Chapter 1
ဟုန်ယဲ့မြို့တော်၏ အစွန်အဖျား .. အနောက်တောင်ဘက်ရှိ စျေးတန်းရပ်ကွက်
နေရောင်ခြည်ကို မြင်တွေ့ရသည်နှင့် တစ်ပြိုင်နက် ဝန်းကျင်တစ်ခွင်လုံး သက်ဝင်လှုပ်ရှားလာတော့၏။
အမဲလိုက် ထွက်ကြမည့် ကြေးစားတပ်သားများ၊ အနီးဝန်းကျင်ရှိ လယ်ကွင်းနှင့် စိုက်ခင်းများတွင် အလုပ်ဆင်းကြသူ များနှင့် အစွန်အဖျား နေရာများတွင် နေထိုင်ကြသူများ .... အမျိုးမျိုးအဖုံဖုံသော လူများသည် နေ့စဉ်ဓူဝ လိုအပ် သည်များကို ဝယ်ယူရန် အလို့ငှာ မိုးမလင်းခင်ကတည်းကပင် မြို့ထဲသို့ ရောက်လာကြ၏။
အမဲလိုက်ကြသည့် ကြေးစားတို့၏ ပိုက်ဆံအိတ်မှာ အလျော့ရဲဆုံးဖြစ်ရာ ယေဘုယျအားဖြင့် မြို့ထဲရှိ ဈေးအကြီးဆုံးဆိုင်များက ထိုသူများကိုသာလျှင် ရောင်းချကြပေသည်။
လယ်ကွင်းနှင့် စိုက်ခင်းအလုပ်သမားများမှာလည်း သာမန်ဝင်ငွေသာ ရှိကြသည့်တိုင် အခြေကျသည့် အလုပ်ကို ပိုင်ဆိုင်ထားသည့်အတွက် စျေးဝယ်ထွက်ရာတွင် လက်ဖွာကြ၏။ အလုပ်ရှုပ်သက်သာစေရန် အလို့ငှာ စားစရာ ဝယ်ယူရာတွင် ရက်ပေါင်းများစွာ စားသောက်၍ ရနိုင်လောက်သည့် ပမာဏမျိုးကို တစ်ပြိုင်တည်း ဝယ်ယူလေ့ ရှိကြသည်။
စျေးဝယ်ရာ၌ လွန်စွာ ခေါင်းမာကြသူများမှာမူ ဤဆင်ခြေဖုံးဒေသ၌ပင် ရုန်းကန်လှုပ်ရှားနေကြရသူများ ဖြစ်ပေသည်။ အများစုက တစ်နေ့စာတစ်နေ့သာ ဝယ်ယူလေ့ရှိကြကာ စျေးအချိုဆုံး ပစ္စည်းကိုသာလျှင် ထာဝစဉ် ရွေးချယ်တတ်ကြ၏။
“တူရကီအမဲသားတွေ စျေးချိုချိုနဲ့ရမယ်နော် ...”
“အာလူးထောင်း တစ်ပေါင်မှ နှစ်ယွမ် ...”
“အစေ့အဆန်မျိုးစုံ တစ်ပွဲမှ လေးယွမ် ...”
...
လမ်းဘေးရှိ နှစ်ထပ်အဆောက်အဦးငယ်တစ်လုံး၏ ဒုတိယထပ် အိပ်ခန်းထဲတွင် ... ရှဲ့ယွင်နန်သည် ပြတင်းပေါက် အပြင်ဘက်ရှိ ဆူညံသံများကြောင့် နိုးထလာခဲ့၏။ ပြတင်းပေါက်ကို ဖွင့်ကာကြည့်လိုက်သည့်အခါ ထုံးစံအတိုင်း ဆိုင်ခန်းများဖြင့် ပြည့်နှက်နေသော စျေးလမ်းမကို တွေ့မြင်လိုက်ရသည်။
စားစရာမျိုးစုံ၏ ရနံ့အဖုံဖုံကို တစ်ဝကြီး ရှုရှိုက်လိုက်ပြီးသည့်နောက် သူ့အိမ်ဘေးတွင် ဆိုင်ခင်းနေသည့် အဘွားဝမ်အား လှမ်းအော်ပြောလိုက်၏။
“အဘွားဝမ် ကျွန်တော့်ကိုလည်း ပန်ကိတ်တစ်ချပ် လုပ်ပေးပါဦး ကြက်ဥနှစ်လုံး ထည့်မှာနော် ...”
အဘွားဝမ်က ပြုံးလျက် ပြန်ဖြေလိုက်၏။
“ဟုတ်ပြီ ...”
ထို့နောက် သူ့အိမ်၏ ညာဘက်ခြမ်းတွင် ဆိုင်ဖွင့်နေသည့် အဘိုးကျိုးကို တစ်ဖန် ပြောလိုက်ပြန်သည်။
“အဘိုးကျိုးရေ ကျွန်တော့်အတွက် ကြက်သားကို အတုံးလိုက်လေးတွေ ကြော်ပေးနော် ...”
အဘိုးကျိုးကလည်း သူ့ကို ခပ်ပြုံးပြုံးပင် ပြန်ပြောလိုက်၏။
“ကောင်းပြီ ...”
စားစရာ မှာယူပြီးနောက် ရှဲ့ယွင်နန်သည် ပြတင်းပေါက်ကို ပြန်ပိတ်ကာ အဝတ်အစား လဲလှယ်လိုက်၏။
“ဝုတ် ဝုတ် ဝုတ် ...”
အိပ်ယာထဲမှ ခွေးဟောင်သံတစ်ခု ထွက်ပေါ်လာ၏။ နှင်းသဖွယ် ဆွတ်ဆွတ်ဖြူသည့် အမွေးနှင့် မြေခွေးတစ်ကောင်နှင့်ပင် ခပ်ဆင်ဆင် တူလှသေးသည့် ခွေးတစ်ကောင်က စောင်ပုံကြားမှ ခုန်ထွက်လာကာ ရှဲ့ယွင်နန်၏ ရှေ့တွင် အူမြူးဝမ်းသာစွာ အမြီးကို လှုပ်ယမ်းနေသည်။
“မောနင်း အရူးလေး ...”
ရှဲ့ယွင်နန်က ခွေးကို ကောက်ချီကာ နမ်းလိုက်ပြီးကာမှ ရင်ခွင်ထဲ ပွေ့ထားလိုက်၏။ ဤ ချစ်စဖွယ် ကောင်းလှသည့် ခွေးပေါက်လေးမှာ သူ၏ အဖော်သားရဲ ဖြစ်ပေသည်။
လူတိုင်းတွင် အဖော်သားရဲတစ်ကောင် ကိုယ်စီ ပိုင်ဆိုင်ထားကြကာ အချို့လူများ၏ အဖော်သားရဲများမှာ တိုက်ခိုက်ရေးစွမ်းအင် ကောင်းမွန်လှ၏။ သို့သော် ကံမကောင်းစွာဖြင့် သူ့အဖော်သားရဲမှာမူ တိုက်ခိုက်ရေးစွမ်းရည် ဗလာနတ္ထိပင်။ ထို့ကြောင့် ရှဲ့ယွင်နန်သည် ဤစွမ်းရည်ကင်းမဲ့ပါသည့် ခွေးပေါက်ကလေး မတော်တဆ မထိခိုက်စေရန် အလို့ငှာ သူ့ကို ထုတ်ပြလေ့ မရှိချေ။
အကယ်၍ မထိခိုက်သည့်တိုင် သူ၏ အဖြူရောင်အမွေးများ ညစ်ပေသွားပါလျှင် သန့်ရှင်းရေးလုပ်ရန် အခက်တွေ့ လွန်း၍ ဖြစ်သည်။
ဒီခွေးကို နည်းနည်းလေးမှကို ရေချိုးမပေးချင်ဘူး !!!!
ပြင်ဆင်ထုပ်ပိုးပြီးနောက် ရှဲ့ယွင်နန်သည် အောက်ထပ်သို့ ဆင်းလာလိုက်သည်။
သူ့အိမ်မှာ နှစ်ထပ်အဆောက်အဦးဖြစ်ကာ ဒုတိယထပ်တွင် လူနေပြီး ပထမထပ်တွင်မူ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ပေသည်။ သူသည် အဘိုးဖြစ်သူ ချန်ရစ်ခဲ့သည့် ကားပြင်ဆိုင်ကို အမွေအဖြစ် ပိုင်ဆိုင်ထားသူဖြစ်သည်။
ရှဲ့ယွင်နန်မှာ မိဘမဲ့တစ်ဦး ဖြစ်သော်ငြား ကံအကျိုးပေးမှာမူ ကောင်းမွန်လှသည်။ ရေထဲသို့ မျောခြင်း ခံခဲ့ရသည့်တိုင် ရေမနစ်ခဲ့။ မြစ်ကမ်းပါးတစ်လျောက် မျောပါလာကာ အဘိုးဖြစ်သူ၏ ဆယ်ယူမွေးစားခြင်းကို ခံခဲ့ရသည်။
ဤမြို့တွင်ပင် ကြီးပြင်းလာကာ အဘိုးဖြစ်သူထံမှ ကားများအား မည်ကဲ့သို့ ပြုပြင်ရမည်ကို သင်ယူခဲ့သည့်အပြင် မည်ကဲ့သို့ မွမ်းမံပြင်ဆင်ရမည်ကိုပါ လေ့လာနိုင်ခဲ့၏။
သူ့လက်ရှိ အရည်အချင်းဖြင့် မွမ်းမံပြင်ဆင်နိုင်သည့် ကားအရေအတွက်မှာ အကန့်အသတ် ရှိသော်ငြား ငွေအမြောက်အများ ဝင်နေဆဲပင်။ ဆင်ခြေဖုံးဒေသရှိ ဤမြို့တွင်မူ သူ့ကို လူချမ်းသာတစ်ဦးဟု မှတ်ယူနိုင်ပေသည်။
သူ့အိမ်မှာ များစွာ မကြီးလှ။ ၉၀ စတုရန်းမီတာမျှသာ ရှိပေသည်။
ဒုတိယထပ်တွင် မီးဖိုချောင်၊ ထမင်းစားခန်း၊ ရေချိုးခန်းနှင့် အိပ်ခန်းနှစ်ခန်း ရှိသည်။ အောက်ထပ်တွင်မူ တောင်ဘက်ကို မျက်နှာမူထားသည့် အခန်းကျယ်ကြီးနှစ်ခန်း ရှိနေပြီး အထဲတွင် ကြီးမားသည့် ကားတစ်စီး ရပ်နား နိုင်ကာ စက်ပစ္စည်းကိရိယာများနှင့်အတူ ပြင်ဆင်မွမ်းမံခြင်းကို ဆောင်ရွက်နိုင်ပေသည်။
အပေါ်ထပ်မှာ အဆင်ပြေသော်ငြား အောက်ထပ်မှာမူ အတော်လေး ကျဉ်းမြောင်းလှ၏။ တစ်ခါတစ်ရံတွင် အမျိုးမျိုးသော ကားပစ္စည်းအစိတ်အပိုင်းများကို ထားရန် နေရာလွတ်ပင် မရှိတတ်ချေ။ လှေကားတစ်ဖက်တစ်ချက် စီတွင် ကားပစ္စည်းအစိတ်အပိုင်းများဖြင့် ပြည့်နှက်နေကာ အလယ်တွင် လူသွားရန် လမ်းကျဉ်းလေးတစ်ခုသာ ရှိပေသည်။
ရှဲ့ယွင်နန်က အမျိုးမျိုးသော ပစ္စည်းပုံများကို ကျော်ရင်းခွရင်း တံခါးကို ဆွဲမကာ စားစရာရှိရာဆီသို့ ထွက်လာလိုက်သည်။
တောက်ပနေသည့် နေရောင်အောက်တွင် အသက်ကို ပြင်းပြင်းရှူထုတ်လိုက်၏။
ဂိုထောင်တစ်ခုလုံး ဆီချေးအနံ့များဖြင့် ပြည့်နှက်နေရာ တံခါးကို ဖွင့်လိုက်မှသာ လေကောင်းလေသန့်ကို ရှူရှိုက်ရတော့သည်။
သူက အဘွားဝမ်ထံမှ ပန်ကိတ်ကို ဦးစွာ သွားယူလိုက်ပြီးကာမှ အဘိုးကျိုးထံမှ ကြက်သားတုံးကြော်ကို ယူရန် ထွက်လာလိုက်သည်။
အဘိုးကျိုး၏ အဖော်သားရဲမှာလည်း သူနှင့် အလားတူပင်၊ ခွေးတစ်ကောင် ဖြစ်ပေသည်။
ထိုခွေးမှာ လွန်စွာ ကျုံလှီကာ ကျောပြင်တစ်လျောက် အမွေးဟူ၍ မရှိသလောက်နီးနီး၊ ကျောရိုးများကိုပင် အလွယ်တကူ ရေတွက်၍ ရနိုင်လောက်သည့်နှယ်ပင်။ လျာတန်းလန်းထွက်လျက် အဘိုးကျိုး၏ ခြေဖဝါးပေါ် လှဲအိပ်နေ၏။
ရှဲ့ယွင်နန် အနားရောက်လာသည်နှင့် တစ်ပြိုင်နက် ၎င်းက သူ့ခြေထောက်အနား တိုးသွားကာ အမြီးကို ယမ်းခါလျက် ခြေထောက်ကို ခေါင်းဖြင့် တိုးဝှေ့တော့သည်။
အဘိုးကျိုးက ကြက်သားကြော်ထုပ်ကို ဖွင့်ပေးရင်း ပြောလိုက်သည်။
“အားဟွမ်က မင်းကို အရမ်း သဘောကျနေတာ ...”
ထိုခွေး၏ အရောင်မှာ ကာကီရောင် ဖြစ်သည့်အတွက် “အားဟွမ်”ဟု ခေါ်ခြင်းဖြစ်သည်။
“ဟုတ်တာပေါ့ ကျွန်တော်က အရမ်းကို လူကြိုက်များတာကို ...”
ရှဲ့ယွင်နန်က ရယ်သံနှောကာ ပြန်ပြောရင်း ကြက်ကြော်ဖိုး ပေးလိုက်သည်။
ပုံမှန်အားဖြင့် လူများသည် မွေးကတည်းက အဖော်သားရဲကိုယ်စီ ရှိလာကြပြီးဖြစ်သည်။ သားရဲများမှာ ပိုင်ရှင်၏ စိတ်သဘောနှင့် တစ်ထပ်တည်းဖြစ်ကာ သူတို့၏ ခံစားချက်များမှာလည်း ပိုင်ရှင်၏ ခံစားချက်များကို ကိုယ်စားပြု သည်။
ထို့ကြောင့် အားဟွမ်က သူ့ကို သဘောကျခြင်း မဟုတ်ဘဲ အဘိုးကျိုးက သဘောကျခြင်းဖြစ်ကြောင်း ထင်ရှားလှပေသည်။
ဘယ်သူကများ သူ့ကို ဒီမြို့မှာ လူကြိုက်အများဆုံး ယောကျ်ားလေးဖြစ်အောင် လုပ်ပေးခဲ့ပါလိမ့် ...
ရှဲ့ယွင်နန်က သူ့ဆိုင်ထဲသို့ ပြန်ကာ ပန်ကိတ်နှင့် ကြက်သားကြော်ကို ဆိုင်ရှေ့တွင် ထိုင်စားနေလိုက်သည်။
များမကြာမီ သူ့လက်ထဲရှိ ကြက်သားကြော်ကို သွားရည်တမြားမြားကျကာ ငေးကြည့်ရင်း အဖော်သားရဲ ကိုယ်စီ ဖြင့် ပြေးလာကြသော ပိန်လှီသည့် ကလေးအချို့ကို တွေ့လိုက်ရသည်။
ရှဲ့ယွင်နန်က ကြက်ကြော်တစ်တုံးကို ပါးစပ်ထဲ ပစ်ထည့်ကာ အိတ်ထဲရှိ ကျန်ကြက်ကြော်အားလုံးကို သူတို့ထံ ပေးလိုက်၏။
“ကိုယ့်ဘာသာကိုယ် ခွဲစားလိုက်ကြ ...”
“ကျေးဇူးပါ အစ်ကိုကြီး ..."
ကလေးများက စက္ကူအိတ်ကို ကိုင်ကာ ဝေခြမ်းစားရန် အလို့ငှာ ဘေးဘက်သို့ ထွက်သွားလိုက်ကြသည်။
မနက်စာ စားပြီးနောက် ရှဲ့ယွင်နန်သည် အပေခံအပေါ်ဝတ်စုံကို လဲပြီး အလုပ်စမည်ပြုစဉ် မြောက်များစွာသော မော်တော်ဆိုင်ကယ်များက ဈေးတန်းထဲသို့ ရုတ်ချည်း ရောက်လာ၏။
အရှိန်အဟုန်ပြင်းစွာဖြင့် မောင်းနှင်လာသော ဆိုင်ကယ်များကြောင့် လမ်းမတစ်ခုလုံး ဖုန်မှုန့်များဖြင့် ပြည့်နှက်သွားကာ စက်သံများမှာလည်း လေသံလှိုင်းသံများနှင့် နှိုင်းယှဉ်၍ ရလုမတတ် ပြင်းထန်လှသည်။
ထိုထဲရှိ နောက်ဆုံးဆိုင်ကယ်က ရှဲ့ယွင်နန်၏ ဆိုင်တံခါးဝရှေ့တွင် ရုတ်ချည်း ရပ်တန့်သွားသည်။
မြို့ထဲရှိ လမ်းများမှာ ကတ္တရာလမ်း မဟုတ်။ မြေသားလမ်းသာ ဖြစ်ကာ များစွာ ကျယ်ဝန်းလှသည့်အတွက် ကားသေးတစ်စီး မဆိုထားနှင့်၊ ကုန်တင်ကားငယ်နှစ်စီးပင်လျှင် ဘေးချင်းယှဉ်လျက် ရပ်တန့်နိုင်ပေသည်။
သို့သော် ထိုမော်တော်ဆိုင်ကယ်များမှာမူ လွန်စွာ လျင်မြန်လွန်းလှ၏။
အချို့က ကြောက်လန့်လွန်း၍ လမ်းဘေးတွင် ပုန်းအောင်းလိုက်ကြကာ အချို့သူများ၏ အဖော်သားရဲများမှာမူ လှုပ်ပင် မလှုပ်ရှားနိုင်၊ လမ်းဘေးတွင်သာ ကြောက်ဒူးတုန်လျက် ရှိနေတော့သည်။
ကလေးများ၏ လက်ထဲရှိ ကြက်ကြော်များပင်လျှင် ဖုန်အလိမ်းလိမ်း ကပ်ငြိသွား၏။
ရှဲ့ယွင်နန်က အနည်းငယ် မပျော်မရွှင် ဖြစ်သွားသော်လည်း ထိုခံစားချက်ကို အမြန် ပြန်လည်ဖိနှိပ်လိုက်သည်။
သူသည် ကားများကို လွန်စွာ သဘောကျသူဖြစ်ရာ ထိုမော်တော်ဆိုင်ကယ် တစ်စီးချင်းစီကပင်လျှင် သန်းပေါင်းများစွာ တန်ကြေးရှိကြောင်းကို တစ်ချက်မျှ ကြည့်ရုံဖြင့်ပင် ပြောနိုင်ပေသည်။
ဤကဲ့သို့သော မော်တော်ဆိုင်ကယ်မျိုး ပိုင်ဆိုင်ထားသူများကို သူ့အနေဖြင့် အပြစ်မပြုနိုင်။
ထိုစဉ် အနီရောင်မော်တော်ဆိုင်ကယ်ပေါ်မှ အမျိုးသားတစ်ဦး ဆင်းလာ၏။
သူက ဦးထုပ်ကို ချွတ်ကာ ဆိုင်ကယ်၏ နောက်ကြည့်မှန်ပေါ် ပစ်တင်လိုက်သည်။ အနည်းငယ် ရှည်လျားလှသည့် ဆံပင်ကို နောက်လှန်တင်ကာ ငယ်ရွယ်ချောမောလှသည့် မျက်နှာကို လှစ်ဟပြလိုက်၏။
ထို အသက် ၂၀ ဝန်းကျင်အရွယ်ခန့်သာ ရှိသေးသည့် ခပ်ချောချောအမျိုးသားက မျက်ခုံးတို့ တွန့်စုထားလျက် ရှဲ့ယွင်နန်ကို လှောင်ရယ်လိုက်သည်။
“ဘာမှလည်း ထူးခြားနေတာမျိုး မရှိဘဲနဲ့များ ... ရုပ်ကလည်း ဆိုးနေသေး ...”
ရှဲ့ယွင်နန်မှာလည်း မြွေပွေးတစ်ကောင်နှင့် အကြည့်ချင်း ဆုံနေရလေသလားဟုပင် ခံစားမိနေသည်။
“မင်းက ဘယ်သူလဲ ...”
လူငယ်လေး၏ မျက်ဝန်းအစုံတို့ အနည်းငယ် မှေးကျဉ်းသွားသည်။
“ငါ့နာမည်က ယန်ယုကော ပြီးတော့ လျောင်မုယဲ့နဲ့ စေ့စပ်ထားတဲ့သူ ငါ မင်းကို သတိပေးလိုက်မယ် လျောင်မုယဲ့ကို ကပ်နေဖို့ မကြိုးစားနဲ့ မဟုတ်လို့ကတော့ ...”
သူ့စကား မဆုံးခင်မှာပင် ကျားသစ်တစ်ကောင် ခုန်ထွက်လာကာ ပါးစပ်ကို ဟလျက် ရှဲ့ယွင်နန်ကို လည်မျိုကို ကိုက်ခဲတော့မယောင် လုပ်ပြလိုက်၏။
ဒါက အဖော်သားရဲ မဟုတ်လား ဒီလူက သူ့ကို အဖော်သားရဲသုံးပြီး သတ်ချင်နေတာလား ...
ရှဲ့ယွင်နန်က ကျားသစ်၏ ပါးစပ်ဖျားတွင် အသက်ပေးလိုက်ရတော့မည်ဟု ခံစားမိ၍ ချက်ခြင်း နောက်သို့ ဆုတ်လိုက်သည်။
ကံကောင်းထောက်မစွာဖြင့် ထိုကျားသစ်က သူ့လည်ပင်းကို ကိုက်ခဲခြင်း မပြုခဲ့။ ထိုအစား ပုခုံးကို လက်သည်းဖြင့် ဖိလျက်သာ မြေပေါ်သို့ ကိုင်ပေါက်ခဲ့ပေသည်။
သူ့အိမ်ရှေ့တွင် ပစ္စည်းအမျိုးမျိုး ပြန့်ကြဲနေရာ ကိုင်ပေါက်ခံလိုက်ရသည်နှင့် တစ်ပြိုင်နက် ရှဲ့ယွင်နန်သည် နာကျင်မှုကို ချက်ခြင်း ခံစားလိုက်ရတော့သည်။ ထို့အပြင် ကျားသစ်၏ ချွန်ထက်လှသော လက်သည်းများကလည်း သူ့အဝတ်အစားကို ဖြတ်ကာ အသားထဲသို့ နစ်ဝင်သွားသည်။
ချက်ခြင်းပင် ပုခုံးနှစ်ဖက်လုံး သွေးခြင်းခြင်းနီရဲလာတော့သည်။
ရှဲ့ယွင်နန်က နာကျင်တကြီး အော်ဟစ်လိုက်၏။
ယန်ယုကော၏ နောက်ပါးစီမှ မော်တော်ဆိုင်ကယ်မောင်းနှင်သူများကလည်း သူ၏ ရှက်ရွံ့ဖွယ် သွင်ပြင်သဏ္ဌာန်ကို တစ်ညီတစ်ညာတည်း လှောင်ပြောင်ရယ်မောလိုက်ကြသည်။
သူ့ကို စိုက်ကြည့်နေသည့် ယန်ယုကော၏ နှုတ်ခမ်းထောင့်စွန်းတို့လည်း မသိမသာ ကော့တက်သွားသည်။
ကျားသစ်က လက်သည်းတို့ကို တစ်ဖြည်းဖြည်းချင်း ပြန်သိမ်းကာ ရှဲ့ယွင်နန်ကို အထင်အမြင်သေးစွာဖြင့် စိုက်ကြည့်ပြီးကာမှ အမြီးကို ခါယမ်းလျက် ယန်ယုကော၏ ဘေးတွင် ပြန်ဝပ်နေလိုက်၏။
“လျောင်မုယဲ့က ငါ့အပိုင် မင်း ကောင်းကောင်းမွန်မွန် ပြုမူ ...”
ယန်ယုကောက ကျားသစ်၏ ခေါင်းကို ပုတ်ပေးရင်း ပြောလိုက်သည်။ အဖော်သားရဲကို ဘေးပို့ကာ ဦးထုပ်ကို ဆောင်းလျက် ပြန်ထွက်သွားပြီး ကျန်သူများကလည်း ရှဲ့ယွင်နန်ကို လှောင်ပြောင်ရယ်မောရင်း ထွက်ခွါသွားကြသည်။
ထိုသူများက သူ့ကို ခြိမ်းခြောက်လိုသည့်နှယ် လေချွန်သံပေးလျက် လှစ်ခနဲ ပြန်ထွက်သွားကြ၏။ ရှဲ့ယွင်နန်က မြေပေါ်မှ ထလာရာ ပုခုံးကို အတင်း ဖျစ်ညှစ်လိုက်သလို ဖြစ်သွားသည့်အတွက် နာကျင်မှုက တစ်ကိုယ်လုံးအနှံ့ ပျံ့နှံ့သွားသည်။
ဒီလူက တကယ်ကို ရူးနေတာပဲ ...
သူက ဘယ်တုန်းက လျောင်မုယဲ့ကို ကပ်ခဲ့ဖူးလို့လဲ ...
“ဘယ်လိုလူမျိုးလဲဟ ...”
“ယွင်နန် မင်းက ဒဏ်ရာရသွားတာ ဆေးလိမ်းမှ ရမယ်နော် ...”
“ငါ့ဆီမှာ ဒဏ်ကြေလိမ်းဆေး ရှိတယ် ...”
“လျောင်မုယဲ့နဲ့ စေ့စပ်ထားတဲ့သူက ရူးနေတာလား ...”
...
ဘေးနားရှိ လူများ သူ့အနားသို့ ဝိုင်းအုံလာကာ တွဲထူလျက် ထိုင်ခုံပေါ် ထိုင်စေလိုက်သည်။
အားလုံးမှာ အိမ်နီးနားချင်းများ ဖြစ်ကြသည့်အတွက် ရှဲ့ယွင်နန်နှင့် လျောင်မုယဲ့တို့သည် သာမန်အသိအကျွမ်းမျှသာဖြစ်ကြောင်း အားလုံး သိကြပေသည်။
ဒါတောင်မှ ရှဲ့ယွင်နန်ကို စကားကြမ်းတွေ ပြောတဲ့အပြင် နာကျင်အောင် လုပ်တဲ့သူမျိုး ပေါ်လာသေးတယ် ...
ရှဲ့ယွင်နန်က အရမ်းကို သနားဖို့ ကောင်းတာပဲ ...
ရှဲ့ယွင်နန်ကလည်း သူ့ကိုယ်သူ သနားဖို့ကောင်းသည်ဟု ခံစားမိပေသည်။
နွေရာသီဖြစ်သည့်အလျောက် အင်္ကျီလက်တိုကို ဝတ်ဆင်ထားရာ ကျားသစ်၏ လက်သည်းတို့က သူ့အင်္ကျီကို အလွယ်တကူ ထိုးဖောက်၍ ပုခုံးနှစ်ဖက်လုံးကို ဒဏ်ရာ ဖြစ်စေခဲ့သည့်အတွက် သွေးများ အမြောက်အများ ထွက်လာခဲ့သည်။
အိမ်နီးချင်းများက သူ့အင်္ကျီကို ဖြဲပြီး အမြန် ဆေးထည့်ပေးလိုက်သည်။ .. ရှဲ့ယွင်နန်သည် နာကျင်မှုကိုသာမက ကံဆိုးမိုးမှောင်ကျမှုကိုပါ တစ်ပါတည်း ခံစားလိုက်ရ၏။
ဒါက တကယ်ကို ကပ်ဘေးကြီးပဲ ...
သူက ယန်ယုကော ပြောသကဲ့သို့ လျောင်မုယဲ့နှင့် နည်းနည်းမျှပင် ရင်းနှီးခြင်း မရှိ၊ သိရုံမျှသာ ဖြစ်သည်။
လျောင်မုယဲ့ကို ပြီးခဲ့သည့် တစ်လကျော်ခန့်ကမှ တွေ့ခဲ့ခြင်း ဖြစ်သည်။
ထိုစဉ်က အသက် ၁၇/ ၁၈ နှစ်အရွယ် သခင်ငယ်လေးတစ်ဦးက မြို့တော်မှ ရောက်လာ၏။ နီရဲသော နှုတ်ခမ်း၊ ဖြူဖွေးသန့်စင်နေသော အဝတ်အစားတို့ကို အကဲခတ်ရုံမျှဖြင့်ပင် ထိုသူမှာ တစ်ဘဝလုံး အလိုလိုက် အကြိုက်ဆောင်မှုတို့ဖြင့် ကြီးပြင်းလာသူဖြစ်ကြောင်း သိနိုင်ပေသည်။
ဆင်ခြေဖုံးဒေသမှာ ပင်မခရိုင်၊ အများပြည်သူ နေထိုင်ရာ သာမန်ခရိုင်တို့နှင့် လားလားမျှ မတူ။ လူအမျိုးမျိုး ပေါင်းစု နေထိုင်ကြရာ ထိုသခင်လေးအဖို့ အလွယ်တကူ ပြန်ပေးဆွဲခံရနိုင်သည့် အနေအထားမျိုးတွင် ရှိနေပေသည်။
ရှဲ့ယွင်နန်က အသားရောင်းသည့် အစ်မဝူကို အကဲခတ်ကာ ထိုသခင်ငယ်လေးကို သူ့အိမ်ထဲသို့ ဆွဲခေါ်လာလိုက်သည်။ တစ်ခုခု ဖြစ်သွားမည်ကို ကြောက်ရွံ့စိတ်ကြောင့် ထိုသခင်ငယ်လေးကို သူ့အိမ်ထဲ ခေါ်သွင်း ပြီးကာမှပင် သက်ပြင်းချနိုင်တော့သည်။
ထိုသခင်ငယ်လေးက အိမ်မှ ထွက်ပြေးလာခြင်းဖြစ်ကာ သူ့အကြောင်းများအား ပြောပြရန်လည်း ငြင်းဆန်နေသည့် အတွက် ရှဲ့ယွင်နန်သည် သူ့အိမ်တွင်သာ နေထိုင်ခွင့် ပြုထားလိုက်ရတော့သည်။
ထိုသခင်လေးက သူ့အိမ်တွင် ၇ ရက် ၈ ရက်ခန့် နေထိုင်ခဲ့၏။ သို့သော် သူ နေထိုင်ရသည့် ပုံစံနှင့် ပတ်သက်၍ နေ့ညမပြတ် စောဒကတက်နေကာ ထို့နောက်တွင် လျောင်မုယဲ့ ရောက်လာတော့သည်။
ထိုသခင်ငယ်လေးမှာ ဟုန်ယဲ့မြို့တော် ပင်မခရိုင်ရှိ လျောင်မိသားစု၏ ပဉ္စမသခင်လေး၊ တစ်နည်းအားဖြင့် လျောင်မုယဲ့နှင့် ဝမ်းကွဲတော်စပ်သူ လျောင်ရှင်းယွမ်ပင်ဖြစ်သည်။
လျောင်မုယဲ့ ... လျောင်မုယဲ့မှာမူ ဟုန်ယဲ့မြို့တော်ရှိ လူငယ်မျိုးဆက်သစ်များအကြား အထူးချွန်ဆုံးသူတစ်ဦး ဖြစ်သည်။ သူသည် အသက်ငယ်ရွယ်စဉ်ကတည်းကပင် စတုတ္ထအဆင့် တိုက်ခိုက်သူ အဖြစ်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး သူ့အကြောင်းကို တီဗီမှတစ်ဆင့် အချိန်ပြည့် ကြားသိနေရပေသည်။
ဟုန်ယဲ့မြို့တော်ရှိ လူငယ်များစွာက သူ့ကို လေးစားကြပြီး ထိုထဲတွင် ရှဲ့ယွင်နန်လည်း တစ်ဦးအပါအဝင် ဖြစ်သည်။ တီဗီပေါ်တွင်သာ မြင်တွေ့နေရသူကို ချက်ခြင်းလက်ငင်း ကိုယ်တိုင် ကြုံတွေ့လိုက်ရသည့်အခါ ဟန်မဆောင်နိုင်လောက်အောင်ပင် စိတ်လှုပ်ရှားလာတော့သည်။
သို့သော် ထိုအချိန်က လျောင်မုယဲ့က သူ့ကို အာရုံစိုက်လိုခြင်း အလျဉ်းမရှိသည့်အတွက် စကားပြောရန် အခွင့်မရခဲ့။
ထို့နောက် လျောင်ရှင်းယွမ်က သူ့ထံ မကြာခဏ လာရောက်လည်ပတ်ကာ ထိုသို့ လည်ပတ်ချိန်တိုင်း လျောင်မုယဲ့က လာကြိုပေးရသည့်အတွက် အကြိမ်အနည်းငယ်ခန့် ထပ်မံတွေ့ဆုံရပြန်သည်။
သို့သော် အစမှ အဆုံးအထိ လျောင်မုယဲ့သည် သူ့ကို အနည်းငယ်မျှပင် အမှုမထား။ သူကိုယ်တိုင်ကလည်း ဤကဲ့သို့ အေးစက်လှသူတစ်ဦးကို နွေးနွေးထွေးထွေး မဆက်ဆံလိုသည့်အတွက် လျောင်မုယဲ့နှင့် စကားပြောဖူးသည့် အရေအတွက်မှာ လက်တစ်ဖက်စာပင် မပြည့်ချေ။
တစ်ယောက်နဲ့တစ်ယောက် ဘာမှ မလုပ်ဘဲနဲ့လည်း အခြိမ်းခြောက်ခံရသေးတာပဲလားဟ ...
ဒီ ယန်ယုကောကတော့ သူ့ဦးနှောက်က တစ်ခုခု မှားနေတယ်ထင်တယ် ...
ရှဲ့ယွင်နန်က အမျိုးသားများကို ကြိုက်နှစ်သက်သည့်တိုင် သူသည် နူးညံ့ညင်သာကာ ချစ်စဖွယ်ကောင်းလှသည့် ယောကျ်ားလေးမျိုးကိုသာ သဘောကျ၏။ အမှန်အတိုင်း ပြောရပါလျှင် လျောင်ရှင်းယွမ်ကပင်လျှင် လျောင်မုယဲ့ထက်ပို၍ သူ့အကြိုက်နှင့် ကိုက်ညီနေသေးသည်။
လျောင်ရှင်းယွမ်မှာ နူးညံ့ညင်သာခြင်း မရှိသည့်တိုင် ချစ်စရာကောင်းသည်ဟု သတ်မှတ်၍ ရသေးသည်။ လျောင်မုယဲ့မှာမူ သူနှင့်မတူ၊ အရပ်ရှည်လျားသည့်အပြင် ကြွက်သားထုထည်ကလည်း တောင့်တင်းလွန်းလှ၏။ ရှဲ့ယွင်နန်က ထိုကဲ့သို့သော ပုံစံမျိုး ဖြစ်ချင်သည့်တိုင် ထိုကဲ့သို့သော ပုံစံမျိုးနှင့်မူ မချစ်ကြိုက်လိုပေ။
အကယ်၍ လျောင်မုယဲ့ကို ချစ်မိလျင်ပင် ... တစ်ဖက်သူသည် မိသားစုကြီးတစ်ခု၏ သခင်လေးဖြစ်ကာ သူကမူ ဆင်ခြေဖုံးတွင် နေထိုင်သည့် သာမန်သူတစ်ယောက်မျှသာ ဖြစ်သည့်အတွက် လျောင်မုယဲ့ကို တပ်မက်စွဲလမ်းနိုင်ရန် အရည်အချင်း မပြည့်မီနိုင်ချေ။
ဘေးနားရှိ လူများက ဆက်တိုက် ဝေဖန်နေကြဆဲပင်။ ထိုသူတို့၏ အကူအညီဖြင့် ဒဏ်ရာကို ပတ်တီးစည်းပြီးနောက် သက်ပြင်းအသာချလိုက်သည်။ ဒဏ်ရာမှာ များစွာ မနက်ရှိုင်းရာ သွေးလည်း အမြန် တိတ်သွားသည့်အတွက် ရက်အနည်းငယ်အတွင်း၌ပင် ပြန်လည်သက်သာလာနိုင်ပေသည်။
ဆင်ခြေဖုံးဒေသတွင် နေထိုင်ကြသူများမှာ မကြာခဏ ထိခိုက်ဒဏ်ရာရလေ့ ရှိကြသည့်အတွက် အသေးစား ဒဏ်ရာများမှာ အဆန်းမဟုတ်လှချေ။
သို့သော် သူကမူ အမှန်တကယ် ဒေါသထွက်နေမိ၏။
“ဒီလူက တကယ်ကို စိတ်ရူးဖောက်နေတာပဲ ...”
“ဟုတ်တယ် ...”
“သူ့ဘာသာသူ လျောင်မုယဲ့ကို လိုက်မှာ မလိုက်ဘဲ တစ်ခြားသူကို လာခြိမ်းခြောက်နေတယ် ...”
“ရှောင်ရှဲ့လေးက တကယ်ကို သနားစရာပဲ ...”
“အဲဒီ့ လူချမ်းသာတွေကလေ ဘယ်တော့မှ တစ်ခြားသူကို ထည့်မစဉ်းစားပေးတတ်ကြဘူး ...”
“ရှဲ့ရှဲ့ရေ သည်းခံလိုက်ပါ အဲဒီ့ မော်တော်ဆိုင်ကယ်က သန်းနဲ့ချီပြီး တန်တာနော် ဦးထုပ်တစ်လုံးကတင် ယွမ် ငါးသောင်း ခြောက်သောင်းလောက် ရှိမှာဆိုတော့ .. ငါတို့တွေ မတတ်နိုင်ဘူး ...”
...
မြောက်များစွာသော လူများ၏ စိုးရိမ်တကြီး မေးမြန်းပြောဆိုမှုများကို ကြုံတွေ့လိုက်ရသည့်အတွက် ရှဲ့ယွင်နန်လည်း ယခင်ကလောက် များစွာ ဒေါသမထွက်မိတော့။
သူ့အနေဖြင့် ယန်ယုကောကို အပြစ်ပြုမိ၍ မရကြောင်း သူကိုယ်တိုင်လည်း ကောင်းကောင်းသိထားရာ အနိုင်ကျင့်ခံရသည့်တိုင် သည်းခံနေရုံသာ ရှိပေသည်။
အားလုံးကို ပြန်ခိုင်းလိုက်ပြီးနောက် ရုတ်ချည်း မူးဝေလာပြီး သူ့စိတ်ထဲတွင် ထူးဆန်းလှသည့် မှတ်ဉာဏ်အချို့ ထွက်ပေါ်လာတော့သည်။
သူ၏ တိုတောင်းလှသော ကိုယ်ပိုင်ဘဝလေးကို မြင်တွေ့ခဲ့ရ၏။
🐶1