Chapter 2
Timelineအရ လက်ရှိကာလသည် အထက်တန်း တတိယနှစ် ဖြစ်နိုင်သည်။မူလပိုင်ရှင်သည် အိမ်က သူမအား ဂရုမစိုက်သဖြင့်၊ လူဆိုးဂိုဏ်းဝင်များနှင့် တွဲခုတ်ကာ အလွန်ဆိုးသွမ်းနေပြီဖြစ်သည်။လွန်ခဲ့သည့်ရက်အနည်းငယ်က မုန့်ရှစ်ရွှမ်သည် ကျောင်းအ၀င်ဝတွင် မူလပိုင်ရှင်ကို စောင့်ဆိုင်းနေသည့် လူဆိုးဂိုဏ်းအုပ်စုကို တွေ့လိုက်ရသည်။ ထို့နောက် သူမက မူလပိုင်ရှင်ကို စာကြိုးစားသင်ရန်နှင့် မကောင်းသော လူအုပ်စုနှင့် မရောနှောရန် ပြောခဲ့သည်။
ရလဒ်အနေနှင့် ထိုလူဆိုးများက မုန့်ရှစ်ရွှမ်ကို တွန်းလှဲလိုက်ကြသည်။ပိန်ပိန်သေးသေး မုန့်ရှစ်ရွှမ်ခမျာ မြေပြင်ပေါ်လဲကျကာ လက်ကောက်ဝတ်ကလည်း လိမ်ချိုးသလို ဖြစ်သွားရ၏။ သူမ၏ မောင်လေးဖြစ်သူ ကျုံးရှစ်ယို့ စိုးရိမ်တကြီးဖြင့် အမြန်ပြေးလာကာ သူမကို ထူမ,ပြီး ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။
ဆေးရုံမသွားခင် ကျုံးရှီယို့သည် ကျုံးယို့ယို့ကို ဒေါသနှင့် ရွံရှာစိတ်များ ပြည့်နှက်နေသည့် မျက်လုံးများနှင့် စိုက်ကြည့်နေခဲ့လေ၏။
ထိုအကြည့်တစ်ချက်ဖြင့်၊ ကျုံးယို့ယို့၏နှလုံးသားတစ်ခုလုံး သွေးစိမ်းရှင်ရှင် ကျခဲ့ရ၏။
သူမအိမ်ပြန်လာပြီးနောက် အမေကျုံးသည် အမြဲတမ်း ရွံရှာသလိုလိုအကြည့်မျိုးသာ ကြည့်ခဲ့သည်။အဖေကျုံးကမူ သူမကို ပေးစရာရှိလျှင် ပေးကမ်းတတ်သော်လည်း၊ကျန်တာ လုံးဝ ဂရုမစိုက်ပေးချေ။ မောင်ဖြစ်သူ ကျုံးရှီယို့သည်လည်း သူမကို သဘောမတွေ့ကြောင်း ရှင်းရှင်းလင်းလင်း မြင်နေရသည်။
ဤသုံးနှစ်အတွင်း ကျုံးရှီယို့သည် သူမကို အစ်မတစ်ယောက်အဖြစ် အသိအမှတ် ပြုမည်ဟု သူမ ထင်ခဲ့သေးသည်။သို့ရာတွင်၊မုန့်ရှစ်ရွှမ် တစ်ခါကလေးလဲကျသွားရုံဖြင့် သူမတို့ မောင်နှမကြားက အပြန်အလှန်ချစ်ကြည်ရင်းနှီးမှုလေးကို အမြစ်မှ ဆွဲနုတ်သလို ဖြစ်သွားခဲ့သည်။
မုန့်ရှစ်ရွှမ် နေကောင်းနေသော်လည်း၊ အမေကျုံးက အိမ်ပြန်ရောက်လာချိန်မှာ၊သမီးဖြစ်သူ၏ ဒဏ်ရာရထားသော လက်နီနီကို ကြည့်ပြီး အလွန်စိတ်မကောင်းဖြစ်ရသည်။ထို့နောက် သူမသည် ကျုံးယို့ယို့ကို ပြင်းထန်စွာ ပါးရိုက်ပြီး၊ ကိုယ့်ကိုယ်ကို တွေးတောဆင်ခြင်နိုင်ရန် ထမင်းစားခွင့်ပင်မပြုဘဲ အခန်းထဲတွင် သော့ခတ်ပိတ်ထားခဲ့သည်။
နောက်ဆုံးတော့ သူမဟာ သူတို့၏သမီးအရင်းဖြစ်သည်။အဖေကျုံး နှင့် အမေကျုံးက သူမကို နှိပ်စက်ကလူ မပြုကြသော်လည်း၊ အစေခံများသည် အရိပ်အခြည်ကို သဘောပေါက်လာကြ၏။သူမသည် ဤမိသားစုတွင် မလိုအပ်ကြောင်း သိထားပြီဖြစ်၍၊ သူမအား လူတစ်ယောက်လို မဆက်ဆံဘဲ စားကြွင်းစားကျန်များသာ တမင်တကာ ကျွေးခဲ့သည်။
မူလပိုင်ရှင်က နွားရိုင်းတစ်ကောင်လို ဒေါသကြီးသူဖြစ်၍၊ဘေးနားက ထမင်းပန်းကန်ကို နံရံဆီပစ်ပေါက်လိုက်သည်။ အမေကျုံး အမြန်လာကြည့်သောအခါ ၊သူမက ကွဲသွားသော ကြွေထည်တစ်စကို ကောက်ယူပြီး သူမ၏ ညာဘက်လက်မောင်းကို ဖြတ်ပစ်လိုက်သည်။
"လက်မောင်းမှာ ဒဏ်ရာသေးသေးလေးပဲ ရတာမဟုတ်လား၊ ကျွန်မ သူမကို ပြန်ပေးမယ်…ရပြီလား"
သူမကိုယ်သူမ နာကျင်အောင် လုပ်ခြင်းဖြင့် မိဘအရင်းတွေက သူမကို နည်းနည်း ပိုဂရုစိုက်လိမ့်မည်ဟု ထင်ခဲ့မိသည်။သူမ တစ်ကယ့်ကို နုံချာပြီး ရယ်စရာကောင်းလှ၏။
.
အမေကျုံး ခဏတာထိတ်လန့်သွားခဲ့သော်လည်း သူမကို ဆေးရုံသို့ ခေါ်ဆောင်သွားသောအခါတွင်၊စိုးရိမ်မနေဘဲ စိတ်ကုန်ပြီး စိတ်မရှည်ပုံသာ ပေါက်နေသည်။
လွန်ခဲ့သည့်ရက်အနည်းငယ်က သူမဆေးရုံကုတင်ပေါ်တွင် လဲလျောင်းနေခိုက်၊ အစေခံများသည် တစ်နေ့လျှင် ထမင်းသုံးနပ် ယူလာပေးသော်လည်း ကျုံးမိသားစုဝင်များကတော့ လာရောက်ခြင်းမရှိပေ။မုန့်ရှစ်ရွှမ်ကသာ တစ်ခေါက်ရောက်လာခဲ့၏။မုန့်ရှစ်ရွှမ်က သူမကို စူးစူးဝါးဝါး ငေးကြည့်ရင်း မနှစ်မြို့စွာ ပြောသည်။
"ငါတို့ ကောင်းကောင်းနေကြဖို့ နင် မကြိုးစားနိုင်ဘူးလား" ဆိုသော စကားနှင့် တစ်ခြား ထိုကဲ့သို့သော ပေါ့ပြက်ပြက်ဆုံးမစကားများ...
အားလုံးကို ပြန်သတိရပြီးနောက် ကျုံးယို့ယို့ မူလပိုင်ရှင်ကို ဒေါသထွက်မိသည်။တစ်ချိန်တည်းမှာပဲ မူလပိုင်ရှင်၏ ရူးနှမ်းနှမ်းစိတ်ကိုလည်း စိတ်ကုန်မိသည်။
သူမမှာ ပိုက်ဆံတွေ အများကြီးရှိပါလျက်...စေ့စပ်ထားသူ၊ရက်စက်ယုတ်မာသည့်အဖေ၊ ယုတ်မာသည့်အမေနဲ့ မောင်ဖြစ်သူကို ဘာလို့ အတင်းအရောဝင်ဖို့ ကြိုးစားနေတာလဲ...ဘာလို့ ဇာတ်ဆောင်မင်းသမီးနဲ့လည်း ရန်ဖြစ်ချင်ရသလဲ...
သူမ ဘဏ်ကတ်ကို သေသေချာချာ ဖတ်ကြည့်လိုက်ပြီး စောင်ထဲမှာ မျက်နှာအပ်ကာ အကျယ်ကြီး အော်ဟစ်ချင်နေမိသည်။ ဒါက သန်း 90 ပဲ... သူမသည် ယခင်ဘဝက မိဘမဲ့တစ်ဦးဖြစ်ပြီး ကျောင်းတက်နေစဉ် အချိန်ပိုင်းအလုပ်များစွာလုပ်ခဲ့ရသည်။ သူမသည် ရူပဗေဒဆိုင်ရာ ပြိုင်ပွဲများနှင့် ပညာသင်ဆုများကို အားကိုးကာ ကောလိပ်မှဘွဲ့မရမီ ခက်ခဲသောနေ့ရက်များတွင် ရှင်သန်ခဲ့ရသည်။ သူမဘဝမှာ ဒီလောက် ပိုက်ဆံအများကြီး မတွေ့ဖူးသေးပေ။
ယွမ်သန်း 90 ဖြင့်၊သူမစားနေကျ အမဲသားခေါက်ဆွဲပြုတ်ထဲသို့ လိုက်ပွဲ(အပို)အမဲသားများ စိတ်ကြိုက်ထည့်နိုင်သည်။ထို့အပြင် သူမအကြိုက် ပန်ကိတ်ချောင်းမှာလည်း ကြက်ဥနှစ်လုံးထည့်နိုင်သည်ဟု ဆိုလိုသည်။သူမ ထိုအရာကို တွေးကြည့်ရုံနှင့် ဝမ်းသာပျော်မြူးလာကာ အိပ်ယာပေါ် မှာ သုံးလေးပတ်ပစ်လှိမ့်ချင်မိသည်။
သူမ ဤအကြောင်းကို ကြိုတွေးနေရင်း အခန်းတံခါးက ရုတ်တရက် ပွင့်လာသည်။တံခါးကို တွန်းဖွင့်လိုက်သည်မှာ အလွန်လျင်မြန်ပြီး အလျင်စလိုနိုင်သော်လည်း သူမ နိုးသွားမှာ ကြောက်သလို ပေါ့ပါးညင်သာသည်။
အထဲကို ပြေးဝင်လာသူမှာ ဆယ့်ခုနစ်နှစ်အရွယ် ချောမောသော ကောင်လေးတစ်ယောက်ဖြစ်ပြီး ကျုံးယို့ယို့နှင့် အလွန်ပင်ရုပ်ရည်တူသည်။ယခုအချိန်တွင် အမြဲတမ်း အေးစက်ပြီး စိတ်မရှည်သော သူ့မျက်နှာသည် စိုးရိမ်ပူပန်မှုများဖြင့် စွန်းထင်းနေသည်။သူက ကုတင်ဘေးသို့ လျှောက်လာသော်လည်း အနားမကပ်ရဲသေး။ အဝေးမှာရပ်လိုက်ပြီး အမှားလုပ်မိသည့် ကလေးတစ်ယောက်လို သူ့အင်္ကျီအနားစကို လုံးချေနေလေသည်။
ကျုံးယို့ယို့သည် ကျုံးမိသားစုဝင်များ သူမဆီ လာလည်ဖို့ လုံးဝမမျှော်လင့်ထားတာကြောင့် ကြောက်လန့်တကြားနှင့် မျက်လုံးကို အမြန်မှိတ်လိုက်သည်။ကံကောင်းထောက်မစွာ၊ သူမကို သူက သတိထားမိပုံမရ။
နင် ဒီကို ဘာလာလုပ်တာလဲ...ငါ့ကို ထပ်ပြီး ရွဲ့စောင်းပြောဖို့လား...
သူမကို အဆက်မပြတ် စိုက်ကြည့်နေသည့် အကြည့်စူးစူးကို ခံစားလိုက်ရပြီး သူမ ဦးရေပြားမှာ ထုံကျင်သွားရသည်။
ကျုံးရှီယို့သည် ဆေးရုံကုတင်ပေါ်မှ သူ့အစ်မကို တစ်ကြိမ်မျှ မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေသည်။ တဖြည်းဖြည်းနှင့် သူ့မျက်လုံးတွေ နီရဲလာရ၏။သူ နောက်တစ်ကြိမ် မွေးဖွားလာလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားပေ။အဖေကျုံးက သူ့သေတမ်းစာကို ပေးသည့်နေ့တွင်...ကျုံးမိသားစုဝင် လေးယောက်နှင့် ကျုံးယို့ယို့တို့ အမြန်လမ်းပေါ်တွင် ကားစီးလာခဲ့သည်။သူတို့ကားနှင့် ထရပ်ကား တိုက်မိသည့်အခါ ကျုံးရှီယို့ ကားပေါ်မှ ပြုတ်ကျပြီး၊အူတွေထွက်လာတော့မလို၊အသည်းနှလုံးတွေ ပြုတ်ထွက်သွားမလိုခံစားလိုက်ရ၏။
မကြာမီ သူ့တစ်ကိုယ်လုံး နာကျင်ကိုက်ခဲလာကာ နဖူးတွင် သွေးများစွန်းထင်းလာ၏။မှုန်ဝါးသော မြင်ကွင်းတစ်ခုလုံးတွင် သူ အမုန်းတီးဆုံးသော အစ်မအရင်းမှာ မိသားစုဝင်များအား ကယ်တင်ရန် အသဲအသန်အတင်းပြေးလာနေ၏။ထို့နောက် သူနှင့် သူ့မိဘများကို ကားပေါ်မှ ခက်ခက်ခဲခဲ ဆွဲထုတ်ကာ လမ်းဘေးသို့ ဆွဲခေါ်ပေးခဲ့သည်။သို့သော် သူမကတော့ ကားပေါက်ကွဲမှုကြောင့် သွေးချင်းချင်းနီလျက်နှင့် မီးလောင်သေဆုံးခဲ့သည်။ မိသားစုက လွတ်မြောက်ခဲ့သော်လည်း၊သူမ တစ်ယောက်တည်းသာ သေခဲ့ခြင်းပင်။
တစ်ချိန်တည်းမှာပင် ကျုံးရှီယို့သည် သူတို့အထဲတွင် ဒဏ်ရာအနည်းဆုံးဖြစ်သည့် မုန့်ရှစ်ရွှမ်ကိုမြင်ခဲ့သည်။ငယ်စဉ်ကတည်းက အကြောက်ကြီးပြီး အားနည်းသော အစ်မဖြစ်သူသည် ခရီးသည်ထိုင်ခုံတွင် ထိုင်နေလျက်ရှိသည်။ကားတံခါးမှာလည်း ပွင့်နေသော်ငြား သူမကတော့ ကြောက်လန့်တကြား ထွက်ပြေးသွားခဲ့သည်။သူမသည် သတ္တိနည်းသူမှန်း သူ သိသော်လည်း ယခုအချိန်မှာ သူ့စိတ်တွေ အေးခဲသွားခဲ့၏။
ကျုံးယို့ယို့က သူတို့ကို ကယ်ခဲ့တယ်၊ ဒါပေမယ့် သူတို့မိသားစုက သူ့ကို ဘယ်လို ဆက်ဆံခဲ့လဲ... ဥပေက္ခာ၊ပြုခြင်း၊ စက်ဆုပ်ခြင်း၊ စိတ်မရှည်ခြင်း၊ ငြီးငွေ့ခြင်း၊မုန်းတီးခြင်း...
ကျုံးရှီယို့ သူလုပ်ခဲ့တာတွေကို တွေးလိုက်တိုင်း သူ့မှာ အပြစ်ရှိသလိုခံစားရကာ ဝမ်းလည်းနည်းမိသည်။ အထူးသဖြင့် ယခု နွမ်းနယ်ဖျော့ဖျော့သူမ၏ မျက်နှာလေးကို ကြည့်လိုက်ရင်း သနားလာမိသည်။
ဒုတိယအစ်မ သူတို့အိမ်ထဲကို စဝင်လာတုန်းက အရိုးပေါ်အရေတင်သည်အထိ ပိန်လှီနေခဲ့သည်။သူမသည် လွန်ခဲ့သော ရက်အနည်းငယ်ကတည်းက၊ အိပ်ရာပေါ်တွင် လဲနေခဲ့ပြီး အစေခံများကလည်း အစားကောင်းစွာ မကျွေးတာကြောင့် အရင်ကထက် ပို၍ ပိန်လှီလာသလိုပင်။သူမ၏ ညာလက်ရှိ ပတ်တီးပါးပါးမှာ သွေးများစိုနေတာကြောင့် ထိုနေ့က လက်ကဒဏ်ရာမှာအတော်နက်ဟန်တူသည်။
ကျုံးရှီယို့ ရုတ်တရက် သူ့နှလုံးသားကို အကြိမ်ပေါင်းများစွာ ဓားဖြင့်ထိုးသတ်ခံရသလို ခံစားလိုက်ရသည်။
ထိုနေ့တွင် ကျောင်းတံခါးဝ၌ မုန့်ရှစ်ရွှမ်ကို သူ ခေါ်သွားစဥ်က၊သူ ဒုတိယအစ်မကို အပြင်းအထန် စူးစူးစိုက်စိုက် ကြည့်နေမိခဲ့သည်။ထိုအချိန်က ဒုတိယအစ်မ မျက်လုံးထဲမှာ မယုံနိုင်စရာကောင်းသော ခံစားချက်များရှိနေတာကို တွေ့ရ၏။ သူမ၏ နောက်ဆုံးအသက်ကယ် ကောက်ရိုးမျှင်ကလေးကို တစ်ယောက်ယောက်က သက်သက်မဲ့ ဖြတ်တောက်လိုက်သလိုမျိုး၊ ထိတ်လန့်ခြင်း၊ ကူကယ်ရာမဲ့ခြင်းနှင့် နာကျင်ခြင်းတို့ သူမ မျက်ဝန်းထဲမှာ ထင်ဟပ်လျက်ရှိသည်။သို့သော် သူကတော့ သူမကို လျစ်လျူရှုခဲ့သည်။ဤသည်က တစ်ကြိမ်တည်းလည်းမဟုတ်၊တစ်ချိန်က သူမ စိတ်တွေပြိုလဲနေပြီး အသိစိတ်မကပ်နေချိန်မှာ...သူမ ကိုယ်ဝန်ဖျက်ချရန်အတွက် ဆေးရုံတက်စဥ်ကလည်း သူမကို စိတ်ပျက်လက်ပျက် မျက်လုံးများဖြင့် ကြည့်နေခဲ့ဖူးလေသည်။ ထို့နောက် သူသည် သူမကို အကြိမ်ပေါင်းများစွာ လျစ်လျူရှုခဲ့မိလေသည်။
ကျုံးရှီယို့ နောက်ထပ် မတွေးဝံ့တော့ပေ။ဤအကြောင်းကို များများတွေးလေလေ၊သူ အသက်ရှူမဝသလို ခံစားရလေလေပင်။တဖြည်းဖြည်း သူ့အကြည့်က ကျုံးယို့ယို့ အိပ်ရာဘေးရှိ ပန်းကန်ပြားပေါ်မှ အေးနေပြီဖြစ်ကာ ဘာမှမတို့မထိရသေးသော အဖြူရောင် ဂျုံယာဂုပန်းကန်လုံးပေါ် ရောက်သွားသည်။ ဒါကို ဘယ်သူက စားနိုင်မတဲ့လဲ... ဘယ်သူမဆို မျိုချရခက်လိမ့်မယ်ထင်တယ်...အားနည်းနေဆဲ လူနာတစ်ဦးဖြစ်သည့် ဒုတိယအစ်မဆို ပို၍မြိုမကျဖြစ်လိမ့်မည်။
ကျုံးမိသားစု၏ အစေခံများသည် အတွင်းဇာတ်လမ်းကို မသိခဲ့ကြပေ။ကျုံးမိသားစုထံ ရုတ်တရက်ရောက်လာသောကလေး ကျုံးယို့ယို့သည် တရားမ၀င်ကလေးဖြစ်သည်ဟု သူတို့အားလုံးထင်နေကြသောကြောင့် သူမအား အထင်အမြင်သေးကြခြင်းဖြစ်နိုင်သည်။သူမအတွက် ထားပေးသော စားကြွင်းစားကျန် အအေးများသည် ရိုးရိုးသာမန် လူမမာစာဖြစ်သည်။ယခင်ဘဝတုန်းကလည်း သူ သိသိလျက်နှင့် ဂရုမစိုက်ဘဲနေခဲ့ဖူးသည်။သို့သော် ယခုအချိန်တွင် ဖော်မပြနိုင်သော ဒေါသစိတ်တို့ သူ့နှလုံးသားအတွင်းမှ ရုတ်တရက် ထွက်ပေါ်လာကာ ချက်ချင်း အခန်းထဲမှ ထွက်လာခဲ့သည်။
မနက်အစောကြီးကတည်းက စားဖိုမှူးဝမ်၊ အိမ်အကူကျန်းနှင့် ချက်ပြုတ်ရေးရာပိုင်း တာဝန်ယူသော အခြားအစေခံနှစ်ဦးတို့သည် နံနက်စာပြင်ဆင်ပြီးဖြစ်သည်။သူတို့သည် သခင်လေးနှင့် သခင်မလေးတို့ ထလာမည့်အချိန်ကို စောင့်မျှော်နေကြသည်။မစ္စကျုံးသည် မစ္စတာကျုံးနှင့် လွန်ခဲ့သော နှစ်ရက်က နိုင်ငံခြားတွင် ရှိနေခဲ့သည်။သူတို့ပြန်မလာသသော်ငြား၊ မနက်စာကိုလည်း လစ်လျူမရှုဝံ့ဘဲ ပုံမှန်အတိုင်း ဟင်းအမယ်များများစားစား ချက်နေရသေးသည်။ ပေါင်မုန့်၊ ဆူရှီ၊ steak၊ ပြောင်းဖူးစွပ်ပြုတ်၊ အားလုံး ရမည်စုံလင်နေသည်။အကြီးဆုံး သခင်မလေးနှင့် သခင်လေး သဘောကျမည်မှာ သေချာသည်။
သို့သော် သခင်လေးသည် သူ့အခန်းထဲမှ ထွက်လာခြင်းမဟုတ်ဘဲ အပြင်လူ ကျုံးယို့ယို့၏ အခန်းထဲမှ ဒေါသတကြီး ထွက်လာတာကို သူတို့တွေ့ရလေသည်။
ကျုံးရှီယို့သည် ဤမိသားစုတွင် အကြင်နာတတ်ဆုံးသူဖြစ်သည်။ယခုမူ စိတ်မရှည်ခြင်းနှင့် ဒေါသတို့က သူ့မျက်နှာမှာအထင်းသား ပေါ်လျက်ရှိ၏။ ခါတိုင်းဆို၊သူက ဒေါသထွက်နေရင်တောင် ဒေါသကို ဘယ်တော့မှ အပြင်ထုတ်တတ်သးမဟုတ်။
ဒါကဘာကြောင့်ဖြစ်နိုင်သလဲ...
အိမ်အကူကျန်းက ကျုံးရှီယို့ အတွက် ထိုင်ခုံဆွဲထုတ်ပေးရင်း...
"သခင်လေး... ဘာဖြစ်နေတာလဲ၊ ဒီမိန်းကလေးက သခင်လေးကို ထပ်ပြီး စိတ်ဆိုး အောင် လုပ်ပြန်ပြီလား...ကဲပါ သူမကို ဂရုစိုက်နေစရာ မလိုပါဘူး...သခင်ကြီးတို့ ပြန်လာတဲ့အခါ ပြောပြလိုက်ပါ"
သူမ၏စကားက တောက်နေသော မီးထဲသို့ လောင်စာထည့်လိုက်သလိုမျိုးပင်။
"ခင်ဗျားက ဒီလိုပဲ လူတွေကို မကောင်းမြင်တတ်တာလား"
ကျုံးရှီယို့ အလွန်ဒေါသ ထွက်နေကာ လှောင်ပြုံးပြုံးလိုက်သည်။
ထိုအခါ အိမ်အကူကျန်းနှင့် အခြာအစေခံများ အားလုံး တုန်တုန်ယင်ယင်ဖြစ်နေကြပြီး ကျုံးရှီယို့ စကားကို နားမလည်ခဲ့ကြပေ။သူက ကျုံးယို့ယို့ ကို အမြဲတမ်း အေးစက်ပြီး လျစ်လျူရှုခဲ့တာ မဟုတ်ဘူးလား...
"သူမက ဘာများလုပ်လို့ပါလဲသခင်လေး"
"သူမက ကျွန်တော့် အစ်မအရင်းပဲ...သူမကိုလည်း ကျုံးမိသားစုဝင်တစ်ယောက်လို လေးလေးစားစား ဆက်ဆံပါ၊ ခင်ဗျား ဒီလိုလုပ်မယ်ဆို အလုပ်ဆက်လုပ်စရာ မလိုတော့ဘူး အထုပ်အပိုးပြင်ပြီး အခုချက်ချင်း ထွက်သွား"
ထိုစကားများကို ပြောပြီးသည့်တိုင် ကျုံးရှီယို့ ဒေါသမပြေလည်သေးဘဲ၊သူ့နှလုံးသားက အဆက်မပြတ် တဒိန်းဒိန်းခုန်နေသည်။သူက စားပွဲပေါ်ရှိ ပေါများလှသော နံနက်စာတို့ကို တစ်ချက်ကြည့်လိုက်ပြီး အစေခံများ၏ အံ့သြထိတ်လန့်သော မျက်လုံးများကို လစ်လျူရှုလိုက်သည်။ ထို့နောက် အရံဟင်း ပန်းကန်နှစ်မျိုးကို ယူပြီးနောက် ပြန်ချလိုက်မိသည်။သူ့မျက်ခုံးမွှေးတွေက တဖြည်းဖြည်း ကျုံ့သွားရသည်။ မဟုတ်သေးဘူး...သူက ဒုတိယအစ်မရဲ့ အကြိုက်ကို လုံးဝမသိပါလား..
မုန့်ရှစ်ရွှမ် အကြိုက်ကို သူသိသည်။မွေးနေ့တိုင်းမှာတောင် သူက မုန့်ရှစ်ရွှမ် အတွက် စပါယ်ရှယ်ချယ်ရီကိတ်မုန့် ပြင်ထားပေးသော်လည်း သူ့ဒုတိယအစ်မအကြောင်း ဘာမှမသိပေ။ဒုတိယအစ်မသည် အိမ်တွင် နှစ်ပေါင်းများစွာနေထိုင်ခဲ့သော်လည်း ချောင်ထိုးခံထားရကာ၊မိသားစုမှ လုံးဝစွန့်ပစ်ခံခဲ့ရသည်။
ကျုံးရှီယို့ အသက်ပြင်းပြင်းရှူကာ ဆီမများသော ဟင်းရွက်ကြော်နှစ်ပန်းကန်နှင့် ဂျုံယာဂုပူပူနွေးနွေးပန်းကန်ကို ယူပြီး ကျုံးယို့ယို့၏ အခန်းဆီသို့ လျှောက်သွားလိုက်သည်။ကံကောင်းထောက်မစွာ၊ သူ့အတွက် အခွင့်ကောင်းရှိနေသေးသည်။ဤဘဝမှာ ဒုတိယအကြီးဆုံးအစ်မ၏ အကြိုက်ကို သူ ဖြည်းဖြည်းချင်း သိနိုင်သေးသည်။သူမသည် အဖျားပြင်းခဲ့ရာမှ ပြန်လည်ကောင်းမွန်လာသောကြောင့် ဆားများများနှင့် အဆီများလွန်းသော ဟင်းလျာများကို မစားခြင်းက အကောင်းဆုံးဖြစ်သည်။ဗိုက်ထဲမှာ ပေါ့ပါးပြီးအစာကြေလွယ်သည့် ဂျုံယာဂုကို စားသင့်၏။အရေးကြီးဆုံးအချက်မှာ နေရထိုင်ရ နွေးထွေးစေစေရန်အတွက် အစားအစာတို့က ပူနွေးနေရန် လိုအပ်သည်။ထိုသို့တွေးရင်း သူ ခေါင်းကို အေးစက်စွာ တစ်ဖက်လှည့်လိုက်ပြီး ပြောသည်။
"ဒုတိယအစ်မရဲ့ အခန်းထဲက ယာဂုက အေးသွားပြီ၊ သွားဖယ်ထုတ်လိုက်"
အိမ်အကူကျန်း နှင့် အစေခံများသည် အံ့သြဖွယ်ကောင်းသော သတ္တဝါတစ်ကောင်ကို ကြည့်နေသလိုမျိုး သူ့ကို ကြည့်နေကြသည်။တစ်ဆက်တည်း သူတို့ ထိတ်လန့်တုန်လှုပ်သွားကြသည်။ သခင်လေး တစ်ခုခုကြောင့် ဦးနှောက်မကောင်းတော့တာလား...ဒါမှမဟုတ် ကျုံးယို့ယို့က သူ့ကို မှော်ဆေးတစ်မျိုးမျိုးတိုက်သလား မသိသော်လည်း၊သူသည် တခြားလူတစ်ယောက်လိုရုတ်တရက် ပြောင်းလဲသွားသည်။
အိမ်အကူကျန်းက ပထမဆုံး တုံ့ပြန်သူပင်။သူမက ချက်ချင်း ကျုံးရှီယို့ ရှေ့မှဖြတ်ကာ ဧည့်ခန်းထဲသ်ို့ အမြန်ပြေးပြီး ကျုံးယို့ယို့ အိပ်ယာဘေးမှ အေးနေသည့် ယာဂုကို ယူလာခဲ့၏။တံခါးမပိတ်ခင်မှာ သခင်လေး ဘာလုပ်ချင်သလဲဆိုတာကို သူမ ဖျတ်ခနဲ တစ်ချက်ကြည့်လိုက်သည်။သခင်လေးက ကျုံးယို့ယို့ကို ကြင်နာစွာ ကြည့်နေသည်ကို တွေ့လိုက်ရလျှင် သူမ လက်ထဲက ပန်းကန်ကို အလိုလို ဆုပ်ကိုင်လျက်သား ဖြစ်သွားသည်။
*
သူမအခန်းထဲမှာ တစ်ယောက်ပြီးတစ်ယောက် ဝင်လိုက်ထွက်လိုက် လုပ်နေကြ၍၊ ကျုံးယို့ယို့ ဆက်ပြီးအိပ်ပျော်ဟန်ဆောင်လို့မရတော့။
ရိုးရိုးသားသားပြောရလျှင် သူမ ဝတ္ထုကိုဖတ်နေချိန်တွင် ကျုံးမိသားစု၊ အထူးသဖြင့် အလွန်အမင်း ဘက်လိုက်သော အမေကျုံးအား မနှစ်မြို့စိတ်ဖြစ်ခဲ့ရသည်။သားသမီးများကို တန်းတူရည်တူ မဆက်ဆံနိုင်လျှင် ရသေးသည်။ သူမ ဘာမှမပြောလို။
သို့သော် မူလပိုင်ရှင် ဤအိမ်ထဲသို့ ပထမဆုံးဝင်ရောက်သောအခါက၊သူမ၏ ချစ်လှစွာသောသမီးဖြစ်သူ မုန့်ရှစ်ရွှမ် အချစ်လျော့မှာ၊လျစ်လျုရှုခံရမှာစိုး၍ မူလပိုင်ရှင်အား ပြန်ပို့ရန် အဖေကျုံးကို သွားပြောခဲ့သည်။ မူလပိုင်ရှင် ဤအိမ်သို့မပြန်မလာခင် အပြင်မှာ ဘယ်လို နေထိုင်ခဲ့ရတယ်ဆိုတာ သူမ မသိဘူးလား...
ကျုံးရှီယို့ကတော့ အသက်ဆယ့်ခုနစ်နှစ်အရွယ်သာရှိသေးသည်။ မသိတတ်သေးသည့် အရွယ်ဖြစ်၍ မူလပိုင်ရှင်ကို လျစ်လျူရှုထားသည်။ မုန့်ရှစ်ရွှမ်ကိုသာကာကွယ်ပေးခဲ့ပြီး မူလပိုင်ရှင် ထိခိုက်အောင် အလွန်အကျွံ ဘာမှမလုပ်ခဲ့ပေ။
သို့သော်လည်း ကျုံးယို့ယို့သည် သူနှင့် အလွန်အကျွံ မရောချင်သေးပေ။ဒါကလည်း သူ ဖြစ်ချင်တာ အတိအကျပဲ မဟုတ်လား...
သို့သော်၊ယနေ့မနက်မှာ ကျုံးရှီယို့ တစ်ယောက် ပုံစံပြောင်းသွားမည်ဟု ကျုံးယို့ယို့ မမျှော်လင့်ထားခဲ့ပေ။ တံခါးအပြင်ဘက်တွင် သူပြောသည့်စကားကို သူမ ကြားလိုက်ရပြီး စိတ်ထဲတွင် အလွန်ထူးဆန်းသည့် ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။ဒါတွေအားလုံးက ဘာကြောင့်လဲ....သူမ မျက်လုံးဖွင့်ပြီး ကျုံးရှီယို့ကို ကြည့်လိုက်သည်။
ကျုံးရှီယို့သည် ယာဂုပူပူနှင့် အရံဟင်းလျာများကို သူမ ကုတင်ဘေးရှိ စားပွဲပေါ်တင်ကာ ကုလားထိုင်ကို ကုတင်ဘေးသို့ ချကာ ထိုင်လိုက်သည်။ ဆူညံသံတွေကြောင့်လားမသိ၊သူ မနှိုးရဘဲ ဒုတိယအစ်မ နိုးလာသည်။ သူ့စိတ်ထဲ ပျော်နေပြီး အလိုလိုစကားပြောချင်နေရသော်လည်း၊ဒုတိယအစ်မထံမှ အေးစက်၍ လျစ်လျူရှု ထားသော မျက်လုံးကို တွေ့ရ၏။
သူမ မျက်လုံးထဲတွင် နွေးထွေးမှုတစ်စုံတစ်ရာမရှိဘဲ သူစိမ်းကိုကြည့်နေသလိုမျိုး စိတ်ခံစားမှုကင်းမဲ့နေသည်။
“……”
ကျုံးရှီယို့၏ နှလုံးသားမှာ ရုတ်တရက် နာကျင်လာရသည်။ ဒုတိယအစ်မသည် ဤမိသားစုဝင်များနှင့်၊ ပေါင်းစည်းရန် ကြိုးကြိုးစားစားလုပ်ဆောင်နေပြီး သူနှင့်စကားစမြည်ပြောဆိုရန်အတွက်လည်း ယခင်က များစွာကြိုးပမ်းခဲ့သူပင်။သို့သော်၊ ဒီတစ်ကြိမ်မှာတော့ ဒုတိယအစ်မ၏ မျက်လုံးများက တစ်မျိုးပြောင်းနေသည်။မျှော်လင့်ထားသည့်အတိုင်း သူမ မျှော်လင့်ချက် ပျောက်ဆုံးသွားပြီလား…သူမ စိတ်ဓာတ်ကျနေတာလား...မဟုတ်ရင် ဘာကြောင့် ဒီလို ထူးဆန်းတဲ့ အကြည့်မျိုး ကြည့်ရပါလိမ့်...
ကျုံးယို့ယို့ ထထိုင်လိုက်ရာ သူမ၏ ညာလက် ဒဏ်ရာမှ သွေးအနည်းငယ် ထွက်လာရသည်။ထိုအခါ ကျုံးရှီယို့သည် သူ့ရင်ထဲက ဝမ်းနည်းမှုကို ဂရုမစိုက်ဘဲ သူမ ထထိုင်ဖို့ ကူညီပေးခဲ့သည်။ သို့သော်၊သူ ဒုတိယအစ်မကို မထိခင်မှာ သူမက လက်ကို ဝှေ့ယမ်းရင်း တားလိုက်၏။
ကျုံးရှီယို့၏လက်က လေထုထဲတွင် ရပ်သွားကာ ခက်ခက်ခဲခဲ ဖြစ်လာသော အပြုံးကလည်း အနည်းငယ် ခါးသီးလာသည်။သို့ရာတွင်၊သူ ကျုံးယို့ယို့ကို အပြစ်မတင်မိဘဲ သူ့ကိုယ်သူ ဝမ်းနည်းနေမိကာ အပြစ်ရှိသလို ခံစားနေရသည်။
"ဒုတိယအစ်မ... ဗိုက်ဆာနေလား ဗိုက်ပြည့်အောင် နည်းနည်းစားမလား"
သူသည် ယာဂုကို ဇွန်းဖြင့်ခပ်ကာ အေးသွားအောင် မှုတ်လိုက်သည်။