Chapter 9
ထို ရှုပ်ထွေးလှသည့် မှတ်ဉာဏ်များကို ရရှိပြီးချိန်မှစကာ ရှဲ့ယွင်နန်၏ စိတ်အစဉ်သည် အမြဲ နောက်ကျိနေခဲ့သည်။
သို့သော် ချစ်စရာကောင်းလှသည့် ရှောင်ပိုင်၏ ဝင်တိုက်မှုကြောင့် ကြမ်းပေါ်သို့ ပြုတ်ကျလာကာ မျက်နှာကြတ်ကို ကူကယ်ရာမဲ့စွာဖြင့် ငေးကြည့်နေသည့် သွမ့်ချန်ချင်း၏ ပုံစံကို တွေ့လိုက်ရသည့်အခါတွင်မူ ဖုံးဖိ၍ မရနိုင်လောက်အောင်ပင် ပြုံးမိသွားတော့သည်။
သူသာ ဒီလူရဲ့ ကံကြမ္မာကို ပြောင်းလဲနိုင်ရင် သူ့ရဲ့ ကိုယ်ပိုင်ကံကြမ္မာကိုလည်း သေချာပေါက် ပြောင်းလဲနိုင်မှာပဲ ...
ဟုန်ယဲ့တောအုပ်ထဲမှာ ဘာတွေ ဖြစ်ခဲ့လဲ မသိနိုင်တာတော့ နှမြောစရာပဲ ဘာလို့များ အံ့ဖွယ်သားရဲတွေ တစ်ကောင်ပြီးတစ်ကောင် ပြေးထွက်လာတာပါလိမ့်နော် ...
ဘာလို့ ဟုန်ယဲ့တောအုပ်ထဲက သားရဲတွေ ပြေးထွက်လာတာလဲ .. သေချာပေါက်ကို တောအုပ်ထဲမှာ တစ်ခုခု ဖြစ်နေလို့ပေါ့ ...
ပင်မခရိုင်၊ လျောင်မိသားစုစံအိမ် ...
လျောင်မုယဲ့က သူ့ရှေ့တွင် ချထားသည့် အလိုရှိကြောင်း ကြော်ငြာစာရွက်ကို အာရုံစိုက်ကာ ဖတ်နေသည်။
ထိုကြော်ငြာစာရွက်၏ အပေါ်ထိပ်နားတွင် ဓာတ်ပုံတစ်ပုံလည်း ပူးတွဲကာ ပါဝင်သေး၏။ ဓာတ်ပုံထဲရှိ လူမှာ အနက်ရောင် မျက်နှာဖုံးနှင့် သားရေခြုံထည်ကို ဝတ်ဆင်ထားကာ ကြီးမားသည့် ဓားတစ်ချောင်းကိုလည်း ကိုင်ဆောင်ထားပြီး ကြောက်မက်ဖွယ် ကောင်းလှသည့် အရှိန်အဝါကိုပါ ထုတ်လွှတ်ပြထားသည်။
ထိုဓာတ်ပုံ၏ အောက်၌ အသေးစိတ် ဖော်ပြချက်များလည်း ပါဝင်သည်။ သို့သော် သိထားသည့် အချက်အလက်မှာမူ လွန်စွာ နည်းပါးလှ၏။
ထိုသူ၏ အမည်နှင့် အဖော်သားရဲ အမျိုးအစားကိုပင် သိရှိခြင်း မရှိ။ ထိုသူများက လူအမြောက်အများကို လုပ်ကြံသတ်ဖြတ်ခဲ့ပြီး ထို လုပ်ကြံခံရသူများအနက် အနိမ့်ဆုံးအနေဖြင့် နဝမအဆင့် တိုက်ခိုက်သူများနှင့် တစ္ဆေဘုရင်ဟု နာမည်ပြောင် ပေးခြင်း ခံရသော သူပုန်တပ်ဖွဲ့ခေါင်းဆောင်ပင်လျှင် ပါဝင်နေသေးသည်။
တစ္ဆေဘုရင် စတင်ထွက်ပေါ်ခဲ့သည်မှာ နှစ် ၂၀ ကျော် ကြာမြင့်နေပြီဖြစ်ပြီး နှစ်ပေါင်းများစွာ နယ်မြေချဲ့ထွင်ခဲ့သည့် S အဆင့် အလိုရှိရာဇဝတ်ကောင်တစ်ဦးလည်း ဖြစ်သည်။
သူသည် များသောအားဖြင့် ဟုန်ယဲ့တောအုပ်ထဲတွင်သာ နေထိုင်တတ်ကြောင်းကို လူအနည်းစုကသာ သိထားသည်။
အတိတ်ဘဝက လျောင်မုယဲ့သည် မည်သည့်အကြောင်းကြောင့် ဟုန်ယဲ့တောအုပ်ထဲမှ သားရဲများ ထွက်လာကြောင်း မသိခဲ့။ သို့သော် ထိုသူကို မတော်တဆ ကယ်တင်ခဲ့မိပြီးနောက်တွင်မူ ဇာတ်ကြောင်းတစ်ခုလုံးကို သဘောပေါက်သွားတော့သည်။
ပြီးခဲ့သည့် တစ်ပတ်ခန့်က မြင့်မြတ်သည့် မြို့တော်တွင် ပုန်ကန်ထကြွမှုတစ်ခု ဖြစ်ပွားခဲ့၏။ တစ္ဆေဘုရင်လည်း ပါဝင်ခဲ့ကာ ရုတ်ရုတ်သဲသဲ ဖြစ်နေစဉ်အတွင်း အထက်တန်းလွှာအချို့ကို သတ်ဖြတ်ပြီးနောက် ဟုန်ယဲ့တောအုပ်ထဲတွင် ပုန်းအောင်းခဲ့သည်။
မြင့်မြတ်သည့် မြို့တော်၏ ရိုသေလေးစားမှုကို ပိုင်ဆိုင်ထားကာ ကောင်းမွန်စွာ ကာကွယ်စောင့်ရှောက်ခြင်း ခံထားရသည့် ယဇ်ဆရာမှာလည်း ထိုအဓိကရုဏ်းအလယ်တွင် အချို့သော အထက်တန်းလွှာတို့၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ရသည်ဟု မည်သူမှ တွေးမိလိမ့်မည် မဟုတ်ချေ။ ထိုအချိန်က အခြေအနေမှာ လွန်စွာ ရှုပ်ထွေးလွန်းလှကာ သူ့ခန္ဓာကိုယ်သည်လည်း မြစ်ထဲသို့ ပြုတ်ကျသွားခဲ့သည်။
ထိုကိစ္စကို သိလိုက်သူဟူ၍လည်း များများစားစားမရှိ။ ယဇ်ဆရာ၏ ဘက်တော်သားများ ထိုအကြောင်းကို သိသွား၍ သူ ပြုတ်ကျသွားသည့် နေရာသို့ ရောက်လာခဲ့သည့် အခါတွင်မူ ... သူ့ခန္ဓာကိုယ်မှာ ဟုန်ယဲ့မြို့တော်ဆီသို့ မြစ်ကြောင်းအတိုင်း မျောပါသွားနှင့်နေပြီဖြစ်သည်။
ထိုယဇ်ဆရာ၏ ခန္ဓာကိုယ်တွင် အံ့ဖွယ်သားရဲများအား စိတ်ရူးဖောက်သွားစေနိုင်သည့် တစ်စုံတစ်ခု ပါရှိနေသည်။ သူ၏ ရုပ်အလောင်းက မြစ်ထဲရှိ မြောက်များစွာသော သားကောင်များကို ဆွဲဆောင်နိုင်ကာ ပျက်စီးယိုယွင်းသွားတော့သည်။
ထို ပျက်စီးနေသည့် အပိုင်းအစများက ဟုန်ယဲ့တောအုပ်ဆီသို့ တစ်ဖြည်းဖြည်း စီးဆင်းလာ၏။
အစောပိုင်းကမူ အံ့ဖွယ်သားရဲများသည် ထိုအလောင်းအား စွန့်ခွါလာရန် တုန့်ဆိုင်းနေကြသေးသော်ငြား နောက်ပိုင်းတွင် တစ်ဖြည်းဖြည်း အရေအတွက် များပြားလာကာ အချင်းချင်း စတင်တိုက်ခိုက်လာကြတော့သည်။ ဤသို့ဖြင့် နောက်ဆုံးတွင် တောအုပ်ထဲရှိ အသန်မာဆုံး သားရဲများ၏ မောင်းထုတ်ခြင်းကို ခံလိုက်ရတော့သည်။
ယဇ်ဆရာ၏ အလောင်းကို စားသောက်ခဲ့သည့် အံ့ဖွယ်သားရဲများက အခြားသော အံ့ဖွယ်သားရဲတို့၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ ထို ခွန်အားကြီးလှသည့် အံ့ဖွယ်သားရဲများက အတိုက်ခိုက်ခံရမှုကြောင့် တစ်ဖြည်းဖြည်း နောက်ကြောင်းပြန်ဆုတ်ခဲ့သည့်တိုင် ဟုန်ယဲ့တောအုပ်၏ နေရာအတော်များများမှာမူ ဖျက်ဆီးခံခဲ့ရတော့သည်။
အစာကွင်းဆက်၏ အောက်ခြေရှိ သားရဲများမှာလည်း အင်အားကြီး အံ့ဖွယ်သားရဲတို့၏ တိုက်ခိုက်မှု ပြီးဆုံးသည်အထိ အသက်မရှင်နိုင်သည့်အတွက် အမြီးကို ခြေနှစ်ချောင်းကြား ညှပ်လျက် ခြေကုန်သုတ်ကာ ပြေးထွက်လာခဲ့ကြသည်။
ဒီလိုဒုက္ခတွေက ဘယ်လိုဖြစ်ပြီး ဟုန်ယဲ့မြို့တော်အပေါ်မှာရော မသက်ရောက်ဘဲ နေမလဲ ...
ထို အံ့ဖွယ်သားရဲတို့အကြား တိုက်ပွဲမှာ ဟုန်ယဲ့တောအုပ်အတွင်း ပုန်းအောင်းနေသည့် သူပုန်များထံသို့ပင် သက်ရောက်သွားသေးသည်။
S အဆင့် အလိုရှိ ရာဇဝတ်ကောင်၊ တစ္ဆေဘုရင်သည် မြင့်မြတ်သည့် မြို့တော်တွင် ဒဏ်ရာရရှိခဲ့သည်။ တစ်ဖန် ဟုန်ယဲ့တောအုပ်သို့ ပြန်ရောက်လာသည့်အခါတွင်လည်း .. သူ့လက်အောက်ငယ်သားများအား အံ့ဖွယ်သားရဲများ လက်မှ ကယ်တင်ရန် အလို့ငှာ အပြင်းအထန် ဒဏ်ရာရခဲ့ပြန်၏။
ထိုအချိန်က လျောင်မုယဲ့သည် ရှဲ့ယွင်နန်ကို လိုက်နေဆဲဖြစ်ကာ ဆင်ခြေဖုံးဒေသသို့ ရောက်ရှိလာသည့် အံ့ဖွယ်သားရဲ အရေအတွက် ပိုမိုများပြားလာသည့်အတွက် သူ့ကို ပင်မခရိုင်သို့ ပြောင်းလာရန် တိုက်တွန်းခဲ့သော်ငြား ရှဲ့ယွင်နန်က လက်မခံ၊ လူများကို အံ့ဖွယ်သားရဲများ လက်မှ လွတ်မြောက်အောင် ကယ်တင်ပေးရန်သာ ဆက်ရှိနေခဲ့သည်။
ရှဲ့ယွင်နန်ကို ဒဏ်ရာမရစေလိုသည့်အတွက် လျောင်မုယဲ့က သူ့ကို ကာကွယ်ရန် နောက်ကွယ်တွင် နေထိုင်ခဲ့၏။ သူတို့နှစ်ယောက် အပြင်ထွက်ကြသည့် တစ်ရက်တွင် သတိလစ်နေသော သူပုန်ခေါင်းဆောင်ကို တွေ့ခဲ့သဖြင့် ကယ်တင်ခဲ့လိုက်သည်။
ထိုသူက အသက်ကယ်ပေးသည့်အပေါ် လွန်စွာ ကျေးဇူးတင်သည့်အတွက် သူတို့နှစ်ဦးကို များစွာ ကူညီပေးခဲ့သည်။ ရှဲ့ယွင်နန်နှင့် သူ လမ်းခွဲလိုက်ကြသည့်အခါတွင်မူ ရှဲ့ယွင်နန်က သူပုန်ခေါင်းဆောင် သူ့ကို ရွေးချယ်စေရန် မည်ကဲ့သို့သော လုပ်ရပ်မျိုးကို လုပ်ခဲ့ကြောင်း မသိတော့ချေ။
နောက်ပိုင်းတွင် ထင်မှတ်မထားစွာဖြင့် ထိုသူပုန်ခေါင်းဆောင် သေဆုံးသွားခဲ့သည့်အခါ ထိုသူ၏ လက်အောက်ငယ်သားများက အလိုလိုပင် ရှဲ့ယွင်နန်၏နောက်သို့ လိုက်ပါလာကြတော့သည်။
ရှဲ့ယွင်နန်က လူတွေကို ချွေးသိပ်တဲ့နေရာမှာ တကယ်ကို တော်တာပဲ ...
ဒါပေမယ့် ဒီဘဝမှာတော့ လူတွေကို ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်းပဲ ကယ်တင်တော့မယ် ...
တကယ်လို့ အဲဒီ့လူရဲ့ လက်ထဲက အာဏာကိုသာ ရနိုင်ခဲ့မယ်ဆိုရင် ...
ဝရမ်းစာရွက်ကို တင်းတင်းဆုပ်ထားရင်း လျောင်မုယဲ့၏ နှလုံးသားတစ်ခုလုံး လှိုင်းထန်လာတော့သည်။
ရှဲ့ယွင်နန်ကို နောက်တစ်ကြိမ် ပြန်တွေ့ချင်နေပြီ ...
အတိတ်ဘဝတွင် သူသည် ရှဲ့ယွင်နန်ကို များစွာ သဘောကျခဲ့၏။ ယခုဘဝတွင်မူ ထိုသူ့ကို သဘောမကျတော့သည့်တိုင် သူ့အတွေးအများစုကို ရှဲ့ယွင်နန်က စိုးမိုးထားနိုင်ဆဲပင်။
အောက်ခြေမှာ အသေအကြေ ရုန်းကန်နေရပေမယ့် အလဟဿဖြစ်ပြီး ဇာတ်သိမ်းသွားရမယ့် ရှဲ့ယွင်နန်ကို တွေ့ချင်စမ်းပါရဲ့ ...
လျောင်မုယဲ့က စာကြည့်ခန်းထဲမှ ထွက်လာလိုက်သည်။
သူ အပြင်ရောက်သည်နှင့် တစ်ပြိုင်နက် အထဲသို့ ဝင်လာကာ သူ့ကို ပြုံးပြနေသည့် ယန်ယုကောကို တွေ့လိုက်ရသည်။
“လျောင်ကော .. အပြင်သွားမလို့လား ..."
“အန်း ...”
သူက ပြန်ပြောလိုက်သည်။
လျောင်မုယဲ့သည် ငယ်စဉ်ကတည်းက သူ့အနောက် တကောက်ကောက်လိုက်ကာ ကပ်တွယ်နေတတ်သည့် ယန်ယုကောကို သဘောမကျပေ။
အတိတ်ဘဝတွင် ဤသူသည် ရှဲ့ယွင်နန်ကို အမြဲ ပြဿနာ ရှာနေတတ်သဖြင့် သူ့ကို ကြိမ်ဖန်များစွာ သတိပေးခဲ့ရ၏။
သူ့စကား နားမထောင်ဘဲ ရှဲ့ယွင်နန်ကို သတ်ဖို့ပါ ကြံစည်ခဲ့တာကတော့ သနားစရာပဲ ...
လျောင်မုယဲ့သည် ရှဲ့ယွင်နန်ကို ကယ်တင်ခဲ့ပြီးသည့်နောက် အတူတူကြီးပြင်းလာသည့် ငယ်ဘဝကို ထောက်ထားကာ ယန်ယုကောကို လွှတ်ပေးခဲ့သော်ငြား နောက်ပိုင်းတွင် ယန်ယုကောသည် ဤဝရမ်းစာရွက်ထဲရှိ လူ၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ရသည်။
ဤသည်မှာ ရှဲ့ယွင်နန်၏ စနက် မကင်းကြောင်း တွေးနေရန်ပင် မလို။ ရှဲ့ယွင်နန်မှာ သူ့ရုပ်ရည်နှင့် မလိုက်ဖက်စွာ ရက်စက်ဆိုးသွမ်းလှသူဖြစ်သည်။
“လျောင်ကော ဘယ်သွားမလို့လဲ ...”
ယန်ယုကောက ထပ်မေးလိုက်ပြန်သည်။
လျောင်မုယဲ့က ပြောလိုက်၏။
“ဆင်ခြေဖုံးဒေသကို သွားမလို့ ...”
ယန်ယုကော၏ မျက်နှာထား ရုတ်ချည်း ပြောင်းလဲသွားတော့သည်။
လျောင်မုယဲ့က သူ့ကို လျစ်လျူရှု၍ အပြင်သို့ ထွက်လာလိုက်သည်။
ယန်ယုကောသည် ရှဲ့ယွင်နန်ကို အမြဲ မုန်းတီးခဲ့သူ ဖြစ်သည်။
အတိတ်ဘဝတုန်းကဆိုရင်တော့ သူ့ကို တားမှာဆိုပေမယ့် .. ဒီဘဝ သူမပါဘဲ ယန်ယုကောက ဘာလုပ်လိမ့်မလဲ ...
သူသာမရှိရင် ရှဲ့ယွင်နန်ကရော ဘာဆက်ဖြစ်မလဲ ...
အပြင်သို့ ထွက်လာသည့်အခါ လျောင်မုယဲ့၏ နှုတ်ခမ်းထောင့်စွန်းတို့ အနည်းငယ် ကော့တက်လာသည်။
လျောင်မုယဲ့၏ စိတ်အလုံးစုံကို ပိုင်စိုးထားသည့် ရှဲ့ယွင်နန်ကမူ မနက်စောစောစီးစီးထ၍ မနက်စာ ပြင်ဆင်နေ၏။ ယမန်နေ့ညက ကျန်ရစ်ခဲ့သည့် ကြက်သားထမင်းမှာ လူတစ်ဦးစာအတွက်သာ လုံလောက်သည်။
ထမင်းပေါင်းအိုးကို ဖွင့်ပြီးနောက် ရှဲ့ယွင်နန်သည် လက်ကျန်ကြက်သားထမင်းကို အပူပေး၍ သွမ့်ချန်ချင်းကို တစ်ဝက်ခွဲပေးလိုက်သည်။
သွမ့်ချန်ချင်းက သုံးလုတ်နှင့်အပြီး လက်စဖျက်လိုက်၏။
“အဆင်ရော ပြေရဲ့လား ...”
ရှဲ့ယွင်နန်မှာ ထုတ်မမေးဘဲ မနေနိုင်။ ထိုသူသည် မနေ့ညကလည်း ထမင်းနှစ်ပန်းကန် စားထားခဲ့သေးသည်။ အစာကြေဆေးနှင့် အစာအိမ်အားဆေးများ ယူလာခဲ့သည့်တိုင် သူ့ပုံစံမှာ အဆင်ပြေနေသည့်အတွက် ထိုဆေးများကို မပေးခဲ့။
ဒီတစ်ယောက်ရဲ့ အစာအိမ် .. သူ အဆင်ရော ပြေရဲ့လား ...
သွမ့်ချန်ချင်းက သူ့ကို ပြုံးပြလိုက်သည်။
သူ့တွင် မည်သည့်ပြဿနာမှ ရှိဟန်မတူ။ ထိုအစား ပန်းကန်အလွတ်ကို ကိုင်ကာ ထပ်လိုချင်သေးသည်ဟူသည့် အကြည့်တို့ဖြင့် မော့ကြည့်နေ၏။
ရှဲ့ယွင်နန်က ပြောလိုက်သည်။
“အရင် ချက်လိုက်ဦးမယ် ပြီးမှ စားဖို့ပေးမယ်လေ ...”
ဒီလူရဲ့ အစာအိမ်က သူ ထင်ထားသလိုမျိုး နုရွမနေဘူးပဲ .. ဒီလိုဆိုမှတော့ များများစားခိုင်းလည်း ကိစ္စတော့ မရှိပါဘူး ...
ရှဲ့ယွင်နန်သည် နောင်အနာဂတ်တွင် ဖြစ်လာမည့် အမျိုးမျိုးသော ကိစ္စများကို စီမံခန့်ခွဲနိုင်ရန် အလို့ငှာ ငွေကြေးကို ပိုမိုစုဆောင်းလိုသော်ငြား နေမကောင်းဖြစ်နေသည့်သူအား ဗိုက်ပြည့်အောင် မကျွေးလိုသည်အထိတော့ မတွန့်တိုတတ်ပေ။
ထမင်းအိုးအကြီးကြီးတစ်အိုးကို ချက်ထားနှင့်ပြီးဖြစ်ရာ ဆားရည်စိမ် ဟင်းသီးဟင်းရွက် တစ်ပန်းကန်နှင့် ကြက်ဉအချို့ကိုပါ ပြင်ဆင်လိုက်သည်။
ထိုအချဉ်စိမ်ထားသည့် အသီးအရွက်များမှာ အနီးအနားရှိ စိုက်ခင်းများမှ မရောင်းရဘဲ ကျန်နေသည့် အတိုအစများဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။
စိုက်ပျိုးခင်းများမှ အသီးအရွက် အများအပြား စိုက်ပျိုးထုတ်လုပ်ကာ စံချိန်စံနှုန်းနှင့် ပြည့်မီသည့် အသီးအရွက်များကို ပင်မခရိုင်နှင့် အထွေထွေခရိုင်သို့ ပို့ဆောင်ရသည်။ စံချိန်မမီသည်များကိုမူ စွန့်ပစ်ကြသည်။
ဆင်ခြေဖုံးဒေသတွင် နေထိုင်ကြသူများက ထိုစွန့်ပစ်အသီးအရွက်များကို စုဆောင်းကောက်ယူကြခြင်း ဖြစ်သည်။
ထိုအထဲ၌ သေးငယ်သော သို့မဟုတ် ပုံပျက်ပန်းပျက် ဖြစ်နေသော အာလူးများ၊ ညှိုးလျော်ပိန်လှီသည့် ဟင်းသီးဟင်းရွက်များနှင့် အမြစ်ကိုသာ စားသောက်ရသည့် အပင်တို့၏ အရွက်များ ပါဝင်သည်။
ငယ်ရွယ်စဉ် အချိန်က ရှဲ့ယွင်နန်သည်လည်း အခြားကလေးများနှင့်အတူ အနီးနားရှိ စိုက်ခင်းများတွင် အလုပ်လုပ်ကာ အသုံးမလိုတော့သည့် အသီးအရွက်များကို ကောက်ယူ၍ အခြောက်ခံခြင်း သို့မဟုတ် အချဉ်သိပ်ခြင်းတို့ကို ပြုလုပ်လေ့ရှိသည်။
ယခု ကြီးပြင်းလာသည့်အခါတွင်မူ ဤကဲ့သို့ ဆက်မလုပ်တော့။ ထိုအစား အနီးအနားရှိ ကလေးများထံမှသာ အချဉ်သိပ်ထားသော အသီးအရွက်များကို ဝယ်ယူတော့သည်။
ရှဲ့ယွင်နန်က အိပ်ယာဘေးရှိ စားပွဲအသေးတစ်လုံးကို ရွှေ့ကာ ထိုအပေါ်သို့ စားစရာများတင်၍ သွမ့်ချန်ချင်းကို ထမင်းတစ်ပန်းကန် ထည့်ပေးလိုက်သည်။
သွမ့်ချန်ချင်းက ပန်းကန်လုံးကို ကိုင်၍ လက်သေးသေးလေးဖြင့် ဇွန်းကိုကိုင်ကာ စားနေလိုက်သည်။
အနည်းငယ်မျှ စားပြီးနောက် ရှဲ့ယွင်နန်ကို ပြောလိုက်သည်။
“အရသာ ရှိလိုက်တာ ...”
အားကောင်းလှသော စိတ်စွမ်းအင်ကြောင့် သူသည် စကားအချို့ကို ပြောတတ်နေပြီဖြစ်သည်။
ကာတွန်းထဲရှိ ကလေးများက တစ်ခုခု စားပြီးလေတိုင်း ဤကဲ့သို့ ပြောလေ့ရှိ၏။
ရှဲ့ယွင်နန်ကလည်း အနည်းငယ် စိတ်ရှုပ်ထွေးသွားသည့်ဟန်။
ဒီလေယူလေသိမ်းနဲ့ အသံထွက်က ထူးဆန်းလိုက်တာ ...
သို့သော် သူက အခြားအရာတစ်ခုကို ပို၍ သိလိုနေသည်။
“မင်းက စကားပြောတတ်တယ်လား ...”
သွမ့်ချန်ချင်းက ခေါင်းငြိမ့်ပြကာ သူ့လည်ပင်းကို ညွှန်ပြလိုက်သည်။
“အရမ်းကို မသက်မသာ ဖြစ်နေတာ .. အာ ...”
သူက စကားလုံး အများအပြားကို မသိသေးသည့်အတွက် မသက်မသာ ဖြစ်နေသလို ဟန်ဆောင်ထားရန် ဆုံးဖြတ်လိုက်သည်။
ရှဲ့ယွင်နန် “...”
သူက အလိုလိုက်ခံထားရတဲ့ ကလေးတစ်ယောက်လို ပြောနေတဲ့အပြင် စကားဆုံးရင် “အာ” ဆိုပြီး အာမေဋိတ်သံကိုပါ ထည့်လိုက်သေးတယ် ...
တကယ်လို့ ကြည့်ကောင်းနေတဲ့ မျက်နှာလေးကြောင့်သာ မဟုတ်ရင် ဒီလိုလေသံနဲ့ စကားပြောနေတာ .. သေချာပေါက်ကို ချောင်းရိုက်ခံရတော့မှာပဲ ...
နောက်ဆုံးတွင်တော့ ရှဲ့ယွင်နန်လည်း စိတ်ကို အေးအေးထားကာ ဖြစ်သမျှကို လက်ခံလိုက်ရတော့သည်။
“နေရခက်နေရင် စကားမပြောနဲ့ဦးလေ …”
စားနိုင်သောက်နိုင် ပြီးတော့ စိတ်အခြေအနေလည်း ကောင်းတယ်ဆိုရင်ကို အဆင်ပြေနေပါပြီ ...
သူ့လေသံမှာ အနည်းငယ် ထိတ်လန့်ဖွယ် ကောင်းလှသည့်တိုင် ချစ်စရာလည်း ကောင်းပေသေးသည်။
“ကျွန်တော် လိမ်လိမ်မာမာ နေမှာပါ ...”
သွမ့်ချန်ချင်းက ထပ်ပြောလိုက်ပြန်သည်။ သူ ကြည့်ခဲ့သည့် ကာတွန်းကားထဲတွင် ဇာတ်လိုက်၏ မိဘများက တစ်ခုခု ရှင်းပြလိုက်လေတိုင်း ဇာတ်လိုက်သည် ဤကဲ့သို့ ပြန်ဖြေလေ့ ရှိသည့်အတွက် သူကလည်း တစ်ထပ်တည်း ပြန်ပြောလိုက်သည်။
ဤကမ္ဘာရှိ ဘာသာစကားတွင် အသံအနိမ့်အမြင့်ကဲ့သို့သော လိုအပ်ချက်မျိုး ရှိနေမည်ကို စိုးရိမ်သဖြင့် ကာတွန်းကားထဲမှ လေသံအတိုင်း တစ်ထပ်တည်းတူအောင် လိုက်ပြောလိုက်သည်။
ရှဲ့ယွင်နန်က သက်ပြင်းအရှည်ကြီးတစ်ခု ချလိုက်သည်။
“ကောင်းပြီ မင်းက လိမ္မာပါတယ် ...”
ဒီတစ်ယောက်ကို ချစ်စရာကောင်းတယ်လို့ တွေးမိနေတာ .. သူ့ရဲ့ အလှအပကို ခံစားတတ်တဲ့ အမြင်တွေ .. တစ်ခုခု မှားနေပြီထင်တယ် ...
သွမ့်ချန်ချင်းက ရှဲ့ယွင်နန်ကို မျက်တောင်တဖျတ်ဖျတ် ခတ်ပြနေရင်းပင် တစ်ခုခု မှားယွင်းနေကြောင်း သတိပြုမိလိုက်သည်။
ရှဲ့ယွင်နန်ရဲ့ ပုံစံက ... သူ ပြောသွားတဲ့ အထဲမှာ တစ်ခုခု အမှားပါသွားလို့များလား ...
ထိုသို့ တွေးမိသည့်အခါ သွမ့်ချန်ချင်းသည် လည်ပင်းနာနေသကဲ့သို့ ထပ်ပြီး ဟန်မဆောင်လိုတော့။ သို့သော် စနစ်တကျ လေ့လာလိုဆဲပင်။
“ကျွန်တော် စာသင်ချင်တယ် ...”
သူ့ဘာသာသူ လေ့လာသင်ယူလိုသော်ငြား မလွယ်ကူလှမည်ကို စိုးရိမ်မိရာ သင်ထောက်ကူပစ္စည်းအချို့ ရနိုင်ပါလျှင် ပိုအဆင်ပြေပေလိမ့်မည်။
“ဘာကို သင်ချင်လဲ ...”
ရှဲ့ယွင်နန်ကလည်း ပဟေဠိ ဖြစ်သွားသည့်ဟန်။
သွမ့်ချန်ချင်းက ပြန်ပြောလိုက်သည်။
“စကားပြော ...”
ကြက်ကလေးနှင့် ဘဲပေါက်လေး လက်ဟန်ခြေဟန်ဖြင့် စကားပြောခြင်းကို တစ်ခဏမျှ ကြည့်ပြီးသည့်နောက် ... ရှဲ့ယွင်နန်သည် သူ့ဆိုလိုရင်းကို သဘောပေါက်သွားတော့သည်။
သူက တစ်ခါမျှ စကားပြော မသင်ဖူးလို့ ဘယ်လို ပြောရမယ်မှန်း မသိတာများလား ...
ကလေးဘဝကတည်းက အပိတ်လှောင်ခံထားရလို့လား .. ပြီးတော့ သူ့ကို ပိတ်လှောင်ထားတဲ့သူကလည်း သူ့ကို စာသင်ခွင့် မပေးဘူးလား ...
ရှဲ့ယွင်နန်က ချက်ခြင်းပင် ရုပ်ရည်ချောမောမှုကြောင့် စွန့်ပစ်ခံ မြေအောက်ခန်းတစ်ခုတွင် ပိတ်လှောင်ကာ အနိုင်ကျင့်ခံနေရသည့် ကလေးတစ်ဦး၏ ဘဝဇာတ်ကြောင်းများကို ပုံဖော်မိသွားတော့သည်။
သူ့အသားအရေက ထူးထူးခြားခြားကြီးကို ဖြူဆွတ်နေတာ မထူးဆန်းတော့ပါဘူး ... ဒီကလေးလေးက အရမ်းကို သနားဖို့ ကောင်းတာပဲ ...
ထိုသို့ တွေးမိပြီးနောက် ရှဲ့ယွင်နန်သည် သူ ငယ်ငယ်က အသုံးပြုခဲ့သည့် သင်ရိုးစာအုပ်များကို ဆွဲထုတ်လာလိုက်သည်။
သို့သော် သူ့တွင် ဆိုင်ဖွင့်ရန် အလုပ်လည်း ရှိနေသေးသည့်အတွက် သွမ့်ချန်ချင်းကို သင်ပေးရန် အချိန်မရှိ။ တစ်ခဏမျှ စဉ်းစားလိုက်ပြီးသည့်နောက် ကလေးများကို သင်ကြားပေးသည့် သင်ကြားရေးချန်နယ်တစ်ခုကို ဖွင့်ပေးလိုက်သည်။
“ကျေးဇူးပါ ခင်ဗျားက အရမ်းကြင်နာတတ်တာပဲ ... ကမ္ဘာ
ပေါ်မှာ အကောင်းဆုံးပဲ ...”
သူက ရှဲ့ယွင်နန်ကို ပြုံးပြလိုက်သည်။
ရှဲ့ယွင်နန်မှာ အောက်ထပ် အလုပ်ခန်းသို့ ရောက်ကာမှ တင်းထားသည့် စိတ်များကို လျော့ချနိုင်တော့သည်။
အလှလေးရဲ့ ချီးကျူးတာကို ခံလိုက်ရတာ ... တော်တော်လေး ကောင်းတာပဲ ...