အပိုင်း ၄၁
Viewers 9k


🐹 အခန်း ၄၁

 ဝူယိလေးလည်း ချစ်ချင်ပါတယ် 




တစ်နေ့တွင် ယောကျ်ားနှစ်ယောက်၏ လက်ထဲ၌ ဆော့ကစားခံရလိမ့်မည်ဟု ရှဲ့ကျွင်းနှင့် လျှိုတာ့ရှန်တို့ စိတ်ကူးနှင့်ပင် တွေးကြည့်ခဲ့ဖူးခြင်း မရှိကြချေ။


လေ၊ သဲ၊ မိုးကြိုး၊ လျှပ်စီးများမှာ ရောမွှေနှောက်နေသည့်အတွက် မူးဝေလာသည်။


နျဲ့ရှောင်နှင့် ဝူဝမ်ချီသည် သူတို့၏ လေ၊ လျှပ်စီးနှင့် မြေစွမ်းရည်များအား လက်နက်နှစ်ခုနှင့် ပေါင်းစပ်သည့်အခါတွင် အလွန်စိတ်ဝင်စားဖွယ်ကောင်းကြောင်း သိလိုက်ကြသည်။ ထွက်ပေါ်လာသည့် စွမ်းအားမှာ ပို၍ အံ့ဩဖွယ်ရာပင်။


“တကယ်ကြီး မိုးကြိုးနတ်ဘုရားတူနဲ့ တောင်ခွင်းပုဆိန်ပဲ.. လုံးဝကို လိုက်ဖက်ညီတဲ့အတွဲအစပ်..”


ထိုစကားကို ပြောသည်မှာ မည်သူဖြစ်ကြောင်း မသိရသော်လည်း လက်ရှိအခြေအနေနှင့် အမှန်တကယ် ကွက်တိကျနေသည်။


ရှောင်ဝူယိသည်လည်း အရိုးရှည်တပ်တူအား ပင့်မြှောက်ကစားနေသည့် နျဲ့ရှောင်ကို တလက်လက် တောက်ပနေသော မျက်လုံးလေးများဖြင့် ကြည့်နေသည်။ ဤအခိုက်အတံ့တွင် နျဲ့ရှောင်မှာ အလွန်မိုက်လွန်းသည်ဟု ခံစားနေမိသဖြင့် စိတ်လှုပ်ရှားစွာဖြင့် လက်ခုပ်တီးလိုက်သည်။


“ဒယ်ဒီက အရမ်းချောတာပဲ.. အားးး” UwU


ရှဲ့ကျွင်းနှင့် လျှိုတာ့ရှန် ပုံစံပြန်ပြောင်းလိုက်ပြီးနောက် တစ်ယောက်ပုခုံးပေါ် တစ်ယောက်မှီကာ ငိုကြွေးကြလေသည်။ ထို့နောက်တွင် နျဲ့ရှောင်နှင့် ဝူဝမ်ချီအား လှည့်ကြည့်လိုက်ကြပြီး နေ့စဉ်နေ့တိုင်း အထူးစွမ်းရည်များဖြင့် ကြမ်းတမ်းစွာ ပစ်ပေါက်ခံရတော့မည်ဟု ခံစားမိလိုက်ကြသည်။


“အား.. ငါတို့အတွက် အရမ်းခက်ခဲလွန်းပါတယ်..”


သူတို့နှစ်ဦး၏ စကားများကြောင့် လူအုပ်ကြီးမှာ အကြင်နာကင်းမဲ့စွာ ရယ်မောလိုက်ကြသည်။ တစ်ချိန်တည်းမှာပင် သွမ့်ဝမ်ယွီနှင့် နင်ဖုန်းတို့ စတင်ပြီး ဂနာမငြိမ် ဖြစ်လာကြသည်။ သူတို့သည်လည်း ဤကဲ့သို့သော “လက်နက်” မျိုး ရှာဖွေနိုင်ပါ့မလား ဟူသည်ကို မသိကြချေ။


ထိုအချိန်တွင် ဝူဝမ်ယွီသည် သူမ၏ လက်ဖဝါးပေါ်ရှိ ဒိုင်းကာလေးအား ကြည့်နေမိသည်။ သူမထံတွင် နိုးထမည့် အရိပ်အယောင် မရှိသေးသော်လည်း သူမ နိုးထလာသည့်အခါ မည်သို့ဖြစ်မည်ကို စိတ်ကူးကြည့်နိုင်ခြင်း မရှိပေ။


… ဖြစ်နိုင်တာက စကားပြောနိုင်တဲ့ ထွင်းဖောက်မြင်ရတဲ့ အကာအကွယ်များလား..


ဝူဝမ်ယွီ ချက်ချင်းခေါင်းယမ်းလိုက်ပြီး သူမစိတ်ထဲရှိ ထိတ်လန့်ဖွယ် ပုံရိပ်အား ဖယ်ထုတ်လိုက်သည်။


လူတိုင်း၏ နိုးထနှုန်း မြန်ဆန်လာသည်ကို ကြည့်နေရင်း ပိုင်မေ့ လက်သီးဆုပ်လိုက်မိသည်။ သူ့ကို ပေးထားသည့် အချိန်မှာ တဖြည်းဖြည်း ကုန်ဆုံးလာနေပြီ ဖြစ်သည်။


ပိုမိုများပြားသည့် စွမ်းရည်ပိုင်ရှင်များ နိုးထမှုပြုလာသည်နှင့်အမျှ အနာဂတ်တွင် ရင်ဆိုင်ရန် ခက်ခဲလာပေလိမ့်မည်။ စွမ်းရည်အမြုတေ စုဆောင်းရာတွေလည်း ပိုမိုများပြားသည့် ပြဿနာများနှင့် ရင်ဆိုင်ရနိုင်သည်။


ဝူဝမ်ချီနှင့် နျဲ့ရှောင်အား ဘေးမှကြည့်နေသည့် ရှောင်ယန်သည် မြို့တော်အခြေစိုက်စခန်းတွင် ကျန်ခဲ့သည့် ရှောင်မော့ယဲ့အား လွမ်းဆွတ်လာမိသည်။


***


တစ်ချိန်တည်းမှာပင် မြို့တော်အခြေစိုက်စခန်း၌။


ဝူချင်ဖုန်းနှင့် လောယွင်ဟိုင်တို့ ဦးဆောင်သည့် ဟိုင်ချန်ကယ်ဆယ်ရေးအဖွဲ့သည် ယခုအခါတွင် ထွက်ခွာဖို့ရန် အဆင်သင့် ဖြစ်နေကြပြီပင်။ ခေါင်းဆောင် ရှ သည် ဟိုင်ချန်ကယ်ဆယ်ရေးအဖွဲ့အား ကိုယ်တိုင်ကိုယ်ကျ နှုတ်ဆက်ပို့ဆောင်ပေးသည်။ သူ၏ လက်နှစ်ဖက်ဖြင့် ဝူချင်ဖုန်းနှင့် လောယွင်ဟိုင်၏ ပုခုံးများအား ပုတ်လိုက်ပြီး မြင့်မားစွာ မျှော်လင့်ထားကြောင်း ဖော်ပြလေသည်။


“ကျေးဇူးပြုပြီးတော့ အဲဒီ သိပ္ပံပညာရှင်တွေကို ပြန်ခေါ်လာခဲ့ပေးပါ.. အားလုံးပဲ ကျေးဇူးပြုပြီး..”


“ခေါင်းဆောင်ကို စိတ်မပျက်စေရပါဘူး..”


ဝူချင်ဖုန်း၊ လောယွင်ဟိုင်နှင့် ကျန်အဖွဲ့သားများ တည်ကြည်လေးနက်စွာဖြင့် တစ်ညီတစ်ညာတည်း အလေးပြုလိုက်ကြသည်။ ထို့နောက် အတန်းလိုက် စီတန်းကာ ထရပ်ကားပေါ်သို့ အစဉ်အတိုင်း တက်သွားကြသည်။


သို့သော်လည်း ကားထဲသို့ထည့်လိုက်သည့် အထုပ်အပိုးများထဲတွင် အလွန်သေးငယ်ချွန်ထက်သည့် ဓားမြှောင်လေးတစ်ချောင်းကိုမူ မည်သူမျှ သတိမပြုမိကြချေ။


——“ကျွန်တော်လာနေပြီ မမရှောင်ယန်ရေ..”


***


မြို့တော်မှ ကယ်ဆယ်ရေးအဖွဲ့ စေလွှတ်လိုက်သော သတင်းသည် များမကြာမီပင် ဆက်သွယ်ရေးစက်မှတဆင့် နျဲ့ရှောင်တို့ထံသို့ ရောက်ရှိလာသည်။


ထို့ကြောင့် လူတိုင်း လေးဖင့်မနေကြဘဲ ကယ်ဆယ်ရေးအဖွဲ့နှင့် လိုက်ပါသွားမည့် စာရင်းနှင့် စခန်းတွင်ကျန်ရစ်ခဲ့ပြီး ကယ်ဆယ်ရေးပြုလုပ်မည့် စာရင်းအား လျင်မြန်စွာ ဆုံးဖြတ်လိုက်ကြသည်။ 


မြို့တော်နှင့် နှိုင်းစာလျှင် ဝူယိအခြေစိုက်စခန်းမှ လူအနည်းငယ်သာ စေလွှတ်သော်လည်း သူတို့၏ တိုက်ခိုက်စွမ်းအားမှာ အနည်းငယ်မျှပင် လစ်ဟာနေခြင်း မရှိချေ။ စခန်း၏ အဓိကလူများအားလုံး ကယ်ဆယ်ရေးအဖွဲ့နှင့် လိုက်ပါကြမည်ဟု ဆိုရမည်ပင်။


စခန်း၏ လုံခြုံရေးအတွက် ဝူဝမ်ချီနှင့် လျှိုတာ့ရှန်တို့ စခန်းတွင် ကျန်နေခဲ့ကြမည်ဖြစ်ပြီး နျဲ့ရှောင်၊ ကျန်းချိုးနှင့် ကျန်တစ်ဖွဲ့လုံးသည် ဟိုင်ချန်ကယ်ဆယ်ရေးအဖွဲ့တွင် ပါဝင်ကြမည်ဖြစ်သည်။


စခန်း၏ ဝေယျာဝစ္စများအား ကိုင်တွယ်ဖြေရှင်းဖို့ရန် သွမ့်ဝမ်ယွီသည် မူလက စခန်းတွင်သာ နေရစ်ခဲ့ချင်သော်လည်း ကယ်ဆယ်ရေးလုပ်ငန်းတွင် ပင်လယ်ပြင်ကို ဖြတ်သန်းရမည် ဖြစ်သဖြင့် သူ၏ သဘာဝစွမ်းအားတစ်ခုဖြစ်သည့် ရေစွမ်းရည်မှာ ကြီးမားသည့် အခန်းကဏ္ဍမှ ပါဝင်နိုင်မည် ဖြစ်သဖြင့် အခြားသူများနှင့်အတူ လိုက်ပါရန်သာ ရှိတော့သည်။


“စိတ်မပူပါနဲ့ကွာ.. တစ်ခုခု ဖြစ်ခဲ့ရင်တောင် ငါတို့တွေ စခန်းမှာ ကျန်နေခဲ့တာပဲ..”


ဝူဝမ်ချီ ရယ်မောလိုက်သည်။ သွမ့်ဝမ်ယွီ၏ ပုခုံးအားပုတ်ကာဖြင့် ပြောလေသည်။


“မြန်မြန်လေး ပြန်လာပေါ့ကွာ.. မဟုတ်ဘူးလား..”


သူ၏နံဘေးရှိ ဝူဝမ်ယွီသည် ကြက်စာကောက်သကဲ့သို့ တဆတ်ဆတ် ခေါင်းညိတ်လေသည်။ သူမသည် ရင်ဘတ်အားပုတ်ကာ ကတိပေးလိုက်သည်။


“ညီမရဲ့ ဒိုင်းကာက အမြဲတမ်း အကာအကွယ်ပေးနေမှာပါ.. ပြီးနော့ စခန်းမှာ တခြားစွမ်းရည်ပိုင်ရှင်တွေလည်း အများကြီး ရှိနေသေးတယ်လေ.. နာနာနဲ့ ခန်းခန်းက ငယ်သေးပေမဲ့လည်း အရမ်းအစွမ်းကြီးတယ်လေ.. အဲဒီအပြင် ဝူယိလေးရဲ့ အပင်နှစ်ပင်လည်း စခန်းမှာ ရှိနေသေးတာဆိုတော့ သာမန်ဇွန်ဘီတွေလောက်ကတော့ စခန်းအနားကို ကပ်နိုင်မှာ မဟုတ်ပါဘူး ကောကောရဲ့..”


တက္ကသိုလ်တစ်ခုလုံးအား စီမံအုပ်ချုပ်ခဲ့ဖူးသည့် ကျောင်းအုပ်ယွမ်သည် သွမ့်ဝမ်ယွီအား ကြည့်လိုက်သည်။ ထို့နောက် ယုံကြည်မှုအပြည့်ဖြင့် ပြောလေသည်။


“ငါရှိနေမှတော့ စခန်းရဲ့ အခြေအနေက ဆုတ်ယုတ်သွားမှာ မဟုတ်ပါဘူး.. မင်းတို့အားလုံး ဘေးကင်းကင်းနဲ့ မြန်မြန်ပြန်လာခဲ့ကြ..”


သွမ့်ဝမ်ယွီသည် ကျောင်းအုပ်၏ စကားများကြောင့် စိတ်သက်သာရာ ရမိသည်။ တစ်ခါတစ်ရံတွင် ကြောက်ရွံ့သင့်သည်မှာ ဇွန်ဘီများ မဟုတ်ကြဘဲ သူတို့မရှိသည်ကို အခွင့်ကောင်းယူကာ ပြဿနာရှာလိုမည့် စခန်းအတွင်းရှိ လူတစ်ချို့ကိုသာ ဖြစ်သည်။


ပိုင်မေ့သည်လည်း ကယ်ဆယ်ရေးအဖွဲ့ထဲတွင် ပါဝင်လေသည်။ ပိုင်ယွဲ့၏ သွေးသားရင်းအစ်ကို ဖြစ်သည့်အတွက် သူ့အား စာရင်းထဲမှ ချန်ထားခဲ့ဖို့ရန် မဖြစ်နိုင်ချေ။ ထို့အပြင် နျဲ့ရှောင်နှင့် ကျန်းချိုးတို့သည် မည်သူမှန်း သေချာမသိရသေးသည့် လူတစ်ယောက်အား စခန်းတွင် ကျန်နေရန် ခွင့်မပြုနိုင်ချေ။


ထိုအခြင်းအရာနှင့် ပတ်သက်၍ ပိုင်မေ့၏ စိတ်ထဲ၌ ကံကောင်းမှုနှင့် ဝမ်းနည်းစိတ်ထိခိုက်မှု နှစ်မျိုးစလုံး ခံစားရသည်။ စခန်းအတွင်းရှိ လူများအား တိုက်ခိုက်နိုင်တော့မည် မဟုတ်သည့်အတွက် ဝမ်းနည်းမိသော်လည်း တစ်ချိန်တည်းမှာပင် ကံကောင်းသည်ဟု ခံစားရသည်။


ခရီးစဉ်အတွက် လူစာရင်း သတ်မှတ်ပြီးစီးသည့်အခါ များမကြာမီမှာပင် ညအချိန်သို့ ရောက်ရှိလာသည်။ ဤညတွင် လူတိုင်း ကောင်းစွာ အနားယူဖို့ရန် လိုအပ်ပြီး နောက်တစ်နေ့ နံနက်စောစောတွင် ထွက်ခွာကြရမည်ပင်။


ကမ္ဘာပျက်ကပ်အတွင်း အတူစုစည်းကာ နေထိုင်ကြပြီးမှ ပထမဆုံးအကြိမ် ခွဲခွာရခြင်း ဖြစ်သဖြင့် အနည်းငယ် တုံ့ဆိုင်းကာ စိုးရိမ်နေမိကြသည်မှာ မလွဲဧကန်ပင် ဖြစ်သည်။


လက်ရှိအခြေအနေမှာ ကမ္ဘာပျက်ကပ် မတိုင်မီကနှင့် အနည်းငယ်မျှပင် မတူညီချေ။ နာရီအနည်းငယ်ခန့် ကားမောင်းသွားရုံမျှနှင့် မိုင်ထောင်ချီ အဝေးမှလူများကို တွေ့ဆုံဖို့ရန်မှာ မဖြစ်နိုင်ချေ။ ဟိုင်ချန်သို့ သွားရာတွင် ပင်လယ်အား ဖြတ်သန်းရန် လိုအပ်သည်။ ဤခရီးမှာ အန္တရာယ်များနှင့် ပြည့်နေကြောင်း ထင်ရှားစွာ သိနိုင်လေသည်။


ထို့ကြောင့် စခန်းတွင် ကျန်ခဲ့မည့် လူများသည် မခွဲခွာခင် နောက်ဆုံးညစာ ပြင်ဆင်ပေးကြသည်။ အထူးသဖြင့် နျဲ့ရှောင်နှင့် သူတို့အဖွဲ့အတွက် နှုတ်ဆက်ညစာဟုလည်း သတ်မှတ်နိုင်သည်။


အသက်ဝင်သည့် ညစာပြီးနောက် လူတိုင်း အနည်းနှင့်အများ အိပ်ငိုက်လာကြပြီး လေထုသည်လည်း ငြိမ်သက်အေးဆေးလျက်ရှိသည်။ လူတိုင်း မိမိနေထိုင်ရာ အခန်းအသီးသီးသို့ ပြန်သွားကြပြီး အိပ်စက်ဖို့ရန် အဆင်သင့် ဖြစ်နေကြပြီပင်။ ထိုအထဲတွင် ကြောင်ပေါက်လေး နှစ်ကောင်၊ သုံးကောင်ခန့်သည် နှလုံးသားထဲရှိ လူနှင့် စကားပြောဖို့ရန်အတွက် သူတို့၏ အခန်းထဲမှ တိတ်တဆိတ် ခိုးထွက်လာကြသည်။


ရှောင်ယန်သည် တံခါးခေါက်သံ ကြားလိုက်သည့်အတွက် ဝူဝမ်ယွီ ပြန်လာသည်ဟု ထင်လိုက်မိပြီး တွေးတောခြင်းမရှိဘဲ တံခါးဖွင့်ပေးလိုက်သည်။ ထို့နောက် အနည်းငယ် နီမြန်းနေသည့် မျက်နှာနှင့် ဝူဝမ်ချီအား တွေ့လိုက်ရပြီး တစ်ဖက်လူသည် ရူးနှမ်းနှမ်း အပြုအမူနှင့် အတုံးအ,ဆုံး အကြောင်းပြချက်အား ရှာဖွေနေပုံပင်။


“ရှောင်ယွီကို လာရှာတာ..”


ဝူဝမ်ချီ ရှက်ရွံ့စွာဖြင့် ခေါင်းကုတ်လိုက်သည်။


ရှောင်ယန်သည် ဝူဝမ်ချီ၏ သွင်ပြင်အားကြည့်လိုက်ပြီးနောက် ချက်ချင်းပြုံးကာ ပြန်ဖြေသည်။


“ရှောင်ယွီက အခုလေးတင် စားပြီးတာလေ.. ပြန်မရောက်သေးဘူး.. ဘယ်သွားလဲတော့ ကျွန်မလည်း မသိဘူး.. ရှင်လိုချင်တာ တစ်ခုခုရှိလို့လား..”


တံခါးဝတွင် ရပ်နေလျက်နှင့် ဝူဝမ်ချီ ရုတ်တရက် ကြောင်အကာ ရှက်ရွံ့လာလေသည်။ သူ၏ အတွေးများအား ထွင်းဖောက်မြင်နေရသကဲ့သို့ပင် ရှက်သွေးဖြာလာပြီး သူ၏ ခြေလက်များကိုပင် မည်သည့်နေရာတွင် ထားရမည်ကို မသိတော့ချေ။


ရှောင်ယန်သည် ဝူဝမ်ချီ ထိုသို့ဖြစ်နေသည်ကို မြင်သည့်အခါ တံခါးပိတ်ရန် ပြင်လေသည်။


“အဲဒါပဲဆိုရင် ကျွန်မ တံခါးပိတ်တော့မယ်နော်.. အိုခေ?”


“ခဏ.. ခဏလေး..”


ဝူဝမ်ချီ ချက်ချင်းပင် စိတ်လှုပ်ရှားလာပြီး လျင်မြန်သည့် မျက်လုံးများနှင့် သွက်လက်သည့် လက်နှစ်ဖက်သည် တံခါးအား ဆွဲကိုင်ထားလိုက်ပြီး ရှောင်ယန်၏ လှပသည့် အပြုံးလေးအား ကြည့်လိုက်ပြီး ချက်ချင်းဆိုသလို မူးဝေကာကြောင်အသွားလေသည်။


“ရှင် အခုထိ မပြောဘူးဆိုရင်လည်း ကျွန်မ တကယ် တံခါးပိတ်လိုက်တော့မှာနော်..”


“ပြန်လာတဲ့အထိ ကိုယ့်ကိုစောင့်နေပေးနော်.. ကိုယ် မင်းကို ပြချင်တာလေးရှိတယ်..”


ဝူဝမ်ချီ ထစ်ထစ်ငေါ့ငေါ့နှင့် ပြောလေသည်။ ပြင်ဆင်လာခဲ့သည့် စကားများအား မေ့လျော့သွားပြီး မျက်နှာမှာလည်း ပိုမိုနီရဲလာသည်။


“မင်း မြန်မြန်ပြန်လာရမယ်နော်..”


ဝူဝမ်ချီ၏ ငြီးငွေ့ဖွယ်စကားများကို ကြားသည့်ခါ ရှောင်ယန်၏ မျက်နှာသည်လည်း အနည်းငယ် နီမြန်းလာသည်။


“အင်းပါ..”


ထိုအချိန်မှာပင် အောက်ထပ်၌ ဝူဝမ်ယွီနှင့် ရှဲ့ကျွင်းတို့သည် သည်းမခံနိုင်လောက်အောင် နှေးကွေးသည့် ခြေလှမ်းများဖြင့် အပြင်ဘက်မှ ဗီလာသို့ လျှောက်လှမ်းလာကြသည်။ တစ်ဦးကအရှေ့မှသွားပြီး ကျန်တစ်ဦးမှ နောက်ကလိုက်သည်။ သူတို့နှစ်ဦးစလုံး၏ မျက်နှာပေါ်တွင် သဘာဝမကျစွာ အနီရောင်သန်းနေပြီး တစ်ဦးနှင့်တစ်ဦး မျက်လုံးချင်း မဆုံဝံ့ကြချေ။


ဝူဝမ်ယွီ အပေါ်ထပ်ရှိ သူမတို့အခန်းသို့ ပြန်တော့မည်ကို မြင်သည့်အခါ ရှဲ့ကျွင်း၏ ခန္ဓာကိုယ်မှာ သူ၏အတွေးထက်ပင် မြန်ဆန်စွာ လှုပ်ရှားလိုက်ပြီး ဝူဝမ်ယွီ၏လက်အား လှမ်းဆွဲလိုက်ပြီးနောက် သံပူပူအား ကိုင်မိသလို အလျင်စလို လွှတ်ချလိုက်ပြန်သည်။


ဤအဖြစ်အပျက် တစ်ခုလုံးသည် သူတို့နှစ်ဦးကြားရှိ ဆက်ဆံရေးအား ဖော်ပြလျက်ရှိသော်လည်း ထိုသို့ ဖြစ်သွားခြင်းအား မည်သူကမျှ မသိရှိကြချေ။


ဝူဝမ်ယွီ၏ မျက်နှာမှာ အနည်းငယ် ရှက်ရိပ်သန်းနေသည်။ သူမ၏ ခြေလှမ်းများအား တုံ့ဆိုင်းလိုက်ပြီးနောက် ဘဝတစ်လျှောက်လုံး စုဆောင်းထားသမျှ သတ္တိများအား အသုံးပြုကာ ရှဲ့ကျွင်း၏ ပါးပြင်အား နမ်းလိုက်သည်။


“ရှင် မြန်မြန်ပြန်လာရမယ်နော်..”


“ကျွန်မ သွားအိပ်တော့မယ်.. ကောင်းသောညပါ..”


ထိုသို့ပြောပြီး ဝူဝမ်ယွီ ထွက်ပြေးကာ အ‌ပေါ်ထပ်သို့ ပြေးတက်သွားလေသည်။ ကျန်ရစ်ခဲ့သည့် ရှဲ့ကျွင်းမှာမူ နေရာတွင်သာ ထီးထီးရပ်လျက်နှင့် အရူးကဲ့သို့ ပြုံးနေလေသည်။


ဝူဝမ်ယွီ အပေါ်ထပ်သို့ ပြေးတက်သွားပြီးနောက် သူမ၏ အခန်းရှေ့တွင် ရပ်နေသည့် အစ်ကိုဖြစ်သူအား တွေ့လိုက်ရသည်။ သူမ၏ အစ်ကိုသည် အောက်ထပ်တွင် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက် အားလုံးအား မြင်တွေ့ခဲ့ပုံရပြီး ရှဲ့ကျွင်းအား ဝါးစားတော့မည့် မွန်းစတားတစ်ကောင်သဖွယ် ရှိနေလေသည်။


ဝူဝမ်ယွီ၏ မျက်နှာပြင် နီမြန်းနေမှုမှာ ပျောက်ကွယ်မသွားသေးဘဲ နေရာမှာတင် မိုက်မဲစွာ ရပ်နေမိသည်။


သူမ၏ စိတ်ထဲတွင် “အဖိုးကြီး ရှဲ့တော့ သွားပြီပဲ” ဟုသာ ‌ရေရွတ်မိတော့သည်။


ရှောင်ယန်သည် ဝူဝမ်ချီ ဒေါသတကြီး မလုပ်မိစေရန်အတွက် ဝူဝမ်ချီ၏ ခါးအား ဖက်ထားလေသည်။ ဝူဝမ်ယွီအား အခန်းအတွင်းဝင်ရန် အဓိပ္ပါယ်ပါပါ ကြည့်လိုက်သေးသည်။


အောက်ထပ်ရှိ ရှဲ့ကျွင်းသည်လည် သူ၏ တုံးအသည့် ပျော်ရွှင်မှုထဲမှ နိုးထလာပြီး ရန်လိုစွာဖြင့် ပြေးလာသည့် ဝူဝမ်ချီအား တွေ့လိုက်ရသည်။ လွန်စွာကြောက်ရွံ့ကာ တုန်ယင်လာသည့်အတွက် သူ၏အခန်းဆီသို့ ချက်ချင်းဝင်ပြေးလေသည်။


များမကြာမီမှာပင် ကြက်များကို ပျံသန်းစေကာ ခွေးများအား ထခုန်စေနိုင်လောက်အောင် ကြောက်မက်ဖွယ်အသံများ ဗီလာအတွင်း ထွက်ပေါ်လာသည်။


“ရှဲ့မျိုးရိုးကောင်.. ဒီ‌လောင်ဇီက မင်းနဲ့ လုံးဝ မပြီးဘူးကွ..”


“အားးးး တာ့ရှန်.. ငါ့ကို ကယ်ပါဦး.. တာ့ကော.. စိတ်လျော့ပါဗျ..”


“ဘယ်သူက မင်းတာ့ကောတုန်းကွ..”


ထိုအချိန်တွင် ဝူဝမ်ယွီမှာ အခန်းတွင်း၌ ပုန်းနေပြီဖြစ်သည်။ ပြုံးလျက်နှင့် ဝင်လာသည့် ရှောင်ယန်အားကြည့်ရင်း တစ်နည်းနည်းဖြင့် ရှက်လာမိသည်။


“ဘယ်အချိန်ကများ ရှဲ့ကျွင်းနဲ့ အဲဒီလောက် နီးစပ်သွားတာတုန်း.. ကျဲတောင် သတိမထားမိဘူးနော်..”


ရှောင်ယန် ပြုံးကာဖြင့် မေးသည်။


ဝူဝမ်ယွီမှာ အနည်းငယ် ရှက်ရွံ့နေမိသည်။ ရှောင်ယန်အား ရှက်သွေးဖြာလျက်နှင့် ကြည့်လိုက်ပြီးနောက် ပြန်မေးခွန်းထုတ်လိုက်သည်။


“ညီမကိုပဲ မမေးပါနဲ့နော်.. ကျဲကျဲနဲ့ ကောကောနဲ့က တံခါးဝမှာ ဘာတွေပြောနေကြတာလဲ.. *ဘူးသီးလိုပါးစပ်နဲ့ ညီမရဲ့ ကောကောက သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့လို့ ကျဲကျဲကို ဖွင့်ပြောလာပြီလား..”


“ဟုတ်လားလို့.. ယောင်းမရေ...”


ရှောင်ယန် ချက်ချင်း ရှက်သွေးဖြန်းသွားသည်။


“ကလေးတွေဆိုတာ လျှောက်လျှောက် မမေးသင့်ဘူး.. မြန်မြန်အိပ်တော့..”


ဝူဝမ်ယွီ မပျော်ရွှင်စွာဖြင့် နှုတ်ခမ်းမဲ့လိုက်သည်။


ကျွတ်.. ဒီအတွဲကတော့..


ထိုအချိန်တွင် ဟမ်းစတားလေးနှင့် နျဲ့ရှောင်သည်လည်း အခန်းထဲတွင် အိပ်စက်ဖို့ရန် အဆင်သင့်ဖြစ်နေကြပြီ ဖြစ်သည်။ တံခါးအပြင်မှ ရုတ်ရုတ်သဲသဲ အသံကို ကြားသည့်အခါ ဟမ်းစတားလေး အလွန်စိုးရိမ်မိပြီး အပြင်သို့ သွားကြည့်ချင်လေသည်။


“ချိ!”


ဒယ်ဒီရေ.. ဝမ်ချီချီက ရှောင်ကျွင်းကျွင်းကို သတ်တော့မယ်လို့.. ပေါင်ပေါင်းတို့ လူကယ်ရမယ်လေ..


နျဲ့ရှောင်သည် အကောင်ပေါက်လေး၏ ခပ်ဖွံ့ဖွံ့ ခန္ဓာကိုယ်လေးအား သူ၏ လက်ဖဝါးဖြင့် အုပ်ပစ်လိုက်ပြီး စိတ်သက်သာစေလိုက်သည်။ ဆန်မုန့်လုံးလေးအား လှုပ်ရှားခွင့်မပြုဘဲ နှစ်သိမ့်ချော့မြူလိုက်သည်။


“အဆင်ပြေတယ်နော်.. ဘာမှမဖြစ်ပါဘူး.. ရှဲ့ကျွင်းက မသေပါဘူးကွာ.. အဲဒါက ဒယ်ဒီတို့နဲ့ ဘာမှမဆိုင်ဘူးလေ.. ဒယ်ဒီတို့ သွားလိုက်မယ်ဆိုရင် သူတို့အတွက် အဆင်မပြေ ဖြစ်သွားလိမ့်မယ်နော်..”


“ချိ?”


… အဲဒီလိုလား.. ဒါပေမဲ့ ဝမ်ချီချီက ဘာဖြစ်လို့ စိတ်ဆိုးနေရတာလဲဟင် ဒယ်ဒီ..


နျဲ့ရှောင်သည် ဆန်မုန့်လုံးလေးအား အသာပွတ်ကာ နွေးထွေးစွာ ချော့မြှူနေရသည်။


“ပေါင်ပေါင်းက ငယ်သေးတာမို့ နားမလည်သေးဘူး.. အရွယ်ရောက်လာရင် နားလည်လာလိမ့်မယ်.. လိမ္မာနော်.. မျက်လုံးလေးမှိတ်ပြီး အိပ်လိုက်တော့..”


“ချိ!”


ဒါပေမဲ့ ဒယ်ဒီပဲပြောထားတာလေ.. ပေါင်ပေါင်းက လူကြီးလေးဖြစ်နေပြီတဲ့.. ငယ်ငယ်လေး မဟုတ်တော့ဘူး ဆိုပြီးတော့လေ.. 


နျဲ့ရှောင် : “…”


ကိုယ့်ခြေထောက်ကိုယ် ကျောက်တုံးပစ်ချမိခဲ့သူ နျဲ့ရှောင်သည် ပြဿနာအား အဆုံးထိ သိရှိလိုနေသည့် ဟမ်းစတားလေး၏ စူးစမ်းလိုစိတ်အပြည့်ရှိသည့် မျက်လုံးလေးများနှင့် ဆုံသည့်အခါ ရုတ်တရက်ဆိုသလို ဤညတွင် ကောင်းမွန်စွာ အနားယူနိုင်တော့မည် မဟုတ်ဟု ခံစားမိလိုက်သည်။


နျဲ့ရှောင် ထထိုင်လိုက်ပြီး ဖခင်တစ်ဦး၏ ဝတ္တရားရှိသည့်အတိုင်း သွန်သင်ဆုံးမရန် အခွင့်ကောင်းယူလိုက်သည်။ လူသားများကြားရှိ ရှုပ်ထွေးလှသော ချစ်မှုရေးရာ ပြဿနာများနှင့် ယောက်ဖနှင့် ညီမဖြစ်သူ၏ ခင်ပွန်းအကြား ရှုပ်ထွေးသည့် မိသားစုငြင်းခုန်မှုများကို အကျဉ်းချုံး ရှင်းပြလိုက်သည်။


နားထောင်ပြီးသည့်နောက်တွင် ဟမ်းစတားလေးမှာ နားလည်သဘောပေါက်လာပုံပင်။ ခေါင်းအုံးပေါ်တွင် ထိုင်လျက်နှင့် သူ၏ လက်ကလေးတစ်ဖက်အား လက်သီးဆုပ်လိုက်ပြီး ကျန်တစ်ဖက်ပေါ်သို့ ထုရိုက်နေလေသည်။ ထိုအပြုအမူလေးမှာ လွန်စွာချစ်ဖို့ကောင်းလှသည်။


“ချိ..!” အဲဒီတော့ ရှောင်ကျွင်းကျွင်းက ရှောင်ယွီမေ့မေ့ကို ဖြားယောင်းလိုက်လို့ ဝမ်ချီချီက စိတ်ဆိုးနေတာကိုး.. ဝါးးး ရှောင်ကျွင်းကျွင်းက ရှောင်ယွီမေ့မေ့နဲ့ တူတူရှိနေတာတဲ့..


ရှင်းလင်းသွားပြီ ဖြစ်သဖြင့် နျဲ့ရှောင် စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။


“ဟုတ်ပြီ.. အဲဒီတော့ ပေါင်ပေါင်းက လူသားအသွင်နဲ့ဆိုရင် ဒယ်ဒီနဲ့ နီးနီးကပ်ကပ် နေလို့မရဘူးဆိုတာ မှတ်ထားရမယ်နော်.. ဘဝတစ်သက်စာ ချစ်ရသူနဲ့မှာ တခြားတခြားအရာတွေ လုပ်လို့ရမှာ.. မဟုတ်ရင် မြင်တဲ့လူတိုင်းက နားလည်မှု လွဲသွားကြလိမ့်မယ်..”


“နားလည်ပြီလား..”


ဟမ်းစတားလေးသည် တူညီသည့် စကားဟောင်းများကို ကြားသည့်အခါ အနည်းငယ် ဆန္ဒမရှိသလို ဖြစ်လာတော့သည်။ သူ၏ နားရွက်ကလေးများအား လက်ကလေးများဖြင့် အုပ်လိုက်ပြီးနောက် မကြားရစေရန်အတွက် နျဲ့ရှောင်၏ လက်ထဲသို့ ခေါင်းထိုးထည့်လိုက်ပြီး သူ၏ တင်ပါးအိအိလေးများကိုသာ အပြင်ဘက်တွင် ထားခဲ့လေသည်။


“ချိ..!”


သိဘူး.. သိဘူး.. ကြားလည်း ကြားဘူး.. ပေါင်ပေါင်းက သုံးနှစ်ပဲရှိသေးတဲ့ ဟမ်းစတားလေး..


နျဲ့ရှောင် : “…”


နျဲ့ရှောင်သည် သူ၏ လက်ဖဝါးထဲ အတင်းတိုးဝင်လျက်ရှိသော ငညစ်လေး၏ နူးညံ့အိစက်နေသည့် အမွေးလေးများကိုကြည့်ကာသာ ဆော့ကစားနေမိတော့သည်။ စက္ကန့်အနည်းငယ် ကြာပြီးသည့်နောက်တွင် စိတ်ပျက်လက်ပျက်နှင့် သက်ပြင်းရှိုက်လိုက်မိသည်။


အား... အုပ်ထိန်းသူတစ်ယောက်ရဲ့ လမ်းက ရှည်လျားပြီး ပင်ပန်းနေရောပဲ..


အဆုံးတွင် ဟမ်းစတားလေးသည် ချစ်စဖွယ် တုံးအအ အပြုအမူလေးဖြင့် စကားဝိုင်းအား ကျော်ဖြတ်ခဲ့သည်။ ရှဲ့ကျွင်းထံမှ အော်သံ နှစ်ကြိမ် ထွက်လာပြီးနောက်တွင် ညကောင်းကင်မှာ လုံးလုံးလျားလျား တိတ်ဆိတ်သွားလေသည်။


သို့သော်လည်း နျဲ့ရှောင် အိပ်မက်ကမ္ဘာသို့ ဝင်ရောက်သွားပြီးနောက်တွင် ခေါင်းအုံး‌ပေါ်တွင် အိပ်ပျော်နေသည့် ဟမ်းစတားလေးမှာ ရုတ်တရက် မျက်လုံးလေးများ ပွင့်လာသည်။ သေးငယ်နက်မှောင်ကာ တလက်လက်တောက်ပနေသော မျက်လုံးလေးများဖြင့် လရောင်အောက်တွင် နျဲ့ရှောင်၏ ခံ့ညားချောမောကာ ယောက်ျားပီသသည့် မျက်နှာအား စိုက်ကြည့်နေလေသည်။ သူ၏ လက်ကလေးများအား တစ်ခုနှင့်တစ်ခု ထိစပ်လျက်နှင့် တစ်စုံတစ်ခုအား တုံ့ဆိုင်းနေပုံပင်။


…… အဲဒါဆို ပေါင်ပေါင်းကလည်း ဒယ်ဒီနဲ့ ချစ်လို့ရတာပေါ့နော်..


အဲဒီလိုဆိုရင် ဘယ်သူကမှ နားလည်မှုလွဲမှာ မဟုတ်တော့ဘူးပေါ့..