Chapter 140
သူသည် တစ်ချိန်က သူ့အစ်ကို သေဆုံးခြင်းကို ဖော်ထုတ်ပြီးမှသာလျှင် ပျော်ရွှင်နိုင်မည်ဟု ထင်ထားသော်လည်း ယခုတွင် ရလာဒ်များမှာ သူအလိုရှိသလို မဟုတ်နိုင်ဟု ခံစားရပေသည်။
ပို၍ ရှင်းလင်းလာပါက မသိပဲ ကျန်ရစ်နေသည်ထက် ပိုမို ကသောင်းကနင်းဖြစ်ကာ အကြီးအကျယ်ပျက်စီးစေသည့် အရာများ ရှိပေသည်။ ရလာဒ် သူ့ကို ပိုမိုဆိုးဝါးအောင် ပြုလုပ်နိုင်ပေသည်။
သို့သော် သူက ထပ်၍ ကြည့်ရှုလိုဆဲ ဖြစ်သည်။ သူက မည်သူက ထိုမတော်တဆမှုကို ဖြစ်စေသည်အား အတိအကျ သိလိုသည်။ သူက နောက်ကွယ်မှ လူကို ထုတ်ဖော်လိုပေသည်။
ဤသည်ကသာ မည်သည့်အချိန်မှ ပြောင်းလဲသွားမည် မဟုတ်ပေ။
တည်ကြက်ကို ပြုလုပ်ထားပြီး ဖြစ်ရာ မြွေက တွင်းထဲမှ ထွက်လာရမည့် အချိန် ဖြစ်လေသည်။
*******
လင်းလော့ချင်းက ရှစ်ကျန်း၏ နေအိမ်ပြင်ပတွင်ထိုင်ကာ စောင့်နေပြီး မကြာမီတွင် ရှစ်ကျန်းက ထွက်လာလေသည်။
သူက ကားတံခါးကို ဆွဲဖွင့်လိုက်ရာ ရှစ်ကျန်းက သူ့ဆီသို့ အလျင်အမြန် လျှောက်လာသည်။
"ငါ့ကို ဘာလို့ စောစောမခေါ်လိုက်တာလဲ... အေးတယ်... အရင်သွားစို့... ပြောစရာရှိရင် အထဲရောက်မှ ပြောရအောင်..."
ရှစ်ကျန်းက သူ့အိတ်ကပ်ထဲသို့ လက်ထည့်ထားလိုက်သည်။
လင်းလော့ချင်းက ခေါင်းညိတ်ပြကာ အပြုံးတစ်ခုနှင့် ဆိုလိုက်သည်။
"ရပါတယ်... ကားထဲမှာက မအေးပါဘူး..."
သူက ထိုသို့ဆိုကာ သူနှင့် ဝူရှင်းယွမ်က ရှစ်ကျန်းနောက်မှလိုက်ကာ အဆောက်အဦးထဲသို့ဝင်ပြီး ဓာတ်လှေကားထဲသို့ ဝင်လိုက်လေသည်။
ရှစ်ကျန်း၏ အိမ်က မကြီးပေ။ ၄င်းက အိပ်ခန်းသုံးခန်း၊ ဧည့်ခန်းတစ်ခန်းနှင့် စတုရန်း မီတာ ၉၀ရှိပေသည်။ အလွန်သာမန် ဆန်ေပသည်။
"ငါ့မိဘတွေ အရင်က ဒီမှာနေတာလေ... သူတို့ ကွာရှင်းပြီးတော့ ဒီအိမ်ကို ငါ့အမေအတွက် ထားခဲ့တာ... ငါ့အမေက နောက်တော့ နောက်အိမ်ထောင်ပြုပြီး အိမ်ပြောင်းသွားတာ... အဲ့တော့ ဒီအိမ်က အလိုလို ငါ့အတွက်ဖြစ်လာတာပေါ့..."
သူက အလွန်သဘောထားကြီးပေသည်။ သူ့မိဘနှစ်ဦးစလုံးက နောက်အိမ်ထောင်ပြုထား၍ သူ့ကိုယ်သူ မကျေနပ်ချက်များဖြင့် ဖုံးလွှမ်းမထားပေ။ သူက ဤနေရာတွင် အဘယ့်ကြောင့် တစ်ယောက်တည်း နေနေသည်ကိုသာ ရှင်းပြဟန်ရသည်။
လင်းလော့ချင်းမှာ သူက အတန်ပင် သဘောထားကြီးသည်ဟု ခံစားလိုက်ရ၏။ အလုပ်တွင်ဖြစ်စေ ဘဝတွင်ဖြစ်စေ သူက တည်ငြိမ်ကာ စိတ်နေစိတ်ထား ထားတတ်ပေသည်။ သူက အနာဂတ်တွင် အောင်မြင်မှုကို ရှာဖွေနိုင်သည်မှာ အံ့ဩစရာမရှိပါပေ။
"ဒီမှာ ကျန်းကော... ဒါက ရှင်းရီက စာချုပ်..."
လင်းလော့ချင်းက ဝူရှင်းယွမ်ထံမှ စာချုပ်ကို ယူလိုက်ကာ ရှစ်ကျန်းကို အပြုံးတစ်ခုနှင့် ပေးလိုက်လေသည်။
"ကျွန်တော် တံဆိပ်တုံးထုပြီးသား အစ်ကို လက်မှတ်ထိုးလိုက်ရုံပဲ..."
ရှစ်ကျန်းက "ကျွန်တော် တံဆိပ်တုံး ထုပြီးသား..."ဟူသည်ကိုကြားရာ သူ့ကို ကြောင်ကြည့်နေလိုက်သည်။
လင်းလော့ချင်းက ရှက်ရွံ့နေဟန် ရပေသည်။ သူက ဆိုလိုက်သည်။
"အဲ့ဒါက... ကျွန်တော်က အခု ရှင်းရီရဲ့ CEO ဖြစ်သွားလို့ပါ..."
ရှစ်ကျန်း - ...
ရှစ်ကျန်းက ကြောင်အသွားလေသည်။
"မင်းဘာပြောလိုက်တယ်..."
လင်းလော့ချင်းက သူ့အားဖြစ်ခဲ့သည်များကို ရှင်းပြရန်သာ တတ်နိုင်ပေသည်။
"အဲ့တော့ အခု ကျွန်တော်က CEO ဖြစ်သွားပြီ..."
ရှစ်ကျန်းက သတင်းကို မမှတ်သားနိုင်ခင်တွင် အချိန်အနည်းငယ် ယူလိုက်ရပေသည်။
"ကျိယွီရှောင်က သူဌေးပေါ့..."
"အင်း..."
"မင်းက သူနဲ့ လက်ထပ်ထားတာ..."
"အင်း..."
"အဲ့တော့ မင်းက ရှင်းရီရဲ့ သူဌေးကတော်ပေါ့..."
"အဲ့လို ပြောလို့ရပါတယ်..."
"ပြီးတော့ အခု မင်းက ရှင်းရီရဲ့ CEO..."
လင်းလော့ချင်းက ခေါင်းညိတ်ပြလိုက်သည်။
ရှစ်ကျန်းက ရှုပ်ထွေးနေသည်ဟု ခံစားလိုက်ရသည်။
"ငါနဲ့ ဖန်ရှန့်ကျယ်ကြောင့်..."
"မဟုတ်ပါဘူး..."
လင်းလော့ချင်းက သူက ဝန်ထုပ်ဝန်ပိုးဖြစ်သည်ဟု ခံစားရမည်ကို စိုးရိမ်၍ ရှင်းပြလိုက်သည်။
"ဖန်ရှန့်ကျယ်က မီးစလေးတစ်ခုသာသာပါ... အဓိက ပြဿနာက ချန်လီဝေ့... CEO တစ်ယောက်အနေနဲ့ သူက အဲ့လောက်ကြီး ဘက်လိုက်လို့ မရဘူးလေ... သူက သူ့ချစ်သူအတွက်နဲ့ သူ့ကိုယ်ပိုင်ပညာရှင်ကျင့်ဝတ်တွေကို ဖောက်ဖျက်ပြီး ကုမ္ပဏီရဲ့ အကျိုးအမြတ်ကို ထိခိုက်စေတာလေ... အဲ့ဒါက ကုမ္ပဏီရဲ့ တိုးတက်မှုတွေကို ထိခိုက်စေတယ်ဆိုတာ သက်သေပြနေလို့ သူ့ကို အဲ့ရာထူးမှာ ထပ်ထားလို့မရတော့တာ..."
"ပြီးတော့ ကျိယွီရှောင်က ကျွန်တော်အတွက် တခြား အလုပ်အကိုင်တစ်ခုပေးချင်ခဲ့တာ... သူက ကျွန်တော်က ကုမ္ပဏီရဲ့ စိတ်ဝင်စားမှုနဲ့ အနုပညာရှင်တွေကြားက နှစ်ခုစလုံးကို တွေးပြီး ချိန်ညှိနိုင်မယ်လို့ ခံစားရတာ... အဲ့ဒါကြောင့် ကျွန်တော့်ကို အဲ့နေရာပေးလိုက်တာ..."
"ဒါပေမဲ့ သူက ကုမ္ပဏီကို စီမံဖို့ နောက်ထပ် ကျွမ်းကျင်ပညာရှင်တစ်ယောက်ကို ငှားမယ်လို့လဲ ပြောပါတယ်... ကျွန်တော်က သူတို့ဆီက သင်ယူမှာမို့ အစ်ကိုစိတ်ပူစရာမလိုပါဘူး... ယွီရှောင်က ကိစ္စတွေကို ကိုင်တွယ်တဲ့နေရာမှာ စိတ်ချရပါတယ်... အချိန်ကြာရင် အစ်ကို သူ့ကို ပိုတောင် နားလည်သွားလိမ့်မယ်..."
ရှစ်ကျန်းက ခေါင်းညိတ်ပြလိုက်သည်။
ဒီလိုတောင်ဖြစ်လာပြီကို... သူဘယ်လောက် ရှက်ရှက် ဘာအသုံးဝင်တော့မှာလဲ... လင်းလော့ချင်းက ဒါတွေမဖြစ်ခင် သူ့ကိုပြောလာရင် သူက လင်းလော့ချင်းကို ဖြစ်ခဲ့တာက ကိစ္စလေးမို့ အကျယ်မချဲ့နဲ့လို ပြောလို့ရသေးတယ်... ဒါပေမဲ့ အခုက ချန်လီဝေ့ကလည်း အလုပ်ဖြုတ်ခံရပြီး လင်းလော့ချင်းက CEOတောင်ဖြစ်နေပြီ... လင်းလော့ချင်းကို နေရာဖယ်ပေးခိုင်းတာက မသင့်တော်တဲ့ပုံပဲ...
အဲ့တော့လည်း သူလုပ်နိုင်တာက အလုပ်ကြိုးစားတာပဲပေါ့... အဲ့ဒါမှပဲ သူက သူတို့မျှော်လင့်ထားတဲ့အတိုင်း ဖြစ်လာမှာ...
"ငါအလုပ်ကြိုးစားမှာပါ..."
"ကျွန်တော်ယုံပါတယ်..."
လင်းလော့ချင်းက ပြုံးကာဆိုလိုက်သည်။
"ဒါပေမဲ့ အဲ့ရာထူးကိုယူလိုက်တော့ ရလာတဲ့ အကျိုးကျေးဇူးတွေလည်း ရှိသေးတယ်... အရင်တုန်းက ကျွန်တော်က တခြားကိုယ်စားလှယ်တွေက အစ်ကို့ကို ကောင်းကောင်း မဆက်ဆံမှာ စိုးရိမ်နေတာ... အဲ့ဒါကြောင့် အစ်ကို့ကို ဝူကောနဲ့ စာချုပ်ချုပ်စေချင်တာ... အခု အဲ့ဒါက မလိုအပ်တော့တဲ့ပုံပဲ... အချိန်ရောက်ရင် လျှောက်ကြည့်ပြီး ကုမ္ပဏီရဲ့ကိုယ်စားလှယ်တစ်ချို့နဲ့ တွေ့ကြည့်ပြီး သင့်တော်တဲ့လူရှိလား ရှာကြည့်လေ... ကျွန်တော်တို့ အစ်ကို့အတွက် အထူးတစ်ယောက်ရွေးပေးလို့ရတယ်... သူတို့က အစ်ကိုတစ်ယောက်တည်းကိုပဲ အာရုံစိုက်ပြီး အနာဂတ်တိုးတက်မှုတွေအတွက် အကျိုးရှိလာမှာ..."
ရှစ်ကျန်းက သူ့ကို ကြားသောအခါ စိတ်လှုပ်ရှားသွားပေသည်။
"အိုး ပြီးတော့ အရင်က အစ်ကို့သူငယ်ချင်း ကျောက်ယွီလေ... သူဆက်ပြီး ရုပ်ရှင်ရိုက်ချင်တယ်ဆိုရင်လည်း ကုမ္ပဏီမှာ လူရွေးပွဲ လာပြိုင်လို့ရတယ်... သူ့သရုပ်ဆောင် စွမ်းရည်တွေက အရင်အတိုင်းပဲဆိုရင် ကုမ္ပဏီက သူနဲ့ စာချုပ်ချုပ်လို့ရတယ်..."
လင်းလော့ချင်းက ဆိုလိုက်သည်။
ရှစ်ကျန်းက သူ ကျောက်ယွီကို မှတ်မိနေဆဲဖြစ်မည်ဟု မမျှော်လင့်ထားပေ။ သူက ရယ်လိုက်သည်။
"ဟုတ်ပြီ... ငါနောက်မှ သူ့ကိုမေးလိုက်မယ်... ကျေးဇူးပါ..."
"ရပါတယ်..."
လင်းလော့ချင်းက အလွန်ညင်သာစွာ ပြုံးလိုက်လေသည်။
"ကျန်းကော... ကျွန်တော်က အစ်ကိုကြုံဖူးတဲ့ အကောင်းဆုံး သူဌေး မဖြစ်နိုင်လောက်ပေမဲ့ အလုပ်သမားကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားမှာပါ... ကုမ္ပဏီအတွက်တင် မဟုတ်ပဲ အနုပညာရှင်တွေအတွက်ရောပေါ့... အစ်ကို့မှာ အနာဂတ်ကောင်းကောင်း ရှိဖို့ ကျွန်တော် မျှော်လင့်ပါတယ်... ပြီးတော့ ကျွန်တော် အစ်ကို့ကို ယုံလည်း ယုံတယ်... ဒီနေ့တော့ အစ်ကိုက ရှင်းရီလက်အောက်မှာ စာချုပ်ချုပ်ရတာ ကိစ္စကောင်းတစ်ခုလို့ထင်ရင်ထင်မယ်... ဒါပေမဲ့ အနာဂတ်မှာ အစ်ကို့ကို ရှိတဲ့အတွက် ဂုဏ်ယူရမှာ ရှင်းရီဖြစ်နိုင်တယ်..."
"အဲ့တော့..."
လင်းလော့ချင်းက လက်တစ်ဖက်ဆန့်ထုတ်လိုက်ပြီး သူ့ကို ကြည့်လိုက်သည်။
"အစ်ကိုနဲ့အလုပ်လုပ်ရတာ ဝမ်းသာပါတယ်..."
ရှစ်ကျန်းက သူ့၏ စူးရှသော မျက်လုံးများကို ကြည့်လိုက်သည်။ သူက စိတ်လှုပ်ရှားလာသည်ဟု ခံစားရကာ သူ့မျက်လုံးထောင့်များက စပ်လာပေသည်။ သူက လက်ဆန့်ကာ လင်းလော့ချင်း၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး ညင်သာသောအသံဖြင့် တုံ့ပြန်လိုက်သည်။
"မင်းနဲ့အလုပ်လုပ်ရတာ ဝမ်းသာပါတယ်..."
လင်းလော့ချင်းနှင့် ရှစ်ကျန်းတို့၏ တွေ့ဆုံမှုပြီးနောက် လင်းလော့ချင်းက လင်းဖေးနှင့် ကျိလဲ့ယွီကို ကျောင်းမှ သွားကြိုလိုက်သည်။
ဤသည်မှာ စာသင်နှစ် ပြီးခါနီးဖြစ်၍ လင်းဖေးက ကျိလဲ့ယွီအား အထူးတင်းကြပ်ထားသည်။ သူတို့ အထဲသို့ရောက်သည်နှင့် သူက ကျိလဲ့ယွီကို သူ့အခန်းထဲသို့ အိမ်စာလုပ်ရန် ဆွဲခေါ်သွားသည်။ မည်သည့်အိမ်စာမှ လုပ်စရာမရှိလျှင်ပင် ပြန်ကြည့်စရာများရှိပေသည်။
ကျိလဲ့ယွီက စိတ်မပါကာ ဝမ်းနည်းနေသော်လည်း လင်းဖေး၏ ရှေ့တွင် အမြဲလိုလို နာခံတတ်ပေသည်။ သူက စာမေးပွဲပြီးဆုံးကာ ဤနာကျင်စရာအချိန်များ လွန်မြောက်ရန်သာ ဆုတောင်းနိုင်ပေသည်။ သူက နားရန်လိုအပ်ပေသည်။
သူနားဖို့လိုတယ်...
လင်းလော့ချင်းနှင့် ကျိယွီရှောင်တို့က သူ စိတ်မပါလက်မပါဖြင့် စာကြည့်နေသည်ကို ကြည့်နေလိုက်သည်။ သူတို့က ၄င်းမှာ ရယ်ရွှင်ဖွယ်ဖြစ်သည်ဟု ခံစားရပြီး သတိမထားမိသောအချိန်မှာပင် သူ့ရှေ့တွင် ရယ်လိုက်ကြသည်။
ကျိလဲ့ယွီက သူ့၏ ဖခင်နှစ်ဦးမှာ သူ့ကို မနှစ်သိမ့်သည့်အပြင် သူ့၏ နာကျင်မှုကို ရယ်မောနေသည်ကို မယုံနိုင် ဖြစ်နေမိသည်။
သူ့နှလုံးသားထဲမှ ဝမ်းနည်းမှုက ကြီးမားလာကာ လင်းဖေးဆီသို့ ပြေးသွားပြီး ပွေ့ဖက်မှု၊ ခေါင်းပွတ်ပေးမှုနှင့် ချော့မော့မှုတို့ကို တောင်းဆိုလိုက်သည်။
လင်းဖေးက သူ့၏ သနားစဖွယ် အမူအရာကို ကြည့်ကာ ရှင်းမပြတတ်အောင် သနားစဖွယ်ကောင်းလှပြီး ချစ်စရာကောင်းလှသည်ဟု ခံစားလိုက်ရသည်။ သူက သူ့ပါးကို ဆွဲညှစ်လိုက်ပြီး အတန်ကြာသည်အထိ ချော့မော့လိုက်လေသည်။
လင်းလော့ချင်းမှာ သူ့ရာထူးကို လက်လွှဲယူခါစဖြစ်ကာ ကောင်းကောင်းမလုပ်နိုင်မည်ကို ဆက်တိုက် စိတ်ပူနေမိသည်။ သူ့ကို ကူညီရန်အတွက် ကျိယွီရှောင်က သူ့အတွက် အတွင်းရေးမှူးတစ်ယောက်ကို ငှားထားပေးသည်။
အတွင်းရေးမှူး၏ အမည်မှာ အဲ့လစ်ဖြစ်ပြီး သူမက ကျိယွီရှောင်၏ ကိုယ်ရေးကိုယ်တာ အတွင်းရေးမှူးဖြစ်ခဲ့သည်။ သူမ၏ အလုပ်နှင့်ဆိုင်သော လူ့ကျင့်ဝတ်နှင့် အရည်အချင်းများမှာ အလွန်ကောင်းမွန်ပြီး မကြာမီမှာပင် သူမက ချန်လီဝေ့နှင့် ဆက်သွယ်အလုပ်လုပ်ပြီး ကုမ္ပဏီ၏ ကိစ္စအကြီးအသေးများအားလုံးကို စီစစ်ကာ သတ်မှတ်ထားပြီး ဖြစ်သည်။ သူမက အမှန်ပင် အဓိက အကူအညီနှင့် လမ်းပြမှု ဖြစ်ပေသည်။
တစ်နေ့တွင် လင်းလော့ချင်းက နှစ်သစ်ကူးရောက်လုပြီကို တွေ့လိုက်လေသည်။ သူက ဤရာထူးကို လက်လွှဲပြီးခါစဖြစ်ကာ အလုပ်သမားများအား အားလပ်ရက် အပိုဆုကြေး ပေးရမည်လားဆိုသည်ကို တွေးတောနေပေသည်။ ၄င်းမှာ တစ်ချို့လူများ၏ စိတ်ကို အနိုင်ရနိုင်သည့် နည်းလမ်းတစ်ခုဖြစ်နိုင်ပေသည်။ လင်းလော့ချင်းမှာ ဝူရှင်းယွမ် သူ့ဆီသို့ အလျင်အမြန် လာရောက်သည်ကိုမြင်သောအခါ ဤသည်ကို တွေးနေခြင်း ဖြစ်သည်။
"မင်း ကြားပြီးပြီလား..."
ဝူရှင်းယွမ်က စိုးရိမ်တကြီး မေးလာသည်။
"အနုပညာရှင်တွေ အများကြီးက ချန်လီဝေ့နဲ့အတူ ထွက်သွားဖို့ ကြံစည်နေတယ်ဆိုတဲ့ ကောလဟာလတစ်ခုပြန့်နေတယ်... အဲ့ထဲက တစ်ချို့က တက်သစ်စတွေ... သူတို့ရဲ့ တိုးတက်မှုကလည်း ကုမ္ပဏီအတွက် အရေးပါတယ်..."
လင်းလော့ချင်း မူလက စိုးရိမ်ခဲ့သည်က ဖြစ်လာလေပြီ။ သူက ဝူရှင်းယွမ်၏ စကားများကို ကြားသောအခါ စုထုံကို ချက်ချင်းတွေးမိလေသည်။
"ဘယ်သူတွေလဲ... စုထုံရော ပါလား..."
"ကောလဟာလအရတော့ သူပါတယ်..."
ဝူရှင်းယွမ်က ၄င်းကို ကြားသည့်အခါ အံ့အားသင့်သွားပေသည်။
"အဲ့ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ... စုထုံနဲ့ ချန်လီဝေ့တို့ရဲ့ ဆက်ဆံရေးက သာမန်ပါပဲ... သူက ဘာလို့ထွက်သွားမှာလဲ... အဲ့လိုမဖြစ်ရဘူး... ငါတစ်ချက်သွားကြည့်လိုက်ဦးမယ်..."
"အိုး... ဟုတ်သား..."
ဝူရှင်းယွမ်က ဆိုလိုက်သည်။ ထို့နောက် သူက လင်းလော့ချင်း၏ စားပွဲဆီသို့ လျှောက်လာလိုက်သည်။ ထို့နောက် သူက ဘောပင်တစ်ချောင်းကိုယူကာ စာရွက်တစ်ရွက်ပေါ်တွင် နာမည်များကို ရေးလိုက်သည်။
"ငါကြားလာတာက ဒီအနုပညာရှင်တွေပဲ... မင်းသူတို့နဲ့ ဆွေးနွေးချင်လား ကြည့်လိုက်... သူတို့ကို ကြည့်လိုက်..."
လင်းလော့ချင်းက ခေါင်းညိတ်ပြကာ စာရွက်ကို ကောက်ကိုင်လိုက်သည်။
"အဲ့ဒါဆိုရင် စုထုံ ဘယ်လိုနေလဲဆိုတာ ငါသွားကြည့်လိုက်ဦးမယ်..."
"အင်း..."
ဝူရှင်းယွမ်က စကားပြောပြီးနောက် ထွက်သွားလေသည်။
လင်းလော့ချင်းက သူထွက်သွားသည်ကိုကြည့်ကာ ထိုင်ခုံကို မှီလိုက်သည်။
အနုပညာရှင်များမှာ အကြောင်းပြချက်မရှိဘဲနှင့် ချန်လီဝေ့နှင့် ထွက်သွားမည် မဟုတ်ပါပေ။ လင်းလော့ချင်းက အနုပညာရှင်များနှင့် ချန်လီဝေ့ကြားတွင် နက်ရှိုင်းသော ခင်တွယ်မှုရှိမည်ဟု မယုံကြည်ပါပေ။ ဖန်ရှန့်ကျယ်ကဲ့သို့ပင် ချန်လီဝေ့အတွက် တမ်းတမ်းတတ တွယ်တာမှုရှိသူများက အကျိုးအမြတ်တစ်ချို့ကြောင့် ဖြစ်ရပေမည်။
သူက အဲ့လစ်ကို ခေါ်လိုက်လေသည်။
"ငါ wechat မှာ ပုံတစ်ပုံပို့ထားတယ်... သူတို့က စာချုပ်ဖျက်ဖို့ဆိုရင် ဘယ်လောက်ပေးရမလဲဆိုတာ ကြည့်လိုက်... ပြီးတော့ စုထုံကိုလည်း ကြည့်ပေး..."
"ဟုတ်..."
အဲ့လစ်က ပြန်ဖြေလာသည်။
မကြာမီမှာပင် အနုပညာရှင်များအားလုံး၏ သတင်းအချက်အလက်များကို စုစည်းပြီး လင်းလော့ချင်းဆီသို့ ပို့လာလေသည်။
သူတို့ထဲတွင် အနုပညာရှင် သုံးဦးမှာ နောက်နှစ် မတ်လထဲတွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သော်လည်း သူတို့၏ စာချုပ်ကို သက်တမ်းမတိုးသေးချေ။ သို့ဖြစ်၍ သူတို့ပေးရမည့် လျော်ကြေးမှာ သိပ်မများပေ။
သူတို့ထဲမှ နှစ်ဦးမှာ အထူးတိုးတက်မှု မရှိကာ ယခုထိတိုင်အောင် ပထမ သို့မဟုတ် ဒုတိယတန်း အနုပညာရှင်ဟု ယူဆ၍မရသေးသော်လည်း သူတို့က ဒရမ်မာများနှင့် ထုတ်လုပ်ရေးများတွင် ပုံမှန်တိုးတက်မှုကို ထိန်းသိမ်းထားနိုင်သည်။ သို့ဖြစ်ရာ သူတို့က ကုမ္ပဏီအတွက် ပြုလုပ်ပေးနေသည့် အမြတ်မှာ မနည်းပါပေ။ သူတို့ပေးရမည့် လျော်ကြေးနှင့် နှိုင်းယှဉ်က ၄င်းက များစွာ ပိုပေသည်။
သူတို့က လျော်ကြေးပေးကာ ချန်လီဝေ့နှင့် ထွက်သွားလိုသည်မှာ အံ့ဩဖွယ် မရှိတော့ပါချေ။
လင်းလော့ချင်းမှာ စုထုံ၏ အချက်အလက်များကို နောက်ဆုံးမှ ကြည့်လိုက်လေသည်။ ကုမ္ပဏီနှင့် စုထုံ၏ စာချုပ်မှာ နောက်နှစ် စက်တင်ဘာတွင် ကုန်ဆုံးမည်ဖြစ်သည်။ သူသည်လည်း စာချုပ်ကို သက်တမ်းပြန်မတိုးသေးပါချေ။ သူပေးရမည့် လျော်ကြေးမှ ရှေ့က အနုပညာရှင် ငါးဦးထက် မြင့်သော်လည်း စုထုံမှာ အရေးကြီးပေသည်။ သူထွက်သွားလိုပါက သူ့အတွက် ပိုက်ဆံမှာ ပြဿနာမဟုတ်ပေ။
သူ့အခြေအနေ၊ သူ့အဆင့်အတန်းနဲ့ဆိုရင် သူက ဘာလို့ ချန်လီဝေ့နဲ့ ထွက်သွားချင်ရတာလဲ...
ရှင်းရီရှိ လူများအားလုံးပေါင်းလျှင်ပင် သူတို့၏ ဝင်ငွေများနှင့် အမြတ်အစွန်းများမှာ စုထုံနှင့် နှိုင်းယှဉ်၍ မရနိုင်ပေ။ သူက ကုမ္ပဏီ၏ အလားအလာအရှိဆုံးနှင့် လွှမ်းမိုးမှုအရှိဆုံး အနုပညာရှင် ဖြစ်သည်။ သူရှင်းရီမှ ထွက်သွားလျှင်ပင် ပိုမိုကောင်းမွန်သော ရင်းမြစ်များနှင့် ကုမ္ပဏီတစ်ခုကို သူ့ကိုယ်တိုင် ရှာနိုင်သည်။ သူက ချန်လီဝေ့နှင့် ထွက်သွားပါက မည်သည့် ဆုံးရှုံးမှုမှ ခံစားရမည် မဟုတ်ပါပေ။
ပြသနာကို အရင်းမှ ကိုင်တွယ် ဖြေရှင်းရပေမည်။ ပထမဦးစားပေးမှာ စုထုံကို အရင်ဆုံး တည်ငြိမ်စေကာ ရှင်းရီနှင့် စာချုပ်ထပ်ချုပ်စေရန် ဖြစ်သည်။ လင်းလော့ချင်းက စုထုံ ရှင်းရီမှ ထွက်မသွားမည်ကို သေချာရန် လိုအပ်သည်။ သို့မဟုတ်ပါက ၄င်းက သူ့မျက်နှာကို ရိုက်သည်ဟု ယူဆနိုင်ရုံသာမက လင်းလော့ချင်းက ဤရာထူးကို ယူပြီးပြီးချင်း စုထုံထွက်သွားသည်နှင့် ကုမ္ပဏီ၏ ဂုဏ်သတင်းက သိသိသာသာ ကျဆင်းသွားမည် ဖြစ်ပေသည်။
အချိန်ကျလာပါက တခြားအနုပညာရှင်များက ဤပြဿနာကို စူးစမ်းလာသည်တင်မကပဲ သူတို့ပါ ထွက်ခွာရန် စိတ်ပါလာမည် ဖြစ်ပေသည်။ သူတို့က လင်းလော့ချင်းမှာ ချန်လီဝေ့နှင့် နှိုင်းယှဉ်မရနိုင်၍ စုထုံကို ထိန်းမထားနိုင်ဟု စတင်တွေးလာနိုင်ပေသည်။
ဘုတ်အဖွဲ့မှ ရှယ်ယာရှင်များသည်လည်း လင်းလော့ချင်းအား ဤရာထူးပေးစဉ်က ကျိယွီရှောင်က အတွေးမမှန်ဟု စတင်တွေးလာမည်ဖြစ်သည်။ ကျိယွီရှောင်က အချစ်ကြောင့် မျက်ကန်းဖြစ်သွားသည်ဟု သူတို့က တွေးလာပေမည်။
ကျိယွီရှောင်အတွက်ဖြစ်စေ၊ ကုမ္ပဏီအတွက် ဖြစ်စေ၊ ရှင်းရီအတွက်ဖြစ်စေ သို့မဟုတ် သူကိုယ်တိုင်အတွက်ဖြစ်စေ စုထုံကို ထွက်သွားခွင့်မပြုနိုင်ပါချေ။
မည်သူမှ ထွက်မသွားလျှင် ပိုကောင်းသည်။
သူတို့ထွက်သွားရမည်ဆိုလျှင်ပင် သူ ဤရာထူးကို ယူပြီးပြီးချင်း ဖြစ်၍ မရပေ။
သူက အဲ့လစ်အား စုထုံ၏ စာချုပ်
အချက်အလက်များကို ပေးရန် ပြောလိုက်သည်။ လင်းလော့ချင်းက ပထမဆုံးတွင် စုထုံ၏ စိတ်နေစိတ်ထားကို တိုင်းတာကာ ကောလဟာလများက ယုံကြည်ရသည်လား ဆိုသည်ကို ဆုံးဖြတ်ရန် လိုအပ်သည်။
စုထုံက တကယ်ပဲ ထွက်သွားဖို့ ရည်ရွယ်ထားတာလား...