အပိုင်း ၁၁
Viewers 7k

Chapter 11




သွမ့်ချန်ချင်းကို လက်ထပ်ရန် ဆုံးဖြတ်ပြီးနောက် ရှဲ့ယွင်နန်သည် သူ့ကို ကြည့်လေလေ ပိုမို၍ သဘောကျလာမိတော့သည်။ 


သူ့အဘိုး အသက်ရှင်နေစဉ်က အဆင်ပြေသေးသော်ငြား အဘိုးဖြစ်သူ ကွယ်လွန်သွားပြီးနောက် တစ်ယောက်တည်း နေနေရသည့်အချိန်တွင် သူ့အိမ်သည် သဲကန္တာရအလား ခြောက်ကပ်လာတော့သည်။ 


ထို့ကြောင့် လက်တွဲဖော် လိုချင်သည့်စိတ်များ မကြာမကြာ ဖြစ်ပေါ်လာရ၏။


လက်တွဲဖော် ရွေးချယ်ရာ၌ သူ့တွင် လိုအပ်ချက် အများအပြား မရှိ။ တစ်ဖက်သူက ညင်သာသိမ်မွေ့ကာ သူနှင့်အတူ လက်တွဲနေထိုင်လိုစိတ်ရှိပြီး သူ့အပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံပေးရန်ကိုသာ လိုလားပေသည်။ 


သွမ့်ချန်ချင်းက သူ၏ ထိုလိုအပ်ချက်အားလုံးနှင့် ကိုက်ညီသည်။ 


ရှဲ့ယွင်နန်က သူ့ကို ထမင်းတစ်ပန်းကန်နှင့် ကြက်ပေါင်တစ်ချောင်း ပေးလိုက်သည်။


“များများစား ...”


“ကျေးဇူးတင်ပါတယ် ...”


သွမ့်ချန်ချင်းက စားစရာများအားလုံးကို မြည်းကြည့်လိုက်သည်။ 


“အရသာရှိလိုက်တာ ..."


နှစ်တစ်ရာခန့် မစားမသောက်ဘဲ နေထိုင်ခဲ့ရသူတစ်ဦးအဖို့ ထမင်းအဖြူကပင်လျှင် အရသာရှိနေပေသည်။ 


ယခုမူ ထမင်းသာမက ပိုပြီး အရသာရှိသည့် ကြက်ခြေထောက်နှပ်ကိုပါ စားနေရရာ ... သူ့ကိုယ်သူ ထမင်းတစ်အိုးလုံးပင် စားနိုင်လောက်မည်ဟု ခံစားမိလာတော့သည်။ 


သွမ့်ချန်ချင်းက ခေါင်းမဖော်စတမ်း စားသောက်လိုက်၏။ စားသောက်နေစဉ်အတွင်း သူ၏ မူလရုပ်သွင်ဖြစ်နေသည့် ရှဉ့်ပေါက်စကလည်း အိပ်ယာဘေးတွင်ထိုင်ကာ ထမင်းစားပွဲကို လှမ်းကြည့်နေသည်။ 


ထိုအချိန်တွင် သွမ့်ချန်ချင်းသည် သူ၏ စိတ်စွမ်းအင်ကို ထိုရှဉ့်နှင့် ချိတ်ဆက်မထားခဲ့။ စားစရာကို မြင်သည့်အခါ ထိုရှဉ့်က ချက်ခြင်းပင် အိပ်ယာဘေးရှိ စားပွဲပေါ်သို့ လှမ်းခုန်ရန် ကြံလိုက်သည်။ 


သို့သော် တွက်ကိန်း လွဲသွား၏။ 


သွမ့်ချန်ချင်းမှာ အာဟာရချို့တဲ့နေရာ ရှဉ့်၏ အခြေအနေမှာလည်း သူ့ထက်ထူး၍ ကောင်းမနေ။ ခန္ဓာကိုယ်မှာ အမွေးများ ကျိုးတိကျိုးကျဲဖြင့် သုန်မှုန်နေကာ ခြေထောက်တို့မှာလည်း အားနည်းပျော့ခွေနေ၏။


ခုန်လိုက်သော်လည်း စားပွဲပေါ် ရောက်ရမည့်အစား အောက်သို့သာ ပြုတ်ကျသွားသည်။ ရှဲ့ယွင်နန်က အချိန်မီ ဖမ်းလိုက်မိ၍သာ တော်ပေသေးသည်။ 


သူ့လက်ထဲရှိ ရှဉ့်ပေါက်စမှာ မည်မျှအထိ ပိန်လှီနေကြောင်း သိလိုက်ရ၏။


ရှဲ့ယွင်နန်က ၎င်းလုပ်လိုသည့်အရာကို သိနေသည့်အတွက် သူ့လက်ထဲသို့ ထမင်းတစ်စေ့ ထည့်ပေးလိုက်သည်။ 


ရှဉ့်ပေါက်စက ထမင်းစေ့ကို သေချာကိုင်ကာ ပါးစပ်ထဲ ထိုးထည့်လိုက်သည်။ 


“သူ့နာမည်က ဘာတဲ့လဲ ...”


ရှဲ့ယွင်နန်က ရှဉ့်ပေါက်စကို လက်ညှိုးထိုးပြရင်း သွမ့်ချန်ချင်းကို မေးလိုက်သည်။ 


သွမ့်ချန်ချင်းက သူ့ကို မော့ကြည့်ကာ တစ်ခဏမျှ စဉ်းစားပြီး ပြန်ဖြေလိုက်သည်။ 


“ရှောင်ဟွား ...”


ရှဲ့ယွင်နန်ရဲ့ မူလရုပ်ကို ရှောင်ပိုင်လို့ ခေါ်ရင် သူ့ရဲ့ မူလရုပ်ကို ရှောင်ဟွားလို့ ခေါ်လိုက်မယ် ...


“သူ့နာမည်က ရှောင်ပိုင်နဲ့ တော်တော်လေး ဆင်တာပဲ ...”


တစ်ဖက်သို့ လှည့်ကြည့်လိုက်သည့်အခါ ရှဲ့ယွင်နန်သည် ထမင်းစေ့အား ပါးစောင်ထဲ ထိုးထည့်ထားသည့် ရှောင်ဟွားကို တွေ့လိုက်ရသည်။ စားရမည့်အစား ပါးစောင်တစ်ဖက်ခြမ်းတွင် ထည့်ဖွက်ထားပြီး ထမင်းပန်းကန်ကို အားတက်သရော စိုက်ကြည့်နေပြန်၏။ 


သူက ရှောင်ဟွား၏ ဖောင်းကားနေသော ပါးတစ်ဖက်ကို စိုက်ကြည့်ကာ နောက်ထပ်ထမင်းတစ်စေ့ကို တုန့်ဆိုင်းစွာဖြင့် ထပ်ပေးလိုက်သည်။ ရှောင်ဟွားက ပါးစောင်နောက်တစ်ဖက်ထဲသို့ ချက်ခြင်း ထည့်လိုက်၏။ 


ယခု ပါးနှစ်ဖက်လုံး ဖောင်းမို့နေတော့သည်။ 


ရှဉ့်များသည် ပါးစပ်ကို အသုံးပြုကာ အစာကို သယ်ဆောင်လေ့ရှိသည့်အပြင် ပါးစောင်ရှိ အစာသိုလှောင်ရာအိတ်၌လည်း အများအပြား ဖွက်ထားလေ့ရှိ၏။ ထမင်းစေ့နှစ်စေ့ကို ဖွက်ပြီးသည့်နောက် ရှဲ့ယွင်နန်၏ လက်ထဲမှ ထမင်းပန်းကန်ကို တစ်ဖန် ငေးကြည့်နေပြန်သည်။  


ရှဲ့ယွင်နန်လည်း သူ့ကို နောက်ထပ်တစ်စေ့ ထပ်ပေးလိုက်ရပြန်၏။


တစ်ဖန် ဘေးတွင် ခေါင်းမဖော်စတမ်း စားသောက်နေသည့် သွမ့်ချန်ချင်းကိုပါ တွေ့လိုက်ရသည့်အခါ အနည်းငယ် စိတ်ဖိစီးလာသည်။ 


အဖော်သားရဲများမှာ စားသောက်နိုင်ကြသည့်တိုင် သာမန်အစားအစာများကို အနည်းငယ်မျှပင် စိတ်မဝင်စားကြ။ 


ဥပမာအားဖြင့် ရှောင်ပိုင်ပင်လျှင် သူ စားသောက်နေချိန်များတွင် အနားသို့ လာလေ့မရှိပေ။ 


အဖော်သားရဲများသည် အံ့ဖွယ်သားရဲတို့၏ အသားကိုသာ စိတ်ဝင်စားကြ၏။ အံ့ဖွယ်သားရဲတို့၏ အသားကသာလျှင် သူတို့ကို ပိုမိုအားကောင်းလာအောင် စွမ်းဆောင်နိုင်ပေသည်။ 


ဒီရှဉ့်ပေါက်စလေးကတော့ ထမင်းလေးတစ်စေ့နှစ်စေ့ကိုတောင် ရတနာလို သိမ်းထားနေတယ် .. ကြည့်ရတာ သူ အရင်က တအားကို အငတ်ခံခဲ့ရလို့နဲ့ တူတယ်...


ရှဲ့ယွင်နန်က သွမ့်ချန်ချင်းကို သူ့အတိတ်အကြောင်း မေးမြန်းလိုသည့်တိုင် အကယ်၍ မေးလိုက်ပါမှ ထိုအဖြစ်ဆိုးများကို ပြန်တွေးကာ သွမ့်ချန်ချင်း၏ စိတ်ထဲတွင် နေရခက်သွားမည်ကိုလည်း မလိုလားပေ။ 


သွမ့်ချန်ချင်းကလည်း စားသောက်နေစဉ်အတွင်း ရှဲ့ယွင်နန်ကို ခဏခဏ ခိုးကြည့်နေ၏။ ရှဲ့ယွင်နန်ကလည်း သူ့ကို ငေးကြည့်နေကြောင်း သိလိုက်ရသည့်အခါ ဝမ်းသာပျော်မြူးသွားတော့သည်။ 


တစ်ဖက်သူကလည်း သူ့ကို အရမ်းသဘောကျနေမှန်း သိလိုက်ရတဲ့ဟာ ဘယ်လိုလုပ် မပျော်ဘဲ နေမှာလဲ ...


သွမ့်ချန်ချင်းက အများအပြား စားနိုင်သည့်တိုင် သူ၏ စားသောက်သည့်နှုန်းမှာ မမြန်ဆန်။ ဤခန္ဓာကိုယ်မှာ အလွန်အမင်း ထိခိုက်ပျက်စီးထားရာ သူ့အနေဖြင့် မြန်မြန်စားလိုသည့်တိုင် ခန္ဓာကိုယ်က လက်မခံချေ။ 


စားနေစဉ်အတွင်း အစာချက်ရာတွင် အထောက်အကူ ဖြစ်စေရန်အတွက် စိတ်စွမ်းအင်ကိုပါ နှိုးဆွထားရသေးသည်။ 


ထို့ကြောင့် ဤထမင်းတစ်နပ် စား၍ ပြီးရန် အချိန်အနည်းငယ်ခန့် ယူရပေသည်။ ထမင်းလေးပန်းကန်ကို တစ်ထိုင်တည်း စားသောက်ပြီးသည့်နောက် တူကို အောက်ချထားလိုက်တော့သည်။ 


၎င်းကို မြင်သည့်အခါမှ ရှဲ့ယွင်နန်က ပြောလိုက်သည်။ 


“မင်းအတွက် အိုင်ဒီကတ် လုပ်ပေးနိုင်မယ့်သူ ရှာလိုက်ဦးမယ် ... ဒါနဲ့ မင်းအသက် ဘယ်လောက်ရှိပြီလဲ ...”


သွမ့်ချန်ချင်းက သူ နှစ်ပေါင်းမည်မျှ နေထိုင်ခဲ့မှန်းပင် မမှတ်မိတော့ရာ ပထမဘဝက အသက်ကိုသာ ပြောလိုက်သည်။ 


“၂၈ နှစ် ...”


“၂၈ နှစ် ဟုတ်လား ...”


ရှဲ့ယွင်နန်က သူ့ကို စူးစမ်းလိုဟန်အပြည့်ဖြင့် စိုက်ကြည့်လိုက်သည်။ 


သူ့ရှေ့မှာ ရှိနေတဲ့သူက တကယ်လည်း အရွယ်ရောက်ပြီးသားသူ ဖြစ်သင့်တယ် ဆိုပေမယ့် ဒီလောက် ဖြူဖွေးနူးညံ့နေတဲ့ အသားအရေကို ပိုင်ဆိုင်ထားတဲ့သူက တကယ်ကြီး ၂၈ နှစ်တဲ့လား ...


သူကို အလွန်ဆုံးမှ ၂၀ ဝန်းကျင်လောက်လို့ ထင်ထားတာကို ...


“၂၈ နှစ်ဆိုတာ သေချာရဲ့လား ...”


သွမ့်ချန်ချင်းက အနည်းငယ် ဆိုင်းတွသွား၏။ 


ရှဲ့ယွင်နန်က ပြောလိုက်သည်။ 


“ ၂၂ နှစ်လို့ပဲ ရေးလိုက်ရအောင် အဲဒါက နည်းနည်း ပိုပြီး သဘာဝကျသလားလို့ မင်း ဘယ်မှာ မွေးခဲ့လဲရော သိလား ...”


သွမ့်ချန်ချင်းက ခေါင်းကိုသာ ယမ်းပြလိုက်သည်။ 


ရှဲ့ယွင်နန်က နောက်ထပ် မေးခွန်းအချို့ ထပ်မေးလိုက်သည်။ သွမ့်ချန်ချင်းက အချို့ကို မသိ၊ အချို့မှာ အဖြေမှားများ ဖြစ်နေကာ ဤကမ္ဘာရှိ ဖြစ်လေ့ဖြစ်ထရှိသည်များနှင့် မကိုက်ညီလှပေ။ 


အတိတ်မှာတုန်းက ပိတ်လှောင်ခံထားရလောက်တယ်ဆိုတဲ့ ကောက်ချက်က အဟုတ်ပဲ နေမှာ ...


ရှဲ့ယွင်နန်က ပြောလိုက်သည်။ 


“မင်းအတွက် အချက်အလက်တွေ ဖြည့်ပေးမယ် ...”


“အင်း ...”


သွမ့်ချန်ချင်းက ပြုံးပြလိုက်သည်။ ထို့နောက် တစ်ခုခုကို တွေးမိသည့်ဟန်ဖြင့် သူ့မျက်နှာကို ထိကိုင်ကာ ပြောလိုက်သည်။ 


“ကျွန်တော့်မျက်နှာ ... ဖုံးဖို့ ...”


သွမ့်ချန်ချင်းထံတွင် မူလကိုယ်နှင့် ပတ်သက်သည့် မှတ်ဉာဏ်များ မရှိတော့သော်ငြား ကူးပြောင်းလာခဲ့စဉ်က မူလကိုယ်၏ အနေအထားအရ ... မူလကိုယ်တွင် ရန်သူများ ရှိနေနိုင်ပေသည်။


သူ၏ ခန္ဓာကိုယ် သန့်စင်ရေး လမ်းစဉ်ကို ကျင့်ကြံပြီးပါလျှင် ရုပ်ရည်သွင်ပြင်ကို စိတ်တိုင်းကျ ပြုပြင်ပြောင်းလဲ၍ ရနိုင်သော်ငြား ယခုမူ ထိုစွမ်းရည် မရှိသေး။ မိတ်ကပ်ကို အသုံးပြုကာ ရုပ်ဖျက်နိုင်၍သာ တော်သေးသည်။ 


မည်သည့် အရေးကိစ္စမျိုးပင် ရှိနေပါစေ ဤမျက်နှာဖြင့် အပြင်သို့ ထွက်သွား၍ မရချေ။ 


ရှဲ့ယွင်နန်ကလည်း သဘောတူလိုက်၏။ 


“မင်းကို မိတ်ကပ်ပစ္စည်းတွေ ဝယ်ပေးမယ် ...”


သူသည် မိတ်ကပ်ပစ္စည်း သုံးစွဲရာ၌ မကျွမ်းကျင်သော်ငြား သွမ့်ချန်ချင်းကို ကူညီပေးနိုင်မည့် တစ်စုံတစ်ယောက်ကိုမူ ရှာဖွေနိုင်ပေသည်။ 


နှစ်ဦးသား ဆွေးနွေးအပြီးတွင် ရှဲ့ယွင်နန်သည် အောက်ထပ်သို့ ဆင်းလာလိုက်သည်။ 


ဆင်ခြေဖုံးဒေသတွင် နေထိုင်သူများမှာ အတည်တကျ မရှိ၊ အချို့မှာ သေဆုံးသွားကြပြီး အချို့မှာမူ ပျောက်ဆုံးကုန်ကြ၏။ မြို့နေလူဉီးရေမှာ လွန်စွာ ကသောင်းကနင်း ဖြစ်လှရာ သွမ့်ချန်ချင်းအဖို့ အိုင်ဒီကတ်တစ်ခု လုပ်ပေးရန်မှာ များစွာ လွယ်ကူလှပေသည်။ 


တံခါးအပြင်ဘက်သို့ ထွက်လာစဉ်မှာပင် ရှဲ့ယွင်နန်သည် အဖော်သားရဲဖြစ်သည့် ဘဲငန်းနှင့်အတူ လမ်းလျှောက်ထွက်နေသည့် မြို့တော်ဝန်ကို တွေ့လိုက်ရသည်။ 


မြို့တော်ဝန်ကျိုးသည် သူ့ဘဲငန်းကဲ့သို့ပင် ခေါင်းကို မြင့်မြင့်မြှောက်ကာ အနီးအနားရှိ ပြည်သူများကို နှုတ်ဆက်နေ၏။


ရှဲ့ယွင်နန်ကို တွေ့လိုက်သည့်အခါ ပြုံးပြနှုတ်ဆက်ပြီးနောက် ခြေလှမ်းအကျယ်ကြီးများဖြင့် ရှေ့ဆက်လျှောက်သွားသည်။ 


ရှဲ့ယွင်နန်ကလည်း ပြန်ပြုံးပြကာ‌ ဒေါက်တာဟူနှင့် တွေ့ရန် ထွက်လာလိုက်သည်။ 


သူ့အိမ်ထဲတွင် လူတစ်ယောက်အား ဖွက်ထားသည့်အကြောင်းကို မည်သူ့ကိုမှ မပြောခဲ့ဖူး။ ဒေါက်တာဟူ တစ်ယောက်တည်းသာ သိထားပေသည်။ သူက ဒေါက်တာဟူကို များစွာ ယုံကြည်ထား၏။ 


ဒေါက်တာဟူသည် သူ့အဘိုး၏ မိတ်ဆွေတစ်ဦးဖြစ်ကာ သူ ငယ်စဉ်ကတည်းက ဒေါက်တာဟူနှင့် များစွာ နီးနီးကပ်ကပ် နေခဲ့ရသည်။ ထိုအချိန်က ဒေါက်တာဟူသည် သူ့ကို ဆေးပညာ သင်ယူစေလိုခဲ့၏။ 


သူကလည်း ဆေးပညာနှင့် ပတ်သက်၍ အနည်းငယ် သင်ယူခဲ့သည့်တိုင် ဆေးကုသခွင့်လိုင်စင် ရရန်မှာ များစွာ အလုပ်ရှုပ်လှလွန်းသည့်အတွက် ... အချို့အဝက်သော ဗဟုသုတများကိုသာ သင်ယူခဲ့သည်။ 


“ဦးလေးဟူ ကျွန်တော့်အိမ်မှာ ရောက်နေတဲ့တစ်ယောက်ရဲ့ နာမည်က သွမ့်ချန်ချင်းတဲ့ သူ့ကို အိုင်ဒီအသစ်တစ်ခု လုပ်ပေးချင်လို့ ...”


ရှဲ့ယွင်နန်က ပြောလိုက်သည်။ 


“ဆင်ခြေဖုံးဒေသမှာ နေတာပဲဟာ သူ့မှာ အိုင်ဒီကတ်မရှိလည်း အဆင်ပြေနေတာပဲ မဟုတ်လား ...”


ဒေါက်တာဟူကလည်း ပဟေဠိဖြစ်သွားရ၏။


အိုင်ဒီကတ်တစ်ခု ရရန်မှာ များစွာ မခက်ခဲလှသော်ငြား ငွေကုန်ကြေးကျ များပြားလွန်းသည့်အပြင် လိုအပ်ပါလျှင် အခွန်လည်း ဆောင်ရမည်ဖြစ်သည်။ ထို့အပြင် အရေးအကြီးဆုံးအချက်မှာ ... ကျူးကျော်ရပ်ကွက်တွင် နေထိုင်ကြသူများ၌လည်း အိုင်ဒီကတ် မရှိကြပေ။


“သူ့ကို လက်ထပ်ချင်လို့ ...”


ရှဲ့ယွင်နန်က ပြောလိုက်သည်။ 


ဒေါက်တာဟူက အနည်းငယ် ရှုပ်ထွေးသွားသည့်ဟန်။ 


“သူ့ကို လက်ထပ်ချင်လို့ ဟုတ်လား သူနဲ့ သိတာမှ ဘယ်လောက်ပဲ ရှိသေးလို့လဲ မင်း ...”


“ဦးလေးဟူ သူက အရမ်း ကြည့်ကောင်းတယ်လေ ...”


ရှဲ့ယွင်နန်က ပြောလိုက်သည်။ 


တစ်ခဏမျှ စဉ်းစားပြီးနောက် ဒေါက်တာဟူက ရေရွတ်လိုက်သည်။ 


“ဟိုးအရင်က မင်း ဘယ်သူ့ကိုမှ မကြိုက်ခဲ့တာ မထူးဆန်းတော့ပါဘူး ...”


ဆင်ခြေဖုံးဒေသမှာ အတော်လေး ဝရုန်းသုန်းကား ဖြစ်လွန်းလှသည်။ အမျိုးသားအမျိုးသမီး အများစုမှာ ငယ်ရွယ်စဉ် အချိန်ကတည်းက လက်တွဲဖော် ရှာဖွေတတ်ကြပြီး ရှဲ့ယွင်နန်သည်သာလျှင် အသက် ၂၀ ကျော်လာသည့်တိုင် မည်သူတစ်ဦးတစ်ယောက်နှင့်မျှ ချစ်ကျွမ်းမဝင်ဖူးသည့် လူနည်းစုအနက် တစ်ဦး အပါအဝင်ဖြစ်သည်။ အချို့က သူ့ကို “လိင်ဆက်ဆံဖော်” အဖြစ် ကမ်းလှမ်းဖူးကြသော်ငြား အားလုံးကို

ငြင်းပယ်ခဲ့သည်။ 


ထိုစဉ်က သူသည် ဟန်ပင်ဟန်ဆောင်ခဲ့သေး၏။ 


ကြည့်ရတာ သူ့အမြင်က တအားကို မြင့်လွန်းနေလို့ကိုး ...


မြေခွေးထီးနဲ့လည်း တွေ့ရော ရက်ပိုင်းပဲ ရှိသေးတယ် ကြိုက်မိသွားပြီ ...