အပိုင်း ၂
Viewers 7k

Chapter 2



ရှဲ့ယွင်နန်က မျက်နှာတစ်ခုလုံး ဖြူရော်လျက် ထိုင်ခုံပေါ် ထိုင်လိုက်သည်။ 


“ယွင်နန် ဘာဖြစ်လို့လဲ ...”


သူ့ပုံစံကို သတိပြုမိသူတစ်ဦးက မေးလိုက်သည်။ 


“အဆင်ပြေပါတယ် အားလုံးလည်း ကိုယ်လုပ်စရာ ရှိတာကိုပဲ ပြန်သွားလုပ်ကြလေ ...”


ရှဲ့ယွင်နန်က သူ့ဘေးရှိ လူအုပ်ကြီးကို ပြုံးပြကာ ပြောလိုက်သည်။ 


လူတိုင်းတွင် ကိုယ်စီကိုယ်စီ အရေးကိစ္စများ ရှိနေသည့်အပြင် ရှဲ့ယွင်နန်၏ ဒဏ်ရာမှာလည်း များစွာ မပြင်းထန်ရာ ...


မိမိတို့၏ လုပ်ငန်းခွင်သို့ အမြန် ပြန်သွားလိုက်ကြတော့သည်။ 


အဝတ်အစား လဲပြီးနောက် ရှဲ့ယွင်နန်သည် ထိုင်ခုံနောက်မှီကို မှီထိုင်ရင်း သူ့စိတ်ထဲသို့ ရောက်လာသည့် အနာဂတ်နှင့် သက်ဆိုင်သော မှတ်ဉာဏ်တို့ကို စစ်ဆေးလိုက်သည်။


ထိုမှတ်ဉာဏ်တို့က ယန်ယုကော သူ့ထံ ‌ရောက်လာချိန်မှ စတင်ကာ ထွက်ပေါ်လာခြင်းဖြစ်သည်။ 


ထို ရုတ်တရက် ထွက်ပေါ်လာသော မှတ်ဉာဏ်များအရ ယခု အဖြစ်အပျက်အပြီးတွင် သူ့ထံသို့ လျောင်ရှင်းယွမ် ရောက်လာကာ သူ့အား ယန်ယုကော၏ ပေါက်ကရစကားများကို နားမယောင်ရန်နှင့် ထို လက်ထပ်ရန် သဘောတူညီချက်မှာလည်း ကလေးဘဝက မိဘအချင်းချင်း အပျော်သဘောဖြင့် ထားခဲ့သည့် ကတိကဝတ်မျှသာ ဖြစ်သည့်အတွက် အတည်ယူနေရန် မလိုအပ်ကြောင်း၊ ထို့အပြင် လျောင်မုယဲ့ကလည်း သူ့ကို သဘောကျနေကြောင်း ပြောခဲ့သည်။ 


သူက အနည်းငယ်မျှပင် ယုံကြည်ခြင်း မရှိခဲ့သည့်တိုင် လျောင်ရှင်းယွမ်က အခိုင်အမာ ဆက်ပြောနေခဲ့၏။ 


ထို့နောက် လျောင်ရှင်းယွမ်သည် ဒဏ်ရာရနေသူကို စောင့်ရှောက်ပေးမည်ဟု ဆိုကာ ခေါင်းမာစွာဖြင့် ဆက်နေခဲ့သည်။ နောက်ရက်အနည်းငယ် အကြာတွင် လျောင်မုယဲ့က သူ့ကို အတင်း ပြန်လာခေါ်မည် ဖြစ်ကြောင်းမှာမူ မေးနေရန်ပင် မလိုအပ်ချေ။ 


သို့သော် ရက်အနည်းငယ်အကြာတွင် လျောင်ရှင်းယွမ်က နောက်တစ်ကြိမ် ရောက်လာပြန်၏။ 

လဝက်ခန့်အကြာတွင် ဆင်ခြေဖုံးဒေသ၌ မြောက်များစွာသော သားရဲကောင်များ စုပြုံထွက်ပေါ်လာကာ လူသားများကို အချိန်ပြည့် တိုက်ခိုက်နေသည့်အတွက် ဒေသတစ်ခုလုံး ကြီးမားလှသည့် အန္တရာယ်နှင့် ကြုံတွေ့ရတော့သည်။ 


ထိုအချိန်က ဆင်ခြေဖုံးဒေသတွင် နေထိုင်သူအားလုံး အထိတ်တလန့် ဖြစ်ခဲ့ကြပြီး သူနှင့်အတူ နေနေသည့် လျောင်ရှင်းယွမ်သည်လည်း ထပ်တူ ကြောက်လန့်ကာ သူ့အိမ်သို့ ပြန်သွားရန် ပြင်ဆင်တော့သည်။ 


ရလဒ်အနေဖြင့် သူ ထွက်မသွားနိုင်သေးခင်မှာပင် မြို့တစ်ခုလုံး ဝံပုလွေတို့၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ 


သူနှင့် လျောင်ရှင်းယွမ်၏ အဖော်သားရဲတို့မှာ လွန်စွာ အားနည်းသည့်အပြင် တိုက်ခိုက်ရေးစွမ်းရည်လည်း စိုးစဉ်းမျှပင် မရှိ။ သူ့တွင် စွမ်းရည်အနည်းငယ် ရှိနေ၍သာ တော်သေးသည်။ .. သို့သော် မည်မျှပင် တော်နေပါစေ သူသည် တိုက်ခိုက်သူ အဆင့်ပင် မရောက်သေးသည့် သာမန်သူတစ်ဦးသာဖြစ်ကာ ထိုဝံပုလွေများမှာမူ ဟုန်ယဲ့တောအုပ်ထဲရှိ သန္ဓေပြောင်းသားရဲများ ဖြစ်ကြရာ ...


လျောင်ရှင်းယွမ်ကို ကာကွယ်ရင်း ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရသွားတော့၏။ ထိုစဉ် လျောင်မုယဲ့ ရောက်လာကာ သူတို့ကို ကယ်တင်ခဲ့၍သာ တော်သေးသည်။ 


ထိုဖြစ်ရပ်အပြီးတွင် လျောင်မုယဲ့သည် ဆေးကုသမှု ခံယူရန် သူနှင့် လျောင်ရှင်းယွမ်ကို ပင်မခရိုင်သို့ ခေါ်လာခဲ့သည်။ 


ဤသို့ဖြင့် သူ ဆေးရုံကုတင်ထက်၌ လဲလျောင်းနေစဉ်မှာပင် စိတ်ရူးဖောက်နေသည့် ယန်ယုကော ရောက်လာကာ သူ့ကို ကြိမ်ဖန်များစွာ ပြဿနာရှာခဲ့သဖြင့် ဒဏ်ရာများ ပို၍ပင် ဆိုးရွားသွားတော့သည်။ 


ဆေးရုံတွင်ပင် ဆက်မနေနိုင်တော့သည့်အတွက် စောစောစီးစီး ဆင်းလာလိုက်ရတော့သည်။


သူ့ကြောင့်သာ မဟုတ်ပါလျှင် လျောင်ရှင်းယွမ်မှာ အသက်ပင် ရှိတော့မည် မဟုတ်ချေ။ လျောင်ရှင်းယွမ်ကို ကယ်တင်ရင်း သူ့လက်လည်း ဒဏ်ရာရခဲ့သည့်အတွက် ... ဆေးရုံဆင်းသည့်အခါ လျောင်မိသားစုက သူ့ကို ကျေးဇူးတင်လက်ဆောင်အဖြစ် ပင်မခရိုင်ထဲရှိ အိမ်ငယ်တစ်လုံးကို ပေးခဲ့သည်။ 


လက်ဒဏ်ရာကြောင့် ကားပြင်သည့် လုပ်ငန်းကိုလည်း ဆက်လုပ်၍ မရတော့။ ထိုအချိန်တွင် ဆင်ခြေဖုံးမြို့တစ်ခုလုံးမှာလည်း သားရဲကောင်များ၏ လက်တွင်းသို့ ရောက်နှင့်နေပြီဖြစ်သည်။ 


အသက်ရှင်ကျန်ရစ်သူများအားလုံး ပင်မခရိုင်သို့ ပြောင်း‌ရွှေ့လာကြရာ သူသည်လည်း ပင်မခရိုင်တွင် ဆက်လက် နေထိုင်ရင်း အသက်မွေးဝမ်းကြောင်းလုပ်ငန်းတစ်ခုခု လုပ်ကိုင်ရန်သာ ကြံစည်တော့သည်။ 


သို့သော် ပင်မခရိုင်တွင် နေထိုင်ရသည့် ကာလများမှာ သူ့အတွက် လွန်စွာ ခဲယဉ်းလွန်းလှသည်။ အနည်းငယ် အဆင်ပြေတော့မည် ပြုလေတိုင်း တစ်နည်းမဟုတ်တစ်နည်း ပြဿနာ ဖြစ်လာ၏။ 


ထို့အပြင် ယန်ယုကောကလည်း သူ့ကို ကြိမ်ဖန်များစွာ ပြဿနာ လာရှာခဲ့ပြန်သေးသည်။ 


ထို့နောက် နာမကျန်းဖြစ်ကာ လက်မှ ဒဏ်ရာဟောင်း ပြန်ထလာသည့်အတွက် လျောင်ရှင်းယွမ်ထံမှ ပိုက်ဆံချေးရန်မှအပ ‌ရွေးချယ်စရာ မရှိတော့။ သို့သော် လျောင်ရှင်းယွမ်က သူ့ကို မတွေ့ရန် ရှောင်ပုန်းရုံသာမက သူ ရောက်မလာနိုင်ရန်ပင် တားမြစ်လိုက်သေးသည်။


ထို့ကြောင့် အသေအချာ စဉ်းစားကာ လျောင်မိသားစု ပေးထားသည့် အိမ်ကို ရောင်းချ၍ ပင်မခရိုင်မှ ရွှေ့ပြောင်းရန် ဆုံးဖြတ်လိုက်၏။ သို့သော် အိမ်ကို မရောင်းရသေးခင်မှာပင် တိုက်ခိုက်ခံလိုက်ရပြန်သည်။


သူ့ကို မြို့ပြင်အထိ ဆွဲခေါ်လာကာ အထုပ်တစ်ထုပ်ထဲထည့်၍ လွှင့်ပစ်လိုက်၏။ ထိုသူက သူသည် လျောင်မုယဲ့ကို မရပ်မနား အနှောင့်အယှက် ပေးနေ၍ ဤသို့လုပ်ခြင်းဖြစ်သည်ဟုပါ ပြောလိုက်သေးသည်။ 


စောက်ကျိုးနည်း ... အစကနေ အဆုံးအထိ ဒီသခင်ကြီးက လျောင်မုယဲ့ကို နည်းနည်းလေးမှကို အနှောင့်အယှက် မပေးဖူးဘူးကွ ...


သားရဲကောင်များအကြား ရုန်းကန်နေရသည့် သူ့ကို သူ့အဖော်သားရဲ ရှောင်ပိုင်ကသာ ကာကွယ်ပေးခဲ့သော်ငြား တစ်ဖက်ရန်သူမှာ အင်အားပိုများသည့်အတွက် နှစ်ဦးလုံး မရှုမလှ ဇာတ်သိမ်းခဲ့ကြရသည်။ 


ထိုမှတ်ဉာဏ်ကို ဖတ်ကြည့်ပြီးနောက် ရှဲ့ယွင်နန်သည် ‌ဒေါသစိတ်ကြောင့် တစ်ကိုယ်လုံး တုန်ရီလာတော့သည်။


ဘယ်သူ့ကို ရန်စခဲ့မိလို့များ ဒီလောက်အထိ အလဟဿကြီး အသက်ဆုံးသွားရတာလဲ ...


အဲဒီ့ယန်ယုကောကလည်း သေချာပေါက်ကို ရူးနေတာပဲ ဖြစ်ရမယ် ပြီးတော့ ဟို လျောင်မိသားစုက ညီအစ်ကို နှစ်ယောက်ရောပဲ ... တကယ်ကို စနေဂြိုဟ်ဆိုး ဝင်မွှေတာပဲ ...


ဒီအုပ်စုက နည်းနည်းလေးမှကို အဆက်အဆံလုပ်ဖို့ မကောင်းဘူး ...


ရှဲ့ယွင်နန်က ဒေါသထွက်နေရင်းမှာပင် ဖျတ်ခနဲ အတွေးပေါက်လာပြန်သည်။ ...


ဒီမှတ်ဉာဏ်က အမှန်ရော ဟုတ်ပါ့မလား ...


ထိုသို့ တွေးနေစဉ်မှာပင် သူ့ကားဝပ်ရှော့၏ ရှေ့သို့ ကားတစ်စီး ရပ်သံကို ကြားလိုက်ရသည်။ 


ကားတံခါး ပွင့်သွားကာ ရင်းနှီးနေသည့် လျောင်ရှင်းယွမ်၏ မျက်နှာကို တွေ့လိုက်ရ၏။ 


လျောင်ရှင်းယွမ်က ကားပေါ်မှ ဆင်းကာ သူ့အနားသို့ အပြေး ရောက်လာသည်။ 


“ယွင်နန်ကော အဆင်ပြေရဲ့လား ယန်ယုကောက ကောကို ပြဿနာ လာရှာသေးလား ...”


ထိုမြင်ကွင်းမှာ သူ့မှတ်ဉာဏ်ထဲမှ အဖြစ်အပျက်နှင့် တစ်ထပ်တည်းပင်။


ရှဲ့ယွင်နန်၏ နှလုံးသားတစ်ခုလုံး တုန်ရီသွားကာ သူ့မှတ်ဉာဏ်ထဲကအတိုင်း ပြန်မေးလိုက်သည်။ 


“ယန်ယုကောဆိုတာ ဘယ်သူလဲ ...”


ဟုန်ယဲ့မြို့တော် တစ်ခုလုံးတွင် လျောင်မုယဲ့၏ နာမည်ကို မသိသူဟူ၍ မရှိသော်ငြား ယန်ယုကောမှာမူ ... ဤနာမည်ကို ယနေ့မတိုင်ခင်အထိ တစ်ကြိမ်တစ်ခါမျှပင် မကြားခဲ့ဖူးချေ။ 


“ယန်ယုကောက ကျွန်တော့်အစ်ကိုရဲ့ ငယ်သူငယ်ချင်းလေ သူက ကျွန်တော့်အစ်ကိုနဲ့ စေ့စပ်ထားတဲ့သူလို့ရော ပြောသေးလား အဲဒါက သူ့အဖေနဲ့ ကျွန်တော့်ဦးလေးကြားက စနောက်တဲ့စကား သပ်သပ်ပဲနော် သူကသာ အတည်ယူပြီး လူတကာကို လိုက်ပြောနေတာ ...”


လျောင်ရှင်းယွမ်မှာ လွန်စွာ စိတ်ဆိုးနေသည့်ဟန်။


“ယွင်နန်ကော သူပြောတာကို မယုံနဲ့နော် ကျွန်တော်ပြောပြမယ် ကျွန်တော့်အစ်ကိုက ကောကို ကြိုက်တာ ...”


ထိုသို့ ပြောပြီးနောက် လျောင်ရှင်းယွမ်က သူ့အသံကို ချက်ခြင်း တိုးညှင်းလိုက်သည်မှာ လျှို့ဝှက်ချက်ကြီးတစ်ခုကို ပေါက်ကြားသွားစေမိသည့်အလားပင်။ 


ရှဲ့ယွင်နန် “...”


လျောင်ရှင်းယွမ်၏ စကားများမှာ ထူးထူးဆန်းဆန်း ထွက်ပေါ်လာသည့် မှတ်ဉာဏ်ထဲမှနှင့် တစ်ထပ်တည်းပင်။ 


ဆိုတော့ .. ဒီမှတ်ဉာဏ်တွေက အမှန်ဆိုတဲ့ သဘောလား ...


ရှဲ့ယွင်နန်က ထိုမှတ်ဉာဏ်ထဲမှ အဖြစ်အပျက်များကို ပြန်လည်ကာ စဉ်းစားလိုက်သည်။ နောက်ပိုင်းတွင် သူ့ဘဝ မည်မျှအထိ ကံဆိုးမိုးမှောင်ကျခဲ့ကြောင်း ပြန်စဉ်းစားမိပြီးသည့်နောက် ရုတ်ချည်းဆိုသလို ဒေါသမုန်တိုင်းထန်လာတော့သည်။ 


လျောင်ရှင်းယွမ်မှာ ၁၈ နှစ်သာ ရှိသေး၏။ နဖူးပေါ်တွင် အဖုအချို့ ရှိနေသည့်တိုင် နည်းနည်းမျှပင် ရုပ်ဆိုးမသွား။ နှစ်ပေါင်းရာနှင့်ချီကာ တည်ရှိခဲ့သည့် မိသားစုကြီးများတွင် ရုပ်ရည်ရူပကာ ချူချာသူဟူ၍ အနည်းငယ်မျှသာ ရှိပေသည်။ 


ငယ်ရွယ်သည့်အပြင် နူးညံ့ကာ အပြစ်ကင်းစင် ရိုးသားသောကြောင့် ရှဲ့ယွင်နန်သည် သူ့ကို ညီအရင်းတစ်ဦးနှယ် သတ်မှတ်ခဲ့သည်။ ထိုသခင်ငယ်လေးက သူ့ကို အန္တရာယ်မပြုနိုင်ဟု ခံစားမိသည့်အတွက် အမြဲ သူ့ကို ချော့မော့နှစ်သိမ့်ပေးခဲ့၏။ 


သို့သော် လျောင်ရှင်းယွမ်အပေါ် ထားရှိသည့် အကောင်းမြင်စိတ်အားလုံး တစ်မဟုတ်ချင်း ပျောက်ကွယ်သွားတော့သည်။ 


လျောင်မုယဲ့ကဖြင့် သူ့ခံစားချက်တွေကို တစ်ခါမှတောင် ထုတ်မပြဖူးဘဲနဲ့ .... လျောင်ရှင်းယွမ်က လျောင်မုယဲ့က သူ့ကို ကြိုက်နေပါတယ်လို့ ခဏခဏ လာပြောနေတဲ့အပြင် သူ့ကိုပါ လျောင်မုယဲ့ကို လိုက်ဖို့ မြှောက်ပေးနေသေးတယ် .. ဒါ ဘာသဘောလဲ ....


ပြီးတော့ အဲဒီ့မှတ်ဉာဏ်ထဲမှာလည်း လျောင်ရှင်းယွမ်ကို ကယ်ပေးပြီး ပင်မခရိုင်က ဆေးရုံကို ရောက်သွားပြီးကတည်းက လျောင်ရှင်းယွမ်ရဲ့ မျက်နှာကို တစ်ခါမှကို မတွေ့ရတော့ဘူး ...


နောက်ပိုင်းတွင် သူက လျောင်ရှင်းယွမ်ကို သွားရှာခဲ့သေး၏။ တစ်ဖက်သူကို ခပ်လှမ်းလှမ်းမှ မြင်တွေ့ခဲ့ကာ ထိုသူကလည်း သူ့ကို သေချာပေါက် မြင်ပါလျက် မမြင်ဟန်ဆောင်ကာ တစ်ဖက်သို့ပင် လှည့်သွားသေးသည်။ 


ရှဲ့ယွင်နန်၏ အကြည့်တို့ တစ်မဟုတ်ချင်း ပြောင်းလဲသွားတော့သည်။ 


တစ်ခုခု မှားယွင်းနေကြောင်းကို လျောင်ရှင်းယွမ်လည်း သတိပြုမိသည့်ဟန်။ 


“ယွင်နန်ကော ဘာဖြစ်လို့လဲ ...”


“ဘာမှ မဖြစ်ပါဘူး ဒီလို ပေါက်ကရစကားတွေကို ‌နောက်တစ်ကြိမ် ထပ်မပြောနဲ့တော့ ...”


ရှဲ့ယွင်နန်က သုန်မှုန်စွာဖြင့် ပြောလိုက်သည်။ 


“ယွင်နန်ကော ကျွန်တော်က အမှန်ပြောနေတာပါ ကျွန်တော့်အစ်ကိုက ကောကို တကယ်ကို သဘောကျနေတာ သူက ကောကို အထူးတလည်ကို အာရုံစိုက်နေတာနော် သူ လူတစ်ယောက်ကို အရမ်း အာရုံစိုက်တာမျိုး မြင်ဖူးတာ ဒါ ပထမဆုံးအကြိမ်ပဲ ...”


လျောင်ရှင်းယွမ်က ထပ်ပြောလိုက်သည်။


လျောင်ရှင်းယွမ် ရောက်လာသည်နှင့် တစ်ပြိုင်နက် အနီးနားတွင် ရှိနေသူအားလုံး အလောတကြီး ထွက်ခွါသွားကြသည်။ 


သူသည် ပင်မခရိုင်ရှိ သခင်ငယ်လေးတစ်ဦး ဖြစ်သည့်အတွက် မည်သူကမှ သူ့ကို အပြစ်မပြုရဲ၊ အနားမကပ်ရဲပေ။ 


ထိုအကြောင်းကြောင့် သူ ပြောသည့် စကားများကို မည်သူကမှ မကြားခဲ့ကြခြင်းဖြစ်သည်။ 


တော်သေးတာပေါ့ ဘယ်သူမှ မကြားလိုက်လို့ ...


လျောင်မုယဲ့နဲ့ နည်းနည်းလေးမှကို မပတ်သက်ချင်ပါဘူးနော် ...


“ဒီနေ့ လုပ်စရာ အလုပ်လေးတွေ ရှိနေတော့ မင်းကို အဖော်ပြုပေးဖို့ အချိန်မရှိလောက်ဘူးထင်တယ် ...”


ရှဲ့ယွင်နန်က လျောင်ရှင်းယွမ်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။ ထိုသူကို တံမြက်စည်းဖြင့်ပင် အိမ်ထဲမှ လှည်းထုတ်လိုက်ချင်သော်ငြား တစ်ဖက်သူက သူ့အား ဒုက္ခပြန်ပေးလာမည်ကိုလည်း ကြောက်ရွံ့နေရပြန်သည်။ 


ပုခုံးရှိ ဒဏ်ရာမှာလည်း နာကျင်နေဆဲ ဖြစ်သည့်အတွက် ဤသခင်ငယ်လေးကို အပြစ်ပြုရန်ပင် မစွမ်းသာချေ။ 


လျောင်ရှင်းယွမ်က ပြောလိုက်သည်။


“ရပါတယ် ကျွန်တော် ကိုယ့်ဘာသာကိုယ်ပဲ နေနေမယ်လေ ...”


“ငါက အပြင်သွားမှာ ...”


“ဘယ်သွားမှာလဲ ကျွန်တော်လည်း လိုက်မယ် ...”


“မြစ်ကမ်းဘေးမှာ အဝတ်သွားလျှော်မလို့ မင်းက ဘာလိုက်လုပ်မှာလဲ ...”


ရှဲ့ယွင်နန်က အလုပ်အင်္ကျီကို အဝတ်လျှော်ဇလုံထဲ ပစ်ထည့်ကာ ပြောလိုက်သည်။ 


သူ နေ့စဉ် ဝတ်လေ့ဝတ်ထရှိသည့် အဝတ်များကို အဝတ်လျှော်စက်ဖြင့် လျှော်ဖွပ်၍ ရသော်လည်း အလုပ်ချိန်တွင် ဝတ်ဆင်သော အဝတ်အစားများမှာမူ စက်ဆီများ ပေကျံနေသည့်အတွက် အဝတ်လျှော်စက်ဖြင့် ပြောင်စင်အောင် မလျှော်ဖွပ်နိုင်၊ လက်ဖြင့်သာ မဖြစ်မနေ လျှော်ဖွပ်ရပေသည်။ 


ထိုသို့ လျှော်ဖွပ်ရာတွင်လည်း မြို့အနီးရှိ မြစ်ကမ်းဘေးသို့ သွား၍သာ လျှော်ဖွပ်ရပြီး ထိုအနီးဝန်းကျင်တွင် မြစ်မှအပ အခြား လည်ပတ်ကစားစရာ နေရာဟူ၍ မရှိပေ။ 


လျောင်ရှင်းယွမ်ကလည်း ရှဲ့ယွင်နန်၏ စိတ်မရှည်မှုကို သတိပြုမိသည့်ဟန်။ သခင်လေးတစ်ဦး ဖြစ်သည့်အလျောက် သူ့အပေါ် အေးစက်စွာ ဆက်ဆံသူများနှင့် မထိတွေ့လိုရာ ချက်ခြင်း ပြန်ပြောလိုက်သည်။ 


“ဒါဆို ကျွန်တော်လည်း ပြန်တော့မယ် ...”


ရှဲ့ယွင်နန်ကလည်း သူ့ကို ပြန်စေချင်နေသူ ဖြစ်ရာ ...”


“ဂွတ်ဒ်ဘိုင် ...”


လျောင်ရှင်းယွမ်က ဒေါသကြီးစွာဖြင့် ခြေလှမ်းတို့ကို အရှိန်တင်ကာ အမြန်ထွက်သွားတော့သည်။ 


သူ၏ အဖော်သားရဲမှာ တိုက်ခိုက်ရေးစွမ်းရည် လုံးဝ မရှိသည့် ဒေါင်းတစ်ကောင်ဖြစ်ရာ ဝမ်းကွဲအစ်ကို၏ ကျားနှင့် များစွာ ကွာခြားလှသည်။ 


ထိုအကြောင်းကြောင့် အိမ်တွင် အရေးပေးခြင်း မခံရ။ ထို့ကြောင့်လည်း အိမ်မှ စိတ်ဆိုးတကြီး ထွက်ပြေးလာခဲ့ခြင်း ဖြစ်သည်။ 


သို့သော် မည်သို့ပင်ဖြစ်စေ သူသည် သခင်လေးတစ်ဦး ဖြစ်သည့်အတွက် ရှဲ့ယွင်နန်၏ သဘောထားကို စိုးစဉ်းမျှပင် သည်းမခံနိုင်ချေ။ 


သူ ထွက်သွားသည်ကို ကြည့်နေပြီးနောက် ရှဲ့ယွင်နန်သည် အဝတ်ဇလုံကို ပိုက်လျက် မြစ်ကမ်းဘေးသို့ ထွက်လာလိုက်သည်။ 


မြစ်ကမ်းဘေးသို့ ရောက်သည့်အခါ အဝတ်လျှော်ရမည့်အစား မြစ်ဘေးရှိ ချုံပုတ်များ ရှိရာဆီသို့သာ သွားလိုက်သည်။ 


အဝတ်လျှော်လိုသည့်စိတ် အလျဉ်းမရှိ။ သူ့အတွေးများကို စုစည်းရန် နေရာတစ်ခု လိုအပ်နေခြင်းသာ ဖြစ်သည်။ 


တစ်ချိန်တည်းမှာပင် မြို့ထဲမှ ထွက်လာနေပြီဖြစ်သော လျောင်ရှင်းယွမ်ကလည်း ကစားရန် နေရာကောင်းတစ်ခု ထပ်ရှာရန် ကြံစည်နေသည်။ 


အတော်ကြာ မမောင်းနှင်ရသေးခင်မှာပင် အခြားကားတစ်စီး၏ လမ်းပိတ်ခြင်းကို ခံလိုက်ရ၏။ ထိုကား၏ မှန်ပြတင်းတံခါး လျောကျလာကာ လျောင်မုယဲ့၏ တင်းမာနေသော မျက်နှာ ထွက်ပေါ်လာသည်။ 


လျောင်ရှင်းယွမ်၏ ကားမှာ ဈေးကြီးကာ လွန်စွာ ကြည့်ကောင်းသော်ငြား လျောင်မုယဲ့၏ ကားနှင့် နှိုင်းယှဉ်ပါလျှင်မူ ပမွှားအဆင့်သာ ဖြစ်ပေသည်။ 


လျောင်မုယဲ့၏ ကားတန်ဖိုးမှာ သူ့ကားထက် ဆယ်ဆမက များပြားသည့်အပြင် ငွေအမြောက်အများ အကုန်အကျခံကာ အထူးတလည် ပြုပြင်မွမ်းမံမှုများကို ပြုလုပ်ထားသေးသည်။ 


“ကော ...”


သူက လျောင်မုယဲ့ကို နားမလည်နိုင်သည့် အကြည့်တို့ဖြင့် စိုက်ကြည့်လိုက်သည်။ သူသည် မကြာခဏ အပြင်ထွက် လည်ပတ်လေ့ရှိသော်ငြား လျောင်မုယဲ့က သူ့ကို အနည်းငယ်မျှပင် လျစ်လျူရှုခြင်း မရှိ။ သို့သော် ရှဲ့ယွင်နန်ထံ သွားလေတိုင်း လျောင်မုယဲ့ကပါ သူ့နောက်သို့ လိုက်လာတတ်သည့်အပြင် ရှဲ့ယွင်နန်အကြောင်းကိုပင် လူလွှတ်ကာ စုံစမ်းခိုင်းထားသေးသည်။ 


ဒါ ရှဲ့ယွင်နန်ကို စိတ်ဝင်စားနေလို့ မဟုတ်ရင် ဘာကြောင့် ဖြစ်နိုင်သေးလဲ ...


“ဘာလို့ ဒီတစ်ခေါက် ကြာကြာ မနေတာလဲ ...”


လျောင်မုယဲ့က မေးလိုက်သည်။ 


“ရှဲ့ယွင်နန်က ယန်ယုကောကြောင့် တော်တော်လေး လန့်သွားတယ်ထင်တယ် ကျွန်တော့်ကိုလည်း ဆက်မနေစေချင်တဲ့ပုံကြီး ...”


လျောင်ရှင်းယွမ်မှာလည်း လူအတစ်ယောက် မဟုတ်ရာ ရှဲ့ယွင်နန်၏ သဘောထားကို ကောင်းစွာ အကဲခတ်နိုင်ပေသည်။ 


“ကြောက်တယ်တဲ့လား ...”


လျောင်မုယဲ့က ခပ်တိုးတိုး လှောင်ရယ်လိုက်သည်။ 


“ကော ...”


လျောင်ရှင်းယွမ်က မျက်ခုံးဖွဖွ တွန့်လိုက်၏။ 


လျောင်မုယဲ့ရဲ့ စကားကို ဘာလို့ ရွဲ့ပြောနေတယ်လို့ ခံစားမိ

နေပါလိမ့် ...


“ကောင်းပြီ ပြန်တော့ ...”


လျောင်မုယဲ့က မည်သည်ကိုမှ မပြောလိုက်သည့်ဟန်။ 


ရှဲ့ယွင်နန်ကမူ ထို လျောင်ညီအစ်ကိုအကြောင်း မသိသေးပေ။ 


ချုံပုတ်ဘေးတွင် ထိုင်နေရင်း သူ၏ အဖော်သားရဲ ရှောင်ပိုင်ကို အပြင်ထုတ်လိုက်သည်။