Chapter 12
ဒေါက်တာဟူတွင် အိုင်ဒီကတ် ရလာနိုင်မည့် နည်းလမ်းများ ရှိကာ ရှဲ့ယွင်နန်ကလည်း ငွေကြေးနှင့် အချက်အလက် အားလုံးကို ထောက်ပံ့ပေးနိုင်သည်။
သူက သွမ့်ချန်ချင်း၏ အချက်အလက်များကို ချက်ခြင်း ဖြည့်စွက်ပေးလိုက်သည်။
“အသက် ၂၂ ၊ ကျောင်း မတက်ဖူး၊ ဟုန်ယဲ့မြို့တော် တစ်ဖက်ခြမ်းရှိ ဆင်ခြေဖုံးဒေသတွင် မွေးဖွားခဲ့သူ”
ဆင်ခြေဖုံးဒေသတွင် ကျောင်းများ ရှိသော်ငြား ကလေးအများစုက ကျောင်းမတက်ကြ။ ထို့ကြောင့် ဤဒေသတွင် နေထိုင်သူများအနက် အထက်တန်းကျောင်းပင် ပြီးဆုံးအောင် တက်ခဲ့သည့် ရှဲ့ယွင်နန်မှာ ပညာအတတ်ဆုံးဟု ပြောနိုင်ပေသည်။
အစောပိုင်းက သူသည် တက္ကသိုလ်သို့ပင် ဆက်တက်ချင်သေးသော်ငြား ကျောင်းလခမှာ များစွာ ဈေးကြီးလှသည့်အတွက် ... တက္ကသိုလ်ဝင်ခွင့်ရကြောင်း မည်သူကိုမှ မပြော၊ သူကိုယ်တိုင်လည်း သွားမတက်ခဲ့တော့ချေ။
အကယ်၍ ကောလိပ် တက်ခဲ့ပါလျှင် ထိုစဉ်က အခြေအနေများအရ အိမ်တစ်ခုလုံး အခွံချည်း ကျန်ခဲ့သည့်တိုင် ငွေကြေးလောက်ငမည် မဟုတ်ချေ။ အခြား ငွေရှာရန် နည်းလမ်းများလည်း ရှိနေသည့်အပြင် ဘွဲ့ရပြီးသည့်နောက် အထွေထွေခရိုင်တွင် ခြေကုပ်ယူနိုင်ရန်ကပင်လျှင် မည်မျှအထိ ခက်ခဲလှကြောင်းကိုလည်း သဘောပေါက်သွားခဲ့၏။
ထို့ကြောင့် အိမ်သို့ ပြန်လာကာ ကားပြင်သည့် လုပ်ငန်းကိုသာ အမွေဆက်ခံခဲ့တော့သည်။
အိုင်ဒီကတ်ကိစ္စကို ဆောင်ရွက်ပြီးသည့်နောက် သူသည် မိတ်ကပ်ပစ္စည်းများကို ဝယ်ရန်အတွက် အစ်မဝူထံ ထွက်လာလိုက်သည်။
အသားရောင်းချသည့် လုပ်ငန်းအပြင် အစ်မဝူသည် အသားအရေ ထိန်းသိမ်းသည့် ပစ္စည်းများနှင့် မိတ်ကပ်ပစ္စည်းများကိုလည်း ရောင်းချသေးသည်။ သို့သော် မြို့ထဲ၌ ထိုပစ္စည်းများကို ဝယ်သုံးသူဟူ၍ များများစားစား မရှိလှချေ။
ရှဲ့ယွင်နန် ရောက်သွားချိန်တွင် အစ်မဝူသည် အိပ်ယာနိုးကာစသာ ရှိသေး၏။ ညဝတ်အတွင်းခံကိုပင် မလဲရသေး။ ရှဲ့ယွင်နန်က မိတ်ကပ်ဝယ်လိုကြောင်း သိလိုက်ရသည့်အခါ မျက်လုံးတို့ အလန့်တကြား ပြူးကျယ်သွားတော့သည်။
“မင်းမျက်နှာက အဆင်ပြေရဲ့သားနဲ့ကို ဘာလို့ ဒါတွေ ဝယ်ချင်ရတာလဲ ..."
“ကျွန်တော်က လူတစ်ယောက်နဲ့ ချိန်းတွေ့နေတာ .. ပြီးတော့ ဒါကလည်း သူသုံးမှာ ...”
“ဘယ်ကတည်းကလဲ ငါက ဘာဖြစ်လို့ မသိလိုက်ရတာလဲ ...”
အစ်မဝူမှာ ပါးစပ်ထဲတွင် ခဲထားသည့် စီးကရက်ကိုပင် ထွေးထုတ်မိလုမတတ် အံ့ဩသွားရ၏။ သူမသည် အမြဲလိုလို သတင်းမျိုးစုံကို အဦးဆုံး ကြားရတတ်သူ ဖြစ်သော်ငြား ထိုအကြောင်းနှင့် စပ်လျဉ်း၍မူ တစ်လုံးတစ်ပါဒမျှပင် မသိခဲ့ချေ။
“ဒီတလောလေးတင်မှပါ .. ရှေ့တစ်ရက်နှစ်ရက်အတွင်း အစ်မနဲ့တွေ့ဖို့ သူ့ကို ခေါ်လာပါ့မယ် ...”
ရှဲ့ယွင်နန်က ပြုံးကာ ပြောလိုက်သည်။
အစ်မဝူက စပ်စုလိုသည့် မျက်နှာထားဖြင့်ပင် သူ့ကို မိတ်ကပ်ပစ္စည်းများ ထည့်ပေးလိုက်ပြီး အသုံးပြုရမည့် နည်းလမ်းများကိုပါ တစ်ပါတည်း ရှင်းပြလိုက်သည်။
ရှဲ့ယွင်နန်က တစ်ကြိမ်တစ်ခါမျှ မိတ်ကပ်မလိမ်းခဲ့ဖူးသော်ငြား တီဗီထဲရှိ အချို့လူများသည် မိတ်ကပ်လိမ်းသည့် ရုပ်နှင့် မလိမ်းသည့်ရုပ်ကို နေ့နှင့်ည ကွဲပြားသကဲ့သို့ လုံးဝ မတူညီအောင် ပြင်ဆင်ကြကြောင်း မြင်တွေ့ဖူးပေသည်။
မိတ်ကပ်လိမ်းပြီး ပိုလှလာအောင် လုပ်လို့ရမှတော့ ပိုပြီး ရုပ်ဆိုးအောင်လည်း လုပ်လို့ ရမှာပေါ့ ဟုတ်တယ်မဟုတ်လား ...
အစ်မဝူ၏ ရှင်းပြချက်ကို နားထောင်အပြီးတွင် အဝါရောင်ဘက်သန်းသည့် အောက်ခံမိတ်ကပ်တစ်ဘူးနှင့် အခြားသော ပစ္စည်းများကို ယူကာ ပြန်လာလိုက်သည်။
အိမ်သို့ ပြန်လာရာ လမ်းတစ်လျှောက်၌ ရှဲ့ယွင်နန်သည် အခြားသူများကိုပါ သူ့တွင် ရည်းစားရှိနေပြီဖြစ်ကြောင်း ပြောခဲ့သေး၏။
“သူက ကျွန်တော့်အဘိုးရဲ့ သူငယ်ချင်းက မွေးထားတဲ့တစ်ယောက်လေ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က ကျွန်တော့်ကို လာတွေ့တာ ကျွန်တော်ကလည်း အဆင်ပြေတယ်လို့ ခံစားရလို့ ဒီရက်ပိုင်းအတွင်း သူနဲ့ လက်ထပ်ဖို့ စီစဉ်ထားတယ် ...”
ရှဲ့ယွင်နန်က တံခါးကို ပိတ်ကာ အပေါ်ထပ်သို့ တက်လာလိုက်သည်။
“မင်းအတွက် အိုင်ဒီကတ် လုပ်ပေးဖို့ လူရှာပြီးသွားပြီ နောက်ရက်နည်းနည်းလောက်နေရင် ဓာတ်ပုံရိုက်ဖို့ ခေါ်သွားပေးမယ် ...”
သွမ့်ချန်ချင်းမှာ လွန်စွာ နာမကျန်းဖြစ်နေရာ သူ့ကို အပြင်သို့ ခေါ်ထုတ်သွားရန် အဆင်မပြေလှ။ မိတ်ကပ်လိမ်းနည်းကို သင်ယူပြီးကာမှ ဓာတ်ပုံရိုက်ရန် ခေါ်သွားခြင်းက ပို၍ အဆင်ပြေပေသည်။
ရှဲ့ယွင်နန်က သူ ယူလာသည့် မိတ်ကပ်များကို သွမ့်ချန်ချင်းထံ ကမ်းပေးရင်း ပြောလိုက်သည်။
“မိတ်ကပ်လိမ်းတတ်လား ...”
“စမ်းကြည့်လိုက်မယ် ...”
သွမ့်ချန်ချင်းက ပြန်ပြောလိုက်သည်။
သူ၏ လက်ရှိရုပ်ရည်မှာ ပထမဘဝနှင့် များစွာ ဆင်တူသည့်အတွက် ရင်းနှီးကျွမ်းဝင်မှုကို ခံစားရသည့်တိုင် သူက ထိုမျက်နှာကို များစွာ မနှစ်သက်။
ဒီမျက်နှာက ယောကျ်ားပီသမှုမှ မရှိတာ ....
နည်းနည်းလေး ပိုပြီး ခက်ထန်တဲ့ မျက်နှာမျိုးဖြစ်အောင် လုပ်ရမယ် ...
သွမ့်ချန်ချင်းက သူ့ကိုယ်သူ မည်ကဲ့သို့ ရုပ်ဖျက်သင့်ကြောင်း လေ့လာနေစဉ် ပင်မခရိုင်ရှိ လျောင်မိသားစုသည်လည်း အထောက်အပံ့ပစ္စည်းများကို နောက်တစ်ကြိမ် ထပ်ဝယ်နေပြီဖြစ်သည်။
သူတို့က အစားအသောက်သာမက ကျန်ကုန်ကြမ်းပစ္စည်းများကိုပါ ဝယ်ယူနေကြသည်။ သားရဲများက ဆင်ခြေဖုံးဒေသသို့ တိုက်ခိုက်သည့်အခါ ဟုန်ယဲ့မြို့တော်ရှိ တပ်သားများသည် ထိုသားရဲတို့ကို သွားရောက်တိုက်ခိုက်ကြရမည် ဖြစ်သည့်အတွက် လက်နက်ကိရိယာအားလုံးကို မရှိမဖြစ် လိုအပ်ကာ ဆေးဝါးပစ္စည်းများမှာလည်း ထပ်တူ အရေးပါလှပေသည်။
ဈေးနှုန်းက များစွာ မြင့်မားလှသည့်တိုင် လျောင်မိသားစုကမူ အားလုံးကို ဝယ်ယူခဲ့၏။ ထိုပစ္စည်းများကို ဝယ်ယူရန် အလို့ငှာ ဆင်ခြေဖုံးဒေသရှိ လျောင်မိသားစုပိုင် လယ်ကွင်းနှင့် စိုက်ခင်းများကိုပင် ပြန်လည်ရောင်းချခဲ့သေးသည်။
လျောင်မိသားစု၏ အကွက်ရွေ့မှုမှာ လွန်စွာ ကြီးမားသည့်အတွက် ဟုန်ယဲ့မြို့တော်ရှိ အစားအသောက်နှင့် အမျိုးမျိုးသော ကုန်ကြမ်းပစ္စည်းတို့၏ ဈေးနှုန်းများ လွန်စွာ တိုးမြင့်သွားတော့သည်။ ယခု သူတို့ ဝယ်ယူထားခဲ့သည့် ပစ္စည်းများမှာ မိုးထိလုမတတ် ဈေးတက်နေပြီဖြစ်သည်။
သို့သော် လျောင်မုယဲ့က အနည်းငယ်မျှပင် ဂရုမစိုက်။
ဤပစ္စည်းများကို တန်ကြေးထက် နှစ်ဆပေးကာ ဝယ်ယူနေရသည့်တိုင် သူ ပြန်လည်ရောင်းချချိန်တွင် ဝယ်ဈေးထက် နှစ်ဆမက ပြန်လည်ရရှိနိုင်ပေသည်။
“မုယဲ့ ဒါက လယ်ကွက်တွေ အားလုံးထဲမှာ အကြီးဆုံး ပြီးတော့ နေရာကလည်း အချက်အခြာကျတယ် နှစ်တိုင်း ငါတို့ လျောင်မိသားစုအတွက် ဝင်ငွေတွေ အများကြီး ပုံမှန် ယူလာပေးနေတဲ့နေရာနော် တကယ် ရောင်းချင်တာလား ...”
အဖေလျောင်က သားဖြစ်သူကို ချီတုံချီချဖြင့် မေးလိုက်သည်။
ဟုန်ယဲ့မြို့တော်ရှိ မိသားစုကြီးများအားလုံးသည် ဆင်ခြေဖုံးဒေသတွင် လယ်ကွက်နှင့် စိုက်ခင်းများ ပိုင်ဆိုင်ထားကြပြီး ထိုနေရာများမှ ရရှိသည့် ဝင်ငွေမှာလည်း အတော်အသင့် ကောင်းမွန်သည်ဟု ဆိုနိုင်ပေသည်။
ဒါတွေ အကုန်လုံးကို ရောင်းပစ်ဖို့ကို .. သူ့စိတ်ထဲမှာ တွန့်ဆုတ်နေမိတုန်းပဲ ...
“အဘိုးက သဘောတူလိုက်ပြီ ...”
လျောင်မုယဲ့က ပြောလိုက်သည်။
သူ သိထားသည့် အနာဂတ်တွင် ဖြစ်လာနိုင်မည့် ကိစ္စရပ်များအား အဘိုးဖြစ်သူကို ပြောပြပြီးနောက် နှစ်ယောက်အတူတူ ဆွေးနွေးကြရာမှ ဤဆုံးဖြတ်ချက် ထွက်လာခြင်းဖြစ်သည်။
အဖေလျောင်မှာလည်း သက်ပြင်းချလျက် အရောင်းစာချုပ်ကို လက်မှတ်ထိုးပေးရန်သာ ရှိတော့သည်။
လယ်ကွက်၏ တည်နေရာမှာ လွန်စွာ ကောင်းမွန်လှသည့်အတွက် ဈေးနှုန်းခပ်နိမ့်နိမ့်နှင့်ပင် အမြန် ရောင်းထွက်သွားခဲ့သည်။
လျောင်မုယဲ့ကမူ အနည်းငယ်မျှပင် မနှမြောမိ။ မည်သို့ပင်ဖြစ်စေ ဤမြေနေရာအားလုံးမှာ များမကြာမီ အံ့ဖွယ်သားရဲတို့၏ လက်တွင်းသို့ ကျဆင်းကာ ထိုနေရာတွင် မွေးမြူထားသည့် တိရိစ္ဆာန်အားလုံးမှာလည်း သားရဲတို့၏ အစာအဖြစ်သို့ ရောက်ရှိတော့မည်ဖြစ်သည်။
တတ်နိုင်သမျှ မြန်မြန် ရောင်းချကာ ကုန်ကြမ်းပစ္စည်း ဝယ်ယူသည့် လုပ်ငန်းစဉ်ကို အရှိန်တိုးမြှင့်ပါမှ နောင်တစ်ချိန်တွင် ကြီးမားလှသော အမြတ်အစွန်းကို ရရှိမည်ဖြစ်သည်။
အနာဂတ်တွင် မြေကွက်များ လိုချင်နေသေးပါလျှင်လည်း အခြေအနေများ တည်ငြိမ်သွားကာမှ ပြန်လည် ဝယ်ယူ၍ ရနိုင်ပေသည်။
အံ့ဖွယ်သားရဲများက ဟုန်ယဲ့မြို့တော်ကို တိုက်ခိုက်အပြီး မြို့တော်တစ်ခုလုံး ကမောက်ကမ ဖြစ်သွားသည့်အတွက် မြို့အပြင်ဘက်ရှိ လယ်ယာစိုက်ခင်းတို့၏ ဈေးနှုန်းမှာ တစ်ဟုန်ထိုး နိမ့်ဆင်းကျသွားတော့သည်။
ဒီလိုဆိုမှ ... အခုအချိန်လောက်ဆို ဟုန်ယဲ့တောအုပ်ထဲမှာလည်း ကမောက်ကမ ဖြစ်နေလောက်ပြီ မဟုတ်လား ...
ယဇ်ဆရာရဲ့ အလောင်းက တောအုပ်ထဲမှာ ပေါ်လာရတော့မှာလေ ...
သို့သော် အစပိုင်းတွင် အင်အားအကြီးမားဆုံး သားရဲများက တိုက်ခိုက်မှု မပြုကြသေး။ ကိစ္စအားလုံး အပြင်းအထန် ဖြစ်လာရန် အချိန်တစ်လခန့် လိုနေသေးသည်။
လျောင်မုယဲ့က ယဇ်ဆရာ၏ အလောင်းကို သွားရောက်ရှာဖွေချင်သော်ငြား လိုက်ရှာနေသည့်သူ အများအပြား ရှိနေသည့်အတွက် ကြားဖြတ်ကာ ဝင်မစွက်ဖက်ရဲ။
ထို့အပြင် ယဇ်ဆရာ၏ အလောင်းကို လိုက်ရှာ၍လည်း အသုံးမဝင်။ ထိုအစား အံ့ဖွယ်သားရဲအုပ်စု၏ ပစ်မှတ်ထားခြင်းကိုပင် ခံရနိုင်သေးသည်။
နောင်အနာဂတ်တွင် ဖြစ်လာမည့် ကိစ္စရပ်များ ထိန်းချုပ်၍ မရနိုင်လောက်အောင် ပြောင်းလဲမသွားခင် ဟုန်ယဲ့မြို့တော်ကို ထိန်းချုပ်၍ အချိန်ကျလာသည့်အခါ သူပုန်ခေါင်းဆောင်ကိုပါ အနိုင်ယူနိုင်ရန် သူ့ကိုယ်ပိုင် အင်အားစုကိုလည်း ဖွဲ့စည်းထားရမည်ဖြစ်သည်။
ထိုသို့ တွေးကာ လျောင်မုယဲ့သည် ဟုန်ယဲ့တောအုပ် တည်ရှိရာဘက်သို့ လှမ်းမျှော်ကြည့်လိုက်၏။
ဟုန်ယဲ့တောအုပ်အတွင်း သားရဲများက အချင်းချင်း တိုက်ခိုက်နေကာ ကြေးစားမုဆိုးများကလည်း ထိုသားရဲများကို အမဲလိုက်နေကြ၏။ အရာရာတိုင်းမှာ ပုံမှန်အတိုင်းပင်။
တောင်တစ်လုံးခန့် အကျော်တွင် လူတစ်စုသည် အနည်းငယ် အတွေးရခက်နေသည့်ဟန်ဖြင့် နောက်ဆုံးရ သတင်းအချက်အလက်များကို ကိုင်ထားသည်။
“လျောင်မိသားစုက ဘာဖြစ်နေတာလဲ ဘာလို့ ဒီလောက် အထောက်အပံ့ပစ္စည်းတွေ အများကြီးကို စုဆောင်းနေရတာလဲ ...”
“မသိဘူး သူတို့က လယ်ကွင်းနဲ့ စိုက်ခင်းတွေကိုတောင် ရောင်းနေတာ ကျွန်တော်တောင် နှစ်ခုလောက် ဝယ်ထားဖို့ ညွှန်ကြားထားသေးတယ် သိပ်မကြာခင် ပုံမှန်စားစရာအရင်းအမြစ်တွေ ရှိလာတော့မှာပါ ...”
“ကောင်းတယ် ဒီတောထဲမှာ အသားမရှားဘူး ဆိုပေမယ့် နေ့တိုင်း အသားပဲ စားနေရတာ သည်းမခံနိုင်တော့ဘူး ...”
“အဲဒီကို သွားပြီး ကစားလို့ရော ရလား ...”
“အဆင်ပြေပါ့မလား စိုက်ခင်းက ဝန်ထမ်းလိုသာ ဟန်ဆောင်ထား ...”
ထိုသူတို့ ပြောနေစဉ် မျက်နှာဖုံးတပ်ထားသည့် အမျိုးသားတစ်ဦးက အနီးနားရှိ လှိုဏ်ဂူထဲမှ ထွက်လာသည်။
လျောင်မုယဲ့သာ ဤနေရာတွင် ရှိနေပါလျှင် မျက်နှာဖုံးတပ်ထားသည့် ထိုအမျိုးသားမှာ သူ ကြိမ်ဖန်များစွာ ပြောခဲ့ဖူးသည့် အလိုရှိ စာရင်းဝင် S အဆင့် ဝရမ်းပြေး၊ တစ္ဆေဘုရင်ဟု အမည်ပြောင်ပေးခြင်း ခံရသည့် သူပုန်တပ်ဖွဲ့၏ ခေါင်းဆောင်ဖြစ်ကြောင်းကို တစ်ချက်မျှ ကြည့်ရုံဖြင့်ပင် သိလိမ့်မည်ဖြစ်သည်။
“ခေါင်းဆောင် ...”
ပျင်းတိပျင်းရွဲဖြင့် စကားပြောနေသူများက မျက်နှာဖုံးတပ် အမျိုးသားကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် ချက်ခြင်း မတ်တပ်ထရပ်ကာ ရိုသေမှုအပြည့်ဖြင့် ဦးညွတ်ထားလိုက်ကြသည်။
“မင်းက ဟုန်ယဲ့မြို့တော်ကို သွားချင်လို့လား ...”
သူက မေးလိုက်သည်။
“ခေါင်းဆောင် ...”
“မင်း သွားချင်ရင် ငါလည်း သွားမယ် ...”
ထိုသူက ပြောလိုက်သည်။
လူတိုင်း အံ့အားသင့်သွားကြ၏၊။
တစ်ချိန်တည်းမှာပင် သွမ့်ချန်ချင်း၏ မိတ်ကပ်ပြင်ဆင်ခြင်း လုပ်ငန်းစဉ်လည်း ပြီးစီးသွားသည်။
သူသည် တစ်ကြိမ်တစ်ခါမှ မိတ်ကပ်မလိမ်းဖူးသော်လည်း သတင်းအချက်အလက် ပေါများသည့်ခေတ်တွင် ကြီးပြင်းခဲ့သူ ဖြစ်သည့်အလျောက် မည်သို့မည်ပုံ လိမ်းခြယ်ရမည်ကိုမူ ခန့်မှန်းနိုင်ပေသည်။
အကြိမ်အနည်းငယ်ခန့် ကြိုးစားပြီးနောက် အသားကျအောင် လိမ်းခြယ်နိုင်ပြီ ဖြစ်သော်လည်း သူ့ကိုယ်သူ ယောကျ်ားဆန်သည့် ရုပ်ရည်မျိုး ဖြစ်လာရန်မူ မစွမ်းသာချေ။
အသားအရေ အနည်းငယ် ညိုကာ ကြမ်းတမ်းပြီး အရုပ်ဆိုးသည့် ပုံစံမျိုး ဖြစ်အောင်သာ ဖန်တီးနိုင်ခဲ့၏။
မှန်ထဲတွင် မြင်နေရသည့် သူ့ရုပ်ရည်မှာ ပြီးခဲ့သည့်ဘဝက အမျိုးသားအိုင်ဒေါများကဲ့သို့ ချောမောနေဆဲပင်။ သို့သော် မိတ်ကပ်မှာ အနည်းငယ် ထူနေသည့်အတွက် မြင်သူတိုင်းက သူ့ကို မိတ်ကပ်လိမ်း၍သာ လှပသည်ဟု ထင်ကြပေလိမ့်မည်။
ရုပ်ဆိုးတယ် ... ပြီးတော့ .. နည်းနည်းလည်း မိန်းမဆန်သေးတယ် ...
“အချိန်တွေ အများကြီး သုံးထားရတာပဲ .. ဒါပေမယ့် ဒါတေ
ာင် ကြည့်လို့လှနေတုန်း ...”
ရှဲ့ယွင်နန်မှာ သက်ပြင်းမချဘဲ မနေနိုင်။
သွမ့်ချန်ချင်း “...”
ဒီတစ်ယောက်ရဲ့ သူ့အပေါ် အကောင်းမြင်စိတ်က အရမ်းကို များလွန်းမနေဘူးလား