Chapter 6
ရှဲ့ယွင်နန်က ကားတစ်စီးကို ပြင်ဆင်ပေးရင်း တစ်နေ့လုံး အလုပ်များနေခဲ့၏။
သူသည် အလွန်အမင်း ရှုပ်ထွေးခက်ခဲလှပါသည့် ပြုပြင်မွမ်းမံမှုများကို မပြုလုပ်နိုင်သော်လည်း သမားရိုးကျ မွမ်းမံမှုများကိုမူ တတ်စွမ်းနိုင်ပေသည်။ ပုံမှန်အားဖြင့် ငွေကြေးလည်း အများအပြား မရှိ၊ ခွန်အားအရာတွင်လည်း အားနည်းလှသော မုဆိုးများကသာ သူ့ထံ လာရောက်၍ ပြုပြင်မွမ်းမံလေ့ရှိကြပြီး ငွေကြေးကြွယ်ဝသူများမှာမူ ကျွမ်းကျင်သည့် စက်ပြင်ဆရာထံသာ သွားရောက်လေ့ရှိကြသည်။
တစ်မနက်ခင်းလုံး အလုပ်များနေပြီးနောက် နေ့လည်စာ စားရန် တစ်ခုခု ဝယ်ယူကာ အပေါ်ထပ်သို့ ပြန်တက်လာလိုက်သည်။
အပေါ်ထပ်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် ရှဲ့ယွင်နန်သည် ကာတွန်းကားအား မျက်တောင်မခတ်စတမ်း စိုက်ကြည့်နေသည့် သူ ကယ်ဆယ်လှသော အလှလေးနှင့် ဘေးရှိ ခေါင်းအုံးပေါ်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသည့် သူ့အဖော်သားရဲကို တွေ့လိုက်ရသည်။
အဖော်သားရဲများကို အပြင်ဘက်သို့ ထုတ်ထားနိုင်ကာ အပြင်ဘက်တွင် ရှိနေစဉ်၌ သူတို့သည်လည်း သာမန်တိရိစ္ဆာန်များကဲ့သို့ပင် စားနိုင်သောက်နိုင်ကြပေသည်။
အကယ်၍ မစားမသောက်ဘဲ နေပါလျင်လည်း ဆာလောင်မှုကို ခံစားရမည် မဟုတ်ချေ။
တီဗီလိုင်းကို အခြားတစ်ခုသို့ ပြောင်းထားကြောင်း သိလိုက်ရသည့်အခါမှ ရှဲ့ယွင်နန်လည်း စိတ်သက်သာရာရသွားတော့သည်။
ဒီတစ်ယောက်က ပြင်ပကမ္ဘာကို တုန့်ပြန်နိုင်သားပဲ ဒါဆို မဆိုးပါဘူး ...
သူ့မှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာ ရှိနေပြီး ရူးနေမှာကို ကြောက်နေတာ တကယ်သာ ရူးနေတာ ဆိုလို့ကတော့ ... ဒီလူက ရှေ့လျှောက် တစ်ယောက်တည်း နေနိုင်မှာ မဟုတ်ဘူး ...
အနီးအနားရှိ ကျူးကျော်ရပ်ကွက်များတွင် လူဆင်းရဲအများအပြား နေထိုင်ကြကာ မြို့တော်ရှိ ကြွယ်ဝသူများက ထိုသူများအတွက် အစာရေစာ လှူဒါန်းပေးလေ့ ရှိသည့်အတွက် အချိန်ကာလ တစ်ခုမျှအထိ ငတ်မွတ်လိမ့်မည် မဟုတ်ချေ။
သို့သော် သူရထားသည့် မှတ်ဉာဏ်များအရ ဆင်ခြေဖုံးဒေသသို့ အံ့ဖွယ်သားရဲများ ဝင်ရောက်လာသည့်အခါ ဟုန်ယဲ့မြို့တော်ရှိ ကုန်ဈေးနှုန်းမှာ မိုးထိလုမတတ် မြင့်တက်သွားသည့်အတွက် ထိုလူချမ်းသာများသည်လည်း ဆင်းရဲသားများကို မထောက်ပံ့နိုင်တော့ချေ။
အစာငတ်မွတ်သည့်ဒဏ်ကြောင့် သေဆုံးသူများပင် ရှိလာတော့၏။
သူ့အနေဖြင့် လျောင်မိသားစုနှင့် ကင်းကင်းရှင်းရှင်းနေကာ စောစောစီးစီး မသေရန် ကြိုးပမ်းနိုင်သည့်တိုင် ရှေ့ဆက်ရမည့်ဘဝမှာ လွယ်ကူမည် မဟုတ်ရာ အခြားတစ်ယောက်ကိုပါ ထောက်ပံ့ရပါလျှင် အခက်ကြုံရပေလိမ့်မည်။
ထိုသူအနေဖြင့် အမြန်ပြန်လည်သက်သာကာ အလုပ်တစ်ခု ရှာတွေ့နိုင်ပါလျှင် အကောင်းဆုံး ဖြစ်ပေမည်။
ထိုသို့ တွေးရင်း ရှဲ့ယွင်နန်သည် ထိုသူကို အနည်းငယ် ပူပန်စိတ်ဖြင့် လှမ်းကြည့်လိုက်သည်။
သူ့ရုပ်ရည်က အရမ်းကို ကြည့်ကောင်းနေလွန်းတယ် ... ဘာခွန်အားမှ မရှိတဲ့ လူတစ်ယောက်မှာ ဒီလိုမျက်နှာမျိုး ရှိနေတာ ကောင်းတဲ့ကိစ္စ မဟုတ်ဘူး ...
ရှဲ့ယွင်နန်က သူ စားရန်အတွက် ဈေးပေါသော အစေ့အဆန်မျိုးစုံကိုသာ ဝယ်ယူခဲ့သည်။ လူနာအတွက်မူ မနေ့ကတည်းက ဆန်ပြုတ်အများအပြား ချက်ပြုတ်ကာ ရေခဲသေတ္တာထဲ ထည့်ထားပြီးဖြစ်၍ အနည်းငယ်ကို ထုတ်ယူကာ ပြန်အပူပေးလိုက်သည်။ ထို့နောက် ကြက်ဉနှစ်လုံးကို ထပ်ထည့်၍ အိပ်ယာပေါ်တွင် ရှိနေသူကို ခွံ့ကျွေးလိုက်၏။
တစ်ပန်းကန် ကုန်သွားသည့်တိုင် သွမ့်ချန်ချင်းက နောက်တစ်ပန်းကန် ထပ်စားလိုနေဆဲပင်။
ကယ်ဆယ်ခံရစဉ်က သူ့အခြေအနေမှာ လွန်စွာ ပြင်းထန်လွန်းလှသည်။
သို့သော် လုံခြုံသည့်နေရာသို့ ရောက်ရှိပြီးနောက် ပြန်လည်သက်သာလာသည့် အရှိန်မှာ လွန်စွာ မြန်ဆန်လှ၏။
သူ့ခန္ဓာကိုယ်ထဲမှာ စိတ်စွမ်းအင် အစိုင်အခဲလည်း ရှိနေတယ်လေ !!!!!
ဒါပေမယ့် စကားတော့ မပြောနိုင်သေးဘူး ...
သွမ့်ချန်ချင်းက အကြည့်တို့ဖြင့်သာ အရိပ်အယောင် ပြလိုက်၏။
အိပ်ယာပေါ်ရှိ အမျိုးသား၏ ငွေ့ရည်ဖွဲ့နေသော အကြည့်တို့ကို တွေ့လိုက်သည့်အခါ ရှဲ့ယွင်နန်၏ နှလုံးသားထဲတွင် ရှင်းမပြနိုင်လောက်သည့် ကျေနပ်မှုတစ်ခုကို ခံစားလိုက်ရသည်။
အားကိုးခံရတာ ကောင်းလိုက်တာ …
“အရင်က မင်း ဘာတွေ ဖြစ်ခဲ့လို့ ဒီလိုမျိုး ဒဏ်ရာရခဲ့လဲတော့ မသိပေမယ့် ...”
ရှဲ့ယွင်နန်က သူ့ခေါင်းကို လက်ဖြင့် အုပ်ကိုင်ကာ ပြောလိုက်သည်။
ဒီတစ်ယောက်ရဲ့ အကြည့်တွေက ရှောင်ပိုင်နဲ့ တစ်ပုံစံတည်းပဲ ...
ရှဲ့ယွင်နန်၏ စိတ်ထဲတွင် သနားသည့် ခံစားချက်တစ်ခု ထွက်ပေါ်လာသည်။ ထို့ကြောင့် သူ့ခံစားချက်များကို ထပ်တူ ခံစားမိနေသည့် ရှောင်ပိုင်ကပါ သွမ့်ချန်ချင်း၏ ပုခုံးပေါ် လက်တင်ကာ သူ့မျက်နှာကို အကြိမ်အနည်းငယ်ခန့် လျက်လိုက်တော့၏။
သွမ့်ချန်ချင်း၏ လက်တို့ ယားယံလာကာ နှလုံးသားမှာ ပို၍ပင် ယားကျိကျိ ဖြစ်လာတော့သည်။
ဒီမိစ္ဆာလေးက နည်းနည်း တည့်တိုးဆန်လွန်းမနေဘူးလား ... ဒါပေမယ့် သူကလည်း မငြင်းပါဘူး အဟမ်း ...
ဒီမိစ္ဆာလေးက မူလပိုင်ရှင်ရဲ့ မျက်နှာကို ကြည့်နေတာ ဆိုပေမယ့် အခု မူလပိုင်ရှင် သေသွားပြီး ခန္ဓာကိုယ်က ငါ့အပိုင် ဖြစ်သွားပြီဆိုတော့ ... ဒါက ငါ့မျက်နှာဆိုတဲ့ သဘောပဲ မဟုတ်လား ...
သူ့ခန္ဓာကိုယ် ပြန်လည်သက်သာကာ စကားပြောရန် သင်ယူပြီးပါလျှင် ဤပုဂ္ဂိုလ်အား သူ၏ အပြင်ပိုင်း ရုပ်သွင်ကိုသာမက အတွင်းစိတ်ကိုပါ ချစ်ကြိုက်မိသွားစေရန် လုပ်ဆောင်နိုင်မည်ဟု ယုံကြည်ထားသည်။
မျက်နှာဆိုကာမှ ... သူ့ရဲ့ ပထမဆုံးဘဝမှာ အရမ်းကို လှပခဲ့တာ ... ဒီခန္ဓာကိုယ်က သူ့ပထမဘဝလောက်တော့ လှမှာ မဟုတ်ဘူး ...
ဒုတိယဘဝမှာတော့ ...အဲဒီ့တုန်းက ဆေးရည်ကန်အမျိုးမျိုးထဲ ဝင်စိမ်ရ၊ ပြီးတော့ အဆိပ်တွေကိုလည်း သောက်ရနဲ့ ဆိုတော့ နောက်ပိုင်းမှာ အကုန်လုံးက သရဲတွေ အတိုင်းပဲ ...
ဒီလိုပြောကာမှ.. သူလည်း သရဲတွေ အများကြီးနဲ့ တွေ့ခဲ့ဖူးတာပဲ .. အဲဒါကြောင့်များ ကယ်တင်ရှင်ကို စစတွေ့ချင်းတုန်းက အရမ်းချောတယ်လို့ ခံစားမိတာများလား ...
သွမ့်ချန်ချင်းက လက်ကို ခက်ခက်ခဲခဲ ဆန့်ထုတ်ကာ ခွေးပေါက်လေးကို ကိုင်ကြည့်လိုက်သည်။
အမွေးဖွာဖွာလေးနဲ့ ကိုင်လို့ကောင်းလိုက်တာ ...
အရိုက်ခံရနိုင်လောက်လား မသိဘူး ...
တစ်ခြားသူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ကိုင်တယ်ဆိုတာ တေလေဂျပိုးတွေရဲ့ လုပ်ရပ်လေ ...
ခန္ဓာကိုယ်အခြေအနေ တော်တော်လေး ဆိုးရွားပြီး သေမင်းနဲ့ လက်တစ်ကမ်းအလိုမှာ ရောက်နေတာတောင် တေလေဂျပိုးလုပ်ရပ်တွေ လုပ်ဖို့တော့ မမေ့ဘူးနော် ...
သွမ့်ချန်ချင်းက သူ့ကိုယ်သူ အတွေးလွန်နေသည်ဟုသာ ခံစားမိတော့သည်။
ရှဲ့ယွင်နန်က ပြုံးကာ ပြောလိုက်၏။
“မင်းက ရှောင်ပိုင်ကို အရမ်း သဘောကျနေတာပဲ ဒါဆို နေ့ခင်းပိုင်းကျ သူ့ကို အဖော်ပြုခိုင်းလိုက်လေ ဒါနဲ့ မင်းရဲ့ အဖော်သားရဲက ဘာလဲ ...”
သွမ့်ချန်ချင်းက ပြန်မဖြေ။ ရှဲ့ယွင်နန်ကလည်း သူ ပြန်မဖြေသည်ကို စိတ်ထဲမထား၊ ဆက်၍သာ ပြောနေသည်။
“မင်းရဲ့ ကျန်းမာရေးအခြေအနေက ပိုပြီး ကောင်းလာပါပြီ စိတ်မပူနဲ့နော် သေချာပေါက် ပြန်သက်သာမှာ အတိတ်အကြောင်းတွေ မေ့ပြီးသာ ဘဝအသစ်ကို စလိုက်တော့ ...”
သွမ့်ချန်ချင်းက ရှဲ့ယွင်နန်ကို ပြုံးပြလိုက်သည်။
ထိုသည်ကို မြင်လိုက်ကာမှ ရှဲ့ယွင်နန်လည်း စိတ်အေးသွားရတော့သည်။
ဒီတစ်ယောက်က အိမ်မွေးတိရိစ္ဆာန် သေးသေးလေးတွေကိုလည်း သဘောကျတယ် ပြုံးချင်ရယ်ချင်စိတ်လည်း ရှိသေးတယ်ဆိုတော့ ပြန်ကောင်းလာမှာ သေချာတယ် ...
ထိုသို့တွေးကာ ရှောင်ပိုင်ကို သွမ့်ချန်ချင်း၏ လက်မောင်းထဲသို့ ထည့်ပေးလိုက်သည်။
“ငါ့မှာ လုပ်စရာလေးတွေ ရှိသေးလို့ သွားတော့မယ် ...”
သွမ့်ချန်ချင်း !!!!!!!
အရမ်းကို စိတ်အားတက်ကြွလွန်းမနေဘူးလား ပြီးတော့ ဒါက ငါ့ကို ဖက်ခိုင်းတဲ့ သဘောလား ...
မိစ္ဆာလေး၏ ခန္ဓာကိုယ်ကို ပွေ့ဖက်ပြီးနောက် လွှတ်ပေးလိုစိတ် မရှိတော့။
တစ်ဖက်သူက သူ့ရဲ့ ကျေးဇူးရှင် ပြီးတော့ ညင်သာမှု ရှိတဲ့အပြင် သူ့ကိုလည်း သဘောကျနေသေးမှတော့ ... သူ့ဘက်ကလည်း ကတိကဝတ်ပြုရမယ်ဆိုရင်တောင် စိတ်မရှိပါဘူး ...
(ဘရားသားက တစ်သက်လုံး အတူတူရှိဖို့ ကတိပေးမယ်တွေတောင် လုပ်ကုန်ပြီ LOL )
ရှဲ့ယွင်နန်ကမူ တစ်ဖက်လူက သူ့လုပ်ရပ်များကို နားလည်မှု လွဲသွားကြောင်း မသိသေး။
အောက်ထပ်သို့ ဆင်းလာသည့်အခါ ဘောင်းဘီတိုနှင့် တီရှပ်တို့သာ ဝတ်ထားသည့် ကလေးတစ်သိုက် သူ့အနားသို့ အပြေးရောက်လာ၏။
“ယွင်နန်ကော ...”
ရှဲ့ယွင်နန်က သကြားလုံး လက်တစ်ဆုပ်ခန့် ယူကာ သူတို့ကို ပေးလိုက်သည်။ ကလေးများက အဖော်သားရဲများကို ကိုယ်စီ ပွေ့ပိုက်ထားကြကာ ထိုအထဲတွင် ချစ်စရာကြောင်ပေါက်လေးတစ်ကောင်ပင် ပါရှိသေးသည်။ သူက ချိုချဉ်ကို ပေးနေရင်း ၎င်းကို အကြိမ်အနည်းငယ်ခန့် ထိကိုင်လိုက်သည်။
အခြားကလေးတစ်ဦး၏ အဖော်သားရဲမှာ ငှက်ပိစိလေးတစ်ကောင် ဖြစ်ကာ ထိုငှက်ပေါက်လေးက သူ့ပုခုံးပေါ် လာနားကာ ခေါင်းဖြင့်ပင် ပွတ်သပ်တိုးဝှေ့လိုက်သေးသည်။
ခြေရင်းတွင်လည်း မြောက်များစွာသော အဖော်သားရဲတို့ ဝိုင်းအုံနေကြကာ အချို့က သူ့ကိုယ်ပေါ် တွယ်တက်လိုကြသည့်ဟန်။
သူက တကယ်ကို နာမည်ကြီး လူကြိုက်များတာပါဆိုနေ ...
“မြင့်မြတ်တဲ့မြို့တော်မှာ ကိစ္စတစ်ခုခု ဖြစ်လို့ အစားအစာထုတ်လုပ်ရေးတွေ လျော့နည်းပြီး ရက်ပိုင်းအတွင်း ကုန်ဈေးနှုန်းတွေ ထိုးတက်လာတော့မယ်လို့ ကြားတယ် မင်းတို့မိသားစုတွေကို စားစရာတွေ သိုလှောင်နိုင်မယ့် နည်းလမ်းရှာထားဖို့ ပြောလိုက်ကြဦး ...”
ရှဲ့ယွင်နန်က ပြောလိုက်သည်။
သူ ရထားသည့် မှတ်ဉာဏ်များအရ .. ရက်ပိုင်းအတွင်း ဟုန်ယဲ့မြို့တော်ရှိ ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်လာကာ သားရဲများက မြို့တော်ကို တိုက်ခိုက်သည့် အချိန်တွင်မူ ကုန်ဈေးနှုန်း မြင့်တက်သည့်ဒဏ်ကို မည်သူမှ ခံနိုင်တော့မည် မဟုတ်ချေ။
ထိုမှတ်ဉာဏ်ထဲ၌ သူသည် နောက်ပိုင်းကာလများတွင် တစ်ကြိမ်တစ်ခါမျှပင် အစာဝလင်စွာ မစားသောက်ရတော့ချေ။
အံ့ဖွယ်သားရဲတို့ တိုက်ခိုက်မှုအတွက်မူ ... အံ့ဖွယ်သားရဲတို့က ကောက်ကာငင်ကာ တိုက်ခိုက်လာသည် မဟုတ်။ တစ်ဖြည်းဖြည်း ပိုမိုကြီးထွားလာမည့် ပြဿနာဖြစ်ရာ ယခုအချိန်တွင် မည်သူကမှ သူ့စကားကို နားထောင်လိမ့်မည် မဟုတ်။ အန္တရာယ်လက္ခဏာ တစ်စုံတစ်ရာ ထွက်ပေါ်လာသည်အထိ စောင့်ဆိုင်းပြီးကာမှ သတိပေးခြင်းက ပိုမို သင့်လျော်ပေလိမ့်မည်။
သူတို့နေထိုင်ရာမြို့သို့ အံ့ဖွယ်သားရဲများ လာရောက် မတိုက်ခိုက်မီ မြို့ထဲရှိ လူများအား နေရာပြောင်းရွှေ့စေရန်လည်း နည်းလမ်းရှာရပေဦးမည်။
ရှဲ့ယွင်နန်က သူဖန်တီးထားသည့် “မြင့်မြတ်သည့် မြို့တော်ရှိ စားနပ်ရိက္ခာ ထုတ်လုပ်နိုင်မှု လျော့နည်းလာသည့် သတင်း”ကို လူတိုင်းထံရောက်အောင် ဖြန့်ချီခဲ့ကာ လူတိုင်းကလည်း သူ့စကားကို ယုံကြည်ခဲ့ကြသည်။
ထို့အပြင် ယခုလတ်တလော၌လည်း မြင့်မြတ်သည့် မြို့တော်တွင် မူမမှန်သည့် ဖြစ်ရပ်အချို့ ဖြစ်ပွားခဲ့သည်။
အရေးအကြီးဆုံးအချက်မှာ သူတို့အတွက် အစာအနည်းငယ် ပိုမိုသိုလှောင်ရန် အဆင်ပြေနေ၍ ဖြစ်သည်။
ရှဲ့ယွင်နန်က နောက်ဖြစ်လာမည့် ကပ်ဆိုးကြီးကို ကိုင်တွယ်ရန် ကြိုးစားနေစဉ် ဟုန်ယဲ့မြို့တော်ရှိ လူအချို့မှာမူ ထိုကပ်ဆိုးကို မျှော်လင့်နေကြသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း လျောင်မိသားစုသည် အမျိုးမျိုးသော လုပ်ငန်းရှင်များနှင့် ဆွေးနွေးညှိနှိုင်းကာ စားစရာ အမြောက်အများကို မှာယူခဲ့သည်။
ဤသည်မှာ လျောင်မုယဲ့၏ အဆိုပြုချက် ဖြစ်သည်။ မူလက ထိုအဆိုပြုချက်ကို မည်သူမှ သဘောမတူကြ။ သို့သော် မည်ကဲ့သို့ ဖြစ်သွားသည်မသိ၊ သူက အဘိုးဖြစ်သူကို နားချနိုင်သွားခဲ့သည်။
နောက်တစ်လအကြာတွင် ဟုန်ယဲ့တောအုပ်၌ မတော်တဆမှုတစ်ခု ဖြစ်ပွားကာ တောထဲရှိ ခွန်အားကြီးမားသော အံ့ဖွယ်သားရဲများ ထွက်ပေါ်လာ၏။
အသားစား သားရဲများက လူများကို တိုက်ခိုက်ကြသဖြင့် ဆင်ခြေဖုံးဒေသရှိ လယ်ကွင်းနှင့် စိုက်ခင်းတွင် အလုပ်လုပ်နေသူ မည်သူမှ လုပ်ငန်းခွင်သို့ မဝင်နိုင်တော့။ အသီးအရွက်စား သားရဲများကလည်း အုပ်စုလိုက် ကျူးကျော်ဝင်ရောက်ကာ စိုက်ပျိုးထားသော ကောက်ပဲသီးနှံများကို ဖျက်ဆီးစားသောက်ကြတော့သည်။
ထိုဖြစ်ရပ်၏ အကြီးမားဆုံး သက်ရောက်မှုမှာ ဟုန်ယဲ့မြို့တော်ရှိ စားစရာဈေးနှုန်းများ မြင့်တက်သွားခြင်းပင် ဖြစ်သည်။
ဤကဲ့သို့သော အခြေအနေမျိုးနှင့် ကြုံရသည့်တိုင် စားစရာအမြောက်အများ သိုလှောင်ထားသည့် လျောင်မိသားစုမှာမူ ထိခိုက်နစ်နာမှု တစ်ခုတစ်လေပင် မရှိ။
လျောင်မုယဲ့ ... ထိုသူမှာ ပြန်လည်မွေးဖွားလာခဲ့သူ ဖြစ်သည်။
မြင့်မြတ်သည့် မြို့တော်ရှိ အိမ်တော်ထဲ၌ အိပ်စက်နေစဉ်မှာပင် ပြန်လည်မွေးဖွားလာခဲ့၏။ ထိုစဉ်က သူသည် ရှဲ့ယွင်နန်နှင့် မတွေ့ရသေး။
ဤဘဝတွင် သူသည် ရူးမိုက်သည့် လုပ်ရပ်များကို လုပ်ဆောင်ကာ ရှဲ့ယွင်နန်၏ ခြေနင်းကျောက်အဖြစ်သို့ အရောက်ခံတော့မည် မဟုတ်။
ရှဲ့ယွင်နန်၏ စွန့်စားခန်းအားလုံးမှာလည်း သူ့အပိုင် ဖြစ်လာပေမည်။
သူ့ အကူအညီ မပါပါဘဲ ရှဲ့ယွင်နန် ဘာဆက်လုပ်နိုင်မလဲ စောင့်ကြည့်ချင်ပါသေးရဲ့ ....
ပြီးခဲ့သည့်ဘဝက လျောင်မုယဲ့သည် အိမ်မှ ထွက်ပြေးသွားသော လျောင်ရှင်းယွီကို လိုက်ရှာသည့်အချိန်၌ ရှဲ့ယွင်နန်နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
ရှဲ့ယွင်နန်ကို မြင်မြင်ချင်း ချစ်ကြိုက်မိသွားကာ လျောင်ရှင်းယွီကလည်း သူ့ရှေ့ ရောက်လေတိုင်း ရှဲ့ယွင်နန်၏ ကောင်းကြောင်းများကိုသာ တဖွဖွ ပြောတတ်သောကြောင့် ရှဲ့ယွင်နန်၏ အနောက်သို့ လိုက်ခဲ့မိတော့သည်။
အစပိုင်းတွင် ရှဲ့ယွင်နန်က ငြင်းဆန်ခဲ့သေးသော်ငြား တစ်ဖြည်းဖြည်းချင်း စိတ်ထားပြောင်းပျော့လာ၏။ သူနှင့် ရှဲ့ယွင်နန် အတူတူ ရှိနိုင်တော့မည်ဟု တွေးမိစမှာပင် ယန်ယုကောက ရှဲ့ယွင်နန်ကို သတ်ဖြတ်ရန် ကြံစည်လာကာ သူ့မိသားစုဝင်များကလည်း အတူတူ ပါဝင်ခဲ့၏။ အားလုံးက ရှဲ့ယွင်နန်သည် သူနှင့် မထိုက်တန်ဟုသာ ထင်ခဲ့ကြသည်။
သူက ရှဲ့ယွင်နန်ကို ကယ်တင်ခဲ့သော်ငြား ရှဲ့ယွင်နန်ကမူ နောက်ကြောင်းပြန်လှည့်ကာ နှစ်ယောက်အကြား စည်းခြားလိုက်တော့သည်။
ထို့နောက်တွင် ရှဲ့ယွင်နန်က ပိုမိုကာ သန်မာအားကောင်းလာ၏။
သူသည် သေချာပေါက် ကောင်းကင်ဘုံ၏ မျက်နှာသာပေးခြင်း ခံရသူ ဖြစ်ကာ ရှဲ့ယွင်နန်ထက် ပိုမိုကောင်းမွန်သည့် ဘဝနှင့် မွေးဖွားလာခဲ့သူ ဖြစ်ပါလျက် နောက်ဆုံးတွင် ရှဲ့ယွင်နန်ကသာ အထွဋ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။
ထိုစဉ်က သူသည် အစောပိုင်း နှစ်များ၌ ရှဲ့ယွင်နန်ကို ကူညီခဲ့ဖူးသည့် ကျေးဇူးကို မှီခို၍သာ ရှင်သန်နေထိုင်ခဲ့ရသည်။
သူ့မိသားစု တစ်ခုလုံးမှာလည်း ရှဲ့ယွင်နန်၏ ဖိနှိပ်ခြင်းကို ခံခဲ့ရကာ ဟုန်ယဲ့မြို့တော်၏ သုံးပုံတစ်ပုံခန့်အား ထိန်းချုပ်နိုင်သည့် အာဏာကို လက်လွှတ်ဆုံးရှုံးခဲ့ရသည်။
အစောပိုင်းတွင် သူသည် ရှဲ့ယွင်နန်ကို အမှန်တကယ်ပင် သဘောကျခဲ့ကာ ကြင်နာတတ်ပြီး သန့်စင်သူဟု ထင်ခဲ့မိသော်ငြား ပြန်လည်တွေးကြည့်မိသည့်အခါတွင်မူ ...
တကယ်ကို သန့်စင်ပြီး ကြင်နာတတ်တယ်ဆိုတဲ့ လူတစ်ယောက်က မြင့်မြတ်တဲ့ မြို့တော်ရဲ့ အင်အားစုတွေ အားလုံးကို ဖျက်ဆီးနိုင်ပါ့မလား ပြီးတော့ သူ့ရဲ့ သစ္စာခံတွေ အားလုံးကိုပါ သိမ်းသွင်းနိုင်ခဲ့တဲ့သူက တကယ်ရော သန့်စင်ပြီး ကြင်နာတတ်တဲ့သူ ဟုတ်ပါ့မလား ...
အောက်ခြေတွင် ကြီးပြင်းခဲ့ရသူ တစ်ဦးအနေဖြင့် သူသည် ရှဲ့ယွင်နန်မှာ အစကတည်းက အကြံအစည်တို့ဖြင့် ပြည့်နှက်နေသူတစ်ဦး ဖြစ်နေမည်ကို စိုးရိမ်မိ၏။
ရှဲ့ယွင်နန်သည် သူ့အနီးသို့ လျောင်ရှင်းယွမ် ရောက်လာစဉ်ကတည်းက လျောင်ရှင်းယွမ်၏ ဇစ်မြစ်ကို ခန့်မှန်းမိနှင့်နေကာ လျောင်ရှင်းယွမ်ကို အသုံးချ၍ သူ(လျောင်မုယဲ့)နှင့် လျောင်မိသားစု၏ အကူအညီကို အရယူလိုခြင်း ဖြစ်ပေလိမ့်မည်။
သူ့အကြံအစည်တွေ အထမြောက်သွားမှာကို နောက်တစ်ကြိမ် ခွင့်မပြုနိုင်တော့ဘူး ...
ယခုအချိန်တွင် မြင့်မြတ်သည့် မြို့တော်၌ ပုန်ကန်မှု ဖြစ်ပွားကာ မျိုးနွယ်စုခေါင်းဆောင်ယဇ်ဆရာလည်း အသတ်ခံလိုက်ရသည့်အတွက် နေရာအနှံ့အပြား ဖရိုဖရဲ ဖြစ်လာတော့မည် ဖြစ်သည်။ ပြီးခဲ့သည့် အတိတ်ဘဝရှိ ရှဲ့ယွင်
နန်သည် ထိုဝရုန်းသုန်းကား ကာလ၌ ပိုမိုသန်မာကာ ခန္ဓာကိုယ်ထဲရှိ သွေးကြောကိုလည်း နိုးထလာနိုင်စေခဲ့ပြီး စနစ်သစ်၏ ခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့သည်။
အခု ဒါတွေအားလုံး သူတစ်ယောက်တည်း အပိုင်ပဲ ....