Chapter 14
ရှဲ့ယွင်နန်မှာ လက်တွဲဖော် ရှိသွားပြီ ပြီးတော့ သိပ်မကြာခင် လက်ထပ်တော့မှာတဲ့ !!!!!!
သတင်းက တစ်မြို့လုံးအနှံ့ အမြန် ပျံ့နှံ့သွားကာ ရှဲ့ယွင်နန်၏ လက်တွဲဖော်ကို လာကြည့်ကြသူများ များပြားလာတော့သည်။
ရှဲ့ယွင်နန်သည် ပြီးခဲ့သည့်ညကတည်းက သွမ့်ချန်ချင်းနှင့် ပတ်သက်သည့် အချက်အလက်များကို ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ကာ လာကြည့်ကြသူများအား ထိုအချက်အလက်များကို ပြန်ပြောပြလိုက်သည်။
“သူ့နာမည်က သွမ့်ချန်ချင်းတဲ့ ကျွန်တော့်အဘိုးရဲ့ မိတ်ဆွေဟောင်းတစ်ယောက်က မွေးထားတဲ့ မြေးလေ ...”
“အဘိုးက သူတို့ဆီ ခေါ်သွားပေးဖူးတယ် ကျွန်တော်တို့နှစ်ယောက်က ဟိုးငယ်ငယ်လေးကတည်းက သိထားခဲ့ကြတာ ...”
“သူ့မိသားစုတွေက မရှိတော့ဘူး အဲဒါကြောင့် ကျွန်တော့်ကို လာရှာတာလေ ...”
“ကျွန်တော်ကလည်း သူ့ကို အရမ်းသဘောကျတာ ရှေ့ရက်ပိုင်းအတွင်း လက်ထပ်တော့မှာ ...”
မည်သူမှ သူ့စကားကို သံသယမဖြစ်ခဲ့။
ရှဲ့ယွင်နန်၏ အဘိုးသည် မိတ်ဆွေဖွဲ့ရခြင်းကို လွန်စွာ သဘောကျကာ အသက်ရှင်စဉ် ကာလတစ်လျောက် မိတ်ဆွေနှင့် ဆွေမျိုးများထံ မကြာခဏ သွားရောက်လည်ပတ်လေ့ရှိသည်။ ထို့ကြောင့် သူ့သူငယ်ချင်း၏ မြေးဖြစ်သူ ရောက်လာခြင်းမှာ မထူးဆန်းပေ။
ရှဲ့ယွင်နန်သည် မည်သည့်အတွက်ကြောင့် ရုတ်တရက် လက်ထပ်လိုရသလဲဆိုသည်ကသာ ထူးဆန်းနေ၏။
မြို့ထဲတွင် ရှဲ့ယွင်နန်ကို သဘောကျသူများ အများအပြား ရှိသော်ငြား သူကမူ မည်သူတစ်ဦးတစ်ယောက်ကိုမှ အာရုံမထားခဲ့။
အဲဒီလိုလူက ဘာလို့ ချက်ခြင်းကြီး လက်ထပ်ချင်သွားရတာလဲ ...
“သူ့ကို မြင်မြင်ချင်း ချစ်မိသွားလို့လေ ...”
ရှဲ့ယွင်နန်က ရှင်းပြလိုက်သည်။
မြင်မြင်ချင်းကို ချစ်မိသွားတယ် ဟုတ်လား ဒါဆို ဒီတစ်ယောက်က တကယ်ကို လှလို့ပဲ ဖြစ်ရမယ် ...
မြို့သူမြို့သားများအားလုံး သွမ့်ချန်ချင်းကို သွားကြည့်ရန် နောက်တစ်ကြိမ် ထွက်လာလိုက်ကြပြန်သည်။
သွမ့်ချန်ချင်းက သူတို့ကို ပြုံးပြလိုက်သည်။
သူ့ပုံံစံကြည့်ရတာ ချစ်စရာကောင်းပြီး နာခံတတ်မယ့်ပုံလေးပါပဲ ... အရမ်းကြီးတော့ မဆိုးလောက်ဘူး မဟုတ်လား ...
ရှဲ့ယွင်နန်ကလည်း အခြားသူများနှင့် စကားပြောနေစဉ်အတွင်း သွမ့်ချန်ချင်းကို မကြာခဏ ကြည့်နေမိသည်။
သူကိုယ်တိုင်လည်း သွမ့်ချန်ချင်းမှာ ကိုယ်နှုတ်အမူအယာ ကောင်းမွန်ကာ လွန်စွာ ချစ်စရာကောင်းသည်ဟု ခံစားမိ၏။
အထူးသဖြင့် သူ လှမ်းကြည့်လိုက်လေတိုင်း ... သွမ့်ချန်ချင်းကလည်း သူ့ကို တောက်တောက်ပပ ပြန်ပြုံးပြလေ့ရှိသည်။
တစ်ဖြည်းဖြည်း လူနည်းသွားကာမှ ရှဲ့ယွင်နန်က သူ့အနားသို့ ကပ်လာလိုက်၏။
“ပင်ပန်းနေပြီလား အပေါ်ထပ်တက်ပြီး အနားယူနှင့်မလား ..."
“ဟင့်အင်း ...”
သွမ့်ချန်ချင်းက ပြောလိုက်သည်။
“မပင်ပန်းသေးပါဘူး ...”
အောက်ထပ်တွင် ရှိနေသူများ၏ စကားဝိုင်းကို နားထောင်ခြင်းသည် စကားပြောခြင်းကို တီဗီမှတစ်ဆင့် လေ့လာနေရခြင်းထက် ပိုမိုမြန်ဆန်ထိရောက်သည်။
သူသာ နောက်ထပ်အနည်းငယ် ထပ်ပြီး နားထောင်ပါလျှင် ဤကမ္ဘာရှိ ဘာသာစကားကို ကျွမ်းကျင်သလောက်နီးနီး တတ်မြောက်တော့မည်ဟုပင် ခံစားမိ၏။
“ဒါဆို တစ်ခုခု စားချင်လား ...”
ရှဲ့ယွင်နန်က မေးလိုက်သည်။
သွမ့်ချန်ချင်းက ခေါင်းယမ်းပြလိုက်သည်။
စားလို့က ရပါတယ် ဒါပေမယ့် ...
အပေါ်ထပ်တွင် နေခဲ့စဉ်က တစ်နေကုန် အိပ်ယာထက်တွင်သာ လှဲနေခဲ့ပြီး အပြင်ဘက်ပတ်ဝန်းကျင်ကို နည်းနည်းလေးမျှပင် သတိမပြုမိခဲ့။
အောက်ထပ်ဆင်းကာ ကားပြင်ဆိုင်ရှေ့တွင် ထိုင်လိုက်မိကာမှ ဤနေရာမှာ လွန်စွာ ယိုယွင်းပျက်စီးနေကာ ဤဒေသတွင် နေထိုင်ကြသူများမှာလည်း သန့်ရှင်းသပ်ရပ်မှုကို များစွာ အလေးမထားကြောင်း သိလိုက်ရသည်။
အပြင်ဘက်ရှိ လမ်းမများမှာ ညစ်ပေနေ၏။ ထိုလမ်းမဘေးတွင် အစားအသောက် ရောင်းချသူများမှာလည်း အပိုပြင်ဆင်မှုများ တစ်ခုမျှပင် မဆောင်ရွက်ဘဲ ဆိုင်ဖွင့်ကာသာ ချက်ခြင်း ရောင်းချကြသည်။
သူက လွန်စွာ ကြေးများလှသူတော့ မဟုတ်။ အတိတ်ဘဝ မိစ္ဆာကျင့်ကြံသူတို့၏ လက်ထဲတွင် ရှိနေခဲ့စဉ်က ပတ်ဝန်းကျင်မှာ မည်မျှပင် ညစ်ပတ်ရှုပ်ထွေးနေပါစေ သည်းခံနိုင်ခဲ့သည်။
သို့သော် ရွေးချယ်ခွင့် ရှိပါလျှင်မူ ပိုမိုသန့်ရှင်းသည့် အစားအသောက်များကိုသာ ရွေးချယ်လိုနေဆဲပင်။
ရှဲယွင်နန်က သွမ့်ချန်ချင်းသည် သူ့ပိုက်ဆံကို အသုံးမပြုလိုသောကြောင့် ဟူ၍သာ ထင်ခဲ့သည်။ တစ်ခဏမျှ တွေးပြီးနောက် အပြင်ထွက်ကာ ကြက်သားကြော် သွားဝယ်ပြီး သူ့လက်ထဲ ထည့်ပေးလိုက်သည်။
“စားကြည့်ကြည့် ...”
“ကျေးဇူးပါ ...”
သွမ့်ချန်ချင်းက ပြောလိုက်သည်။ ဤကြက်သားပြားကြော်မှာ ကျန်အစားအစာများနှင့် နှိုင်းယှဉ်ပါလျှင် အနည်းငယ် လက်ခံနိုင်ဖွယ် ရှိသေး၏။
တစ်ကိုက်ကိုက်ကြည့်လိုက်သည့်အခါ အရသာရှိနေကြောင်း သိလိုက်ရသည်။
“မင်းကို ဓာတ်ပုံရိုက်ဖို့ ခေါ်သွားပေးမယ် ...”
သွမ့်ချန်ချင်း၏ မွန်ရည်လှသော အမူအယာကို တွေ့လေလေ ရှဲ့ယွင်နန်မှာ သူ့ကို ပိုပြီး သဘောကျမိလာလေဖြစ်သည်။
လက်ကိုဆွဲကာ ခေါ်သွားသည့်တစ်လျှောက်တွင် တွေ့သမျှလူတိုင်းနှင့် မိတ်ဆက်ပေးကာ အနီးဝန်းကျင်ရှိ ဈေးဆိုင်များ အကြောင်းကိုပါ ပြောပြခဲ့သည်။
သွမ့်ချန်ချင်းကလည်း အားလုံးကို အလေးအနက်ထားကာ နားထောင်နေ၏။ ဤကမ္ဘာကို နားလည်နိုင်ရန် ကြိုးစားနေခြင်းဖြစ်သည်။
ရှဲ့ယွင်နန်က သူ့ကို ခပ်တိုးတိုး မေးလိုက်သည်။
“အရင်က မတွေ့ဖူးဘူးလား ...”
သွမ့်ချန်ချင်းက ခေါင်းငြိမ့်ပြလိုက်သည်။
ဤကမ္ဘာမှာ သူ့အဖို့ အစိမ်းသက်သက်ပင်။ သို့သော် ယခုမူ လှည့်ပတ်ကြည့်ရှုပြီးသည့်နောက် ဤကမ္ဘာရှိ အဆောက်အဦးများမှာ အနည်းငယ် ခေတ်နောက်ကျနေသည်ဟု ခံစားမိလာ၏။
“မကြောက်နဲ့ တစ်ဖြည်းဖြည်းချင်း ရင်းနှီးလာလိမ့်မယ် ...”
ရှဲ့ယွင်နန်က သူ့လက်ကို ပိုပြီး တင်းကြပ်စွာပင် ဆုပ်ကိုင်ပေးထားလိုက်သည်။
ဒီတစ်ယောက်က တကယ်ကို သနားစရာ ကောင်းတာပဲ သူ့ကို သေချာပေါက်ကို ဂရုစိုက်ပေးမှ ရမယ် ပြီးတော့ သိပ်မကြာခင်မှာ ဖြစ်လာမယ့် ကပ်ဆိုးကြီးမှာလည်း ဘာမတော်တဆမှုကိုမှ ကြုံတွေ့ခွင့် မပြုနိုင်ဘူး ...
“အန်း ...”
သွမ့်ချန်ချင်းက တွယ်ယှက်ထားသည့် လက်နှစ်ဖက်ကို ငုံ့ကြည့်လိုက်သည်။
သူ့ရဲ့ ကျင့်ကြံရေးလက်တွဲဖော်လေးက ကြင်နာနူးညံ့တဲ့အပြင် အရမ်းလည်း လူကပ်တတ်တာပဲ ...
ရှဲ့ယွင်နန်က ဓာတ်ပုံရိုက်ရန်အတွက် သူ့ကို ဒေါက်တာဟူ၏ နေရာသို့ ခေါ်သွားကာ ထိုနေရာတွင် ရှိနေစဉ်အတွင်း သွမ့်ချန်ချင်းကို နောက်တစ်ကြိမ် ဆေးစစ်ပေးရန်ပါ တောင်းဆိုလိုက်၏။
“သူက အခု အကုန်အဆင်ပြေသွားပြီ ကြည့်ရတာ အရင်က အရေပြားမှာ ဒဏ်ဖြစ်ထားသလိုပဲ ...”
ဒေါက်တာဟူမှာ လွန်စွာ အံ့ဩလွန်း၍ သက်ပြင်းမချဘဲပင် မနေနိုင်။
“အသက်ငယ်တာ ကောင်းလိုက်တာ ...”
ဓာတ်ပုံရိုက်ပြီးနောက် သွမ့်ချန်ချင်းက ရှဲ့ယွင်နန်ကို မေးလိုက်သည်။
“ကျွန်တော်တို့တွေ ဘယ်တော့ လက်ထပ်ရမှာလဲ ...”
“အိုင်ဒီကတ် အဆင်သင့်ဖြစ်တဲ့အထိ စောင့်ပြီးမှ လုပ်ကြတာပေါ့ ...”
ရှဲ့ယွင်နန်က ပြန်ဖြေလိုက်သည်။
သူက လက်ထပ်ဖို့ အလျင်လိုနေတာများလား ...
“ကောင်းပြီ ...”
သွမ့်ချန်ချင်းက ခေါင်းငြိမ့်ပြလိုက်သည်။
ဒီတစ်ယောက်က တကယ်ကို လက်ထပ်ဖို့ စိတ်အားထက်သန်နေတာပဲ ...
နှစ်ဦးသား လက်ချင်း တွဲထားလျက်ပင် ပြန်သွားလိုက်သည်။
ကားပြင်ဆိုင်သို့ ပြန်ရောက်သည့်အခါ ရှဲ့ယွင်နန်က သူ့ကို အပေါ်ထပ်တက်ပြီး အနားယူရန် ပြောလိုက်၏။
သွမ့်ချန်ချင်းကလည်း မငြင်းဆန်။ သူ၏ ယိုယွင်းပျက်စီးနေသော ခန္ဓာကိုယ်မှာ အနားယူရန် အမှန်တကယ် လိုအပ်နေသည်။ ထို့အပြင် သူတို့နှစ်ဦးမှာ မကြာမီ လက်ထပ်တော့မည် ဖြစ်သည့်အတွက် -- ရှဲ့ယွင်နန်၏ ပစ္စည်းများကိုသာ စားသောက်နေ၍ မရတော့၊ သူကလည်း ရှဲ့ယွင်နန်ကို ပြန်လည်ကာ ဂရုစိုက်ပေးရမည်ဖြစ်သည်။
တစ်ချို့အိမ်မှုကိစ္စတွေကိုတော့ သူ တကယ်ကို လုပ်နိုင်ပါတယ် ...
အခြားအရာများ မလုပ်နိုင်သည့်တိုင် ချက်ပြုတ်တတ်နေဆဲပင်။
အဆိုးဆုံးမှ အရသာ မကောင်းရုံလေးပါပဲ ...
သွမ့်ချန်ချင်းက အပေါ်ထပ်တက်ကာ မီးဖိုချောင်တစ်ခုလုံးကို စူးစမ်းနေလိုက်သည်။
မီးဖိုထဲတွင် စားစရာ များများစားစား မရှိတော့။ တစ်ခဏမျှ စဉ်းစားပြီးနောက် သူသည် ဆန်ဆေးကာ ထမင်းချက်ရန် ပြင်လိုက်သည်။
ရေနည်းသွားမည်ကို စိုးရိမ်စိတ်ကြောင့် တမင်တကာပင် ရေထပ်ထည့်လိုက်သေး၏။ ထို့နောက် ရေခဲသေတ္တာထဲတွင် အသားအချို့ တွေ့လိုက်ရာ အိုးထဲထည့်ပြီး ကြော်ရန် ပြင်ဆင်လိုက်သည်။
ထမင်းပေါင်းအိုးကို ခလုတ်ဖွင့်ကာ အသားအိုးကို မီးအေးအေးဖြင့် နှပ်ထားပြီးနောက် သွမ့်ချန်ချင်းသည် မီးဖိုဘေးတွင် ဆယ်မိနစ်ခန့် ထိုင်နေလိုက်၏။ ထမင်းပေါင်းအိုးကို စိုက်ကြည့်နေရင်း အနည်းငယ် မျက်မှောင်ကြုတ်မိသွားသည်။
သူ့ရဲ့ အလိုလိုသိစိတ်အရဆို ... ရေအများကြီး ထည့်မိသွားပြီ ...
သွမ့်ချန်ချင်းက ထမင်းပေါင်းအိုးကို ဖွင့်ကာ ဇွန်းကြီးတစ်ဇွန်းဖြင့် ပိုနေသော ရေများကို ခပ်ထုတ်လိုက်သည်။
မဟုတ်သေးပါဘူး ဒါကို ရေလို့တောင် ခေါ်လို့မရတော့ဘူး ထမင်းရည်လို့ ခေါ်ရတော့မလားပဲ...
အပေါ်ထပ်သို့ တက်လာသည့် ရှဲ့ယွင်နန်ကလည်း ချက်ပြုတ်နေသည့် အနံ့ကို ရလိုက်သည်။
သွမ့်ချန်ချင်းက ထမင်းချက်နေတာလား ... သူ့ကို ချက်တတ်ပြုတ်တတ်လိမ့်မယ်လို့တောင် ထင်မထားမိဘူး ...
ထမင်းပေါင်းအိုးထဲမှ ရေများကို ခပ်ထုတ်နေသူအား တွေ့လိုက်ရသည့်အခါ အနည်းငယ် အံ့အားသင့်သွားမိတော့သည်။
ရှဲ့ယွင်နန် “...”
ထမင်းအိုးမှာ အနည်းငယ် ပျော့သွားသည့်တိုင် စား၍ ရနေဆဲပင်။
“နောက်တစ်ခေါက်ကျရင်တော့ သေချာပေါက် ဒါမျိုး မဖြစ်စေရဘူး ...”
သွမ့်ချန်ချင်းမှာ အနည်းငယ် ရှက်ရွံ့နေမိသည့်တိုင် နောက်တစ်ကြိမ် ချက်ပြုတ်ခွင့် ရပါလျှင် မည်သည့်ပြဿနာမှ ဖြစ်မလာနိုင်တော့ဟု ယုံကြည်ထားသည်။
ဆန်နဲ့ရေ ဘယ်လောက်ထည့်ရမလဲဆိုတဲ့ အကောင်းဆုံးအချိုးအစားကို မှတ်မိအောင် စိတ်စွမ်းအင်ကို သုံးပြီးပါ မှတ်ထားတာလေ ...
“မင်းကို ယုံတယ် ...”
ရှဲ့ယွင်နန်က သူ့ကို အားပေးလိုက်သည်။
သွမ့်ချန်ချင်းရဲ့ လေ့လာနိုင်စွမ်းက အရမ်းအားကောင်းတဲ့ဟာ သေချာပေါက်ကို နောက်ထပ် အကြိမ်ရေ နည်းနည်းလောက် ကြိုးစားကြည့်သင့်တာပေါ့ ...
ပြီးတော့ သွမ့်ချန်ချင်း လေ့လာပြီးသွားရင် သူကလည်း အိမ်ကို ထောက်ပံ့ဖို့ ငွေရှာမယ် သွမ့်ချန်ချင်းက ချက်တာပြုတ်တာနဲ့ အိမ်ထောင်မှု ထိန်းသိမ်းတာကို လုပ်မယ် ... ဒါက သူ အမြဲတမ်း စိတ်ကူးယဉ်နေခဲ့တဲ့ ဘဝမျိုးပဲလေ ...
ဒါတွေ မတိုင်ခင်မှာ သားရဲတွေရဲ့ တိုက်ခိုက်မှုကနေ အသက်ရှင်လျက် လွတ်မြောက်ဖို့တော့ လိုသေးတာပေါ့ ...
သူက ဆင်ခြေဖုံးဒေသကို အချိန်ကြာမြင့်စွာ သိမ်းပိုက်ထားသည့် သားရဲတို့အကြောင်း ပြန်တွေးလိုက်သည်။ ငွေရော စားစရာတွေကိုရောပါ သေချာပေါက် စုဆောင်းထားမှ ဖြစ်မယ် ...
ရှဲ့ယွင်နန်က ငွေပိုငွေလျှံ ရနိုင်ရန် အချိန်ပိုင်းအလုပ် အနည်းငယ် ထပ်ရှာလို၏။
သို့မဟုတ်ပါလျှင် အကယ်၍ အနာဂတ်၌ အထွေထွေခရိုင်သို့ ပြောင်းရသည့်အခါ ... သူ့လက်ထဲရှိ ငွေကြေးမှာ မလုံလောက်နိုင်ချေ။
စားသောက်ကာ အောက်ထပ်သို့ ဆင်းလာပြီးနောက် သူသည် အချိန်ပိုင်းအလုပ်တစ်ခု ထပ်ရှာရန် တွေးလိုက်သည်။
အကြံတစ်ခု ရလာစဉ်မှာပင် သူ့ထံ လူတစ်ယောက် ရောက်လာ၏။
“ရှောင်ရှဲ့ ငါလေ မင်း ဆန်ဈေးနှုန်းတွေ တက်မယ်လို့ ပြောတုန်းက မယုံကြည့်ခဲ့မိဘူး တကယ်ကြီး ဈေးတက်လာလိမ့်မယ်လို့လည်း ထင်မထားမိဘူးလေ အခု ဘယ်လိုလုပ်ကြမလဲ ...”
“ဈေးက တက်လာပြီလား ...”
ရှဲ့ယွင်နန်က မေးလိုက်သည်။ သူသည် အံ့ဖွယ်သားရဲတို့ ရောက်လာမည်ကို စိုးရိမ်စိတ်ကြောင့် ဟုန်ယဲ့တောအုပ်နှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုများ လုပ်ခဲ့သော်ငြား ... သားရဲတို့မှာ တစ်ကြိမ်တစ်ခါမျှပင် ရောက်မလာခဲ့။
သားရဲတို့ ရောက်မလာသည့်တိုင် ဈေးက မြင့်တက်လာလိမ့်ဦးမည်ဟု ထင်မထားခဲ့ပေ။
“အဓိကကတော့ ဆန်နဲ့ ဂျုံမှုန့်ဈေးတွေ တက်လာတာ ...”
ထိုသူက ပြောလိုက်သည်။
“ကြည့်ရတာ တစ်ယောက်ယောက်က ဝယ်စုနေတာ ထင်တယ် ...”
“ဒါဆို ကန်စွန်းဉ နည်းနည်းပါးပါးလောက် ဝယ်ပြီး စုထားရင်ရော ...”
ရှဲ့ယွင်နန်က အကြံပြုလိုက်သည်။ လတ်တလောကာလမှာ ကန်စွန်းဉ တူးဖော်ချိန် ဖြစ်သည့်အတွက် ကန်စွန်းဉဈေးမှာ များစွာ မမြင့်တက်နိုင်လောက်ချေ။
ဟုန်ယဲ့မြို့တော်တွင် နေထိုင်သူများမှာလည်း ကုန်ဈေးနှုန်း မြင့်တက်လာကြောင်း သတိပြုမိသွားကြသည်။
ကုန်ဈေးနှုန်း မြင့်တက်လာမှုကြောင့် လူတိုင်းသည် အစားအစာများ ဝယ်ယူသိုလှောင်ထားရန် အကြံဖြစ်လာရာ အာလူးနှင့် ကန်စွန်းဉကဲ့သို့သော အခြေခံစားသောက်ကုန်များမှာ အဓိက ရွေးချယ်စရာ ဖြစ်လာတော့သည်။
ရှဲ့ယွင်နန်ကလည်း ကန်စွန်းဉ အများအပြား ဝယ်လာခဲ့၏။ ဆင်ခြေဖုံးဒေသတွင် ကန်စွန်းဥ
များကို ဝယ်ယူရန်မှာ လွန်စွာ လွယ်ကူလှသည်။
ရက်အနည်းငယ်ခန့်အကြာ အနီးနားတွင် ရှိနေသူများလည်း အစားအစာများ စုဆောင်းပြီးသည့်နောက် သွမ့်ချန်ချင်း၏ အိုင်ဒီကတ်ကိစ္စလည်း အဆင်သင့်ဖြစ်လာတော့သည်။
သူတို့ လက်ထပ်လို့ ရတော့မယ် ...