အပိုင်း ၁၄၂
Viewers 35k

Chapter 142




ထိုအခိုက်အတန်တွင် စုထုံက ကျိယွီရှောင်ကို ထပ်မံ ဖုန်းခေါ်မိလုနီးပါး ဖြစ်ခဲ့သည်။ သူက ထိုမတော်တဆမှုမှာ စီစဉ်ထားသော လူသတ်မှုဖြစ်သည်ကို ပြောလိုခဲ့၏။ သို့သော် နောက်ဆုံးတွင် သူက ကျိယွီရှောင်ကို ဖုန်းမခေါ်ခဲ့ပေ။ ကျိယွီရှောင် ကိုယ်တိုင်သည် မတော်တဆမှုထဲတွင် တစ်စိတ်တစ်ပိုင်း ပါဝင်ခဲ့သည်။ သူက စုထုံကို တစ်ခုမှ ပြောရန်အစီအစဉ်မရှိသည်မှာ ထင်ရှားလှသည်။ 


သို့ဖြစ်၍ သူက နောက်ထပ် မစုံစမ်းတော့ပဲ အမှန်တရားထွက်ပေါ်လာသည်ကို စောင့်ရန် ဆုံးဖြတ်လိုက်သည်။ 


ကျိယွီရှောင်က သေချာပေါက်ပင် ထိုလျှို့ဝှက်ကြံစည်သူများကို အလွတ်ပေးမည်မဟုတ်လရော စုထုံက သူ့၏ တည်ရှိမှုကို တိုးမြှင့်ရန် မလိုအပ်ပေ။ ၄င်းက ကျိယွီရှောင်အတွက် ပြဿနာသာ ဖြစ်စေမည် ဖြစ်သည်။ 


သို့သော် ကျိယွီရှောင်က လင်းလော့ချင်းမှလွဲ၍ လူတိုင်းနှင့် သီးခြားနေထိုင်လိုက်သည်။ထိုသူက ကျိယွီရှောင်၏ မဟာမိတ်နှင့် ရဲဘော်ရဲဘက်ဖြစ်လာလေသည်။


အစပိုင်းတွင် သူက ကျိယွီရှောင်မှာ လင်းလော့ချင်းအား အသုံးချနေခြင်းသာဖြစ်သည်ဟု ထင်ခဲ့မိသည်။ သို့မဟုတ် နှစ်ဖက်စလုံးမှာ အချင်းချင်းထံမှ အကျိုးအမြတ်ရလို၍ ဖြစ်မည်။ 


သို့သော် ယနေ့ ကျိယွီရှောင်ပြောသည့် စကားများအရ ထိုသို့ဟုတ်ပုံမရပေ။ 


ကျိယွီရှောင်မှာ လင်းလော့ချင်းအား စိတ်ရင်းမှန်ပေသည်။ သူက လင်းလော့ချင်းအား အမှန်တကယ်ပင် CEOနေရာ၌ သက်သောင့်သက်သာနှင့် တည်မြဲစွာ ရှိနေစေလိုနေသည်။ 


ကျိယွီရှောင်မှာ လင်းလော့ချင်းအား အမှန်တကယ် ချစ်မြတ်နိုးသည့်ပုံရ၏။ 


ကောလဟာလများ ကဲ့သို့ပင်။ 


စုထုံက ၄င်းကို တွေးမိရာ လင်းလော့ချင်းအား ပို၍ အာရုံမစိုက်ပဲ မနေနိုင်တော့ပေ။ ထိုကောင်လေးမှာ တကယ်ပင် ချောမောလှသည်။ သူက နူးညံ့သော မျက်ခုံးများ ဖြူဖျော့သော အသားအရေတို့ဖြင့် ချောမောပေသည်။ သူက အလွန်တောက်ပသော လူတစ်ဦးကဲ့သို့ဖြစ်ပြီး ကျောက်စိမ်းသဖွယ် သန့်ရှင်းကာ ကြော့ရှင်းပေသည်။ သူက လျှို့ဝှက်အကြံအစည်များ ရှိဟန် မရပါပေ။ ငယ်ရွယ်သည့်အလျောက် ရိုးရှင်းကာ အန္တရာယ်ရှိသည့်ပုံမပေါ်ပေ။ 


ဤရုပ်ရည်မျိုးမှာ ပရိသတ်များကြားတွင် ရေပန်းစား၍ မင်းသားများလုပ်၍ ကောင်းပေသည်။


စုထုံက သူ့ကို ပြန်ဖြေလိုက်သည်။

"ငါက ဘာလို့ ရှင်းရီနဲ့ စာချုပ်ပြန်ချုပ်ရမှာလဲ..."


"မင်းကို ရှင်းရီက ပျိုးထောင်ထားတာလေ... နှစ်တွေ အများကြီး ကြာပြီးတဲ့နောက်မှာ ရှင်းရီက မင်းအပေါ်ကို အများကြီး မြှုပ်နှံခဲ့ပြီး မင်းအပေါ်မှာ ချစ်ခင်မှုနဲ့ ခံစားချက်တွေလည်း တိုးတက်လာပြီ... အဲ့ဒါကြောင့်လဲ ငါမင်းကို လူချင်းတွေ့ပြီး မင်းမှာ တခြားဘာတောင်းဆိုစရာရှိလဲဆိုတာ သိချင်တာ... တရားလွန်မဟုတ်သရွေ့ ကုမ္ပဏီက မင်းတောင်းဆိုတာတွေကို ဖြည့်ဆည်းပေးမှာပါ..."


လင်းလော့ချင်းက စိတ်ရင်းဖြင့် ဆိုလိုက်သည်။


"ငါ့ရဲ့ တောင်းဆိုချက်တွေကို ဖြည့်ဆည်းပေးနိုင်တာ ရှင်းရီတစ်ခုတည်းမှ မဟုတ်တာ..."

စုထုံ၏ လေသံမှာ အရေးမထားဟန်ရသည်။ 


"အဲ့တော့ မင်းက စိတ်ထဲမှာ တစ်ခြားကုမ္ပဏီတစ်ခု ရှိနေတယ်ပေါ့..."


"စဉ်းစားနေတုန်းပါ..."


သူက ဤမျှတည့်တိုးပြောဆိုနေရာ လင်းလော့ချင်းက ပို၍စိတ်အေးသွားသည်ဟု ခံစားလိုက်ရသည်။ သူက တစ်ဖက်မှ တည့်တိုးပြောသည်ကို မကြောက်ရွံ့ပေ။ ထိုအစား သူ့ထံမှ ဖုံးကွယ်ထားမည်ကို ကြောက်ပေသည်။ ၄င်းက အမှန်ဖြစ်ကာ စုထုံမှာ သူ့အား လိ်မ်ညာရန် ရည်ရွယ်ချက်များရှိနေပါက များစွာ ပိုခက်ခဲမည်ဟု သက်သေပြနေ၏။ 


"ချန်လီဝေ့က မင်းကို လာရှာသွားပြီဆိုတာ တကယ်ပဲကို... ဟုတ်တယ်မလား..."

လင်းလော့ချင်းက ဆိုလိုက်သည်။


"မင်းက ကုမ္ပဏီရဲ့ ဝှက်ဖဲပဲ... သူက သူနဲ့အတူတူ အနုပညာရှင်တွေအများကြီးကို ခေါ်သွားချင်နေတာ... မင်းကြောင့်ရတဲ့ အကျိုးအမြတ်ကြောင့်ပဲနေနေ လက်စားချေချင်တာ တစ်ခုတည်းကြောင့်နေနေ သူမင်းကို လာရှာပြီးလောက်ပြီ... မဟုတ်ရင် သူက တုံးအနေလို့ပေါ့..."


စုထုံက ပြုံးကာ လင်းလော့ချင်း၏ စကားများက သဘောကျဖွယ်ကောင်းသည်ဟု ခံစားလိုက်ရသည်။


သူက စုထုံ၏ တန်ဖိုးကို အတည်ပြုကာ တရားဝင်ပြောဆိုသည်သာမက ချန်လီဝေ့က သူ့ကို လာရှာသည်မှာ သူ့ကို တွေးတော၍ မဟုတ်ပဲ လက်စားချေလို၍ ဆိုသည်ကိုလည်း သွယ်ဝိုက်ဆိုလိုက်သည်။ သို့သော် ချန်လီဝေ့မှာ စုထုံကို လာမရှာပါက ချန်လီဝေ့မှာ ရိုးရှင်းစွာပင် တုံးအလွန်းပေသည်။ 


အဓိက အကြောင်းအရာမှာ ချန်လီဝေ့က စုထုံကို လာရှာသည်ဖြစ်စေ လာမရှာသည်ဖြစ်စေ စုထုံက ချန်လီဝေ့ကို မရွေးချယ်သင့်ပေ။ 


"သူ့ငါ့ကို လာရှာတယ်..."

စုထုံက တည်ငြိမ်စွာ ဆိုလိုက်သည်။

"ငါက စဉ်းစားမယ်လို့ ပြောလိုက်တယ်..."


"သူက မင်းစဉ်းစားပေးဖို့ မတန်ပါဘူး..."


လင်းလော့ချင်းက ထရပ်ကာ ဆိုဖာဆီသို့လျှောက်လာပြီး စုထုံဘေးတွင်ထိုင်လိုက်သည်။


"မင်းတကယ်ပဲ ရှင်းရီက ထွက်သွားချင်ရင် ချန်လီဝေ့နဲ့အတူ ထွက်သွားဖို့တော့ ငါအားမပေးဘူး... ချန်လီဝေ့ကို ရှင်းရီက အလုပ်ထုတ်လိုက်တာ... သူက အခုထိ အတူလုပ်မဲ့ နောက်ကုမ္ပဏီမတွေ့သေးဘူး... မင်းသူ့နောက်ကိုလိုက်ရင် သူ့အတွက်ပဲ အကျိုးရှိမှာ... မင်းရဲ့ အောင်မြင်မှုနဲ့ စီးပွားရေးတန်ဖိုးကြောင့်သာဆိုရင် မင်းကို ခေါ်ချင်တဲ့ကုမ္ပဏီတွေ ရှိတယ်... ဒီအချိန်မှာ မင်း သူနဲ့ ထွက်သွားလိုက်မယ်ဆိုရင် သူရွေးစရာတွေ တိုးလာအောင် လုပ်ပေးနိုင်တာ အသေအချာပဲ...


သူက မင်းကို ဝှက်ဖဲတစ်ခုအနေနဲ့ ထုတ်ပြလိုက်ရင် မင်းအတွက်နဲ့ သူ့ကို လက်ခံချင်တဲ့ ကုမ္ပဏီတွေရှိမှာ အသေအချာပဲ..."


"သူမင်းဆီကနေ အကျိုးအမြတ်တွေ ရသွားတာက ညီမျှရင်မျှမယ်... ဒါပေမဲ့ အချိန်ရောက်ရင် မင်းက သူနဲ့ အလုပ်လုပ်ရတော့မှာ... ဒီမှာ အများကြီး ခံစားခဲ့ရတာ မင်းမဟုတ်လား..."


"တစ်ချို့ကတော့ မှန်ပါတယ်..."

စုထုံက ခေါင်းညိတ်ပြလိုက်လေသည်။

"ဒါပေမဲ့ မင်းပြောသလိုပဲ ငါက စီးပွားရေး တန်ဖိုးနဲ့ အောင်မြင်မှုရှိပြီးသားလေ... ငါက ချန်လီဝေ့နဲ့အတူ မဟုတ်ပဲ ရှင်းရီကနေ ထွက်သွားလို့ရတယ်... အဲ့ဒါဆို ငါတခြားကုမ္ပဏီတစ်ခုနဲ့ စာချုပ်ချုပ်ရင် ငါ့အတွက် ဘာဆုံးရှုံးမှုမှ မရှိတော့ဘူးလေ..."


"မင်းက ထွက်သွားချင်နေတာလား... ဒါပေမဲ့ ဘာလို့လဲ..."

လင်းလော့ချင်းက မေးလိုက်သည်။

"ရင်းမြစ်တွေကြောင့်လား... ပိုက်ဆံကြောင့်လား... ကမ်းလှမ်းမှုတွေကြောင့်လား... ဒါမှမဟုတ် အောင်မြင်မှုကြောင့်လား..."


"ရှင်းရီက မင်းလိုချင်တာ အကုန်လုံးကို ပေးနိုင်ပါတယ်... မင်းက ရှင်းရီရဲ့ အဓိက ထောက်တိုင်ပဲ... ရှင်းရီမှာဆိုရင် မင်းအကောင်းဆုံးတွေပဲ ရမှာ... မင်းရှင်းရီက ထွက်သွားရင်တော့ ကုမ္ပဏီအသေးလေးတစ်ခုမှာပဲ နေရလိမ့်မယ်... မင်းက တခြား ကုမ္ပဏီကြီးတွေလည်း ရှာလို့ရတယ်... ဒါပေမဲ့ သူတို့မှာက စဉ်းစားပေးစရာ သူတို့ရဲ့ ကိုယ်ပိုင် အနုပညာရှင်တွေရှိပြီးသား... မင်းလို အနုပညာရှင် အသစ်တစ်ယောက်ကို သူတို့ ပျိုးထောင်ထားတဲ့ အနုပညာရှင်တွေထက် ပိုကောင်းတဲ့ ရင်းမြစ်တွေပေးမယ်လို့ မင်းထင်လား... အဲ့လိုဆိုရင်တောင် သူတို့နားလည်ပေးရင် အဆင်ပြေပေမဲ့ သူတို့က အဲ့လိုမဟုတ်ရင် မင်းကပဲ ရှုပ်ထွေးပြီး ခက်ခဲတဲ့ အခြေအနေထဲကို ရောက်သွားမှာ..."


"မင်းက အောင်မြင်မှုထိပ်ဆုံးရောက်နေတဲ့အချိန်လေ... မင်းက လုံးဝကို အဆင့်ပြောင်းလဲခါနီးမှာ ဖြစ်နေပြီ... ဆုနည်းနည်း ရအောင်ကြိုးစားလိုက်... မင်းထွက်သွားချင်တယ်ဆိုရင်လည်း မင်းကို အဲ့အတွက် ကူညီပေးတဲ့ ကုမ္ပဏီတစ်ခုကို ရှာဖို့ ငါအကြံပေးချင်တယ်... ဒါပေမဲ့ အဲ့လို ကုမ္ပဏီမျိုးက ဂရုစိုက်စရာ သူတို့ရဲ့ ထိပ်တန်း အနုပညာရှင်တွေရှိတယ်ဆိုတဲ့ ပြဿနာက ကျန်သေးတယ်... အဲ့လို ကုမ္ပဏီမျိုးမှာ မင်းလိုတဲ့ ရင်းမြစ်တွေရပါမယ်လို့ မင်းအာမခံနိုင်ရဲ့လား... အဲ့လိုမှမဟုတ်ရင် မင်းထွက်သွားတာ ဘာမှမဟုတ်တော့ဘူး မလား..."


"ဒါပေမဲ့ ရှင်းရီကတော့ တခြားအနုပညာရှင်တွေထက် မင်းရဲ့လိုအပ်ချက်တွေကို ဦးစားပေးမှာ..."


"ဖျော်ဖြေရေး ကုမ္ပဏီတွေက သူတို့ အနုပညာရှင်တွေအတွက်ရှိနေတာ... အဲ့ဒါက ကြယ်ပွင့်တွေ ဖန်တီးပြီး ပျိုးထောင်ဖို့ပဲ... တစ်ချို့လူတွေက မျှခြေကို ကြိုက်တယ်... သူတို့က ကုမ္ပဏီရဲ့ အနုပညာရှင်တွေကို တန်းတူအနေအထားမှာ ထားထားချင်ကြတာ... အဲ့လိုမှပဲ အနုပညာရှင်တွေက တစ်ယောက်နဲ့တစ်ယောက် ပြိုင်ဆိုင်လိုပြီး မျှခြေကို ထောက်ပံ့ပေးမှာ... ဒါပေမဲ့ ငါက အဲ့လိုမဟုတ်ဘူး... ဘာလို့လဲဆိုတော့ အဲ့လိုသာဆိုရင် အနုပညာရှင်တွေက သူတို့ကိုယ်ပိုင် ထူးခြားတဲ့ ပုံစံတွေ ရှိတော့မှာ မဟုတ်ဘူး... ကုမ္ပဏီတစ်ခုက ထူးခြားတဲ့ ဝှက်ဖဲတစ်ခုတော့ ရှိရမယ်လေ... ရှင်းရီအတွက်တော့ အဲ့ဒါက မင်းပဲ..."


"စုထုံက ရှင်းရီကဆိုတာ လူတိုင်းက သိတယ်... ပြီးတော့ အဲ့ဒါကြောင့်ပဲ အနုပညာရှင်တွေအများကြီး ရှင်းရီကို လာချင်ကြတာ... အခုဆိုရင် မင်းသာ ဆန္ဒရှိရင် မင်းလမ်းကြောင်းကို မင်းကိုယ်တိုင် ညှိယူလို့ရတယ်... အဲ့ဒါဆိုရင် တခြားသူတွေက မင်းအကြောင်းပြောကြရင် မင်းက ဒီအတိုင်း နာမည်ကြီးလို့ပဲ မဟုတ်ပဲနဲ့ မင်းက ရုပ်ရှင်ဧကရာဇ်တစ်ယောက် ဖြစ်လာလို့ပဲ..."


"အဲ့ဒါဆိုရင် မင်းမှာ ရွေးစရာတွေ ပိုများသွားပြီ... ရှင်းရီအတွက်ကတော့ မင်းဒီမှာနေလို့ တခြားအနုပညာရှင်တွေကို ဆွဲခေါ်နိုင်မှာ... အဲ့ဒါက နှစ်ဖက်စလုံးအကျိုးရှိတဲ့ အခြေအနေပဲ..."


စုထုံက ကြောင်အသွားလေသည်။ သူ့ရှေ့မှ ငယ်ရွယ်ကာ လူမှုဆက်ဆံရေး အရည်အချင်းလုံးဝမရှိသည့် အတွေအကြုံမရှိဟန်ရသော ပုဂ္ဂိုလ်မှာ မက်လောက်စရာ ကမ်းလှမ်းချက်များ ပေးလာကာ သူ့ရှင်းလင်းချက်က ကျိုးကြောင်းခိုင်လုံနေပေသည်။


"ဒါပေမဲ့ မင်းက အဲ့ရင်းမြစ်တွေကို သိမ်းထားပြီး မင်းအတွက်မင်း သုံးမပစ်ဘူးဆိုတာ ငါဘယ်လိုလုပ်ပြီး သေချာပြောနိုင်မှာလဲ... အဲ့ဒါတွေ မင်းငါ့ကို ပေးပါမယ်ဆိုတာကရော... ဘာပဲပြောပြော ငါတို့ရဲ့ အသက်တွေက သိပ်မကွာဘူးလေ... ငါလုပ်နိုင်တဲ့ ထုတ်လုပ်ရေးဆို မင်းလဲ လုပ်နိုင်မှာလေ... မင်းက မင်းကိုယ်မင်း ကောင်းကောင်းကြီး ပျိုးထောင်လို့ရတယ်လေ... အဲ့လိုဆို မင်းအတွက် ပိုမကောင်းဘူးလား..."


လင်းလော့ချင်းက ပြုံးလိုက်သည်။ သူက ဆိုလိုက်သည်။


"မင်းက ငါ့ကို အထင်ကြီးလွန်းနေပြီ... မင်းက ထိပ်တန်းမင်းသားလေ... မင်းက ထိပ်တန်း နတ်သမီးနဲ့ ဒါမှမဟုတ် ရုပ်ရှင်ဧကရာဇ်တွေ၊ ရုပ်ရှင်ဧကရီတွေနဲ့ တွဲလုပ်ရင် ဘယ်သူမှ သံသယဝင်မှာ မဟုတ်ဘူးလေ... ဒါပေမဲ့ ငါ့ကကျ... ငါက မထင်မရှား မင်းသားတစ်ယောက်လေ... ငါသာ မင်းအလုပ်နေရာမှာ ဝင်ယူရင် ငါလုပ်ယူနေတာက အရမ်းသိသာနေမှာပေါ့... ငါက အဲ့လောက်မတုံးပါဘူး..."


"ပြီးတော့ ရိုးရိုးသားသားပြောရရင် ငါက သရုပ်ဆောင်ပြီး နာမည်ကြီးလာမယ်လို့ ဘယ်သူမှ အာမ မခံနိုင်ဘူးလေ... ဒါပေမဲ့ မင်းက နာမည်ကြီးပြီးသားလေ... မင်းမှာ အခွင့်အရေးရှိလေလေ ငါတို့ပိုပြီး အကျိုးအမြတ်ရလေလေပဲလေ... မင်းရဲ့ ရင်းမြစ်တွေကို ငါ့အတွက်ငါသုံးတာထက် လောင်းကစားတစ်ခုအနေနဲ့ သဘောထား၊ ပိုပြီး ဘေးကင်းကင်းဆော့ပြီး မင်းရဲ့ အောင်မြင်မှုကို ထိန်းထားပြီး မင်းမှာအခုရှိနေတဲ့ စွမ်းအင်နဲ့ စီးပွားရေးလုပ်တာ ပိုမကောင်းဘူးလား... ငါက ငါ့လက်ထဲက အကျိုးအမြတ်ကို ချိန်ဆတတ်ပါသေးတယ်..."


"မင်းက ငါထင်ထားတာထက် တွေးတတ်တာပဲ..."

စုထုံက သက်ပြင်းချလိုက်သည်။ 


လင်းလော့ချင်း၏ အသံက အလွန်နွေးထွေးကာ ညင်သာပေသည်။


"တစ်ခါတစ်လေကျရင် လူတွေကြားတာက အမှန်တရားဖြစ်စရာမလိုပါဘူး... မင်းက ချန်လီဝေ့နဲ့ ထွက်သွားဖို့ စီစဉ်နေတယ်ဆိုပြီး ငါကြားထားသလိုပေါ့... ငါအဲ့ဒါကို မယုံဘူး... မင်းက အဲ့လိုလူမျိုးမဟုတ်ဘူး... အဲ့ဒါကြောင့်ပဲ ငါက မင်းကို လူချင်းတွေ့ပြီး စကားပြောချင်ခဲ့တာ..."


စုထုံက ပြုံးလိုက်သည်။


"ငါ့ကို မမြှောက်ပါနဲ့... ငါက တကယ်တော့ အဲ့ဒါကို စဉ်းစားကြည့်သေးတယ်... ချန်လီဝေ့က အရမ်းမယုံရလို့ ငါသူ့နဲ့ မပတ်သတ်ချင်တာ..."


"အဲ့ဒါဆို မင်းငါ့ကို သဘောတူလို့ရတယ်..."

လင်းလော့ချင်းက မေးလိုက်လေသည်။ 


"မင်းရဲ့ စာချုပ်က နောက်နှစ် စက်တင်ဘာဆိုရင် သက်တမ်းကုန်တော့မှာ... မင်းအခုထွက်မသွားသရွေ့ ငါချက်ချင်းကြီး အဖြေမလိုပါဘူး... အခုကနေစပြီး နောက်နှစ် စက်တင်ဘာအထိ ၈လကျန်သေးတယ်... မင်းက ငါ့ရဲ့ လုပ်ဆောင်ချက်တွေကို စောင့်ကြည့်ပြီး ငါက ဆက်နေဖို့ ထိုက်တန်ရဲ့လားဆိုတာ ကြည့်ဖို့အတွက် နှစ်ဝက်လောက်တောင် သုံးလို့ရတယ်... အဲ့လိုမဖြစ်ရင် အဲ့ကျမှ ထွက်သွားမယ်ဆိုလည်း အရမ်းနောက်မကျသေးပါဘူး..."


စုထုံက တိတ်ဆိတ်သွားလေသည်။ အတန်ကြာပြီးနောက် သူက ရယ်မောလိုက်သည်။

"ဟုတ်ပြီ... ငါမင်းကို သံသယရဲ့ အကျိုးအမြတ်ပေးမယ်..."


သူက ဆိုဖာလက်တင်ကို မှီကာ လင်းလော့ချင်းကို စိတ်ဝင်တစားကြည့်လိုက်လေသည်။ 

"မင်းကို အမှန်အတိုင်းပြောရရင် မင်းCEOဖြစ်လာပြီးနောက်မှာ ရှင်းရီက ဘယ်လိုတိုးတက်လာမလဲဆိုတာ ငါသိချင်တယ်..."


"အဲ့ဒါဆို မင်းအနီးကပ်စောင့်ကြည့်တာပိုကောင်းမယ်... ဒါပေမဲ့ အဲ့ဒါမတိုင်ခင် ငါမင်းကို အကူအညီတစ်ခုလောက်တောင်းလို့ရမလား..."


"ဘာလဲ..."


လင်းလော့ချင်းက အပြုံးတစ်ခုနှင့် တိုးကပ်လာလေသည်။ သူက စုထုံအား သူ့အစီအစဉ်ကို ပြောပြလိုက်သည်။ 


စုထုံက သူ့စကားများကိုကြားရာ သူ့နှလုံးသားထဲတွင် သိမ်မွေ့နက်နဲခြင်းခံစားချက်တစ်ခု ခံစားလိုက်ရလေသည်။ သူတို့က အမှန်ပင် လက်ထပ်ထားသော စုံတွဲဖြစ်လေသည်။ သူတို့နှစ်ဦး၏ အစီအစဉ်များက ဆင်တူလှသည်။ 


နှစ်ယောက်စလုံးက သူ့ကို ငါးစာဖြစ်စေချင်နေကြတာ...


သူက ထိပ်တန်း မင်းသားတစ်ယောက်လေ... ပထမတန်း မင်းသားတစ်ယောက်... သူပေါ်လာပေးတာတောင် သန်းနဲ့ချီပြီး တန်တယ်လေ... အဲ့ဒါကို သူတို့က သူ့ကို နေ့တိုင်း အလကားသရုပ်ဆောင်စေချင်တယ်ပေါ့... အဲ့ဒါက သင့်တော်ရဲ့လား...


စုထုံက သူကြေးမြင့်ရန် လိုအပ်သည်ဟု ခံစားလိုက်ရသည်။ 

သူစာချုပ်ထပ်ချုပ်ရင် ကြေးမြင့်တောင်းရမယ်...


"ငါသိပြီ..."


စုထုံက ကူကယ်ရာမဲ့ ခံစားလိုက်ရလေသည်။ 

"မင်းက ဘယ်လို စီစဉ်ရမလဲ တကယ်သိတာပဲ... ငါသာမင်းကို သဘောမတူရင် ဒီအခန်းကို ဖြည့်ဆည်းပေးဖို့ မင်းဘယ်သူ့ကို စီစဉ်ထားတာလဲ..."


လင်းလော့ချင်းက အလျင်အမြန် ဆိုလိုက်သည်။

"အဲ့ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ... မင်းက ဒီလာကတည်းက မင်းစဉ်းစားတာနဲ့ ရည်ရွယ်ချက်တွေကို တစ်ခါမှ မဖုံးထားဘူးလေ... အဲ့ဒါက မင်းက ပွင့်လင်းပြီး တည့်တိုးပြောတတ်တယ်ဆိုတာ သက်သေပြတာပဲ... ပြီးတော့ မင်းက ငါ့ကို အချိန် နှစ်ဝက်ပေးချင်တယ်လေ... အဲ့ဒါက မင်းက ကြင်နာတတ်တယ်လို့ ဆိုလိုတာပဲလေ... အဲ့အချက်နှစ်ချက်နဲ့ ပြည့်စုံတဲ့မင်းက ရှင်းရီကို သံယောဇဉ် နည်းနည်းတော့ ရှိလောက်မှာ... မင်းက သူငယ်ချင်းတွေနဲ့ မဟာမိတ်တွေကို မြတ်နိုးတတ်တဲ့လူလေ... မင်းက ရှင်းရီကို ဘာမှမဖြစ်စေချင်ဘူးဆိုတာ ငါစိတ်ကူးလို့ရတယ်... ဟုတ်တယ်မလား..."


စုထုံ - ...


သူက ကျိယွီရှောင်ကိုလည်း ဒီနည်းအတိုင်း စကားပြောတာလား... သူက တကယ်ကို ဘယ်လို စကားပြောရမလဲ သိတာပဲ...


သူက တခြားလူတွေကို ဘယ်လို မြှောက်ပြောရမလဲဆိုတာ တကယ်ကို သိတာပဲ...


ဘယ့်သူ့ကိုမှ မျက်လုံးထဲ မထည့်တဲ့ ကျိယွီရှောင်က နောက်ဆုံးမှာ အချစ်မှာ ကျရှုံးဖို့အတွက် လူ့လောကထဲကို ဆင်းလာတာ အံ့ဩစရာမရှိတော့ပါဘူး...


"CEO လင်းက စကားဘယ်လိုပြောရမလဲ တကယ်သိတာပဲ..."


"အမှန်ကိုပဲ ပြောတာပါ..."


လင်းလော့ချင်းက အပြုံးတစ်ခုနှင့် ဆိုလိုက်သည်။

"အဲ့ဒါဆိုရင် ငါတို့ကလည်းမင်းကို ဒုက္ခပေးရတော့မယ်... အချိန်ကျလာလို့ မင်းစာချုပ်ထပ်ချုပ်ချင်တယ်ဆိုရင် ကုမ္ပဏီက မင်းရမဲ့ ရာခိုင်နှုန်းကို ညှိနှိုင်းပေးပါမယ်..."


စုထုံမှာ ချက်ချင်းပင် ပျော်ရွှင်သွားလေသည်။ 

"ကောင်းကောင်းနားလိုက်ပါဦး CEOလင်း... ငါ့ အလုပ်ကို ငါ သေချာလုပ်ပါမယ်..."


"ငါမင်းကို ယုံပါတယ်..."

လင်းလော့ချင်းက သူ့ပခုံးကို ပုတ်ပေးလိုက်သည်။


သူက စုထုံနှင့် စကားပြောပြီးနောက် စုထုံနှင့်အတူ ဓာတ်လှေကားဆီသို့ လျှောက်လာလိုက်သည်။ ထို့နောက် သူက သူ့ရုံးခန်းထဲသို့ ပြန်လာပြီး သူ့ပစ္စည်းများကို သိမ်းကာ အိမ်ပြန်ရန် ပြင်ဆင်လိုက်သည်။ 


ဓာတ်လှေကားထဲတွင် ရပ်နေရင်းဖြင့် စုထုံက ကျိယွီရှောင်ထံသို့ စာတိုတစ်စောင်ပို့လိုက်လေသည်။


[မင်းလက်တွဲဖော်နဲ့ အခုပဲ စကားပြောပြီးတာ... သူက တကယ်ကို အရည်အချင်းရှိတာပဲ... သူ့ရဲ့ ဆွဲဆောင်ပြီး ခွဲခြမ်းစိတ်ဖြာတဲ့နည်းလမ်းက ချန်လီဝေ့နဲ့ယှဉ်နိုင်ပြီး မြှောက်ပြောတဲ့ အရည်အချင်းက သာတောင်သာနိုင်တယ်...]


ကျိယွီရှောင်က ခပ်ဖွဖွ ရယ်လိုက်လေသည်။

[ဒါပေါ့... အဲ့လိုမှမဟုတ်ရင် ငါက သူ့ကို ဘယ်လိုလုပ်ပြီး CEO ဖြစ်ခွင့်ပေးမှာလဲ... ဘာပဲဖြစ်ဖြစ် ဒါက ငါ့အစ်ကိုရဲ့ ကုမ္ပဏီလေ... ငါ အဲ့ဒါကို ဒေဝါလီ မခံစေချင်ပါဘူး...]


စုထုံက သူကျိယွီလင်းအမည်ကို ပြောလာသည်ကို မြင်လိုက်ရာ သူမေးချင်သည့် မေးခွန်းကို ရိုက်လိုက်ပေသည်။ သို့သော် သူက ၄င်းကို တိတ်တဆိတ်ပင် တစ်လုံးချင်း ပြန်ဖျက်လိုက်သည်။


ယခုကျိယွီရှောင်မှာ ယခင်ကနှင့် အတူတူပဲ ဖြစ်လေသည်။ သူက တခြားသူများရှေ့တွင် အတင်းလုပ်ယူရန် ကြိုးစားနေသည့် ပုံရိပ်အား ပိုမို၍ စိတ်မဝင်စားတော့ဟန် ရပေသည်။ ၄င်းမှာ ကျိယွီလင်း၏ ကိစ္စနှင့် ပတ်သတ်၍ အဖြေမရသေးဟု ဆိုလိုနိုင်ပေသည်။ သူက စောင့်နေသင့်ပေသည်။ 


စုထုံ - [မင်းတို့နှစ်ယောက်က တစ်စိတ်တည်း တစ်ဉာဏ်တည်းပဲ... မင်းတို့နှစ်ယောက်လုံး လျှို့ဝှက်ကြံစည်ထားတဲ့ အစီအစဉ်ကလည်း အတူတူနီးပါးပဲ... မင်းတို့နှစ်ယောက်လုံးက ချန်လီဝေ့ရဲ့ အစီအစဉ်ကို နှောင့်ယှက်ချင်တယ်... ဒါပေမဲ့ မင်းမိန်းမက တခြားလူတွေကို ဖျောင်းဖျတဲ့နေရာမှာ မင်းထက်တော်တယ်... အနည်းဆုံးတော့ သူက ငါ့ကို ကြေးမြှင့်ပေးဖို့ သိတယ်လေ...]


ကျိယွီရှောင်က ၄င်းကိုမြင်ရာ ချက်ချင်းပင် စိတ်ဝင်စားသွားလေသည်။ လင်းလော့ချင်းမှာ ဤရာထူးနှင့် သင့်လျော်သည်ကို သူသိပေသည်။


ကျိယွီရှောင်က ပြုံးလိုက်သည်။ 

[အဲ့ဒါဆိုလည်း သူပြောတဲ့အတိုင်း လုပ်လိုက်ပါ... ဘာပဲဖြစ်ဖြစ် ကုမ္ပဏီက အခုသူ့စီမံမှုအောက်မှာလေ... သူပြောတာ အတည်ပဲ...]


စုထုံ - ... ငလူး... သွားတောင်နာလာပြီ...


သူက [အင်း...]ဟုသာ ပြန်ဖြေလိုက်ပေသည်။ 


ထို့နောက် သူက ဖုန်းကို ချလိုက်လေသည်။ 


ကျိယွီရှောင်က သူ့ဖုန်းကိုကြည့်ကာ သူ့ခံစားချက်က ပေါ့ပါးသွားကာ ပျော်ရွှင်လာသည်ဟု ခံစားရသည်။ 


၄င်းမှာ သူက အစေ့တစ်ခုကို စိုက်ကာ အညှောင့်ထွက်လာမည်ကို စောင့်နေသည်နှင့် တူပေသည်။ သူက ၄င်းက မြေပြင်မှ ထိုးထွက်လာသကဲ့သို့ ၄င်း၏ ပြောင်းလဲမှုများကို ဂရုတစိုက် လေ့လာနေကာ ဝမ်းမြောက်မှုကို ရှောင်လွှဲမရပေ။


သူက တခြားသူများ၏ ချီးကျူးမှုများ မြှောက်ပင့်မှုများကြောင့် ပျော်ရွှင်ကြည်နူးသည့်အရွယ် ကျော်လွန်သွားသော်လည်း လင်းလော့ချင်းအပေါ် တခြားသူများ ချီးကျူးကာ မြှောက်ပင့်သည်ကို ကြားရသောအခါ မပြုံးပဲ မနေနိုင်ပါချေ။ 


သူက အနှေးနဲ့အမြန် လူတွေ အများကြီးရဲ့ ချီးကျူးတာကို ခံလာရတော့မှာ သေချာတယ်... အဲ့ဒါက သေချာပေါက်ကို ဖြစ်လာမှာ...