Chapter 7
ထိုညက ရှဲ့ယွင်နန်သည် အလုပ်အားလုံး အပြီးသတ်ပြီးနောက် ထုံးစံအတိုင်း အပေါ်ထပ်တက်ကာ သူ့အိပ်ခန်းထဲရှိ လူမမာကို သွားကြည့်လိုက်သည်။
ယနေ့တွင် ထိုလူမမာကို ဒေါက်တာဟူ ညွှန်ကြားခဲ့သည့်အတိုင်း Amino Acid အပါအဝင် ဆေးနှစ်ပုလင်း သွင်းပေးထားရာ မျက်နှာအသားအရေမှာ ယခင်နေ့ကထက် ပိုမိုအခြေအနေကောင်းလာတော့သည်။
သို့သော် ပိန်လှီကာ နာမကျန်းသည့် ပုံစံမျိုး ဖြစ်နေဆဲပင်။
“ညနေကျ ကြက်သားနဲ့ ထမင်း ချက်မလို့ မင်းလည်း အတူတူစားလေ ... စားလို့ရနေပြီဆိုတော့ ထမင်းကို နည်းနည်းလေး ပျော့အောင် ချက်ပေးမယ် ...”
သူက အိပ်ယာပေါ်တွင် ရှိနေသူကို ပြောလိုက်သည်။
ပထမဘဝတွင် သွမ့်ချန်ချင်းသည် လွန်စွာ မှတ်ဉာဏ်ကောင်းမွန်ခဲ့သည်။ အရာအားလုံးကို တစ်လုံးမကျန် အပြည့်အဝ မှတ်မိခြင်းမျိုး မဟုတ်သည့်တိုင် သာမန်သူများနှင့် နှိုင်းယှဉ်ပါလျှင်မူ အတော်လေး မှတ်ဉာဏ်ကောင်းမွန်သည်ဟု ဆိုရပေမည်။
ကျင့်ကြံရေး ကမ္ဘာတွင် နှစ်ပေါင်းရာနှင့်ချီကာ နေထိုင်ကာ စိတ်ဝိဉာဉ်ကို သန်မာစေရန် ကျင့်ကြံခဲ့သည့်အတွက် ... သူ၏ မှတ်မိနိုင်စွမ်းသည် ပိုမိုသန်မာလာခဲ့သည်။
ကာတွန်းကားများကို တစ်နေကုန် ကြည့်ထားပြီးသည့်နောက် ဝေါဟာရအချို့ကို မှတ်မိနေပြီ ဖြစ်သော်ငြား ထင်မိထင်ရာ လျှောက်မပြောရဲသေးသည့်အတွက် ရှဲ့ယွင်နန်ကို ပြုံးလျက်သာ ငေးကြည့်နေလိုက်သည်။
ဒီလူက သူ့ကို ကယ်တင်ခဲ့ရုံတင် မကဘူး .. သူ့ကို သဘောလည်း ကျနေသေးတယ်ဆိုတော့ ... သေချာပေါက် ဒီလူ့ကို ကောင်းကောင်းဆက်ဆံပေးရမှာပေါ့ ...
မြောက်များစွာသော နှိပ်စက်ညှင်းပန်းမှုတို့ ခံစားခဲ့ရသောကြောင့် အားနည်းဖျော့တော့နေသော အလှလေးက အပြုံးတစ်ပွင့် စွန့်ကြဲလာသည့်အခါ ရှဲ့ယွင်နန်၏ နှလုံးခုန်သံတို့ စည်းချက်လွဲချော်သွားတော့သည်။
ဒီပုံစံလေးက တကယ်ကို တစ်ခုခု ကျူးလွန်လိုက်ချင်စရာပဲ ...
သူ ငယ်ရွယ်စဉ် အချိန်များ၌ လွန်စွာ လှပသည့် အလှလေးတစ်ဦးနှင့် လက်ထပ်ချင်ခဲ့သော်လည်း ထိုကဲ့သို့သော အလှလေးများမှာ သူ့အတွက် စိတ်ကူးပင် မယဉ်နိုင်သည့် အိပ်မက်မျိုး ဖြစ်သည်။
“ဒါဆို အခုပဲ သွားချက်လိုက်တော့မယ် ... ဒါနဲ့ သန့်စင်ခန်း သုံးချင်သေးလား ...”
သူက ထပ်မေးလိုက်ပြန်သည်။
သွမ့်ချန်ချင်း ကြည့်နေသော ကာတွန်းကားထဲတွင် ထိုကဲ့သို့သော စကားလုံးများ မပါဝင်သော်ငြား ရှဲ့ယွင်နန်က တစ်ခါ ပြောခဲ့ဖူးသည့်အတွက် ထိုစကားလုံးကို မှတ်မိနေပေသည်။
သူ့အနေဖြင့် ပြီးခဲ့သည့် အခေါက်ကကဲ့သို့ ရေပုလင်းများကို အသုံးမပြုလိုတော့။
အထူးသဖြင့် သူ့ကို ပြုစုပေးသူမှာ .. ထိုသူက သူ့ကို သဘောကျနေသည့်တိုင် သူကလည်း ထိုသူကို ထပ်တူ သဘောကျသည့်တိုင်.... ထို့အပြင် သူတို့နှစ်ဦးသည် အနာဂတ်တွင် စုံတွဲကျင့်ကြံသူများ ဖြစ်လာနိုင်၍ သူ မြင်သွားသည့်တိုင် ကိစ္စမရှိသော်ငြား .. အနည်းငယ် ရှက်စရာကောင်းသည်ဟု ခံစားမိနေဆဲပင်။
သွမ့်ချန်ချင်းက အတင်း ကုန်းရုန်းထကာ သန့်စင်ခန်းထဲသို့ သူကိုယ်တိုင် သွားနိုင်ရန် ကြိုးစားလိုက်သည်။
နေပါဦး .. “ကိုယ့်ဘာသာကိုယ်ပဲ သွားလိုက်မယ်" ဆိုတာကို ဘယ်လို ပြောရတာပါလိမ့် ...
ဤကဲ့သို့ ရုန်းကန်လှုပ်ရှားနေစဉ်မှာပင် ကယ်တင်ရှင်က အနားရောက်လာကာ သူ့ကို ပွေ့ဖက်လိုက်သည်။
မင်းသမီးတစ်ဦးကို ချီသည့်ပုံစံဖြင့် ပွေ့ချီလိုက်၏။
သွမ့်ချန်ချင်း “...”
အဲဒီ့လို ချီတာက ကိစ္စမရှိပေမယ့် .. အခု သူ ဘာအဝတ်အစားမှ ဝတ်မထားဘူးလို့ ....
ရှဲ့ယွင်နန်က အိပ်ယာထဲမှ ထကာ သန့်စင်ခန်း ရှိရာဘက်သို့ ကြည့်နေသူကို အကဲခတ်ရင်း သန့်စင်ခန်း သုံးချင်နေလောက်မည်ဟု ခန့်မှန်းမိသည့်အတွက် သူ့ကို ပွေ့ချီကာ အိမ်သာအဖုံးပေါ် တင်ပေးပြီး မေးလိုက်သည်။
“ကိုယ့်ဘာသာကိုယ် လုပ်နိုင်လား ..."
ထိုသူ၏ အရိုးပေါ်အရေတင် ဖြစ်နေသော နံရိုးများကို စိုက်ကြည့်ကာ ...
“ထားလိုက်ပါ ငါ ကူညီပေးမယ် ...”
ဒီတစ်ယောက်က ဆန်ပြုတ်တစ်ပန်းကန်ကို ကုန်အောင်သောက်ဖို့ သိပ်တောင် မကြာတော့ ခံတွင်းပျက်တာတွေ ဘာတွေလည်း ရှိမှာမဟုတ်ဘူး ဘယ်လိုအဖြစ်မျိုးတွေ ကြုံခဲ့လို့များ ဒီလောက်တောင် ပိန်လှီနေပါလိမ့်နော် ...
ရှဲ့ယွင်နန်က အနည်းငယ် ကရုဏာသက်မိသွားတော့သည်။
သူ ရရှိခဲ့သည့် မှတ်ဉာဏ်များအရ ထိုအချိန် မြစ်ကမ်းဘေးသို့ အဝတ်လျှော်ရန် မသွားခဲ့။ တစ်နည်း ဆိုရပါလျှင် ထိုသူကို မည်သူကမှ မကယ်တင်ခဲ့ဟု ဆိုလိုခြင်းပင် ဖြစ်သည်။
အဲဒီ့တုန်းက သူ့အခြေအနေနဲ့ဆို တောင့်ခံနိုင်ပါ့မလား ...
အဲဒီ့မှတ်ဉာဏ်ထဲက သူ့ဘဝဇာတ်သိမ်းက တော်တော်လေး ဆိုးခဲ့တယ်ဆို ဒီလူက သူ့ထက်တောင် ပိုပြီး ဆိုးလိမ့်ဦးမယ် ...
အခု သူက အသက်ရှင်နေတယ်ဆိုတော့.. သေချာပေါက်ကို သူ့ကံကြမ္မာကို ပြောင်းလဲနိုင်ရမယ် ...
ထိုသို့ တွေးလိုက်မိကာမှသာ ရှဲ့ယွင်နန်၏ စိတ်ခံစားချက်တို့ သက်သာရာရသွားတော့သည်။
သွမ့်ချန်ချင်းက အိမ်သာအဖုံးပေါ်တွင် ရှက်သွေးဖြန်းစွာဖြင့် ထိုင်နေ၏။
ဒီ အကျိုးနည်းအောင်ကို အားနည်းတဲ့ ခန္ဓာကိုယ်ကတော့ ...
အမြန်ဆုံး ပြန်ကျင့်ကြံပြီး အရင်ဘဝကလို ခန္ဓာကိုယ်မျိုး ပြန်ရလာအောင် လုပ်မှ ရတော့မယ် ...
အတိတ်ဘဝက သူ ကျင့်ကြံခဲ့သည့် ကျင့်ကြံရေးနည်းလမ်းမှာ လွန်စွာ မြန်ဆန်ပြီး ဘေးထွက်ဆိုးကျိုးလည်း များပြားသည့်တိုင် ခန္ဓာကိုယ်အချိုးအစား ကြံ့ခိုင်စေနိုင်စွမ်းမှာမူ ထိပ်တန်းအဆင့်ပင်။
ထို့အပြင် နောက်ပိုင်း မိစ္ဆာဂိုဏ်းချုပ်၏ အသိုက်အမြုံကို ဝင်ရောက်တိုက်ခိုက်ခဲ့စဉ်ကလည်း မြောက်များစွာသော ရှေးဟောင်း ခန္ဓာကိုယ် လေ့ကျင့်ရေး နည်းလမ်းများကို ပိုင်ဆိုင်ခဲ့သေးသည်။
ရှက်ဖို့ ကောင်းလှသည့်တိုင် သန့်စင်ခန်းကို အသုံးပြုရဦးမည်ဖြစ်ရာ ... ကိစ္စပြီးစီးသွားပြီးနောက် သွမ့်ချန်ချင်းက မလှမ်းမကမ်းရှိ မှန်ကို လှမ်းကြည့်လိုက်သည်။
ယခုအချိန်အထိ သူ့ရုပ်ရည်သွင်ပြင်မှာ မည်သို့မည်ပုံ ရှိနေမှန်း မသိသေး။
“မှန်ကြည့်ချင်လို့လား စိတ်မပူပါနဲ့ မင်းမျက်နှာက အကောင်းအတိုင်း ရှိနေတုန်းပါ ...”
ရှဲ့ယွင်နန်က သူ့ကို ပွေ့ချီကာ မှန်ရှေ့သို့ ခေါ်သွားပေးလိုက်သည်။
သွမ့်ချန်ချင်းက မှန်ထဲသို့ စိုက်ကြည့်လိုက်၏။
ဒီပုံစံကို တော်တော်လေး ရင်းနှီးနေတယ် .. ပထမဘဝက ရုပ်နဲ့ ၈၀ ရာခိုင်နှုန်းလောက် တူနေပြီး အခုကတောင် ပိုကြည့်ကောင်းနေသလိုပဲ ...
အကြောင်းမှာ ... မူလပိုင်ရှင်၏ ခန္ဓာကိုယ်မှာ အားနည်းလှသည့်တိုင် စိတ်စွမ်းအင်အစုအဖွဲ့၏ အားဖြည့်ပေးမှုကြောင့် ထူးထူးကဲကဲ ကောင်းမွန်လှသော အသားအရေကို ပိုင်ဆိုင်ထား၍ဖြစ်သည်။
ပထမဘဝတွင် သူသည် နာမကျန်းဖြစ်နေသည့် သာမန်သူတစ်ဦးသာ ဖြစ်သည့်အတွက် အသားအရေမှာလည်း မွဲခြောက်ဆိုးဝါးလှပေသည်။
ထိုမျက်နှာကို မြင်လိုက်ရသည့်အခါ သွမ့်ချန်ချင်း၏ စိတ်ထဲ၌ ကျေနပ်အားရမှုနှင့် အလိုမကျမှုတို့ ယှဉ်တွဲထွက်ပေါ်လာတော့သည်။
ကျေနပ်ရခြင်းမှာ ဤမျက်နှာသည် သူ့မူလမျက်နှာနှင့် အတူတူပင် ဖြစ်နေသောကြောင့် ဖြစ်သည်။ ကယ်တင်ရှင်က သူ့မျက်နှာကို များစွာ သဘောကျနေရာ ယခု သူ့အနေဖြင့် မူလပိုင်ရှင်၏ ရှာလကာရည်ကို သောက်နေရန် မလိုအပ်တော့။
အလိုမကျရခြင်းမှာမူ ... ဤမျက်နှာသည် လှပသည့်တိုင် ယောကျ်ားဆန်ခြင်း အလျဉ်းမရှိ၍ ဖြစ်သည်။
ခန္ဓာကိုယ်ကို ကောင်းကောင်းမွန်မွန် ဂရုစိုက်ကာ ကိုယ်ခန္ဓာသန့်စင်ရေး နည်းလမ်းများကို ကျင့်ကြံပြီးပါလျှင် ... သူ့တွင် ကြွက်သားအပြည့်ဖြစ်နေသော အမျိုးသားတစ်ဦး ဖြစ်လာနိုင်သည့် အခွင့်အရေးမျိုး ရှိနေဦးမည်ဖြစ်သည်။
သွမ့်ချန်ချင်းသည် ပထမဘဝကတည်းက သန်မာကြံ့ခိုင်သူတစ်ဦး ဖြစ်လိုခဲ့ကာ ဒုတိယဘဝ၌ လူပေါင်းများစွာကို အင်အားဖြင့် ဖိနှိပ်ခဲ့ပြီးသည့်နောက် ဤဆန္ဒမှာ ပို၍ပင် နက်ရှိုင်းလာတော့သည်။
သူက ရှဲ့ယွင်နန်ကို လှည့်ကြည့်ကာ နောက်တစ်ကြိမ် ပြုံးပြလိုက်ပြန်သည်။
“လူတိုင်းကို ဒီလိုမျိုး ခဏခဏကြီး ပြုံးပြနေလို့ မရဘူးလေ ဒါက အရမ်းကို ညှို့အားပြင်းလွန်းတယ် ... အနာဂတ်မှာ မင်းမျက်နှာကို အသုံးချပြီး အသက်မွေးဝမ်းကျောင်းမှာ မဟုတ်ရင် အမာရွတ်နည်းနည်းလောက် သုံးပြီး ရုပ်ဖျက်ထားတာ အကောင်းဆုံးပဲ ...”
ရှဲ့ယွင်နန်က သက်ပြင်းချကာ ပြောလိုက်သည်။
သွမ့်ချန်ချင်းက သူ ပြောနေသည်များကို နားမလည်။ ထို့ကြောင့် ခပ်ပြုံးပြုံးဖြင့်သာ စိုက်ကြည့်နေလိုက်သည်။
ချစ်စရာကောင်းလိုက်တာ ....
ရှဲ့ယွင်နန်က ထိုသူ၏ အဖော်သားရဲအကြောင်း သိလိုစိတ်များ ဖြစ်ပေါ်လာတော့သည်။
အဖော်သားရဲက သူလောက် ကောင်းပါ့မလား ...
သူက သွမ့်ချန်ချင်းကို အိပ်ယာပေါ် ချပေးလိုက်ကာ တစ်ခဏမျှ စဉ်းစားပြီးနောက် သူ ဝယ်ထားခဲ့သည့် တီရှပ်တစ်ထည်နှင့် အသစ်စက်စက် အတွင်းခံတစ်စုံကို ရှာပေးလိုက်သည်။
“ကိုယ့်ဘာသာကိုယ် ဝတ်နိုင်တယ် မဟုတ်လား ငါ ထမင်းသွားချက်လိုက်ဦးမယ် ...”
ထို့နောက် ရှဲ့ယွင်နန်က ချက်ပြုတ်ရန် ထွက်သွားလိုက်သည်။
ကြက်သားထမင်းဆိုသည်မှာ ခပ်သေးသေး လှီးဖြတ်ထားသော ကြက်ရင်အုံသားကို ပြောင်းကော်မှုန့်နှင့်နယ်ကာ ဆန်၊ လှီးဖြတ်ထားသည့် ခါကြက်ဉ၊ အာလူးတို့နှင့်အတူ ပေါင်းအိုးထဲထည့်ကာ ရောနှောချက်ပြုတ်လိုက်ခြင်းပင် ဖြစ်သည်။
မနေ့က သူ စားခဲ့သည်နှင့် မကွဲပြားလှ။
သွမ့်ချန်ချင်းအတွက် အာဟာရဓာတ်များ ဖြည့်တင်းပေးရန် လိုအပ်သည်ဟု တွေးမိသည့်အတွက် ကြက်သွန်နီနှင့် ပဲစေ့များကိုပါ ထပ်ထည့်လိုက်သည်။
ရှဲ့ယွင်နန်က မီးဖိုထဲတွင် အလုပ်များနေစဉ် သွမ့်ချန်ချင်းကလည်း အင်္ကျီနှင့် ဘောင်းဘီများကို ခက်ခက်ခဲခဲ ဝတ်ဆင်နေရ၏။
ရှပ်အင်္ကျီမှာ ဆိုဒ်အသေးဖြစ်ကာ အနည်းငယ်လည်း ခါးရှည်သည့်အတွက် သူနှင့် ကွက်တိဖြစ်နေသော်ငြား အတွင်းခံမှာမူ ...
နည်းနည်းလေး ချောင်လွန်းနေတယ် ...
ဒါ တကယ်ကို ... သည်းမခံနိုင်စရာပဲ ...
အများကြီး ပိုစားမှ ဖြစ်တော့မယ် ...
အဝတ်အစား လဲပြီးသည့်အခါ သွမ့်ချန်ချင်းတွင် ခွန်အားအနည်းငယ်မျှပင် မကျန်ရှိတော့။ အသက်မရှူစတမ်း လဲလျောင်းကာ ဘေးနားရှိ ခွေးပေါက်လေးကို လှည့်ကြည့်နေလိုက်သည်။
သူ့ကို အမြီးယမ်းပြရင်း ပြုံးပြနေသည့်သဖွယ် နှုတ်ခမ်းထောင့်စွန်းတို့ ကော့တက်နေသည်မှာ လွန်စွာ ချစ်စရာ ကောင်းလွန်းလှ၏။
သွမ့်ချန်ချင်းက လက်ကို ဆန့်ထုတ်ကာ ရှောင်ပိုင်ကို အကြိမ်အနည်းငယ်ခန့် ပွတ်သပ်ပေးလိုက်သည်။
ထိုသို့ ကိုင်ကြည့်ပြီးကာမှ ဤခန္ဓာကိုယ်၏ မူလပိုင်ရှင်မှာလည်း မိစ္ဆာတစ်ကောင် ဖြစ်နိုင်သည်ဟု တွေးလိုက်မိ၏။
သူ၏ ကျေးဇူးရှင်မှာ ခွေးတစ်ကောင် ဖြစ်သည့်တိုင် အင်အားကြီးသော မိစ္ဆာသွေးကြောနှင့် လွှမ်းမိုးနိုင်စွမ်း ကြီးမားသည့် မိစ္ဆာစွမ်းအင်တို့ ပိုင်ဆိုင်ထားသည်။ သို့သော် ဤခန္ဓာကိုယ်၏ မူလပိုင်ရှင်မှာမူ အားနည်းသည့် သွေးကြောတည်ဆောက်ပုံတစ်ခုကိုသာ ပိုင်ဆိုင်ထားပေသည်။
သူ့ရဲ့ မူလရုပ်သွင်က ဘာလဲ ဆိုတာကိုတောင် မသိသေးဘူး ...
သွမ့်ချန်ချင်းက သူ့မူလရုပ်ကို အပြင်ထုတ်ရန် ကြိုးပမ်းလိုက်သည်။
များမကြာမီ သူ့ရင်ဘက်ပေါ်တွင် သေးကျုံ့ပိန်လှီသည့် ကြွက်တစ်ကောင် ထွက်ပေါ်လာ၏။
နေပါဦး .. ဒါက ကြွက် မဟုတ်ဘဲ ရှဉ့်တစ်ကောင်လား ...
သွမ့်ချန်ချင်းက ဂရုတစိုက် အကဲခတ်ကြည့်ပြီးသည့်နောက် သူ့မူလရုပ်မှာ ရှဉ့်မျိုးနွယ်များအနက် အသေးဆုံးမျိုးစိတ်ဖြစ်သည့် Chipmunk အနွယ်ဝင်ဖြစ်ကြောင်း သိလိုက်ရသည်။
ဒါလေးက အကောင်သေးပြီး ခွန်အားမရှိတဲ့အပြင် ကောက်ပဲသီးနှံတွေကိုတောင် ဖျက်ဆီးတတ်သေးတယ် ... ကောင်းကွက်ဆိုလို့ ... ချစ်စရာကောင်းတာလေးပဲ ရှိတယ်လို့ ပြောရမလားပဲ ...
ဒါပေမယ့် မူလရုပ်နဲ့ လူသားခန္ဓာကိုယ်နဲ့က ဆက်စပ်နေတာ မဟုတ်လား ...
သူက အာဟာရ ချို့တဲ့ပြီး ရုပ်ပိုင်းဆိုင်ရာ အခြေအနေကလည်း ညံ့ဖျင်းနေသေးတော့ ဒီရှဉ့်ပေါက်ရဲ့ အမွေးတွေကလည်း နည်းနည်းလေးမှကို ချောမွေ့မနေဘူး ပြီးတော့ အရိုးပေါ်အရေတင် သေးကွေးနေရတဲ့အထဲ အမွေးတွေကလည်း ကွက်တိကွက်ကြားနဲ့ တော်တော်လေးကို စုတ်ပြတ်နေတာပဲ ...
ကောင်းကောင်းမွန်မွန် ပြုစုပျိုးထောင်ထားတဲ့ ခွေးပေါက်စလေးနဲ့များ ကွာခြားလိုက်တာ ...
အဲဒီ့ခွေးပေါက်လေးမှာ ပိုကောင်းတဲ့ သွေးကြောတည်ဆောက်ပုံ ရှိနေတယ်ဆိုတာကတော့ ပြောကို မနေတော့ဘူး ...
သူ့ကျေးဇူးရှင်က တစ်ကြိမ်တစ်ခါမှ ကျင့်ကြံဖူးခြင်း မရှိ၊ သွေးဖွဲ့စည်းပုံကို မနိုးထစေခဲ့ဖူး၍သာ တော်သေးသည်။ ထို့အပြင် စိတ်စွမ်းအင် မလုံလောက်မှုကြောင့် သူ့ခန္ဓာကိုယ်သည် အခြေတည်အဆင့်၌သာ ရပ်တန့်နေရာ တစ်ဖက်သူ၏ ဖိနှိပ်ခြင်းကို မခံခဲ့ရ။
စိတ်စွမ်းအင် မလုံလောက်သည့် မိစ္ဆာများသည် ကနဦးအဆင့် ရုပ်သွင်ကိုသာ ထိန်းသိမ်းထားနိုင်သော်ငြား သူ၏ စိတ်စွမ်းအင်မှာမူ လွန်စွာ အားကောင်းလှသည့်အတွက် သိစိတ်ဝိဉာဉ်ကို ပင်မကိုယ်နှင့် ချည်နှောင်ထားနိုင်ခြင်း ဖြစ်သည်။
ဤ ကျောရိုးတွင် အဖြူစင်းပါသည့် ရှဉ့်မှာ သူ၏ အခြားခန္ဓာကိုယ်တစ်ခုဖြစ်ရာ ဤခန္ဓာကိုယ်ကို အသုံးပြု၍ တစ်ကမ္ဘာလုံးကို စူးစမ်းလေ့လာနိုင်ပေမည်။
ဥပမာအားဖြင့် ရှဉ့်ပေါက်စလေး၏ မျက်လုံးထဲမှတစ်ဆင့် လွန်စွာ ကြီးမားနေသော သူ့မျက်နှာကို ကိုယ်တိုင် ပြန်မြင်လိုက်ရသည်။
နေ .. နေပါဦး ...
သွမ့်ချန်ချင်းက သူ့အနားသို့ တိုးလာသည့် ခွေးခေါင်းအကြီးကြီးကို တွေ့လိုက်ရကာ ကြီးမားလှသည့် လျာ၏ တိုက်ခိုက်မှုကိုပါ တစ်ပါတည်း ခံစားလိုက်ရသည်။
ဒီ ချစ်စရာကောင်းတဲ့ ခွေးပေါက်လေးက သူကို လျာနဲ့ လျက်နေတာက ...
တကယ် ... တကယ်ကို ...
သွမ့်ချန်ချင်းမှာ မတ်တပ်ရပ်လိုက်သည်နှင့် တစ်ပြိုင်နက် တစ်ဖန် အလျက်ခံလိုက်ရပြန်ရာ ခြေခိုင်ခိုင်ထား၍ မတ်တပ်ရပ်ပြီးကာစဖြစ်သော ရှဉ့်ပေါက်စမှာလည်း နောက်တစ်ကြိမ် ပြုတ်ကျသွားပြန်၏။
ဒီ စိတ်အားထက်သန်မှုကြီးက အရမ်းကို မလွန်လွန်းနေဘူးလား ... သူ့ကို ကြိုက်တယ်ဆိုရင်တောင် ဒါမျိုးတော့ လုပ်လို့ မရဘူးလေ ...
သွမ့်ချန်ချင်း၏ မျက်နှာတစ်ခုလုံး နီရဲသွားသည်။ ရှဉ့်ကလည်း သူ့အမြီးကို နောက်ခြေနှစ်ချောင်းဖြင့် ခွထားကာ ရှေ့လက်နှစ်ဖက်ဖြင့် ပွေ့ပိုက်၍ ခန္ဓာကိုယ်၏ အဓိကအစိတ်အပိုင်းများအား ကာဆီးလိုက်သည်။
ဒီလို မလုပ်ဘူးဆို သနားစရာကောင်းတဲ့ ရှဉ့်ပေါက်လေးရဲ့ အဓိကနေရာတွေ တိုက်ခိုက်ခံရတော့မှာလေ ...
မကြိုက်တာတော့ မဟုတ်ပေမယ့် .. နည်းနည်း မြန်လွန်းတယ်လို့ ခံစားနေမိတုန်းပဲ ...
“ဝုတ် ...”
အိပ်ယာပေါ်တွင် လှဲနေသော ရှောင်ပိုင်က အမြီးကို ဆက်တိုက် ခါယမ်းကာ ရုတ်တရက် ပေါ်လာသော ရှဉ့်ပေါက်စလေးကို စိတ်ဝင်တစား စူးစမ်းနေသည်။
ရုတ်ရုတ်သဲသဲ ဖြစ်နေ၍ လာအကဲခတ်သော ရှဲ့ယွင်နန်ကလည်း ၎င်းကို စိတ်ဝင်တစား စိုက်ကြည့်ရင်း မေးလိုက်သည်။
“ဒါက မင်းရဲ့ အဖော်သားရဲလေးလား ချစ်စရာကောင်းလိုက်တာ ...”
ဒီလိုမျိုး သေးသေးကွေးကွေးနဲ့ အမွေးတွေ ဖွာနေတဲ့ အကောင်ပေါက်လေးတွေကို မြင်ရင် ဘယ်လိုမှ အောင့်မထားနိုင်တော့ဘူး ကိုင်ကြည့်ချင်လိုက်တာ ...
ထိုအတွေးနှင့်အတူ ရှဲ့ယွင်နန်က ရှဉ့်ပေါက်လေးကို ကောက်ကိုင်ကာ နှစ်ကြိမ်ခန့် ပွတ်သပ်လိုက်ပြီးကာမှ ရှောင်ပိုင်ကို ပြောလိုက်သည်။
“ရှောင်ပိုင် ဒီအကောင်ပေါက်စလေးက မင်း လျက်တာကို ခံနိုင်ဖို့ အရမ်း သေးလွန်းသေးတယ် နားလည်လား ...”
စိုရွှဲနေသည့် အမွေးတို့ကို ပွတ်သပ်ရခြင်းမှာ သိပ်မကောင်းလှ။
“ဝုတ် ...”
ရှောင်ပိုင်က သူ့ဘေးသို့ လှဲချကာ ဗိုက်ကို လှန်လိုက်ပြီး ရှဉ့်ပေါက်စလေးထံ လက်လှမ်းလိုက်သည်။
ရှဲ့ယွင်နန်က သူ့ဆိုလိုရင်းကို နားလည်နေ၏။
ရှောင်ပိုင်၏ ဖွံ့ဖြိုးမှုမှာ လွန်စွာ နှေးကွေးကာ အရွယ်ရောက်လာခြင်း မရှိ၊ မွေးစအရွယ်ကတည်းက ယခုအချိန်အထိ ခွေးပေါက်စ ပုံစံအတိုင်းသာ ဆက်ရှိနေပေသည်။
တိုက်ခိုက်ရေး စွမ်းရည်အကြောင်း မဆိုထားနှင့်၊ ဖြူဖွေးနေသည့် အမွေးများက ညစ်ပတ်ပေရေသွားရန် များစွာ လွယ်ကူလှ၏။
ဤကဲ့သို့သော အဖော်သားရဲမျိုးမှာ လွန်စွာ အားနည်းလှရာ အလွယ်တကူ အစအနောက်ခံရနိုင်ပေသည်။ ထိုစဉ်က သူနှင့် ကစားဖက်များအကြားတွင် ဆရာကြီး ဖြစ်နေဆဲပင်။ .. သူသည် ရှောင်ပိုင်ကို များစွာ သဘောကျသည့်တိုင် ဤကဲ့သို့သော အဖော်သားရဲမျိုးက သူ့ကို မျက်နှာပျက်စေနိုင်သည်ဟု ခံစားမိဆဲပင် ...
အရေးအကြီးဆုံး အချက်အနေဖြင့် ရှောင်ပိုင်သည် နို့နှစ်ရောင် အမွေးတို့ကို ပိုင်ဆိုင်ထားသည့် ခွေးပေါက်တစ်ကောင် ဖြစ်သည့်အတွက် အခြားသူများ၏ အဖော်သားရဲများက သူ့ကို အမြဲ အနိုင်ကျင့်တတ်ကြသည်။
သူ ငါးနှစ်ပြည့်သွားသည့်အခါ အခြားသူများ၏ ရှေ့တွင် ရှောင်ပိုင်ကို ထုတ်မပြတော့။ ရှောင်ပိုင်၏ လှုပ်ရှားသွားလာနိုင်သည့် နယ်မြေမှာ ဒုတိယထပ် တစ်ထပ်သာ ဖြစ်ပေသည်။
ရံဖန်ရံခါ အပြင်ဘက်၌ ရှိနေစဉ် ရှောင်ပိုင်ကို ထုတ်ရပါလျှင်လည်း အမြဲ ပွေ့ချီထားလေ့ရှိကာ အခြားသူများ၏ အဖော်သားရဲများနှင့် လုံးဝ ကစားခွင့်မပြု။
ကစားဖော်ကစားဖက် ရှာတွေ့ရန်မှာ လွန်စွာ ခဲယဉ်းလှရာ ရှောင်ပိုင်အနေဖြင့် စိတ်မလှုပ်ရှားဘဲ နေလိမ့်မည် မဟုတ်ချေ။
ထိုသို့ တွေးမိသည့်အတွက် ရှဲ့ယွင်နန်သည် သူ့လက်ထဲရှိ ရှဉ့်ပေါက်ကို ရှောင်ပိုင်၏ ဗိုက်ပေါ်သို့ တင်ပေးလိုက်သည်။
ဒီလိုဆိုကာမှ .. ဒီတစ်ယောက်ရဲ့ အဖော်သားရဲကလည်း သူ့ပိုင်ရှင်လိုပဲနော် နည်းနည်း ထူးထူးဆန်းဆန်းလေး ... ပြီးတော့ မလှုပ်မယှက်နဲ့ ...
သူက ရှဉ့်ပေါက်လေး၏ ဗိုက်ကို လက်ဖြင့် ထိုးကြည့်လိုက်သည်။
အသိစိတ် ပြန်ကပ်မလာသေးတဲ့ သွမ့်ချန်ချင်း “...”
ဒါက များလွန်းသွားပြီ ... ငါ့ကို ကောက်ချီပြီး ပွတ်သပ်နေတာကို ထည့်မပြောနဲ့ဦး ... သူ့ဗိုက်ပေါ်ကိုတောင် တင်ထားလိုက်သေးတယ် ...(🤣)
ငါ့ကို သူ့ဗိုက်ပေါ် တင်တဲ့အပြင် ငါ့ဗိုက်ကိုပါ ကိုင်ကြည့်လိုက်သေးတယ် ...
သူ့ဘဝတွင် ဤကဲ့သို့သော ကိုယ်ထိလက်ရောက် ထိပါးစော်ကားမှုမျိုးကို တစ်ကြိမ်တစ်ခါမျှပင် မခံစားခဲ့ရဖူးချေ။
“ဘာလို့ မျက်နှာက တအားနီနေတာလဲ ...”
ရှဲ့ယွင်နန်က သွမ့်ချန်ချင်း၏ အမူအယာမှာ တစ်ခုခု မှားယွင်းနေကြောင်း သတိပြုမိလိုက်သည်။
ဒီတစ်ယောက်က ပါးတွေ နီမြန်းနေပြီး သူ့ကိုလည်း ငွေ့ရည်ဖွဲ့နေတဲ့ အကြည့်တွေနဲ့ စိုက်ကြည့်နေတာ ... မဟုတ်မှ လွဲရော .. သူ့ရဲ့ ချောမောလှပလွန်းတဲ့ မျက်နှာလေးရဲ့ ဖမ်းစားတာကို ခံလိုက်ရလို့များလား ...
ရှဲ့ယွင်နန်သည် ဆင်ခြေဖုံးဒေသတွင် အတော်လေး နာမည်ကြီးလှသူ ဖြစ်ကာ သူ့ကို သဘောကျသူများလည်း အများအပြား ရှိနေပေသည်။
သို့သော် လျောင်မုယဲ့က သူ့ကို ကြိုက်သည်ဆိုသည့် စကားကိုမူ မယုံကြည်။ အကြောင်းမှာ လျောင်မုယဲ့၏ အကြည့်တို့က တစ်ခုခု မှားယွင်းနေ၍ ဖြစ်သည်။
အဲဒီ့ လျောင်မုယဲ့ဆိုတဲ့ တစ်ယောက်က သူ့ကို ကြိုက်နေတာ မဟုတ်လောက်ဘူး ... ဒါပေမယ့် သူ ကယ်ခဲ့မိတဲ့ တစ်ယောက်ကတော့ သူ့ကို တစ်ဖြည်းဖြည်းချင်း ကြိုက်မိနေပြီထင်တယ် ...
[T/N သွမ့်ချန်ချင်းက ရှောင်ပိုင်နဲ့ယွင်နန်ကိုတစ်ကိုယ်ထဲလို့ထင်ပြီး တွေးချင်ရာတွေးနေတာပါနော် 🤣
လျောင်မုယဲ့ ပြန်မွေးဖွားလာတာက အစောပိုင်းဘဝ ဖြစ်ပြီး ယွင်နန်ရဲ့မှတ်ညဥ်ကကျ သူ(လျောင်မုယဲ့) ပြန်မွေးဖွားလာတဲ့ဘဝကို ကြုံခဲ့တဲ့မှတ်ညဏ်လို့ထင်ပါတယ်
ဒိအကြောငိးထည့်ရှင်းထားတာတော့မရှိသေးပါဘူး]]