အပိုင်း ၁၅
Viewers 7k

Chapter 15




ဆင်ခြေဖုံးဒေသတွင် ထိမ်းမြားလက်ထပ်သည့် လုပ်ငန်းစဉ်မှာ လွန်စွာ ရိုးရှင်းလှ၏။ အနီးအနားရှိ မှတ်ပုံတင်ရုံးတွင် လိုအပ်သည့် စာရွက်စာတမ်းများကို ဖြည့်စွက်ပြီးပါလျှင် လက်ထပ်မှတ်ပုံတင်ကို ချက်ခြင်း ရရှိနိုင်ပေသည်။ 


လူအများစုမှာ လက်ထပ်မှတ်ပုံတင်ပင် မယူကြ၊ မိသားစုအဖြစ်သာ အတူတူ နေထိုင်လိုက်ကြတော့သည်။ 


လက်ထပ်လိုသူများ အတွက်မူ ... စုံစမ်းစစ်ဆေးခြင်းမှာ များစွာ မတင်းကြပ်လှ။ ဆင်ခြေဖုံးဒေသရှိ အိမ်ထောင်စု မှတ်ပုံတင်စာရင်းမှာ အမြဲ ရှုပ်ထွေးနေလေ့ ရှိသည့်အတွက် ... လူတစ်ယောက်သည် အလျဉ်းသင့်သလို ကြိမ်ဖန်များစွာ လက်ထပ်နိုင်သည်။ 


အသက်ရှင်နေသေးသည့်တိုင် အမွေလိုချင်သည့် ဆွေမျိုးများ၏ လက်ချက်ဖြင့် သေစာရင်း အသွင်းခံထားရသူများပင် ရှိနေသေးသည်။ 


ရှဲ့ယွင်နန်က သွမ့်ချန်ချင်းကို အပြင်ခဏ ခေါ်သွားပြီး ပြန်ရောက်လာသည့်အခါတွင် စာရင်းသွင်း၊ လက်ထပ်ပြီး ဖြစ်သည်။ 


ဤတိုးတက်မှုမှာ အနည်းငယ် မြန်ဆန်သည့်တိုင် ရှဲ့ယွင်နန်က အနည်းငယ်မျှပင် မငြင်းဆန်။ 


ချစ်စရာကောင်းတဲ့ လက်တွဲဖော်လေး ရှိနေတာ ကောင်းလိုက်တာ ...


“အနာဂတ်မှာ ကိုယ်တို့တွေက မိသားစု ဖြစ်လာတော့မှာ .. မစိုးရိမ်နဲ့ ကိုယ် မင်းကို ကောင်းကောင်း ဂရုစိုက်ပေးမယ် ...”


ရှဲ့ယွင်နန်က ပြောလိုက်သည်။ 


သွမ့်ချန်ချင်းက ပြုံးပြလိုက်၏။ 


“အိုကေ ... ဒါဆို ဒီည အတူတူ အိပ်မှာလား ...”


သူ့ခန္ဓာကိုယ်က ကောင်းကောင်း ပြန်မသက်သာသေးဘူးဆိုတော့ .. မင်္ဂလာဉီးည အတွေ့အကြုံက သိပ်မကောင်းလောက်ဘူး ထင်တယ် ...


ထားပါ ယောကျ်ားကောင်းတစ်ယောက်က “နိုး” လို့မှ ငြင်းလို့မရတာ ...


ရှဲ့ယွင်နန်မှာ တစ်ခဏမျှ ကြောင်အသွားကာ မျက်နှာတစ်ခုလုံး ပူလောင်လာတော့သည်။ 


“ဒါ ... အတူတူတော့ အိပ်လို့ရပါတယ် ဒါပေမယ့် မင်းက ကျန်းမာရေးမှ မကောင်းသေးတာကို .. မစိုးရိမ်ပါနဲ့ ကိုယ် မင်းကို ဘာမှ မလုပ်ပါဘူး ...”


သူ ... ဒီလူက ကြောက်စရာကောင်းတဲ့ကိစ္စတွေ အများကြီးကို တွေ့ကြုံခဲ့ရတာ စိတ်ပိုင်းဆိုင်ရာ အရိပ်မည်းကြီး မရှိဘူး ဆိုတာကကို အတော်လေး ကောင်းနေပြီ ... ဒါပေမယ့် သူ့ခန္ဓာကိုယ်ကတော့ အပြည့်အဝ ပြန်မကောင်းသေးဘူးလေ … ဒါကို ငါကပါ သားရဲကောင်လို ဖြစ်နေလို မရဘူး မဟုတ်လား ...


သွမ့်ချန်ချင်းကလည်း သူ့စကားများကို ကြားလိုက်သည့်အခါ တစ်ခုခု မှားယွင်းနေသည်ဟု ခံစားမိလာ၏။ 


သူ့ကို ဘာမှ မလုပ်ဘူးဆိုတာ ဘာကို ဆိုလိုချင်တာလဲ နေပါဦး သူနဲ့ ရှဲ့ယွင်နန်ကြားမှာ တစ်နေရာရာတော့ နားလည်မှု လွဲနေပြီထင်တယ် ...


သွမ့်ချန်ချင်းက တစ်ခဏမျှ ကြောင်အနေပြီးကာမှ သူ့မျက်နှာကို ပြန်တွေးမိလိုက်သည်။ 


ရှဲ့ယွင်နန်သည် ငယ်ရွယ်ချောမောကာ သန့်စင်ကြင်နာတတ်ပြီး ခွေးပေါက်စတစ်ကောင်ကဲ့သို့ ချစ်စရာ ကောင်းသည့်အပြင် သူ့ကိုလည်း နက်နက်ရှိုင်းရှိုင်း ချစ်ကြိုက်နေသေးသည်။ ထို့ကြောင့် သူ့ကို ကာကွယ်နိုင်ရန် အလို့ငှာ ကျင့်ကြံရာ၌ အပတ်တကုတ် ကြိုးစားရမည်ဟု ဆုံးဖြတ်ခဲ့၏။ 


 ဒါပေမယ့် သေချာစဉ်းစားကြည့်ကာမှ ... ရှဲ့ယွင်နန်ရဲ့ မျက်လုံးထဲမှာ သူ့ရဲ့ ရုပ်ရည်နဲ့ ခန္ဓာကိုယ်အချိုးအစားက ...


သွမ့်ချန်ချင်း “...”


သွမ့်ချန်ချင်းက အနည်းငယ် ကြောင်အနေစဉ်မှာပင် သူတို့ထံ ပြေးလာသည့် ကလေးအုပ်စုတစ်စုကို တွေ့လိုက်ရသည်။


ထိုအုပ်စုမှာ အသက် ၁၀ နှစ်အောက် ကလေးများ ဖြစ်ကာ ယောကျ်ားလေးများရော မိန်းကလေးများပါ ရောပါနေသည်။ ယောကျ်ားလေးများက ဘောင်းဘီတစ်ထည်တည်းသာ ဝတ်ထားပြီး မိန်းကလေးများက အပေါ်ထပ် အင်္ကျီအပါးတစ်ထည်ကိုပါ ဝတ်ဆင်ထားသည်။ 


“ရှဲ့ကောကော ...”


“ကောကော ...”


ထိုကလေးများက ရှဲ့ယွင်နန်၏ ဘေးတွင် ဝိုင်းအုံနေကြကာ ထိုအထဲရှိ အရပ်အရှည်ဆုံး မိန်းကလေးက သူ့ကို တောက်ပနေသည့် မျက်လုံးဝိုင်းကြီးများဖြင့် မော့ကြည့်နေသည်။ 


“ယွင်နန်ကောကော .. ကောကောက လက်ထပ်တော့မလို့ဆို ...”


“ကောကောက လက်ထပ်ပြီးသွားပြီ ...”


ရှဲ့ယွင်နန်က လက်ထပ်မှတ်ပုံတင်ကို ပြလိုက်သည်။ 


သူ့ရှေ့ရှိ ကောင်မလေးမှာ ကောင်းကင်ကြီးတစ်ခုလုံး ပြိုကျသွားသည်ကို မျက်မြင်ကြုံလိုက်ရသည့်နှယ် တုန်လှုပ်သွားတော့၏။


“ယွင်နန်ကောကော ဘာလို့ အစောကြီး လက်ထပ်လိုက်ရတာလဲ ညီမက အနာဂတ်မှာ ကောကောနဲ့ လက်ထပ်ချင်တာကို ...”


နောက်ထပ်ကလေးတစ်ယောက်ကပါ ချက်ခြင်း ဝင်ပြောလိုက်သည်။ 


“အတူတူပဲ ယွင်နန်ကောကောကို လက်ထပ်ချင်တယ် ...”


“ကျွန်တော်ရောပဲ ...”


ယောကျာ်းလေးရော မိန်းကလေးပါ ရောနှောနေသည့် ကလေးအုပ်စု တစ်ခုလုံးက ကျယ်ကျယ်လောင်လောင် အော်ပြောလိုက်ကြသည်။ 


ရှဲ့ယွင်နန်သည် ငွေရှာနိုင်သည့်အပြင် လက်ဖွာကာ မိဘမဲ့လည်း ဖြစ်သေးသည်။ ထို့အပြင် အနီးအနားရှိ ကလေးများအပေါ်ကိုလည်း ကြင်ကြင်နာနာ ဆက်ဆံတတ်သည်။ 


တစ်ချိန်က သူ့ရှေ့တွင် ရှိနေသည့် မိန်းကလေးမှာ သူမမိခင်၏ ရည်းစားလက်ချက်ဖြင့် ဒဏ်ရာရခဲ့ဖူးသည်။ ထိုစဉ်က သူမကို ဒေါက်တာဟူထံ ပို့ပေးခဲ့သူမှာ ရှဲ့ယွင်နန်ဖြစ်သည်။ 


“မင်းက အရမ်းငယ်လွန်းသေးတယ် ငါ မကြိုက်ဘူး ...”


ရှဲ့ယွင်နန်က အလေးအနက် ပြောလိုက်သည်။ 


“နောက်နှစ်နည်းနည်းလောက်ဆို အရွယ်ရောက်လာတော့မှာလေ ...”


သူမက စူးစူးဝါးဝါး အော်ပြောကာ သူမထံမှ ရှဲ့ယွင်နန်ကို လုယူလိုသည့် ကလေးများကိုပါ စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။ 


“မင်းတို့က သူလောက်မှ ကြည့်မကောင်းတာ ...”


ရှဲ့ယွင်နန်က သွမ့်ချန်ချင်းကို လက်ညှိုးထိုးပြလိုက်သည်။ 


ကလေးများက သွမ့်ချန်ချင်းကို လှည့်ကြည့်လိုက်ပြီးသည့်နောက် ပြောစရာစကား ပျောက်ရှသွားကြတော့သည်။ 


အားလုံး နေရာတွင် အကြောင်သား ရပ်ကြည့်နေမိကြ၏။ 


သူတို့က တကယ်လည်း ဒီအစ်ကိုကြီးလောက် ကြည့်မကောင်းဘူးပဲ ...


ထိုမိန်းကလေးက ဆက်ပြောလိုက်သည်။ 


“ကျွန်မလည်း အနာဂတ်မှာ ကြည့်ကောင်းလာနိုင်တယ်လေ ... ယွင်နန်ကောကော တကယ်လို့ လက်ထပ်ချင်သေးရင် ကျွန်မကို လာရှာပါ ...”


“ကျွန်မကိုရောပဲ ...”


“ဒီကိုရော ...”


“ကျွန်တော်တို့အားလုံး ကောကောကို အတူတူ လက်ထပ်လို့ ရတယ်လေ ...”


........


သွမ့်ချန်ချင်း “...”


ဒီလိုကြီး ပေါ်တင်ထုတ်ပြောလို့လည်း ရတာပဲလား ...


အတွေးထဲ နစ်မြောနေစဉ် ထိုမိန်းကလေးက သူမ၏ မူလကိုယ်ဖြစ်သော အဝါနှင့်အဖြူ ရောထားသည့် ကြောင်ပေါက်လေးကို ထုတ်လိုက်သည်။ 


“ယွင်နန်ကောကော ကြောင်ပေါက်လေးက ကောကောကို လွမ်းနေတာ ...”


“ကောကောလည်း ကြောင်လေးကို သတိရပါတယ် ...”


ရှဲ့ယွင်နန်က ကြောင်လေး၏ နောက်ကျောကို ပွတ်ပေးလိုက်သည်။ 


သူ၏ အပြုအမူကြောင့် ကျန်ကလေးများကပါ အဖော်သားရဲများကို တစ်ကောင်ပြီးတစ်ကောင် ဆက်တိုက် ထုတ်ပြလိုက်သည်။ 


ထိုကလေးများ၏ အဖော်သားရဲများ အားလုံးမှာ အကောင်ပိစိလေးများသာ ဖြစ်ကြသည်။ ၎င်းတို့အနက် ကြောင်လေးမှာ ချစ်စရာအကောင်းဆုံးဟု ယူဆနိုင်ပြီး မြွေပေါက်တစ်ကောင်ကို ပိုင်ဆိုင်ထားသူပင် ရှိနေသေးသည်။ 


ရှဲ့ယွင်နန်က ၎င်းတို့ကို အနည်းငယ်မျှပင် မနှစ်မြို့ခြင်း မရှိ။ တစ်ကောင်ချင်းစီကို ပွတ်သပ်ကာ ချီးကျူးပေးလိုက်သည်။ 


ထိုမြင်ကွင်းကို မြင်လိုက်ရသည့် သွမ့်ချန်ချင်းမှာ နေရာတွင်ပင် အေးခဲသွားတော့၏။ 


မိစ္ဆာကိုယ်က ထိကိုင်လို့ မရဘူး မဟုတ်လား ဘာလို့ ဒီလူတွေက သူတို့ရဲ့ မိစ္ဆာကိုယ်တွေကို ရှဲ့ယွင်နန်ကိုင်ဖို့ ထုတ်ပေးနေရတာလဲ ...


ရှဲ့ယွင်နန်က တစ်ကောင်ချင်းစီကိုတောင် ထိကြည့်လိုက်သေးတယ် ...


အဲဒီ့နားကို သွားပြီးတော့ တားချင်လိုက်တာ ....


ထားပါ အကုန်လုံးက ကလေးတွေပဲဟာကို .... သူကြည့်ခဲ့တဲ့ ကာတွန်းကားတွေထဲမှာဆိုလည်း ကလေးတွေက တစ်နေကုန်တစ်နေခမ်း သူတို့ရဲ့ မူလကိုယ်တွေနဲ့ ပြေးလွှားနေကြတော့ ထိတာကိုင်တာကို စိတ်ထဲ မထားကြဘူး ထင်ပါတယ် ...


ဒီကမ္ဘာက သူ့ရဲ့ ဒုတိယဘဝနဲ့ မတူတာများလား မိစ္ဆာတွေက သူတို့ရဲ့ မူလကိုယ်ကို ကြုံသလို ထိကိုင်ခွင့် ပြုထားလို့လား ...


သွမ့်ချန်ချင်းက သက်ပြင်းချကာ အတော်အသင့်မျှ စိတ်တည်ငြိမ်လာစဉ်မှာပင် တစ်ခုခုကို ရုတ်တရက် တွေးမိသွားသည်။ 


မတိုင်ခင်တုန်းက ရှဲ့ယွင်နန်က သူ့ရဲ့ မူလကိုယ်ကို သာမန်ကာလျှံကာ ထုတ်ပြပြီး ထိကိုင်ခွင့် ပေးခဲ့တော့ သူက ငါ့ကို ကြိုက်နေတာလို့ပဲ ထင်ခဲ့မိတာ ...


ဒါပေမယ့် ဒီကမ္ဘာက လူတွေအကုန်လုံးက ဒီတိုင်းသာဆို ...


အဲဒီ့အချိန်တုန်းက ရှဲ့ယွင်နန်က သူ့ကို တကယ်ကြိုက်တာရော ဟုတ်ရဲ့လား ...

သူပဲ နားလည်မှု လွဲခဲ့တာများလား ...


ဒါလည်း သိပ်တော့ ကိစ္စမရှိပါဘူး အဲဒီ့အချိန်တုန်းက ရှဲ့ယွင်နန်က သူ့ကို မကြိုက်ခဲ့ရင်တောင် အခု သူတို့က လက်ထပ်ပြီးပြီးပဲဟာ သေချာပေါက်ကို သူ့ကို သဘောကျလာမှာပါ ...


သွမ့်ချန်ချင်းက အနီးသို့ တိတ်တဆိတ် လျှောက်လာကာ ရှဲ့ယွင်နန်၏ လက်ထဲသို့ သူ၏ ရှဉ့်ပေါက်စကို ထည့်ပေးလိုက်သည်။ 


“ဟမ် ...”


ရှဲ့ယွင်နန်ကလည်း ပဟေဠိဖြစ်သွားသည့်ဟန်။ 


“ရှောင်ဟွားက မင်းကို လွမ်းနေလို့ ...”


သူက ပြောလိုက်သည်။ 


ထို့နောက် ရှဲ့ယွင်နန်ကို အလေးပြုရန် ရှောင်ဟွားကို ထိန်းချုပ်လိုက်သည်။ 


ရှဉ့်ပေါက်စလေးတစ်ကောင်က ဤကဲ့သို့သော လူသားဆန်သည့် အမူအယာမျိုး လုပ်ပြလိုက်သည်မှာ လွန်စွာ ချစ်စဖွယ် ကောင်းလှသည်။ ရှဲ့ယွင်နန်၏ အာရုံစိုက်မှုအားလုံး ရှောင်ဟွားထံ ရောက်ရှိသွားကာ ကလေးများကလည်း ရှောင်ဟွားကို သိလိုစိတ်အပြည့်ဖြင့် ဝိုင်းအုံကာ ကြည့်လိုက်ကြသည်။ 


“ဝိုး ... ဒါလေးက အရမ်း ချစ်စရာကောင်းတာပဲ ...”


အချို့ကလေးများက သူ့ကို ထိကြည့်ချင်ကြ၏။ 


သွမ့်ချန်ချင်းက သူတို့ကို ချက်ခြင်း တားမြစ်လိုက်သည်။ 


“မင်းတို့ရဲ့ ယွင်နန်ကောကော တစ်ယောက်ပဲ ထိခွင့်ရှိတယ် ...”


ကလေးများ “...”


ရှဲ့ယွင်နန်မှာလည်း ပြောစရာစကားပင် မရှိတော့။ 


“ဘာတွေ လုပ်နေတာလဲ ...”


“ငါ့ရဲ့ ရှောင်ဟွားက မင်းတစ်ယောက်တည်း ကိုင်ဖို့အတွက်ပဲ ...” 


သွမ့်ချန်ချင်းက ပြောလိုက်သည်။ 


မူလရုပ်ရည်ကို မိတ်ကပ်အသုံးပြု၍ ဖုံးကွယ်ထားသည့်တိုင် စိတ်အားထက်သန်စွာ စိုက်ကြည့်နေသည့် သွမ့်ချန်ချင်း၏ အကြည့်တို့ကို ရှဲ့ယွင်နန်အနေဖြင့် အနည်းငယ်မျှပင် ခံနိုင်ရည်မရှိချေ။ 


သူ့ရဲ့ လက်တွဲဖော်လေးက အရမ်း ချစ်စရာကောင်းတာပဲ ...


ရှဲ့ယွင်နန်ကလည်း အခြားသူများ ရှောင်ဟွားကို ထိကိုင်ကြမည်ကို သဘောမကျပေ။ မူလက ကလေးများဖြင့် စကားပြောရန် ငုတ်တုတ်ထိုင်နေရာမှ မတ်တပ်ထကာ သွမ့်ချန်ချင်း၏ လက်ကို ကိုင်၍ ထိုကလေးများကို ပြောလိုက်သည်။ 


“ငါက ဒီနေ့ပဲ လက်ထပ်လိုက်ပြီ အိမ်ကို လိုက်ခဲ့ကြ မင်းတို့ကို ကန်စွန်းဉပေါင်း ကျွေးမယ် ...”


လတ်တလောတွင် အစားအသောက် ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်သွားသည့်အပြင် သွမ့်ချန်ချင်း၏ စားသောက်နိုင်စွမ်းမှာလည်း လွန်စွာ များပြားလှသည့်အတွက် ရှဲ့ယွင်နန်သည် ထိုကလေးများကို ယခင်ကကဲ့သို့ ဈေးကြီးကာ အရသာရှိသည့် စားစရာမျိုး ဖိတ်မကျွေးနိုင်တော့ချေ။ 


သူက ကန်စွန်းဉတစ်အိတ် ထုတ်လာကာ ကလေးများကို အိမ်အနောက်ဘက်တွင် ကိုယ်တိုင် ပေါင်းခွင့်ပေးလိုက်သည်။


ကလေးများက ကန်စွန်းဉပေါင်း လုပ်ရန် အပြေး ထွက်သွားကြသည်။ 


ရှဲ့ယွင်နန်က သူတို့ကို နောက်တစ်ကြိမ် ထပ်မေးလိုက်ပြန်သည်။ 


“အခုတလော ဆင်ခြေဖုံးဒေသမှာ သားရဲတွေ တွေ့မိသေးလား ...”


“ဟင့်အင်း ...”


ကလေးများက ပြန်ဖြေလိုက်သည်။ 


အဲဒီ့မှတ်ဉာဏ်ထဲမှာ ဒီအချိန်လောက်ဆို သားရဲတွေက လာတိုက်ခိုက်နေပြီ မဟုတ်လား ... အချိန်မကျသေးလို့များလား ....


ရှဲ့ယွင်နန်က စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။ 


သူ့မှတ်ဉာဏ်ထဲက ကိစ္စတွေ တကယ် ဖြစ်မလာဖို့ မျှော်လင့်မိတယ် ...


သွမ့်ချန်ချင်းက အနားယူရန် အပေါ်ထပ်သို့ တက်သွားလိုက်သည်။ 


ဤကမ္ဘာတွင် ကွန်ပျူတာများ ရှိနေပြီ ဖြစ်သော်ငြား မည်သူကမှ အသုံးပြုကြဟန်မတူ။ ရှဲ့ယွင်နန်၏ အိမ်တွင်လည်း တစ်လုံးမျှပင် မရှိသည့်အတွက် သွမ့်ချန်ချင်းမှာ အသုံးမပြုနိုင်ချေ။ 


ထို့အပြင် ရှဲ့ယွင်နန်၏ မိသားစု၌ စာအုပ်ဟူ၍လည်း အနည်းငယ်မျှသာ ရှိပေသည်။ 


သို့သော် သွမ့်ချန်ချင်းက ဟိုဟိုဒီဒီ လှည့်ပတ်ရှာဖွေလိုက်သည့်အခါ အဖော်သားရဲများနှင့် ပတ်သက်သည့် အချက်အလက်အချို့ကို ရှာတွေ့ခဲ့သည်။ ထို့နောက် ဤကမ္ဘာတွင် နေထိုင်သူများ၏ သူတို့မူလရုပ်သွင်အပေါ် သဘောထားကို မှန်းဆမိသွားတော့၏။ 


ဤကမ္ဘာတွင် နေထိုင်သူများသည် မကျင့်ကြံကြ။ မည်သူကမှလည်း အဖော်သားရဲကို သူတို့၏ မူလခန္ဓာကိုယ်ဟု မတွေးထားကြ၊ အချို့က အဖော်သားရဲကို သူတို့ကိုယ်စား တိုက်ခိုက်ရန်ပင် အသုံးချနေကြသေးသည်။ 


အားကောင်းသည့် အဖော်သားရဲ ပိုင်ဆိုင်ထားကြသူများမှာ လိုက်လံရှာဖွေခြင်းကို ခံရကာ အားနည်းသည့် အဖော်သားရဲများကို ပိုင်ဆိုင်သူများမှာမူ အထင်အမြင်သေးခြင်း ခံရ၏။ 


အင်အားကြီးမားသည့် တိုက်ခိုက်ရေးသမားများက သူတို့၏ အဖော်သားရဲအနီးသို့ မည်သူ့ကိုမှ ကပ်ခွင့်မပြုသော်ငြား သာမန်သူအများစုကမူ အဖော်သားရဲကို အိမ်မွေးတိရိစ္ဆာန်အဖြစ်သာ သတ်မှတ်ကြသည်။ 


သွမ့်ချန်ချင်း “...”


၎င်းကို ဖတ်ရှုပြီးနောက် သွမ့်ချန်ချင်းသည် ရှဲ့ယွင်နန်၏ ရှောင်ပိုင်ကို လိုက်ရှာလိုက်သည်။ 


သူ အပေါ်ထပ်တွင် အနားယူသည်ဖြစ်စေ စာလေ့လာနေသည်ဖြစ်စေ ရှဲ့ယွင်နန်က သူ့ကို အဖော်ပြုပေးနိုင်ရန် ရှောင်ပိုင်ကို အပေါ်ထပ်သို့ လွှတ်ပေး‌လေ့ရှိသည်။ 


ရှောင်ပိုင်သည် သူနှင့် လွန်စွာ ရင်းနှီးလှသည်။ ၎င်းက သူ့ကို များစွာ သဘောကျလှသော်ငြား သူ သဘောကျသည့် ပမာဏလောက်တော့ မဟုတ်ချေ။ 


စာအုပ်အရ အဖော်သားရဲတို့၏ ခံစားချက်သည် ပိုင်ရှင်၏ ခံစားချက်ကို ကိုယ်စားပြုသည်။ အချို့လူများသည် သူတို့ အဖော်သားရဲ၏ ခံစားချက်ကို ဆန်းစစ်ခြင်းဖြင့် မိမိတို့၏ ကိုယ်ပိုင်ခံစားချက်ကို ဆုံးဖြတ်ကြသည်။


အတိတ်တွင် အဖော်သားရဲကို သဘောကျသည့်စိတ်ကြောင့် ပိုင်ရှင်၏ အနောက်သို့ လိုက်လာသည့်သူများပင် ရှိခဲ့သေးသည်။ တစ်ဖက်သူကို သဘောကျသည်မှာ ထိုသူ ပိုင်ဆိုင်သည့် အဖော်သားရဲ၏ အပြုအမူကြောင့် ဖြစ်ကြောင်းကိုသာ သဘောပေါက်ခဲ့၏။


သွမ့်ချန်ချင်းက ရှောင်ပိုင်ကို ကြည့်လိုက်သည်။ 


“ဝုတ် ဝုတ် ဝုတ် ...”


ရှောင်ပိုင်က အမြီးကို ယမ်းလျက် သူ့အနားသို့ ‌ပြေးလာသည်။ 


ရှောင်ပိုင်က သူ့အပေါ် အရမ်းကြင်နာတယ်ဆိုပေမယ့် အဲဒီ့ကလေးတွေရဲ့ အဖော်သားရဲတွေကလည်း ရှဲ့ယွင်နန်ကို ဒီပုံစံမျိုးအတိုင်းပဲ ဆက်ဆံတာလေ ...


ဒါက မလုံလောက်သေးဘူး ...


သွမ့်ချန်ချင်းက ရှောင်ပိုင်ကို တစ်ခဏမျှ စိုက်ကြည့်နေပြီးနောက် သူ့ခန္ဓာကိုယ်ထဲမှ စိတ်စွမ်းအင်အနည်းငယ်ကို လက်ချောင်းထိပ်သို့ ပို့လွှတ်လိုက်သည်။ 


ရှဲ့ယွင်နန်တွင် အင်အားကောင်းသည့် မိစ္ဆာသွေးကြောမျိုး ပိုင်ဆိုင်ထားရာ သွမ့်ချန်ချင်းသည် သူ့ကျန်းမာရေး ပိုမိုကောင်းမွန်လာပါလျှင် ရှဲ့ယွင်နန်ကို ကျင့်ကြံ‌ရေးနည်းလမ်းများ သင်ပေးရန် တွေးထားခဲ့သည်မှာ လွန်စွာကြာမြင့်နေပြီဖြစ်သည်။ 


သို့သော် ယခုမူ ...


သူက ဘာပြောရမလဲတောင် နားမလည်‌‌တော့တာကို ဘယ်လိုလုပ် သင်ပေးနိုင်ပါတော့မလဲ ...


ဤရက်ပိုင်းအတွင်း သူသည် စိတ်စွမ်းအင်အစိုင်အခဲမှ ထွက်ပေါ်လာသည့် စိတ်စွမ်းအင်ကို မှီခိုကာ ကျင့်ကြံနေခဲ့ရသည်။ 


ဤမိစ္ဆာ‌လေးကို နှိုးဆော်ရန် စိတ်စွမ်းအင်အနည်းငယ် အသုံးပြုလျှင်ပင် ကိစ္စမရှိချေ။ 


ညစာမစားခင်အထိ ရှောင်ပိုင်သည် တုန့်ပြန်ခြင်းမရှိ၊ သူတို့၏ အစားအစာများကိုလည်း လုံးဝ စိတ်မဝင်စားချေ။ 


သို့သော် သွမ့်ချန်ချင်း၏ လက်ချောင်းမှ စိတ်စွမ်းအင်များ လွတ်ထွက်လာသည့်အခါ ... ရှောင်ပိုင်က သွမ့်ချန်ချင်း၏ လက်ချောင်းရှိရာဆီသို့ တစ်ဟုန်ထိုး ပြေးလာကာ သူ့လက်ကို ငုံခဲထားလိုက်သည်။ 


သွမ့်ချန်ချင်း၏ လက်ချောင်းတို့ ယားကျိကျိဖြစ်လာသည့်အတွက် စိတ်စွမ်းအင်အနည်းငယ်ကို ထပ်ထုတ်ပေးလိုက်ရာ ... ရှောင်ပိုင်က သူ့ကို ပိုမိုကပ်တွယ်လာပြီး ဝမ်းသာအားရ အမြီးယမ်းပြလိုက်သည်။


ရှောင်ပိုင်မှာ သူ့ကို ပထမဆုံး စတွေ့သည့်အချိန်ကတည်းက လွန်စွာစိတ်အားထက်သန်ကာ မျက်နှာကိုပင် လျာဖြင့် လျက်ခဲ့သေးသော်ငြား ထိုအချိန်က သူသည် သိလိုစိတ် ပြင်းထန်နေခဲ့၏။ ယခုမူ ကိစ္စတို့မှာ မတူတော့။ 


ရှောင်ပိုင်က အခု သူ့ကို သဘောကျနေတယ် ...


သွမ့်ချန်ချင်းက လွန်စွာ စိတ်ကျေနပ်သွားသည်။ 


ရှဲ့ယွင်နန်က သူ့အတွက် ကန်စွန်းဉပေါင်းတစ်ပန်းကန် အပေါ်ထပ်သို့ ယူလာပေးသည့်အခါ သွမ့်ချန်ချင်း၏ ရင်ခွင်ထဲသို့ ရောက်နေသော ရှောင်ပိုင်ကို တွေ့လိုက်ရသည်။ ၎င်းက သွမ့်ချန်ချင်း၏လက်ကို လျက်နေကာ မကြာမကြာ ဟောင်သံပေးနေ၏။ အားလုံးမှာ သူ့နားထဲတွင် အလွန်အမင်း ချွဲပစ်ပစ်နှင့် မျက်နှာလိုမျက်နှာရ လုပ်နေသည့်ဟန်ပင်။ 


ရှဲ့ယွင်နန်က အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။


သူက ရှောင်ပိုင်သည် အမြဲ ငယ်ရွယ်သည့် အသက်အရွယ်တွင်သာ ရှိနေသည့်အတွက် မည်သူ့အပေါ်မှ သတိမကပ်၊ လူတိုင်းကို ဖော်ဖော်ရွေရွေ ဆက်ဆံကြောင်း သိထားသည့်တိုင် ဤကဲ့သို့ စိတ်အားထက်သန်နေသည့် ပုံစံကိုမူ တစ်ကြိမ်တစ်ခါမျှပင် မတွေ့ဖူးချေ။ 


“ရှောင်ပိုင် ...”


သူက လှမ်းခေါ်လိုက်သည်။ 


ရှောင်ပိုင်သည် အခြားသူများနှင့် မည်မျှပင် ရင်းနှီးနေပါစေ သူ့နာမည်ကို ခေါ်လိုက်သည်နှင့် တစ်ပြိုင်နက် ရှဲ့ယွင်နန်ထံ ချက်ခြင်း အပြေးရောက်လာတတ်သည်။ 


သူကသာလျှင် ရှောင်ပိုင် အနှစ်သက်ဆုံးသူ ဖြစ်ပေသည်။ 


သို့သော် ယခုအကြိမ်တွင်မူ ... ရှောင်ပိုင်က သူ့ကို လျစ်လျူရှုကာ သွမ့်ချန်ချင်းကိုသာ လျာဖြင့်လျက်နေ၏။ 


ရှဲ့ယွင်နန် ????


သွမ့်ချန်ချင်းက သူ့ကို ပြုံးပြလိုက်သည်။ 


“ကောကော ရှောင်ပိုင်က ကျွန်တော့်ကို အရမ်းသဘောကျနေတာ ထင်တယ် ...”


“ကောကော” ဟု အခေါ်ခံလိုက်ရသည့်အခါ ရှဲ့ယွင်နန်၏ မျက်နှာမှာ မီးထတောက်လုမတတ် ပူပြင်းလာတော့သည်။ 


တစ်ချိန်တည်းမှာပင် ရှောင်ပိုင်ကို လှမ်းကြည့်ကာ အနည်းငယ် ထူးဆန်းသွားသည်။ 


သူက သွမ့်ချန်ချင်းကို ဒီလောက်တောင် ကြိုက်တာလား ... သိတောင် မသိခဲ့ဘူး ...


ပြဇာတ်တို 

ရှဲ့ယွင်နန် : သွမ့်ချန်ချင်းက ငါ့ကို ကြိုက်တယ် သူက ငါနဲ့ လက်ထပ်ချင်တယ်တဲ့ ပြီးတော့ အရမ်းကို ချိုချိုသာသာ ပြုံးပြနေသေးတယ် 


သွမ့်ချန်ချင်း : ရှဲ့ယွင်နန်က ငါ့ရှေ့မှာ သူ့ရဲ့ မူလကိုယ်ကို တစ်ချိန်လုံး ထုတ်ပြ

နေတာ သူ့မှာ ငါနဲ့ပတ်သက်ပြီး ခံစားချက်ကောင်းတွေ ရှိနေမှာ ကျိန်းသေတယ် 


ရှဲ့ယွင်နန် : [ ပြုံးနေ]


သွမ့်ချန်ချင်း : [ ပြုံးနေ ရှောင်ပိုင်ကို သွေးဆောင်]


ရှဲ့ယွင်နန် : ငါက သွမ့်ချန်ချင်းကို အများကြီး သဘောကျနေမိတာလား