အပိုင်း ၄၉
Viewers 9k


🐹 အခန်း ၄၉

 ဝူယိလေးက ဇွန်ဘီပိုးကောင်တွေကို မုန်းတယ်နော်




ညအချိန် ကုန်လွန်သွားလေပြီ။


ကမ္ဘာပေါ်ရှိ ရှင်သန်ကျန်ရစ်သူ အားလုံးနီးပါးသည် အလွန်ပြင်းထန်သည့် ပြဿနာတစ်ရပ်အား ရှာဖွေတွေ့ရှိသွားကြပြီ ဖြစ်သည်။ ထိုသည်မှာ ဇွန်ဘီအဆင့်များထဲတွင် သူတို့ တစ်ခါမျှပင် မြင်တွေ့ဖူးခြင်း မရှိခဲ့သော တိရစ္ဆာန်(သားရဲ)များ စတင်ပေါ်ထွက်လာကြခြင်း ဖြစ်လေသည်။


ထိုဇွန်ဘီသားရဲများကြောင့် သေဆုံးမှုမှာ ဇွန်ဘီလူသားများကြောင့် သေဆုံးမှုထက် အဆများစွာ ပိုလေသည်။ ပိုးဟပ်၊ ကြွက်၊ ပုရွက်ဆိတ်၊ ပင့်ကူ စသည့် အကောင်များနည်းတူ ဇွန်ဘီအင်းဆက်များပါ တစ်မျိုးပြီးတစ်မျိုး ထွက်ပေါ်လာသဖြင့် ခုခံဖို့ရန်ပင် ခက်ခဲလေသည်။ မတော်တဆ အကိုက်ခံရမည်ဆိုလျှင် ကူးစက်ခံရပြီး ဇွန်ဘီအဖြစ် ပြောင်းလဲသွားပေလိမ့်မည်။ တစ်ချိန်တည်းမှာပင် အကိုက်ခံရသည့် ဒဏ်ရာမှာ အလွန်သေးငယ်လှသဖြင့် ချက်ချင်း သတိပြုမိရန် မဖြစ်နိုင်ပေ။


နျဲ့ရှောင်၏အဖွဲ့ နိုးထလာချိန်တွင် ပြတင်းမှန်များ၌ သိပ်သည်းစွာ ရှိနေသော ဇွန်ဘီအင်းဆက်များအား တွေ့လိုက်ရသည်။ ယင်းအင်းဆက်များ တွယ်တက်လာချိန်တွင် သွားကြိမ်းဖွယ်ရာ အသံများ ပြုလုပ်လျက်ရှိသည်။


ဟမ်းစတားလေးသည် ထိုပိုးကောင်များအားကြည့်ကာ သူ၏ စိတ်ထံမှ ရွံရှာလွန်းလှသဖြင့် နျဲ့ရှောင်၏ အိတ်ကပ်အတွင်း ဝင်ပုန်းလေသည်။


“ချိ...” ဒယ်ဒီ.. အော့ အော့ တွေ..


ထိုမြင်ကွင်းအားကြည့်ကာ နျဲ့ရှောင်၏ ဦးရေပြားတစ်ခုလုံး ကျိန်းစပ်လာသည်။ သူ၏ စိတ်ထက်ပင် မြန်ဆန်စွာ ထိုပိုးကောင်များအား လောင်ကျွမ်းစေကာ ရှင်းလင်းပစ်လိုက်သည်။ ရလဒ်အနေဖြင့် ကောင်းမွန်သန့်စင်သည့် ဇွန်ဘီအမြုတေအများအပြား မြေပြင်ပေါ်သို့ ပြုတ်ကျလာခြင်းပင်။


ဇွန်ဘီအင်းဆက်များနှင့် ရင်ဆိုင်ရသည့်အခါ လူတိုင်း၏ အမူအရာမှာ အရုပ်ဆိုးလာကြသည်။ တစ်ချိန်တည်းမှာပင် ဖွင့်ပြောရန်မလိုဘဲနှင့် စခန်းမှ အခြေအနေများအား စိုးရိမ်မိနေကြသည်။


သွမ့်ဝမ်ယွီ စိတ်မသက်မသာဖြစ်စွာဖြင့် ပြောလိုက်သည်။


“ဒီအင်းဆက်တွေက အသက်ရှိလူတွေကို အနံ့ခံမိတာနဲ့ တစ်နေရာနဲ့ တစ်နေရာကို အတင်းတိုးသွားကြလိမ့်မယ်.. စခန်းတစ်ဝိုက်မှာရှိတဲ့ နံရံတွေက သူတို့ကို တားနိုင်မှာ မဟုတ်ဘူး.. သူတို့ မဝင်နိုင်တဲ့ နေရာဆိုတာ လုံးဝ မရှိနိုင်ဘူး..”


နင်ဖုန်း ခေါင်းတဗျင်းဗျင်းမြည်အောင် ကုတ်လိုက်သည်။


“အဲဒါဆို ဒီပိုးကောင်တွေကို ဘယ်လိုလုပ်ကြမလဲ.. စခန်းမှာရှိတဲ့ လူအများစုက သာမန်လူတွေရယ်..”


“ဖာ့ခ်.. တကယ် စိတ်ရှုပ်စရာပဲ..”


ထိုအချိန်တွင် နျဲ့ရှောင်၏ မျက်နှာမှာလည်း အကြီးအကျယ် ပျက်ယွင်းလာသည်။


သို့သော်လည်း စခန်းနှင့် ပတ်သက်၍ မည်မျှပင် စိုးရိမ်နေစေကာမူ လက်ရှိနေရာမှ ပြန်လှည့်ရန် မဖြစ်နိုင်ပေ။ သူတို့ ပြန်သွားမည် ဆိုလျှင်တောင် ဤအခြေအနေအား များစွာပြောင်းလဲနိုင်လိမ့်မည် မဟုတ်ပေ။


သူတို့လက်ရှိ အာရုံစိုက်ထားသင့်သည့် အရာမှာ ဟိုင်ချန်ရှိ သိပ္ပံပညာရှင်များအား မြန်နိုင်သမျှ မြန်မြန် ကယ်တင်ရန်သာ ဖြစ်သည်။ ဇွန်ဘီဗိုင်းရပ်အား ဖြေရှင်းခြင်းသည်သာလျှင် ထိုပြဿနာရပ်များကို တစ်ပြိုင်နက်တည်း ဖြေရှင်းခြင်းပင် ဖြစ်လေသည်။


“ခရီးဆက်ကြတာပေါ့..”


နျဲ့ရှောင်သည် မျက်နှာအား လက်ဖြင့်ပွတ်လိုက်ပြီးနောက် ဟိုင်ချန်တည်ရှိရာသို့ စိတ်ပိုင်းဖြတ်ထားသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။


ရှဲ့ကျွင်း အသက်ပြင်းပြင်း ရှိုက်လိုက်ပြီးနောက် တစ်ချိန်တည်းမှာပင် အခြားသူများနှင့် သူ့ကိုယ်သူပါ နှစ်သိမ့်လိုက်သည်။


“စခန်းမှာ ရှောင်ယွီ ရှိနေတယ်လေ.. သူမရဲ့ စွမ်းရည်က အရမ်းအစွမ်းထက်တော့ လူတိုင်းကို ကာကွယ်ပေးနိုင်မှာပါ..”


ဝူဝမ်ယွီ၊ ဝူဝမ်ချီနှင့် အခြားသူများအား တွေးမိသည့်အခါ နျဲ့ရှောင်တို့ တစ်ဖွဲ့လုံး၏ အမူအရာမှာ အနည်းငယ် ပြေလျော့သွားကြသည်။


“ဟုတ်တယ်.. ငါတို့တွေ သူတို့ကို ယုံကြည်ရမယ်..”


***


တစ်ချိန်တည်းမှာပင် ဖုန်းချန်၌ရှိသော ဝူယိအခြေစိုက်စခန်း၌။


ဝူဝမ်ယွီနှင့် အခြားသူများသည် စခန်းအတွင်း ရုတ်တရက် ထွက်ပေါ်လာသည့် အော်ဟစ်သံများကြောင့် နံနက်စောစောတွင် စိတ်ဒုက္ခရောက်ရလေသည်။ လူတိုင်း သတိမထားမိချိန်တွင် စခန်းအတွင်း၌ ဇွန်ဘီများ ရုတ်တရက် ထွက်ပေါ်လာကြခြင်း ဖြစ်သည်။


ဇွန်ဘီများ ထွက်ပေါ်လာမှုအား အလျင်အမြန် ထိန်းချုပ်လိုက်နိုင်ပြီး ကူးစက်သူနှင့် သေဆုံးသူ အရေအတွက် များပြားခြင်း မရှိသည့်တိုင် စခန်းတစ်ခုလုံး အထိတ်တလန့် ဖြစ်လာကြသည်။


သူတို့ အိပ်ပျော်နေစဉ်၊ လမ်းလျှောက်နေစဉ် သို့မဟုတ် အနားယူနေစဉ်တွင် ဇွန်ဘီအင်းဆက်များ ရုတ်တရက် ထွက်ပေါ်လာကာ အကိုက်ခံရလိမ့်မည်ဟု မည်သူကမျှ မသိထားကြချေ။


စခန်း၏ အလယ်ဗဟိုရှိ ဗီလာဝင်းအတွင်း၌။


ဝူဝမ်ယွီသည် မျက်နှာအား လက်ဖြင့်ပွတ်လိုက်သည်။ သူ၏ မျက်နှာတွင် အကျည်းတန်သည့် အမူအရာတစ်ခု ရှိနေပြီး လက်အောက်ငယ်သားများအား ပြောလေသည်။


“အရင်ဆုံး အားလုံးကို အသားမပေါ်အောင် အင်္ကျီရှည်၊ ဘောင်းဘီရှည်တွေ ဝတ်ထားကြဖို့ သတိပေးလိုက်ကြ.. နေ့နေ့ညည ပြတင်းပေါက်တွင် တံခါးတွေ အားလုံးကို ပိတ်ထားရမယ်လို့.. ပြီးရင် ခြင်ထောင်တွေ လုပ်ပြီး ဝေဖို့အတွက် အဖွဲ့ဖွဲ့ရမယ်.. အချုပ်အနေနဲ့တော့ ကာကွယ်ဖို့ အရင်ဆုံး စကြတာပေါ့..”


ထိုအစီအစဉ်များမှာ ယာယီကုသဖို့မျှသာဖြစ်သော်လည်း လတ်တလောအတွက် အကောင်းဆုံး နည်းလမ်းများ ဖြစ်လေသည်။


ကျောင်းအုပ်ယွမ် အလျင်စလို လမ်းလျှောက်ဝင်လာသည်။ ဤအခြေအနေမှာ သူတို့ မျှော်လင့်ထားသည်ထက် များစွာပိုလေသည်။ လေးလေးနက်နက် သက်ပြင်းချလိုက်ပြီးနောက် ပြောလေသည်။ 


“ပြည်တွင်း အခြေစိုက်စခန်းတွေနဲ့ တခြားနိုင်ငံတွေက စခန်းတွေမှာ ဆန္ဒပြတာတွေ အများကြီး ဖြစ်နေတယ်လို့ အခုလေးတင် သတင်းရလိုက်တယ်.. သူတို့အားလုံးက ဒီဇွန်ဘီအင်းဆက်တွေကို ဘယ်လိုခုခံကြမလဲဆိုတာ အဖြေရှာနေကြတယ်..”


“အခုလက်ရှိ တရုတ်မှာဆိုရင် ငါတို့စခန်းရဲ့ အခြေအနေက အဆိုးဝါးဆုံးပဲ.. မြို့တော်ရယ်.. ဟာပင်းရယ်.. အနောက်မြောက်ဘက်က လန်ချန်ရယ်နဲ့ နှိုင်းယှဉ်ကြည့်ရင် စိုစွတ်တဲ့ ရာသီဥတုရှိတဲ့ တောင်ပိုင်းက အင်းစက်တွေ ပေါက်ဖွားဖို့ အသင့်တော်ဆုံးပဲလေ..”


“အဲဒီအပြင် ပြီးခဲ့တဲ့ ရက်ပိုင်းတွေက ရာသီဥတုကလည်း ပိုပိုပြီး ပူလာတယ်..”


ကျောင်းအုပ်ယွမ်သည် အပြင်ဘက်ရှိ ကြည်လင်နေသော ကောင်းကင်အား မော့ကြည့်ပြီးနောက် မျက်မှောင်ကြုတ်ရင်း ပြောလေသည်။


ဝူဝမ်ယွီသည် ပြတင်းပေါက်နံဘေး ရပ်နေရင်းဖြင့် တိတ်ဆိတ်ထိုင်းမှိုင်းနေသည့် စခန်းအား ကြည့်ကာ မသက်မသာ ခံစားမိသည်။ ဇွန်ဘီအင်းဆက်များကြောင့် လူတိုင်း အပြင်ထွက်ရန် ကြောက်ရွံ့နေပြီး စခန်းတစ်ခုလုံးမှာ ယခင်ကဲ့သို့ စိတ်လှုပ်ရှားစွာ အော်ဟစ်သံများနှင့် သက်ဝင်လှုပ်ရှားမှုများ ပျောက်ကွယ်ကာ အသက်မဲ့လာသည်။ 


“ညီမလေး ကြိုးစားကြည့်မယ်..”


ဝူဝမ်ယွီသည် သူမ၏ အစ်ကို၊ ကျောင်းအုပ်ယွမ်နှင့် အခြားသူများအား ရုတ်တရက် လှည့်ကြည့်လိုက်သည်။ သူ၏လက်ထဲတွင် ထွင်းဖောက်မြင်နိုင်သည့် ဒိုင်းကာတစ်ခု ဖန်တီးပြီး မျက်နှာတွင်လည်း ဆုံးဖြတ်ချက် ခိုင်မာမှုတို့ ရှိနေသည်။


ကျောင်းအုပ်ယွမ်သည် သူ၏အရှေ့မှ သေးသေးသွယ်သွယ် မိန်းကလေးအားကြည့်ကာ ယွင်ချန်တက္ကသိုလ်တွင် ရှိနေခဲ့သည့် အချိန်အား ပြန်လည်အမှတ်ရပြီးနောက် စိတ်လှုပ်ရှားခြင်းနှင့် စိုးရိမ်ပူပန်ခြင်းအား တစ်ပြိုင်နက်တည်း ခံစားလိုက်ရသည်။


“မင်းရဲ့စွမ်းရည်က ရေရှည်အတွက် ဖြေရှင်းချက် မဟုတ်ဘူး ရှောင်ယွီ.. စခန်းက အရမ်းကြီးလွန်းတယ်.. ဒိုင်းကာကို အမြဲတမ်း ဖွင့်ပေးထားနိုင်မှာတဲ့လား..”


ဝူဝမ်ချီသည် သူ၏ညီမလေးအတွက် စိတ်မကောင်းဖြစ်နေမိသည်။ ဝူဝမ်ယွီ၏ ဦးခေါင်းအား လက်ဖြင့်အသာပွတ်ပေးရင်း နွေးထွေးစွာ ပြောလေသည်။


“အားလုံးအတူ စုပေါင်းပြီး အဖြေတစ်ခုတော့ ရှာနိုင်မှာပါ.. ညီမလေးတစ်ယောက်တည်း ခါးစီးခံဖို့ မလိုပါဘူး..”


“ညီမလေး သိပါတယ်.. ဒါပေမဲ့ အရင်ဆုံး ကြိုးစားကြည့်ချင်တယ်.. အင်းဆက်တွေရဲ့ တိုက်ခိုက်နိုင်စွမ်းက အဲလောက်ကြီး မကောင်းပါဘူး.. သူတို့ ဝင်မလာအောင် ဒိုင်းကာကို ဖွင့်ထားရုံပဲဆိုတော့ အရမ်းကြီး ပင်ပန်းမှာ မဟုတ်ဘူး..”


ဝူဝမ်ယွီသည် အစ်ကိုဖြစ်သူအား ချွေးသိပ်လိုက်ပြီးနောက် ပြုံးရင်းနှင့် စိတ်ပေါ့ပါးချင်ယောင် ဆောင်လိုက်သည်။


“အစ်ကိုတို့ ညီမလေးကို ဇွန်ဘီအမြုတေ လုံလုံလောက်လောက် ပေးနေသမျှ အေးဆေးပဲလေ..”


ဝူဝမ်ချီသည် ဝူဝမ်ယွီအား ခေတ္တမျှကြာအောင် မချေပနိုင်ချေ။ ဝူဝမ်ယွီ၏ စွမ်းရည်သည် ဇွန်ဘီအင်းဆက်များ၏ ကျူးကျော်မှုအတွက် အကောင်းဆုံးသော ဖြေရှင်းနည်းပင်။


သို့သော်လည်း ဝူဝမ်ချီသည် ဝန်အကြီးကြီး ထမ်းထားရမည့် ညီမဖြစ်သူအား တစ်ကိုယ်ကောင်းဆန်ဆန် ခွင့်မပြုလိုပေ။


သို့သော်လည်း ထိုအချိန်မှာပင် အဝေးရှိ ကောင်းကင်မှ သိပ်သည်းမည်းနက်သည့် တိမ်တိုက်ကြီးတစ်ခု ရုတ်တရက် မျောလွင့်လာပြီး အနီးကပ်လာသည့်အချိန်တွင် ဇွန်ဘီအင်းဆက်များ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ထိုအင်းဆက်များသည် စခန်းအတွင်းရှိ လတ်လတ်ဆတ်ဆတ် အစာအနံ့ ရသဖြင့် အဘက်ဘက်မှ ဦးတည်လာကြခြင်း ဖြစ်သည်။ သူတို့ပျံသန်းလာစဉ် ထုတ်လွှတ်နေသည့် အသံများမှာလည်း သွားကြိမ်းလောက်စရာပင်။


ထိုမြင်ကွင်းသည် ဝူဝမ်ချီအား တုံ့ဆိုင်းနေခွင့်၊ ငြင်းပယ်ခွင့် မပေးချေ။


ဝူဝမ်ယွီ ပြုံးလိုက်သည်။ သူမ၏ အစ်ကိုအား ကြောက်ရွံ့မှု အနည်းငယ်မျှ မရှိသည့် အကြည့်နှင့် ကြည့်လိုက်ပြီးနောက် သူမ၏ ခန္ဓာကိုယ်ကို ဗဟိုချက်အဖြစ်ထားကာ စခန်းတစ်ခုလုံးအား ထွင်းဖောက်မြင်နိုင်သည့် ထီးသဏ္ဌာန် ဒိုင်းကာဖြင့် ကာရံလိုက်လေသည်။


“အစ်ကို စိတ်ချပါ.. ညီမလေး အဆင်ပြေပါတယ်..”


ထိုစကားအား ကြားသည့်အခါ ဝူဝမ်ချီနှင့် နှာခေါင်းတစ်ခုလုံး ခပ်စူးစူး ဖြစ်လာပြီး သူ့ညီမလေး၏ ဦးခေါင်းအား လက်ဖြင့်ပွတ်လိုက်သည်။ သူကာကွယ်စောင့်ရှောက်လာခဲ့ရသည့် ကလေးမလေးမှာ အခြားသူများအား အရိပ်မိုးပေးနိုင်သည့် အကာအကွယ်တစ်ခုအဖြစ် အရွယ်ရောက်လာခဲ့လေပြီ။


ချက်ချင်းဆိုသလို စခန်းတစ်ခုလုံးအား ထွင်းဖောက်မြင်ရသည့် ဒိုင်းကာတစ်ခုမှ လွှမ်းခြုံလိုက်ပြီး အရှိန်အဟုန်ဖြင့် ပျံသန်းလာကြသည့် ဇွန်ဘီအင်းဆက်များအား တားဆီးလိုက်လေသည်။ ထိုဇွန်ဘီအင်းဆက်များ ဒိုင်းကာအား လာရောက်ရိုက်ခက်မှုမှာ ပြင်းထန်ပြီး စခန်းအတွင်းရှိ လူများ တစ်ချက်လောက် မကြည့်ဘဲ မနေနိုင်လောက်အောင် တစီစီအသံများ ထုတ်လွှင့်နေလေသည်။


သူတို့ခေါင်းပေါ်ရှိ ကြီးမားလှသည့် ဒိုင်းကာကြီးနှင့် ထိုဒိုင်းကာအား တိုက်ခိုက်နေသော အင်းဆက်များအားကြည့်ကာ လူတိုင်း၏ နှလုံးသားများ ထိန်းချုပ်မရနိုင်အောင် တုန်ယင်လာကြပြီး ဤမြင်ကွင်းကြောင့် မျက်လုံးများပင် စူးအောင့်လာသည်။


“အဲဒါ အစ်မလေး ရှောင်ယွီပဲ..”


“အား.. သူမက ငါတို့ကို ကာကွယ်ပေးနေတာ..”


တစ်ချိန်တည်းမှာပင် စခန်းတွင်း အသံလွှင့်စက်မှ အသံထွက်ပေါ်လာသည်။


——“စခန်းမှာရှိတဲ့သူအားလုံး ဒီအမိန့်တွေကို လိုက်နာပေးကြပါ.. စွမ်းရည်ပိုင်ရှင်တွေ အားလုံး ပိုးမွှားနှိမ်နင်းရေးမှာ ပါဝင်ကြရမယ်.. ကျန်လူတွေကတော့ ပူးပေါင်းပေးကြပါ.. အစွမ်းကုန် အင်အားရှိသမျှ ပါဝင်ဆောင်ရွက်ပေးပြီး ငါတို့ရဲ့ စခန်းကို ကာကွယ်ကြမယ်ဟေ့..”


“သိပါပြီ..!!!”


အသံထုတ်လွှင့်ခြင်း ပြီးဆုံးသွားသည်နှင့် လူတိုင်း တက်တက်ကြွကြွ တုံ့ပြန်ကြလေသည်။ ကောင်းကင်တွင် အမျိုးမျိုးသော စွမ်းရည်များ စဉ်ဆက်မပြတ် ထွက်ပေါ်လာပြီး ဒိုင်းကာတွင် ကပ်တွယ်နေသည့် ဇွန်ဘီအင်းဆက်များအား သပ်ရပ်စွာ ရှင်းလင်းကြလေသည်။


လူတိုင်း အတူတကွ ပူးပေါင်းလုပ်ဆောင်ကြပြီး ဒိုင်းကာအား အရှင်းလင်းဆုံးနှင့် အသန့်ရှင်းဆုံး ဖြစ်စေရန် ပြုလုပ်ကြလေသည်။


 ***


ဝူယိအခြေစိုက်စခန်းနည်းတူ မြို့တော်၊ ဟာပင်း၊ လန်ချန်နှင့် ကမ္ဘာအရပ်ရပ်ရှိ နိုင်ငံတိုင်း၊ ဒေသတိုင်းရှိ အခြေစိုက်စခန်းများသည်လည်း စက်ပစ္စည်း ကိရိယာများနှင့် အမျိုးမျိုးသော စွမ်းရည်များအား အသုံးပြုကာ ခုခံကာကွယ်ကြလေသည်။ လူသားများသည် ရှင်သန်ဖို့ရန် အကောင်းဆုံး ကြိုးစားနေကြခြင်း ဖြစ်သည်။


အချင်းချင်း အဆက်အသွယ်ရှိကြသည့် အခြေစိုက်စခန်းများသည်လည်း ဇွန်ဘီအင်းဆက်များအား ခုခံနိုင်မည့် နည်းလမ်းများကို အချင်းချင်း ဖလှယ်လျက်ရှိသည်။


***


ဟိုင်ချန်။


ပြဇာတ်ရုံထဲတွင် ပိတ်မိနေကြသော ဝေ့ဟန်မင်၊ ပိုင်ယွဲ့နှင့် အခြားသူများသည် ရက်ပေါင်းများစွာ ကြာပြီးနောက်၌ အပြင်ဘက်ရှိ လှုပ်ရှားမှုများအား ကြားလိုက်ရသည်။


“ငါတို့ကို ကယ်ဖို့ ရောက်လာကြပြီပဲ..”


ဝေ့ဟန်မင်၏ စိတ်စွမ်းရည်သည် သူအာရုံခံနိုင်သည့် နယ်ပယ်အတွင်း ဝင်ရောက်လာသည်နှင့် လျင်မြန်စွာ သိရှိနိုင်လေသည်။


ထိုစကားအား ကြားသည့်အခါ ပိုင်ယွဲ့၏ ပျော်ရွှင်တက်ကြွသည့် အမူအရာ ထွက်ပေါ်လာသည်။


“တကယ်လားဗျ..”


“ဟုတ်တယ်.. သူတို့ဆီက ထွက်ပေါ်လာတဲ့ မီးစွမ်းအင်က အတော်လေး အစွမ်းထက်တယ်..”


ဝေ့ဟန်မင်သည် ပျော်ရွှင်စွာဖြင့် ပြုံးလိုက်သည်။


“ငါ့တို့ဆီကို ဦးတည်လာနေကြပြီ..”


ပြဇာတ်ရုံအတွင်း ရှိနေကြသူများသည် ထိုစကားအား ကြားသည့်အခါ ပျော်ရွှင်မြူးလာကြသည်။ သူတို့ထဲတွင် စွမ်းရည်ပိုင်ရှင် ၃ ဦး ရှိနေသော်လည်း ဝေ့ဟန်မင်၊ ပိုင်ယွဲ့နှင့် မုန့်ကျုံးသဲတို့မှာ တိုက်ခိုက်စွမ်းရည်ပိုင်ရှင်များ မဟုတ်ကြချေ။


ဤအချက်မှာ သူတို့ မည်သည်ကြောင့် ဇွန်ဘီများ ဝိုင်ရံထားခံရပြီး ထွက်ပြေးလွတ်မြောက်နိုင်ခြင်း မရရှိရသည့် အကြောင်းပင်။ သူတို့ရှိရာသို့ တစ်ယောက်ယောက် လာနေခြင်းထက် ပိုကောင်းသည့်အရာ မရှိနိုင်တော့ချေ။


ထိုအချိန် ပြဇာတ်ရုံအပြင်ဘက်၌။


တောင့်တောင့်ဖြောင့်ဖြောင့် လူနှစ်ဦးသည် ညီငယ်လေးများစွာနှင့်အတူ ပတ်ပတ်လည်ရှိ ဇွန်ဘီများအား သတ်ဖြတ်ရှင်းလင်းနေကြသည်။ လူနှစ်ဦးမှ ဦးဆောင်၍ သူတို့အားလုံးသည် အထူးပြုလုပ်ထားသည့် လက်နက်များအား ကိုင်ဆောင်ရင်း ဇွန်ဘီများအား သတ်ဖြတ်နေကြလေသည်။


“ဘာကိစ္စနဲ့ ဇွန်ဘီတွေ ဒီလောက်တောင် များနေရတာတုန်း.. အသက်ရှင်တဲ့သူကော ရှိသေးရဲ့လား..”


လူငယ်တစ်ဦးသည် ပြဇာတ်ရုံရှိရာသို့ ကြည့်လိုက်ပြီးနောက် အံ့အားသင့်သွားလေသည်။ ထို့နောက် တောင့်တောင့်ဖြောင့်ဖြောင့် လူနှစ်ဦး ရှိရာသို့ လှည့်ကြည့်လိုက်သည်။


“အဲဒီကို သွားကြည့်ကြမယ် ဘောစ့်တို့ရေ...”


“ဘောစ့်” ဟု အခေါ်ခံရသည့်အခါ ထိုလူနှစ်ဦး၏ နောက်ကျောများ တောင့်တင်းသွားသည်။ သူတို့နှစ်ဦးသည် စားစရာရှာဖွေရန် ထွက်လာခဲ့ကြခြင်း ဖြစ်‌သော်လည်း ဤစိတ်အားထက်သန်လွန်းလှသည့် ကမ္ဘာသားများကြောင့် ကူကယ်ရာမဲ့နေရလေပြီ။


*ဖုန်းတောက်၏ ဦးနှောက်ထဲမှာပင် နာကျင်လာသည်။ သူ၏ အပြားကြီးဓားရှည်အား လွှဲခုတ်ကာ ဇွန်ဘီများအား သတ်ဖြတ်နေသည်။ သူ၏ ကြေးရောင်တောက်နေသည့် အသားအရေမှာလည်း တောက်ပလျက်ရှိသည်။ 


“ငါတို့ကို ဘော့စ် လို့ မခေါ်စမ်းနဲ့.. ငါတို့က မင်းတို့ရဲ့ ဘော့စ်မဟုတ်ဘူးကွ..”


“ဘော့စ်က ကျွန်တော်တို့ကို ကယ်ပေးခဲ့တာလေ.. အဲဒီတော့ သူ့အလိုလို ဘော့စ်ပဲ.. မရဘူး..”


*ဖုန်းချန်းသည် သူ၏ အစ်ကိုကြီးအား နှစ်သိမ့်လိုက်ပြီး သူတို့၏ ကံကြမ္မာအတွက် သက်ပြင်းချရုံသာ ရှိတော့သည်။


“တာ့ကောရာ.. သူတို့ ခေါ်ချင်သလို ခေါ်ပါစေ.. ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့လည်း လတ်တလော ပြန်နိုင်ကြမှာမှ မဟုတ်ဘဲ..”


ထိုစကားအား ကြားသည့်အခါ ဖုန်းတောက် သက်ပြင်းချလိုက်မိသည်။ ကမ္ဘာမြေသို့ ထွက်လာခဲ့သည့် ဤခရီးမှာ ငရဲတမျှပင်။


ထိုညီအစ်ကို နှစ်ဦးမှာ ကြယ်ကမ္ဘာကြီး၏ အထူးချွန်ဆုံးဖြစ်သော နာမည်ကျော် ချီကျန်းမျိုးနွယ်ဝင်များ ဖြစ်ကြသည်။ သူတို့ အိမ်မပြန်နိုင်သည့် တစ်ချိန်သို့ ရောက်လာလိမ့်မည်ဟု မည်သည့်အခါကမျှ မမျှော်လင့်ခဲ့ကြချေ။


မူလက လပေါ်တွင် သိမ်းဝှက်ထားခဲ့သည့် သူတို့၏ လေယာဉ်မှာလည်း ရုတ်တရက်ဆိုသလို အဆက်အသွယ် ပြတ်တောက်သွားပြီး သူတို့ပေးပို့သည့် အမိန့်များမှာလည်း ပင်လယ်ထဲ ပစ်လိုက်သည့် ကျောက်တုံးကဲ့သို့ အရိပ်ကလေးပင် မမြင်ရဘဲ နစ်မြုပ်သွားသည့်အတိုင်း မည်သည့်တုံ့ပြန်မှုမှ ပြန်မရခဲ့ချေ။


သူတို့ နေ့စဉ်နေ့တိုင်း ခေါ်ဆိုသော်လည်း မည်သည့်အချက်ပြမှုမှ ပြန်မရချေ။ ကမ္ဘာမြေပေါ်မှ ခေါ်ဆိုသည့် မည်သည့်ခေါ်ဆိုမှုမဆို အလုပ်ဖြစ်ပုံမရ။ ဤဂြိုလ်တစ်ခုလုံးမှာ စကြဝဠာကြီးမှ သီးခြားခွဲထွက်နေပုံ ရသည်။ 


သူတို့အရှေ့မှ ဇွန်ဘီများအားကြည့်ကာ ဖုန်းတောက်နှင့် ဖုန်းချန်း ညီအစ်ကို နှစ်ဦးသည် ပိုမိုကာ စိတ်အနှောင့်အယှက် ဖြစ်လာသည်။ အပန်းဖြေခရီးသွား လည်ပတ်ရမည့် နေရာတစ်ခုမှာ အကြောင်းပြချက်မရှိဘဲနှင့် ငရဲဘုံသဖွယ် ပြောင်းလဲသွားခဲ့သည်။


ညီအစ်ကိုနှစ်ဦး စိတ်ဆိုးဒေါသထွက်နေစဉ်တွင် သူတို့၏ စိတ်ထဲ၌ သာယာနာပျော်ဖွယ်ရှိသည့် အမျိုးသားတစ်ဦး၏အသံ ထွက်ပေါ်လာသည့်အတွက် အားလုံး ထိတ်လန့်တုန်လှုပ်သွားကြလေသည်။ ပတ်ပတ်လည်အား လှည့်ကြည့်လိုက်သည့်အခါ ဇွန်ဘီများ ထူထပ်စွာ ဝိုင်းရံထားသည့် ပြဇာတ်ရုံရှိရာသို့ အကြည့်ရောက်သွားကြသည်။


“ကျွန်တော်တို့က ပြဇာတ်ရုံထဲမှာပါ.. ကျေးဇူးပြုပြီး ကယ်ပေးကြပါ.. ကျွန်တော်တို့က သိပ္ပံပညာရှင်တွေပါ..”


အသက်ရှင်သန်သူ တစ်ဦး၏ အသံအားကြားသည့်အခါ ညီငယ်လေးများအားလုံး စိတ်လှုပ်ရှားလာကြသည်။ သို့သော်လည်း ဇွန်ဘီများစွာ ဝိုင်းရံထားသဖြင့် ဖုန်းတောက်နှင့် ဖုန်းချန်ကိုသာ စိတ်အားထက်သန်စွာ ကြည့်လိုက်ကြသည်။


“ဘောစ့်တို့လည်း ကြားတယ်မလားဟင်.. သွားကယ်ကြမယ်လို့..”


ဖုန်းတောက်နှင့် ဖုန်းချန်း : “…” စောက်ပြဿနာပဲ..


သို့သော်လည်း သူတို့မျက်နှာတွင် မလိုလားမှုတို့ ထင်ဟပ်နေသည့်တိုင် သူတို့စိတ်ထဲမှ ငြင်းပယ်လိုနေသည့်တိုင် ညီအစ်ကိုနှစ်ဦးမှာ ဇွန်ဘီများအား သတ်ဖြတ်ရင်း ပြဇာတ်ရုံရှိရာသို့ ဦးတည်လိုက်ကြတော့သည်။

*


.....


ဘာသာပြန်သူမှာ ပြောစရာရှိပါတယ်...


*သူက insect နဲ့ bug ကို အမျိုးမျိုး သုံးထားတာကြောင့် ဇွန်ဘီအင်းဆက် ဒါမှမဟုတ် ဇွန်ဘီပိုးကောင် လို့ သူရေးထားတဲ့အတိုင်းပဲ သုံးပါမယ်။


*ဖုန်းတောက်ရဲ့ နာမည်က ဓားဦးချွန်ချွန်/ဓားသွားထက်ထက် တဲ့။


*ဖုန်းချန်းရဲ့ နာမည်က လှံသွားချွန်ချွန်/ရိုင်ဖယ်သေနတ် တဲ့။