အပိုင်း ၄
Viewers 7k

Chapter 4




ထို့နောက် လူနာကို နောက်တစ်ကြိမ် သွားကြည့်လိုက်သည်။ 


ထိုသူက မလှုပ်မယှက် လဲလျောင်းနေဆဲပင်။ မသိမသာ နိမ့်ချည်မြင့်ချည် ဖြစ်နေသည့် ရင်ဘက်ကြောင့်သာ မဟုတ်ပါလျှင် သူ့ကို အသက်မရှိတော့ဟုသာ ထင်ကြမည်ဖြစ်သည်။ 


သေဆုံးခြင်းမှာ ဆင်ခြေဖုံးဒေသတွင် ဖြစ်ရိုးဖြစ်စဉ်သာ ဖြစ်ပေရာ ရှဲ့ယွင်နန်လည်း ကံစီမံရာအတိုင်း ဖြစ်လာရန်သာ အကောင်းဆုံး ကြိုးစားပေးခဲ့သည်။ 


ဒဏ်ရာရနေသူကြောင့် တစ်နေကုန် အလုပ်များရသည့်တိုင် ဆိုင်ကိုတော့ ဖွင့်ထားဆဲပင်။ 


သူ၏ စက်ပြင်ဆိုင်တွင် အမျိုးမျိုးသော ဖောက်သည်များ ရှိနေသည်။ 


ဆင်ခြေဖုံးဒေသတွင် နေထိုင်သူများအနက် ကောင်းမွန်ပြည့်စုံသည့် အခြေအနေကို ပိုင်ဆိုင်ထားသူများက မော်တော်ဆိုင်ကယ်နှင့် ကားများကို ပြုပြင်ရန် သူ့ထံ ရောက်လာကြသည်။ ထို့အပြင် တောလိုက်ထွက်မည့် ကြေးစားမုဆိုးများကလည်း ကားပြင်ရန် လာရောက်ကြ၏။


ဟုန်ယဲ့တောအုပ်ထဲရှိ အံ့ဖွယ်သားရဲများမှာ လွန်စွာ ရက်စက်ကြမ်းကြုတ်သည့်တိုင် ၎င်းတို့၏ အသားတွင် ကြံ့ခိုင်ရေးစွမ်းရည်ကို တိုးမြှင့်ပေးနိုင်သည့် အကျိုးအာနိသင်များ ပါဝင်နေရာ ... ပင်မခရိုင်တွင် နေထိုင်သည့် လူချမ်းသာများသည် လယ်တောထဲ၌ မွေးမြူသည့် တိရိစ္ဆာန်တို့၏ အသားကို မစား၊ အံ့ဖွယ်သားရဲတို့၏ အသားကိုသာလျှင် စားသောက်ကြသည်။ 


ထိုမုဆိုးများသည် အမဲလိုက်ထွက်သည့်အခါ အံ့ဖွယ်သားရဲတို့ကိုသာ ဖမ်းဆီးခြင်းမဟုတ်၊ စွမ်းအင်ကြွယ်ဝသည့် အံ့ဖွယ်ဆေးပင်တို့ကိုပါ ခူးယူလာခဲ့လေ့ရှိသည်။ 


အံ့ဖွယ်သားရဲဖြစ်စေ၊ အံ့ဖွယ်ဆေးပင်ဖြစ်စေ တန်ဖိုးငွေမှာ မနည်းလှရာ မုဆိုးတို့၏ ဝင်ငွေမှာ လွန်စွာ ကောင်းမွန်လှပေသည်။ ထိုသူတို့၏ ကားကို ပြင်ဆင်ရလေတိုင်း ရှဲ့ယွင်နန်သည် ငွေအများအပြား ရလေ့ရှိ၏။ 


“ရှဲ့ရှဲ့ ... မနက်က ဘယ်သွားနေတာလဲ ငါ လာသေးတယ် မင်းမရှိလို့ ...”


အသက်ကြီးကြီး အမျိုးသားတစ်ဦးက မော်တော်ဆိုင်ကယ်တစ်စီးကို တွန်းကာ ဆိုင်ထဲ ဝင်လာသည်။ 


“ကျွန်တော် ဟိုနားဒီနား လျှောက်သွားနေတာ ...”


ရှဲ့ယွင်နန်က နှစ်ပေါင်းမည်မျှကြာသည်အထိ အသုံးပြုထားမှန်းပင် ခန့်မှန်း၍ မရတော့သည်အထိ ညစ်ပတ်ပေရေနေသော မော်တော်ဆိုင်ကယ်ကို ကြည့်ကာ မေးလိုက်သည်။ 


“ဒီတစ်ခေါက်ရော ဘာဖြစ်ပြန်တာလဲ ...”


“မသိဘူး စက်က ချက်ခြင်းကြီး ထိုးရပ်သွားတာ ...”


ထိုသူက ခပ်တိုးတိုး ရယ်ကာ ပြောလိုက်သည်။ 


ရှဲ့ယွင်နန်က သူ့မော်တော်ဆိုင်ကယ်ကို ယူကာ ပြဿနာကို ရှာဖွေပြီးနောက် အမြန် ပြင်ဆင်ပေးလိုက်သည်။


ကာလကြာရှည် အသုံးပြုခဲ့သည့် မော်တော်ဆိုင်ကယ်များတွင် ပြဿနာ တစ်ခုမဟုတ်တစ်ခု ရှိနေစမြဲပင်။ သို့သော် ယာဉ်အသစ်တစ်စီး ပြောင်းလဲရန်မှာမူ ... ဆင်ခြေဖုံးဒေသတွင် နေထိုင်သူ အများစုမှာ ငွေပိုငွေလျှံ မရှိကြ။ 


ထိုလူ ထွက်သွားပြီးနောက် ပြင်ဆင်စရာ ရှိသည်များကို သယ်ဆောင်လာသူများ တစ်ယောက်ပြီးတစ်ယောက် ရောက်လာပြန်၏။ အားလုံးမှာ အသေးစားပြင်ဆင်မှုများသာဖြစ်ရာ ရှဲ့ယွင်နန်လည်း ပုခုံးမှ ဒဏ်ရာ၏ မသက်မသာ ဖြစ်မှုကို သည်းခံကာ အားလုံး ပြီးဆုံးသည်အထိ ပြုပြင်ပေးနေလိုက်သည်။


ထိုအချိန်အတွင်းမှာပင် အပေါ်ထပ်သို့လည်း ကြိမ်ဖန်များစွာ တက်ကြည့်ခဲ့သေး၏။ 


အပေါ်ထပ်တွင် ရှိနေသူမှာ နိုးမလာသေး။ အယောင်ကျဆေး ကုန်သွားသည့်အခါ ဒေါက်တာဟူ ပေးခဲ့သည့် ဓာတ်ဆားရည်ပုလင်းကို ပြောင်းချိတ်ပေးလိုက်သည်။ 


ရှဲ့ယွင်နန် ဆိုင်ပိတ်ကာ အပေါ်ထပ်တွင် ချက်ပြုတ်၍ ရှောင်ပေါင်ကို အပြင်ထုတ်လာသည်အထိ နိုးမလာခဲ့။ 


ကောင်းကောင်းမွန်မွန် ချက်ပြုတ်ရန်လည်း ပျင်းရိနေသည့်အတွက် အရသာနှပ်ထားပြီးသား ဝက်သားနှင့် ဆန်၊ အာလူးတို့ကို လျှပ်စစ်ထမင်းပေါင်းအိုးထဲသို့ ရောထည့်ကာသာ ချက်ပြုတ်လိုက်တော့သည်။ 


တစ်ယောက်တည်း နေထိုင်ရသူ ဖြစ်သည့်အလျောက် သူ၏ နေ့စဉ်ဘဝမှာ ခက်ခဲပင်ပန်းလှပေသည်။ 


တစ်ဝက်ခန့် စားပြီးနောက် ကျန်တစ်ဝက်ကို ရေခဲသေတ္တာထဲ ထည့်ကာ အိပ်ခန်းထဲသို့ ပြန်သွားလိုက်သည်။ 


အခန်းထဲသို့ ရောက်သည်အထိ အိပ်ယာပေါ်ရှိ အမျိုးသားမှာ ထိုနေရာတွင် လှဲနေဆဲပင်။ သို့သော် သူ့အနားသို့ တိုးကပ်လာသည့်အခါ မျက်လုံးတို့ ရုတ်တရက် ပွင့်လာ၏။ 


သူ့မျက်ဝန်းများမှာ နက်မှောင်တောက်ပလှသော်ငြား စိုးရိမ်မှု အငွေ့အသက်တို့ ဖုံးလွှမ်းနေသည်။ အာဟာရ ချို့တဲ့မှုကြောင့် အသားအရေမှာ အလွန်အမင်း ဖြူရော်နေရာ ... လွန်စွာ သနားကရုဏာသက်ဖွယ် ကောင်းလှပေသည်။ 


“ဘယ်လိုနေသေးလဲ ...”


ရှဲ့ယွင်နန်က သူကိုယ်တိုင်ပင် သတိမထားမိပါဘဲ တိုးညှင်းနူးညံ့သည့် အသံဖြင့် မေးလိုက်သည်။ 


ထိုသူက သူ့ကိုသာ စိုက်ကြည့်နေကာ စကားတစ်ခွန်းမှ ပြန်မပြော။


“နေလို့မကောင်းဘူးလား ဘာလို့ မြစ်ထဲ မျောပါလာတာလဲ ...”


ရှဲ့ယွင်နန်က ကြင်နာသည့် အပြုံးတစ်ပွင့်ကို ထုတ်ပြလိုက်သည်။ 


ထိုသူက စကားပြန်မပြောသေး။ မျက်ဝန်းဝိုင်းကြီးများဖြင့်သာ မျက်တောင်ခတ်ပြလိုက်သည်။ 


ရှဲ့ယွင်နန်က တဒင်္ဂမျှ နောင်တရမိသွားတော့သည်။ 


ဒီတစ်ယောက်က ကောင်းကောင်း မနိုးသေးတာလား ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာ ပြဿနာ ရှိနေတာလား ...


ပထမတစ်ခုဆိုရင်တော့ ကိစ္စမရှိပေမယ့် နောက်တစ်ခုသာဆို ... စိတ်ဒဏ်ရာ ရနေတဲ့ လူတစ်ယောက်အဖို့ အသက်ဆက်ရှင်ဖို့ဆိုတာ သိပ်မလွယ်လှဘူး ...


သူကလည်း တစ်ရက်နှစ်ရက်လောက်တော့ ကူညီပေးနိုင်ပေမယ့် ... တစ်သက်လုံးတော့ ကူညီမပေးနိုင်ဘူးလေ ...


သူ့မှာလည်း ကိုင်တွယ်စရာ ပြဿနာတွေ ရှိနေသေးတယ်လို့ ...


ရှဲ့ယွင်နန်က ခေါင်းခဲနေစဉ် သွမ့်ချန်ချင်းက အိပ်ယာပေါ်တွင် ကူကယ်ရာမဲ့စွာဖြင့် လဲလျောင်းနေသည်။ 


သူ ဒီကမ္ဘာက စကားတွေကို နားမလည်ဘူး ...


ဒီ .. သူ့ကို ကယ်လာခဲ့တဲ့ ကြည့်ကောင်းတဲ့ ကောင်လေး .... သူ ဘာတွေ ပြောနေတာလဲ ....


သူ .. ထူးဆန်းတဲ့ ကမ္ဘာကို နောက်တစ်ကြိမ် ကူးပြောင်းလာပြန်တာလား ...


ဟုတ်တယ် .. နောက်တစ်ကြိမ် ကူးပြောင်းလာတာပဲ ဖြစ်ရမယ် ...


သွမ့်ချန်ချင်းသည် မူလက ၂၁ ရာစု ကမ္ဘာတွင် မွေးဖွားလာခဲ့သူ ဖြစ်သည်။ 


မွေးကင်းစအရွယ်ကတည်းက နာမကျန်းဖြစ်ခဲ့သည့်အပြင် ကုသရန်လည်း ငွေကြေးအမြောက်အများ လိုအပ်သည့်အတွက် မိဘများက သူ့ကို မွေးအပြီး ရက်အနည်းငယ်ခန့် အကြာတွင်ပင် စွန့်ပစ်ခဲ့သည်။


သူ့ကို ခေါ်လာခဲ့သည့် မိဘမဲ့ဂေဟာက ကောင်းကောင်းဂရုစိုက်ပေး၍သာ တော်သေးသည်။ စေတနာ ထက်သန်သူများထံမှ အလှူငွေအချို့ ရရှိပြီးနောက် ခွဲစိတ်မှုအချို့ကို ခံယူကာ အသက် ၂၈ နှစ်အထိ ဆက်လက် အသက်ရှင်နိုင်ခဲ့သည်။ 


ဆေးရုံကုတင်ပေါ်၌ပင် ကွယ်လွန်ခဲ့ကာ သေဆုံးပြီးနောက် နောက်တစ်ကြိမ် ပြန်လည်နိုးထလာချိန်တွင် သူ့ဝိဉာဉ်သည် မိစ္ဆာလမ်းစဉ် ကျင့်ကြံသူ၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ရသော မိသားစု၏ ကလေးအဖြစ်သို့ ကူးပြောင်းသွားကာ မိစ္ဆာတပ်သားအဖြစ် အသုံးချရန် ခေါ်ဆောင်သွားခံနေရပြီဖြစ်ကြောင်း သိလိုက်ရသည်။


ထိုကျင့်ကြံသူများက သူအပါအဝင် အခြားသော ကလေးထောင်ပေါင်းများစွာကိုပါ ခေါ်ဆောင်ခဲ့သည်။ မိစ္ဆာကျင့်ကြံသူများက သူတို့၏ ခန္ဓာကိုယ်ကို အမျိုးမျိုးသော ကြောက်မက်ဖွယ် နည်းလမ်းများ အသုံးပြု၍ ချည်နှောင်ကာ စိတ်စွမ်းအင်ဖြင့် ထိန်းချုပ်ပြီး လူသားလက်နက်အဖြစ် အသုံးပြုရန် ကြိုးပမ်းခဲ့သည်။ 


သူတို့ကို ထိန်းချုပ်သည့် မိစ္ဆာတပ်သားများမှာ ကျင့်ကြံဆင့် မမြင့်မားသည့်အပြင် သူ၏ စိတ်စွမ်းအင်မှာလည်း သာမန် ကလေးများထက် သာလွန်ခဲ့သည့်အတွက် သွမ့်ချန်ချင်းသည် သူ၏ အသိစိတ်ကို အနည်းငယ်မျှ ထိန်းထားနိုင်ခဲ့သည်။ သို့သော် အမြဲလိုလိုတော့ မဟုတ်ချေ။ 


အခြားကလေးများမှာမူ ထိန်းချုပ်မှုအောက်၌သာ အမြဲ ရှိနေကြသည်။ 


အညံ့ဖျင်းဆုံး အရာများကိုသာ စားသောက်ရကာ အဆိုးရွားဆုံး အသုံးချခံခဲ့ရသည်။ ထိုသည်သာမက ဆက်တိုက် လေ့ကျင့်ရန်လည်း အတင်းအကြပ် ဖိအားပေးခံခဲ့ရသည့်အတွက် ... အစပိုင်းက ထောင်ပေါင်းများစွာ ရှိခဲ့သော ကလေးအရေအတွက်မှာ ... ရာဂဏန်းမျှသာ အသက်ရှင် ကျန်ရစ်တော့သည်။ 


အခြားသူများက အဖော်တို့၏ သေဆုံးခြင်းကို မခံစားနိုင်သော်ငြား သူကမူ မတူ၊ နိုးထလာချိန်တွင် ဘေးနားတွင် ရှိနေသည့် လူဦးရေ တစ်ဖြည်းဖြည်း လျော့နည်းသွားခြင်းမှာ လွန်စွာ နာကျင်ဖွယ် ကောင်းလှသည်။ သူ့ကို ထိန်းချုပ်ထားသည့် ထိုအနှောင်အဖွဲ့များမှ လွတ်မြောက်လိုလှသည်။ 


ထို့ကြောင့် အချိန်ရှိလေတိုင်း ကျင့်ကြံကာ အမျိုးမျိုးသော ဗဟုသုတတို့ကို တိတ်တဆိတ် လေ့လာပြီး သူ့အဖော်များအား ထိန်းချုပ်ထားသည့် အချုပ်အနှောင်တို့ကို ဖြည်၍ သူတို့ကိုပါ အမျိုးမျိုးသော သိမှတ်ဖွယ်ရာများကို သင်ကြားပေးခဲ့သည်။ 


နှစ်ပေါင်း ရာနှင့်ချီကာ တိုက်ခိုက်ခဲ့ပြီးနောက် သူ့ခွန်အားတို့ တိုးမြင့်လာကာ အဖော်များနှင့်အတူ ထိုနတ်ဆိုးကျင့်ကြံသူများလက်မှ ရုန်းထွက်လာနိုင်ခဲ့၏။ 


သို့သော် တိုက်တိုက်ဆိုင်ဆိုင်ပင် သူ၏ အတိဒုက္ခ ခံယူချိန်က အချိန်ကိုက် ရောက်ရှိလာသည်။ 


သူ ကျင့်ကြံသည့် ခန္ဓာကိုယ် ကြံ့ခိုင်ရေး ကျင့်စဉ်မှာ လွန်စွာ လျင်မြန်ရာ နောက်ပိုင်းအဆင့်များတွင် ပိုမိုလျင်မြန်စွာ ခွန်အားတိုးမြင့်လာနိုင်ရန် အလို့ငှာ အချို့သော လျှို့ဝှက်နည်းလမ်းများကိုပါ အသုံးပြုခဲ့သည်။ ရလဒ်အနေဖြင့် လွန်စွာ ကြံ့ခိုင်သည့် ခွန်အားကို ပိုင်ဆိုင်ခဲ့သည့်တိုင် သူ့ခန္ဓာကိုယ်မှာမူ ထပ်ကာထပ်ကာ အလွန်အကြူး ကျင့်ကြံမှုများကြောင့် ဗလာခွံတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။


ထိုအချိန်က လက်အောက်ငယ်သားများအတွက် လိုအပ်သည်များကို စီစဉ်ပေးကာ မိုးကြိုးအတိဒုက္ခကို ခံယူရန် ထွက်လာခဲ့ပြီးနောက် မီးသွေးတုံးအဖြစ် လောင်ကျွမ်းသွားခဲ့တော့သည်။ 


သို့သော် သူက မသေခဲ့။ နောက်တစ်ကြိမ် ကူးပြောင်းသွားပြန်က မူလကိုယ် ရေထဲ ပြုတ်ကျသွားစဉ် အချိန်ကိုက် ရောက်လာခဲ့သည်။ 


မူလကိုယ်က လွန်စွာ ရှုပ်ထွေးလှသည့် အဝတ်များနှင့် မြောက်များစွာသော ရတနာများ မြှုပ်ထားသည့် သတ္ထုမျက်နှာဖုံးတစ်ခုကိုပါ ဝတ်ဆင်ထားသည့်အပြင် ခန္ဓာကိုယ်မှာလည်း လွန်စွာ ပိန်လှီလှသည့်အတွက် ရေပေါ်တွင် ပေါလောမပေါ်နိုင်၊ ရေအောက်သို့ နစ်မြုပ်ကာ သေဆုံးသွားတော့သည်။ 


သွမ့်ချန်ချင်းက ကူးပြောင်းလာပြီးနောက် ထို မျက်နှာဖုံးကို ချွတ်၍ လွှင့်ပစ်ကာ ဝတ်ရုံကိုပါ ချွတ်ပစ်လိုက်သည်။ 


ထိုနှစ်ခုကို လုပ်ပြီးနောက် ခြေကုန်လက်ပမ်းကျသွားကာ အားအနည်းငယ်မျှပင် မရှိတော့။ 


ဒီခန္ဓာကိုယ်က အရမ်းကို အားနည်းလွန်းတယ် _ ကြည့်ရတာ မူလကိုယ်က တစ်နှစ်လုံးများ အာဟာရ ပြတ်ထားသလားပဲ ဘာကြွက်သားမှလည်း မရှိဘူး ...


ထို့အပြင် သူ၏ အသိစိတ်မှာ လွန်စွာ အားကောင်းလွန်းလှရာ ဤခန္ဓာကိုယ်ထဲသို့ စတင် ဝင်ရောက်စဉ်က သူ၏ စိတ်ဝိဉာဉ်မှာ ဤခန္ဓာကိုယ် လက်ခံနိုင်သည်ထက် ပိုမိုလွန်းလှသည့်အတွက် မြောက်များစွာသော အင်္ဂါအစိတ်အပိုင်းများနှင့် ဆံခြည်မျှင်သွေးကြောများ ပေါက်ကွဲထွက်ကာ အမျိုးမျိုးသော ဒဏ်ရာဒဏ်ချက်များ ဖြစ်ပေါ်လာခဲ့သည်။  


ထိုစဉ်က သူ၏ သိစိတ်ဝိဉာဉ်အများစုကို ချိတ်ပိတ်သိမ်းဆည်းခဲ့၍သာ တော်သေးသည်။ 


အသိစိတ်ကို ချိတ်ပိတ်သိမ်းဆည်းပြီးသည့်နောက် မည်သည့်အရာကိုမှ မဆောင်ရွက်နိုင်တော့။ သူ၏ တည်ရှိမှုကို လျော့ချရန် အသိစိတ်ဖြင့် တစ်ကိုယ်လုံးကို လွှမ်းခြုံကာသာ မြစ်ကြောင်းအတိုင်း မျောပါလာလိုက်သည်။ 


ရေထဲရှိ အန္တရာယ်ရှိသော သားရဲများကို ရှောင်လွှဲနိုင်ခဲ့သော်ငြား ရေပေါ် ပေါလောပေါ်လာသည့် သစ်တုံးအကျိုးအပဲ့များနှင့်မူ မကြာခဏ တိုက်မိခဲ့သည့်အတွက် မရည်ရွယ်ပါဘဲ ဒဏ်ရာ ရလာရပြန်သည်။ 


မူလကိုယ်မှာလည်း ရေထဲ ပြုတ်ကျမလာခဲ့မီ ကြာပွတ်ဖြင့် အရိုက်ခံခဲ့ရသေးသည့်ဟန်။


ပထမဘဝကဲ့သို့ လွန်စွာအားနည်းလှသော ခန္ဓာကိုယ်ကြောင့် သေအံ့ဆဲဆဲ အခြေအနေသို့ပင် ရောက်ရှိခဲ့ကာ ကယ်တင်သူတစ်ဦး ရှိနေ၍သာ တော်သေးသည်။   


သွမ့်ချန်ချင်းက ရှေ့တွင် ရှိနေသည့် သူ့ကို ကယ်တင်ခဲ့သော လူငယ်လေးအား များစွာ ကျေးဇူးတင်မိသည်။ 


နှစ်ကြိမ်တိုင် ကူးပြောင်းကာ နှစ်ရာပေါင်းများစွာ အသက်ရှင်သန်ခဲ့သည့်တိုင် အသက်ရှင်သန်ရခြင်းကို လိုလားနှစ်သက်ဆဲပင်။ 


သူ့အဖို့ အသက်ရှင်ရခြင်းသည် မျှော်လင့်ချက်ဖြစ်ကာ အသက်ရှင်သန်ရခြင်းကသာလျှင် ဤကမ္ဘာတွင် အလှပဆုံးအရာ ဖြစ်သည်။ 


အထူးသဖြင့် ပြီးခဲ့သည့် အတိတ်ဘဝနှစ်ခုလုံး ကောင်းမွန်စွာ မနေထိုင်ခဲ့ရရာ အကယ်၍ ဖြစ်နိုင်ပါလျှင် အရသာရှိသော အစားအစာများ စားသောက်ရင်း လှပသော ရှုမျှော်ခင်းများကို ကြည့်ရှုရင်း နေထိုင်လိုပေသည်။ လက်ထပ်ကာ ချစ်စရာကောင်းသည့် အိမ်မွေးတိရစ္ဆာန်များကိုပါ မွေးမြူနိုင်ပါလျှင်မူ အတိုင်းထက်အလွန် ကောင်းမွန်ပေလိမ့်မည်။ 


ထိုသို့ တွေးနေစဉ်မှာပင် “ဝုတ် .. ဝုတ်” ဟူသည့် အော်သံနှင့်အတူ အဖြူရောင်အမွေးများနှင့် ခွေးတစ်ကောင် အိပ်ယာပေါ်သို့ တက်လာပြီး သူ့ကို တစူးတစမ်း အကဲခတ်နေသည်။ 


ချစ်စရာကောင်းလိုက်တာ ...


ထို့နောက်တွင်မှ သွမ့်ချန်ချင်းသည် တစ်ခုခု မှားယွင်းနေကြောင်းကို အလျင်အမြန် သဘောပေါက်သွားတော့သည်။ 


ဤကမ္ဘာ၏ ဘာသာစကားများကို နားမလည်သည့်တိုင် ဘေးပတ်လည်ရှိ အပြင်အဆင်များနှင့် သူ၏ သိစိတ်ဝိဉာဉ်ကို အာရုံခံစားမိပြီးသည့်နောက်တွင် ဤကမ္ဘာနှင့် စပ်လျဉ်း၍ အနည်းငယ်မျှ နားလည်လာတော့သည်။


ဤကမ္ဘာတွင် ကျင့်ကြံရေးအတွက် စိတ်ဝိဉာဉ်စွမ်းအင် ရှိနေကာ နည်းပညာလည်း တိုးတက်နေပေသည်။ အခန်းထဲရှိ တီဗီကို အခြေခံ၍ ကောက်ချက်ချရပါလျှင် သူ၏ မူလကမ္ဘာနှင့်ပင် အနည်းငယ် နီးစပ်နေပေလိမ့်မည်။ 


ပြီးတော့ ... သူ့ကို ကယ်ခဲ့တဲ့သူက မိစ္ဆာတစ်ကောင် ဖြစ်လောက်မယ် ...

(ဒီမှာ သူပြောချင်တဲ့ မိစ္ဆာက ဟိုလိုမိစ္ဆာ မဟုတ်ဘဲ မြေခွေးမိစ္ဆာလိုမျိုး ကျင့်ကြံပြီးတော့ လူပုံစံ ပြောင်းနိုင်တဲ့ မိစ္ဆာမျိုးကို ပြောချင်တာပါ)


သူ့ရဲ့ မိစ္ဆာစွမ်းအင်ကို အကဲဖြတ်ရသလောက်ဆို ဒီမိစ္ဆာရဲ့ သွေးကြောက မရိုးရှင်းဘူးပဲ ...


ဒါပေမယ့် ... ဒီမိစ္ဆာက ဘာလဲ .. သူ့ရှေ့မှာ မူလရုပ်သွင်ကို ထုတ်ပြတာကို အသာထားဦး .. အဲဒီ့မူလရုပ်သွင်က သူနဲ့လည်း အရမ်းကြီး ကပ်နေသေးတယ် ...


ပုံမှန်ဆို မိစ္ဆာတွေ အကုန်လုံးက မူလရုပ်သွင်ကို ဖုံးကွယ်ထားပြီး ဘယ်သူ့ကိုမှ ထုတ်မပြဘူး မဟုတ်လား ...


များသောအားဖြင့် သူတို့နဲ့ အရင်းနှီးဆုံး လူတွေမှ သူတို့ ရုပ်သွင်ကို ထိတွေ့နိုင်တာ မဟုတ်လား ...


သွမ့်ချန်ချင်း အတွေးလွန်နေစဉ်မှာပင် ခွေးပေါက်စက အနားတိုးလာကာ သူ့မျက်နှာကို လျှာဖြင့် လျက်လိုက်သည်။


သွမ့်ချန်ချင်း “...”


ဒီမိစ္ဆာကောင်က ငါ့ကို တပ်မက်နေတာလား ..


သွမ့်ချန်ချင်း ဤသို့ တွေးသည်မှာ ထူးဆန်းသည်ဟုတော့ ဆို၍မရ။ 


မိစ္ဆာများ၏ မူလရင်းမြစ်မှာ အပင်နှင့် တိရိစ္ဆာန်များ ဖြစ်ကြပြီး လူသားပုံ ပြောင်းလဲနိုင်သည့်တိုင် မူလရုပ်သွင်ကို ထိန်းသိမ်းထားကြစမြဲ ဖြစ်သည်။


ဥပမာအားဖြင့် ယခင်က သူတွေ့ခဲ့ဖူးသည့် မိုးမခမိစ္ဆာသည် မိုးမခပင်မှ ထွက်လာကာ လူသားပုံစံဖြင့် လှည့်ပတ်လျှောက်သွားနိုင်သည်။ သို့သော် အားနည်းလာချိန်တွင်မူ ထိုမိုးမခပင်သည် တစ်နေရာတည်းတွင်သာ ကြီးထွားနေနိုင်သည်။ 


ပိုမိုသန်မာလာကာမှ ထိုမူလရုပ်သွင်ကိုပါ တစ်ပါတည်း ယူဆောင်သွားနိုင်သည်။


မူလရုပ်သွင်တွင် တစ်ခုခု ဖြစ်ပွားခဲ့ပါလျှင် အခြေတည်အဆင့် ပျက်စီးနိုင်သည့်အတွက် သူမ၏ မူလရုပ်သွင်ကို ထုတ်ပြသည့်အချိန်မှာ များစွာ ရှားပါးလှသည်။


ဤသည်မှာ အပင်မိစ္ဆာများအတွက်သာမက သားရဲမိစ္ဆာများအတွက်ပါ အတူတူပင်ဖြစ်သည်။ ကျင့်ကြံရာတွင် တိရိစ္ဆာန်များသည် အပင်များထက် ပိုမိုလွယ်ကူစွာ ကျင့်ကြံနိုင်ရာ လူသားပုံစံသို့ ပြောင်းလဲနိုင်သည်နှင့် တစ်ပြိုင်နက် မူလရုပ်သွင်ကိုပါ တစ်ပါတည်း ယူဆောင်သွားသည့်အတွက် သူစိမ်းများ မမြင်နိုင်ကြချေ။ 


သိစိတ်ဝိဉာဉ် ကူးပြောင်းသွားသည့်အခါ မူလရုပ်သွင်တွင် တိရိစ္ဆာန်တစ်ကောင်၏ သိစိတ်ဗီဇသာ ကျန်ရစ်ခဲ့သည်။ ၎င်းမှာ မူလသွင်ပြင် ဖြစ်သည့်အတွက် စိတ်ခံစားချက်များမှာလည်း ကွဲပြားပေသည်။


အကယ်၍ မူလရုပ်သွင်ကို ထုတ်ပြမိခဲ့ပါလျှင် ...


“ငါက စောက်ရမ်းကို သန်မာတာကွ” ဆိုတဲ့ အမူအယာနဲ့ အေးစက်စက်မျက်နှာထားကိုပဲ အမြဲ လုပ်ယူထားတဲ့ ဘယ်မိစ္ဆာကများ တိုက်ခိုက်နေတဲ့အချိန်မှာ သူတို့ရဲ့ “ကြောက်ဒူးတုန်နေတဲ့” မူလရုပ်သွင်ကို ထုတ်ပြရဲမှာတဲ့လဲ ...


ပြီးတော့ မူလရုပ်သွင်သာ ပျက်စီးသွားရင် သူတို့လည်း အကြီးအကျယ် ဒဏ်ရာရသွားမှာလေ ...


မည်သို့ပင်ဖြစ်စေ အချို့သော ကျင့်ကြံသူများသည် ပိုမို အင်အားကြီးမားရန် အလို့ငှာ တိုက်ခိုက်ချိန်တွင် မူလရုပ်သွင်ကို ထုတ်ပြလေ့ရှိကြ၏။ အသက်ကို လောင်းကြေးထပ်ကာ တိုက်ခိုက်ရသည့် တိုက်ပွဲမျိုးတွင် မူလရုပ်သွင်နှင့် ပေါင်းစပ်ကာ ထူးကဲလှသော သန်မာမှုကို ထုတ်ယူလေ့ ရှိကြသည်။ 


သို့သော် သူ့ရှေ့တွင် ရှိနေသည့် မိစ္ဆာမှာမူ ...ခန္ဓာကိုယ်တစ်ခုလုံး မိစ္ဆာစွမ်းအင်တို့ဖြင့် ပြည့်နှက်ကာ သာလွန်ကြီးမားသည့် မိစ္ဆာတစ်ကောင်၏ သွေးကြောဖွဲ့စည်းပုံမျိုး ရှိနေသည့်တိုင် အသက်အရွယ်အားဖြင့် မကြီးလှသေး။ သူ့နောက်ရှိ ခန္ဓာကိုယ်မှာမူ ... လွန်စွာ အားနည်းလွန်းလှသည်။


မူလရုပ်သွင်ကို ထုတ်ပြပြီးတော့တောင် သူ့ဆီ ရောက်လာတယ်ဆိုတော့ ... ကြည့်ရတာ ကယ်တင်ရှင်က သူ့အပေါ် အမြင်ကောင်းလေး ရှိနေလို့များလား ...


နေပါဦး ... အခုမှ ကူးပြောင်းလာတာဆိုတော့ ...မူလကိုယ်က ဘယ်လိုပုံစံ ရှိတယ်ဆိုတာတောင် မသိသေးဘူးလေ ...


ဒါဆို သူက မူလကိုယ်ရဲ့ ရုပ်ရည်ကိုပဲ အမြင်ကောင်းလေး ရှိနေတာပေါ့ ဟုတ်လား ...


တစ်ခဏအတွင်းမှာပင် သွမ့်ချန်ချင်း၏ အတွေးတို့က အတော်ဝေးဝေးသို့ ခရီးရောက်သွားတော့သည်။ ထိုစဉ် သူ့ခေါင်းအုံးဘေးရှိ မြေခွေးနှင့်တူသော ခွေးပေါက်စက သူ့ကို လျာဖြင့် နှစ်ကြိမ် လျက်လိုက်ပြန်သည်။ 


သွမ့်ချန်ချင်းကလည်း ဤသည်မှာ နှင်းကဲ့သို့ ဖြူဖွေးသည့် Samoyed အမျိုးအစား ခွေးတစ်ကောင်ဖြစ်ကြောင်း သတိပြုမိသွားသည်။ ခေါင်းကိုစောင်းကာ သူ့ကို ငေးကြည့်နေသည့် ပုံစံမှာ လွန်စွာ ချစ်စရာကောင်းလှ၏။


ကျင့်ကြံရေးကမ္ဘာတွင် နှစ်ပေါင်း ရာနှင့်ချီကာ နေထိုင်ခဲ့ရသော်ငြား ထိုရှင်သန်ခဲ့ရသည့် ကာလများမှာ လွန်စွာ ပင်ပန်းဆင်းရဲလွန်းလှသည်။ အစပိုင်းတွင် အခြားသူများ၏ ထိန်းချုပ်စေခိုင်းခြင်းကို ခံခဲ့ရကာ ထို့နောက် ... ထိန်းချုပ်မှုမှ လွတ်မြောက်ရန် ကျင့်ကြံခြင်းနှင့် တိုက်ခိုက်ခြင်းတို့တွင်သာ အချိန်ကုန်ခဲ့ရသည်။ ထို ရက်စက်လှသူ အားလုံးကို သတ်ဖြတ်ခဲ့ပြီးနောက်တွင်လည်း မိုးကြိုးအတိဒုက္ခကြောင့် သေဆုံးခဲ့ရပြန်သည်။ 


ထို့ကြောင့် သူ၏ ပထမဘဝရှိ အမှတ်တရများသည်သာ အဖိုးအတန်ဆုံး ဖြစ်လာခဲ့တော့သည်။ 


ထိုစဉ်က ခွေးတစ်ကောင် မွေးလိုသည့်စိတ်များ အမြဲ ဖြစ်ပွားခဲ့သည်။ 


သို့သော် ထိုအချိန်က သူ့ကျန်းမာရေးမှာ မကောင်းမွန်လှ။ သူ့ကိုယ်သူ ထောက်ပံ့နိုင်သည့် ဝင်ငွေအချို့ ရှိနေသည့်တိုင် အိမ်မွေးတိရိစ္ဆာန်တစ်ကောင် မွေးမြူရန်မူ မဖြစ်နိုင်သည့်အတွက် ထိုစိတ်ကူးကို စွန့်လွှတ်ခဲ့ရသည်။


သို့သော် ခွေးအမျိုးအစား အားလုံးအကြောင်း လေ့လာခဲ့ဖူးပြီး ၎င်းတို့အနက် လွန်စွာ မျက်နှာချိုလှသည့် Samoyed အမျိုးအစားကို သဘောအကျဆုံးဖြစ်သည်။


ဘေးနားရှိ ခွေးပေါက်စကို ငေးကြည့်နေရင်း သွမ့်ချန်ချင်း၏ လက်ဖဝါးတို့ အနည်းငယ် ယားယံလာတော့သည်။ 


သို့သော် ယခုလက်ရှိ သူ့အခြေအနေမှာ အားနည်းလွန်း၍ နည်းနည်းမျှပင် မလှုပ်ရှားနိုင်။ 


ရှဲ့ယွင်နန်က သူ့အတွေးများကို မရိပ်မိ။ ထို့အပြင် သူ၏ အဖော်သားရဲက အံ့ဩဖွယ် အလှလေးအား လျာဖြင့်လျက်နေခြင်းကိုလည်း ထူးဆန်းသည်ဟု ခံစားမိဟန်မတူ။ 


သူ့အဖော်သားရဲ

သည် အမြဲ ငယ်ရွယ်သည့် သွင်ပြင်သဏ္ဍာန်ဖြင့်သာ တည်ရှိခဲ့သည့်အပြင် အလွန်အမင်းလည်း တက်ကြွလွန်းလှ၏။ သူ့မျက်စိရှေ့တွင် ရှိနေသူ၌ ဆိုးရွားသည့် ရည်ရွယ်ချက်မျိုး ရှိမနေသရွေ့ အမြီးကို လှုပ်ယမ်းကာ အနားသို့ တိုးကပ်သွားမည်ဖြစ်သည်။