အပိုင်း ၅၀
Viewers 8k


🐹 အခန်း ၅၀

 ဝူယိလေးက တကယ့်နတ်သားလေးပါ




ကမ္ဘာပျက်ကပ်၏ အခြေအနေ ပိုမိုဆိုးရွားလာသည်နှင့်အမျှ နျဲ့ရှောင်တို့အဖွဲ့ အရှိန်မြှင့်လိုက်ကြသည်။နောက်ဆုံးတွင် ဟိုင်ချန် ရေလက်ကြားသို့ ရောက်တော့မည် ဖြစ်သည်။ 


လက်ရှိတွင် သူတို့အဖွဲ့သည် လမ်းမပေါ် ခရီးဆက်လျက်ရှိသည်။


ပိုဆီယာသည်လည်း မိတ်လိုက်ကာလကို အတားအဆီးမရှိ ကျော်ဖြတ်နိုင်ခဲ့သည်။ လှပသည့် ရွှေနီရောင်အမြီးမှာ သွယ်လျဖြောင့်တန်းသော ခြေတံတစ်စုံအဖြစ် ပြောင်းလဲသွားပြီးနောက် အနက်ရောင်သေတ္တာအစွန်းတွင် ရှေ့နောက် လွှဲယမ်းလျက် ရှိနေသည်။


ရုတ်တရက် ကြည့်လိုက်မည်ဆိုလျှင် ရေချိုးနေသော အလှတစ်ပါးနှင့်ပင် တူလှသည်။


“ကိုယ့်အတွက် ဘောင်းဘီတစ်ထည်လောက် ရှာပေးနိုင်မလား အချစ်လေး..” (。•‌ᴗ-)✧


ပိုဆီယာသည် သူ၏ဆံပင်များအား သိမ်းယူလိုက်ပြီးနောက် ထရပ်ကားထဲရှိ လူများအား တစ်ချက်မျှ ကြည့်လိုက်သည်။ အဓိက အစိတ်အပိုင်းများမှ လွဲ၍ ဖြူဖွေးကြည်လင်သည့် အသားများ ပေါ်ထွက်နေလေသည်။


“အဲ.. ငါ ဒီအတိုင်း လျှောက်သွားနေမှာကို စိတ်ထဲမထားဘူး ဆိုရင်တော့ ရှာပေးဖို့ မလိုဘူး‌ပေါ့လေ..”


နျဲ့ရှောင်၏ အိတ်ကပ်အတွင်းရှိ ဟမ်းစတားလေးသည် ထိုစကားများအား ကြားသည့်အခါ အရှက်သည်းစွာဖြင့် သူ၏ မျက်နှာသေးသေးလေးအား လက်ဖြင့်အုပ်လိုက်သည်။


“ချိ..” ဒယ်ဒီရေ.. အဲဒီစိတ်မမှန်တဲ့ငါးက လုံးဝ အရှက်မဲ့လွန်းတယ်..


“အင်း.. သူ့ကို အတုမခိုးနဲ့နော်..”


နျဲ့ရှောင်သည် အမူအရာမဲ့စွာဖြင့် ခေါင်းညိတ်ပြီးနောက် လူတိုင်း မကြည့်သင့်သည့် ပုံစံနှင့် ရှိနေသော ပိုဆီယာ ရှိရာသို့ လှည့်လိုက်သည်။


“မင်း.. အကျင့်ပျက်တဲ့ ငါး..”


ကျန်းချိုးသည် အနက်ရောင်သေတ္တာထဲမှ ထရပ်တော့မည့်ဟန်ရှိသော ပိုဆီယာအား ကြည့်လိုက်သည်။ ချက်ချင်း ရှက်ရွံ့သွားမိပြီးနောက် အလျင်စလိုသွားကာ ပိုဆီယာ၏ ပုခုံးအား လက်ဖြင့်ဖိချပြီးနောက် ကြိမ်းမောင်းလေသည်။


“မိန်းကလေးတွေ ရှိနေတာ မမြင်ဘူးလား.. မင်း အခုလိုမျိုး မတော်တရော်တွေ လုပ်မလို့လားကွ..”


ရှောင်ယန် ခပ်ဖွဖွ ချောင်းဟန့်လိုက်ပြီးနောက် အခြားသူများကဲ့သို့ တစ်ဘက်လှည့်လိုက်သည်။ တကယ်တမ်းတွင် သူမမိသားစုမှ ဝူဝမ်ချီတစ်ယောက် ငိုကြွေးကောင်း ငိုကြွေးနေနိုင်သော်လည်း သူမအတွက်မူ စိတ်မရှိပါလေ။


“ဒါပေမဲ့ ငါ့မှာ ဝတ်စရာမှ မရှိတာ.. မင်းတို့ကလည်း ပေးမှ မပေးဘဲနဲ့..”


ပိုဆီယာသည် မှားယွင်းစွပ်စွဲခံရသလို ဟန်ဆောင်ပြီး သူ၏ သမုဒ္ဒရာကျောက်နက်နှင့်တူသော မျက်လုံးများဖြင့် ကျန်းချိုးအား သနားစဖွယ်ကောင်းစွာ ကြည့်လိုက်သဖြင့် ကျန်းချိုးမှာ တစ်ကိုယ်လုံး တောင့်တင်းကာ ရှက်ရွံ့သွားလေသည်။


“အာ.. ဒါဆိုလည်း ငါ့ဟာတွေ ယူကွာ..”


ကျန်းချိုး မည်းမှောင်နေသော မျက်နှာဖြင့် ဆဲရေးလိုက်ပြီးနောက် ကျောပိုးအိတ်ထဲမှ အဝတ်ပိုများအား ပစ်ပေးလိုက်သည်။ ထို့နောက် လူတိုင်းကဲ့သို့ တစ်ဘက်လှည့်ပြီး အနက်ရောင်သေတ္တာထဲရှိလူအား အဝတ်လဲစေသည်။ တိုက်ဆိုင်စွာပင် သူတို့နှစ်ဦး၏ အဝတ်များမှာ တစ်ဆိုဒ်တည်းနီးပါး တူညီကြသည်။


ပိုဆီယာသည် ဝတ်ဆင်ထားသည့် အဝတ်များအား စိတ်ကျေနပ်စွာ ကြည့်လိုက်ပြီးနောက် လူတိုင်းအား လှည့်ကြည့်ရန် အသိပေးလိုက်သည်။


ကျန်းချိုးသည် သူ၏အဝတ်များအား ဝတ်ဆင်ထားသော ပိုဆီယာအားကြည့်ကာ နှလုံးသားထဲတွင် ထူးထူးဆန်းဆန်း ခံစားရသည်။ စိတ်မသက်မသာနှင့် အကြည့်ပြန်ရုတ်သိမ်းပြီး အကြည့်ခြင်းမဆုံအောင် ရှောင်နေလေသည်။


နင်ဖုန်းသည် ပိုဆီယာအားကြည့်ကာ သူ၏ အမြီးများသည် ခြေထောက်များအဖြစ် ပြောင်းသွားရုံသာမကဘဲ ခပ်ချွန်ချွန် နားရွက်များနှင့် လည်ပင်းတစ်ဝိုက်မှ အကြေးခွံများသည်လည်း ပျောက်ဆုံးသွားကြောင်း တွေ့လိုက်ရသည်။ ရုပ်ရည်ချောမောနေခြင်းမှအပ လူသားများနှင့် ကွဲပြားခြင်း မရှိတော့ချေ။


ကမ္ဘာပေါ်တွင် ရေသူများ အမှန်တကယ် ရှိသည့်အကြောင်း လူသားများ ရှာမတွေ့ခြင်းမှာ အံ့ဩဖွယ် မဟုတ်တော့ပေ။


နင်ဖုန်းသည် ငယ်စဉ်က ကြားဖူးခဲ့သော နတ်သမီးပုံပြင်များအား အမှတ်ရပြီးနောက် ချက်ချင်းပင် ပါဝင်ပတ်သက်နေသူအား စူးစမ်းမှုအပြည့်နှင့် မေးတော့သည်။


“ပိုဆီယာရေ.. မင်းခြေထောက်တွေက ပုံပြင်တွေထဲကလို စုန်းမကြီးနဲ့ စာချုပ်ချုပ်ခဲ့တာလား.. လမ်းလျှောက်ရင်ကော နာလား..”


ထိုစကားအား ကြားသည့်အခါ ပိုဆီယာ ချက်ချင်းပျော်ရွှင်သွားပြီး မျက်ရည်ဝဲနေသော မျက်လုံးကြည့်များဖြင့် ပြောလေသည်။


“နာတာပေါ့.. တကယ်ကြီး နာတာ.. ခြေလှမ်းလိုက်တိုင်း ဆူးခင်းလမ်းပေါ် လျှောက်နေရသလိုပဲ..” 🥺


ထိုသို့ပြောပြီးနောက် ကျန်းချိုး၏ လက်မောင်းထဲသို့ တစ်ကိုယ်လုံး ပစ်လှဲချလိုက်သည်။ ကျန်းချိုး၏ မျက်နှာများ နီရဲကာ တစ်ကိုယ်လုံး တောင့်တင်းသွားသည်။


“မင်း.. ငလိမ်ကောင်.. ကလေးတွေပဲ မင်းပြောတာ ယုံလိမ့်မယ်..”


“ကျန်းချိုးချိုးက အကြင်နာတရားကို မရှိဘူးလို့..”


နင်ဖုန်းသည် ပရောပရီလုပ်နေသည့် နှစ်ယောက်အား မြင်သည့်အခါ ချက်ချင်း လှည့်ထွက်ပြီး သွမ့်ဝမ်ယွီဘေး၌ ထိုင်ချလိုက်သည်။


“အွန်း.. ရေသူမျိုးနွယ်တွေက အပြေးတောင် ပြိုင်နိုင်လောက်တယ်..”


"အရူးလေး.." 


သွမ့်ဝမ်ယွီ မပြုံးဘဲ မနေနိုင်တော့ချေ။ နင်ဖုန်း၏ ခေါင်းလေးအား ညင်ညင်သာသာ ပွတ်လိုက်သည်။


ကျန်းချိုးအား အောင်မြင်စွာ အနှောင့်အယှက်ပြုပြီးသော ပိုဆီယာသည် ခံ့ခံ့ညားညား သွင်ပြင်အား ပြန်လည်ထိန်းယူလိုက်သည်။ နျဲ့ရှောင်၏ အိတ်ကပ်အတွင်းရှိ ဟမ်းစတားလေးအားကြည့်ကာ အနည်းငယ် စိတ်မရှည် ဖြစ်လာမိသည်။


သူတို့ စတွေ့ချိန်မှာ ၃ ရက် ကုန်ဆုံးသွားပြီ ဖြစ်သည်။ သူ လေ့လာမိသ၍ ဖြစ်နိုင်ချေ အရှိဆုံးသော “စိတ်တူကိုယ်တူ ရဲဘော်ရဲဘက်များ” မှာ ဟမ်းစတားလေးနှင့် ကျားကြီးတို့ ဖြစ်နိုင်သော်လည်း သူတို့အား မည်သည့်အခါတွင်မျှ တစ်ကောင်တည်း မတွေ့ရတတ်ချေ။


သူ၏ ထင်မြင်ယူဆချက်များ မှန်၊ မမှန် စစ်ဆေးဖို့ရန် အလွန်ခက်ခဲလောက်ပေမည်။


ကံကောင်းထောက်မစွာဖြင့် ယခုအခါတွင် လှုပ်ရှားနိုင်ပြီ ဖြစ်လေသည်။ မကြာမီ ၎င်းတို့အား စမ်းသပ်စစ်ဆေးရန် အခွင့်အရေး ရှာနိုင်ပေမည်။ 


လက်ရှိအချိန်တွင် အိမ်မပြန်နိုင်သေးသလို အချက်ပြလည်း ပို့နိုင်ခြင်း မရှိပေ။ ဤ “စိတ်တူကိုယ်တူ ရဲဘော်ရဲဘက်များ” မှာ သူ့အား အပြန်ခရီးသို့ ခေါ်ဆောင်သွားပေးနိုင်မည်လား သူမသိချေ။


ဟမ်းစတားလေးသည် ဖရဲစေ့အားကိုင်ကာ တတိတိ ကိုက်နေလေသည်။ ပိုဆီယာ၏ လောင်ကျွမ်းလုမတတ် အကြည့်စူးစူးအား ခံစားမိပုံရပြီးနောက် အလွန်အကျူး ချစ်ဖို့ကောင်းစွာ ခေါင်းကလေး ငဲ့ကြည့်လိုက်ပြီးနောက် စိတ်မပါစွာဖြင့် ဖရဲစေ့တစ်စေ့ ကမ်းပေးလိုက်သည်။


“ချိ..” ပေါင်ပေါင်းက တစ်ကိုယ်ကောင်း မဆန်တတ်ဘူးနော်..


ပိုဆီယာ : "..."


များမကြာမီတွင် နေ့လယ်စာ စားချိန်သို့ ရောက်သည့်အခါ ပိုဆီယာသည် “သံသယဖြစ်ဖွယ် ရဲဘော်နှစ်ဦး” နှင့် အတူရှိခွင့် ရခဲ့လေသည်။


နျဲ့ရှောင်၊ ကျန်းချိုးနှင့် အခြားသူများသည် အပေါ့အပါးသွားရန် အနီးအနားရှိ တောအုပ်အတွင်းသို့ ဝင်သွားပြီး လူသားမဟုတ်သည့် သူတို့အား အစောင့်အနေဖြင့် ထားခဲ့ကြသည်။ ထိုခဏတွင် ပိုဆီယာသည် လူသားများ၏ ဇီဝကမ္မ လိုအပ်ချက်များအတွက် ကျေးဇူးတင်စွာဖြင့် အော်ဟစ်ငိုကြွေးလုမတတ်ပင်။


အခွင့်အရေးအား လွဲချော်သွား၍ မဖြစ်ချေ။ သို့တည်းမဟုတ်လျှင် မည်သည့်အချိန်မှ ထပ်ရလာမည်ကို မသိနိုင်။ ပိုဆီယာသည် အဝေးသို့သွားသည့် လူများအား ကြည့်ပြီးနောက် ကောင်ငယ်လေးနှင့် ကျားကြီးဘေးသို့ ချက်ချင်းသွားသည်။ အသံကိုနှိမ့်ကာ ခပ်တိုးတိုး မေးလေသည်။


“ဝူယိ.. ကလေးလေး.. မင်း နီမိုနဲ့ ပတ်သက်ပြီး တစ်ခုခု သိထားလား..”


"!"


ပိုဆီယာ၏ အမေးအား ကြားသည့်အခါ ရှောင်ဝူယိ ရုတ်တရက် ခေါင်းမော့လာသည်။ သူ၏ မျက်လုံးလေးများမှာ တလက်တက် တောက်ပနေပြီး ပျော်ရွှင်နေသော မျက်နှာလေးဖြင့် ပိုဆီယာအား ကြည့်လိုက်သည်။


“ငါ နီမိုကို သဘောကျတယ်လေ.. နီမိုကို အကြိုက်ဆုံးပဲ.. စကြဝဠာကြီးမှာ နံပါတ် ၁ အကြိုက်ဆုံးပဲ.. စိတ်မမှန်တဲ့ ငါး.. မင်းလည်း နီမိုကို ကြိုက်တယ်ပေါ့..”


နံဘေးရှိ ကျားကြီးသည် ရင်းနှီးနေသည့် စကားလုံးအား ကြားသည့်အခါ နားစွင့်ထားလိုက်သည်။ သို့သော်လည်း ထိုစကားလုံးမှာ မည်သည်ကြောင့် အလွန်ရင်းနှီးနေသည်ဟု ခံစားနေရခြင်းကိုမူ မသိပေ။


“အင်း.. ငါ သူတို့ကို အရမ်းသဘောကျတာ..”


ကောင်ငယ်လေး၏ စကားကို နားထောင်ပြီးနောက် ပိုဆီယာသည် ကြက်ကလေး အစာကောက်သကဲ့သို့ ခေါင်းဆက်တိုက် ညိတ်လိုက်ပြီး နှလုံးသားထဲရှိ ပျော်ရွှင်မှုအား ဖိနှိပ်နိုင်စွမ်း မရှိတော့ချေ။ မျှော်လင့်ထားသလိုပင် ၎င်းတို့သည် တုံးတုံးအအနှင့် ချစ်စဖွယ်ကောင်းသော နီမိုတော်ဝင်မျိုးနွယ်မှ တိရစ္ဆာန်လေးများ ဖြစ်ကြသည်။


အကောင်ငယ်လေး၏ အသံမှာ အနည်းငယ် ကျယ်လွန်းသည်ဟု ခံစားမိသဖြင့် ပိုဆီယာသည် အသံနှိမ့်ကာ ဆက်ပြောလေသည်။


“အရင်ဆုံး အသံတိုးပါဦး.. ငါ့မှာ မင်းတို့ကို ပြောစရာရှိတယ်ကွ..”


“အွန်း.. အွန်း..”


ရှောင်ဝူယိသည် နာခံမှုရှိရှိဖြင့် ထိုင်ချလိုက်ပြီး ပိုဆီယာအား စိတ်အားထက်သန်မှုအပြည့်ဖြင့် ကြည့်နေလေသည်။


ပိုဆီယာမှာ သူမည်သူဖြစ်ကြောင်း ပြောတော့မည့်အချိန်မှာပင် နျဲ့ရှောင်နှင့် အခြားသူများ ပြန်ရောက်လာကြသည်။ ပိုဆီယာ၏ စကားများမှာ လည်ချောင်းဝတွင် တစ်ဆို့သွားပြီး နာကျင်နေသည့် ရင်ဘတ်အား လက်ဖြင့်ဖိထားရုံသာ တတ်နိုင်တော့သည်။


“မင်းတို့ကလည်း မြန်လိုက်တာ..”


နျဲ့ရှောင်၊ ကျန်းချိုး၊ သွမ့်ဝမ်ယွီနှင့် အခြားသူများမှာ စိတ်ရှုပ်ထွေးစွာဖြင့် ခြေလှမ်းများ ရပ်တံ့သွားကြသည်။


"???" မင်း ဘာပြောချင်တာတုန်းကွ..


နင်ဖုန်းမှာ မည်သည်က မှားယွင်းနေသည်ကို နားမလည်သဖြင့် ချက်ချင်း မေးခွန်းထုတ်လိုက်သည်။


“မင်းတို့ ရေသူတွေနဲ့ ငါတို့က အချိန်မတူတာ ဖြစ်မှာပါ.. ဆီးသွားတာ ကြာဖို့ လိုလို့လား.. အဲဒါက ဆီးမသန့်တာမျိုး ဖြစ်နိုင်တာလား..”


ပိုဆီယာ မေးစဉ်တွင် ရှောင်ယန်မှာ မည်သည့်အတွေးမျှ မရှိသော်လည်း ယခုအခါတွင် ကျယ်လောင်စွာ ထရယ်မိတော့သည်။


ထရပ်ကားပေါ်မှ အမျိုးသားများ : “...”


သွမ့်ဝမ်ယွီသည် နင်ဖုန်းအား ခေါင်းအသာပွတ်လိုက်ပြီးနောက် အဓိပ္ပါယ်ပါပါ ပြောလေသည်။


“အရူးလေးကွာ.. စကားပြောတဲ့အခါ အနေအထားကိုပဲ အာရုံစိုက်ထား.. အများကြီး မတွေးနဲ့..”


နင်ဖုန်းမှာ ချက်ချင်းပင် ထူပူပြီး မျက်နှာနီမြန်းလာသည်။


‌ရှောင်ဝူယိမှာ လျင်မြန်စွာဖြတ်သွားသည့် အရုပ်ကားအား လုံးလုံးလျားလျား သတိမပြုမိလိုက်ချေ။ ပျော်ရွှင်စွာဖြင့် နျဲ့ရှောင်ရှိရာသို့ အပြေးလေးသွားကာ လက်မောင်းထဲ ပစ်ဝင်လိုက်သည်။


“ဒယ်ဒီရေ.. ဒယ်ဒီ.. စိတ်မမှန်တဲ့ငါးက ပေါင်ပေါင်းကို ပြောတယ်သိလား.. သူလည်း နီမိုကို အရမ်းကြိုက်တာတဲ့..”


“မဟုတ်.. ငါ..”


ပိုဆီယာမှာ ရပ်တံ့ဖို့ရန် နောက်ကျသွားပြီး လေထဲတွင်လက်ဆန့်လျက်သား ဖြစ်နေသည်။ လူတိုင်း တစ်ပြိုင်နက်တည်း လှည့်ကြည့်လာသည့်အခါတွင် ရုတ်တရက်ဆိုသလို သူ၏ ငါးခန္ဓာ တစ်ခုလုံး ပြာယာခပ်ပြီး မသက်မသာ ခံသားလာရသည်။


အားးး အားးးး အားးးး သွားပြီ.. ငါတော့ သွားပါပြီ.. ဖော်ထုတ်ခံရတော့မယ်..


သို့သော်လည်း အခြေအနေမှာ ပိုဆီယာ မျှော်လင့်ထားသည်ထက် ကျော်လွန်နေသည်။ သူ့အား မည်သူကမျှ သံသယဝင်ခြင်း မရှိသည့်အပြင် လူတိုင်း၏ ထောက်ခံမှုကိုပါ ရလိုက်သေးသည်။


ဘာလား.. ဒီနှစ်ကောင်က သူတို့ ဘယ်သူဖြစ်ကြောင်း အားလုံးကို ပြောပြထားတာလား..


ဒီနှစ်ကောင်က မဟာမိတ်ဥပဒေကို မဖတ်ဖူးကြဘူးလား.. ထောင်ကျမှာ မကြောက်ကြဘူးပေါ့..


နျဲ့ရှောင်သည် ပိုဆီယာအား ကြည့်လိုက်ပြီး အနည်းငယ် ထူးဆန်းသည်ဟု ခံစားမိလေသည်။


“မင်းက ပင်လယ်ထဲမှာ နေတာတောင် နီမိုကို သိနေတာလား..”


ပိုဆီယာသည် စိတ်ထဲတွင် ထိတ်လန့်တုန်လှုပ်နေမိသော်လည်း ခေါင်းညိတ်ကာ တုံ့ပြန်လိုက်သည်။


“အင်း သိတာပေါ့.. အတော်လေး နာမည်ကြီးတယ်လေ..”


ရှောင်ဝူယိသည် များပြားလှသော လူများကြားမှ သူ့ကဲ့သို့ စိတ်အားထက်သန်လှသူကို ရှာတွေ့သွားပြီ ဖြစ်သဖြင့် အလွန်အမင်း ပျော်ရွှင်လျက်ရှိသည်။ ထရပ်ကားထဲသို့ ပြေးဝင်ကာ သူ၏ စတော်ဘယ်ရီ လွယ်အိတ်လေးအားယူလိုက်ပြီးနောက် ကြီးမားသော ငါးပုံသဏ္ဌာန် ခေါင်းအုံးအား ထုတ်ယူလိုက်သည်။


“ငါ မင်းကို ဒီဟာပေးမယ်နော် စိတ်မမှန်တဲ့ ငါး..”


ဝူယိသည် ခေါင်းအုံးအား ပိုဆီယာ၏ လက်မောင်းကြားထဲသို့ အနည်းငယ်မျှပင် တုံ့ဆိုင်းခြင်းမရှိဘဲ ထည့်ပေးလိုက်ပြီးနောက် ပျော်ရွှင်စွာဖြင့် ပြောလေသည်။


“မင်း ဒီနီမိုကို ကောင်းကောင်းဆက်ဆံရမယ်နော်..”


နျဲ့ရှောင်သည် ထိုမြင်ကွင်းအား မြင်သည့်အခါ အနည်းငယ် အံ့အားသင့်သွားပြီးနောက် ကောင်ငယ်လေး၏ ဦးခေါင်းအား ပွတ်လိုက်သည်။


“ဒါပေမဲ့ ဒီဟာက ပေါင်ပေါင်း အကြိုက်ဆုံး ခေါင်းအုံးလေးလေ.. ဒယ်ဒီတို့အိမ်မှာ ဒီတစ်ခုပဲ ရှိတာနော်.. ပေါင်ပေါင်း ပေးလိုက်မယ်ဆိုရင် ရှိတော့မှာ မဟုတ်ဘူး..”


ထိုခေါင်းအုံးမှာ ကမ္ဘာပျက်ကပ် မတိုင်မီက သူ၏ပေါင်ပေါင်းအတွက် နျဲ့ရှောင် အထူးတလှယ် ဝယ်ယူပေးထားခြင်း ဖြစ်သည်။ ဟမ်းစတားလေးအား မတော်တဆ ရုပ်ရှင်ကြည့်ခွင့်ပြုလိုက်သည့် အချိန်မှစကာ အကောင်ပေါက်လေးသည် ထိုငါးအား အလွန်အမင်း သဘောကျနှစ်သက်သွားလေသည်။ ထိုအချက်ကြောင့် တစ်ခါတစ်ရံ နျဲ့ရှောင်မှာ မနာလိုဖြစ်ရသည် အထိပင်။


“ရပါတယ် ဒယ်ဒီရဲ့.. ဒီ စိတ်မမှန်တဲ့ငါးက ပေါင်ပေါင်းအစား စောင့်ရှောက်ပေးထားမှာပေါ့.. ပြီးတော့ ပေါင်ပေါင်းမှာ ဒယ်ဒီဝယ်ပေးထားတဲ့ နီမိုသေးသေးလေးတွေ ရှိနေသေးတယ်လေ.. ”


ရှောင်ဝူယိသည် ခေါင်းကလေး တလှုပ်လှုပ်ဖြင့် ပြန်ဖြေသည်. သူ၏ မျက်နှာလေးမှာ ပန်းနုရောင် သန်းနေပြီး မည်မျှပျော်ရွှင်နေခြင်းဖြစ်ကြောင်း ပြနေလေသည်။


ပိုဆီယာသည် သူ၏လက်မောင်းထဲရှိ ငါးပုံသဏ္ဌာန် ခေါင်းအုံးကြီးအားပိုက်ကာ အချိန်အတော်ကြာ နားမလည်နိုင်ဘဲ ရှိနေလေသည်။ ပတ်ပတ်လည်ရှိ လူတိုင်းကို ကြည့်လိုက်ပြီးနောက် ရေသူထီးတစ်ကောင်၏ ဆဌမအာရုံမှာ သူ၏ သံသယများအား ဝမ်းဗိုက်ထဲ မျိုချသွားစေလေသည်။


ကျန်းချိုးသည် ကလေးဆန်ဆန်ခေါင်းအုံးအားတစ်လှည့် ပိုဆီယာအားတစ်လှည့် ကြည့်လိုက်သည်။ ဤနေရာရှိ အငယ်ဆုံးလေးမှာ နင်ဖုန်းဖြစ်ပြီး ထိုကောင်လေးသည်လည်း လွန်ခဲ့သည့် နှစ်များစွာကပင် ကာတွန်းကားများအား စွဲလမ်းခြင်း မရှိတော့ပေ။ 


ကျွတ်.. ကျွတ်.. လူတစ်ယောက်ကို သူ့ရဲ့ အသွင်အပြင်ကိုကြည့်ပြီး ဆုံးဖြတ်လို့ မရဘူးဘဲ..


“ဘာမှမဖြစ်ဘူးနော်.. ကလေးဆန်လို့ရတယ်.. အေးဆေးပဲ.. မင်းကို မလှောင်ပါဘူး..”


ကျန်းချိုးသည် ပိုဆီယာ၏ ပုခုံးအား လက်ဖြင့်ပုတ်လိုက်သည်။


ပိုဆီယာ : "???"


ခဏကြာပြီးနောက်တွင် ထရပ်ကားမှာ ခရီးဆက်ပြန်သည်။


ပိုဆီယာသည် ကျစ်ဟွေ့ကွမ်၏ အမွေးပွပွပေါ်တွင် လဲလျောင်းရန် ရှောင်ဝူယိ၏ ဆွဲခေါ်သွားခြင်း ခံလိုက်ရသည်။ တစ်နေ့ခင်းလုံးတွင် နီမိုဟုခေါ်သည့် ငါးကလေးအကြောင်းအား တက်ပလက်ပေါ်တွင်ကြည့်ရင်း ဦးနှောက်ဆေးခံလိုက်ရသည်။


အဆုံးတွင် ပိုဆီယာသည် သူ၏လက်မောင်းထဲရှိ နီမိုငါးခေါင်းအုံးအားကြည့်ရင်း ခေါင်းအုံးထဲ ခေါင်းနှစ်လိုက်တော့သည်။


ငါ မှားသွားတာလား.. သူတို့က တကယ်ပဲ နတ်သားအစစ်တွေလားဟ..


အားးးးး မိုးကောင်ကင်ကြီးနဲ့ ကမ္ဘာမြေကြီးရေ.... အားးးးးးးးးး


ငါ့ရဲ့ ရဲဘော်ရဲဘက်တွေက ဘယ်မှာလဲလို့...


ပိုဆီယာသည် ခေါင်းအုံးထဲသို့ မျက်နှာနှစ်ပြီး အရူးအမူး ဖြစ်နေသည်ကို မြင်သည့်အခါတွင် ဟမ်းစတားလေးမှာ မပျော်ရွှင်နိုင်တော့ချေ။ ထို့ကြောင့် နျဲ့ရှောင်အား ထိုအကြောင်း ပြောပြလိုက်သည်။


“ချိ..” ဒယ်ဒီ သိလား.. အဲဒီ စိတ်မမှန်တဲ့ငါးက နီမိုကို တကယ်ကြိုက်နေတာပဲ.. ဒါပေမဲ့လည်းနော် ပေါင်ပေါင်းက နီမိုကိုကြိုက်တဲ့ ကမ္ဘာ့နံပါတ် ၁ ဟမ်းစတားလေး ဖြစ်နေတုန်းပဲ.. ໒( ˵ •‌ ᴗ •‌˵)


နျဲ့ရှောင်၏ မျက်လုံးများမှာ နူးညံ့မှုတို့ အပြည့်ပင်။


"ဟုတ်ပါပြီကွာ.."


တစ်နေ့ခင်းလုံး ရုပ်ရှင်ကြည့်ပြီးနောက် ကျစ်ဟွေ့ကွမ်မှာ မည်သည်ကြောင့် “နီမို” ဟူသည့် စကားလုံးအား ရင်းနှီးနေရသည်ဟု ခံစားနေရကြောင်း သိရှိသွားပုံရသည်။ ထိုအရာသည် သူသိထားသည့် ငါး တစ်ကောင်သာ ဖြစ်ရမည်။


မည်သို့ပင်ဖြစ်စေ ငါးဆိုသည်မှာ အရသာရှိသည့်အစာ ဖြစ်သည်။


***


ထိုအချိန်တွင် အခြားတစ်ဘက်၌။


ဟိုင်ချန်သို့ ချီတက်လာသည့် ဝူချင်ဖုန်းနှင့် လောယွင်ဟိုင်တို့ အဖွဲ့မှာ ဟိုင်ချန်ရေလက်ကြားအနီးသို့ ရောက်လာကြလေပြီ။


ကနဦးတွင် ကလေးလေး မော့ယဲ့ကြောင့် ထိတ်လန့်ခဲ့ရသည်မှလွဲ၍ ခရီးလမ်းတစ်လျှောက် ချောချောမွေ့မွေ့ပင်။ လမ်းတွင်လည်း မည်သည့် အနှောင့်အယှက် အတားအဆီးမျှ မတွေ့ခဲ့ရပေ။


လက်တလော ထွက်ပေါ်လာသည့် ဇွန်ဘီအင်းဆက်များအား ခက်ခက်ခဲခဲ ကျော်ဖြတ်ခဲ့ရသည့်တိုင် သူတို့အဖွဲ့မှ အပြတ်အသတ် အနိုင်ရရှိခဲ့ပြီး အသေအပျောက် မရှိခဲ့ပေ။


ရံဖန်ရံခါတွင် စုဆောင်းထားသည့် အစားအစာများ ပျောက်ဆုံးသွားတတ်သော်လည်း ထရပ်ကားပေါ်တွင် ရိက္ခာပြတ်လပ်မှု မရှိသဖြင့် များများစားစား ဂရုမထားမိကြချေ။ ဆာလောင်နေသည့် ရဲဘော်များ စားသောက်လိုက်ကြခြင်း ဖြစ်မည်ဟု မှတ်ယူကာ မည်သူကမျှ အနည်းငယ်မျှပင် သံသယမဝင်ခဲ့ပေ။


ဝူချင်ဖုန်းနှင့် သူ၏အဖွဲ့သည် လက်ရှိအချိန်တွင် လမ်းကြောင်းအား

ကြည့်နေကြသည်။ ဟိုင်ချန်နှင့် အလွန်နီးကပ်နေပြီဖြစ်ကြောင်း သိလိုက်ရသည့်အခါတွင် စိတ်လှုပ်ရှားလာမိကြသည်။


သို့သော်လည်း သူတို့ လုံးလုံးလျားလျား သတိမထားမိချိန်မှာပင် အရိပ်တစ်ခုသည် သူတို့၏ ထရပ်ကားနောက်သို့ ထက်ကြပ်မကွာ လိုက်ပါလာလေသည်။