူတို့သည် အခြားသူများ၏အိမ်တွင် ချိတ်ထားသည့် ဓာတ်ပုံများအား ကြည့်ရှုတတ်သည့် အလေ့အထ မရှိကြချေ။ ထို့ကြောင့် သူတို့အား ရင်းနှီးဖော်ရွေမှုမရှိဘဲ သာမန်ရှင်သန်သူများအဖြစ်သာ ဆက်ဆံကြလေသည်။


🐹🐹🐹🐹🐹