Chapter 3
ရှောင်ပိုင်ကို တွေ့လိုက်ရသည့်အခါ သူ့စိတ်ကို မထိန်းချုပ်နိုင်တော့။ ရှောင်ပိုင်၏ နူးညံ့သော အမွေးများအကြား မျက်နှာအပ်ကာ တင်းကြပ်စွာ ပွေ့ဖက်ထားမိတော့သည်။
ထိုမှတ်ဉာဏ်များမှာ သူ့ကိုယ်ပိုင် အတွေ့အကြုံများဟု မခံစားရ။ ဇာတ်လမ်းတွဲတစ်ပုဒ်ကို ကြည့်နေရသည်နှင့်ပင် ပို၍ တူနေသေးသည်။
သို့သော် အတွင်းစိတ်ထဲတွင်မူ စိတ်ပျက်လက်ပျက် ဖြစ်နေဆဲပင်။
အထူးသဖြင့် ဇာတ်သိမ်းခန်းမှာ ...
ရက်စက်ကြမ်းတမ်းသည့် သားရဲကောင်များ အကြားတွင် အရွယ်ပင် မရောက်သေးသည့် ရှောင်ပိုင်သည် သူ့ကို ကာကွယ်ရင်း သူ့မျက်စိရှေ့တွင်ပင် အသက်ဆုံးရှုံးသွားခဲ့ရသည်။
ရှဲ့ယွင်နန်၏ မျက်လုံးတို့ အနည်းငယ် နီမြန်းလာ၏။
တစ်ခဏအကြာတွင် စိတ်ကို အေးအေးထားကာ နောက်ထပ်ဆက်လုပ်ရမည်များကို စဉ်းစားလိုက်တော့သည်။
ပထမဆုံး ယန်ယုကောနဲ့ လျောင်ညီအစ်ကိုကို ရှောင်ရမယ် ပြီးတော့ နောက်ထပ် ဖြစ်လာမှာတွေ အကုန်လုံး ...
သူနေထိုင်ရာ ဟုန်ယဲ့မြို့တော်ကို အပိုင်းသုံးပိုင်း ပိုင်းခြားထားပြီး မြို့တော်၏ ဗဟိုချက်မှာ လူချမ်းသာများ နေထိုင်ရာ ပင်မခရိုင်ဖြစ်သည်။
ပင်မခရိုင်၏ အပြင်ဘက် ကပ်လျက်နေရာမှာ အထွေထွေခရိုင်ဖြစ်ကာ ဟုန်ယဲ့မြို့တော်၏ လူဦးရေ အများစု နေထိုင်ရာ ခရိုင်ဖြစ်သည်။
အထွေထွေခရိုင်၏ အပြင်ဘက်တွင်မူ အထွေထွေခရိုင်နှင့် ပင်မခရိုင် ပေါင်းစပ်ထားသည်ထက်ပင် ပိုမို ကြီးမားသေးသည့် ဆင်ခြေဖုံးခရိုင် ရှိနေပေသည်။
လယ်ကွင်း၊ စိုက်ခင်းနှင့် အထွေထွေခရိုင်နှင့် ပင်မခရိုင်တွင် နေထိုင်သူများ၏ စားဝတ်နေရေးအတွက် လိုအပ်သည်များ အားလုံးမှာ ဆင်ခြေဖုံးခရိုင်မှ အများဆုံး ထုတ်လုပ်ပေးခြင်းဖြစ်သည်။
အထွေထွေ ခရိုင်တွင် နေထိုင်သူ အများအပြားမှာ အမှန်တကယ်တွင် ဆင်ခြေဖုံးခရိုင်၌ အလုပ်လုပ်နေရသူများ ဖြစ်ကြသည်။
တစ်ချိန်တည်းမှာပင် ဆင်ခြေဖုံးခရိုင်၌ နေထိုင်သူများလည်း အများအပြားရှိသေး၏။ ရှဲ့ယွင်နန်၏ မြို့ထဲရှိ လူအများစုမှာ ဤနေရာတွင်သာ အမြဲ နေထိုင်ခဲ့ကြသူများ ဖြစ်ကြသည်။
“ဆင်ခြေဖုံးခရိုင်” ဟူသည့် နာမည်အတိုင်းပင် ဤနေရာမှာ ကောင်းမွန်သည့် နေရာတစ်ခုတော့ မဟုတ်လှချေ။
ဤကမ္ဘာ၌ “ထူးဆန်းထွေလာ သားရဲများ" ဟူသည့် လွန်စွာ စွမ်းအားကြီးမားလှသော သားရဲများလည်း ရှိနေသေးသည်။ ပုံမှန်အားဖြင့် ၎င်းတို့သည် တောထဲတွင် နေထိုင်ကာ လူသားများကို တိုက်ခိုက်လေ့ မရှိကြသော်ငြား စားစရာ ရှာဖွေ၍ မရနိုင်သည့်အခါမျိုးနှင့် ရန်စခံရချိန်မျိုးတွင်မူ လာရောက်တိုက်ခိုက်တတ်ပေသည်။
ပင်မခရိုင်နှင့် အထွေထွေ ခရိုင်တို့မှာ လွန်စွာ ဘေးကင်းလုံခြုံသော်ငြား လူဦးရေ နည်းပါးကာ မြေနေရာ ကျယ်ပြန့်သည့် ဆင်ခြေဖုံးဒေသများမှာမူ များစွာ မလုံခြုံလှပေ။
ဟုန်ယဲ့မြို့တော်ဟု ခေါ်ဝေါ်ခြင်းမှာ မြို့နှင့် မလှမ်းမကမ်းတွင် သစ်ရွက်နီနီတို့ ဖုံးလွှမ်းနေသည့် ဟုန်ယဲ့သစ်တောကို အစွဲပြု၍ ခေါ်ဝေါ်ခြင်း ဖြစ်သည်။
ဟုန်ယဲ့သစ်တောမှာ လွန်စွာ ကြီးမားသည့်အပြင် အထဲ၌ မြောက်များစွာသော ထူးဆန်းထွေလာ သားရဲများ မှီတင်းနေထိုင်သည့်အတွက် အသန်မာဆုံး တိုက်ခိုက်သူပင်လျှင် တောနက်ထဲအထိ မသွားရဲပေ။ တစ်ခါတစ်ရံ အဆင့်နိမ့်သားရဲများက ဆင်ခြေဖုံးဒေသတွင် နေထိုင်သူများကို လာရောက်တိုက်ခိုက်တတ်သေးသည်။
သူနေထိုင်ရာ မြို့ကဲ့သို့ လူဦးရေ များပြားသည့် မြို့ငယ်များတွင်မူ လုံခြုံရေးကို များစွာ စိတ်ပူနေရန် မလိုအပ်သော်ငြား ပိုက်ဆံမရှိ၍ ဖြစ်စေ၊ တစ်ကိုယ်တည်း နေထိုင်ရ၍ဖြစ်စေ ပိုမိုဝေးလံခေါင်ဖျားသည့် နေရာများတွင် နေထိုင်သူများမှာမူ အန္တရာယ်နှင့် လက်တစ်ကမ်းအလိုတွင် ရှိနေပေသည်။
ထို့အပြင် သူ့မှတ်ဉာဏ်ထဲတွင် များမကြာမီမှာပင် ထို ဟုန်ယဲ့သစ်တောထဲမှ သားရဲကောင်များ ထွက်လာတော့မည် ဖြစ်သည်။
သူ့ကို အပြင်းအထန် ထိခိုက်ဒဏ်ရာရကာ လက်တစ်ဖက် ဆုံးရှုံးစေခဲ့သည့် ဝံပုလွေများမှာလည်း ထူးဆန်းထွေလာ သားရဲအမျိုးအစားပင် ဖြစ်သည်။ထို့အပြင် မြို့ထဲရှိ လူအများအပြားမှာလည်း ထိုဝံပုလွေတို့၏ ကိုက်ခဲမှုအောက်တွင် အသက်ပျောက်ခဲ့ကြရသည်။
နောက်ပိုင်းတွင် အထွေထွေခရိုင်သို့ ပြောင်းရွှေ့ခွင့် ရသွား၍သာ တော်ပေသေးသည်။
သို့သော် အထွေထွေခရိုင်သို့ ရောက်ပြီးသည့်တိုင် စားဝတ်နေရေးနှင့် နေရာထိုင်ခင်းတို့အတွက် ကိုယ်ကိုယ်တိုင် ပေးချေနေရဆဲပင်။
သူ့အဘိုး မကွယ်လွန်မီ ပြီးခဲ့သည့် နှစ်နှစ်ကျော်ခန့်က ဆေးရုံတက်ရသဖြင့် စုဆောင်းထားသမျှအားလုံး ကုန်လုနီးပါး ဖြစ်ခဲ့သည်။ ပြီးခဲ့သည့်နှစ်နှစ်အတွင်း ဝင်ငွေမှာ အတော်အသင့် ကောင်းမွန်ခဲ့သည့်တိုင် များစွာ မစုဆောင်းမိခဲ့။
ထို့အပြင် အထွေထွေခရိုင်ရှိ ကုန်ဈေးနှုန်းတို့မှာ ယခင်ကတည်းကပင် ဆင်ခြေဖုံးဒေသထက် များစွာ မြင့်မားခဲ့သည့်အပြင် ထိုဖြစ်ရပ်အပြီးတွင် ဟုန်ယဲ့မြို့တော်ရှိ ကုန်ဈေးနှုန်းများမှာ မိုးထိလုမတက် မြင့်မားသွားသည့်အတွက် ... သူ့လက်ထဲတွင် ခြူးတစ်ပြားပင် မရှိတော့။
ထိုအကြောင်း တွေးမိသည့်အခါ ရှဲ့ယွင်နန်သည် လျောင်ရှင်းယွမ်ကို ပို၍ပင် စိတ်အနှောင့်အယှက် ဖြစ်လာတော့သည်။
လျောင်ရှင်းယွမ်သည် အိမ်မှ ထွက်ပြေးကာ သူ့အိမ်သို့ လာနေချိန်တိုင်း ... အမြဲလိုလို အလကား စားသောက်သွားလေ့ ရှိသည်။
ပုံမှန်အားဖြင့် သူ့ဝင်ငွေမှာ ကောင်းမွန်သည့်အပြင် အနည်းငယ်လည်း လက်ဖွာတတ်သည့်အတွက် အိမ်နီးချင်းများ ငွေလိုအပ်လျှင်ပင် အနည်းငယ် ချေးငှားပေးတတ်သေးရာ လျောင်ရှင်းယွမ်၏ သနားစဖွယ် ပုံစံကို တွေ့မြင်ဖူးထားသည့်အတွက် သူ့ထံမှ ငွေကြေးတစ်စုံတစ်ရာ တောင်းခံခြင်း မရှိခဲ့ပေ။
နောက်ပိုင်း လျောင်ရှင်းယွမ်၏ ဘဝမှန်ကို သိသွားခဲ့သည့်အခါတွင်လည်း သူ့အိမ်သို့ မကြာမကြာ လာရောက်လည်ပတ်တတ်သူကို သူငယ်ချင်းအဖြစ် သတ်မှတ်ခဲ့သည့်အလျောက် စားစရာအတွက် ငွေကြေး တောင်းခံခြင်း မပြုခဲ့ပေ။
သို့သော် ယခုမူ … ထိုအကြောင်း ပြန်စဉ်းစားရပေတော့မည်။
အနာဂတ်တွင် ဤကဲ့သို့ မိုက်မဲလှသော လုပ်ရပ်မျိုးကို လုံးဝ လုပ်တော့မည်မဟုတ်။ နောက်တစ်ကြိမ် လျောင်ရှင်းယွမ် ထပ်လာပါလျှင် သူ့ထံမှ ပိုက်ဆံကို တိုက်ရိုက် တောင်းခံတော့မည်ဖြစ်သည်။
မြို့သူမြို့သားများအဖို့မူ ...
အန္တရာယ်ကို ရှောင်ကြဉ်နိုင်ရန် အလို့ငှာ ထိုထူးဆန်းထွေလာ သားရဲကောင်များ ရောက်မလာမီ အားလုံးကို သတိပေးရပေလိမ့်မည်။
အခြားဒေသများအဖို့ ... ထိုသူများကို သတိပေးရန် နည်းလမ်းတစ်ခု ရှာဖွေရပေမည်။
ရှဲ့ယွင်နန်က အကျိုးအပြစ်များကို စဉ်းစားကာ သက်ပြင်းမောတစ်ချက် ရှိုက်ထုတ်ပြီးနောက် အဖော်သားရဲ ရှောင်ပိုင်ကို ပွေ့ချီရင်း အကြိမ်အနည်းငယ် ငုံ့နမ်းလိုက်သည်။
ရှောင်ပိုင်မှာ လုံလောက်အောင် မသန်မာသည့်တိုင် သူ၏ အချစ်ရဆုံးရှောင်ပိုင် ဖြစ်နေဆဲပင်။
ရှောင်ပိုင်ကလည်း သူ့ကို ပွတ်သပ်ကာ ပုခုံးပေါ် ခေါင်းတင်ရင်း တအီအီ အော်နေ၏။
သူ့ပုခုံးပေါ်ရှိ ဒဏ်ရာကို ရှာတွေ့သွားသောကြောင့် ဖြစ်သည်။
“အဆင်ပြေပါတယ် ဒဏ်ရာအသေးလေးတင် သိပ်မကြာခင် ပျောက်သွားမှာ ...”
ရှောင်ပိုင်ကို နမ်းပြီးနောက် အဝတ်များနှင့်အတူ မြစ်ကမ်းဘေးသွားကာ လျှော်ဖွပ်ခြင်း လုပ်ငန်းစဉ်ကို စတင်ရန် ပြင်ဆင်လိုက်သည်။
ထိုသို့ဖြင့် အဝတ်လျှော်နေစဉ်မှာပင် မြစ်ထဲမှ မျောလာသူတစ်ဦးကို ရုတ်တရက် တွေ့လိုက်ရသည်။
ရှဲ့ယွင်နန်၏ မျက်ခုံးတို့ တွန့်စုသွား၏။
မြစ်မှာ လွန်စွာ ကျယ်ပြောလသည်။ ၎င်းသည် မြင့်မြတ်သည့် တောင်ပေါ်မှ မြစ်ဖျားခံလာခြင်း ဖြစ်ကာ ဂျေရုစလင်ကို ရစ်ခွေစီးဆင်းလျက် ဟုန်ယဲ့မြို့တော်ကို ဖြတ်သန်းကာ အရှေ့သို့ ဆက်လက်စီးဆင်းသွားခြင်း ဖြစ်သည်။
ထို့ကြောင့် မြစ်ထဲတွင် မကြာခဏ လူများ မျောပါလာတတ်ကာ အများစုမှာ ဂျေရုစလင်မှ အသတ်ခံခဲ့ရသူများ ဖြစ်ကြပြီး အလောင်းများသည်ပင် ပျက်စီးနှင့်နေပြီဖြစ်သည်။
သူ့ကိုလည်း အဘိုးဖြစ်သူက ဤမြစ်ထဲမှပင် ကောက်ယူလာခဲ့ခြင်းဖြစ်သည်။
မြစ်ထဲတွင် မျောပါလာသူကို မြင်တွေ့ပါလျှင် အခြားသူများက အနည်းငယ်မျှပင် ဂရုစိုက်မည် မဟုတ်သော်ငြား ရှဲ့ယွင်နန်ကမူ ထိုသို့ တွေ့လေတိုင်း အသက်ရှင်ခြင်း ရှိမရှိ စစ်ဆေးကြည့်တတ်သည်။
သို့သော် အသက်ရှင်နေသူကို တစ်ကြိမ်တစ်ခါမျှပင် မတွေ့ခဲ့ဖူး။ အားလုံးမှာ အသက်ကုန်ဆုံးနှင့်နေကြပြီးဖြစ်ရာ ထိုအလောင်းများကို အနီးဝန်းကျင်တွင် မြှုပ်နှံပေးခဲ့ရသည်။ ထို့ကြောင့် ယခု မျောလာသူမှာလည်း နောက်ထပ် အလောင်းတစ်လောင်းသာ ဖြစ်နိုင်ချေများနေရာ ဤတစ်ကြိမ်တွင်မူ များစွာ အနံ့မဆိုးစေရန်သာ မျှော်လင့်မိတော့သည်။
ထိုသို့ တွေးကာ ရှဲ့ယွင်နန်သည် လျှော်ရမည့် ဘောင်းဘီတစ်ထည်ကို ယူပြီး ရေထဲသို့ ခုန်ဆင်းလိုက်သည်။
ထိုသူအနီးသို့ ကူးခတ်သွားကာ ဘောင်းဘီဖြင့် ထိုသူ၏ လည်ပင်းကို ချည်နှောင်ကာ ဆွဲခေါ်လာမည်ပြုစဉ် ထိုသူ၏ အကြည့်တို့ကို ရင်ဆိုင်လိုက်ရသည်။
ဒီလူက အသက်ရှင်နေတုန်းပဲဟ ...
သူ့ရှေ့တွင် ရှိနေသူကို မြင်တွေ့လိုက်ရသည့် တစ်ခဏ၌ ရှဲ့ယွင်နန်၏ အသိစိတ်တို့ ဗလာကျင်းသွားတော့သည်။
ဒီလူက တကယ်ကို ကြည့်ကောင်းတာပဲ ...
ထိုကြောင်အမှုမှာလည်း တစ်ခဏတာပင်။ ထို့နောက် ချက်ခြင်း ထိုသူကို ဆွဲပွေ့၍ ကမ်းစပ်သို့ ဆွဲခေါ်လာလိုက်သည်။
မူလက အလောင်းတစ်လောင်းဟု ထင်ခဲ့မိ၍ ဘောင်းဘီကို ကြိုးအဖြစ် အသုံးပြုကာ ဆွဲခေါ်ရန် ကြံစည်ခဲ့ခြင်း ဖြစ်သော်ငြား အသက်ရှင်နေသေးသူ ဖြစ်ပါလျှင်မူ ထိုဘောင်းဘီများကို အသုံးပြုရန် မလိုအပ်တော့ချေ။
ယေဘုယျအားဖြင့် လူတစ်ယောက်၏ တိုက်ခိုက်ရေးစွမ်းရည်သည် ထိုသူ ပိုင်ဆိုင်သော အဖော်သားရဲ၏ အမျိုးအစားအပေါ်တွင် မူတည်သည်ဟု အများက လက်ခံထားကြသည်။
အဖော်သားရဲ၏ စွမ်းရည်မှာ အားနည်းပါလျှင် ထိုသူမှာလည်း အားနည်းသည်ဟု မှတ်ယူရမည်။
ရှဲ့ယွင်နန်၏ အဖော်သားရဲမှာ ခွေးတစ်ကောင်ဖြစ်ကာ ၎င်း၏ တိုက်ခိုက်ရေးစွမ်းရည်မှာလည်း များစွာ မဆိုးဝါးလှ။ သို့သော် မည်သည့်အကြောင်းကြောင့်ရယ်မသိ၊ သူ့သားရဲသည် လုံးဝ ကြီးပြင်းလာခြင်း မရှိ၊ မွေးစ အရွယ်အစားအတိုင်းသာ တစ်သမတ်တည်း ရှိနေရာ ... အနီးဝန်းကျင်ရှိ လူအားလုံး၏ အမြင်တွင် ရှဲ့ယွင်နန်သည်လည်း လူညံ့တစ်ယောက်မျှသာ ဖြစ်ပေသည်။
သို့သော် သူကမူ ထိုသူတို့၏ ထင်မြင်ချက်ကို မယုံကြည်၊ ကိုယ်ကာယလေ့ကျင့်ခန်းများကို စဉ်ဆက်မပြတ် လုပ်ဆောင်ခဲ့သည့်အတွက် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုမှာ အတော်လေး ကောင်းမွန်လှသည်။
ထို့ကြောင့် မျောပါလာသူကို ကမ်းစပ်သို့ လွယ်လင့်တကူ သယ်လာနိုင်ခဲ့၏။
ထိုမျောလာသူ၏ ကိုယ်အလေးချိန်မှာ လွန်စွာ ပေါ့ပါးလွန်း၍လည်း ဖြစ်ပေလိမ့်မည်။ အလေးချိန် မရှိသလောက် ပေါ့ပါးနေရုံသာမက လှုပ်ရှားခြင်းလည်း အလျဉ်းမရှိပေ။
“အဆင်ပြေရဲ့လား ...”
ရှဲ့ယွင်နန်က ကမ်းစပ်သို့ ရောက်လျှင်ရောက်ချင်း ထိုသူကို မေးလိုက်သည်။
ထိုသူက ကမ်းပေါ်လှဲကာ ရှဲ့ယွင်နန်ကို နောက်တစ်ကြိမ် ပြန်ကြည့်လိုက်သည်။ ထို့နောက် တစ်ဖန် မျက်စိမှိတ်သွားပြန်၏။
.... သတိလစ်သွားတာလား ...
ထိုအခါမှ ရှဲ့ယွင်နန်လည်း သူကယ်တင်လာသူ၏ ခန္ဓာကိုယ်အခြေအနေကို သတိပြုမိတော့သည်။ ထိုသူ၏ အသက်ရှူသံမှာ လွန်စွာ မြန်ဆန်လွန်းလှသည်။
ရုပ်ရည်မှာ လွန်စွာ ကြည့်ကောင်းသည့်တိုင် ခန္ဓာကိုယ်မှာမူ တူတစ်ချောင်းနှယ် ကြုံလှီလှ၏။ ရေထဲတွင် မျောပါလာသည့် ဒဏ်ကြောင့် ခြေလက်များ ဖောင်းပွနေသည့်တိုင် အရိုးပေါ်အရေတင်ဟု တင်စားရလုမတတ် ပိန်လှီနေဆဲပင်။
ထိုမျှသာမက၊ အတွင်းခံနှင့် ထွင်းဖောက်၍ မြင်ရလုမတတ် ပါးလျသော ကြိုးချည် ညအိပ်ဝတ်ရုံတစ်ထည်ကိုသာ ဝတ်ဆင်ထားရာ မြောက်များစွာသော ဒဏ်ရာဒဏ်ချက်တို့အား အတိုင်းသား တွေ့နေရ၏။
ထိုသူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ထူးထူးကဲကဲ လှပပါသည့် မျက်နှာတစ်ခုတည်းသာလျှင် အကောင်းပကတိ ကျန်ရစ်နေသည်။
ဒါက သေချာပေါက်ကို နှိပ်စက်ညှင်းပန်းပြီး မြစ်ထဲ ပစ်ချတာ ခံခဲ့ရတဲ့ အလှလေးပဲ ...
ရှဲ့ယွင်နန်က တိတ်တခိုး ဆဲရေးလိုက်သည်။
ဒီအခြေအနေ ... အဲဒီ့ မြင့်မြတ်တဲ့ မြို့တော်က အထက်တန်းလွှာတွေက လူရော ဟုတ်ကြရဲ့လား ...
(ဒီမှာ သူက Holy City ဆိုပြီး သုံးထားတာပါ google မှာ ရှာကြည့်တော့ Holy City က ဂျေရုစလင်ကို ရည်ညွှန်းတယ်လို့ ပြောပေမယ့် တရုတ်ဝတ္ထုထဲမှာ ဂျေရုစလင် ပါမလာနိုင်လို့ မြင့်မြတ်တဲ့မြို့တော်လို့ပဲ သုံးပါမယ်နော်)
ဒါပေမယ့် ဒီလူက မြစ်ထဲ ပစ်ချခံရတာရော ဟုတ်ပါ့မလား သူ့ဘာသာသူ ခုန်ဆင်းလာတာရော မဖြစ်နိုင်ဘူးလား ...
ရှဲ့ယွင်နန်၏ စိတ်ထဲ၌ အတွေးများစွာ ဖြတ်ပြေးသွားတော့သည်။ ထို့နောက် သတိလစ်နေသူကို သန့်ရှင်းခြောက်သွေ့သည့် အဝတ်တို့ဖြင့် ပတ်ကာ ပွေ့ချီလျက် မြို့ထဲသို့ ပြန်လာလိုက်၏။
ဒီနေ့ တကယ်ကို ကံမကောင်းတာပဲ .. ပုခုံးပေါ်က ဒဏ်ရာကို ဆေးထည့်၊ ပတ်တီးစည်းပြီးလို့ သွေးတိတ်ကာစပဲ ရှိသေးတယ် အခု အနာက ပြန်ပွင့်သွားပြန်ပြီ ...
မြို့အနီးသို့ ရောက်လာသည့်အခါ တစ်ခဏမျှ စဉ်းစားပြီးနောက် နောက်ဖေးလမ်းကြားမှ သွားရန်သာ ဆုံးဖြတ်လိုက်သည်။
ဆင်ခြေဖုံးဒေသတွင် နေထိုင်သည့် လူဦးရေမှာ လွန်စွာ နည်းပါးလှရာ သူတို့၏ မြို့ဟု ခေါ်ဝေါ်သည့် နေရာကပင်လျှင် လမ်းတစ်လမ်းစာမျှသာ ရှည်လျားပေသည်။
လမ်းဘေးရှိ အိမ်များမှာမူ ထိုနေရာတွင် နေထိုင်ကြသူများက မြေနေရာ ဝယ်ယူကာ ကိုယ်တိုင် တည်ဆောက်ကြခြင်း ဖြစ်ပြီး နှစ်ထပ်၊ သုံးထပ်၊ လေးထပ် အစရှိသဖြင့် အရွယ်အစား အမျိုးမျိုးသော အိမ်များက လမ်းမတစ်လျှောက် စီတန်းကာ တည်ရှိနေသည်။ အိမ်ဆောက်ရန် မတတ်နိုင်သူများကမူ အမှိုက်ပုံထဲမှ လှန်လှောရှာဖွေရင်း ရရှိလာသော ပစ္စည်းတို့ဖြင့် ပိုင်ရှင်မရှိသည့် မြေလွတ်မြေရိုင်းများတွင် လေဒဏ်မိုးဒဏ် ကာကွယ်နိုင်သည့် နေရာထိုင်ခင်းများ ဖန်တီးကြသည်။
ယေဘုယျအားဖြင့် စွန့်ပစ်ကားများမှာ အကျော်ကြားဆုံးဖြစ်သည်။ သာမန်ကားတစ်စီးကို မိုးဒဏ်လေဒဏ် ခံနိုင်သော လူနှစ်ဦး အိပ်စက်နိုင်သည့် နေရာတစ်ခုအဖြစ် ပြောင်းလဲနိုင်ကာ ထိုယာဉ်များကို မြေပြင်နှင့် တွဲချည်မထားသည့်အတွက် မိုးသည်းမည်၊ မုန်တိုင်းကျမည်ကိုလည်း ပူပန်နေရန် မလိုအပ်ပေ။
ဆင်ခြေဖုံးဒေသတွင် မိုးသည်းထန်းစွာ ရွာသွန်းတတ်သော်ငြား ကောင်းမွန်သင့်လျော်သည့် ရေစီးရေလာစနစ် မရှိသည့်အတွက် အိမ်များ ရေမြှုပ်သည်မှာ ဖြစ်ရိုးဖြစ်စဉ်ပင်။ သို့သော် ရေမှာမူ ပြောပလောက်အောင် မနက်လှချေ။
ညစ်ပတ်ကာ ရှုပ်ပွပေရေနေသည့် တဲအိမ်များ တည်ရှိရာကို ကျူးကျော်ရပ်ကွက်ဟု ခေါ်ဝေါ်ကြသည်။
ရှဲ့ယွင်နန်၏ အိမ်နောက်ဖေးတွင်မူ ကျူးကျော်သူများ မရှိ၊ ထိုအစား ဝါးပင်တို့ဖြင့် ကာရံထားသည့် စိုက်ခင်းတစ်ခင်းသာ ရှိသည်။
ဝါးပင်များမှာ သေးသွယ်လှသည့်အပြင် မျှစ်၏ အရသာမှာလည်း ခါးသက်သည့်အတွက် မည်သူကမှ လာမတူးကြ။ ဤသို့ဖြင့် ဝါးပင်များ တစ်စထက်တစ်စ များပြားလာတော့သည်။
ရှဲ့ယွင်နန်က ထိုဝါးပင်များကြားမှ ဖြတ်ကာ ဒဏ်ရာရနေသူကို အိမ်ထဲသို့ ခေါ်လာလိုက်သည်။
ဤလူ၏ သရုပ်မှန်မှာ ပဟေဠိဖြစ်ဖွယ် ကောင်းလှသည့်အတွက် အကယ်၍ တစ်ယောက်ယောက် တွေ့သွားပါလျှင် ပြဿနာ ဖြစ်လာနိုင်သောကြောင့် ... ဤသို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ အိမ်ပြန်ရောက်သည့်တိုင် အဝတ်အစား မလဲနိုင်သေး၊ မြို့ထောင့်ရှိ ဆေးခန်းသို့ ကမန်းကတမ်း ပြေးသွားလိုက်ရာ မြို့၏ တစ်ဦးတည်းသော ဆရာဝန် ဒေါက်တာဟူကို တွေ့လိုက်ရသည်။
“ဦးလေးဟူ ကျွန်တော် မြစ်ထဲကနေ လူတစ်ယောက် ဆယ်လာတာ သူ့တစ်ကိုယ်လုံး ဒဏ်ရာဒဏ်ချက် အပြည့်နဲ့ ...”
ရှဲ့ယွင်နန်က သူ ကယ်လာသူအကြောင်း တီးတိုးပြောလိုက်သည်။
ထိုအချိန်က ဒေါက်တာဟူတွင် အခြားလူနာ ရှိမနေသည့်အတွက် ရှဲ့ယွင်နန်၏ စကားကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် ဆေးအချို့ ထုပ်ပိုးကာ သူ့ကိုပါ ဆေးပုလင်းတစ်ခု ပေးလိုက်သည်။
“မင်းပုခုံးပေါ်က ဒဏ်ရာ .. သေချာ ဂရုစိုက်ဦး ...”
“ဟီးဟီး ...”
ရှဲ့ယွင်နန်က မျက်နှာတစ်ခုလုံး မဲ့ပြကာ ပုခုံးမှ ဒဏ်ရာများကို ဆေးထည့်လိုက်သည်။
မကြာမီ နှစ်ဦးသား ရှဲ့ယွင်နန်၏ အိမ်သို့ ရောက်သွားကြကာ ဒေါက်တာဟူက လူစိမ်းကို အသေးစိတ် စစ်ဆေးကြည့်ရှုကာ ကုသပေးလိုက်သည်။
“သူ အသက်ရှင်နေသေးတာကိုက တော်တော်လေး အံ့ဩဖို့ ကောင်းနေပြီ ကြည့်ပါဦး သူ့ခန္ဓာကိုယ်က ဘယ်လောက်တောင် ပိန်လှီလိုက်သလဲ ဒဏ်ရာက ရထားသေးတယ် .. ယွင်နန် ဦးလေးဆီမှာက ဒဏ်ရာကို ကုသမယ့်ဆေး နည်းနည်းပဲ ရှိတယ် သူ့မှာ တစ်ခြားရောဂါတွေ ရှိနေနိုင်လား မသိဘူး ဆေးရုံ ပို့လိုက်တာကတော့ အကောင်းဆုံးပဲ ဒါပေမယ့် သူ့သရုပ်မှန်ကို မသိရသေးဘဲ ဆေးရုံကို ပို့တာကလည်း သိပ်တော့ မကောင်းဘူး ထင်တယ် ...”
ဒေါက်တာဟူ၏ စစ်မှန်ထိရှဖွယ် စကားများကို ကြားလိုက်ရသည့်အခါ ရှဲ့ယွင်နန်က ပြန်ပြောလိုက်သည်။
“ဦးလေးဟူ အရင်ဆုံး ဦးလေးကပဲ ကုသထားပေးလို့ မရဘူးလား ...”
ထိုသူမှာ လွန်စွာ ပိန်လှီသည့်အပြင် ရေထဲသို့လည်း မျောပါလာသေးသည်။ သူ မည်ကဲ့သို့သော ပြစ်မှုမျိုး ကျူးလွန်ခဲ့ကြောင်း မသိရချေ။
ဆေးရုံပို့လိုက်ကာမှ ထပ်အဖမ်းခံရရင် ဘယ်လိုလုပ်မလဲ ...
ဒေါက်တာဟူက သူ့ကို ဆေးတစ်ပုလင်း ချိတ်ပေးလိုက်သည်။
“ဒါက အယောင်ကျဆေး နောက်ပိုင်း သူ့ကို အဝတ်လဲပေးရင် လိမ်းပေးလိုက် ...”
ဒေါက်တာဟူက အသေးစိတ် ရှင်းပြကာ ဆေးအချို့ ပေးပြီး ပြန်သွားလိုက်သည်။
သူ ထွက်သွားပြီးကာမှ ရှဲ့ယွင်နန်က အိပ်ယာပေါ်တွင် လှဲနေသူကို ဆေးလိမ်းပေးလိုက်သည်။
ယခုလက်ရှိအချိန်မှာ နွေဦးကာလ ဖြစ်နေ၍သာ တော်သေးသည်။ အကယ်၍ ဤလူသာ အေးစက်နေသည့် မြစ်ရေထဲတွင် အချိန်အတော်ကြာ နစ်မြုပ်နေခဲ့ပါလျှင် ... ရှဲ့ယွင်နန်က အင်္ကျီကို ချွတ်ပေးနေရင်း သက်ပြင်းဖွဖွ ချလိုက်မိတော့သည်။
သူ့ခန္ဓာကိုယ်မှာ ဒဏ်ရာတွေမှ အများကြီးကို အများကြီး ... တကယ်ကို သနားစရာ ကောင်းလိုက်တာ ...
ဆင်ခြေဖုံးဒေသတွင် ကြီးပြင်းလာသူ ဖြစ်သည့်အလျောက် ရှဲ့ယွင်နန်သည် အရာအားလုံးကို မသိနားမလည်သူ မဟုတ်ချေ။ အချို့သူများ၌ သူတစ်ပါးကို နှိပ်စက်ညှင်းပန်းလိုသည့် ထူးထူးဆန်းဆန်း ဝါသနာများ ရှိနေကြကြောင်းကိုပါ သိထားပေသည်။
သူ့ရှေ့တွင် လှဲနေသူမှာလည်း ဤကဲ့သို့သော အဖြစ်မျိုးကို ကြုံတွေ့ခဲ့ရခြင်း ဖြစ်ပေလိမ့်မည်ဟု ခံစားမိ၏။
ရှဲ့ယွင်နန်သည် အမျိုးသားများကိုသာ ချစ်ကြိုက်သူ ဖြစ်သော်ငြား ဤကဲ့သို့ လက်တစ်ဆုပ်စာမျှသာရှိသည့် အရိုးပေါ်အရေတင် ပိန်လှီနေသူကိုမူ မည်ကဲ့သို့သော ခံစားချက်မျိုးမှ ဖြစ်မလာချေ။
ဒဏ်ရာကို ပိုးသတ်ဆေးဖြင့် ဆေးကြောကာ ဆေးထည့်ပေးပြီးနောက် စောင်အသစ်တစ်ထည် ထုတ်ကာ ခြုံပေးလိုက်သည်။ အားလုံး ပြီးစီးသွားချိန်တွင် မွန်းတည့်ချိန် ရောက်နေပြီဖြစ်၍ ဆာလောင်မှုကိုပါ တစ်ပါတည်း ခံစားလိုက်ရတော့သည်။
ရှဲ့ယွင်နန်က အောက်ထပ်သို့ဆင်းကာ ဆိုင်ဖွင့်ရန် အဆင်သင့်ပြင်ပြီးနောက် အနီးနားရှိ စားစရာအချို့ကို ဝယ်ယူလိုက်သည်။
ပုံမှန်အားဖြင့် သူသည် မနက်စာကိုသာ ဝယ်စားတတ်ကာ ချွေတာရန် အလို့ငှာ နေ့လည်စာနှင့် ညစာကို ကိုယ်တိုင်သာ ချက်စားတတ်သည်။
သို့သော် ယနေ့တွင်မူ ဟင်းမချက်နိုင်လောက်အောင်ပင် ဆာလောင်လွန်းလှ၍ အနီးရှိ ဆိုင်တစ်ဆိုင်မှ ထမင်းနှင့် ကြက်သားကို ဝယ်စားလိုက်တော့သည်။
ထို ထမင်းနှင့် ကြက်သားမှာ အတော်လေ
း များပြားသည့်အပြင် ကြက်သားကင်နှင့် အာလူးများပါ ပါဝင်သည့် တစ်ပွဲစာကိုမှ ယွမ် ၂၀ သာ ကျသင့်ပေသည်။
ရှဲ့ယွင်နန်က သူ့ကိုယ်ပိုင်ပန်းကန်လုံးကို ယူကာ ဆန်ထည့်ပြီးနောက် စားသောက်နေစဉ်အတွင်း ထမင်းပေါင်းအိုးဖြင့် ထမင်းချက်ထားလိုက်သည်။