အပိုင်း ၈
Viewers 7k

Chapter 8




ရှဲ့ယွင်နန်အနေဖြင့်လည်း ဤကဲ့သို့သော အလှလေး၏ သဘောကျခြင်းကို ခံရသည်မှာ လွန်စွာ ပီတိဖြစ်ဖွယ် ကောင်းလှကြောင်း ဝန်ခံရပေမည်။  


သို့သော် ယခုအချိန်၌ သူ့ထံတွင် လုပ်စရာကိစ္စများ အများအပြား ရှိနေသည့်အတွက် စိတ်ခံစားချက်ပိုင်းဆိုင်ရာ ကိစ္စများအတွက် အချိန်မပေးနိုင်။ 


ခက်ခဲကြမ်းတမ်းမှုများ ကုန်လွန်သွားသည့်အခါ ... ဤလူလည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားပါလျှင်မူ ... သူနှင့် စမ်းတွဲကြည့်ရလျှင်လည်း ကိစ္စမရှိပေ။ 


သူသည် ဆင်ခြေဖုံးဒေသတွင် မွေးဖွားလာသည့် သာမန် မိဘမဲ့တစ်ဦးသာ ဖြစ်ရာ သူနှင့် အလှမ်းကွာဝေးလွန်းသည့်အပြင် တစ်ကမ္ဘာတည်းဟုပင် မခံစားရသည့် လျောင်မုယဲ့နှင့် နှိုင်းယှဉ်ပါလျှင် သူ့ရှေ့တွင် ရှိနေသူကမှ တစ်ဘဝစာ လက်တွဲဖော်အဖြစ် ရွေးချယ်ရန် ပိုမိုဖြစ်နိုင်သေးသည်ဟု ခံစားမိ၏။ 


အတိတ်တွင် ရာဇဝတ်မှု ကျူးလွန်ခဲ့ခြင်း ရှိမရှိ၊ ထောင်ဒဏ်ကျခံခဲ့ရခြင်း ရှိမရှိနှင့် စပ်လျဉ်း၍မူ .. ဆင်ခြေဖုံးဒေသတွင် နေထိုင်သူများက များစွာ ဂရုမစိုက်ကြချေ။ 


အကယ်၍ အနာဂတ်တွင် သူတို့နှစ်ယောက် အတူတူ ရှိနိုင်ပါလျှင် ထိုသူကို ကောင်းကောင်းမွန်မွန် ဆက်ဆံကာ အတိတ်မှ နာကျင်မှုများ အားလုံးကို မေ့ပျောက်သွားနိုင်စေရန် စွမ်းဆောင်ပေးမည်ဖြစ်သည်။ 


ရှဲ့ယွင်နန်က မီးဖိုထဲသို့ ပြန်မသွားမီ ရှဉ့်ပေါက်လေး၏ ခေါင်းကို နောက်တစ်ကြိမ် ပွတ်ပေးလိုက်၏။ 


သွမ့်ချန်ချင်းကလည်း သက်ပြင်းနက်နက်ချကာ ရှဉ့်ပေါက်စထံမှ သူ၏ သိစိတ်ဝိဉာဉ်ကို ပြန်ဆွဲခေါ်လိုက်သည်။ 


သူ၏ စိတ်အာရုံကို ပြန်ဆွဲယူလိုက်သည့်တိုင် .. သူ၏ ကြံ့ခိုင်လှသော စိတ်အာရုံကြောင့်လေလားတော့ မသိ၊ ထိုရှဉ့်ပေါက်နှင့် သူ့အကြားရှိ ဆက်နွယ်ချက်ကို ရှင်းရှင်းလင်းလင်း ခံစားနေရဆဲပင်။ 


တစ်ဖန် သူ့စိတ်အာရုံတို့ ဦးတည်ရာ ပြောင်းလဲသွားပြန်၏။ 


ဒီခွေးရဲ့ ဗိုက်သားလေးက အရမ်းကို နူးညံ့ပျော့အိနေတာပဲ ...


နေပါဦး .. သူကရော ဘာလို့ နည်းနည်းလေးမှ လုံလုံခြုံခြုံ မနေရတာလဲ .. ပက်လက်ကြီး လှန်ပြီးတော့လေ ...


ထားပါ .. ဒါက အနာဂတ်မှာ သူရဲ့ လက်တွဲဖော် ဖြစ်လာနိုင်မယ့် သူပဲဟာ...


“ညစာ အဆင်သင့်ဖြစ်ပြီ ကိုယ့်ဘာသာကိုယ် စားမလား ဒါမှမဟုတ် ငါ ခွံ့ကျွေးရမလား ...”


ရှဲ့ယွင်နန်က ထမင်းတစ်ပန်းကန်ကို ကိုင်လျက် အခန်းထဲသို့ ပြန်ရောက်လာ၏။ 


သွမ့်ချန်ချင်းက သူ့လက်ကို ဆန့်ထုတ်ပြလိုက်သည်။ 


သူ နောက်တစ်ကြိမ် ခွံ့ကျွေးမခံချင်တော့ဘူးလို့ ...


သွမ့်ချန်ချင်းက ကိုယ်တိုင် စားလိုကြောင်း သိလိုက်ရသည့်အခါ ရှဲ့ယွင်နန်က ထမင်းပန်းကန်ကို သူ့လက်ထဲ ထည့်ပေးလိုက်သည်။ ထို့နောက် သူ့အတွက် နောက်ထပ်တစ်ပန်းကန် ထပ်ခူးကာ သွမ့်ချန်ချင်းနှင့် အတူစားရန် အိပ်ခန်းထဲသို့ သယ်လာလိုက်သည်။ 


အခန်းထဲသို့ ပြန်ရောက်သည့်အခါ ဇွန်းတစ်ချောင်းဖြင့် အလောတကြီး စားသောက်နေသော သွမ့်ချန်ချင်းကို တွေ့လိုက်ရ၏။ ထမင်းမှာလည်း ပန်းကန်လုံးတစ်ဝက်ခန့်သာ ကျန်ခဲ့တော့သည်။ 



အနည်းငယ် အားနည်းနေဆဲဖြစ်သော လက်ချောင်းများက ထိန်းချုပ်၍ မရနိုင်လောက်အောင် တုန်ရီနေကာ ထမင်းကို ခပ်လိုက်လေတိုင်း ဇွန်းသံများ ထွက်ပေါ်လာသည့်တိုင် သွမ့်ချန်ချင်းက ခေါင်းမာမာဖြင့် ဆက်စားနေဆဲပင်။ 


“ဖြည်းဖြည်းစား ... အရမ်း အလောတကြီး စားလွန်းရင် ဗိုက်နာလိမ့်မယ် ..."


ရှဲ့ယွင်နန်က ခပ်သာသာ သတိပေးလိုက်သည်။ 


သွမ့်ချန်ချင်း၏ စားသောက်နှုန်းမှာမူ နည်းနည်းလေးမျှပင် နှေးကွေးမသွား။


သူက တကယ်ကို ဗိုက်ဆာနေတာ ပြီးတော့ ဒီခန္ဓာကိုယ်ကလည်း တကယ်ကြီးကို အာဟာရ ပြတ်လပ်နေတာလို့ ...


ပြီးတော့ .. သူကိုယ်တိုင်ကလည်း တကယ်ကို စားချင်နေတာ ...


ပထမဘဝ၌ သွမ့်ချန်ချင်းသည် ချူချာလှသော ကျန်းမာရေးကြောင့် မစားသောက်နိုင်ခဲ့ရသည့် အစားအစာများ အများအပြား ရှိခဲ့သည်။ 


ဒုတိယဘဝသို့ ရောက်သည့်အခါတွင်လည်း ... ကျင့်ကြံရေးလောကသို့ စတင်ကူးပြောင်းရောက်ရှိလာစဉ်မှာပင် မိစ္ဆာတပ်သားအဖြစ် လေ့ကျင့်ခြင်းကို ခံခဲ့ရ၏။ ထိုသူများက သူတို့ကို ဆေးရည်ကန်ထဲ ပစ်ထည့်ကာ ဆေးရည်များကိုသာ တိုက်ကျွေးခဲ့သည့်အတွက် .. ရုပ်ပျက်ဆင်းပျက် ဖြစ်သွားသည့်အပြင် အရသာခံအာရုံကိုပါ ဆုံးရှုံးခဲ့ရသည်။ 


ဒီကြက်သားထမင်းက အရမ်းကို အရသာရှိတာပဲ ...


သွမ့်ချန်ချင်းက ထမင်းတစ်ပန်းကန်လုံးကို မျက်စိတစ်မှိတ်အတွင်းမှာပင် ပြောင်စင်သည်အထိ စားသောက်လိုက်ကာ ပန်းကန်အလွတ်ကို ကိုင်ထားရင်း ရှဲ့ယွင်နန်ကို မော့ကြည့်လိုက်၏။ 


ထပ်လိုချင်သေးတယ် ...


ရှဲ့ယွင်နန်က သူ့အကြည့်တို့ကို နားလည်သည့်အတွက် အနည်းငယ် ဇဝေဇဝါ ဖြစ်မိဆဲပင်။ 


“ထပ်စားချင်သေးလို့လား ဒါပေမယ့် မင်းခန္ဓာကိုယ်က ကောင်းကောင်း မသက်သာသေးဘူးနော် တစ်ခါတည်းနဲ့ အများကြီး စားလိုက်ရင် နေမကောင်း ဖြစ်သွားမှာပေါ့ ...”


သွမ့်ချန်ချင်းကလည်း ရှဲ့ယွင်နန်၏ စကားများကို နားမလည်သည့်တိုင် ဘာကြောင့် သူ့ကို ထပ်ကျွေးရန် ငြင်းဆန်ကြောင်း သိနေပေသည်။


စိတ်စွမ်းအင်ကို အသုံးပြု၍ အစာအိမ်ကို ကာကွယ်ထား၍သာ မဟုတ်ပါလျှင် ... ဤမျှ ကြီးမားသည့် ပန်းကန်လုံးတစ်လုံးနှင့်အပြည့် စားသောက်ပြီးသည့်အခါ သူ့အစာအိမ်မှာ ကျိန်းသေ နာကျင်ကိုက်ခဲလာတော့မည် ဖြစ်သည်။


ဒါပေမယ့် သူက စားဖို့ လိုအပ်တယ်လေ ...


ရှဉ့်ပေါက်စလေးက ရှဲ့ယွင်နန်၏ ဘေးသို့ ခပ်ဖြည်းဖြည်း ချဉ်းကပ်သွားကာ ရှေ့ခြေနှစ်ချောင်းကို အသုံးပြု၍ ရှဲ့ယွင်နန်၏ အင်္ကျီအနားစကို လှမ်းဆွဲလိုက်သည်။ 


အင်္ကျီစကို လှမ်းဆွဲရုံမက ခပ်သာသာ ဆွဲယမ်းရင်း အသနားခံသည့် မျက်လုံးဝိုင်းကြီးများဖြင့်လည်း စိုက်ကြည့်လိုက်သေး၏။ 


ရှဲ့ယွင်နန် “...”


ဒါက အရမ်း များလွန်းသွားပြီ ...


သူ၏ ရှောင်ပိုင်မှာ ဤရှဉ့်ပေါက်ထက် များစွာ ချစ်စရာကောင်းလှသည့်တိုင် ဤကဲ့သို့သော လူနှင့် တူလွန်းလှသည့် အမူအယာမျိုးကိုမူ လုပ်နိုင်မည် မဟုတ်ချေ။


ထိုသို့ တွေးနေစဉ်မှာပင် ရှဉ့်ပေါက်စ၏ အမြီးကို လွှဲယမ်းသည့် အမြန်နှုန်းမှာ သူ့ဘေးရှိ ရှောင်ပိုင်နှင့် တစ်ထပ်တည်း ဖြစ်နေကြောင်းကိုပါ သတိပြုမိလိုက်၏။ 


ရှဲ့ယွင်နန်လည်း သက်ပြင်းတစ်ချက်ချကာ သွမ့်ချန်ချင်း၏ လက်ထဲမှ ပန်းကန်ကို ဆွဲယူ၍ ပြောလိုက်သည်။ 


“တစ်ပန်းကန် ထပ်ထည့်ပေးမယ် .. တစ်ပန်းကန်ပဲနော် ... ပြီးမှ အစာကြေဆေး တိုက်တော့မယ် ...”


ဒီလူက အရမ်းကို ပိန်လွန်းတဲ့အပြင် အစာအိမ်ထဲမှာလည်း ဘာအစာမှ ရှိမှာ မဟုတ်ဘူး တကယ်လို့ အများကြီး စားလိုက်ရင် သူ့အစာအိမ်ကြီး ပေါက်ကွဲထွက်သွားမှာကို ကြောက်မိပါရဲ့ ... ထမင်းနှစ်ပန်းကန်က .. အဆင်ရော ပြေပါ့မလား ....


သူက သွမ့်ချန်ချင်းကို နောက်တစ်ပန်းကန် ထပ်ထည့်ပေးလိုက်သည်။ 


သွမ့်ချန်ချင်းသည် ထမင်းတစ်အိုးလုံးကိုပင် ပြောင်စင်သည်အထိ စားနိုင်သော်ငြား ရှဲ့ယွင်နန်က သူ့ကို တစ်ကြိမ်တည်းဖြင့် အများကြီး စားခွင့်ပြုမည် မဟုတ်ကြောင်း သိနေသည့်အတွက် တတိယအကြိမ် ထပ်တောင်းရန် အတွေးမရှိခဲ့။


လက်ထဲရှိ ဒုတိယတစ်ပန်းကန်ကို မြိန်ရေယှက်ရေ စားသောက်နေသည့် သူ့ပုံစံမှာ တောင်တန်းအထွေထွေ၊ ပင်လယ်အရပ်ရပ်တို့မှ ရရှိလာသည့် အရသာမျိုးစုံကို ပေါင်းစုထားသည့် ထမင်းပွဲအား တစ်လုပ်ချင်း အရသာခံကာ စားသောက်နေသည့်နှယ်ပင်။ 


သူ့ပုံစံကို ကြည့်နေရင်း ရှဲ့ယွင်နန်သည် နောက်တစ်ကြိမ် စိတ်သောက ရောက်သွားရပြန်၏။ 


သူ့ရှေ့မှာ ရှိနေတဲ့ တစ်ယောက်က လက်ဖဝါးလေးပေါ် ဖွဖွလေး တင်ထားပြီး ငုံထားမတတ် တန်ဖိုးထားခံရမယ့် ရုပ်ရည်မျိုးလေးကို ပိုင်ဆိုင်ထားရဲ့သားနဲ့ ... သေတော့မတတ် အစာအငတ်ခံခဲ့ရတယ် ...


ရှဲ့ယွင်နန်ကလည်း ထမင်းနှစ်ပန်းကန် စားကာ ပြောလိုက်သည်။ 


“ငါ အပြင်သွားလိုက်ဦးမယ် မင်းကတော့ အိမ်မှာပဲ နေခဲ့ ...”


ထို့နောက် ရှဉ့်ပေါက်စ၏ ခေါင်းကို ပွတ်ပေးကာ ရှောင်ပိုင်ကို ခေါ်၍ အိမ်ထဲမှ ထွက်လာလိုက်သည်။ 


အဖော်သားရဲများမှာ ပိုင်ရှင်နှင့် ဝေးကွာ၍ မရ။ သူ အောက်ထပ်တွင် ရှိနေစဉ် ရှောင်ပိုင်ကို အပေါ်ထပ်၌ ထားခဲ့၍ ရသော်ငြား အိမ်အပြင်သို့ ထွက်ချင်ပါလျှင်မူ ရှောင်ပိုင်ကို သူနှင့်မကွာ ခေါ်သွားရမည်ဖြစ်သည်။ 


သို့မဟုတ်ပါလျှင် သူ့စိတ်ထဲ ဗလာဖြစ်ကာ မသက်မသာ ခံစားရပြီး ရှောင်ပိုင်သည်လည်း ထပ်တူ မသက်မသာ ဖြစ်နေမည် ဖြစ်သည်။ 


သူက မြို့ထဲရှိ စားစရာ ရောင်းချရာနေရာသို့ သွားကာ ကုန်ဈေးနှုန်းနှင့် ပတ်သက်၍ စုံစမ်းလိုက်သည်။ 


ထိုအချိန်က ကောက်ပဲသီးနှံ ဈေးနှုန်းများမှာ ပုံမှန်အတိုင်း ရှိနေဆဲပင်။ တစ်ခဏမျှ တွေးကြည့်ပြီးနောက် ရှဲ့ယွင်နန်က ဆန် ၁၀၀ ကတ်တီ ဝယ်ယူခဲ့လိုက်သည်။ 


ဆင်ခြေဖုံးဒေသတွင် အာလူးကဲ့သို့ အဓိက သီးနှံပင်များကို စိုက်ပျိုးသည့် စိုက်ခင်းများလည်း အများအပြား ရှိပေသည်။ အများစုက အသက်ရှင်သန်ရေးအတွက် ထိုအာလူးကဲ့သို့သော အသီးများကို အားထားနေရကာ ကျိုးပဲ့နေသည့် အသီးများနှင့် အရည်အသွေး ညံ့ဖျင်းသော အသီးများမှာ ဈေးအချိုဆုံးပင် ဖြစ်သည်။ 


သို့သော် ရှဲ့ယွင်နန်က အမြဲ ဆန်ကိုသာ စားခဲ့သူ ဖြစ်သည့်အတွက် အိမ်တွင် ဆန်အချို့ကိုသာ ပိုမိုသိုလှောင်ထားရန် စီစဉ်လိုက်သည်။ 


ဆန်တစ်ရာကတ်တီကို သယ်ဆောင်ကာ မြို့ထဲမှ ဖြတ်၍ ဒေါက်တာဟူထံ ဆေးသွားယူလိုက်သည်။ လမ်းတစ်လျှောက် သူ့အား မေးလေသူတိုင်းကိုလည်း ကုန်ဈေးနှုန်း မြင့်တက်လာလိမ့်မည်ဟုသာ ပြန်ဖြေခဲ့သည်။


ပြီးခဲ့သည့် နှစ်များအတွင်း မိုးလေဝသ မှန်ကန်ကောင်းမွန်ခဲ့ရာ အများစုက သူ့စကားကို မယုံကြည်ကြသော်ငြား အချို့ကမူ သိုလှောင်ရန် စားစရာအချို့ ဝယ်ယူလိုက်ကြသည်။ 


အစာကြေဆေးများနှင့်အတူ အိမ်သို့ ပြန်ရောက်လာသည့်အခါ အိပ်ယာပေါ် လှဲလျက် ကာတွန်းကား ကြည့်နေပြန်ပြီဖြစ်သော သွမ့်ချန်ချင်းကို တွေ့လိုက်ရသည်။


ဒီတစ်ယောက်က ကာတွန်းကားကိုတော့ အတော်လေး သဘောကျတယ်ထင်တယ် ...


ကြည့်ရတာ စိတ်ဒဏ်ရာ ရခဲ့တာတွေ များလို့ ပိုပြီး စိတ်ကို အေးချမ်းစေတာလေးတွေကိုပဲ ကြည့်ချင်တာများလား ...


သူက မေးလိုက်သည်။ 


“ဘယ်လိုနေသေးလဲ ...”


သွမ့်ချန်ချင်းက သူ့ကို လှည့်ကြည့်ကာ ပြုံးပြလိုက်၏။ 


ဒီလောက် ဝမ်းသာအားရ ပြုံးပြနေမှတော့ မသက်မသာ ဖြစ်နေတာမျိုး မရှိဘူးနဲ့ တူပါတယ် တော်သေးတာပေါ့ ...


စိတ်အေးသွားသော ရှဲ့ယွင်နန်က ရေအရင်ချိုးရန် ပြင်ဆင်လိုက်သည်။ 


အဓိက အိပ်ခန်း၏ အပြင်ဘက်၊ အပေါ်ထပ်တွင် ရေချိုးခန်းတစ်ခန်းသာ ပါရှိသည်။ 


သွမ့်ချန်ချင်း၏ အခြေအနေကို သိနိုင်ရန် အလို့ငှာ ရှဲ့ယွင်နန်သည် ရှေ့ရက်များအတွင်း ပင်မအခန်းတံခါးကို ဖွင့်ထားလေ့ ရှိသည့်အတွက် သွမ့်ချန်ချင်းသည်လည်း အပြင်ဘက်တွင် မည်သည့်အရာများ ရှိနေကြောင်း သိထား၏။ 


တံခါးအပြင်ဘက်သို့ လှမ်းကြည့်ပြီးနောက် သူ့ကယ်တင်ရှင်မှာ ရေချိုးနေကြောင်း သိလိုက်ရသည်။


သူလည်း ရေချိုးချင်လိုက်တာ ...


ဤနေရာသို့ မရောက်လာမီ မြစ်ရေထဲတွင် နစ်မြောခဲ့ကာ ထိုမြစ်ရေမှာ ကြည်လင်သည့်တိုင် မသန့်ရှင်းလှ။


ဒီခန္ဓာကိုယ်က အားနည်းနေသေးတာ စိတ်ပျက်စရာပဲ .. ကိုယ့်ဘာသာကိုယ် ရေချိုးလိုက်လို့လည်း မရ၊ တစ်ခြားသူကို ရေချိုးပေးခိုင်းဖို့ကျတော့လည်း နည်းနည်းလေးမှ မသင့်လျော်ဘူးလေ ...


တစ်ဖက်သူက လိုလိုလားလား ချိုးပေးပါမယ်ဆိုတောင် ... ဆက်ဆံရေးတစ်ခုက ဒီလောက်မြန်မြန်ကြီး အဆင့်တက်လို့မှ မရတာ ...


တွေးနေရင်းပင် ရေချိုးခန်းအပြင်ဘက်သို့ ထွက်လာသော ရှဲ့ယွင်နန်ကို တွေ့လိုက်ရသည်။ 


ညအိတ်ဝတ်စုံကို ခပ်လျော့လျော့ ဝတ်ဆင်ထားသော်ငြား တစ်ကိုယ်လုံး ရေနွေးငွေ့တို့ဖြင့် ဖုံးလွှမ်းနေကာ ဆံပင်တို့မှာလည်း စိုစွတ်နေ၏။ 


သူ့ရဲ့ တာအိုကျင့်ကြံဖော်က အရမ်းကို ချောတာပဲ ...


သွမ့်ချန်ချင်းက ငုတ်တုတ်ထထိုင်ကာ မျက်တောင်မခတ်စတမ်း ငေးကြည့်နေလိုက်သည်။ ထိုစဉ် ရှောင်ပိုင်က အိပ်ယာပေါ် ရုတ်တရက် ခုန်တက်လာကာ သူ့ထံ တစ်ဟုန်ထိုး ပြေးဝင်လာသည့်အတွက် ...


ကုတင်ပေါ်မှ ပြုတ်ကျသွားခဲ့တော့သည်။ 



သွမ့်ချန်ချင်း “...”


သေချာပေါက်ကို အမြန်ဆုံး စပြီး ကျင့်ကြံမှ ဖြစ်တော့မယ် ....


မဟုတ်ရင် သူ့အနား ရောက်လာတဲ့ ဘယ်သူမဆို သူ့ကို မတော်တဆ တွန်းလှဲသွားလိမ့်မယ် ...