Chapter 10
တီဗီကို ဖွင့်ထားကာ သွမ့်ချန်ချင်းသည် ရှဲ့ယွင်နန်၏ ဖတ်စာအုပ်အဟောင်းများကို ကိုင်ထားလျက် ရတနာသိုက် တူးတော့မည့်အလား စတင်လေ့လာလိုက်သည်။
ထိုတီဗီချန်နယ်မှာ မူကြိုကလေးများအတွက် စာဖတ်တတ်၊ စကားပြောတတ်ရန်နှင့် လောကကြီးအကြောင်း ပိုမို သိရှိနားလည်နိုင်ရန် အထူး ဖန်တီးထားသည့် ချန်နယ် ဖြစ်သည်။
သွမ့်ချန်ချင်းထံတွင်လည်း _ ဗဟုသုတများကို လေ့လာရန်နှင့် လောကကြီးအကြောင်း ပိုမိုသိရှိနိုင်ရန်ဟူသည့် ပင်မရည်ရွယ်ချက်နှစ်ခုသာ ရှိပေသည်။
သွမ့်ချန်ချင်းက လေ့လာနေစဉ် ရှဲ့ယွင်နန်ကလည်း အောက်ထပ်တွင် ကားများကို ပြုပြင်နေသည်။
မနက်ကိုးနာရီ ထိုးသည့်အခါ ကြေးစားမုဆိုးအချို့က ပြုပြင်ရမည့် ကားတစ်စီးကို ဆွဲလျက် ရောက်လာသည်။
ထိုကားတွင် တိုက်မိထားသည့် ပွန်းရာချိုင့်ရာများ အများအပြား ရှိနေသည့်အပြင် ရွံ့နွံများမှာလည်း ခွါချ၍ မရနိုင်လောက်အောင်ပင် ထူထဲစွာ ပေကျံနေသည်။
ရှဲ့ယွင်နန် ကားပြင်လေ့ရှိသည့် အခန်း၏ အလယ်တွင် တူးမြောင်းတစ်ခု တူးထားပြီး ထိုကားကို အခန်းထဲ ထည့်လိုက်သည့်အခါ တူးမြောင်းက ကား၏ အောက်ဘက်သို့ ရောက်ရှိသွားသည်။
ရှဲ့ယွင်နန်က ထိုမြောင်းထဲသို့ ဆင်းကာ ကားကို တစ်စစီ ဖြုတ်လိုက်သည်။
ကားအောက်ခြေမှ ရွှံ့များ တစ်လွှာချင်း ကွာကျလာ၏။ ရှဲ့ယွင်နန်က ဖုန်မှုန့်များအား မရှူမိစေရန် မျက်နှာဖုံးတစ်ခု ဝတ်ဆင်ထားသော်လည်း ဆက်တိုက် ပြုတ်ကျလာသော ရွှံ့များကြောင့် ခန္ဓာကိုယ်အနှံ့၊ ဆံပင်များပါမကျန် ညစ်ပတ်ပေရေသွားတော့သည်။
ကားအောက်ခြေရှိ ပြဿနာဖြစ်နေသော အစိတ်အပိုင်းကို ရှာတွေ့ကာ ပြင်ဆင်ပြီး အပေါ်သို့ ပြန်တက်လာချိန်တွင်မူ သူ့တစ်ကိုယ်လုံး လူရုပ်ပင် မပေါ်တော့။
ဤကဲ့သို့သော ပုံစံမျိုး ဖြစ်နေစဉ်မှာပင် သူ့ဆိုင်ထဲသို့ ရောက်လာသော လျောင်မုယဲ့နှင့် တွေ့လိုက်ရသည်။
လျောင်မုယဲ့၏ မျက်ဝန်းထဲမှ ရွံရှာမှုများကို အတိုင်းသား မြင်နေရ၏။
လျောင်မုယဲ့ကဲ့သို့သော သခင်လေးများအဖို့ ဆင်ခြေဖုံးဒေသတွင် နေထိုင်သူများကို ရွံရှာသည်မှာ မထူးဆန်းလှချေ။
ဒါပေမယ့် မင်းက ငါတို့ကို ရွံတယ်ဆိုရင် ဘာလို့ ငါတို့နဲ့ ဝေးဝေးမှာ မနေတာလဲ ...
သူ ရုတ်တရက် ရထားခဲ့သည့် အနာဂတ်မှတ်ဉာဏ်များတွင် လျောင်မိသားစုဖြစ်စေ ယန်ယုကောဖြစ်စေ မည်သူတစ်ဦးတစ်ယောက်မျှ စိတ်မမှန်ကြ၊ အားလုံးက သူက လျောင်မုယဲ့ကို အချိန်ရှိသရွေ့ ဖျားယောင်းသွေးဆောင်နေသည်ဟုသာ တစ်ထစ်ချ မှတ်ယူထားကြသည်။
ရှဲ့ယွင်နန်မှာ အတော်လေး စိတ်အနှောင့်အယှက် ဖြစ်သွားသည့်တိုင် လျောင်မုယဲ့ကို အပြစ်ပြုမိ၍လည်း မဖြစ်။
“သခင်လေးရှောင် .. အမှားအယွင်းတစ်ခုခုများ ရှိနေလို့လား …”
“မဟုတ်ပါဘူး လမ်းကြုံလို့ လာနှုတ်ဆက်တာ ..."
လျောင်မုယဲ့က ညစ်ပတ်ပေရေနေဆဲ ရှဲ့ယွင်နန်ကို စုန်ချည်ဆန်ချည် စိုက်ကြည့်လိုက်သည်။
ရှဲ့ယွင်နန်က အနည်းငယ် စိတ်မရှည် ဖြစ်လာ၏။
“သခင်လေးလျောင် .. ကျွန်တော်တို့တွေက တစ်ယောက်နဲ့တစ်ယောက် သိပ်ပြီး မရင်းနှီးကြဘူးနော် ...”
“ဟုတ်သားပဲ ...”
လျောင်မုယဲ့က လှောင်ရယ်သံတစ်ချက် ခပ်တိုးတိုး ထုတ်လွှတ်လျက် ပြန်ထွက်သွားလိုက်သည်။
ရှဲ့ယွင်နန်က သူ့ကို အတော်လေး ဂရုမစိုက်တဲ့ပုံမျိုး လုပ်ပြနေတာပဲ .. ဘာလဲ သူ့ကိုယ်သူ လိုက်ရခက်တဲ့ လူတစ်ယောက်လို ဖြစ်အောင် ကစားချင်နေတာလား ...
ဒါဆိုရင်တော့ နှမြောစရာပဲ ... သူက ရှဲ့ယွင်နန်ကို နည်းနည်းလေးမှ မကြိုက်တော့ဘူး ...
လျောင်မုယဲ့ ထွက်သွားသည်နှင့် တစ်ပြိုင်နက် ရှဲ့ယွင်နန်သည် သက်ပြင်းအနည်းငယ် ချရင်း "အရူးကောင်” ဟု တီးတိုး ကျိန်ဆဲလိုက်မိတော့သည်။
ဆင်ခြေဖုံးဒေသတွင် လျောင်မိသားစုအကြီးဆုံးသခင်လေး၏ ပရိသတ်များ အများအပြား ရှိနေကာ ယခင်က သူကိုယ်တိုင်ပင်လျှင် ထိုအမျိုးသားကို အရူးအမူး လေးစားခဲ့ဖူးသေးသည်။
ထိုသူ၏ ဦးနှောက်ထဲတွင် ပြဿနာ ရှိနေလိမ့်မည်ဟု တစ်ကြိမ်တစ်ခါမျှပင် မတွေးမိခဲ့။
ခေါင်းငိုက်စိုက်ချလျက် ဆံပင်ပေါ် ကပ်ငြိနေသော ဖုန်မှုန့်များကို ခါချလိုက်သည်။ ထို့နောက် မျက်နှာသစ်၊ ခြေလက်ဆေးကြောတော့မည့် အချိန်မှာပင် သူ့ဆိုင်ရှေ့သို့ ပြိုင်ကားတစ်စီး ရောက်လာပြန်၏။
ထိုကားမှာ ယန်ယုကော၏ ကားပင် ဖြစ်သည်။
ဒီ လျောင်မုယဲ့ကြောင့် ယန်ယုကောပါ ရောက်လာပြန်ပြီ ...
ပြဿနာများကို တစ်ခုပြီးတစ်ခု ဆက်တိုက် ကြုံတွေ့လာရသည့်အတွက် မနက်အစောပိုင်းက ကြည်လင်နေသည့် စိတ်အာရုံအားလုံး နောက်ကျိရှုပ်ထွေးလာတော့သည်။
ကားမှန်တံခါး အောက်သို့ကျကာ ယန်ယုကော၏ မျက်နှာကို မြင်တွေ့လိုက်ရသည်။
ယန်ယုကောမှာ ယခင်အခေါက်ကလောက် အထက်စီးမဆန်တော့။ ထိုအစား သူ့ကို သုန်မှုန်စွာဖြင့်သာ စိုက်ကြည့်နေသည်။
ရှဲ့ယွင်နန်၏ စိတ်ထဲတွင်လည်း မြည်သံအကျယ်ကြီးတစ်ခု မြည်ဟီးသွားတော့သည်။
အဲဒီ့ မှတ်ဉာဏ်တွေအရဆို ... ယန်ယုကောရဲ့ ဦးနှောက်မှာလည်း အပေါက်တစ်ခု ရှိနေသလိုပဲ ...
သူက လျောင်မုယဲ့ကို လွန်စွာ အလေးအနက် ထားလွန်းသည်။ လျောင်မုယဲ့ ကောင်းကောင်းမွန်မွန် ဆက်ဆံသည့်သူ မည်သူ့ကိုမဆို သူက ခွေးရူးတစ်ကောင်နှယ် လိုက်လံကိုက်ခဲမည်ဖြစ်သည်။
ရှဲ့ယွင်နန်က သူ့ကို နည်းနည်းမျှပင် ရန်မစလို။
သို့သော် ယခုမူ သူ့ကို ရန်စမိခဲ့သည့်ပုံပင်။
ယန်ယုကောက စကားတစ်ခွန်းမှမဆို၊ ရှဲ့ယွင်နန်ကိုသာ စူးစိုက်ကြည့်ပြီး ကားစက်နှိုး၍ ပြန်ထွက်သွားသည်။
ထွက်သွားသူကို ကြည့်နေရင်း ရှဲ့ယွင်နန်သည် ယန်ယုကော သုံးလာနိုင်သည့် နည်းလမ်းများကို စဉ်းစားမိကာ တဆတ်ဆတ် တုန်ရီလာတော့သည်။
ဒီလူတွေကို ရှောင်ချင်ပေမယ့် ကြည့်ရတာ သူတို့ကို ရှောင်လို့ ရမယ့်ပုံ မပေါ်ဘူး ...
အခု သူ ဘာဆက်လုပ်သင့်လဲ ...
သူ့မှာ လျောင်မုယဲ့အပေါ် ဘာအတွေးမှ မရှိဘူးဆိုတာကို ယန်ယုကော လက်ခံလာအောင် ဘယ်လို ပြောရပါ့မလဲ .. ဒါမှမဟုတ် လက်ပဲ လက်ထပ်လိုက်ရမလား ...
နေဦး ... လက်ထပ်တာ ...
သူသာ လက်ထပ်လိုက်မယ်ဆိုရင် ဒီလူတွေကလည်း သူ့ကို တွယ်ကပ်နေတော့မှာ မဟုတ်ဘူး ဟုတ်တယ်မဟုတ်လား အနည်းဆုံးတော့ ယန်ယုကောက လာပြီး မတိုက်ခိုက်နိုင်တော့ဘူးလေ ...
ရှဲ့ယွင်နန်က သူ့အိပ်ယာပေါ် လှဲလျောင်းနေသည့် အလှလေးကို ရုတ်တရက် တွေးမိလိုက်သည်။
သူတို့သာ လက်ထပ်လိုက်မယ်ဆိုရင် ... ဒါ နှစ်ဦးနှစ်ဖက် အကျိုးရှိမယ့် အနေအထားပဲ ...
သူ့မှာ လျောင်မုယဲ့အပေါ် ဘာအကြံအစည်မှ မရှိဘူးဆိုတာကို တစ်ခြားသူတွေ အားလုံး သိဖို့ဆိုရင် လက်ထပ်လိုက်မှပဲ ရမှာ ...
ပြီးတော့ အဲဒီ့လူကရော ... သူက အရမ်းကို လှပတယ် ဆိုပေမယ့် တော်တော်လေးလည်း အားနည်းတဲ့အပြင် သူ့ရဲ့ အဖော်သားရဲကလည်း ရှဉ့်ပေါက်စလေးလေ ... သူ့မှာ အန္တရာယ် မရှိတော့ဘူး ဆိုရင်တောင် ရှေ့လျှောက် တစ်ယောက်တည်း နေဖို့ဆိုတာ လွယ်မှ မလွယ်တာ ...
ဒါပေမယ့် သူတို့သာ လက်ထပ်လိုက်မယ်ဆိုရင် .... သူ့ရဲ့ လက်တွဲဖော်ကို ကောင်းကောင်း ဂရုစိုက်နိုင်မှာ ...
ပြီးတော့ အဲဒီ့လူကလည်း သူ့ကို သဘောကျနေတာ သူကတော့ သဘောမကျသေးပေမယ့် မုန်းတော့ မမုန်းဘူးလေ … နှစ်ယောက် အတူတူ နေဖြစ်ခဲ့ရင် ကောင်းတဲ့ကိစ္စတွေပဲ ဖြစ်လာမှာ ...
နက်နက်နဲနဲ စဉ်းစားကြည့်ပြီးနောက် ရှဲ့ယွင်နန်သည် အပေါ်ထပ်သို့ တက်ကာ ရေချိုးခန်းထဲသို့ ဝင်သွားလိုက်သည်။
တစ်စုံတစ်ယောက်ကို လက်ထပ်ခွင့် တောင်းရာတွင် ပထမဆုံးအနေဖြင့် သူ့ခန္ဓာကိုယ်ကို သန့်စင်ဆေးကြောကာ ဆံပင်ထဲရှိ ဖုန်မှုန့်များကိုပါ ပြောင်စင်အောင် လုပ်ဆောင်ရမည်ဖြစ်သည်။
ရေချိုးပြီးနောက် ရှဲ့ယွင်နန်သည် ဆံပင်ကို ရိုးရိုးရှင်းရှင်းပင် အခြောက်ခံကာ သန့်ရှင်းသည့် အင်္ကျီတစ်စုံကို လဲလှယ်ပြီး ပင်မအိပ်ခန်းထဲသို့ ဝင်လာလိုက်သည်။
အခန်းထဲသို့ ရောက်သွားသည်နှင့် တစ်ပြိုင်နက် ကြောင်အသွားတော့၏။
မနက်ပိုင်းတွင် ထိုသူကို ဂရုစိုက်ပေးနိုင်ရန် အလို့ငှာ မနက်စာကို အခန်းထဲ၌သာ စားခဲ့ကြသည်။
ထိုသူ၏ အစာစားချင်စိတ်မှာ မနည်းလှ၊ တစ်ကြိမ်လျှင် နှစ်ပန်းကန်၊ သုံးပန်းကန်ခန့် စားသောက်နိုင်ရာ ထမင်းထည့်ပေးရာ၌ အဆင်ပြေစေရန်အလို့ငှာ ထမင်းပေါင်းအိုးကိုပါ အခန်းထဲသို့ ယူလာပေးခဲ့၏။
ရလဒ်အနေဖြင့် အိပ်ယာဘေးရှိ စားပွဲလေးပေါ်တွင် တင်ထားခဲ့သော နေ့လည်ပိုင်းတွင် သူ စားမည်ဟု တွေးထားခဲ့သည့် ပေါင်းအိုးထဲရှိ ထမင်းအားလုံး မရှိတော့။ ဘေးနားရှိ ကြက်ဉမွှေကြော်လည်း အားလုံး ကုန်သွားပြီ ဖြစ်ကာ ဆားရည်စိမ်အရွက်အချို့သာ ကျန်ရစ်တော့သည်။
“မင်း ... အကုန်လုံးကို စားလိုက်တာလား ...”
ရှဲ့ယွင်နန်၏ အသံမှာ အနည်းငယ်ပင် တုန်ရီနေသည်။
သွမ့်ချန်ချင်းကလည်း သူ့ကို အနည်းငယ် ရှက်ရွံ့စွာဖြင့် ပြန်ကြည့်လာ၏။
“ကျွန်တော် ... ဗိုက်ဆာနေလို့ ...”
ခန္ဓာကိုယ်ထဲရှိ စိတ်စွမ်းအင်အစိုင်အခဲကြောင့် အမြန် ပြန်လည်သက်သာနိုင်ခဲ့သော်ငြား ... သူ၏ အစားစားလိုစိတ်မှာလည်း ထပ်တူ တိုးများလာခဲ့သည်။
စာသင်နေရင်း စားခဲ့သည့်အတွက် သူကိုယ်တိုင်ပင်လျှင် သတိမပြုမိဘဲ အမြောက်အများ စားခဲ့မိသွားသည်။
“အရင်က အစာအငတ်ခံခဲ့ရမှန်း သိပေမယ့် တစ်ကြိမ်တည်းနဲ့ ဒီလောက်အများကြီး စားလိုက်လို့ မရဘူးလေ အဲဒါက မင်းရဲ့ အစာအိမ်ကို ထိခိုက်လိမ့်မယ် ...”
ရှဲ့ယွင်နန်က အနားသို့ လျှောက်လာကာ သွမ့်ချန်ချင်း၏ ဗိုက်ကို ထိကြည့်ရန် ကြိုးစားလိုက်သည်။
ထိုသူ၏ ဝမ်းဗိုက်မှာ ပူဖောင်းနေလိမ့်မည်ဟု တွေးခဲ့သော်ငြား ... အနည်းငယ်မျှပင် ဖောင်းကားနေခြင်း မရှိ။
ဒီ ဒီလူက .. ထမင်းတစ်အိုးလုံးကိုတောင် အစာချက်နိုင်တဲ့ သဘောလား ...
သူ့ကို နောက်တစ်ကြိမ် ကိုယ်ထိလက်ရောက် လုပ်ပြန်ပြီ ...
သွမ့်ချန်ချင်းက ရှဲ့ယွင်နန်ကို ပြုံးပြလိုက်သည်။
“အဆင်ပြေပါတယ် ...”
သူက တစ်မနက်လုံး လေ့လာနေခဲ့သည့်တိုင် စကားလုံး အများအပြားကို မသိသေးသည့်အတွက် လေသံမှာ ... ချစ်စရာကောင်းသည့် ကလေးပေါက်စလေးနှင့် တူနေဆဲပင်။
သူ့ကို ကလေးကြည့်တဲ့ ကာတွန်းကားတွေပဲ တစ်ချိန်လုံး ကြည့်ရမယ်လို့ ဘယ်သူ ပြောလိုက်တာလဲကွ ...
သွမ့်ချန်ချင်းကလည်း သူ ပြောသည့်စကားများမှာ တစ်ခုခု မှားနေကြောင်း သတိပြုမိသည့်တိုင် အနီးနားတွင် သူ၏ အနာဂတ် တာအိုကျင့်ကြံဖော် ဖြစ်လာမည့်သူမှအပ အခြားမည်သူမှ ရှိမနေရာ သူ့လူရှေ့တွင် မျက်နှာပျက်ရ၍လည်း ကိစ္စမရှိပေ။
“ကျွန်တော် အများကြီး သင်ထားပြီးပြီ အခု စာတွေလည်း အများကြီး ရေးတတ်နေပြီ ...”
အားကောင်းတဲ့ စိတ်စွမ်းအင်ကို ပိုင်ဆိုင်ထားတာ အတော်လေး အဆင်ပြေတာပဲ စာအုပ်တစ်အုပ်လုံးကို တစ်ခေါက်လောက် လှန်ကြည့်ရုံနဲ့တင် အကုန် မှတ်မိနေပြီ ...
စကားအများအပြား မပြောနိုင်သေးသည့်တိုင် များစွာ ရေးနိုင်နေပြီဖြစ်သည်။ ဖတ်စာအုပ်အချို့ကို ဖတ်ကြည့်ပြီးသည့်နောက် အသုံးများသော စကားလုံးအားလုံးကို ရေးသားနိုင်လာ၏။
ဒီပိန်သွယ်သွယ် အလှလေးက ချီးကျူးခံရဖို့ စောင့်နေသလိုပဲ .. ပြီးတော့ ရှဉ့်ပေါက်လေးကပါ သူ့ရှေ့ ပြေးလာပြီး မဟူရာရောင် မျက်လုံးဝိုင်းကြီးတွေနဲ့ မော့ကြည့်နေလိုက်သေးတယ် ...
ရှဲ့ယွင်နန်က ချီးကျူးလိုက်သည်။
“အရမ်းကို တော်လိုက်တာ ..."
သွမ့်ချန်ချင်းက ပြုံးပြလိုက်သည်။
ရှဲ့ယွင်နန်က ဆက်မေးလိုက်သည်။
“မင်းနာမည်ကရော ဘာလဲ ...”
“သွမ့်ချန်ချင်း ...”
ဤကမ္ဘာရှိ ဘာသာစကားမှာ တရုတ်ဘာသာစကားနှင့် အနည်းငယ် ဆင်တူသည့်အတွက် သွမ့်ချန်ချင်းသည် သူ့မူလနာမည်ကိုသာ အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။
“ကောင်းလိုက်တဲ့နာမည် .... သွမ့်ချန်ချင်း မင်း ကိုယ့်ကို လက်ထပ်ချင်လား ...”
ရှဲ့ယွင်နန်သည် အမြဲ ဆုံးဖြတ်ချက် ပြတ်သားသူဖြစ်ရာ လက်ထပ်မည်ဟု ဆုံးဖြတ်ပြီးသည်နှင့် တစ်ပြိုင်နက် ချက်ခြင်း လက်ထပ်ခွင့် တောင်းလိုက်တော့သည်။
“လက်ထပ်တာ ...”
သွမ့်ချန်ချင်းက နားမလည်။
“လက်ထပ်တယ်ဆိုတာ လူနှစ်ယောက် အတူတူ နေတာကို ပြောတာ ထာဝရ အတူတူ နေကြတာမျိုးလေ ...”
ရှဲ့ယွင်နန်က သူ့ကို ခြေဟန်လက်ဟန်ဖြင့် ရှင်းပြလိုက်သည်။
အနည်းငယ် အဓိပ္ပါယ်ဖွင့်ဆို ရှင်းပြပြီးသည့်နောက် သွမ့်ချန်ချင်းသည် ရှဲ့ယွင်နန် ပြောလိုသည့် အဓိပ္ပါယ်ကို နားလည်သွားတော့သည်။
ဒီလူက သူ့ကို လက်ထပ်ချင်နေတာတဲ့ ...
ဒါကြီးက အရမ်းကို အဆင့်တက်တာ မြန်လွန်းမနေဘူးလား မြန်လွန်းလို့ သူတောင် ဘာဆက်ပြောရမှန်း မသိတော့ဘူး ...
ဒီလူက သူ့ကို ဘယ်လောက်တောင် သဘောကျနေပါလိမ့် တစ်ယောက်နဲ့တစ်ယောက် သိတာမှ ရက်ပိုင်းပဲ ရှိသေးတယ် လက်ထပ်ဖို့ ပြောနေပြီ ...
ကြည့်ရတာ ဒီလောက် အချိန်တိုတိုလေး အတွင်းမှာကို သူ့ကို ချည်နှောင်ထားချင်နေပြီနဲ့တူတယ် ဟုတ်တယ်မဟုတ်လား ...
“ဒါဆို မင်း ကိုယ်နဲ့ လက်ထပ်ဖို့ ဆန္ဒရှိလား ...”
ရှဲ့ယွင်နန်မှာ အနည်းငယ် စိတ်ပူပန်ကာ အနည်းငယ်လည်း ရှက်ရွံ့မိနေသည်။
သူ့ရှေ့တွင် ရှိနေသူမှာ လက်ထပ်ခြင်း၏ အဓိပ္ပါယ်ကိုပင် မသိ။ ထို့ကြောင့် လက်ထပ်ခွင့် တောင်းနေသည့် သူ့လုပ်ရပ်ကိုပင် ကလေးသူငယ်အား ဖျားယောင်းသွေးဆောင်ခြင်းနှင့် တူသည်ဟု ခံစားမိလာတော့သည်။
ထိုသို့ တွေးမိသည့်အတွက် သူက ထပ်ပြောလိုက်သည်။
“မစိုးရိမ်ပါနဲ့ တကယ်လို့ အနာဂတ်မှာလည်း မင်းက ငါ့ကို သဘောကျမလာဘူးဆိုရင် .. ငါတို့တွေ ကွာရှင်းလို့ ရပါတယ် လက်ထပ်ပြီးရင်လည်း မင်းကို ကောင်းကောင်းမွန်မွန် ဆက်ဆံပေးမယ် ဘယ်သူကမှ မင်းကို မထိခိုက်စေရဘူး ...”
သူ အလောတကြီး လက်ထပ်လိုခြင်းမှာ နောက်ထပ် အကြောင်းအရင်းတစ်ခုလည်း ရှိနေသေးသည်။ များမကြာမီ အံ့ဖွယ်သားရဲများက ဆင်ခြေဖုံးဒေသကို တိုက်ခိုက်တော့မည်ဖြစ်သည်။
အခြေအနေအားလုံး သာမန်အတိုင်းသာ ဖြစ်နေပါလျှင် သွမ့်ချန်ချင်း နေပြန်ကောင်းလာသည်အထိ စောင့်ဆိုင်းကာ အချို့သော နေနည်းထိုင်နည်းများကို သင်ကြားပေးပြီး သူ့ကို ကိုယ်ပိုင်ဘဝဖြင့် ရပ်တည်ခွင့် ပေးမည်ဖြစ်သည်။
သို့သော် ယခုမူ သားရဲတို့၏ ဒုက္ခလှိုင်းက ရောက်လာတော့မည်ဖြစ်ရာ ... ညံ့ဖျင်းလှသည့် ကျန်းမာရေးကို မဆိုထားနှင့်, စကားပင်လျှင် မပြောတတ်သေးသည့် သွမ့်ချန်ချင်းကို သူ့ခြေထောက်ပေါ်သူ ရပ်တည်ခိုင်းခြင်းမှာ ဒုက္ခတောထဲ တွန်းပို့လိုက်သည်နှင့် အတူတူပင်ဖြစ်သည်။
ထို့အပြင် သွမ့်ချန်ချင်း၏ သရုပ်မှန်မှာလည်း တိတိကျကျ မသိရရာ ဤမြို့တွင် နေထိုင်သူများက သူ့ကို လက်ခံလိမ့်မည် မဟုတ်ချေ။
သို့သော် အကယ်၍ သူတို့နှစ်ဦး လက်ထပ်လိုက်ပါလျှင်မူ သရုပ်မှန်ကို မသိရသည့်တိုင် ဤမြို့သားများက သွမ့်ချန်ချင်းကို တစ်မြို့တည်းသားအဖြစ် သဘောထားကြမည်ဖြစ်သည်။
“လက်ခံတယ် ...”
သွမ့်ချန်ချင်းက ပြောလိုက်သည်။ သူ့အနေဖြင့် အားလုံးကို နားမလည်သေးသည့်တိုင် ဤသူက သူ့ကို များစွာ သဘောကျသည့်အတွက် သူ့အနေဖြင့်လည်း ထိုသူ့ကို ဝမ်းနည်းစိတ်ပျက်သွားအောင် မလုပ်လို။
“ဒါဆို မင်းအတွက် အထောက်အထားတစ်ခု စီစဉ်ပေးမယ် ပြီးရင် ရက်ပိုင်းအတွင်း လက်ထပ်ကြတာပေါ့ ...”
ရှဲ့ယွင်နန်က ပြောလိုက်သည်။ ထို့နောက် သွမ့်ချန်ချင်း၏ မျက်နှာကို တစ်ခဏမျှ ငေးကြည့်ပြီးကာမှ ဆက်ပြောလိုက်သည်။
“အခု မင်းကို ကူပြီး ရုပ်ဖျက်ပေးမယ် .. မင်းမျက်နှာက အရမ်း ဆွဲဆောင်မှု ရှိလွန်းတော့ ...”
သူ၏ စူးရဲလှသော အကြည့်တို့ကြောင့် သွမ့်ချန်ချင်းမှာ အနည်းငယ် ရှက်သွေးဖြန်းသွားတော့သည်။
အိုက်ယား ... ဒီလောက်အထိ စိတ်အားထက်သန်လွန်းတဲ့ တာအိုကျင့်ကြံဖော်မျိုးကို .... သူ တကယ် သည်းမခံနိုင်လောက်ဘူး ...
ဟုတ်သားပဲ ...သူ့ကို လက်ထပ်ခွင့်လည်း တောင်းပြီးပြီဆိုတော့ .. ဒီလူက သူ့အိပ်ယာပေါ် တက်ချင်နေတာများလား ...
ဒါပေမယ့် သူမှ ကျန်းမာရေး မကောင်းသေးတာကို ...
အနည်းငယ် နီမြန်းသွားသည့် သွမ့်ချန်ချင်း၏ မျက်နှာကို တွေ့လိုက်ရသည့်အခါ ရှဲ့ယွင်နန်လည်း ဟန်မဆောင်နိုင်လောက်အောင် ပြုံးရယ်မိသွားတော့သည်။
ထိုသူ့အကြောင်း တစ်လုံးတစ်ပါဒမျှ မသိထားပါဘဲ၊ ရာဇဝတ်ကောင်လား သို့မဟုတ် အိမ်ထောင်ရေး ဖောက်ပြန်သူလား မသိရလေသည့်တိုင် သူ့ပုံစံမှာ အတင်းအကြပ် ဖိအားပေးခံရသည်နှင့်မတူ။
သွမ့်ချန်ချင်း၏ အမူအယာကို အကဲခတ်ရပါလျှင် သူသည် ရှဲ့ယွင်နန်ကို များစွာ သဘောကျလှကြောင်း ထင်ရှားပေသည်။
သူ့ကို သေချာပေါက် ကောင်းကောင်းမွန်မွန် ဆက်ဆံပေးရမယ် .. ပြီးတော့ အခု ဖြစ်လာတော့မယ် ကပ်ဆိုးကြီးမှာလည်း အသက်ရှင်ကျန်နေခဲ့ရအောင် အကောင်းဆုံး ကြိုးစားပေးရမယ် ...
“ဟင်းသွားချက်တော့မယ် ...”
ရှဲ့ယွင်နန်က ထပ်ပြောလိုက်သည်။
အောင်အောင်မြင်မြင် လက်ထပ်ခွင့် တောင်းပြီးသည့်နောက် အောင်ပွဲခံလိုလာသည်။ သွမ့်ချန်ချင်းသည်လည်း ဗိုက်ဆာနေမည် ဖြစ်သည့်အပြင် သူ၏ အစားစားနိုင်စွမ်းမှာလည်း မသေးလှရာ ... ရှဲ့ယွင်နန်သည် အနည်းငယ် ထူးထူးကဲကဲ ချက်ပြုတ်ရန် ပြင်ဆင်လိုက်သည်။ ရေခဲသေတ္တာထဲမှ ကြက်ခြေထောက်နှစ်ချောင်းကို ထုတ်ကာ ခပ်သေးသေး လှီး၍ နှပ်လိုက်သည်။
အိမ်တွင် အသီးအရွက်များ မရှိသည့်တိုင် ပြင်ဆင်ရန် မခက်ခဲလှ။ ရှဲ့ယွင်နန်က အောက်ထပ်သို့ ဆင်းသွားပြီးနောက် တစ်ခဏအကြာတွင် ကန်စွန်းဉအိတ်အကြီးကြီး တစ်လုံးဖြင့် ပြန်လာခဲ့သည်။
ယခုတလောမှာ ကန်စွန်းဉ လှိုင်လှိုင်ပေါသည့်ရာသီ ဖြစ်သည်။
‘
စိုက်ခင်းများတွင် ကန်စွန်းဉ၏ အရွက်နှင့် နွယ်များကို မလိုအပ်သည့်အတွက် ဉကို မတူးမီ ၎င်းတို့ကို ခုတ်ပစ်လေ့ ရှိကြသည်။ အချို့သော စိုက်ခင်းများက အလုပ်သမားများအား ထိုမလိုအပ်သည့် အရွက်နှင့် နွယ်များကို ယူသွားခွင့် မပြုကြသော်ငြား ကျန်အများစုကမူ အလုပ်သမားများကို လိုလိုလားလား ယူခွင့်ပြုကြသည်။
အလုပ်သမားများက ထို ကန်စွန်းဉပင်၏ နွယ်ကို စားလျှင်စား သို့မဟုတ် ရောင်
းချကြကာ ကြမ်းရှသည့် အပိုင်းများကိုမူ အိမ်မွေးတိရိစ္ဆာန်များအား ကျွေးကြသည်။
ရှဲ့ယွင်နန်က ကန်စွန်းဉအရွက်များကို အိုးကြီးတစ်အိုးနှင့်အပြည့် ကြော်ကာ ကြက်ခြေထောက်နှပ်နှင့် ထမင်းတို့ကိုပါ အခန်းထဲသို့ သယ်လာခဲ့လိုက်သည်။
သူ့လက်တွဲဖော်ကို အဆာခံစေ၍ မဖြစ်။