အပိုင်း ၅၂
Viewers 8k


🐹 အခန်း၅၂

 ဝူယိလေး ရေလက်ကြားကို ရောက်ပြီ




နောက်တစ်နေ့ နံနက်ခင်းတွင် ရုတ်တရက် မိုးသည်းထန်စွာ ရွာသွန်းလာခဲ့သော်လည်း အပူချိန်အပေါ် သက်ရောက်မှု မရှိပေ။ ရာသီဥတုမှာ ပို၍ပင် ပူပြင်းလာပြီး လေထုထဲရှိ စိုထိုင်းမှုတွင် အိုက်စပ်စပ်အငွေ့အသက် ဝင်ရောက်လာသည်။


နင်ဖုန်းနှင့် သွမ့်ဝမ်ယွီ အခန်းထဲမှ ထွက်လာကြသည်။


ပြတင်းပြင်ရှိ စိုစွတ်နေသော မြေပြင်အားကြည့်ကာ နင်ဖုန်း စိုးရိမ်လာပြီးနောက် သက်ပြင်းချလိုက်မိသည်။


“မိုးက ရက်နည်းနည်းလောက် ဆက်တိုက်ရွာပြီးရင် ရာသီဥတုက လုံးဝကို ပူလာတော့မှာ.. အဲဒီအချိန်ကျရင် ခြင်တွေနဲ့ အင်းဆက်တွေက သားလောင်းအဆင့်ကနေ သက်ကြီး‌ကောင်အဆင့် ဖြစ်လာကြပြီ.. ဒီလိုဆိုရင် ပူလောင်အိုက်စက်နေတဲ့ ရာသီဥတုထဲမှာ အင်္ကျီရှည် ဘောင်းဘီရှည် ဝတ်ရ‌တော့မှာပေါ့..”


ဧည့်ခန်းအတွင်း ထိုင်နေကြသူများမှာ ထိုစကားအား ကြားလိုက်ရသည်။ အပြင်ဘက်တွင် ရွာသွန်းနေသည့် မိုးကိုကြည့်ပြီး ရုတ်တရက်ဆိုသလို စိတ်ဓာတ်ကျလာလေသည်။


ရှဲ့ကျွင်း ဝမ်းနည်းတကြီး ပြောလေသည်။


“ဒီကိစ္စနဲ့ ပတ်သက်ပြီး ငါတို့လုပ်နိုင်တာ ဘာမှမရှိဘူး.. ဒီဇွန်ဘီအင်းဆက်တွေကို ခွဲထုတ်နိုင်မယ့် နည်းလမ်းသာ ရှိမယ်ဆိုရင်တော့ကွာ..”


အဆုံးတွင် မည်သူကမျှ ရာသီဥတုပြောင်းလဲခြင်းအား တားမြစ်နိုင်စွမ်း မရှိသလို ဇွန်ဘီအင်းဆက်များအား ကာကွယ်နိုင်ရန် ရာသီဥတု ပူပူတွင် ခန္ဓာကိုယ်အား အဝတ်အစားကြပ်ကြပ်များ ဝတ်ဆင်ထားရ‌တော့မည်သာ။


လူတိုင်းအလေးအနက် ဖြစ်နေသည်ကို မြင်ရသဖြင့် ရှောင်ယန်သည် လေထုအား ပေါ့ပါးအောင် လုပ်ချင်လာသည်။ ပတ်ပတ်လည်အား ကြည့်လိုက်ပြီးနောက် အံ့အားသင့်စွာဖြင့် အပေါ်ထပ်သို့ မော့ကြည့်လိုက်သည်။


“ဝူယိတို့က ဘာဖြစ်လို့များ ဆင်းမလာကြသေးပါလိမ့်.. စား‌သောက်ပြီးရင် ဆက်သွားရတော့မှာကို..”


“ကျွတ်.. အဲနှစ်ကောင်က အိပ်ရာထဲ ပျင်းရိနေကြမှာပေါ့..”


ကျန်းချိုးသည် ဟမ်းစတားလေး၏ အမူအရာကို ပြန်မြင်ယောင်ကြည့်ပြီးနောက် သူတွေးမိသည့်အရာမှာ အမှန်ဖြစ်လောက်သည်ဟု စဉ်းစားမိလေသည်။


ထိုစကားအားကြားသည့်အခါ သွမ့်ဝမ်ယွီ မရယ်ဘဲ မနေနိုင်တော့ချေ။ 


“အဲဒါဆိုလည်း အပေါ်တက်ပြီး သွားခေါ်ကြမယ်..”


သို့သော်လည်း သွမ့်ဝမ်ယွီ ခြေမလှမ်းရသေးခင်မှာပင် အိပ်ခန်းတံခါး ပွင့်လာကာ ချစ်စဖွယ် ကောင်ငယ်လေးနှင့် နျဲ့ရှောင်တို့ တစ်ဦးပြီးတစ်ဦး အောက်ထပ်သို့ ဆင်းလာကြသည်။


တစ်ဦးမှာ လွန်စွာတက်ကြွကာ အားအင်အပြည့် ရှိနေပြီး ကျန်တစ်ဦးမှာ မျက်ကွင်းများ ညိုမည်းကာ လေးလံထိုင်းမှိုင်းနေလေသည်။


ထိုမြင်ကွင်းအား မြင်ရသည့်အခါ လူတိုင်း၏ စိတ်ထဲတွင် “ကလေးများနှင့် မသင့်လျော်” ဟု စာတမ်းထိုးထားသည့် ဒရာမာကားများကို မြင်ယောင်မိကြလေသည်။ ထိုခဏတွင် သူတို့နှစ်ဦးအား ကြည့်ကြသည့် အကြည့်များမှာ ထူးဆန်းလာလေသည်။


အိ.. ပါးစပ်အပြည့် ဖရဲစေ့တွေ ဖရဲစေ့တွေ..


သူ၏ပေါင်ပေါင်းသည် မွေးမိဘများအကြောင်း ညလုံးပေါက် ပြောနေခဲ့သဖြင့် နျဲ့ရှောင်မှာ အိပ်စက်ခွင့် မရခဲ့ချေ။ သို့သော်လည်း လူတိုင်း၏ စူးရှသည့် အကြည့်များနှင့် အကြည့်ခံလိုက်ရချိန်တွင် သူ၏ ခန္ဓာကိုယ် တစ်ခုလုံး နေမထိတော့ချေ။


တစ်ချိန်တည်းမှာပင် ရှောင်ဝူယိသည် အနည်းငယ်မျှပင် သတိမထားမိဘဲ ပျော်ရွှင်တက်ကြွစွာဖြင့် လူတိုင်းအား “ဂွတ်မောနင်း” ဟု နှုတ်ဆက်လေသည်။ ထို့နောက် ကျစ်ဟွေ့ကွမ်ဆီသို့ ပြေးသွားကာ ကြီးမားတုတ်ခိုင်သည့် လည်ပင်အား ဖက်လိုက်သည်။


ကျားကြီးမှာ “လည်ပင်းညှစ်” ခံလိုက်ရမည်ဟု မမျှော်လင့်ထားချေ။ နှစ်စက္ကန့်မျှ ကြောင်အသွားသော်လည်း ရုန်းကန်ခြင်း မရှိ။ ကောင်ငယ်လေးအား သေသေချာချာ အနံ့ခံကြည့်ပြီးနောက် နျဲ့ရှောင်၏ ရနံ့များ နက်နက်ရှိုင်းရှိုင်း ကပ်တွယ်မနေသည်ကို သိလိုက်ရသည်။ ထိုအခါမှသာ စိတ်သက်သာရာ ရစွာဖြင့် တိတ်တခိုး သက်ပြင်းချနိုင်တော့သည်။


သို့သော်လည်း မည်သည်ကြောင့် စိတ်သက်သာရာ ရသွားမှန်း မသိချေ။


ရှောင်ဝူယိမှာ ကျစ်ဟွေ့ကွမ်၏ အတွေးများအား မသိပေ။ ချစ်ခင်ကြင်နာစွာဖြင့် ခေါင်းပွတ်ပေးရင်း ချစ်စဖွယ်ကောင်းစွာ နူးနူးညံ့ညံ့လေး ပြောလေသည်။


“ကျစ်ဟွေ့ကွမ်ရေ.. ကျစ်ဟွေ့ကွမ်.. မင်းက ငါ့အပေါ် အရမ်းကောင်းတယ်လေ.. အဲဒါ ငါ့ကို အရင်က သိတာလားဟင်.. မင်းနဲ့ငါက အမျိုးတော်ကြတာလား..”


ကျစ်ဟွေ့ကွမ်မှာ ရှောင်ဝူယိ၏ အမေးစကားကြောင့် ထိတ်လန့်သွားမိသည်။ အတွေးထဲ နစ်မြုပ်နေစဉ် ကောင်ငယ်လေး၏ ရိုးသားပြီး မသိနားမလည်သော မျက်နှာလေးမှာ ကျစ်ဟွေ့ကွမ်၏ ရွှေရောင်မျက်လုံးထဲ ရောင်ပြန်ဟပ်နေသည်။


အလွန်အရေးကြီးသော မှတ်ဉာဏ်အချို့မှာ သူ့စိတ်ထဲ၏ အနက်ရှိုင်းဆုံးနေရာတွင် မြှုပ်နှံခံထားရပုံရှိသည်။ ယခုအခါတွင် တစ်ချို့တစ်လေအား ပြန်လည်အမှတ်ရသလို ခံစားမိသော်လည်း မကြာခင်မှာပင် အခိုးအငွေ့ကဲ့သို့ လွင့်ပျံသွားလေသည်။ 


သူ၏ ကြီးမားသော ကျားလက်ဖဝါးကြီးဖြင့် ခေါင်းကိုကိုင်လိုက်ပြီးနောက် ကြောင်ပေါက်လေးသဖွယ် ခပ်တိုးတိုး ဟိန်းဟောက်လေသည်။


——ငါလည်း မမှတ်မိဘူးရယ်..


ရှောင်ဝူယိသည် ကျစ်ဟွေ့ကွမ်၏ မသက်မသာ သွင်ပြင်နှင့် အသံအား မြင်ရ ကြားရသည့်အခါ ငြိမ်သက်သွားစေရန် ခေါင်းအား လက်ကလေးဖြင့် အသာပွတ်ပေးလိုက်သည်။


“အဆင်ပြေတယ်နော်.. အဆင်ပြေတယ်.. ကျစ်ဟွေ့ကွမ် မမှတ်မိလည်း ကိစ္စမရှိဘူးနော်.. ပေါင်ပေါင်းလည်း ဘာမှမမှတ်မိဘူးရယ်..”


ထိုကဲ့သို့ နှစ်သိမ့်ချော့မြူခြင်း ခံရသဖြင့် ကျစ်ဟွေ့ကွမ်၏ ခံစားချက် စတင်တည်ငြိမ်လာပြီး ရှောင်ဝူယိ၏ လက်ဖဝါးထဲသို့ ခေါင်းတိုးဝင်လိုက်သည်။ မျက်လုံးများမှာလည်း သတိမမူမိဘဲ ကြင်နာခြင်းများအပြည့် ရှိနေလေသည်။


အခြားသူများသည် လူနှင့်ကျား အပြန်အလှန် ဆက်သွယ်မှုအားကြည့်ကာ အနည်းငယ် ဆန်းကြယ်နက်နဲသည်ဟု ခံစားမိကြသည်။


နင်ဖုန်းမှာ အချိန်အတော်ကြာသည့်တိုင် အဖြစ်အပျက်အား မခန့်မှန်းနိုင်ချေ။ နျဲ့ရှောင်အား ကြည့်ကာဖြင့် မေးလိုက်သည်။


“ကြောင်တွေနဲ့ ကြွက်တွေက ထာဝရရန်သူတွေ မဟုတ်ကြဘူးလား.. ဘာလို့များ ဆွေမျိုးတွေ ဖြစ်ရမှာတုန်း.. ကျစ်ဟွေ့ကွမ်ကကော နတ်သားလေးပဲလား..”


နျဲ့ရှောင် ပြန်မဖြခင်မှာပင် ရှဲ့ကျွင်းသည် ရုတ်တရက်ဆိုသလို တောင်ပေါ်၌ ကျစ်ဟွေ့ကွမ်နှင့် မည်သို့တွေ့ခဲ့သည်ကို အမှတ်ရမိလိုက်သည်။


“သူတို့ကြားမှာ ဆက်နွယ်မှုတစ်ခုတော့ ရှိရမယ်.. ကျစ်ဟွေ့ကွမ်က ရှောင်ဘော့စ်ကြောင့် ငါတို့နောက်က လိုက်လာချင်တာ ဖြစ်နိုင်တယ်..”


နျဲ့ရှောင်သည် အကြောင်းအရင်းအား သေချာစွာ ရှင်းပြမှု မရှိသော်လည်း ငြင်းပယ်ခြင်း မပြုချေ။ ခေါင်းညိတ်ပြီးနောက် ပြောလေသည်။


“သူက တကယ်ကိုပဲ ပေါင်ပေါင်းရဲ့ အတိတ်နဲ့ ပတ်သက်နေနိုင်တယ်..”


နျဲ့ရှောင်၏ အတည်ပြုချက်ကို ကြားရသည့်အခါ လူတိုင်း ခေတ္တမျှ အံ့အားသင့်သွားပြီး ရုတ်တရက်ဆိုသလို အနည်းငယ် စူးစမ်းလိုစိတ် ဖြစ်ပေါ်လာကြသည်။


ကျန်းချိုးသည် ပွေ့ဖက်လျက်ရှိသော ရှောင်ဝူယိနှင့် ကျစ်ဟွေ့ကွမ်အားကြည့်ကာ လျှာသပ်လိုက်သည်။


“ကမ္ဘာပေါ်မှာ မကောင်းဆိုးဝါးစစ်တပ်တောင် ရှိနေနိုင်သေးတယ်..”


ကျန်းချိုး၏စကား မဆုံးခင်မှာပင် လူတိုင်း သူ၏အနောက်ရှိ ပိုဆီယာအား ကြည့်နေကြလေသည်။ 


ဒါပေါ့..


ပိုဆီယာ : "..."


အမှန်အတိုင်း ပြောရမယ်ဆိုရင် ငါလေးက ဂြိုလ်သားလေးပါ..


ပိုဆီယာသည် လူတိုင်းအား ရှက်ပြုံးလေး ပြုံးပြပြီးနောက် ကောင်ငယ်လေးနှင့် ကျားကြီးရှိရာသို့ကြည့်ကာ မျက်လုံးများမှာ စဉ်းစားသုံးသပ်နေဟန်ရှိသည်။ 


ရှောင်ဝူယိသည် ကျစ်ဟွေ့ကွမ်အား နှစ်သိမ့်ပြီးနောက် နဲ့ရှောင်ဆီသို့ လှမ်းလာပြီး ဝမ်းနည်းအားငယ်စွာ ပြောလေသည်။


“ဒယ်ဒီရေ.. ကျစ်ဟွေ့ကွမ်က ဘာကိုမှ မမှတ်မိဘူးတဲ့..”


“စိတ်မပူနဲ့နော်.. နောက်ကျ မှတ်မိမှာပါ..”


နျဲ့ရှောင်သည် လက်ဆန့်ကာ ကောင်ငယ်လေး၏ ဦးခေါင်းအား ပွတ်ပေးလိုက်သည်။


“အခု အဲဒီအကြောင်းကို စိတ်ပူမနေနဲ့နော်..”


ခေါင်းကလေးအား လက်ဖြင့်ပွတ်သပ်ခံလိုက်ရပြီးနောက် ရှောင်ဝူယိမှာ စိတ်သက်သာရာရစွာ ယုံကြည်ချက်များ ပြည့်ဝလာပြီး ခေါင်းညိတ်လိုက်သည်။


“အွန်း.. သင်္ဘောက ဆိပ်ကမ်းကို ရောက်တဲ့အခါ ရေစီးကြောင်းအတိုင်း တည့်တည့်သွားလိမ့်မယ်တဲ့.. ဒီတော့ အားလုံးအဆင်ပြေသွားမှာ.. ပေါင်ပေါင်းက ကျစ်ဟွေ့ကွမ်ကို ရှာတွေ့ထားပြီလေ.." 


ရိုးသားပြီး အကောင်းမြင်တတ်သည့် စိတ်ထားအား မြင်တွေ့ရသည့်အခါ ပိုဆီယာသည် ရိုးရှင်းဖြူစင်သော ချစ်စဖွယ် နီမိုတော်ဝင်မျိုးနွယ်ကို အမှတ်ရမိပြန်သည်။


အတိတ်မေ့နေတယ် ဆိုရင်တောင် အမှန်အတိုင်း ပြောဖို့ မဖြစ်နိုင်သေးဘူး..


ကျစ်ဟွေ့ကွမ်သည် ကောင်ငယ်လေးအားကြည့်ကာ အလွန်အမင်း အရေးကြီးသည့် မှတ်ဉာဏ်များအား မေ့လျော့နေခြင်းဖြစ်သည်ဟူသော ခံစားချက်များ တရိပ်ရိပ် တိုးလာသည်။ စိတ်မသက်မသာ ခံစားလာရချိန်မှာပင် သူ၏စိတ်ထဲတွင် ယောင်ဝါးဝါး ပုံရိပ်ငယ်လေးတစ်ခု ပေါ်ထွက်လာသည်ကြောင့် ထိန်းချုပ်နိုင်စွမ်း ပျောက်လုနီးနီးဖြစ်လာရသဖြင့် အံတင်းတင်းကြိတ်လိုက်ရသည်။


မနက်ခင်း ဖြစ်ရပ်တိုလေး ပြီးဆုံးပြီးနောက် အဖွဲ့သည် ဟိုင်ချန်သို့ ခရီးဆက်ကြလေသည်။ နေ့လယ်တွင် သည်းထန်စွာ ရွာသွန်းနေသောမိုး စဲသွားပြီးနောက် ဟိုင်ချန်ရေလက်ကြားသို့ ရောက်ခဲ့ကြလေပြီ။


သို့သော်လည်း ဝူချင်ဖုန်းတို့ အဖွဲ့အား ချိန်းဆိုထားသည့် နေရာတွင် မတွေ့ရသေးချေ။ သို့သော် ထိုအခြေအနေမှာ သူတို့ မျှော်လင့်ထားသည့်ဘောင်အတွင်း ရှိနေလေသည်။


နျဲ့ရှောင်တို့အဖွဲ့မှာ အလျင်မလိုပေ။ စောရောက်နေခြင်းအား အခွင့်ကောင်းယူကာ အနီးအနားတွင် ပင်လယ်သို့ ဖြတ်ကူးနိုင်မည့် သင်္ဘောများ ရှာဖွေကြသည်။


ပင်လယ်သို့ ဖြတ်ကူးရန် သေချာသည့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရပေမည်။ မဟုတ်လျှင် ပင်လယ်ထဲ၌ မတော်တဆ နစ်မြုပ်သွားမည် ဆိုပါက ကောင်းမွန်သည့်အရာတစ်ခု ဖြစ်မလာနိုင်သည်မှာ သေချာပေါက်ပင်။


လက်ရှိတွင် ပိုဆီယာထက် သမုဒ္ဒရာ၏ အခြေအနေအား ပိုသိနိုင်သူ မရှိသဖြင့် သတိပေးစကား ဆိုလေသည်။


“ပင်လယ်ကို ဖြတ်တော့မယ်ဆိုရင် ရေသတ္တဝါကြီးတွေကို ရင်ဆိုင်ရမယ်ဆိုတာ ကြိုတင်ခန့်မှန်းထားဖို့ လိုအပ်တယ်.. သူတို့က ဇွန်ဘီဖြစ်သွား‌တော့ ပိုပြီးသန်မာလာကြတယ်.. သင်္ဘောတစ်စင်းကိုတောင် အသာလေး မှောက်ပစ်လိုက်နိုင်တယ်.. အုပ်စုလိုက် သွားလာတတ်တဲ့ “ကျောင်းငါး” တွေကိုလည်း လျစ်လျူရှုထားလို့ မရဘူး.. သည်တော့ သင်္ဘောကို အလွှာအထပ်ထပ် ကာရံထားမှ ရလိမ့်မယ်..”


ဤသို့ကြားရပြီးနောက် နျဲ့ရှောင်အပါအဝင် လူတိုင်း၏ အမူအရာမှာ အလေးအနက် ဖြစ်လာကြသည်။ ပင်လယ်သို့ ဖြတ်ကူးဖို့ရန် ပိုမိုစနစ်ကျစွာ ပြင်ဆင်ကြလေသည်။


ဆိပ်ကမ်းတွင် ရောက်ရှိနေကြခြင်း ဖြစ်သဖြင့် မကြာမီမှာပင် အတော်လေး အဆင်ပြေသည့် သင်္ဘောတစ်စီးအား ရှာတွေ့လေသည်။ သင်္ဘောပေါ်ရှိ ဇွန်ဘီများအား ရှင်းလင်းပြီးနောက် နင်ဖုန်း၏ လမ်းညွှန်မှုအောက်တွင် နည်းပညာနှင့် ပတ်သက်သည်များအား ပြင်ဆင်ကာ သင်္ဘောအား ခိုင်ခံ့အောင် တိုးချဲ့တည်ဆောက်ကြသည်။


လူတိုင်း နည်းလမ်းတကျ ပြင်ဆင်မှုများ ပြုလုပ်နေချိန်တွင် ဘေးတွင်ချထားသည့် မိုဘိုင်းဖုန်းနှင့် တက်ပလက်ကဲ့သို့သော လျှပ်စစ်ပစ္စည်းများ ရုတ်တရက် တုန်ခါလာသည်။


သင်္ဘောခန်းအတွင်းမှ ပိုင်ရှင်မဲ့ မိုဘိုင်းဖုန်းအချို့မှာလည်း ကျယ်လောင်စွာ မြည်လာကြသည်။


နျဲ့ရှောင်တို့အဖွဲ့သည် ချက်ချင်း လှုပ်ရှားမှုပြုကာ သူတို့၏ ဖုန်းများအား တစ်ပြိုင်နက်တည်း ထုတ်ယူလိုက်ကြသည်။ ဖုန်းထဲရှိ စာတိုများအား မြင်သည့်အခါ မျက်နှာပေါ်တွင် ပျော်ရွှင်မှုတို့ ချုပ်ထိန်းမရနိုင်တော့ချေ။


ဤသည်မှာ စခန်းမှ ထွက်ခွာပြီးနောက် ကြားရသမျှတွင် အကောင်းဆုံးသတင်း ဖြစ်လေသည်။


အခြေစိုက်စခန်းအသီးသီး၏ စုပေါင်းကြိုးပမ်းမှုအောက်တွင် ဆက်သွယ်ရေးကွန်ယက်အား ပြန််လည်ထူထောင်နိုင်ခြင်းမှာ ကြီးမားသည့် ခြေလှမ်းအစပင်။ စာတိုများ လက်ခံခြင်းသာ ပြုလုပ်နိုင်သော်လည်း ဤသည်ကပင် အလွန်ကောင်းမွန်နေပြီ ဖြစ်သည်။


“အားးးးးး မိုက်တယ်ဟေ့..”


နင်ဖုန်းမှာ စိတ်အလှုပ်ရှားဆုံးသောသူ ဖြစ်သည်။ သွမ့်ဝမ်ယွီအား စိတ်လှုပ်ရှားစွာ ပြေးဖက်ကာ ပျော်ရွှင်စွာဖြင့် အော်လေသည်။


“အရမ်းကောင်းတာပဲ.. အခြေစိုက်စခန်းတွေရဲ့ အပြင်ဘက်မှာ ဟိုတစ်စ ဒီတစ်စ ရှိနေခဲ့တဲ့ လူတွေအတွက် မျှော်လင့်ချက် သန်းလာပြီပေါ့..”


နျဲ့ရှောင်သည်လည်း ဖုန်းထဲရှိ စာတိုများအား လက်ချောင်းဖြင့် ပွတ်ကြည့်ကာ ပျော်ရွှင်မှုများအား ထိန်းချုပ်မထားနိုင်တော့ချေ။ 


ရှောင်ဝူယိမှာ တရုတ်အက္ခရာများအား ကောင်းကောင်းနားမလည်သဖြင့် နျဲ့ရှောင်အား ဖတ်ပြပေးရန် တောင်းဆိုလိုက်သည်။


“ဒီမှာ ဘာ‌ရေးထားတာလဲ ပေါင်ပေါင်းလည်းသိချင်တယ် ဒယ်ဒီ..”


နျဲ့ရှောင်သည် ပေါင်ပေါင်း၏ ဦးခေါင်းအား ညင်သာစွာ ပွတ်သပ်ပေးပြီးနောက် စာသားများအား နောက်တစ်ကြိမ် ဖတ်ပြလိုက်သည်။ စာထဲတွင် အခြေစိုက်စခန်းများ၏ တည်နေရာကို ရှင်းလင်းစွာ ဖော်ပြထားသည်။ တစ်ချိန်တည်းမှာပင် အမျိုးမျိုးသော အခြေအနေများနှင့် ရင်ဆိုင်ရာတွင် တန်ပြန်ဆောင်ရွက်ချက်များနှင့် သတိပေးချက်များလည်း ပါဝင်သည်။


ရှောင်ဝူယိ နားထောင်ပြီးနောက်တွင် ဤအရာ၏ ကောင်းကျိုးများကို နားလည်သဘောပေါက်သွားလေသည်။ 


“ဒါက တကယ်ကောင်းတာပဲ ဒယ်ဒီရ..”


“အွန်း..”


နျဲ့ရှောင် ပြုံးပြလိုက်သည်။


ရှောင်ယန်သည် စာတိုအား ထပ်ကာထပ်ကာ ဖတ်ပြီး စိတ်လှုပ်ရှားခံစားမိသဖြင့် မျက်လုံးများ စိုစွတ်လာသည်။ ထို့နောက် အောက်ခြေရှိ နေ့စွဲအား ကြည့်လိုက်ပြီးနောက် ရုတ်တရက်ကြောင်အကာ အော်ဟစ်လိုက်မိသည်။


“ဒီနေ့က မေလ ၁ ရက်နေ့ ဟ..”


“တကယ်လား..”


နေ့စွဲအား သတိပြုမိသွားကြသူများသည် ချက်ချင်းပင် နျဲ့ရှောင်၏ဘေးတွင် ရှိနေသည့် ကောင်ငယ်လေးအား ကြည့်လိုက်ကြသည်။


နင်ဖုန်းသည် နေ့စွဲအား ထပ်မံစစ်ဆေးကြည့်ပြီးနောက် မထိန်းချုပ်နိုင်တော့ပေ။ သတိပြန်မဝင်သေးသည့် ကောင်ငယ်လေးအား ပြေးဖက်လေသည်။


“အလုပ်သမားလေးရေ.. မင်းကတော့ ကံကောင်းစေတဲ့ ကြယ်ကလေးပဲကွာ.. ဒီနေ့က ပြန်လည်ဆုံစည်းဖို့ အကောင်းဆုံးနေ့ပဲ.. ဒီဖိုးဖိုးက မင်းကို သေတဲ့အထိ ချစ်နေမှာ..”


နျဲ့ရှောင်နှင့် ရှောင်ဝူယိတို့သည် ထိုအခါမှသာ အသိစိတ်ပြန်ကပ်လာကြသည်။ သူတို့မပြောခဲ့လျှင် သူတို့နှစ်ဦးစလုံး နေ့စွဲအား သတိထားမိကြလိမ့်မည် မဟုတ်ချေ။


ခဏအကြာတွင် ရှောင်ဝူယိ၏ မျက်နှာထက်၌ တောက်ပသည့် အပြုံးတစ်ခု ဖြစ်ထွန်းလာသည်။ သူ၏ ပါးချိုင့်သေးသေးလေးနှစ်ဖက်မှာ ချိုမြိန်ကာ ချစ်စဖွယ် ကောင်းလှပြီး မျက်နှာဖောင်းဖောင်းလေးမှာလည်း စိတ်လှုပ်ရှားမှုကြောင့် နီမြန်းလာသည်။


“ဒီနေ့က ဒယ်ဒီနဲ့တွေ့တာ ၄ နှစ်မြောက်နေ့ပေါ့..” ( ˶ˆᗜˆ˵ )


နျဲ့ရှောင်သည် ကောင်ငယ်လေးအား နူးညံ့မှုအပြည့်ဖြင့် ကြည့်လိုက်သည်။ ဖြစ်ရပ်နှစ်ခုမှာ အံ့အားသင့်ဖွယ် ကောင်းလောက်အောင် တိုက်ဆိုင်စွာဖြင့် တစ်ရက်တည်းတွင် ဖြစ်ပွားခဲ့လေသည်။


“ဒယ်ဒီရေ.. ပေါင်ပေါင်းက အခု ၄ နှစ်နော်.. ဟိဟိ” ( ≧ᗜ≦)


ရှောင်ဝူယိသည် လက်လေးချောင်းထောင်၍ ပြေးလာပြီး နျဲ့ရှောင်၏ လက်မောင်းကြားထဲ ပစ်ဝင်လိုက်သည်မှာ အလွန်ချစ်စဖွယ်ပင်။


နျဲ့ရှောင်သည် ကောင်ငယ်လေးအား နူးနူးညံ့ညံ့ ပြုံးပြပြီး‌နောက် သည်းသည်းလှုပ် ချစ်မြတ်နိုးစွာဖြင့် နှာခေါင်းလေးအား ခပ်ဖွဖွ ညှစ်လိုက်သည်။


“အွန်း.. အခုဆို အရွယ်ရောက်သွားပြီဆိုတော့ ကလေးကြီး ဖြစ်သွားပြီကွာ..”


နျဲ့ရှောင်သည် ကောင်ငယ်လေးအား စိုက်ကြည့်ပြီးနောက် ရင်ထဲမှလာသည့် စကားတစ်ခွန်းအား ပြောလိုက်သည်။


“ကိုယ့်ဆီ ရောက်လာပေးလို့ ပေါင်ပေါင်းကို ကျေးဇူးတင်ပါတယ်..”


“အွန်း.. ပေါင်ပေါင်းကို ကောက်လာခဲ့ပေးလို့ ဒယ်ဒီ့ကိုလည်း ကျေးဇူးတင်တယ်နော်.. ပေါင်ပေါင်းက ဒယ်ဒီ့ကို အချစ်ဆုံးပဲ..” (˶ ˘ ³˘)ˆᵕ ˆ˶)


ရှောင်ဝူယိသည် ခြေဖျားထောက်ကာ နျဲ့ရှောင်၏ နှုတ်ခမ်းအား ‘မွ’ ခနဲ အနမ်းပေးလိုက်သည်။ ကောင်ငယ်လေးမှာ သူ့သဘောဆန္ဒအတိုင်း ရင်ခွင်ထဲ ဝင်လာခဲ့သဖြင့် နျဲ့ရှောင်လည်း မထိန်းချုပ်ချင်တော့ပေ။ ဦးခေါင်းအား ဖိကိုင်ရင်း အနမ်းများကို နက်ရှိုင်းစေလိုက်သည်။


သူတို့အနီးရှိ လူများမှာ မျက်စိကန်းသွားတော့မတတ်ပင်။


“ဒီစောက်.. ဒီလိုနေ့ထူးနေ့မြတ်မှာ ဘာကိစ္စနဲ့ ရုတ်တရက်ကြီး ခွေးစာတွေ စားနေရတာလဲကွာ..”


ပိုဆီယာမှလွဲ၍ “ဖြူစင်သန့်ရှင်းသည့် နှလုံးသားပိုင်ရှင်များ” မှာ မျက်နှာများ နီမြန်းလာကြသည်။ ကျန်းချိုးသည် အနမ်းပေးနေသည့် နှစ်ဦးအားကြည့်ကာ အော်ဟစ်တော့သည်။


“စောက်ရေးထဲမှ တော်လိုက်တော့ဟေ့.. တော်လိုက်တော့.. ဘေးပတ်ဝန်းကျင်ကိုလည်း နည်းနည်းပါးပါး ကြည့်ဦးကွ.. လူမြင်ကွင်းမှာ ရှိနေတာတောင် ‘ပြွတ် ပြွတ် ပြွတ်’ နေတုန်းလား..”


“နျဲ့ရှောင်.. ဒီစောက်ခွေးကောင်ကတော့..”


နျဲ့ရှောင်မှာ လက်ရှိအချိန်တွင် စိတ်ခံစားချက် ကောင်းမွန်နေသဖြင့် မည်သည့်စကားကိုမဆို ခံနိုင်ရည်ရှိနေပေသည်။ ‘တိရစ္ဆာန်’ ဟူသည့်ဘွဲ့အား ကျေကျေနပ်နပ် လက်ခံကာ သူ၏ပေါင်ပေါင်းအား ပွေ့ပိုက်ရင်း သွားတန်းဖြူဖြူများပေါ်အောင် ရယ်မောလိုက်သည်။ 


“ဘာလဲ.. မနာလိုတာလား..”


လူတိုင်း : “...” ဒီဘဝင်မြင့်နေတဲ့ ခွေးကောင်ကတော့..


“အေး.. လူကြားထဲမှာ အခုလိုမျိုး ခွေးစာတွေ ကြဲပက်နေတာ မိုးကြိုးပစ်ခံရမှာ လုံးဝပဲ..”


“မကြောက်ပေါင်..”


"..."

***


ထိုအချိန်တွင် ကမ္ဘာအရပ်ရပ်၌ ပြန့်ကြဲနေသည့် ရှင်သန်ကျန်ရစ်သူများသည် လမ်းများ၊ အိမ်များနှင့် ဇွန်ဘီများ ထံမှပင်လျှင် လျှပ်စစ်ဆက်သွယ်ရေး ကိရိယာများထံမှ အသံများ ကြားနေရသည်။


ကမ္ဘာပျက်ကပ်အတွင်း ထိုဖုန်းမြည်သံများ၊ တုန်ခါသံများမှာ သဘာဝတရားကြီးမှ ဖြစ်ပေါ်လာသော အသံများနှင့် တူညီသည့် တည်ရှိမှုမျိုး ဖြစ်လာသည်။


လူမည်မျှသည် ကမ္ဘာပျက်ကပ် စတင်ပြီးနောက် “အသုံးမဝင်” ဖြစ်လာသည့် ဆဲလ်ဖုန်းများအား အမှတ်တရအနေဖြင့် သိမ်းဆည်းကာ သွားလာနေကြမှန်း မသိနိုင်ပေ။ ဘတ္တရီ ကြာရှည်ခံနိုင်စေရန် ညအချိန်မှသာ တစ်ခါတစ်ရံ ဖွင့်ကြည့်ကြပေလိမ့်မည်။


တစ်ချိန်ချိန်တွင် “အသုံးဝင်” လာနိုင်ပေလိမ့်မည်ဟူသည့် မျှော်လင့်ချက် ခပ်ရေးရေးအား ဆုပ်ကိုင်ထားရာမှာ ယခုအခါ ဆုတောင်းများပြည့်လာခဲ့သည်။


မက်ဆေ့ချ်စာတိုများ ရောက်လာသည့်အခါ မျက်လုံးမှ မျက်ရည်များ စီးကျလာကြသည်။ ယခုအခါတွင် မည်သူမျှ တစ်ဦးတည်း မဟုတ်တော့ချေ။ သူတို့နည်းတူ လူပေါင်းများစွာသည် ကမ္ဘာပျက်ကပ်အတွင်း အသက်ရှင်သန်ရန် ကြိုးစားရုန်းကန်နေကြသည်။


စာတိုထဲတွင် ပင်မအခြေစိုက်စခန်းများ၏ လိပ်စာများကိုလည်း အသေးစိတ် ဖတ်ကြရသည်။


တစ်ချိန်တည်းမှာပင် ကမ္ဘာအရပ်ရပ်၌ ပြန့်ကြဲနေသည့် ရှင်သန်သူများသည် ၎င်းတို့နှင့် အနီးဆုံး အခြေစိုက်စခန်းရှိရာသို့ မျှော်ကြည့်မိကြသည်။


ဤနေ့တွင် လူသားမျိုးနွယ် အင်အားစုများ တရားဝင် စတင်စုဝေး ပေါင်းစည်းကြလေသည်။