Chapter 1
ကျုံးယို့ယို့ ခေါင်းကို စောင်ထဲမှာ အပ်ထားလိုက်သည်။ယခုဆို၊အားလုံးမှောင်အတိကျနေပြီး ဖုန်းတစ်လုံးသာ တောက်ပစွာလင်းထိန်နေသည်။သူမ အံ့ဩထိတ်လန့်စွာနှင့်၊ကိန်းဂဏန်းများကို စိုက်ကြည့်နေမိသည်။တစ်ဖန် တံတွေးတစ်ချက်မျိုချလိုက်ပြီး ရေတွက်မိပြန်သည်။
ခု၊ ဆယ်၊ရာ၊ထောင်၊သောင်း၊သိန်း၊ သန်း... ဆယ်သန်း... သန်း 90....
သူမ ရူးနေတာလား... အိပ်မက်မက်နေတာလား...
ဤသည်မှာ ရူပဗေဒပြိုင်ပွဲအားလုံးတွင် သူမ တစ်သက်လုံးမရနိုင်လောက်သော ငွေကြေးပမာဏဖြစ်သည်။သူမ ကဆုန်ပေါက်ခုန်နေသော နှလုံးသားကို အုပ်ကိုင်ကာ ထထိုင်ပြီး အသက်ပြင်းပြင်းရှူလိုက်သည်။ထို့နောက် ဖုန်းစခရင်ကို လက်ညိုးဖြင့် ထောက်ကာ နံပါတ်များကို တစ်လုံးပြီးတစ်လုံး ရေတွက်ကြည့်မိပြန်သည်။သန်း90....ယခုထိ သန်း90သာ ဖြစ်နေဆဲပင်။သူမ ဖုန်းကိုကြည့်ရင်း အကျယ်ကြီး အော်ဟစ်ချင်နေရသည်။
မူလပိုင်ရှင်အတွက် ကျုံးမိသားစုမှပေးခဲ့သော ငွေပမာဏအမြောက်အမြားမှာ ယခုထိ ရှိနေသေးပုံရသည်။
လွန်ခဲ့သော တစ်နာရီက ဤစာအုပ်အား ကျုံးယို့ယို့ ဖတ်ရှုခဲ့ခြင်း ဆိုသည်ကို၊ဘုရားသခင်သာ သိတော်မူသည်။ နောက်ဆုံးတော့ သူမသည် "အမှားများ လုပ်မိခြင်း"ဝတ္ထုကို ပြီးအောင်ဖတ်ပြီးနောက်၊ ဝတ္ထုထဲက သူမနှင့်နာမည်နှင့် မျိုးရိုးအမည်တူသည့် ဇာတ်ပို့ဇာတ်ကောင် ဖြစ်လာခဲ့၏။
စာအုပ်အကြောင်းပြောရလျှင်၊ သူမ ထပ်ပြီးအော်ဟစ်ချင်စိတ် ဖြစ်နေသေးသည်။ကမ္ဘာပေါ်မှာ ဒီလို ခွေးသွေးဝတ္ထုမျိုး အမြဲတစ်အုပ်မကရှိတတ်သည်။စာဖတ်သူတိုင်း ကြုံရမြဲပင်။ ဖတ်ရင်းနှင့် ပါးစပ်က သွေးတွေ အန်ကာ ရင်နာမိသော်လည်း၊လက်ကမချချင်လောက်အောင် စွဲလန်းနေရပြီး ညဉ့်နက်မှ အိပ်ပျော်ရလောက်အောင် စွဲဆောင်နိုင်စွမ်းရှိသည့် စာအုပ်မျိုးပင်။
ဤဝတ္ထုကလည်း ထိုအတိုင်းပင်။
မူရင်းဇာတ်လမ်း၏ ဇာတ်ကြောင်းက ဆိုရွားနေသော်လည်း စိတ်လှုပ်ရှားစရာကောင်းလွန်းသည်။ လွန်ခဲ့သည့် ဆယ်နှစ်ကျော်က၊ကျန်းကျုံးမှ အလွန်တရာ ချမ်းသာသော မစ္စကျုံးနှင့် နာနီဖြစ်သူ မုန့်ချန်တို့သည် တစ်နေ့တည်း သမီးတစ်ယောက်စီ မွေးဖွားခဲ့ကြသည်။ သူမတို့ မွေးဖွားသည့် နေရာကလည်း ဆေးရုံတစ်ခုတည်းရှိ၊ VIP လူနာဆောင်တစ်ခုတည်းမှာပင်။
နာနီ မုန့်ချန်သည် တစ်ဘဝလုံး ပင်ပန်းဆင်းရဲခဲ့ရသည်။ကျုံးမိသားစုကိုတွေ့ပြီးနောက်မှသာ၊ သူမသည် လူချမ်းသာတို့၏ ဘဝနေထိုင်ပုံကို မြင်ဖူးခြင်းသာ။ကျုံးမိသားစုသည် သူမ စိတ်ကူးမယဉ်နိုင်သော ဘဝတစ်ခုကို ပိုင်ဆိုင်ထားကြလေ၏။
မစ္စကျုံးမှာ လွန်စွာသွယ်လျသော နုနယ်လက်ချောင်းများရှိသည်။ သူမ စပျစ်သီးတစ်လုံးစားချင်လျှင် သူမ ဘေးနားက အစေခံတစ်ယောက်က၊ အခွံခွာပြီး ကြွေပန်းကန်ပြားပေါ်မှာ တင်ထားပေးရသည်။သူမအတွက်တော့ စပျစ်သီးမှ နီညိုရောင်အစွန်းကလေးများကို ဘယ်တော့မှ ဆေးကြောမရတော့မည့် အညစ်အကြေးလိုမျိုး သဘောထားသည်။
ထိုသို့သော မစ္စကျုံး၏ဘဝလေးကို မုန့်ချန် မြင်ပြီးနောက်တွင်၊ကလေးနှစ်ဦးကို လဲလှယ်ရန် စိတ်အားထက်သန်လာခဲ့သည်။ သူမ ဘဝတစ်လျှောက်လုံး ဒုက္ခရောက်နေခဲ့ရတာလေ... သူမ သမီးကိုလည်း သူမလို ဆက်ပြီး ဒုက္ခခံခွင့်ပေးသင့်သလား...
ထို့ကြောင့် ဇာတ်ပို့မင်းသမီး ကျုံးယို့ယို့နှင့် ဇာတ်ဆောင်မင်းသမီး မုန့်ရှစ်ရွှမ်တို့၏ ကံကြမ္မာက ထိုစဉ်မှစ၍ လုံးဝပြောင်းပြန်ဖြစ်ရလေတော့သည်။
မုန့်ရှစ်ရွှမ်ဟုခေါ်သော စာငှက်ကလေးဟာ ဖီးနစ်ငှက်ဖြစ်လာပြီးနောက်၊ သူမကို ကြင်နာချစ်ခင်သော အဘိုးအဘွားများ၊ သူမအပေါ် လိုလေသေးမရှိဂရုစိုက်တတ်သည့် မိဘများနှင့် သူမကို ငယ်ငယ်လေးကတည်းက ကာကွယ်ပေးတတ်သော မောင်လေးတစ်ယောက်တို့အား ပိုင်ဆိုင်ရလေတော့သည်။
သူမသည် စန္ဒယားအတီးပညာကို သင်ယူခွင့်ရသလို၊ ဘဲလေးအကဆိုလျှင်လည်း နိုင်ငံတကာ ပြိုင်ပွဲမျိုးစုံတွင် ပါဝင်ခဲ့ရသည်။သူမဘဝက ကောင်းကင်တွင် တောက်ပနေသော ကြယ်လေးများကဲ့သို့ပင်၊ဘယ်သူမှ လက်လှမ်းမမှီနိုင်။၎င်းသည် သူမ၏ ပျော့ညံ့ပြီး ကြင်နာတတ်သော အကျင့်စရိုက်ဖြစ်လာစေပြီး အရေးကြုံလျှင် သုံးစားမရသည်အထိ ဖြစ်သွားစေ၏။
တစ်ချိန်တည်းမှာပင်၊ ကျုံးယို့ယို့သည် အရက်သမားဖခင်၏ကြွေးမြီများကို ရှောင်ရှားရန် မိခင်ဖြစ်သူ မုန့်ချန်နောက်သို့ လိုက်နေခဲ့ရသည်။သူမဘဝက သူတောင်းစားလေးလို အစစအရာရာ နိမ့်ကျချို့တဲ့ခဲ့ရ၏။
သူမ မွေးဖွားလာပြီး နှစ်အနည်းငယ်ကြာသည်အထိ၊တစ်ခါမှ ဆံပင်မဖြီးဖူးခဲ့ပေ။အနီးနားရှိ အိမ်နီးနားချင်းများက အသက်၉နှစ် ရောက်မှ သူမကို ကျောင်းပို့လိုက်မှ တောက်တောက်ပြောင်ပြောင် ဖြစ်လာခဲ့၏။သူမ အသက်ဆယ့်သုံးနှစ်တွင် ဓမ္မတာလာခဲ့သော်လည်း၊တစ်ကိုယ်ရေ သန့်ရှင်းရေးပုဝါ(pad)သုံးရန် ဘယ်သူကမှ မသင်ပေးခဲ့ပေ။သူမ အသက်ဆယ့်လေးနှစ်တွင် ကျောင်းဆရာမတစ်ဦးမှ သူမအား သနားစိတ်ဖြင့် သန့်ရှင်းရေးသုံးပုဝါများဝယ်ပေးပြီး ပြောပြပေးမှ သုံးရကောင်းမှန်းသိလာခဲ့သည်။
တစ်ကယ်တမ်းတွင်၊ကျုံးယို့ယို့သည် ဇာတ်ပို့မင်းသမီးတစ်ဦးသာဖြစ်သည်။ထို့ကြောင့်၊ ဝတ္ထုထဲမှာ သူမ၏ရင်နာစရာအတိတ်တွေကို အနည်းအကျဉ်းမျှဖြင့်၊ဖတ်ရှုသူ သနားစိတ်မဖြစ်အောင် ရေးထားပေး၏။ဤဆင်းရဲသောအတိတ်များကိုရေးခြင်းသည် နောက်ပိုင်းတွင် ကျုံးယို့ယို့၏ ဆိုးရွားကြမ်းတမ်းပြီး ယုတ်မာသောဇာတ်ကောင်အတွက် လမ်းခင်းပေးရန်သာဖြစ်သည်။
ထို့ကြောင့် ဝတ္တုဇာတ်ကောင်၏ နာမည်နှင့် မျိုးရိုးတူသည့် ကျုံးယို့ယို့ တစ်ယောက် စိတ်ပျက်နေရခြင်းပင်။
ဒါဘာလဲ... သူမကို ဒီလိုမျိုး ဇာတ်လမ်းရေးပေးရသလား...လူတွေက သူမကို မကောင်းပြောပြီး ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံကြတယ်... ဒါမှမဟုတ် သူမ အလှောင်ခံရ၊ ညှဉ်းပန်းနှိပ်စက်ခံရတာမျိုးလား...သူမက အပျိုစင်မာရီအဖြစ် လူပြန်ဝင်စားတာများလား...သူမ ယခုလို ကူးပြောင်းလာမိသည်ကိုပင် အလွန် ရှက်မိနေရ၏။
မူရင်းဝတ္ထုသည် မုန့်ရှစ်ရွှမ် နှင့် ကျုံးယို့ယို့ အကြား ခြားနားချက်ကို ပြသရန် ကမောက်ကမအဖြစ်ဆုံး၊ ဇာတ်ဝင်ခန်းတစ်ခုကို ရေးသားခဲ့သည်။သူမတို့ ပထမဆုံးတွေ့သည့် အချိန်မှာ မုန့်ရှစ်ရွှမ်က သူမကို steak စားဖို့ ချိန်းသည့်အချိန်မှာပင်။
မုန့်ရှစ်ရွှမ် သည် အထက်တန်းကျပြီး နူးညံ့သိမ်မွေ့သူဖြစ်သော်လည်း၊ ကျုံးယို့ယို့မှာ ဤကဲ့သို့ တန်ဖိုးကြီး စားသောက်ဆိုင်မျိုးကို တစ်ခါမှ မရောက်ဖူးသူပင်။ သူမ တစ်ခါမှ steak လည်း မစားဖူးပေ။ထို့ကြောင့်၊ ဓားနှင့် ခက်ရင်းကို မကိုင်တတ်၍ steakက ကြမ်းပြင်ပေါ်သို့ ချော်ကျသွားခဲ့သည်။ဤဇာတ်ဝင်ခန်းက သူမကို တမင်သက်သက် လူရယ်စရာဖြစ်အောင် လုပ်ထားခြင်းသာ။
နောက်ပိုင်းမှာ၊ကျုံးယို့ယို့ကို ကျုံးမိသားစုမှ တွေ့ရှိပြီးနောက်၊ ကောင်းကင်နှင့်မြေကြီးကြား ခြားနားချက်သည် ပိုမိုထင်ရှားလာခဲ့သည်။
ကျုံးယို့ယို့သည် မိဘအရင်းတွေက သူမအား ချစ်မည်ဟု မျှော်လင့်မိသော်လည်း၊တစ်ကယ်တမ်းမှာ မိဘများက သူမကို မုန်းတီးနေခဲ့သည်။အဖေကျုံး၊အမေကျုံး သို့မဟုတ် မောင်လေးဖြစ်သူကလည်း သူမထက် မုန့်ရှစ်ရွှမ်ကိုသာ ပိုချစ်ပေးကြသည်။သူမကိုတော့ ရှိသည်ဟုပင် မအောက်မေ့ဘဲ သူစိမ်းတစ်ယောက်လို ပစ်ထားကြလေသည်။
"အရုပ်ကို မုန့်ရှစ်ရွှမ် ပိုင်တယ်...နင်မထိနဲ့...ဒီအရမ်းလှတဲ့ အဝတ်တွေကလည်း မုန့်ရှစ်ရွှမ်ပိုင်တာ...နင့်လက်နဲ့ မထိလိုက်နဲ့..."
"အိမ်က မသန့်ရှင်းရသေးဘူး... လောလောဆယ်တော့ ဧည့်ခန်းထဲမှာ အရင်နေမယ်…အိမ်ထဲဝင်ရင် ဖိနပ်ချွတ်ပြီး နင့်ဘောင်းဘီရှည်ပေါ်ကို ရွှံ့တွေအကုတ်သုတ်ပစ်ခဲ့...ထမင်းစားတဲ့အခါ အသံမထွက်ဘဲ မစားတတ်ဘူးလား"
"ဘာလဲ...နင်လည်း ရှစ်ကျစ်ထန်ကိုကြိုက်သလား...ရှစ်မိသားစုက ကျူံးမိသားစုနဲ့ ငယ်ငယ်ကလေးကတည်းက ရွှေလမ်းငွေလမ်း ဖောက်ခဲ့ကြတာဆိုပေမယ့် မုန့်ရှစ်ရွှမ်က ကျုံးမိသားစုရဲ့ သမီးဖြစ်နေတာလေ...ပြီးတော့ ရှစ်ကျစ်ထန်က မုန့်ရှစ်ရွှမ်နဲ့ အရမ်းနက်နဲတဲ့ဆက်ဆံရေးမျိုးရှိတယ်...ဒီတော့ ရှစ်ကျစ်ထန်ကို နင့်ညီမဆီ ပေးလိုက်...ဘာပဲဖြစ်ဖြစ် သူကမှ နင့်ကိုမကြိုက်တာ"
ထို့အတွက်ကြောင့် သူမသည် မုန့်ရှစ်ရွှမ်ကို မနာလိုမုန်းတီးလာပြီး ရက်စက်ကြမ်းကြုတ်သော အမျိုးသမီး ဗီလိန်ဇာတ်ကောင်များ လုပ်မည့် အရာများကို ဆက်တိုက်လုပ်ခဲ့သည်။
သူမသည် မုန့်ရှစ်ရွှမ်ကို မြေပြင်ပေါ်သို့ ပြင်းထန်စွာတွန်းချခဲ့ပြီး၊မုန့်ရှစ်ရွှမ်၏ အကြိုက်ဆုံးခွက်ကိုလည်း တမင်ခွဲပစ်လိုက်သည်။သို့သော်၊သူမ ထိုသို့လုပ်လိုက်တိုင်း၊သူမနှင့်ကျုံးမိသားစုက တဖြည်းဖြည်းဝေးသထက်ဝေးသွားရလေသည်။တစ်ဖန် ကျုံးမိသားစုဝင်နှင့် စေ့စပ်ထားသူ ရှစ်ကျစ်ထန်ကလည်း သနားစရာ မုန့်ရှစ်ရွှမ်ကိုသာ ပိုချစ်လာခဲ့သည်။
မူလက ဤဝတ္ထုကို တစ်ချိန်လုံး ဇာတ်ဆောင်မင်းသမီး၏ အမြင်ဖြင့် ရေးသားခဲ့ခြင်းဖြစ်ပြီး သာမန်စာဖတ်သူသည် သူ့ကိုယ်သူ မင်းသမီးအဖြစ် အစားထိုးကာ ဖတ်ရှုမည်ဖြစ်သည်။ဒကြောင့် ဒီဇာတ်ပို့မင်းသမီးက တစ်ကယ်ကို စိတ်အနှောက်အယှက် ဖြစ်ရမယ်လို့ ထင်နေကြတာလား... သေလိုက်ကြလေ...
ကျုံးယို့ယို့ နှင့် သူမဟာ နာမည်၊ မျိုးရိုးတူခြင်းကြောင့်လား မသိ၊သူမ ဤဝတ္ထုဖတ်နေရင်း စိတ်ထဲမှာ အလွန်အမင်း အထီးကျန်လာပြီး ဒေါသစိတ်များ ဖြစ်တည်နေရလေသည်။
ဒီမိသားစုက ကိုယ့်ကို ဂရုမစိုက်ရင် သူတို့ကိုလည်း ဂရုစိုက်စရာ မလိုဘူးလေ...ကိုယ့်အတွက်ကိုယ်သာတွေးပြီး လှလှလေးနေနေရတာ ဘယ်လောက်မိုက်လဲ..ဒီလိုမျိုး မိသားစုကို ဘာကြောင့် စွဲလမ်းနေရမလဲ...
မိသားစုထံမှ အာရုံစူးစိုက်မှုခံရပြီး ၊အချစ်မေတ္တာ နည်းနည်းရရှိရန်အတွက် သူမသည် တဖြည်းဖြည်း အကျင့်စာရိတ္တယိုယွင်းလာပြီး ညဘက်တွင် အပြင်ထွက်ခြင်း၊ မူးယစ်ဆေးဝါးများ သုံးစွဲတတ်လာသည်။မိတ်ကပ်ထူထူလိမ်း၍ ကလပ်ကိုညတိုင်းသွားသလို သူမဘဝအား နေချင်သလို နေပစ်တော့သည်။သူမပုံစံက ထောင့်မကျိုးလေလေ၊ကျုံးမိသားစုက သူမကို အရေးမပေးလေပင်။သူတို့က သူမကို မုန့်ရှစ်ရွှမ်နှင့် အရာရာတိုင်းနှိုင်းယှဉ်ကာ ပြစ်တင်ဖို့ ချောင်းနေကြ၏။
ကျုံးယို့ယို့ စိတ်မရှည်တော့ဘဲ ဝတ္ထုကို ကျော်ကာ အမြန်အပြီးဖတ်ပစ်သည်။ထိုအခါ ဝတ္ထု၏ 90% တွင်၊ အဖေကျုံးက မုန့်ရှစ်ရွှမ်နှင့် ကျုံးရှီယို့ထံသို့ အမွေတွေအားလုံးကို ပေးသည်ဟု သေတမ်းစာတစ်စောင် ပေးအပ်ခဲ့သည်ကို တွေ့ရသည်။ သို့သော်လည်း ကျုံးယို့ယို့အတွက် ဘာမှမချန်ထားပေးပေ။
ဤဝတ္ထုကို သူမ တစ်ကယ်မဖတ်ချင်တော့ပေ။ ဇာတ်ဆောင်မင်းသမီးကို လိုက်မကောင်းကြံနေတဲ့ ဇာတ်ပို့မင်းသမီးမှာ sad ending မျိုး ဖြစ်လာမယ်ဆိုတာ သေချာတယ်မလား…ဝတ္ထု၏ နောက်ပိုင်း 20% က ကျုံးယို့ယို့ အနိုင်ကျင့်ခံရတော့မည်မှာ သေချာ၏။ ထို့ကြောင့် သူမသည် ဇာတ်သိမ်းခန်းဆီသို့ အမြန်ဖတ်လိုက်သည်။
သေချာသည်က၊မိသားစုက ပစ်ပယ်လိုက်သည့် ဇာတ်ပို့မင်းသမီးခမျာ စည်းစိမ်ဥစ္စာတွေ အားလုံးကို စွန့်လွှတ်ခဲ့ရပြီး ခွေးလေခွေးလွင့်လို မွဲတေသွားခဲ့သည်။ထို့နောက် လှပပြီး စိတ်ထားကောင်းသူ ဇာတ်ဆောင်မင်းသမီးကတော့ တစ်သက်လုံး ကောင်းကောင်းမွန်မွန် နေသွားရမည်ဖြစ်လေ၏။
“……”
ကျုံးယို့ယို့ လုံးဝဆွံ့အနေရသည်။သူမသည် ဤပြဿနာအားလုံးကို အစပထမကတည်းက လုပ်ခဲ့သော အဘွားကြီး မုန့်ချန်ကိုသာ သတ်ပစ်ချင်ခဲ့သည်။ ဒီလို ခွေးသွေးဝတ္ထုထဲမှာ ရှင့်ဘဝက ဆိုးနေရင်လည်း ဆိုးတဲ့အတိုင်းခံနေလိုက်လေ..ဘာလို့ ကျွန်မကို ဒုက္ခရောက်အောင် လုပ်ရသလဲ...
ကျုံးယို့ယို့သည် ဝတ္ထုကို တစ်ညလုံးဖတ်ကြည့်ခဲ့ရာ၊ အလွန် ပင်ပန်းနွမ်းနယ်နေသဖြင့် စိတ်နှင့်ကိုယ်ပင် မကပ်တော့။နောက်ဆုံး စာအုပ်ကို ချလိုက်တော့ မနက်ငါးနာရီ ထိုးနေပြီဖြစ်သည်။သူမ အလွန်စိတ်မောပန်းပြီး အသိစိတ်တွေ မှုန်ဝါးလာကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။
သူမ နိုးလာချိန်မှာ ဤစာအုပ်ထဲက ဇာတ်ပို့အမျိုးသမီး ဖြစ်လာရပြီး ကူးပြောင်းသွားခဲ့သည်။အကယ်၍ သူမ လက်ထဲတွင်ရှိသော သန်း 90 သာ မရှိပါက၊ပြန်ကူးပြောင်းနိုင်မလားဆိုတာ စောင့်ကြည့်ရန် အခန်းတံခါးထဲသို့ ခေါင်းနှင့်ပစ်တိုက်မိလိမ့်မည်။ မိဘတွေက မချစ်မနှစ်သက်သလို၊ ခါးသီးပြီး ရက်စက်ကြမ်းကြုတ်တဲ့ ဗီလိန်ဇာတ်ပို့ ဘယ်သူက ဖြစ်ချင်မှာတဲ့လဲ...
*
ကျုံးမိသားစုသည် အလွန်ချမ်းသာသည်။သာမာန်လူတွေ စိတ်မကူးနိုင်သည့် ချမ်းသာမှု အဆင့်တစ်ခုကို ပိုင်ဆိုင်ထားတာပင်။သူတို့ပိုင် မြို့လယ်ခေါင်ရှိ ဗီလာတစ်ခုတည်းက သိန်း ၉၀ ကျော် ကုန်ကျထားသည်။ ကျုံးယို့ယို့ လက်ထဲမှာရှိသည့် သန်း 90 ကို အဖေကျုံးက သူမအား ကျုံးမိသားစုဆီ ပြန်ခေါ်လာစဥ်က သူ၏ အားနာစိတ်ကြောင့်၊သို့တည်းမဟုတ် အပြစ်ရှိစိတ်ကြောင့် ပေးခဲ့ခြင်းပင်။
ယခုအချိန်တွင် မူလပိုင်ရှင်သည် လုံးဝ စိတ်အခြေအနေမဆိုးရွားသေးသောကြောင့် ငွေကို လုံးဝမထိရသေးခြင်းပင်။သို့သော်လည်း၊နောက်ထပ် တစ်နှစ်ခွဲအတွင်းမှာ ထိုငွေများကို မူလပိုင်ရှင်သည် ကိုယ်ဝန်ဖျက်ချခြင်း၊အရက်သောက်ခြင်း၊ လောင်းကစားနှင့် မူးယစ်ဆေးများပါ သုံးတာဖြစ်၍ နောက်ဆုံးမှာ ဘာမှရှိတော့မှာမဟုတ်ပေ။ နောက်ခြောက်လအတွင်း အဖြစ်အပျက်များစွာ ဖြစ်ပျက်သွားမည်ဖြစ်သည်။
သူမနှင့်ဇာတ်ဆောင်မင်းသမီး အကြားမှ ပဋိပက္ခတို့ ပိုမိုပြင်းထန်လာကာ၊မင်းသမီးနှင့် စေ့စပ်ထားသူ ရှစ်ကျစ်ထန်တို့၏ စေ့စပ်ပွဲကို အနှောင့်အယှက်ဖြစ်အောင် သူမ ကြိုးစားသွားမည်ဖြစ်သည်။ ထို့ကြောင့် အဖေကျုံးနှင့် အမေကျုံးက သူမကို အပြင်းအထန် ဒေါသထွက်ကာ ကျုံးနေအိမ်မှ နှင်ထုတ်ခဲ့၍ တစ်ယောက်တည်း ထွက်ခွာသွားခဲ့ရသည်။
ထွက်သွားပြီးနောက် သူမကို ဓားပြတစ်ဦးက အကြမ်းဖက်ခဲ့ပြီး သူမဘဝက တစ်ဖန်နစ်မွမ်းသွားရပြန်သည်။သို့ဖြစ်၍၊ကျုံးမိသားစုကလည်း သူမကို ပိုမုန်းလာခဲ့သည်။သိသာထင်ရှားသည်မှာ သူမသည် ကလေးအရင်းဖြစ်သည်၊ သို့သော် သူမက လုံးဝ အသုံးမဝင်တော့သူဖြစ်ကာ ကျုံးမိသားစု၏ ဂုဏ်သိက္ခာကို ထိခိုက်စေသူအဖြစ်သာ အမည်တွင်သွား၏။ ထို့ကြောင့် သူမသည် ကျုံးမိသားစုကို စတင်မုန်းတီးခဲ့ပြီး မကောင်းတာမှန်သမျှ အကုန်လုပ်ခဲ့သည်။
သို့ဖြစ်၍၊ နှစ်ဝက်ကြာပြီးနောက် ဖြစ်လာမည့် စေ့စပ်ပွဲအခမ်းအနားကို ဇာတ်ပို့ မင်းသမီး ကျုံးယို့ယို့၏ ကြေကွဲဖွယ်ကံကြမ္မာအတွက် တရားဝင်ဖွင့်ပွဲအဖြစ် မှတ်ယူနိုင်ပါသည်။
ယခု…
ကျုံးယို့ယို့သည် အိမ်သာက ယခုမှ ပြန်လာခဲ့သည်။သူမသည် ညအိပ်ဂါဝန်ပွပွကြီးကို ဝတ်ဆင်ထားပြီး ညာလက်မှာ ပတ်တီးတစ်ခု ပတ်ထားသည်။ဘယ်ဘက်လက်တွင်လည်း ပြွန်အပ်တစ်ခုက သူမ၏ အရေပြားပေါ်မှာ ထင်းနေသော ခရမ်းစိမ်းရောင် သွေးကြောတစ်ခုကို ထိုးစိုက်ထားသည်။ သူမ၏ ကိုယ်လုံးမှာ အတော်ပိန်သေးလှသလို၊အရိုးပေါ်အရေတင်ဖြစ်နေကာ အာဟာရချို့တဲ့ပုံပေါက်နေ၏။
ထို့အပြင် သူမ၏ ကိုယ်လုံး၊မျက်နှာနှင့်မလိုက်ဖက်စွာပင် နိုက်ကလပ်ရှိ အပျော်မယ်တစ်ယောက်လိုမျိုး၊မိတ်ကပ်အထူကြီး လိမ်းထားတာကြောင့် ကြောက်မက်ဖွယ်ကောင်းသည့်ပုံပေါက်သည်။ သူမ၏ဆံပင်ကိုလည်း အရောင်အမျိုးမျိုးဖြင့် စပ်ပြီးဆိုးထားသည်။သို့သော်၊ကံကောင်းစွာပင် သူမ လမ်းဆုံးအထိ ပျက်စီးခြင်းမရှိသေးချေ။
*