Chapter 16
သူ့အဖော်သားရဲ၏ ဤကဲ့သို့သော အပြုအမူမှာ သူသည် သွမ့်ချန်ချင်းကို သဘောကျနေသည်ဟု အခြားသူများအား လူသိရှင်ကြား ထုတ်ပြောခြင်းနှင့် အတူတူပင်ဖြစ်သည်။
ဒီနေရာမှာ ရှိနေတဲ့သူဆိုလို့ သွမ့်ချန်ချင်း တစ်ယောက်တည်းပဲ ဆိုပေမယ့်ပေါ့ ...
“မင်းအတွက် ကန်စွန်းဉပေါင်း ယူလာခဲ့တယ် ... စားကြည့်လိုက် ...”
ကန်စွန်းဉပန်းကန်ကို အိပ်ယာဘေးရှိ စားပွဲပေါ်တင်ကာ ချာကနဲ လှည့်ပြန်လာလိုက်၏။ အောက်သို့ ပြန်ဆင်းလာစဉ်အတွင်း လှေကားထစ်ကိုပင် မတော်တဆ ဝင်တိုက်မိသေးသည်။
အပေါ်ထပ်မှ သဘောတကျ ရယ်မောသံတစ်ချက်ကို ခပ်တိုးတိုး ကြားလိုက်ရသည်။
အောက်ထပ်တွင် ကလေးများက ကန်စွန်းဉပေါင်း စားသောက်ပြီး၍ တပျော်တပါး ပြန်ထွက်သွားပြီးဖြစ်သည်။ ရှဲ့ယွင်နန်က စိတ်ကို ငြိမ်ငြိမ်ထားကာ စက်ပစ္စည်းများကိုသာ ဆက်ပြီး ပြုပြင်နေလိုက်သည်။
မြို့ထဲတွင် နေထိုင်သူများမှာ များသောအားဖြင့် တစ်ယောက်နှင့်တစ်ယောက် သိကျွမ်းနေကြသူများ ဖြစ်သည့်အတွက် ဆိုင်ထဲတွင် သူမရှိသည့်တိုင် ပြင်ဆင်ရမည့် ပစ္စည်းများကို တံခါးဝရှေ့ ထားခဲ့ပြီး သူ ပြန်လာလျှင် ပြုပြင်ပေးရန် အိမ်နီးချင်းများအား မှာထားခဲ့ကြသည်။
သူ ပြင်ဆင်နေသည့် ကားမှာလည်း လက်ထပ်မှတ်ပုံတင် သွားယူနေစဉ်အတွင်း တံခါးဝတွင် ရပ်ထားခဲ့သည့် ပစ္စည်းတစ်မျိုးပင် ဖြစ်သည်။
ပြင်ဆင်ပြီးနောက် ရှဲ့ယွင်နန်သည် အချို့သော အပိုင်းများကို ထုတ်ကာ မော်တော်ဆိုင်ကယ်ကို တပ်ဆင်ရန် ကြိုးစားလိုက်သည်။
ဆင်ခြေဖုံးဒေသ၌ ဟုန်ယဲ့မြို့တော်တွင် နေထိုင်သူများမှ စွန့်ပစ်ထားသည့် ပစ္စည်းများဖြင့် ပြည့်နှက်နေသော အမှိုက်ပုံများလည်း အများအပြား ရှိပေသည်။ ဤဒေသတွင် နေထိုင်သူအချို့က ဝမ်းစာရေးကို အမှိုက်ကောက်ကာ ဖြေရှင်းကြသည်။
ကလေးများမှာလည်း အမှိုက်ကောက်ရန် အနီးအနားရှိ စွန့်ပစ်မြေကွက်လပ်များသို့ သွားရောက်ကာ ကားနှင့် မော်တော်ဆိုင်ကယ်အစိတ်အပိုင်းများကို တွေ့ပါလျှင် သူ့ထံသို့ ယူလာလေ့ရှိသည်။
ထိုအစိတ်အပိုင်း အများစုမှာ ပြန်လည်ကာ အသုံးပြု၍ ရနေဆဲပင်။ တစ်ခါတစ်ရံ အစိတ်အပိုင်း အများအပြား ရလာသည့်အခါ ရှဲ့ယွင်နန်သည် ဟောင်းနွမ်းနေသော ဆိုင်ကယ်များကို ပြုပြင်မွမ်းမံပေးလေ့ရှိသည်။
ထိုကဲ့သို့သော ဆိုင်ကယ်မျိုးဖြင့် ပင်မခရိုင်သို့ မဝင်ရောက်နိုင်၊ အထွေထွေခရိုင်တွင် နေထိုင်သူများကလည်း ဝယ်ယူလိမ့်မည် မဟုတ်။ သို့သော် လွန်စွာ ဈေးချိုသည့်အတွက် ဆင်ခြေဖုံးဒေသတွင်မူ လူကြိုက်များလှပေသည်။
အလုပ်ထဲ အာရုံရောက်သွားသည့်အတွက် ရှဲ့ယွင်နန်သည် သွမ့်ချန်ချင်းကို ကပ်တွယ်နေသည့် ရှောင်ပိုင်၏ အပြုအမူကို မေ့လျော့သွားတော့သည်။
ကောင်းကင်တစ်ခွင်လုံး အလင်းရောင် မရှိတော့ကာမှ ခြေလက်ဆေးကြော၊ မျက်နှာသစ်၍ အဝတ်အစားလဲကာ အပေါ်ထပ်သို့ တက်လာလိုက်သည်။ အပေါ်ထပ်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် ရေချိုးခန်းထဲသို့ တန်းဝင်လိုက်သည်။
ရေချိုးပြီးသည့်နောက်တွင်မှ သူ့ကိုယ်သူ လက်ထပ်ထားပြီးဖြစ်ကြောင်း ရုတ်တရက် သတိရသွားတော့သည်။
ထိုမျှသာမက ယခုညတွင် လက်တွဲဖော်ကို အတူအိပ်ပါမည်ဟု ကတိပေးခဲ့ကြောင်းကိုပါ သတိရသွား၏။
ရှဲ့ယွင်နန်က မှန်ရှေ့တွင် အကြာကြီး ရပ်ကြည့်နေပြီးကာမှ သက်ပြင်းတစ်ချက်ချကာ အပြင်ထွက်လာလိုက်သည်။
“ယွင်နန် စားရအောင်လေ …”
သွမ့်ချန်ချင်းက ရှောင်ပိုင်ကို ပွေ့ချီထားလျက် ရေချိုးခန်းအပြင်မှ စောင့်နေသည်။
သွမ့်ချန်ချင်းသည် စကားကို ကောင်းစွာ မပြောတတ်သေး၊ အမြဲ ထစ်အစွာသာ ပြောတတ်ကာ ရှဲ့ယွင်နန်၏ နာမည်ကိုလည်း တစ်ကြိမ်တစ်ခါမှ မခေါ်ခဲ့ဖူး။ “ကောကော” ဟု ခေါ်လာသည်မှာပင် သိပ်မကြာသေးချေ။
သူ့နာမည်ကို ကြားလိုက်ရသည့်အခါ ရှဲ့ယွင်နန်က ချက်ခြင်း ပြန်မေးလိုက်မိသည်။
“ဘာလို့ ငါ့ကို ကောကောလို့ မခေါ်တော့တာလဲ ...”
သွမ့်ချန်ချင်း သူ့ကို ဒီလိုခေါ်တာမျိုးကို အများကြီး သဘောကျနေမိတာကို ...
သွမ့်ချန်ချင်းက မျက်တောင်တဖျတ်ဖျတ်ခတ်ကာ ပြန်ဖြေလိုက်သည်။
“ငါက မင်းထက် အသက်ပိုကြီးတယ်လေ ...”
“မဖြစ်နိုင်လိုက်တာ မင်းပုံစံက ငါ့ထက် အများကြီး အသက်ငယ်တယ်လို့ ထင်ရတဲ့ဟာကို ...”
ရှဲ့ယွင်နန်က လက်ခံရန် ငြင်းဆန်လိုက်သည်။
သွမ့်ချန်ချင်း “...”
ပြီးခဲ့တဲ့ နှစ်ဘဝပေါင်းရင် နှစ်တွေ ရာနဲ့ချီပြီး နေထိုင်ခဲ့တာကို ထည့်မပြောရင်တောင် အရိုးတည်ဆောက်ပုံအရဆို ဒီခန္ဓာကိုယ်ရဲ့ မူလပိုင်ရှင်က ရှဲ့ယွင်နန်ထက် သေချာပေါက် ပိုအသက်ကြီးနေတာကို ...
ရှဲ့ယွင်နန်က အပြစ်ကင်းစင်စွာဖြင့် မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်ပြနေသူကို ကြည့်ကာ လက်ကိုသာ အသာ ယမ်းပြလိုက်တော့သည်။
“ဟုတ်ပြီ ဟုတ်ပြီ မင်းက ပိုကြီးတယ်ပဲထားပါ ... ညစာ သွားစားကြရအောင် ...”
သွမ့်ချန်ချင်းက လျှပ်စစ်ထမင်းပေါင်းအိုးဖြင့် ကန်စွန်းဉကို ပြုတ်ကာ နူးညံ့လှသည့် ပဲပိစပ်တစ်ပန်းကန်ကိုပါ ပြုတ်ခဲ့ပြီး မုန်လာဉနီနှင့် ကြက်ဉတို့ကို ပြုတ်ကြော်ကြော်ခဲ့သည်။ ထိုမျှသာမက ကြက်သားကိုပါ အရသာနယ်ကာ အနေတော်တုံး၍ ချက်ပြုတ်ခဲ့သေး၏။
လတ်တလောတွင် ကုန်ဈေးနှုန်းများ မြင့်တက်နေကာ အိမ်၏ စားဝတ်နေရေး အခြေအနေမှာ အနည်းငယ် ဆိုးရွားလာသည့်တိုင် ရှဲ့ယွင်နန်သည် ယနေ့မှာ သူတို့ လက်ထပ်သည့်နေ့ ဖြစ်သည့်အတွက် ကြက်တစ်ကောင်ကို အထူးတလည် ဝယ်ခဲ့သည်။
သွမ့်ချန်ချင်းသည် အစားအသောက်များကို ကောင်းစွာ စားသောက်နိုင်သော်လည်း သူ့ဒဏ်ရာများမှာ သက်သာပျောက်ကင်းလုနီးနေပြီဖြစ်ရာ ယခင်ကလောက် များများ မစားတော့ချေ။
ဒါပေမယ့် ဒီနေ့တော့ သူလည်း ပိုစားနိုင်ကောင်းပါရဲ့ ...
ရှဲ့ယွင်နန်က သူစားသောက်ပြီးသည့်နောက် ကျန်နေသော စားစရာအားလုံးကို အပြောင်ရှင်းလိုက်သည့် သွမ့်ချန်ချင်းကို ငေးကြည့်ရင်း အနည်းငယ် စိတ်ရှုပ်ထွေးလာတော့သည်။
သူ့ရဲ့ လက်တွဲဖော်လေးက စားတာ နည်းနည်း များလွန်းနေသလားလို့ ...
သူ့ကို ဝဝလင်လင် မကျွေးနိုင်မှာကိုတောင် ကြောက်နေမိပြီ ...
“အမြဲတမ်း ဒီလိုမျိုး အများကြီး စားနေရမှာလား ...”
သူက မေးလိုက်သည်။
သွမ့်ချန်ချင်းက မျက်တောင်တဖျတ်ဖျတ်ခတ်ရင်း ပြန်ဖြေလိုက်၏။
“မဟုတ်ပါဘူး ... ဒီတိုင်း စားချင်စိတ်ကို ထိန်းမရလို့ ...”
သွမ့်ချန်ချင်းမှာ အချိန်အတော်ကြာ ငတ်မွတ်ခဲ့ရ၍ ဆာလောင်ရသည့် ခံစားချက်မျိုးကို ကြောက်နေခြင်း ဖြစ်ရမည်ဟု တွေးလိုက်မိသည့်အတွက် ရှဲ့ယွင်နန်သည် စိတ်ဖိစီးစွာဖြင့် မတ်တပ်ထရပ်ရင်း သူ့ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။
“စိတ်မပူပါနဲ့ အနာဂတ်မှာ မင်းကို နောက်ထပ် ဘယ်တော့မှ ဗိုက်မဆာစေရတော့ဘူး ...”
ခေါင်းအကိုင်ခံလိုက်ရသည့် သွမ့်ချန်ချင်း “...”
ရှဲ့ယွင်နန်က သူနှင့်အတူ အိပ်ပါမည်ဟု ကတိပေးခဲ့သည့်တိုင် အမှန်တကယ် အိပ်ရမည့်အချိန် ရောက်လာသည့်အခါ အနည်းငယ် စိတ်လှုပ်ရှားလာတော့သည်။
ဆင်ခြေဖုံးဒေသမှာ လွန်စွာ ကမောက်ကမ ဖြစ်နေသည့်အပြင် သူ့ကို သဘောကျသူများ အများအပြား ရှိနေသော်ငြား သူနှင့် ရင်းနှီးသူများဖြစ်သည့် အဘိုးဖြစ်သူနှင့် ဒေါက်တာဟူတို့ကြောင့် တင်းကြပ်သည့် စည်းမျဉ်းစည်းကမ်းတို့ဖြင့် ကြီးပြင်းလာခဲ့ရသည်။
ငယ်ရွယ်စဉ်အချိန်က ဒေါက်တာဟူသည် သူ့ကို အခြားလူအများအပြားနှင့် ရောရောထွေးထွေး နေပါလျှင် ပြင်းစွာ နာမကျန်းဖြစ်လိမ့်မည်ဟု ခြောက်လှန့်ခဲ့ဖူး၏။
ထိုကဲ့သို့သော ရောဂါခံစားရသူများ၏ ဓာတ်ပုံများကိုပင် ပြသခဲ့ကာ တစ်ကိုယ်လုံး နေရာမလပ် အနာဖေးများ ပြည့်နှက်နေကာ ပုပ်ပွပြည်တည်နေသည့် ဓာတ်ပုံများက သူ့ကို ကြီးစွာ ခြောက်လှန့်ခဲ့သည်။
မည်သူနှင့်မှ ချစ်ကျွမ်းဝင်ခြင်း မရှိခဲ့ရခြင်း၏ အကြောင်းအရင်းတွင် ထိုဓာတ်ပုံများ၏ လွှမ်းမိုးနိုင်စွမ်းမှာလည်း ကြီးမားသော အခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်ပေသည်။
သွမ့်ချန်ချင်းကို မငြင်းဆန်ခဲ့သည့် အကြောင်းအရင်းတစ်ခုကို ပြောရပါလျှင် သူသည် နေမကောင်း ဖြစ်နေခြင်း မရှိ၍ဟု ပြောရပေမည်။
ယခု တစ်ယောက်ယောက်နှင့် တစ်အိပ်ယာတည်း အိပ်ရတော့မည်ဖြစ်ရာ ...
သွမ့်ချန်ချင်းတောင် မကြောက်တာ ... သူ့မှာလည်း ဘာကြောက်စရာ ရှိတာမှတ်လို့ ...
အဘိုးဖြစ်သူ ကွယ်လွန်ပြီးနောက် ရှဲ့ယွင်နန်သည် ထုံးတမ်းစဉ်လာအတိုင်း ဆောင်ရွက်ကာ အဘိုးဖြစ်သူ မကြာခဏ အသုံးပြုခဲ့သည့် ပစ္စည်းများကိုပါ တစ်ပါတည်း မီးသင်္ဂြိုဟ်ပေးခဲ့သည်။
ထို့နောက် သူ ဝယ်ထားခဲ့သည့် အခန်းထဲရှိ အိပ်ယာမှာ ၁.၈ မီတာ ကျယ်သည့်အတွက် အရွယ်ရောက်ပြီးသော အမျိုးသားနှစ်ဦးပင်လျှင် ချောင်ချောင်ချိချိ အိပ်စက်နိုင်သည်။
ပူပြင်းလှသည့် နွေရာသီတွင် မွေ့ယာကို ခင်းထားခြင်း မရှိ။ ထို့ကြောင့် ရှဲ့ယွင်နန်သည် ခေါင်းအုံးတစ်လုံးနှင့် စောင်ပါးတစ်ထည်ကိုသာ ယူလာခဲ့သည်။ အိပ်ယာတစ်ဖက်ခြမ်းတွင် ဝင်လှဲကာ ကုတင်အောက်ရှိ ရှောင်ပိုင်ကို လက်ယပ်ခေါ်လိုက်သည်။
“ရှောင်ပိုင် ဒီနားလာ ..."
ရှောင်ပိုင်က အနားသို့ ပြေးလာကာ သူ့ခန္ဓာကိုယ်ပေါ် တက်၍ ဘေးနားတွင် ထိုင်နေသော သွမ့်ချန်ချင်း၏ ရင်ခွင်ထဲသို့ အတင်း တိုးဝင်လိုက်သည်။
ရှဲ့ယွင်နန် “...”
ဒီအဖော်သားရဲက နည်းနည်းလေးမှကို ချစ်စရာ မကောင်းတော့ပါဘူးနော် ...
တစ်ဖက်သို့ လှည့်ကြည့်လိုက်သည့်အခါ ရေချိုးပြီးကာစ သွမ့်ချန်ချင်း၏ ရင်သပ်ဖွယ် မျက်နှာနုနုကို တွေ့လိုက်ရသည်။
သူက အရမ်းကို လှတာပဲ ....
အဲဒါကြောင့် ငါ့အတွက် အလှအပရဲ့ ဆွဲဆောင်မှုကို ခံလိုက်ရတာက ပုံမှန်ပါပဲနော် ဟုတ်တယ်မဟုတ်လား ...
အိပ်ယာပေါ်သို့ ပြန်လှဲချရင်း ရှက်ရွံ့နေသော ရှဲ့ယွင်နန်သည် ရှောင်ပိုင်ကို ပြန်ခေါ်လိုစိတ်များ တဖွားဖွား ထွက်ပေါ်လာတော့၏။
ထိုစဉ် ရှဉ့်ပေါက်စလေးက သူ့အပေါ် ခုန်တက်လာကာ အနားသို့တိုး၍ သူ့ကို နမ်းလိုက်သည်။
ခွေးပေါက်စများက လူကို လျာဖြင့်လျက်ကာ အမြီးတယမ်းယမ်း လှုပ်ပြတတ်သည်မှာ ထုံးစံပင် ဖြစ်သော်ငြား ရှဉ့်ပေါက်စများတွင်မူ ထိုကဲ့သို့သော အမူအကျင့်မျိုး မရှိတတ်ပေ။
ရှဉ့်ပေါက်လေး၏ ဤကဲ့သို့သော အပြုအမူမျိုးမှာ သွမ့်ချန်ချင်းကလည်း သူ့ကို များစွာ သဘောကျနေမှသာ ဖြစ်လာနိုင်သည့် အပြုအမူမျိုးဖြစ်သည်။
ရှဲ့ယွင်နန်က ရှောင်ပိုင်ကို ပြန်ခေါ်ရန် မတွေးတော့ပဲ ထိုအစား ရှောင်ဟွားကိုသာ အာရုံစိုက်နေလိုက်သည်။
ရှဲ့ယွင်နန်ကို အသားယူရန် မူလရုပ်သွင်ကို အသုံးပြုကာ ရှဲ့ယွင်နန်၏ ပင်မခန္ဓာကိုယ်ကို ဆွဲဆောင်ရန် စိတ်စွမ်းအင်ကို အသုံးချနေသည့် သွမ့်ချန်ချင်းမှာလည်း လက်ရှိအခြေအနေကို လွန်စွာ သဘောတွေ့နေသည်။
သူတို့က လက်ထပ်ပြီးပြီပဲဟာ ဒီလိုကိစ္စတွေက ပုံမှန်ပဲလေ ...
ထိုသို့ တွေးပြီးသည့်နောက် သူသည် ရှောင်ပိုင်ကို စိတ်စွမ်းအင်အနည်းငယ် ထပ်ကျွေးလိုက်သည်။
ရှောင်ပိုင်ရဲ့ သွေးတည်ဆောက်ပုံ မနိုးထသေးတာ စိတ်စွမ်းအင် အားနည်းနေသေးလို့ပဲ ဖြစ်ရမယ် စိတ်စွမ်းအင်သာ လုံလုံလောက်လောက် ရရင် ရှောင်ပိုင်လည်း ကြီးထွားလာနိုင်မှာပဲ ...
နောက်တစ်နေ့မနက်အစောပိုင်း အိပ်ယာနိုးလာချိန်တွင် ရှဲ့ယွင်နန်သည် ရှောင်ပိုင်ကို ပွေ့ဖက်ကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသည့် သွမ့်ချန်ချင်းကို တွေ့လိုက်ရသည်။
ရှောင်ဟွားကလည်း သူ့ခေါင်းအုံးဘေးတွင် ခွေလျက် တစ်ကိုယ်လုံးကို အမြီးဖြင့်ဖုံးကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်။
ရှဲ့ယွင်နန်က အိပ်ယာမှထကာ သွမ့်ချန်ချင်း၏ ရင်ခွင်ထဲမှ ရှောင်ပိုင်ကို ဆွဲထုတ်လိုက်သည်။
ဒီအကောင်ပေါက်က ဘာလို့ သူ့ကို စွန့်ပစ်လိုက်တာလဲဆိုတာ မေးချင်နေတာ ...
ရလဒ်အနေဖြင့် သူပင် တစ်ခွန်းမှ မမေးရသေးခင် ရင်ခွင်ထဲမှ လစ်ဟာမှုကို ခံစားလိုက်ရသည့် သွမ့်ချန်ချင်း၏ မျက်လုံးတို့ ပွင့်လာ၏။ ထို့ကြောင့် ရှဲ့ယွင်နန်က ရှောင်ပိုင်ကို ပြန်ချပေးကာ ပြောလိုက်သည်။
“နည်းနည်းလောက် ထပ်အိပ်လိုက်ဦး ကိုယ် စားဖို့ တစ်ခုခု သွားလုပ်လိုက်မယ် ....”
သွမ့်ချန်ချင်းက ခေါင်းငြိမ့်ပြလိုက်သည်။
ရှဲ့ယွင်နန်က စိတ်လက်ကြည်သာစွာဖြင့် မီးဖိုချောင်ထဲ ဝင်ကာ စားစရာ ပြုလုပ်ပေးပြီးနောက် ဆိုင်ဖွင့်ရန် အောက်ထပ်သို့ ဆင်းလာလိုက်သည်။
သွမ့်ချန်ချင်းကို ကယ်တင်လာကာစက ထိုသူသည် ဒဏ်ရာရနေသည့်အပြင် စကားလည်း မပြောနိုင်၊ ယခုမူ ပြန်လည် သက်သာလာရုံသာမက သူနှင့်လည်း စကားပြောဆိုဆက်သွယ်နိုင်နေပြီဖြစ်သည်။
တကယ်ကို ကောင်းတာပဲ ...
သွမ့်ချန်ချင်း ဘာကြောင့် ဤမျှအထိ လျင်မြန်စွာ စကားပြောတတ်လာသလဲဆိုသည့် အကြောင်းအရင်းကိုမူ ... ရှဲ့ယွင်နန်အနေဖြင့်လည်း အံ့အားသင့်နေမိဆဲ ဖြစ်သော်ငြား သွမ့်ချန်ချင်းမှာ ယခင်ကတည်းက စကားပြောတတ်ထားပြီးဖြစ်ကာ အချိန်ကြာမြင့်စွာ ပိတ်လှောင်အကျဉ်းချခံထားရသောကြောင့် မေ့လျော့သွားခြင်း ဖြစ်ရမည်ဟုသာ မှတ်ချက်ချလိုက်သည်။
သူနဲ့ စကားပြောပေးမယ့်သူ ရှိနေသရွေ့ စကားပြန်ပြောတတ်လာတာ ပုံမှန်ပဲလေ ...
ကလေးသံနဲ့ တူတဲ့ လေယူလေသိမ်းတွေကတော့ ...
ရှဲ့ယွင်နန်က တံခါးပေါက်ကို ဖွင့်လိုက်သည့်အခါ မြို့ထဲတွင် နေထိုင်သူတစ်ဦး၏ ဝမ်းနည်းပက်လက်ဖြစ်နေသည့် မျက်နှာကို တွေ့လိုက်ရသည်။
ကုန်ဈေးနှုန်း ကြီးမြင့်လာခြင်းမှာ လူချမ်းသာများအဖို့ များစွာ မသက်ရောက်နိုင်သော်ငြား ဆင်ခြေဖုံးဒေသတွင် နေထိုင်သူများအဖို့မူ သက်ရောက်မှု ကြီးမားလှပေသည်။
နွေရာသီ ဖြစ်နေ၍သာ တော်သေးသည်။ အနီးအနားရှိ စိုက်ပျိုးခင်းများ၏ အထွက်နှုန်းမှာ များပြားလှသည့်အပြင် သီးပင်စားပင် စိုက်ပျိုးရန် မြေအချို့လည်း ရှာဖွေနိုင်သေးသည့်အတွက် မည်သူမှ ငတ်မွတ်လိမ့်မည် မဟုတ်ပေ။
ထိုသို့တွေးနေစဉ် ရှဲ့ယွင်နန်သည် အဘိုးကျိုးထံ ကြက်သားကြော် လာဝယ်နေသူတစ်ဦးကို တွေ့လိုက်ရသည်။ ကြက်သားကြော် ရမည်ကို စောင့်နေရင်း အချင်းချင်း စကားစမြည် ပြောနေကြ၏။
“အခုတလော ပိုင်ရှင်ပြောင်းသွားတဲ့ စိုက်ခင်းတွေမှ အများကြီးပဲနော် ...”
“ဟုတ်ပါ့ ဘာတွေ ဖြစ်နေတာလဲဆိုတာကို မသိတော့ပါဘူး ...”
“တော်သေးတာပေါ့ ငါတို့တွေ အလုပ်မပြုတ်သေးလို့ ဒီနားလေးက စိုက်ခင်းတွေဆို ပိုင်ရှင်ပြောင်းသွားပြီးနောက်ပိုင်း ရှိရှိသမျှ အလုပ်သမားတွေ အကုန်လုံးကို အလုပ်ထုတ်ပစ်တယ်တဲ့ ... လျော်ကြေး ရတယ်ဆိုပေမယ့် ပုံမှန်အလုပ်လေး ရဖို့ဆိုတာ မလွယ်ဘူးလေ ...”
ထိုစကား ကြားသည့်အခါ ရှဲ့ယွင်နန်သည် သူ့မှတ်ဉာဏ်ထဲတွင် လျောင်ရှင်းယွမ်သည် လျောင်မုယဲ့က လျောင်မိသားစုပိုင် စိုက်ခင်းနှင့် လယ်ကွင်းများ အားလုံးကို ရောင်းချပစ်ကြောင်း သူ့အား ပြောခဲ့ဖူးသည်ကို သတိရသွားသည်။
ဒါက မှတ်ဉာဏ်ထဲကအတိုင်း ဖြစ်နေတာပဲ ...
ဒီလိုဆိုကာမှ အဲဒီ့မှတ်ဉာဏ်ထဲမှာဆို လျောင်ရှင်းယွမ်က သူ့ကို နေ့ရှိသရွေ့ ခဏခဏ လာရှာနေတာ မဟုတ်လား ... ဒီမှတ်ဉာဏ်တွေ ရပြီးတဲ့နောက်ပိုင်း သူ့ကို ဖော်ဖော်ရွေရွေ မဆက်ဆံတော့ဘူး ဆိုပေမယ့် သူ ထပ်လာဦးမလား ဆိုတာ ဘယ်သူ သိမှာတဲ့လဲ ...
တိုက်တိုက်ဆိုင်ဆိုင်ပင် ... ရှဲ့ယွင်နန်မှာ အတွေးထဲ နစ်မြောနေစဉ် သူ့ရှေ့သို့ ကားတစ်စီး ထိုးရပ်လာပြီး ယာဉ်မောင်းထိုင်ခုံမှ လျောင်ရှင်းယွမ် ထွက်လာသည်။
“ရှဲ့ယွင်နန် မင်း လက်ထပ်ပြီးသွားပြီဆို ...”
ကားထဲမှ ထွက်လာသည်နှင့် တစ်ပြိုင်နက် သူ့ကို ချက်ခြင်း မေးခွန်းထုတ်လိုက်သည်။
“မင်းက ဘယ်လိုလုပ် သိတာလဲ ...”
ရှဲ့ယွင်နန်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“ငါ့အစ်ကိုပြောတာ....”
လျောင်မုယဲ့မှာ အတော်လေး စိတ်ပူနေသည့်ဟန်။
“ဘာလို့ ရုတ်တရက်ကြီး လက်ထပ်လိုက်ရတာလဲ ပြီးတော့ ဘယ်သူနဲ့လဲ ဘာလို့လဲ မင်း မသိဘူးလား ငါ့အစ်ကိုက ...”
ရှဲ့ယွင်နန်က သူ့စကားများကို ဖြတ်ပြောလိုက်သည်။
“လျောင်သခင်လေး အရင် ကျွန်တော့်စီမှာ နေခဲ့တုန်းက နေထိုင်စရိတ်တွေ တစ်ပြားမှ မပေးခဲ့ဘူးလေ အဲဒါ အခု ပြန်ပေးလို့ ရမလား ...”
လျောင်မုယဲ့က ကြောင်အသွားသည်။
“ဘာကို ...”
“အရင်က မင်း ငါနဲ့အတူ လာနေ ပြီးတော့ ငါချက်ကျွေးတာကို စားခဲ့ပေမယ့် တစ်ပြားတစ်ချပ်မှ မပေးခဲ့ဘူးလေ ...”
ရှဲ့ယွင်နန်က အလေးအနက် ပြောလိုက်သည်။
“မင်း .. မင်းက ငါ့ဆီကနေ ပိုက်ဆံလိုချင်နေတာလား ...”
“မင်းက အလကား စားသောက်ချင်နေတာလား ...”
ရှဲ့ယွင်နန်က ပြန်မေးလိုက်သည်။
လျောင်ရှင်းယွမ် ရောက်မလာတာ ကောင်းတယ်ဆိုပေမယ့် ရောက်လာမှတော့ သူကလည်း သေချာပေါက် ပိုက်ဆံတောင်းရမှာပေါ့ ...
အခု သူ့လက်ထဲမှာလည်း ငွေပြတ်လပ်နေပြီလေ ....
“မင်း ...”
လျောင်ရှင်းယွမ်က သူ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
“ဘယ်လောက် လိုချင်တာလဲ ...”
“စားစရာသောက်စရာတွေ အတွက်က ၁၀၀၀၀ ....”
လျောင်ရှင်းယွမ်သည် အစားအသောက်နှင့် ပတ်သက်၍ လိုအပ်ချက် အတော်မြင့်မားသူ ဖြစ်ကာ အဆင့်မြင့် စားသောက်ကုန်များ၏ ဈေးနှုန်းမှာ မသက်သာလှချေ။ သူ ဝယ်ပေးခဲ့သည့် စားစရာများ၏ ကုန်ကျစရိတ်ကပင်လျှင် ၆၀၀၀ မှ ၇၀၀၀ အကြား ရှိနေကာ ကျန်ပိုက်ဆံမှာမူ အခြားသော ကုန်ကျစရိတ်များအတွက် ဖြစ်သည်။
သူလည်း အဲဒီ့စားစရာတွေကို စားခဲ့တယ် ဆိုပေမယ့် ... လျောင်ရှင်းယွမ်သာ မရှိရင် ဒီလောက် ဈေးကြီးတာတွေကို စားဖြစ်မှာ မဟုတ်ဘူးလေ ...
“ကတ်ထဲက ဖြတ်လိုက် ...”
လျောင်ရှင်းယွမ်က ပြောလိုက်သည်။
စက်ကိုထုတ်ကာ သူ့ကတ်ထဲမှ ငွေ ၁၀၀၀၀ ဖြတ်ပြီးကာမှသာ ရှဲ့ယွင်နန်၏ စိတ်အခြေအနေ အနည်းငယ် ပိုကောင်းလာတော့သည်။
“ငါ့ကို ပြန်မဖြေရသေးဘူး ဘာလို့ ချက်ခြင်းကြီး လက်ထပ်လိုက်တာလဲ ...”
သူက ထပ်မေးလိုက်ပြန်သည်။
“ဘာလို့ဆို သူ့ကို ကြိုက်လို့လေ ... ငါ့ဘာသာ လက်ထပ်တာ မင်းကို အစီရင်ခံနေစရာမှ မလိုတာ မဟုတ်ဘူးလား ...”
ရှဲ့ယွင်နန်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“ငါ့အစ်ကို ...”
“လုပ်စရာရှိသေးလို့ ဘေးကို ဖယ်ပေးလို့ ရမလား ...”
ရှဲ့ယွင်နန်က သူ့စကားကို နောက်တစ်ကြိမ် ဖြတ်ပြောလိုက်ပြန်သည်။
လျောင်ရှင်းယွမ်၏ မျက်နှာတစ်ခုလုံး ဒေါသစိတ်ကြောင့် နီရဲလာ၏။
“မင်းက ဘယ်လိုလုပ် တစ်ခြားတစ်ယောက်နဲ့ ချက်ခြင်းလက်ငင်းကြီး ကြိုက်သွားနိုင်မှာလဲ ယန်ယုကောက တစ်ခုခု လုပ်ခဲ့လို့လား ..."
“ယွင်နန်ကော သူက ဘယ်သူလဲဟင် ...”
အသံတစ်ခု ရုတ်ချည်း ထွက်ပေါ်လာသည်။ ---- သွမ့်ချန်ချင်းက ရှောင်ပိုင်ကို သယ်၍ အောက်ထပ်သို့ ဆင်းလာ၏။
သူ့ကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် လျောင်ရှင်းယွမ်က ချက်ခြင်း ထုတ်မေးလိုက်သည်။
“မင်းက ဘယ်သူလဲ ...”
“ငါက ယွင်နန်ကောရဲ့ လက်တွဲဖော်လေ ...”
သွမ့်ချန်ချင်းက ပြန်ဖြေလိုက်သည်။
သူ၏ သိစိတ်ဝိဉာဉ်အရ အောက်ထပ်ရှိ အခြေအနေကို အာရုံခံမိသည့်အတွက် ဆင်းလာခြင်း ဖြစ်သည်။
သူ့ရှေ့မှာ ရှိနေတဲ့သူ ...
သွမ့်ချန်ချင်းက ထိုသူသည် ရှဲ့ယွင်နန်အပေါ် အကောင်းမြင်စိတ်တစ်ခု ရှိနေသည်ဟု ခံစားမိနေသည်။
ဒါပေမယ့် အဲဒီ့သူက သူ့စိတ်ကိုတောင် သူ မသိဘူးပဲ ...
“မင်းလား ဘယ်လိုလုပ် ရှဲ့ယွင်နန်က မင်းကို ကြိုက်သွားနိုင်ရတာလဲ .. ပြီးတော့ ဘာ “ယွင်နန်ကော”လဲ မင်း ...”
ဒေါသထွက်နေသည့် လျောင်ရှင်းယွမ်သည် သူ့စကား မဆုံးသေးမီမှာပင် သွမ့်ချန်ချင်း၏ ရင်ခွင်ထဲ ဝင်ထိုင်ကာ သူ့လည်ပင်းကို အဆက်မပြတ် လျာဖြင့် လျက်နေသည့် ရှောင်ပိုင်ကို တွေ့လိုက်ရသည်။
အလိုလိုက်ခံထားရသည့် ကလေးတစ်ယောက်နှယ် “ဝုတ် ဝုတ်” ဟုပါ တစ်ချက်တစ်ချက် ထိုးဟောင်လိုက်သေးသည်။
ထိုမျှသာမက သွမ့်ချန်ချင်း၏ ရင်ခွင်ထဲသို့ ပို၍ပင် တိုးဝင်နေလိုက်သေးသည်။
“ရှောင်ပိုင် မလုပ်နဲ့လေ ...”
သွမ့်ချန်ချင်းက သူ့ကို တွန်းထုတ်ချင်သည့်ဟန်။
သို့သော် ရှောင်ပိုင်က သူ့ကို လျာဖြင့် လျက်နေရင်း ဆက်တိုက် ဟောင်နေဆဲပင်။ သူ့ပုံစံမှာ သွမ့်ချန်ချင်းအနားမှ တစ်ဖဝါးပင် မခွာနိုင်၊နမ်းရန်လည်း စိတ်လှုပ်ရှားနေသည့်ဟန်ပင်။
သွမ့်ချန်ချင်းကလည်း အလျော့ပေးကာ သူ့လည်ပင်းကို ဆက်ပြီး လျက်နေခွင့် ပေးထားလိုက်ရတော့သည်။ သူက လျောင်ရှင်းယွမ်ကို ပြောလိုက်သည်။
“အာ ... ရှောင်ပိုင်က အရမ်းကို လူကပ်တာပဲ .. ဒါနဲ့ စောစောက ဘာပြောလိုက်တာလဲ ရှောင်ပိုင့်ကျေးဇူးနဲ့ ကောင်းကောင်း မကြားလိုက်ရလို့ ...”
လျောင်ရှင်းယွမ်၏ မျက်နှာတစ်ခုလုံး မည်းမှောင်သွားတော့သည်။
ရှောင်ပိုင်သည် ပြေးရလွှားရသည်ကို သဘောကျသည့် သွက်လက်သော ခွေးပေါက်စတစ်ကောင် ဖြစ်ကာ အပွေ့ဖက်ခံထားရသည်ကို နည်းနည်းမျှပင် မနှစ်သက်။ သူက ရှဲ့ယွင်နန်နှင့် ရင်းနှီးသည့်တိုင် ရှောင်ပိုင်ကိုမူ ဤကဲ့သို့ တရင်းတနှီး မနေနိုင်ခဲ့ပေ။
သို့သော် ယခု ရှောင်ပိုင်၏ အပြုအမူများမှာ အလွန်အမင်း ငမ်းငမ်းတက် ဖြစ်နေ၏။
ဒီခွေးပေါက်စက သူ့ကို
အရမ်း သဘောကျပေမယ့် အနားနား ကပ်ဖို့ကြံတိုင်း ထွက်ထွက်ပြေးတတ်တဲ့ ခွေးပေါက်စနဲ့ တစ်ကောင်တည်းပဲလား ...
ပြီးတော့ ဒီတစ်ယောက်ရဲ့ စကားပြောတဲ့ လေသံကလည်း သိပ်မဟုတ်သလိုပဲနော် ...
ရှဲ့ယွင်နန်ရဲ့ မျက်နှာကလည်း နည်းနည်းလေး နီရဲနေတာ ... သူ့ရှောင်ပိုင်က ဘာများ ဖြစ်နေတာပါလိမ့် ...
သူက ဒီလောက်အထိတောင် နှာဘူးကျတတ်တယ်လား ...