Chapter 13
သွမ့်ချန်ချင်းက ရှဲ့ယွင်နန်ကို ကူကယ်ရာမဲ့စွာဖြင့် စိုက်ကြည့်နေလိုက်သည်။
ဒီတစ်ယောက်က သူ့ကို အရမ်းတွေ ချစ်ကျွမ်းဝင်နေတာပဲ .. သူ့မျက်နှာကြီး တစ်ခုလုံး ဒီလိုပုံစံ ဖြစ်နေတာကိုတောင် လှတယ်လို့ ထင်နိုင်သေးတယ် ...
“ရှေ့လျှောက်လည်း ဒီမိတ်ကပ်ပုံစံကိုပဲ ဆက်သုံးလို့ ရသားပဲ ဆံပင်စတိုင်ကို ပြောင်းလိုက်ရုံလေးပဲ ...”
ရှဲ့ယွင်နန်က ပြောလိုက်သည်။
သူသည် သွမ့်ချန်ချင်းကို ကယ်တင်ခဲ့ပြီးသည့် အချိန်မှ စကာ အလိုရှိဝရမ်းပြေးစာရင်းများကို အင်တာနက်ပေါ်မှတစ်ဆင့် ရှာဖွေခဲ့သော်ငြား ထိုစာရင်းထဲတွင် သွမ့်ချန်ချင်းကို မတွေ့ရ။
သေချာစဉ်းစားကြည့်မယ်ဆိုရင် အသိသာကြီးပါ သွမ့်ချန်ချင်းလို စကားတောင် မပြောနိုင်တဲ့သူက ရာဇဝတ်ကောင် ဖြစ်နိုင်ပါ့မလား ...
အခု သူ့ရဲ့ ရုပ်ရည်က တအား ဆွဲဆောင်မှု ရှိလွန်းတော့ ပြဿနာတွေ အများကြီးကို လက်ယပ်ခေါ်နိုင်နေတာကိုပဲ အဓိက စိတ်ပူရတော့မှာ ...
အဝါရောင်ဖောက်သည့် အောက်ခံမိတ်ကပ်ကို လိမ်းခြယ်ပြီးနောက် သွမ့်ချန်ချင်းသည် အချိုးအစား ပြေပြစ်သော မျက်နှာအစိတ်အပိုင်းများကို ပိုင်ဆိုင်ထားသူတစ်ဦးနှင့် တူညီသွားသော်ငြား ပိန်လှီဝါထိန်နေသည့် ရုပ်ရည်ကြောင့် မည်သူမှ သူ့ကို စေ့စေ့ကြည့်ရဲတော့မည် မဟုတ်ချေ။
“ကောင်းပြီ ...”
သွမ့်ချန်ချင်းက ခေါင်းငြိမ့်ပြလိုက်သည်။
သူ၏ စိတ်နေသဘောထားမှာ မူလကိုယ်နှင့် လုံးဝ ကွဲပြားနေသည့်အပြင် ယခု ရုပ်ရည်လည်း မတူညီတော့သည့်အတွက် အချိန်ကာလတစ်ခုမျှ ကြာမြင့်သည်အထိ သူ့ကို မည်သူကမှ မှတ်မိတော့မည် မဟုတ်ပေ။
ထို့အပြင် အရေးအကြီးဆုံးအချက်အနေဖြင့် ဤကမ္ဘာရှိ နည်းပညာသည် သူ၏ ပထမဘဝကဲ့သို့ ကောင်းစွာ ဖွံ့ဖြိုးခြင်း မရှိသေးကြောင်းကိုပါ ရှာဖွေတွေ့ရှိလိုက်ရ၏။
တီဗီ၊ ကားနှင့် ရေခဲသေတ္တာကဲ့သို့သော အိမ်သုံးပစ္စည်းများ၊ ကွန်ပျူတာများ ရှိနေသည့်တိုင် စမတ်ဖုန်းများ မရှိသေးချေ။
ရှဲ့ယွင်နန်တွင် ရှိနေသည့် ဖုန်းသည်ပင်လျှင် လူအိုကြီးတစ်ဦး၏ ဖုန်း ဖြစ်ပေသည်။
ထို့အပြင် ဤနေရာသည် များစွာလည်း မငြိမ်းချမ်းလှ၊ အတော်လေး ကမောက်ကမ ဖြစ်နေကာ သူ၏ ပထမဘဝရှိ အချို့သော အာရှ၊ အာဖရိကနှင့် လက်တင်အမေရိကနိုင်ငံအချို့နှင့်ပင် ခပ်ဆင်ဆင် တူနေသေးသည်။
ဒီလို နေရာမျိုးမှာ မူလကိုယ်ရဲ့ ရန်သူတွေက သူ့ကို ရှာတွေ့သွားဖို့ဆိုတာ သိပ်တော့ မလွယ်နိုင်ပါဘူး ဟုတ်တယ် မဟုတ်လား ...
အနာဂတ်တွင် လိမ်းခြယ်ရမည့် မိတ်ကပ်ပုံစံကို ဆုံးဖြတ်ပြီးနောက် သွမ့်ချန်ချင်းက ပြောလိုက်သည်။
“ရေချိုးချင်တယ် ...”
ဤကမ္ဘာသို့ ရောက်လာကတည်းက တစ်ကြိမ်တစ်ခါမျှပင် ရေမချိုးရသေး။
“ကိုယ့်ဘာသာကိုယ် ချိုးနိုင်လား ငါ ကူညီပေးရမလား ...”
ရှဲ့ယွင်နန်က မေးလိုက်သည်။
“ကိုယ့်ဘာသာကိုယ် ချိုးနိုင်ပါတယ် ..."
သွမ့်ချန်ချင်းက သူ၏ ပိန်လှီလှသော ခန္ဓာကိုယ်အား ရှဲ့ယွင်နန်ကို မမြင်စေလို။
“ဒါဆိုလည်း အေးအေးဆေးဆေးချိုး လိုတာရှိရင် လှမ်းခေါ်လိုက်နော် ...”
ရှဲ့ယွင်နန်က သူ့ကို ရေချိုးခန်းရှိရာသို့ ဦးဆောင်ကာ ခေါ်သွားလိုက်သည်။
သွမ့်ချန်ချင်း၏ ပုံစံမှာ လွန်စွာ အားနည်းလွန်းလှ၏။ ရေချိုးနေရင်း မတော်တဆ လဲကျသွားခဲ့ပါလျှင် များစွာ ထိခိုက်နိုင်သည့်အတွက် ရှဲ့ယွင်နန်မှာ ဝေးဝေးသို့ မသွားရဲ၊ အပြင်ဘက်တွင်သာ စောင့်နေလိုက်သည်။
ထိုသို့ စောင့်နေပြီးကာမှ ချစ်စရာ ရှဉ့်ပေါက်စလေးကို သတိပြုမိလိုက်သည်။
သူက ထိုရှဉ့်ပေါက်လေးကို ထိကိုင်ရန် လက်ကို ဆန့်ထုတ်လိုက်ကာ ၎င်းကလည်း သူ့ကို ပုန်းရှောင်မနေ။
“တကယ်ကို သံသယ နည်းလိုက်တာ ...”
ရှဲ့ယွင်နန်က သက်ပြင်းတစ်ချက်ချကာ ရေရွတ်လိုက်သည်။
အဖော်သားရဲများတွင် တိရိစ္ဆာန်တို့၏ ဗီဇစိတ် ရှိနေဆဲဖြစ်ကာ မရင်းနှီးသူများနှင့် အကျွမ်းတဝင် နေထိုင်ခြင်း မပြု၊ သူတို့၏ပိုင်ရှင် သဘောကျသည့်သူများနှင့်သာ တရင်းတနှီး ရှိကြသည်။
အစောပိုင်းကတည်းကပင် ထိုရှဉ့်ပေါက်ကလေးသည် သူနှင့် ရင်းရင်းနှီးနှီး နေနိုင်ရန် လိုလားခဲ့ရာ သွမ့်ချန်ချင်းကလည်း သူနှင့် များစွာ ရင်းနှီးလိုသည့် သဘောပင်ဖြစ်သည်။
သွမ့်ချန်ချင်းက မကောင်းမှုတွေ အများကြီးနဲ့ ကြုံတွေ့ခဲ့ရတာကိုတောင် ကယ်တင်ခံရပြီးနောက်ပိုင်း သူ့ကို အမြန် ယုံကြည်ခဲ့တယ် ...
ရှဲ့ယွင်နန်က ရှဉ့်ပေါက်စလေးကို လက်ဖြင့် ကိုင်ထားကာ ၎င်း၏ အဓိက နေရာများကို အပြန်အလှန် စစ်ဆေးလိုက်သည်။
ရေချိုးနေသည့် သွမ့်ချန်ချင်း၏ လက်တို့ တုန်ရီသွားတော့၏။
ရေချိုးခန်းထဲသို့ ဝင်ပြီးနောက်ပိုင်းတွင် သူသည် အပြင်ဘက်ရှိ အခြေအနေများကို အကဲခတ်နိုင်ရန် အလို့ငှာ ပင်မခန္ဓာကိုယ်ထံတွင် သိစိတ်ဝိဉာဉ်တစ်ပိုင်းတစ်စကို ချန်ထားခဲ့၏။
ရလဒ်အနေဖြင့် ရှဲ့ယွင်နန်၏ ဖမ်းချုပ်ကာ ထိတွေ့ကိုင်တွယ်ခြင်းကို ခံလိုက်ရတော့သည်။
သူက တကယ်ကို ...
ရေချိုးပြီးနောက် သူသည် သန့်ရှင်းသည့် အဝတ်အစားများအား ပြောင်းလဲဝတ်ဆင်ကာ အိပ်ယာထဲသို့ ဖြည်းဖြည်းချင်း ပြန်သွားလိုက်သည်။
အစောပိုင်းက လိမ်းထားခဲ့သည့် မိတ်ကပ်များကြောင့် မျက်နှာသစ်ရာ၌ပင် အချိန်အချို့ ပေးလိုက်ရကာ ထိုတစ်ခဏတွင် သူ့မျက်နှာသည် ရေစိုနေသည့် ခေါင်ရမ်းပန်းနှယ် နီမြန်းကာ အလွန်အမင်း အားအင်တက်ကြွသည့် ပုံစံမျိုး ဖြစ်ပေါ်နေ၏။
ရှဲ့ယွင်နန်က သူ့ကို ဖျတ်ခနဲ လှမ်းကြည့်ပြီးနောက် ချက်ခြင်း အကြည့်လွှဲလိုက်သည်။
“ပြန်သက်သာလာတာ မြန်သားပဲ ...”
“အမ် .. ငါက သန်မာတယ်လေ ...”
သွမ့်ချန်ချင်းက လက်မောင်းကို ကွေးညွတ်၍ လက်မောင်းကြွက်သားများကို ထုတ်ပြလိုက်သည်။
အလွန်အမင်း ချောင်ချိနေသည့် အင်္ကျီများက ချက်ခြင်း လျောကျလာကာ အရိုးပေါ်အရေတင်နေသည့် လက်မောင်းကို မြင်တွေ့လိုက်ရတော့သည်။
“အနာဂတ်မှာ သေချာပေါက် သန်မာလာမှာပါ ...”
ရှဲ့ယွင်နန်က သူ့ကို နှစ်သိမ့်လိုက်သည်။
သွမ့်ချန်ချင်း “...”
ညအချိန်တွင် သွမ့်ချန်ချင်းသည် အိပ်ယာပေါ် လဲလျောင်းလျက် ဆက်လက်ကျင့်ကြံနေ၏။ သူ့ခန္ဓာကိုယ်ထဲရှိ စွမ်းအင်ပုံဆောင်ခဲကြောင့် ကျင့်ကြံပြီးနောက်ပိုင်းတွင် အမြန် ပြန်လည်သက်သာလာတော့သည်။
နောက်တစ်နေ့တွင် သူ၏ အမူအယာ အနည်းငယ် တိုးတက်လာသည်။
ရှဲ့ယွင်နန်က မနက်စာအတွက် ခေါက်ဆွဲများ ပြင်ဆင်ထားသည်။
ရှဲ့ယွင်နန်သည် သွမ့်ချန်ချင်း၏ အစားစားလိုစိတ်မှာ မည်သည့်အကြောင်းကြောင့် ကြီးမားနေရမှန်း မသိသည့်တိုင် အများအပြား စားသောက်ပြီး၍လည်း နေရခက်သည့်လက္ခဏာ တစ်စုံတစ်ရာကိုမှ မတွေ့ရသည့်အတွက် ကောင်းကောင်းစားနေသူကို မတားမြစ်ခဲ့ချေ။
“စားပြီးရင် ဓာတ်ပုံသွားရိုက်ကြမလား ..."
သူက အကြံပြုလိုက်သည်။ မူလက သွမ့်ချန်ချင်းကို နောက်ရက်အနည်းငယ် ကြာသည်အထိ အောက်ထပ်သို့ပင် ဆင်းနိုင်လိမ့်ဦးမည် မဟုတ်ဟု ထင်ထားခဲ့သော်ငြား တစ်ဖက်သူမှာ မထင်မှတ်ထားလောက်အောင်ပင် အလျင်အမြန် ပြန်လည်သက်သာလာခဲ့သည်။
“ကောင်းသားပဲ ...”
သွမ့်ချန်ချင်းက ချက်ခြင်း သဘောတူလိုက်ကာ စားသောက်ပြီးသည်နှင့် တစ်ပြိုင်နက် မိတ်ကပ်လိမ်းရန် ပြင်ဆင်လိုက်သည်။
ချစ်စရာကောင်းလိုက်တာ ...
ရှဲ့ယွင်နန်က ကြိုတင်ပြင်ဆင်ထားရန် လိုအပ်သည်များကို ဆက်ပြောလိုက်သည်။
“ပြီးရင် မင်းကို တစ်ခြားလူတွေနဲ့လည်း မိတ်ဆက်ပေးမယ် စကားပြောဖို့ မလိုဘူး ပြုံးရုံပဲ ပြုံးပြလိုက် ..."
ရှဲ့ယွင်နန်က စကားအများကြီး ပြောသွားသော်ငြား သွမ့်ချန်ချင်းမှာ အကုန်လုံးကို နားမလည်။ မရှင်းလင်းသည်များကို ပြန်မေးရင်းပင် နောက်ထပ် စကားလုံးအချို့ကို လေ့လာပြီးသား ဖြစ်သွားတော့သည်။
စီးပွားရေးလုပ်ငန်းအတွက် အသုံးပြုသော မြေညီထပ်မှာ တစ်ထပ်လုံး ဓာတ်ဆီနံ့တို့ဖြင့် ပြည့်နှက်နေသည့်အတွက် ရှဲ့ယွင်နန်သည် ထိုအထပ်နှစ်ထပ်အကြားတွင် တံခါးတစ်ချပ်ကို အထူးတလည် တပ်ဆင်ထားသည်။
သွမ့်ချန်ချင်းက သူ့နောက်မှလိုက်၍ အောက်ထပ်သို့ ဆင်းလာကာ တံခါးကို ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် မနှစ်မျို့ဖွယ် အနံ့တစ်ခုကို ရလိုက်သည်။
“အဖော်သားရဲကို ခေါ်ထား ဒီနားက နည်းနည်း ညစ်ပတ်တယ် ...”
ရှဲ့ယွင်နန်က သူ့ကို ပြောလိုက်သည်။ သူသည်လည်း ရှောင်ပိုင်ကို ခေါ်ထားနှင့်ပြီးဖြစ်သည်။ ရှောင်ပိုင်၏ ခန္ဓာကိုယ်ပေါ်သို့ စက်ဆီများ စွန်းထင်းသွားပါလျှင် အတော်လေး ဒုက္ခများပေလိမ့်မည်။
သူ့လက်တွင် စက်ဆီများ ပေခဲ့စဉ်ကလည်း လုံးဝ ပြောင်စင်သွားသည်အထိ ဆေးကြောနိုင်ရန် မနည်း ကြိုးစားလိုက်ရသည်။
သွမ့်ချန်ချင်းကလည်း ခေါင်းငြိမ့်ပြကာ ရှဉ့်ပေါက်စကို သိမ်းထားလိုက်သည်။ သူ့အမြင်တွင်လည်း ပင်မခန္ဓာကိုယ်ကို ဖွက်သိမ်းထားခြင်းက ပိုပြီး အန္တရာယ်ကင်းပေသည်။ ယခင်က ရှဉ့်ပေါက်စကို အပြင်ဘက်သို့ ထုတ်ထားသည်မှာလည်း ရှဲ့ယွင်နန်က သူ့ပင်မခန္ဓာကိုယ်ကို ထုတ်ထား၍ဖြစ်သည်။
“လှေကားပေါ်မှာ ပစ္စည်းတွေ အများကြီး ရှိနေတော့ ဂရုစိုက်ပြီး လျှောက် ...”
ရှဲ့ယွင်နန်က သွမ့်ချန်ချင်း၏ လက်ကိုဆွဲကာ လှေကားအတိုင်း ဆင်းလာရင်း ပြောလိုက်သည်။
အောက်ထပ်သို့ ရောက်သည့်အခါ တံခါးကို အလောတကြီး သွားမဖွင့်၊ ထိုအစား သန့်ရှင်းသည့် ထိုင်ခုံတစ်လုံးကို ရှာကာ သွမ့်ချန်ချင်းကို ထိုင်စေလိုက်သည်။
ထိုင်ပြီးသွားကာမှ အိမ်တံခါးကို ဖွင့်လိုက်၏။
“ရှောင်ရှဲ့ ဒီနေ့ တံခါးဖွင့်တာ နောက်ကျလိုက်တာ ဒီရက်တွေထဲ ဘာတွေ လုပ်နေတာလဲ ...”
ဘေးကပ်လျက်ရှိ တစ်ပတ်ရစ် လျှပ်စစ်ပစ္စည်းပြုပြင်သည့်ဆိုင်မှ သက်လတ်ပိုင်းအမျိုးသားတစ်ဦးက ရောက်လာကာ မေးလိုက်သည်။
“ဧည့်သည်ရောက်နေလို့ ...”
ရှဲ့ယွင်နန်က ပြန်ဖြေလိုက်သည်။
“မင်းကောင်မလေးလား ငါကြားတာတော့ မင်းက လက်ထပ်တော့မလို့ဆို ...”
ထိုသူက ပြောလိုက်သည်။
“ဟုတ်တယ် လက်ထပ်တော့မလို့ ဒါပေမယ့် ကောင်မလေးတော့ မဟုတ်ဘူး ကောင်လေး ...”
ရှဲ့ယွင်နန်က ပြုံးကာ ပြောလိုက်သည်။
သူသည် ယောကျ်ားများကိုသာ သဘောကျသူ ဖြစ်သော်ငြား အကျယ်တဝံ့ ထုတ်မပြောဖူးသည့်အတွက် ထိုအကြောင်းကို လူသိပ်မသိလှ။
“သူက ဘယ်လိုပုံစံလေးလဲ ...”
ထိုသူက အနည်းငယ် သိလိုစွာဖြင့် မေးလိုက်သည်။ ထို့နောက် ချက်ခြင်းပင် သွမ့်ချန်ချင်းကို တွေ့လိုက်၏။
သွမ့်ချန်ချင်းက သူ့ကို ပြုံးပြလိုက်သည်။
သက်လတ်ပိုင်းအမျိုးသားက တစ်ခဏမျှ ကြောင်အသွားကာ ရှဲ့ယွင်နန်ကို ရှုပ်ထွေးစွာဖြင့် ပြန်ကြည့်လိုက်သည်။
“မင်းက ဒါကို ကြိုက် ...”
ပိန်လှီနေတဲ့ လူငယ်လေး အသက်တော့ မကြီးသေးပါဘူး .. ဒါပေမယ့် မိတ်ကပ်တွေ လိမ်းထားလိုက်တာမှ အထူကြီးပဲ ...
ပြောရရင် သူ့ရဲ့ မျက်နှာအချိုးအဆစ်ကတော့ ပြေပြစ်ပါတယ် ဒါပေမယ့် ဘာလို့ ဒီလောက် မိတ်ကပ်အထူကြီး လိမ်းထားရတာလဲ ဆိုတာကို ဘယ်သူက သိမှာလဲ...
ရှဲ့ယွင်နန်က ယောကျ်ားတွေကို ကြိုက်တယ်ဆိုပေမယ့် သူ့ရဲ့ အလှအပ စံချိန်စံနှုန်းက အရမ်းကို တည့်တိုးဆန်လိုက်တာ ပြီးတော့ သူက မိတ်ကပ်အထူကြီး လိမ်းထားတဲ့သူကို တကယ်ကြီး ကြိုက်တယ်ပေါ့ ...
ပြီးတော့ ဒီတစ်ယောက်က ကိုယ်အလေးချိန်လည်း မဟားတရား ကျထားတာလား အရမ်းကို ပိန်လွန်းနေတယ် ... ပိန်တာအပြင် အင်္ကျီလက်ရှည်ကြီး ဝတ်ထားတော့ အင်္ကျီလက်ထဲမှာ ဘာမှတောင် ရှိမနေသလိုပဲ ...
“သူက မလှဘူးလား ...”
ရှဲ့ယွင်နန်က မေးလိုက်သည်။
“မဆိုးပါဘူး ...”
သက်လတ်ပိုင်းအမျိုးသားက စိတ်မပါလက်မပါဖြင့် ပြန်ဖြေလိုက်သည်။ သူ့စိတ်ထဲတွင်မူ ဤသို့ တွေးနေ၏။
လှတောတော့ လှပါတယ် ဒါပေမယ့် မိတ်ကပ်လိမ်းထားလို့ လှတာလား တကယ်လှတာလား ဘယ်လိုလုပ် သိနိုင်မှာလဲ ...
“ဒီရက်ပိုင်းအတွင်း လက်ထပ်မှတ်ပုံတင် သွားလုပ်မလို့လေ ...”
ရှဲ့ယွင်နန်က ရယ်ကာမောကာဖြင့် ပြောလိုက်သည်။
“မင်းက ဆုံးဖြတ်ပြီးပြီ ဆိုမှတော့ ...”
သက်လတ်ပိုင်းအမျိုးသားက ပြန်ပြောလိုက်သည်။ ထိုစဉ် အနားသို့ နောက်ထပ် လူတစ်ဦး ရောက်လာပြန်၏။
ရှဲ့ယွင်နန်က ထိုသူများနှင့် စကားစမြည် ပြောနေလိုက်သည်။
သွမ့်ချန်ချင်းက ထိုင်ခုံပေါ် ထိုင်လျက် ပါးနပ်စွာ ပြုံးပြလိုက်သည်။
သူက မည်သူ့ကိုမှ မသိ၊ သူတို့ ပြောသမျှကိုလည်း များစွာ နားမလည်ရာ လိမ်လိမ်မာမာလေး ထိုင်လျက်သာ အပြင်ဘက်လောကကို စူးစမ်းနေလိုက်သည်။
လူတိုင်းမှာ မိစ္ဆာစွမ်းအင်တွေ ရှိနေကြပေမယ့် အဲဒီ့မိစ္ဆာစွမ်
းအင်က အတော်လေး အားနည်းကြတာပဲ ... ခန္ဓာကိုယ်တွေကလည်း သိပ်ပြီးတော့ မသန်မာလောက်ဘူး ...
အခုထ သူတွေ့သမျှထဲမှာ ရှဲ့ယွင်နန်က အသန်မာဆုံးပဲ ဒါပေမယ့် ရှဲ့ယွင်နန်ကတော့ သူ့ကိုယ်သူ သတိမပြုမိသေးဘူး ထင်တယ် ....