အပိုင်း ၃
Viewers 10k

Chapter 3




ကျုံးယို့ယို့သည် သူမကို မုန်းနေသောမောင်လေးမှာ ဘာကြောင့် ဤမျှပြောင်းလဲသွားသည်ကို အတိအကျ မခန့်မှန်းနိုင်သေးပေ။ယခုလည်း သူမ ပါးစပ်နားသို့ရောက်လာသော ယာဂုဇွန်းကို မစားဘဲ တစ်ဖက်လှည့်လိုက်သည်။  သူမသည် မိဘမဲ့တစ်ဦးဖြစ်ပြီး သူများက ယာဂုကျွေးရန်နေနေသာသာ၊ဘယ်သူနှင့်မှ တရင်းတနှီးမနေခဲ့ဖူး။ထို့ကြောင့် သူများခွံ့ကျွေးတာကို မစားချင်၊မစားတတ်ဟုပြောလျှင် ပိုမှန်သည်။ ထို့အပြင်၊ သူမသည် ကျုံးရှီယို့ကို သိပ်ကြည့်မရသေးပေ။


ကျုံးရှီယို့ လုံးဝအေးခဲသွားပြီး၊ သူ့ခန္ဓာကိုယ်သည် ကျောက်တုံးတစ်ခုလို ဖြစ်နေသည်။ သူ့ဒုတိယအစ်မ၏ ဘေးတိုက်မျက်နှာကို သူကြည့်လိုက်သည်။သူမကိုယ်တိုင်ပင် သူမ မျက်နှာကလေးကို ကြည့်ရဆိုးအောင် ပြင်ဆင်ထားခြင်းပင်။သူမ မျက်နှာပေါ်ကို မိတ်ကပ်တစ်ဘူးလုံး ကော်သုတ်ထားသလို ထူပိန်းနေကာ ဆံပင်ကလည်း လိမ်ကောက်ရှုပ်ပွနေ‌၏။ သူ ထိုသို့သော မိန်းကလေးများကို ကြည့်မရတတ်သောကြောင့် သူ၏ဒုတိယအစ်မကို ပို၍ပင် စက်ဆုပ်မုန်းတီးသွားခဲ့မိခြင်းဖြစ်သည်။


သို့သော်လည်း၊ သူမွေးဖွားပြီးနောက်မှာဒုတိယအစ်မ၏ စရိုက်က ထင်သလို ပျက်ဆီးနေခြင်း မဟုတ်ကြောင်း သူနောက်ဆုံးသိလိုက်ရသည်။သူမသည် မုန့်ရှစ်ရွှမ်လို အဆင့်အတန်းမြင့်မြင့်၊သန့်သန့်ရှင်းရှင်းသာ နေလိုသော်လည်း ကျုံးမိသားစုမှ သူမကို မည်သူမှ ဂရုမစိုက်သောကြောင့် မှားယွင်းသောလမ်းကို လျှောက်လှမ်းမိခဲ့သည်။ နိဂုံးချုပ်အနေနှင့်၊ကျုံးမိသားစု၏ အပြစ်ပင်။သူ့မှာလည်း အပြစ်ရှိသည်။


ကျုံးရှီယို့ ယာဂုဇွန်းကို လေထဲတွင် စက္ကန့်အတော်ကြာ မလှုပ်မယှက် ဆုပ်ကိုင်ထားဆဲပင်။သူမ၏ နှုတ်ခမ်းများသည် ယခုထိ တင်းတင်းစေ့ထားဆဲ။သူ နောက်ဆုံးတွင် ရင်ထဲက နာကျင်မှုကို မထိန်းနိုင်ဘဲ သူ့လက်ကို ပြန်ရုတ်လိုက်သည်။ သူ ဒီမှာဆက်နေလျှင် ဒုတိယအစ်မ ဘာမှစားမှာ မဟုတ်မှန်း သူသိ၏။


"ဒါဆို ကျွန်တော် သွားတော့မယ်....ဒီ​နေ့​ ကျောင်းတက်ရမယ်​"  


ကျုံးရှီယို့ တံခါးဖွင့်ရင်း ကျုံးယို့ယို့ကို ပြုံးပြကာ တိုးတိုးလေးပြောလိုက်သည်။


"များများစားဖို့ မမေ့နဲ့နော်...ကျွန်တော် ကျောင်းဆင်းရင် လာတွေ့ဦးမယ်... အဖေနဲ့အမေက နိုင်ငံခြားကို ထွက်သွားတာ မကြာခင် ပြန်လာမယ်…မနက်ဖြန် အိမ်ပြန်ရောက်ကြမယ်ထင်တယ်"


သူ့အရင်ဘဝက ကျုံးယို့ယို့ကို တစ်ခါမှ မပြုံးပြဖူးပေ။ထို့ကြောင့် ယခုသူ့အပြုံးက အနည်းငယ် အချိုးမကျဖြစ်နေမှာသေချာသည်။ဒုတိယအစ်မက သူ့ကို ကြည့်နေသော်လည်း တုံ့ပြန်ခြင်းမပြုသေးဘဲ လှဲအိပ်လိုက်ပြန်သည်။ကျုံးရှီယို့ စိတ်ထဲမှ ခါးသက်သော ခံစားချက်ကို ထိန်းထားပြီး တံခါးပိတ်ရင်း ယနေ့ ကျောင်းဆင်းသည်နှင့် စောစောပြန်လာဖို့ တွေးနေမိသည်။ သူသည် အထက်တန်းဒုတိယနှစ်တက်နေပြီး တတိယနှစ်ကျောင်းသူ မုန့်ရှစ်ရွှမ်နှင့်အတူ လာကြိုမည့် ဒရိုင်ဘာကို စောင့်နေရလေ့ရှိသည်။ သို့သော် ယနေ့ သူ မုန့်ရှစ်ရွှမ်ကို မစောင့်တော့ဘဲ သူ့ဒုတိယအစ်မနှင့် နာရီဝက်လောက် အချိန်ပိုဖြုန်းခွင့်ရရန် ဆုံးဖြတ်လိုက်သည်။


သူ တစ်ဖက်လှည့်ကြည့်လိုက်ရာ ကျောင်းလွယ်အိတ်လွယ်ကာ အခန်းထဲမှ ထွက်လာသည့် မုန့်ရှစ်ရွှမ်ကို တွေ့လိုက်ရ၏။ ထုံးစံအတိုင်း မုန့်ရှစ်ရွှမ် နူးညံ့စွာ ပြုံးနေလေသည်။ကျောင်းဝတ်စုံ ကုတ်အင်္ကျီအောက်တွင်၊သူမ ကိုယ်လုံးကလေးနှင့်လွန်စွာပနံရနေသည့် မီးခိုးရောင် သိုးမွေးဝတ်စုံဝတ်ထားသည်။သူမ၏အသားအရည်သည် နှင်းခဲလိုမျိုး ဖွေးဥပြီး ဘဲငန်းမလေးလို ကြော့ရှင်းနေကာ အနည်းငယ် မာနထောင်လွှားသည့် သဘောမျိုးလည်းရှိ၏။ 


တစ်ကယ်တမ်းလည်း၊မုန့်ရှစ်ရွှမ်သည် ငယ်စဉ်ကတည်းက အလိုလိုက်ခံထားရသော ကျုံးမိသားစု၏ မင်းသမီးဖြစ်သည်။ ကျုံးရှီယို့သည် သူမနှင့် အလွန်ကောင်းမွန်သော ဆက်ဆံရေးရှိခဲ့သည်။သူမသည် အလွန်လှပပြီးထူးချွန်သည်။ မိန်းကလေးဆိုသည်မှာ မုန့်ရှစ်ရွှမ်နှင့် တူသင့်သည်ဟု သူ အမြဲယုံကြည်ထားသောကြောင့် သူတောင်းစားလေးလို ညစ်တီးညစ်ပတ်နှင့် အိမ်ထဲ ရောက်လာသော ဒုတိယအစ်မကို သူ ကြည့်မရခဲ့ခြင်းပင်။


သို့သော်၊ အခု သူ မုန့်ရှစ်ရွှမ်ကို ကြည့်လိုက်ရင်း စိတ်ထဲမနှစ်မြို့စိတ်တို့ ဖြစ်နေရသည်။ သူမ ရရှိထားသမျှအရာအားလုံးသည် တခြားသူ၏ ရပိုင်ခွင့်များပင် ဖြစ်သည်။သူမ ဝတ်ထားသော ချစ်စရာကောင်းသည့် အဝတ်အစားများနှင့်၊ နားကပ်လှလှလေးတွေကလည်း ဒုတိယအစ်မ၏ ပစ္စည်းများပင်။သူမ ပိုင်သော ပစ္စည်းများမှာ ကျုံးမိသားစုမှ ပေးထားခြင်းဖြစ်သော်လည်း၊ နောက်ဆုံးမှာတော့ ကားမတော်တဆမှုတွင် သူရဲဘောကြောင်စွာ ကိုယ်လွတ်ရုန်းသွားခဲ့၏။  

အကယ်၍ ဒုတိယအစ်မသည် ကျုံးမိသားစုတွင်ကြီးပြင်းခဲ့ပြီး ထိုအခက်အခဲများကို မခံစားခဲ့ရပါက သူမသည် မုန့်ရှစ်ရွှမ်ထက် ပိုလှမှာ သေချာသည်။တွေးနေရင်း ကျုံးရှီယို့ စိတ်ထဲမှာ ဖော်မပြနိုင်သည့် ခံစားချက်တို့ ရောထွေးနေ၏။


မုန့်ရှစ်ရွှမ်ကတော့ ထိုအရာကို လုံးဝ မသိလိုက်ပေ။


"ဘာကိစ္စရှိလို့လဲ ရှီယို့...နင့်ကြည့်ရတာတစ်မျိုးပဲ...ဘာလို့ ယို့ယို့ အခန်းထဲက ထွက်လာတာလဲ"


ကျုံးရှီယို့သည် ကျုံးယို့ယို့ကို မုန်းတီးသည်ဟု သူမ ထင်၍ မေးလိုက်ခြင်းသာ။ယခင်ကဆို သူက ကျုံးယို့ယို့ကို ကြည့်ဖို့ပင် လုံးဝ မစဉ်းစားခဲ့ပေ။


 "ဘာမှမဟုတ်ပါဘူး" 


ကျုံးရှီယို့၏ အမြဲတစေနူးညံ့နေတတ်သော မျက်နှာထားသည် ယခုအချိန်တွင် အနည်းငယ် အေးခဲနေပုံပေါ်သည်။ သူက သူမကို မစောင့်ဘဲ ဗီလာထဲကနေ ထွက်သွားခဲ့သည်။


သူ ထိုအကြောင်းကို ပိုတွေးလေလေ မုန့်ရှစ်ရွှမ်ကို ခွင့်မလွှတ်နိုင်လေလေဖြစ်သည်။ ကျုံးယို့ယို့သည် ကားပေါက်ကွဲမှုမှ လူမှန်းမသိလောက်အောင် မီးလောင်ကျွမ်းပြီး သေဆုံးသွားသောအခါ၊ သွေးစကားပြောသလားမသိ သူလည်းပဲ ဆေးရုံတက်နေရင်း ပူလောင်သောဝေဒနာကို ပြင်းထန်စွာခံစားခဲ့ရသည်။ သူသာ ဒီလောက်နာကျင်နေရရင် မီးလောင်ပြာကျခဲ့တဲ့ ကျုံးယို့ယိုဆို ဘယ်လောက်တောင် နာကျင်နေမလဲ... အသက်ရှင်သွားခဲ့တဲ့ မုန့်ရှစ်ရွှမ် ဘယ်လို အသက်ဆက်ရှင်မလဲ... ပိုင်ဆိုင်မှု ဘီလီယံပေါင်းများစွာကို အမွေဆက်ခံပြီး ကံကောင်းတဲ့ မင်းသမီးလေးအဖြစ် ဆက်လက်ရှင်သန်နေမှာလား...


*


မုန့်ရှစ်ရွှမ် မျက်ခုံးများစုကြုံ့သွားရသည်။သူမ ထိုအကြောင်းကို လေးလေးနက်နက် မတွေးထားသော်လည်း သူမ မျက်နှာတွင် မနှစ်မြို့ဖွယ် အရိပ်အယောင်တစ်ခု ရှိနေရသည်။သူမ ကျုံးယို့ယို့၏အခန်းကို ဖြတ်ကျော်သွားချိန်မှာ၊စိတ်ရှုပ်ထွေးစွာဖြင့် အခန်းထဲကို လှမ်းကြည့်လိုက်သည်။


ထိုမောင်နှမ ထွက်သွားပြီးနောက် ကျုံးယို့ယို့ ဘာမှမလုပ်ဘဲ ငြိမ်ပြီးထိုင်နေခဲ့သည်။သူမ မျက်နှာပေါ်က မိတ်ကပ်ထူထူတွေက သိပ်အဆင်မပြေသည့်အတွက် ချက်ချင်းပင် မျက်နှာသစ်ချင်လာရ၏။


 မူလပိုင်ရှင်ကလည်း ဘာတွေတွေးနေမှန်းမသိတော့။မိတ်ကပ်ဖောင်ဒေးရှင်းကို မျက်နှာတစ်ပြင်လုံး အထူကြီး လိမ်းထားသည်။ထို့ကြောင့် ပုလင်းထဲက မိတ်ကပ်ဖျက်ဆေး အားလုံးနီးပါးကို ဖျက်ချပြီး မိတ်ကပ်ပျက်စေရန်၊ မျက်နှာကို ပြင်းပြင်းထန်ထန် ပွတ်တိုက်ရပါသည်။ယခုမှ သူမလည်း ပိုလန်းဆန်းလာသလို ခံစားရ၏။ 


ကျုံးယို့ယို့ သက်ပြင်းချပြီး ခေါင်းကိုမော့လိုက်ကာ မှန်သေချာကြည့်မိလျှင်၊ မျက်လုံးများ ရုတ်တရက် ပြူးကျယ်လာပြီး အချိန်အကြာကြီး စကားပင် မပြောနိုင်လောက်အောင် အံ့အားသင့်သွားခဲ့သည်။ မူရင်းဝတ္ထုထဲက အရေးပါသည့် ဇာတ်ကောင်တွေ အားလုံးက ရုပ်ချောကြသူများပင်။ဇာတ်လမ်းတစ်လျှောက်လုံးတွင် ရက်စက်ကြမ်းကြုတ်သော ဗီလိန်ဇာတ်ကောင်ဖြစ်သူ ကျုံးယို့ယို့သည်လည်း ဇာတ်ဆောင် မင်းသမီးနှင့် အလှချင်း ပြိုင်၍ရနေသည်။ဝတ္ထု၏ description မှာလည်း ဇာတ်ပို့မင်းသမီးကို...


 "လှပတင့်တယ်သော မျက်နှာ၊ ညှို့အားပြင်းသော မျက်လုံးများနှင့် ဆွဲဆောင်မှုရှိသော ရောင်ဝါတို့ရှိသူ"ဟူ၍ ဖော်ပြထား၏။ ၎င်းဂုဏ်ပုဒ်တို့သည် မြင့်မြတ်သော၊ ဖြူစင်ကြော့ရှင်းပြီး ရိုးသားသော မုန့်ရှစ်ရွှမ်၏စရိုက်တို့နှင့် လုံးဝခြားနားသည်။  သူမ ဘယ်လောက်လှလဲဆိုတာ ပြောတောင် မပြောတတ်တော့ဘူး ..ချောလိုက်တာ...


ကျုံးယို့ယို့ အံ့အားသင့်သွားမိကာ သူမ မျက်နှာကို မှန်ထဲမှာကြည့်ရင်း ပွတ်သပ်ကြည့်မိသည်။ခဏကြာလျှင် သူမ မျက်နှာက နီရဲလာရ၏။  သူမသည် မှန်ထဲတွင် ချစ်စရာကောင်းပြီး အတော်လှနေတာကြောင့် မှန်ထဲကပုံရိပ်ကိုပင် နမ်းချင်စိတ်ဖြစ်မိသည်။


 မူလပိုင်ရှင်က သူ့ကိုယ်သူ နိုက်ကလပ်မယ်တစ်ယောက်လိုဖြစ်အောင် smoky မိတ်ကပ်ကို ပုံမှန်လိမ်းခဲ့တာ ဘာအကြောင်းကြောင့်လဲ...မူလပိုင်ရှင် စိတ်ဓာတ်ကျနေလို့လား… သူမကြည့်ရတာ ကိုယ့်မျက်နှာကို မလှစေချင်တာလား...စိတ္တဇဖြစ်နေတာလား... ဒါမှမဟုတ် အဖေကျုံး နဲ့ အမေကျုံးကို တမင်ရွဲ့ချင်တာလား...ထိုအတွေးက ဖြစ်နိုင်၏။သူမ အနေအထိုင်အပြောအဆို၊အပြုအမူတို့ ပိုဆိုးလာလေလေ အဖေကျုံး နှင့် အမေကျုံး က သူမကို ပိုအာရုံစိုက်လာလေလေဟု သူမ တွေးခဲ့ခြင်းဖြစ်နိုင်သည်။


ထို့နောက် ကျုံးယို့ယို့ မျက်နှာကို ခြောက်အောင်သုတ်လိုက်သည်။ယခုမှပင် သူမပုံစံက ကြည်လင်သန့်ရှင်းပြီး  ပိုဆွဲဆောင်မှုရှိသည်ကို မြင်လိုက်ရသဖြင့် သူမ ညအိပ်ဝတ်စုံကိုချွတ်ကာ ကျောင်းဝတ်စုံလဲလိုက်သည်။


မူလပိုင်ရှင်သည် မကူးပြောင်းခင် သုံးရက်လောက် ကျောင်းမတက်ခဲ့ပေ။ယခုတော့ သူမ ဒဏ်ရာက လုံးဝနီးပါး သက်သာသွားပြီဖြစ်သည်။ 


သူမ ကျောင်းမတက်ချင်ရတဲ့ အကြောင်းရင်းရှိနေတာလား…


ကျုံးမိသားစု၏ အစေခံများသည် သူမအား မထီလေးစားပြုကာ နိုင်ထက်စီးနင်းလုပ်ကြ၍ သူမ တစ်ယောက်တည်းနေပြီး သူတို့နှင့်ရင်မဆိုင်ရဲပေ။ 

 

သူမ၏ ညာလက်မောင်း ဒဏ်ရာမှာ နာကျင်နေဆဲဖြစ်သောကြောင့် မျက်နှာက ရှုံ့တွနေရသည့်ကြားမှပင် အင်္ကျီကို ဂရုတစိုက်ဝတ်ရသည်။ထိုစဉ် သူမသည် မူလပိုင်ရှင်ကို မလှောင်ပြောင်ဘဲ မနေနိုင်တော့။ ကံမကောင်းတဲ့ ကလေးမ,ပါလား...ကိုယ့်ကိုကိုယ် ထိခိုက်နစ်နာအောင်လုပ်ဖို့တောင် သတ္တိရှိတယ်ပေါ့...ဝတ္ထုထဲမှာ နင် ကံဆိုးမိုးမှောင်ကျပြီး အသေဆိုးနဲ့သေရတာတော့ သနားပါရဲ့...ဒါပေမယ့် ဘယ်သူကမှ နင့်ကို မစာနာပေးကြပါလား…


မကြာမီ၊ မူလပိုင်ရှင်၏ဗီရိုကိုဖွင့်ပြီးနောက် ကျုံးယို့ယို့ အံ့အားသင့်သွားပြန်သည်။


 ဒီလို အမိုက်စားအင်္ကျီအဝတ်အစားတွေနဲ့ ဗီရိုတစ်ခုလုံး ပြည့်နေပါလား...ကြည့်စမ်း ကျားသစ်ကွက်သားရေဘောင်းဘီကြီး...နင့်ကြည့်ရတာ အရမ်းကြောက်စရာကောင်းတဲ့ ဗီလိန်ဇာတ်ပို့ဇာတ်ရုပ်ကို အဆုံးထိ လုပ်ဖို့ တကယ် စိတ်ပိုင်းဖြတ်ထားခဲ့တာပါလား...ဒါကြောင့်လည်း နင် အပြင်ထွက်တိုင်း နင့်မျက်နှာလှလှလေးကို ဘယ်သူမှ သိပ်မကြည့်ကြတာပေါ့...ဘာကြောင့်လဲဆိုတော့ သူတို့ နင့်မျက်နှာလေးကို မကြည့်ခင် ၊နင့်ရဲ့ ကြောင်တောင်တောင်နဲ့ အဆင့်အတန်းမရှိတဲ့ အဝတ်အစားကြောင့် ချက်ချင်းကြောက်လန့်သွားလို့ပဲလေ...


သူမသည် ခပ်ဟော့ဟော့ ကိုယ်ကျပ် သားရေဘောင်းဘီကို လက်နှစ်ချောင်းဖြင့် ညှပ်ကိုင်ကာ ချက်ချင်း အမှိုက်ပုံးထဲသို့ တည့်တည့်ပစ်ချလိုက်သည်။သူမ ဤဘောင်းဘီကို ဆက်ပြီးမကြည့်နိုင်တော့ပေ။ဤအဝတ်အစားတွေက သူမ စိတ်ကြိုက်မဟုတ်သလို၊  ရောင်စုံဆံနွယ်တွေကိုလည်း မြင်ပြင်းကပ်နေရပြီ။ထို့ကြောင့် သူမ ကျောင်းမသွားခင် ဆံပင်အရင်ညှပ်ဖို့ ဆုံးဖြတ်လိုက်သည်။


သူမ ကျောင်းလွယ်အိတ်ကို ကိုင်ပြီး အခန်းထဲမှ ထွက်လာသောအခါ၊ အိမ်အကူကျန်းနှင့် အစေခံအနည်းငယ်တို့သည် ဧည့်ခန်းကို သန့်ရှင်းရေးလုပ်နေကြသည်။သူမ လှေကားမှဆင်းလာသည်ကိုမြင်လျှင် သူတို့ လုံးလုံးအံ့သြသွားကြသည်။ မဟုတ်သေး၊ ထိတ်လန့်စရာမဟုတ်ပေ။ လုံးဝမယုံနိုင်စရာ မြင်ကွင်းကိုတွေ့ရခြင်းပင်။


အိမ်အကူကျန်းသည် ဗီလာတံခါးကို တစ်ချက်မော့ကြည့်လိုက်ရာ မိန်းကလေးတစ်ယောက်ကို တွေ့ရလေသည်။သူမလည်း ထင်ရှားကျော်ကြားသော မိသားစုမှလာသည့် သခင်မလေး မုန့်ရှစ်ရွှမ်၏ သူငယ်ချင်းတစ်ယောက်ဟု ထင်လိုက်၏။ သို့သော် ထိုသို့မဟုတ်ပေ။သရဲတစ္ဆေလို အမြဲတစေ၊ ပုန်ကန်ပြီး ရိုင်းစိုင်းတတ်သည့် ဒုတိယမြောက် သခင်မလေး ကျုံးယို့ယို့ ကျောင်းဝတ်စုံကို သေသေချာချာလေး ဝတ်ဆင်ထားခြင်းပင်။


အိမ်အကူကျန်းသည် အသက် လေးဆယ်ကျော် ရှိပြီဖြစ်ပြီး တစ်သက်လုံး အိမ်ထိန်းအဖြစ် လုပ်ကိုင်ခဲ့သည်။သူမသည် ပညာအရည်အချင်းနိမ့်ပါးပြီး အလွန်ရှေးရိုးဆန်သူလည်းဖြစ်၏။  ကျုံးယို့ယို့၏ ရိုးတွင်းခြင်ဆီအတွင်းမှ ထွက်လာသည့် ခေါင်းမာစိတ်ကြောင့် သူမ ကျုံးယို့ယို့ ကို မုန်းတီးခဲ့သည်။ ဤမိန်းကလေးသည် ကြောက်မက်ဖွယ်ကောင်းသည်အထိ ရိုင်းစိုင်းပြီး အလွန်မနှစ်မြို့စရာ ကောင်းသူဖြစ်သည်။


ယခုမူ ကျုံးယို့ယို့သည် မိတ်ကပ်ထူထူကြီးကို ဖျက်ပစ်လာကာ  ကျောင်းဝတ်စုံမှ ကြယ်သီးများကိုလည်း လည်ပင်းအထိ သေချာတပ်ထားသည်။ထို့ကြောင့် သူမက တစ်ခြားကျောင်းသူတစ်ယောက်လို ရုပ်ပြောင်းလျက်ရှိ၏။ 

 

နောက်ပြီး အဲဒီမျက်နှာ…

ကိုယ့်မျက်စိအောက်မှာရှိပြီး အချိန်အတော်ကြာ စောင့်ကြည့်ဖူးသော ပန်းအိုးထဲက ပန်းပွင့်သည် ပထမဆုံးအကြိမ်မြင်ဖူးသော တောရိုင်းပန်းကဲ့သို့ တောက်ပခြင်းမရှိချေ။ တံခါးနားရှိ သက်တော်စောင့်နှစ်ယောက်သည် မုန့်ရှစ်ရွှမ်၏ ဖြူစင်ပြီး မြင့်မြတ်သော ပုံစံကို မြင်ဖူးနေကျပင်။သို့ရာတွင်၊မိတ်ကပ်ဖျက်ထား၍ innocent ဖြစ်ပြီး သန့်ရှင်းသပ်ရပ်သည့် သူမ မျက်နှာကြည်ကြည်ကလေးကို ရုတ်တရက်မြင်လိုက်ရလျှင်၊ မိုးကြိုးက မြေပြင်ကို ပစ်သွားသလို မျက်စိကျိန်းလောက်အောင်ပင် လှပနေမှန်း တွေ့ရ၏။ သူမ မျက်နှာကလေးမှာ လုံးဝကို ရင်သပ်ရှုမောဖွယ် ဖြစ်နေသည်။


ကျုံးယို့ယို့သည် မူရင်းပိုင်ရှင်ကို လှောင်ပြောင်စကားဆိုခဲ့သည်။ မူလပိုင်ရှင်၏ ကောက်ကွေးသည့် သဘောထားမှာ ဤလူများကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ အဖေကျုံး နှင့် အမေကျုံး ၏ အဖက်မလုပ်ခြင်း၊ ကျုံးရှီယို့ ၏ မထီမဲ့မြင်ပြုမှု၊ နှင့် ရှစ်ကျစ်ထန်၏ ဥပေက္ခာတရားတို့သည် အဓိက အကြောင်းရင်းများပင်။သူတို့က သူမကို တစ်နေကုန် အပြစ်မရှိအပြစ်ရှာ၍ စေ့စေ့စပ်သပ်ကြည့်ကာ "သူမက မုန့်ရှစ်ရွှမ်လို စိတ်ထားမကောင်းဘူး" ဟူ၍ ပြောမဆုံးကြသည်ကလည်း အကြောင်းပြချက်တစ်ခုပင်။


 သူမ ကျောင်းဝတ်စုံကို သပ်သပ်ရပ်ရပ်ဝတ်ကာ ဗီလာထဲမှ ထွက်သွားရင်း ကျန်းမားကို လှမ်းကြည့်ကာ ပြောလိုက်၏။


 "ဒရိုင်ဘာက ဘယ်မှာလဲ"


ကျုံးမိသားစုတွင် ဒရိုင်ဘာနှစ်ဦးရှိသည်။ တစ်ယောက်က အဖေကျုံး နှင့် အမေကျုံး၏အလုပ်ကိစ္စအတွက် မောင်းပေးရပြီး နောက်တစ်ယောက်ကတော့ ကျုံးရှီယို့ နှင့် မုန့်ရှစ်ရွှမ် ကို ကျောင်းပို့လိုက်ရုံပင်။ယခု ကားဂိုဒေါင်ထဲတွင် ကားအလွတ်တစ်စင်းရှိပြီး ဒရိုင်ဘာက မရှိပေ။ 


ထို့အပြင် သူမသည် ကျောင်းသို့ ဘတ်စ်ကားစီးသွားရန် အိမ်မှ လမ်းလျှောက်ပြီး ထွက်လေ့ရှိသည်။  သူမ ကျောင်းသွားတိုင်း ဒရိုင်ဘာနှင့် သိပ်မသွားရဖူးပေ။အကြောင်းမှာ ဒရိုင်ဘာက သူမကို အမြင်မကြည်သဖြင့် ဘယ်တော့မှ မစောင့်တတ်ပေ။ 


'ဒီနေ့ သူမ ဘာဖြစ်နေတာလဲ...သူမရဲ့ စိတ်နေစိတ်ထားက ဒီနေ့မှ ဘာလို့ သိသိသာသာ ပြောင်းလဲသွားတာလဲ...'


အိမ်အကူကျန်း အံ့သြသွားပြီး  စိတ်ထဲမှ ရေရွတ်ကာ...ပြောလိုက်၏။


"ဒုတိယသခင်မလေး ဘယ်သွားမလို့လဲ"


ကျုံးယို့ယို့က အေးစက်စွာပြောသည်။ "ကျွန်မ ဘယ်ကိုပဲ သွားသွား ရှင်က ဘာလို့ မေးနေတာလဲ..ကျွန််မ အပြင်သွားချင်တယ်...ဒါနဲ့ ယာဉ်မောင်းက ဘယ်မှာလဲ"


ကျုံးယို့ယို့ အရင်က သူတို့ကို ဒီလို စကားမျိုး မပြောရဲပေ။သူမသည် ယခင်က ပုန်ကန်ထကြွသူဖြစ်ခဲ့သော်လည်း အတွင်းစိတ်က အနည်းငယ် အားငယ်တတ်သူပင်။သူမသည် ဤမိသားစုတွင်နေခိုက်၊အတွင်းစိတ်ကို မမြင်ရအောင် ဆူးများဖြင့် ဖုံးအုပ်ထားခြင်းဖြစ်သည်။သို့ဖြစ်၍၊ယခု သူမက လေသံနှင့် သဘောထားက တခြားလူတစ်ယောက်အဖြစ် ပြောင်းလဲသွားသလိုပင်။


အိမ်အကူကျန်း နှင့် အခြားအစေခံများစွာတို့ ခဏတာ အံ့အားသင့်သွားကြသည်။


ထိုအခါ အစေခံတွေက ဘာမှ တုံ့ပြန်မှုမရှိသဖြင့် သူမ မျက်မှောင်ကြုတ်ပြီး 


" နားမကြားဘူးလား၊ဒရိုင်ဘာကို မြန်မြန်ခေါ်လိုက်...ကျွန်မ အပြင်ထွက်ချင်တယ်"


သူမ၏ အထိန်းအကွပ်မဲ့စွာ ကျယ်လောင်သော လေသံထဲတွင် အမိန့်ပေးဟန်တစ်ချို့ အရိပ်အမြွက်ပါနေသည်။ မူလပိုင်ရှင်က အတော်လေး နုံအသည်။သူမ ဤအိမ်ထဲကို ဝင်လာကတည်းက သူမကိုယ်သူမ ဒုတိယ သခင်လေးအဖြစ် မှတ်ယူသင့်သည်။သို့သော် သူမကတော့ သခင်မလေးလို ကိုယ့်ကိုယ်ကို သဘောမထားဘဲ၊သိမ်ငယ်အားငယ်စိတ်တို့သာ တခြားသူများရှေ့မှာ ထုတ်ပြခဲ့၏။အမြဲကျောင်းသို့ လမ်းလျှောက်သွားကာ ညစာ စားပွဲမှာလည်း ထောင့်နေရာမှာသာ အသာကုပ်ထိုင်တတ်သည်။ဒီလိုလုပ်ပုံနဲ့ ဘယ်သူက သူမကို လူလိုဆက်ဆံပါ့မလဲ... 


အိမ်အကူကျန်း ထိတ်လန့်တုန်လှုပ်နေမိသော်လည်း သူမ ဒေါသစိတ်က ခေါင်းထဲ တိုးဝင်လာရသည်။ဤကလေးမလေးက သူမကိုယ်သူမ ကျုံးမိသားစု၏ ဒုတိယမြောက် ယသခင်မလေဟု ထင်နေပုံရသည်။သို့သော်လည်း၊သူမ ပြန်ပြောခါနီးမှာ၊ မနက်စောစောက သခင်လေးသည် ရူးသွပ်သွားပုံရပြီး သူမအား ကောင်းကောင်း ဆက်ဆံခဲ့သည်ကို သတိရလိုက်မိ၏။ထို့ကြောင့် သူမ ချက်ချင်း ရန်ပြန်မထောင်သင့်မှန်းတွေးကာ ဒေါသကို ဖြိုခွင်းလိုက်သည်။ သူမအံကြိတ်ကာ ပြောလိုက်သည်


“ကျွန်မ သူ့ကို ချက်ခြင်း ခေါ်လိုက်ပါ့မယ်”


ထိုအခါကျုံးယို့ယို့က ဟင်းကနဲ တစ်ချက်သာပြောပြီး ဘာမှမပြောတော့ချေ။


 *


သို့နှင့်၊ သူမကိုယ်တိုင် လမ်းလျှောက်စရာမလိုဘဲ ဆံပင်ညှပ်ဆိုင်သို့ လွယ်ကူစွာ ရောက်ရှိလာခဲ့သည်။သူမ အလွန်စိတ်လှုပ်ရှားနေရပြီး အလိုလိုပြုံးမိနေရ၏။ကားသမားကို ထွက်သွားခိုင်းပြီးနောက် သူမ လိမ္မော်ရနံ့ရလာသည်။ထိုအခါ အနီးနားတွင် အကောင်းစားသစ်သီးဆိုင်တစ်ဆိုင်ရှိသဖြင့် သူမ မဝင်ဘဲမနေနိုင်တော့။


 လိမ္မော်သီးသည် ဗီတာမင်စီပါဝင်မှု မြင့်မားကာ ချိုချိုချဥ်ချဉ်အရသာရှိသည်။ ၎င်းတို့သည် သူမအနှစ်သက်ဆုံး အသီးဖြစ်သော်လည်း သူမတွင် ပိုက်ဆံမရှိစဥ်က၊ လိမ္မော်သီးတစ်လုံးဝယ်ရန်ပင် စိတ်ပူခဲ့ရသည်။ယခုမူ သူမမှာ သန်း 90 ရှိနေသည်။သူမ ဝမ်းသာပီတိမဖြစ်ဘဲ မနေနိုင်။ သန်း 90...သူမ နည်းနည်းစုထားလျှင်တောင် ဒီတစ်သက်တော့ သုံးကုန်နိုင်မှာမဟုတ်။


 သူမ အလိုလိုပင် ရှင်းလင်းရေး အရောင်းဧရိယာသို့ လျှောက်သွားပြီး နှစ်လုံး ရွေးလိုက်၏။ သူမ ဘာလို့ ဒီလောက်ချမ်းသာနေတာတောင် ကပ်စေးနည်းနေမိတာလဲ..


 "ကြည့်ရတာ ငါက ဆင်းရဲရတာကို တစ်ကယ်ကျင့်သား ရနေတာပဲ"  


ကျုံးယို့ယို့ ကိုယ့်ကိုယ်ကို လှောင်ပြောင်ရင်း လတ်ဆတ်သည့် အပိုင်းဘက်သို့ လျှောက်သွားခဲ့သည်။လတ်ဆတ်သည့်အပိုင်းက စောစောက အလုံးများနှင့်မတူ။လိမ္မော်သီးများသည် ကြီးမားလုံးဝိုင်းနေပြီး တောက်ပနေ၍ အရသာရှိပုံရသည်။


မဟုတ်ဘူး ဟိုမှာ နိုင်ငံခြားက တင်သွင်းလာတဲ့ အသီးတွေ ရှိတာပဲ…

သူမ အလွန်ဝမ်းသာသွားပြီး နိုင်ငံခြားမှတင်သွင်းသည့်နေရာသို့သွားကာ အိတ်ကိုဖွင့်၍ လိမ္မော်သီးများကို သိမ်းကြုံးထည်ပစ်မိ၏။ — ဟုတ်တယ်၊ ပစ်လိုက်စမ်း...ဘောလုံးလိုမျိုး ပစ်ပေါက်ကစားလိုက်စမ်း....ချိုမြိန်ပြီး ချဉ်သော လိမ္မော်ရနံ့သင်းသင်းတို့သည် သူမပတ်ဝန်းကျင်တစ်ခုလုံးကို ခြုံလွှမ်းထားကာ သူမ စိတ်ကို ပျော်ရွှင်စေလေတော့သည်။ 

 

ကျုံးယို့ယို့ သည် တစ်ဖက်ကမ္ဘာတွင် မိဘမဲ့တစ်ဦးဟု ဆိုရပေမည်။သူမ၏ ချစ်သူအတွက် စိတ်ပူရတာကလွဲ၍ တခြားဘယ်သူ့အတွက်မှ စိုးရိမ်စရာမရှိခဲ့။ယခု သူမသည် ဤကမ္ဘာတွင် ဘဝသစ်တစ်ခု စတင်နိုင်လျှင် ကောင်းပေလိမ့်မည်။


ထို့နောက် သူမသည် လိမ္မော်သီးအိတ်ကို ကျောင်းလွယ်အိတ်ထဲသို့ ပစ်ထည့်ကာ ဆံပင်ညှပ်ဆိုင်ထဲသို့ ဝင်သွားလိုက်သည်။ထိုအခါ ဆိုင်ရှိလူများက သူမအား ချက်ချင်း အံ့အားသင့်သွားကြ

လေသည်။ မိတ်ကပ်ဖျက်ထား၍ သူမ ဆံပင်က ကြက်မွေးတွေလို အရောင်စုံနေလျှင်ပင်၊ နူးညံ့ပြီး တောက်ပသည့် သူမ၏ မျက်နှာ အသွင်အပြင်ကို ဘယ်လိုမှ ဖုံးထား၍မရတော့။သူမကို မြင်သူတိုင်းက၊ဆံပင် အရောင်းဆိုးဆိုးကို ဘေးဖယ်ထားပြီး မျက်နှာလှလှလေးအား ကြည့်ကြမှာသေချာသည်။


စောင့်ဆိုင်းနေရာရှိ အခြားသာမန်ပုံစံမိန်းကလေးများနှင့် နှိုင်းယှဉ်ပါက၊သူမက ကွဲထွက်နေတာကြောင့် ဆံပင်ညှပ်ဆိုင်ရှိ စတိုင်လစ်သည် သူမဆီ ပြုံး၍လျှောက်လာခဲ့သည်။


ကျုံးယို့ယို့သည် ဆံပင်ပုံစံများနှင့် ပတ်သက်၍ သိပ်ပြီး နားမလည်ပေ။မူလပိုင်ရှင်၏မျက်နှာကျသည်၊ဘယ်လိုဆံပင်စတိုင်လ်မျိုးနှင့်မဆို လိုက်ဖက်မှာသေချာ၏။


"တိုတိုဖြတ်ပေးပါ၊ပြီးရင် အနက်ရောင်ဆေးဆိုးပြီး ဆံသားပျော့အောင် လုပ်ပေးပါ"


ဆံပင်ညှပ်ဆရာက ဝမ်းနည်းစွာနှင့်ပြောလာသည်။ "မင်း နောက်ထပ် အရမ်းလှမယ့် ဆံပင်စတိုင်လ်တစ်မျိုး မလုပ်ချင်ဘူးလား"


 "မလိုပါဘူး"


 မည်သို့ပင်ဆိုစေ၊မူလပိုင်ရှင်သည် အသက် 18 နှစ်အရွယ် ကျောင်းသား တစ်ယောက်ပင်။အစိမ်းရောင်နှင့် အပြာရောင် ရောသမမွှေဆိုးထားသော ဆံပင်သည် ကျောင်းသူ တစ်ယောက်၏ အသွင်အပြင်ကို အဟန့်အတားဖြစ်စေသည်။ ထို့ကြောင့် ဖြောင့်စင်းသော အနက်ရောင်ဆံပင်ကသာ ကလေးနှင့်လိုက်ဖက်အောင် နုပျိုလှပနေမည်ဖြစ်သည်။


 ဆုံးဖြတ်ချက်ချပြီးနောက် သူမ မျက်လုံးများကိုမှိတ်ထားလိုက်သည်။


 အဆုံးတွင်၊ စတိုင်လစ်က ဆံပင်ညှပ်ပြီးသောအခါ သူမအား လိပ်စာကတ်ပြားကိုပေးကာ နောက်လည်း ထပ်လာပါဟု ပြောခဲ့သည်။ယခင်က သူမ ဆံပင်ဟာ ကြည့်ရဆိုးသော်လည်း၊ဆံပင်အရည်အသွေးက အရမ်းကောင်းနေသေး၍၊သူမ မျက်နှာလှလှလေးနှင့် ဘယ်လိုဆံပင်ပုံစံမဆို ကြည့်ကောင်းနေမှာပင်။ သူမကိုသာ ဆိုင်မှာထိုင်ခိုင်းပါက၊ သက်ရှိဆိုင်းဘုတ်တစ်ခုလို ကြော်ငြာအားကောင်းနိုင်သည်။