🐹အခန်း ၅၃
ဝူယိလေးနှင့် သွေးစုပ်ဖုတ်ကောင်လေး
ကနဦး သတင်းကွန်ယက် ပြန်လည်တည်ထောင်နိုင်ခြင်းမှာ ကမ္ဘာတစ်ဝှမ်းမှ ရှင်သန်သူများအတွက် မျှော်လင့်ချက်ရောင်နီသန်းလာခြင်းပင် ဖြစ်သည်။
နျဲ့ရှောင်တို့ အဖွဲ့သည်လည်း ခြွင်းချက်မဟုတ်ပေ။ သူတို့၏ စိတ်လှုပ်ရှားတက်ကြွမှုများအား ပင်လယ်သို့ ဖြတ်ကူးရန် ပြင်ဆင်ရာတွင် အသုံးချကာ နှစ်ရက်အတွင်း လုပ်ငန်းစဉ်အားလုံး ပြီးမြောက်သွားလေသည်။
ဝူချင်ဖုန်းနှင့် လောယွင်ဟိုင်တို့ အဖွဲ့သည်လည်း သဘာဝကျစွာပင် ဖုန်းများမှ သတင်းအချက်အလက်များ ရရှိကြလေသည်။ စိတ်အားတက်ကြွစွာ မရပ်မနား ခရီးဆက်ခဲ့ကြသည်။
အဆုံးတွင် နှစ်ရက်မျှသာ နောက်ကျခဲ့သည်။ နျဲ့ရှောင်၏အဖွဲ့ ပင်လယ်ဖြတ်ကူးရန် အဆင်သင့် ဖြစ်ချိန်မှာပင် ဝူချင်ဖုန်းတို့အဖွဲ့သည်လည်း ဟိုင်ချန်ရေလက်ကြားဆိပ်ကမ်းသို့ ရောက်ရှိလာခဲ့ကြသည်။
ထိုအချိန်တွင် နှစ်ဖွဲ့မှာ ချောချော့မွေ့မွေ့ ပေါင်းစည်းသွားကြလေသည်။
မနီးမဝေးမှ ကားစက်သံများ ကြားရသဖြင့် နျဲ့ရှောင်တို့အဖွဲ့သည် ကြိုဆိုရန် သင်္ဘောအတွင်းမှ လမ်းလျှောက်ထွက်လာကြသည်။
ထရပ်ကားများ မရပ်ရသေးခင်မှာပင် မော့ယဲ့ စိတ်မရှည်စွာဖြင့် ခုန်ဆင်းပြီး ရှောင်ယန်ရှိရာသို့ ပြေးသွားလေသည်။
“မမရှောင်ယန်.. ကျွန်တော် အများကြီး လွမ်းနေခဲ့တာ..”
ရှောင်ယန် သတိကပ်မနေချိန်တွင် ထိုကောင်လေးမှာ သူမ၏ လက်ကြားထဲသို့ ပစ်ဝင်လာသည်။ ရှောင်မော့ယဲ့အားကြည့်ကာ အနည်းငယ် အံ့အားသင့်သွားမိသည်။
“နင့်လို ကလေးလေးက ဘယ်လိုလုပ်ပြီး ဒီကိုပါလာတာတုန်း..”
ဤအခြင်းအရာနှင့် စပ်လျဉ်း၍ မော့ယဲ့သည် ရှောင်ယန်အား ဝမ်းနည်းမှုအပြည့်ဖြင့် ကြည့်လိုက်ပြီးနောက် ဒေါသတကြီး ပြောလေသည်။
“အဲဒါ ကတိမတည်တဲ့ မမကြောင့်.. မြို့တော်ကို ပြန်လာပြီး ကျွန်တော့်ကို လာရှာပါ့မယ်လို့ မပြောခဲ့ဘူးလား.. ဒါပေမဲ့ မမတို့က ဖုန်းချန်မှာပဲ နေကြတော့တယ်လေ.. မမ မလာတော့ ကျွန်တော်ပဲ လာရတော့တာပေါ့..”
ရှောင်ယန်သည် ရှောင်မော့ယဲ့၏စကားကြောင့် အနည်းငယ် ရှက်ရွံ့သွားမိသည်။ မော့ယဲ့၏ ဦးခေါင်းလေးအား လက်ဖြင့်ပွတ်လိုက်ပြီးနောက် တောင်းပန်စကား ဆိုလေသည်။
“တောင်းပန်ပါတယ်နော်.. ဒါ မမရဲ့ အမှားပါ.. မမလည်း သတိရနေတာ..”
ရှောင်ယန်နှင့် မော့ယဲ့တို့ စကားပြောနေကြချိန်တွင် ရှောင်မော့ယဲ့နောက်တွင် အနည်းငယ် နောက်ကျကျန်နေခဲ့သော ဝူချင်ဖုန်းနှင့် လောယွင်ဟိုင်တို့သည်လည်း ကားပေါ်မှ ခုန်ဆင်းလာကြပြီး စိတ်လှုပ်ရှားစွာဖြင့် လမ်းလျှောက်လာကြပြီး နျဲ့ရှောင်တို့အဖွဲ့မှ လူများနှင့် အချင်းချင်း ရိုးရှင်းစွာ ပွေ့ဖက်နှုတ်ဆက်ကြသည်။
“အားလုံးပဲ မတွေ့ရတာကြာပြီ..”
“နောက်ဆုံးတော့ မင်းတို့ကောင်တွေ ရောက်လာပြီပေါ့..”
နျဲ့ရှောင်သည် ဝူချင်ဖုန်း၏ ပုခုံးအား လက်သီးဖြင့်ထိုးကာ ပြုံး၍ပြောသည်။ ထို့နောက်တွင် လူတိုင်း အနားယူနိုင်ရန် သင်္ဘောပေါ်သို့ ခေါ်သွားလိုက်သည်။
ခရီးဆောင်အိတ်များ ပါဝင်သည့် ကုန်တင်ယာဉ်အား အပြင်ဘက်တွင် ရပ်ထားခဲ့ရမည် ဖြစ်သောကြောင့် ပိုင်မေ့သည် သူ၏နေရာလွတ်အတွင်းသို့ အရင်ထည့်ကာ သင်္ဘောပေါ်သို့ သယ်လာခဲ့သည်။
ပိုင်မေ့၏ နေရာလွတ်စွမ်းရည်အား ကြည့်ကာ လောယွင်ဟိုင် အနည်းငယ် စိတ်လှုပ်ရှားသွားလေသည်။ ဤမျှကြီးမားသည့် နေရာလွတ်စွမ်းရည်မှာ အလွန်ရှားပါး အဖိုးတန်လေသည်။
ပိုင်မေ့သည် လောယွင်ဟိုင်၏ အကြည့်ကို ခံစားမိသဖြင့် ရုတ်တရက်လှည့်ပြီး နွေးထွေးစွာပြုံးရင်း နှုတ်ဆက်လိုက်သည်။
“ဟယ်လို.. ကျွန်တော့်နာမည်က ပိုင်မေ့ ပါ..”
လောယွင်ဟိုင်သည် ပိုင်မေ့၏ လှပသည့် အပြုံးလေးကြောင့် ခေတ္တမျှ ကြောင်အသွားသည်။ ဂျုံရောင်သန်းနေသည့် အသားအရေမှာ အနီရောင်သန်းလာပြီး ရှက်ရွံ့စွာဖြင့် ခေါင်းကုတ်ကာ ပြန်လည် နှုတ်ဆက်လိုက်သည်။
“ဟယ်.. ဟယ်လို.. ကျွန်တော့်နာမည်က လောယွင်ဟိုင် ပါ..”
ပိုင်မေ့သည် တစ်ဖက်လူ၏ ရူးကြောင်ကြောင်နှင့် ရှက်ရွံ့နေသော အသွင်အပြင်အားကြည့်ကာ ခေါင်းယမ်းရင်း ရယ်မောမိလိုက်သည်။
ထိုသို့အရယ်ခံရပြီးနောက် လောယွင်ဟိုင်၏ နှလုံးခုန်သံ အနည်းငယ် ပိုမြန်လာပြီး မျက်နှာမှာလည်း ပိုပိုပြီး နီလာလေသည်။ သူ၏ သရုပ်ပျက်နေမှုအား ဖုံးကွယ်ရန် သင်္ဘောပေါ်သို့ အလျင်စလို ပြေးတက်သွားလေသည်။
တစ်ဖက်လူ၏ တုံ့ပြန်ချက်မှာ ဤမျှအထိ ကြီးမားလိမ့်မည်ဟု ပိုင်မေ့ မျှော်လင့်ထားခြင်း မရှိချေ။ ရုတ်တရက်ဆိုသလို ကူကယ်ရာမဲ့စွာဖြင့် ကောင်းကင်ပေါ်မှ လဝန်းကဲ့သို့ စင်ကြယ်တောက်ပစွာ ပြုံးလိုက်သည်။
မကြာမီတွင် လူတိုင်း သင်္ဘောပေါ် ရောက်ရှိသွားပြီး ခရီးစဉ်တစ်လျှောက် အတွေ့အကြုံများအား အပြန်အလှန် ဖလှယ်ကြသည်။ တစ်ချိန်တည်းမှာပင် ရှောင်ဝူယိ၊ ကျန်းချိုးနှင့် အခြားသူများအား ဝူချင်ဖုန်းတို့အဖွဲ့နှင့် အပြန်အလှန် မိတ်ဆက်ပေးလိုက်သည်။
လောယွင်ဟိုင်သည် ရှောင်ဝူယိနှင့် အခြားသူများအားကြည့်ကာ မမေးဘဲ မနေနိုင်တော့ချေ။
“ဝူဝမ်ချီကို မတွေ့ပါလား.. သူ မလာဘူးလား..”
မြေစနစ်နှင့် သူ၏မျိုးကွဲဖြစ်သည့် “သဲ” အမျိုးအစားမှာ တူညီသည့်အတွက် လောယွင်ဟိုင်နှင့် ဝူဝမ်ချီတို့၏ ကိုယ်ရည်ကိုယ်သွေးများမှာ စတွေ့စဉ်ကတည်းက နားလည်ရခက်စွာပင် တစ်နည်းနည်းနှင့် ဆင်တူနေသည်ကို သိရှိလိုက်ရသည်။ ထို့ကြောင့် လက်ရှိအချိန်တွင် ဝူဝမ်ချီအား မမြင်တွေ့ရခြင်းမှာ လောယွင်ဟိုင်အတွက် မလွှဲရှောင်သာဘဲ စိုးရိမ်စိတ် ဝင်လာမိသည်။
ရှောင်ယန်၏နံဘေးရှိ မော့ယဲ့သည်လည်း ဝူဝမ်ချီအား မတွေ့မိသဖြင့် မော့ကြည့်လာသည်။
စိုးရိမ်ပူပန်နေသူ နှစ်ဦးနှင့် ရင်ဆိုင်ရသည့်အခါ ရှောင်ယန်သည် ချက်ချင်းပင် ပြုံးပြလိုက်ပြီးနောက် အာမခံချက် ပေးလိုက်သည်။
“စိတ်မပူပါနဲ့.. စခန်းက လူတွေကို ငြိမ်အောင်ထိန်းဖို့ သူက ကျန်နေခဲ့တာ.. သူက အပြင်မှာ ပြေးလွှားနေရတဲ့ ကျွန်မတို့ထက်တောင် ပိုပြီး အဆင်ပြေနေဦးမှာ..”
“ဪ.. အဲသည်လိုပေါ့..”
ထိုသို့ကြားပြီးမှသာ မော့ယဲ့နှင့် လောယွင်ဟိုင်တို့ စိတ်သက်သာရာ ရသွားလေသည်။ သို့သော်လည်း ဝူဝမ်ချီနှင့် တွေ့ရဖို့ရန် အချိန်အတော်ကြာ စောင့်ရပေဦးမည်။
ဝူဝမ်ချီ၏ ကျော်ကြားမှုမှာ ဤမျှမြင့်မားလိမ့်မည်ဟု နျဲ့ရှောင်နှင့် သွမ့်ဝမ်ယွီ မထင်မှတ်ထားသဖြင့် ရယ်ရမလို ငိုရမလို ဖြစ်လာကြသည်။
“ဟုတ်ပြီ.. ဝူဝမ်ချီအကြောင်း တော်လောက်ပြီ.. အခု ပင်လယ်ကို ဘယ်လို ဖြတ်ကြမလဲဆိုတာ အသေးစိတ် ဆွေးနွေးကြမယ်.. မင်းတို့တွေ အချိန်ကိုက်ရောက်လာကြတာပဲ.. ငါတို့က အခုလေးတင် သင်္ဘောကို ပြင်ဆင်ပြီးတာ..”
နျဲ့ရှောင် အဓိကအချက်ဆီသို့ ပြန်လည်ဆွဲခေါ်လိုက်သည်။ ပင်လယ်နှင့် သက်ဆိုင်သည့်အကြောင်း ကြားရသောအခါ ဝူချင်ဖုန်းနှင့် လောယွင်ဟိုင်တို့ ချက်ချင်းပင် စိတ်အားထက်သန်လာကြသည်။
လူကြီးများ အရေးကြီးကိစ္စရပ်များအကြောင်း ဆွေးနွေးနေကြစဉ်တွင် ရှောင်ဝူယိနှင့် ကျစ်ဟွေ့ကွမ်မှာ အနည်းငယ် ပျင်းရိလာလေသည်။
ရှောင်ဝူယိသည် လူကြောက်တတ်ဆဲ ဖြစ်သည့်အတွက် ကိုယ်ကလေးအား ကျုံ့ကာ နျဲ့ရှောင်၏ နောက်တွင်သာ နာခံမှုရှိရှိ ထိုင်နေပြီး မျက်လုံးနက်နက်လေးများဖြင့် ပတ်ဝန်းကျင်အား စူးစမ်းနေလေသည်။
များမကြာမီတွင် လူတိုင်းမမြင်ဘဲ မျက်စိလျှမ်းသွားကြပြီး ထောင့်တစ်ခုတွင် ပုန်းအောင်းလျက်ရှိသော ပုံရိပ်သေးသေးလေးမှာ သူ၏အာရုံကို ဖမ်းစားသွားသည်။
မြင့်မြင့်မားမား စစ်သားများနောက်တွင် အလွန်လှပသည့် တိုင်းတစ်ပါးသားလေးမှာ အံ့ဩဖွယ်ကောင်းစွာ ပုန်းအောင်းနေလေသည်။ နှင်းကဲ့သို့ ဖြူသော အသားအရေ၊ နီရဲရဲ နှုတ်ခမ်းသားလေးနှင့် အရုပ်ကဲ့သို့ ကြီးမားသည့် မျက်ဝန်းကြီးများ ရှိနေသည်။
ရှောင်ဝူယိမှာ ရုတ်တရက်ဆိုသလို သူနှင့်တူသည့် တစ်စုံတစ်ယောက်အား ရှာတွေ့ပြီဟု ခံစားရလေသည်။ သူနှင့် ဤသူငယ်ချင်းလေးတို့မှာ လူစိမ်းများအား ကြောက်ရွံ့တတ်ကြသည်။
သို့သော်လည်း ထိုအချိန်တွင် ဆစ်စလိုမှာ ထောင့်တွင်ဆောင့်ကြောင့်ထိုင်ရင်း စိတ်မသက်မသာ ဖြစ်နေလေသည်။ ဤမျှ အရှက်ရဖွယ်များ ပြုလုပ်ပြီးသည့်နောက်တွင် တိမ်မြူခိုးလူနှင့် ပြန်လည်ဆုံတွေ့ရလိမ့်မည်ဟု သူမမျှော်မှန်းထားခဲ့ပါ။
——အူးဟူးဟူး.. ငါ့ကိုသတ်ကြတော့မယ်..
ဆစ်စလိုသည် သူ၏ခေါင်းကလေးအား လက်ဖြင့်ကိုင်ကာ တစ်ကိုယ်လုံး တုန်ယင်စွာဖြင့် စစ်သားများ၏ နောက်တွင် ကျုံ့ကျုံ့လေး ပုန်းနေပြီး သူ၏ တည်ရှိမျှအား တတ်နိုင်သလောက် လျော့ချရန် ကြိုးစားလေသည်။ သူ့ကိုယ်သူ မြေကြီးထဲ ဝင်သွားရန် ဆုတောင်းနေမိသေးသည်။
သူ့အား မည်သူကမျှ ရှာတွေ့ခြင်း မရှိစေရန် မျှော်လင့်မိလေသည်။ အထူးသဖြင့် အဝါနှင့် အနက်ကြား အစင်းများနှင့် ထိုကျားကြီး ရှာမတွေ့ဖို့ရန် ဖြစ်သည်။
သို့သော်လည်း သူမသိသည့်အရာမှာ ကြီးမားသည့် မျက်ဝန်းကြီးများနှင့် စူးစမ်းလိုသော မျက်ဝန်းတစ်စုံမှာ သူ့အား သတိထားမိသည်မှာ ကြာမြင့်လှပေပြီ။
ရှောင်ဝူယိသည် အချိန်အတော်ကြာ စောင့်ကြီးပြီးနောက် မထိန်းချုပ်နိုင်တော့သဖြင့် နျဲ့ရှောင်၏ အဝတ်စအား လက်ဖြင့်ဆွဲလိုက်သည်။ ထိုအရုပ်ကလေးရှိရာ ထောင့်သို့ ညွှန်ပြပြီးနောက် ခပ်တိုးတိုး ပြောလေသည်။
“ဒယ်ဒီရေ.. ပေါင်ပေါင်း ဟိုနားလေးမှာ ခဏသွားဆော့မယ်နော်..”
အခြားသူများနှင့် ဆွေးနွေးပြောဆိုနေသည့် နျဲ့ရှောင်မှာ အနှောင့်အယှက် ပေးခံလိုက်ရသည်။ ထိုအခြေအနေကို အခွင့်ကောင်းယူပြီး ပေါင်ပေါင်းပြသည့် ထောင့်သို့ တစ်ချက်ကြည့်လိုက်သော်လည်း ထိုနေရာတွင် ပုန်းအောင်းနေသည့် ကလေးတစ်ယောက်အား သတိမထားမိချေ။ ကောင်ငယ်လေး၏ ဦးခေါင်းအား အသာပွတ်ပေးပြီးနောက် ခေါင်းညိတ်သဘောတူလိုက်သည်။
“အင်း.. သွားလေ.. ဒါပေမဲ့ ဆော့နေရင်း အသံဆူဆူညံညံ မလုပ်ရဘူးနော်..”
“ဟုတ်..”
ရှောင်ဝူယိသည် နာခံမှုရှိရှိဖြင့် ကျစ်ဟွေ့ကွမ်နှင့်အတူ ထွက်သွားလေသည်။
သို့သော်လည်း ဝူချင်ဖုန်းနှင့် လောယွင်ဟိုင်တို့မှာ ရှောင်ဝူယိမှ နျဲ့ရှောင်အား “ဒယ်ဒီ” ဟု ခေါ်ဆိုသံကို ကြားလိုက်ရသဖြင့် ဘဲဝင်ဥနိုင်လောက်အောင် ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
နံဘေးရှိ နင်ဖုန်းမှာ ညှာတာမှုမရှိဘဲ မိစ္ဆာဆန်ဆန် ရယ်မောကာ အရှုပ်တော်ပုံအား စိတ်ဝင်စားမှု အမြင့်ဆုံးရောက်အောင် ဆွဲခေါ်သွားလေည်။
“နောက်ရက်နည်းနည်းလောက်ကြာရင် သိပါလိမ့်မယ်.. ခင်ဗျားတို့ ပိုပြီးတောင် လန့်သွားကြဦးမှာ.. ဟားဟားဟား..”
နျဲ့ရှောင် ကူကယ်ရာမဲ့စွဦ ရယ်မောလိုက်သော်လည်း ရှင်းပြရန် ရည်ရွယ်ချက် မရှိသဖြင့် ဝူချင်ဖုန်းနှင့် အခြားသူများမှာ ပိုမိုကာ သိချင်လာကြသည်။
ရှောင်ယန်၏ အနီးရှိ မော့ယဲ့သည် လှပသည့် ကိုကိုလေးနှင့် ကျားကြီး ထွက်သွားသည်ကို မြင်သဖြင့် ထိုင်မနေနိုင်တော့ချေ။ ရှောင်ယန်အား အလျင်အမြန် စကားပြောပြီးနောက် ပျော်ရွှင်စွာပင် သွားရောက်ပူးပေါင်းမှုပြုသည်။ ၁၁ နှစ်ဆိုသည့် အသက်အရွယ်မှာ ဆော့ကစားရခြင်းကို သဘောကျနှစ်ခြိုက်လေသည်။
ပေါ့ပေါ့ပါးပါး ပြေးထွက်သွားသည့် ကောင်ငယ်လေးများအား မြင်သည့်အခါ နျဲ့ရှောင်တို့သည် ခေါင်းယမ်းကာ မပြုံးဘဲ မနေနိုင်တော့ချေ။ ထိုကောင်လေးများနှင့်ဆိုလျှင် သူတို့၏ စိတ်ခံစားချက်များလည်း များစွာပေါ့ပါးသွားသည်။
မော့ယဲ့သည် ရှောင်ဝူယိနှင့် ကျားကြီးအား လျင်မြန်စွာ လိုက်မီခဲ့သည်။ ထိုသူများမှာ ဆစ်စလိုထံသို့ သွားချင်သည်ကို သတိထားမိသည့်အခါ ကြိုတင်ရှင်းပြလိုက်သည်။
“ကိုကိုဝူယိ.. ဆစ်စလိုက တကယ်ကို အရမ်းရှက်တတ်ပြီး လူတောမတိုးတဲ့ သွေးစုပ်ဖုတ်ကောင်လေးပါ.. ခဏနေရင် အရမ်းကြီး မကြောက်ပါနဲ့နော်.. သူ့ကို ခြောက်မိသွားသလို ဖြစ်မှာစိုးလို့ပါ.. သူက လူသွေးမစုပ်တဲ့ သွေးစုပ်ဖုတ်ကောင်ကောင်းလေးပါ..”
“သူက လမ်းတစ်လျှောက်လုံး ဇွန်ဘီတွေကို သတ်ဖို့ ကူညီပေးခဲ့တာလေ.. အခု သူနဲ့ ကျွန်တော်နဲ့က ဆက်ဆံရေး အကောင်းဆုံးပဲ.. သူနဲ့တွေ့ဖို့ ခေါ်သွားပေးမယ်နော်.. အဲသည်လိုဆိုရင် သူလည်း ကြောက်မှာမဟုတ်တော့ဘူး..”
မော့ယဲ့၏ စကားကို ကြားရသည့်အခါ ရှောင်ဝူယိ၏ မျက်လုံးလေးများ ရုတ်တရက် အရောင်တောက်လာသည်။ ကြက်ကလေး ဆန်ကောက်သလို ခေါင်းတဆတ်ဆတ် ညိတ်ကာ ကတိပေးလေသည်။
“စိတ်မပူနဲ့နော် သစ်ရွက်လေး*.. သူ့ကို မခြောက်ဘူးလို့ ကတိပေးပါတယ်..”
“ဒါနဲ့... သူက တကယ်ကြီး သွေးစုပ်ဖုတ်ကောင်လား ဟင်..”
“ဟုတ်တယ် ကိုကိုဝူယိ.. သူ့ရဲ့ သွားစွယ်လေး နှစ်ချောင်းက အရမ်းချစ်စရာကောင်းတယ် သိလား..”
ကျစ်ဟွေ့ကွမ်သည် ကောင်ငယ်လေးနှစ်ယောက် ပြောနေသည့် စကားများအား တိတ်တဆိတ် နားထောင်ရင်း နောက်မှ လိုက်ပါလာသည်။ သူတို့ပြောနေသည့် စကားများမှတဆင့် ရင်းနှီးသည့် ခံစားချက်များ တရိတ်ရိတ်တိုးလာကာ သူ၏ ရွှေရောင်မျက်လုံးတစ်စုံအား မှေးလိုက်သည်။
ထောင့်တွင်ပုန်းနေရှာသော ဆစ်စလိုမှာ သူ၏ အနက်ရောင်ဝတ်ရုံလေးဖြင့် ခန္ဓာကိုယ်အား တင်းတင်းကြပ်ကြပ် ရစ်ပတ်ထုပ်ပိုးထားပြီး မည်သူကမျှ သူ့အား ရှာမတွေ့တော့ဟု ထင်နေလေသည်။ သို့သော်လည်း မမျှော်လင့်စွာပင် သူ၏ အပေါင်းအဖော်လေးမှာ သူ့အား လုံးလုံးလျားလျား သစ္စာဖောက်လိုက်ပြီး ဖြစ်လေသည်။
ဆစ်စလိုသည် မနီးမဝေးရှိ မော့ယဲ့၏ ခေါ်သံအား ကြားသော်လည်း မလှုပ်မယှက်နှင့် မကြားဟန်ပြုသည်။
ထိုသို့ မြင်ရသည့်အခါ ရှောင်မော့ယဲ့သည် နားမလည်နိုင်စွာဖြင့် ခေါင်းကုတ်လိုက်သည်။ ရှောင်ဝူယိနှင့် ကျားကြီးအား စိတ်ရှည်စွာဖြင့် တိတ်တဆိတ် စောင့်ဆိုင်းနေရန် အချက်ပြလိုက်ပြီးနောက် ဆစ်စလို၏ဘေးတွင် ထိုင်ချလိုက်သည်။ ကလေးနှစ်ယောက်မှာ နံရံကို မျက်နှာမူရင်း အတန်းလိုက် ထိုင်နေလေသည်။
“ဆစ်စလိုရေ.. ဘာလို့ ဒီနားမှာ ဝပ်နေတာလဲဟင်..”
ဆစ်စလိုသည် မော့ယဲ့ဘက်သို့ လှည့်ကြည့်ကာ သူ၏နှုတ်ခမ်းပေါ် လက်ညှိုးတင်ပြီး တိုးတိုးလေး ပြောလေသည်။
“ရှူး.. မင်းအသံကို လျော့လိုက်ဦး.. ငါအခု ပုန်းနေတာရယ်.. ငါဒီမှာ ရှိနေတာကို မင်းဘယ်သူ့ကိုမှ ပြောလို့မဖြစ်ဘူးနော်..”
"?"
မော့ယဲ့ နားမလည်သည့်အတွက် ပြန်မေးလိုက်သည်။
“ဘယ်သူ့ဆီက ပုန်းနေတာလဲဟင်.. တူတူပုန်းတမ်း ကစားနေတာလား.. ငါတို့လည်း အတူပါမယ်ဆို ပိုကောင်းမယ်လေ.. လူများရင် ပိုပျော်ဖို့ကောင်းတာပေါ့..”
“ငါတို့” ဟူသည့် စကားအား ကြားသည့်အခါ ဆစ်စလို ခေတ္တမျှ အံ့ဩသွားသည်။ ထို့နောက် အလွန်ဆိုးဝါးသည့် ခံစားချက်တစ်ခုမှ သူ၏ခြေဖဝါးမှ အထက်သို့ မြင့်တက်လာသည်။ မော့ယဲ့အား လှည့်ကြည့်ပြီး ခက်ခက်ခဲခဲ တံတွေးမျိုချလိုက်သည်။
"ငါတို့..လား"
"အေး ငါတို့.. လေ"
မော့ယဲ့မှာ လုံးလုံးလျားလျား သတိမမူမိချေ။
“ကိုကိုဝူယိနဲ့ ကျစ်ဟွေ့ကွမ်က မင်းနောက်မှာရှိနေတာရယ်.. သူတို့ကလည်း မင်းနဲ့အတူ တွေ့ပြီး ဆော့ချင်လို့တဲ့..”
ထိုသို့ကြားသည့်အခါ ဆစ်စလိုမှာ နောက်ကျောဘက်မှ အအေးလှိုင်း ဖြစ်သွားသကဲ့သို့ ချက်ချင်းဆိုသလို ခေါင်းမှ ခြေဖျားထိတိုင်အောင် အေးခဲသွားသည်။ သူ၏ခေါင်းလေးမှာ သံချေးတက်နေသည့် စက်တစ်ခုသဖွယ် “ကချား.. ကချား” နှင့် လှည့်လာပြီးနောက် အနက်ရောင် မျက်ဝန်းလေးတစ်စုံနှင့် ရွှေရောင်မျက်လုံးကြီးတစ်စုံအား ဆုံလေသည်။
"!!!QAQ!!!”
လက်တစ်လှမ်းအကွာမှ ကျားကြီးအား မြင်လိုက်ရသည့်အခါ ဆစ်စလိုသည့် အလွန်အမင်း ထိတ်လန့်စွာဖြင့် မျက်ရည်များ ပိုးပိုးပေါက်ပေါက် ကျဆင်းလာတော့သည်။ သူ၏ခေါင်း ပြန်လှည့်ကာ မျက်လုံးများမှိတ်ပြီး ခန္ဓာကိုယ်အား အနက်ရောင်ဝတ်ရုံလေးဖြင့် တင်းတင်းကြပ်ကြပ် ထုပ်ပိုးလိုက်ပြီး အဖြစ်မှန်အား လက်မခံနိုင်စွာဖြင့် ကျိုးပဲ့နေသည့် ဓာတ်ပြားသဖွယ် တတွတ်တွတ် စတင်ရွတ်ဆိုတော့သည်။
“မင်းငါ့ကို မမြင်နိုင်ဘူး.. ငါ့ကို မမြင်နိုင်ဘူး.. အားလုံးက ထင်ယောင်ထင်မှား ဖြစ်နေတာ.. ပုံရိပ်ယောင်တွေချည်းပဲ..”
မော့ယဲ့မှာ ဤမြင်ကွင်းကြောင့် အနည်းငယ် စိတ်ရှုပ်ထွေးလာသည်။ ရှောင်ဝူယိထံသို့ ခေါင်းလှည့်ကာ အချင်းချင်း အပြန်အလှန် ကြည့်နေကြသည်။
ကျစ်ဟွေ့ကွမ်၏ ရင်းနှီးနေသည့် အသိစိတ်မှာလည်း ယခင်ကထက်ပင် ပို၍ပို၍ တိုးမြင့်လာသည်။ ထိန်းချုပ်မရနိုင်စွာဖြင့် သူ၏ ခြေလေးချောင်းဖြင့် ဆစ်စလိုရှိရာသို့သွားကာ လှပသည့် မျက်နှာလေးအား စိတ်အားထက်သန်စွာ စိုက်ကြည့်လေသည်။
တစ်ဖက်လူ၏ မျက်နှာလေးမှာ သူ့အား အံကြိတ်သည်အထိ ဖြစ်စေသော ပုံရိပ်လေးနှင့် ထပ်တူညီနေသည်။
ထို့ကြောင့် ကျစ်ဟွေ့ကွမ်၏ ဒေါသတကြီး ဟိန်းဟောက်သံကျယ်ကြီးမှာ ကောင်းကင်သို့တိုင်အောင် ပဲ့တင်ထပ်သွားလေသည်။
ဆစ်စလို အလွန်ကြောက်ရွံ့ကာ မြေပြင်ပေါ်သို့ ထိုင်လျက်သား ကျသွားလေသည်။ အနက်ရောင်ဝတ်ရုံအား လွှတ်ချကာ နေရာအနှံ့ ပျံသန်းရင်း ထွက်ပြေးလေသည်။ မျက်နှာတစ်ပြင်လုံးမှာလည်း မျက်ရည်တို့ ရွှဲရွှဲစိုလျက်ရှိသည်။
“အူးဝါးးးးးးးးးးးးး”
“ငါ့ကိုသတ်တော့မှာလို့...”
ရုတ်တရက် ထွက်ပေါ်လာသည့် အော်ဟစ်သံကြောင့် လူတိုင်းကြောင်အသွားကြသည်။ မိုးပေါ်တွင် ပျံသန်းကာ ထွက်ပြေးနေသည့် သွေးစုပ်ဖုတ်ကောင်လေးနှင့် လိုက်ဖမ်းနေသည့် ကျစ်ဟွေ့ကွမ်အား စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်ကြသည်။
နျဲ့ရှောင် ကြောင်အနေရာမှာ အရင်ဆုံး အသိပြန်ဝင်လာပြီး ရှောင်ဝူယိထံသို့ အလျင်စလို သွားလိုက်သည်။ သူ၏ပေါင်ပေါင်း အဆင်ပြေသည်ကို မြင်တွေ့ရမှာသာ စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချနိုင်တော့သည်။
“ဘာတွေဖြစ်နေတာလဲ ပေါင်ပေါင်း..”
ရှောင်ဝူယိမှာလည်း မည်သည်ကြောင့်မှန်း မသိရှာချေ။ ကောင်းကင်ပေါ်မှ နှစ်ယောက်အား မော့ကြည့်ပြီးနောက် နျဲ့ရှောင်အား ခေါင်းခါပြလိုက်သည်။
“ပေါင်ပေါင်းလည်း ဘာဖြစ်နေတယ်ဆိုတာ မသိဘူးရယ်.. အစတုန်းက အဆင်ပြေပြေပဲ.. ဒါပေမဲ့ ကျစ်ဟွေ့ကွမ်က ဆစ်စလိုရဲ့ မျက်နှာကိုလည်း မြင်ပြီးရော ဆစ်စလိုဆီ ပြေးသွားတော့တာပဲ.. သူတို့နှစ်ယောက်က အရင်က သိကြတာနေမယ်..”
နျဲ့ရှောင်သည် ကောင်းကင်၌ ပျံသန်းနေသည့် ကောင်ကလေးအားကြည့်ကာ သူ၏အမူအရာမှာ အနည်းငယ် ထူးဆန်းလာသည်။
“ကျစ်ဟွေ့ကွမ်က နိုင်ငံခြားသားလေးကို သိတယ်တဲ့လား..”
“အဲဒီ.. အဲလိုဟုတ်ဘူးရယ်.. ဆစ်စလိုက သွေးစုပ်ဖုတ်ကောင်လေး..”
ရှောင်ဝူယိသည် နျဲ့ရှောင်အားကြည့်ကာ ခေါင်းလေးခါရင်း လေးလေးနက်နက် ရှင်းပြလေသည်။
နျဲ့ရှောင်နှင့် အခြားသူများ : “...”
နျဲ့ရှောင်သည် အလွန်ကြီးမားသည့် အချက်အလက်များကို နားထောင်ပြီးနောက် တံတွေးမျိုချမိလိုက်သည်။ ထို့နောက် ဝူချင်ဖုန်းနှင့် အခြားသူများဘက်သို့လှည့်ကာ အနည်းငယ် အသံဖိ၍ မေးလိုက်သည်။
“အဲဒါ သွေးစုပ်ဖုတ်ကောင်.. ငါထင်နေတဲ့ သွေးစုပ်ဖုတ်ကောင်လား..”
ဝူချင်ဖုန်းသည် မျက်နှာအား လက်ဖြင့်ပွတ်ကာ ကောင်းကင်ပေါ်မှ ရုတ်ရုတ်သဲသဲ အခြေအနေအား မော့ကြည့်လိုက်သည်။ ထို့နောက် အတော်လေး လေးနက်ဟန်ဖြင့် ခေါင်းညိတ်ကာ ဖြေလိုက်သည်။
“ကွဲလွဲချက်တစ်ချို့တော့ ရှိနေပေမဲ့ သူက မင်းထင်နေတဲ့ဟာ တကယ်ဟုတ်တယ်..”
“မိုက်လိုက်တာ..”
နင်ဖုန်းမှာ ပါးစပ်အဟောင်းသားဖြင့် ထိုစကားကိုသာ ပြောနိုင်တော့သည်။ ကောင်းကင်ပေါ်မှ ကောင်သေးသေးလေးနှင့် ကျားကြီးအားကြည့်ကာ ရုတ်တရက်ဆိုသလို ကမ္ဘာကြီးပေါ်တွင် ရှိနေသည့် “မျိုးကွဲအမျိုးမျိုး” အပေါ် လေးစားသွားလေသည်။
******
*မော့ယဲ့၏ ယဲ့သည် သစ်ရွက် ဟုလည်း အဓိပ္ပါယ်ရသည်။