အပိုင်း ၁၇
Viewers 7k

Chapter 17




လျောင်ရှင်းယွမ်က သွမ့်ချန်ချင်းကို ဒေါသမီးလျှံတို့ တောက်လောင်နေသော အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။ 


“မင်း ... မင်း ...”


သွမ့်ချန်ချင်း၏ မျက်လုံးထဲတွင်မူ ဤလျောင်ရှင်းယွမ်မှာ ကလေးတစ်ယောက်မျှသာ။  


သူ၏ ပိုင်ဆိုင်မှုကို ပြသရန် အောက်ထပ်သို့ ဆင်းလာခြင်း ဖြစ်သော်ငြား ဤကလေးအပေါ် မည်ကဲ့သို့သော အကြံအစည်မျိုးကိုမှ တွေးထားခြင်း မရှိသေးပေ။ သူက ရုတ်တရက် ထမေးလိုက်သည်။ 


“ငါကရော ...”


ဒါက ရန်စတာလား .. ဟုတ်တယ် သေချာပေါက်ကို ရန်စနေတာပဲ ဖြစ်ရမယ် ...


လျောင်ရှင်းယွမ်က သူ့ကို သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် စိုက်ကြည့်လိုက်သည်။ 


“ယွင်နန်ကော ဘယ်လိုဖြစ်လို့များ ဒီလိုလူမျိုးကို သဘောကျသွားရတာလဲ ...”


ရှဲ့ယွင်နန်မှာ သူ့အဖော်သားရဲ၏ အပြုအမူကြောင့် ရှက်ရွံ့နေမိသော်လည်း သူ သွမ့်ချန်ချင်းကို သဘောကျသည်မှာ မှားယွင်းသည်ဟု မထင်ပေ။ 


“ငါက အမြဲတမ်း ဒီလိုပုံစံမျိုးကိုပဲ ကြိုက်ခဲ့တာ ပြဿနာ ရှိလို့လား ...”


“ပြဿနာရှိလို့လား” ဆိုတာကို ထပ်ပြောပြန်ပြီ ....


လျောင်ရှင်းယွမ်မှာ ဒေါသစိတ်တို့ ပေါက်ထွက်ကာ စကားပင် ပြန်မပြောနိုင်၊ ချာခနဲ လှည့်ပြန်သွားတော့သည်။ 


ရှဲ့ယွင်နန်က သူ ထွက်သွားသည့်အတွက် လွန်စွာ ဝမ်းသာမိသော်လည်း အိမ်နီးနားချင်းများ ရောက်လာသည့်အခါ နောက်ထပ် သည်းမခံနိုင်တော့ချေ။ 


“ရှောင်ရှဲ့ မင်းတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက တကယ်ကို ကောင်းတာပဲ ...”


“ယွင်နန်ရေ ငါဖြင့်လေ မင်းက ရှောင်သွမ့်ကို ဒီလောက်အထိ သဘောကျလိမ့်မယ်လို့ ထင်ကို ထင်မထားဘူး ..."


“မင်းရဲ့ အဖော်သားရဲက အရွယ်မရောက်သေးဘူးနော် ... ချစ်စရာကောင်းလိုက်တာ ...”


“မင်းခွေးပေါက်က ဒီလိုပုံစံမျိုးလေး လုပ်တတ်မယ်လို့ ထင်မထားမိဘူး ဟားဟားဟား ...”


“ရှောင်ရှဲ့ ငါ တိတိကျကျတော့ မပြောတတ်ဘူး ... ဒါပေမယ့် ကြင်စဉီးတွေအတွက်ကတော့ ပုံမှန်ပဲ မဟုတ်လား ... မနေ့ညက အချိန်ကောင်းလေး ဖြတ်သန်းခဲ့ရတယ်ထင်တယ် ...”


....


ရှဲ့ယွင်နန် “...”


သွမ့်ချန်ချင်းက ရှောင်ပိုင်ကို ပွေ့ဖက်ကာ အားလုံးကို ပြုံးပြလိုက်သည်။ 


တစ်ဖက်တွင် ... စိတ်ဆိုးမာန်ဆိုး ထွက်ခွာလာရသည့် လျောင်ရှင်းယွမ်မှာ တွေးလေလေ ပိုမိုကာ ဒေါသထွက်လာတော့သည်။ 


ရှဲ့ယွင်နန်က ဘာလို့ သူ့ဝမ်းကွဲကို သဘောမကျဘဲ ဘာမှမရှိတဲ့ အညတရတစ်ယောက်ကို ကြိုက်ရတာလဲ နားကို မလည်တော့ဘူး ...


မိတ်ကပ်အထူကြီး လိမ်းထားတဲ့ အဲဒီ့ သွမ့်ချန်ချင်းဆိုတဲ့ တစ်ယောက်က သူ့ဝမ်းကွဲကို ယှဉ်နိုင်ဖို့ မပြောနဲ့ သူနဲ့တောင် လုံးဝ မယှဉ်နိုင်ဘဲနဲ့များ ...


လျောင်မိသားစုအိမ်တော်သို့ ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် လျောင်ရှင်းယွမ်သည် လျောင်မုယဲ့ကို သွားတွေ့လိုက်သည်။ 


“ဆင်ခြေဖုံးဒေသကို သွားပြန်ပြီလား ...”


လျောင်မုယဲ့က မေးလိုက်သည်။ 


“ဟုတ် ...”


လျောင်ရှင်းယွမ်က ပြန်ဖြေလိုက်သည်။ 


လျောင်မုယဲ့၏ အကြည့်ထဲတွင် လှည့်ဖျားလိုသည့် အရိပ်အယောင်တို့ ဖြတ်သန်းသွားသည်။ 


ရှဲ့ယွင်နန်ရဲ့ အကြံအစည်တွေက တော်တော်လေး အဆင့်မြင့်တာပဲ သူ့ကိုရော လျောင်ရှင်းယွမ်ကိုပါ ကြိုးရှည်ရှည်နဲ့ လှန်ထားနေတယ် ....


ပထမဘဝတွင် သူသည် ရှဲ့ယွင်နန်ကို မြင်မြင်ချင်းပင် ချစ်မိခဲ့သည်။ ရှဲ့ယွင်နန်နှင့် ချစ်ကြိုက်ပြီးသည့်နောက်တွင်လည်း လျောင်ရှင်းယွမ်သည် သူ့အရှေ့တွင် ရှဲ့ယွင်နန်၏ ကောင်းကြောင်းများကို မကြာခဏ ပြောတတ်၏။


နောက်ပိုင်းတွင်မှ လျောင်ရှင်းယွမ်သည်လည်း ရှဲ့ယွင်နန်ကို သဘောကျနေခြင်းဖြစ်ကြောင်း သိခဲ့ရသည်။ 


“မင်း ဒီလိုမျိုး ချက်ခြင်း ပြန်လာတာ ရှားသားပဲနော် ...”


လျောင်မုယဲ့က ပြောလိုက်သည်။ 


အတိတ်ဘဝက သူသည် နောင်တရခဲ့သော်ငြား လျောင်ရှင်းယွမ်မှာမူ အနည်းငယ်မျှပင် နောင်တရဟန်မတူ။ ရှဲ့ယွင်နန် ဖွဲ့စည်းသည့် အစိုးရအသစ်တွင် ဝါဒဖြန့်ချီစည်းရုံးရေးဝန်ကြီးအဖြစ်ပင် ပါဝင်ခဲ့သေးသည်။ 


“ကော ... ဘယ်လိုလုပ် သိတာလဲ ရှဲ့ယွင်နန်က လက်ထပ်သွားပြီတဲ့ ...”


လျောင်ရှင်းယွမ်က ပြောလိုက်သည်။ 


“ဘာပြောလိုက်တယ် ...”


လျောင်မုယဲ့က ကြောင်အသွား၏။ ပြန်လည်မွေးဖွားလာပြီးနောက် သူသည် ရှဲ့ယွင်နန်အပေါ် များစွာ အာရုံစိုက်ခဲ့သော်ငြား လတ်တလောတွင် အလုပ်များနေသည့်အတွက် ထိုသူ၏ လက်ရှိအခြေအနေအကြောင်း များစွာ သိမထားပေ။ 


“ရှဲ့ယွင်နန်က လက်ထပ်လိုက်ပြီလို့ ...”


လျောင်ရှင်းယွမ်က ဒေါသတကြီး ပြောလိုက်သည်။ 


“သူက ဆင်ခြေဖုံးဒေသက တစ်ယောက်နဲ့ပဲ လက်ထပ်လိုက်တာ အဲဒီ့ ရုပ်ဆိုးဆိုးကောင်က ဘာများ ကောင်းလို့လဲ ရှဲ့ယွင်နန်က ဘယ်လိုဖြစ်လို့ အဲဒီ့လိုကောင်မျိုးကို ကြိုက်နိုင်ရတာလဲ ..."


ပြောလေလေ မတရားခံရသည်ဟု ခံစားရလေပင်။ ထိုစဉ် တစ်စုံတစ်ခုကို ရုတ်တရက် သတိရလိုက်သည်။ 


မဟုတ်မှလွဲရော ... သူကလည်း ရှဲ့ယွင်နန်ကို ကြိုက်နေမိတာလား ...”


သူ့အဖော်သားရဲမှာ လွန်စွာ အားနည်းနေသည့်အတွက် လျောင်မိသားစု၏ တန်ဖိုးထားခြင်းကို မခံရ။ ထို့ကြောင့်လည်း ဆင်ခြေဖုံးဒေသသို့ ထွက်ပြေးလာခြင်းဖြစ်သည်။ 


ရှဲ့ယွင်နန်က သူ့ကို ခေါ်ထားပေးတယ် .. သူက ရှဲ့ယွင်နန်နဲ့ နေခဲ့တယ် အရာရာတိုင်းကို မကျေမနပ် ဖြစ်ခဲ့တယ် ဆိုပေမယ့် တကယ်တမ်း စဉ်းစားကြည့်ရင် ... သူက ရှဲ့ယွင်နန်ကို တကယ် သဘောကျနေခဲ့တာပဲ ...


မဟုတ်ဘူး ... မဖြစ်နိုင်ဘူး ...


ရှဲ့ယွင်နန်က ဆင်ခြေဖုံးဒေသမှာ မွေးတဲ့ သာမန်သူတစ်ယောက် ပြီးတော့ အဖော်သားရဲကလည်း ခွေးတစ်ကောင်ပဲဟာကို ငါက ဘယ်လိုဖြစ်လို့ ဒီလိုလူမျိုးကို သဘောကျမိမှာလဲ ...


သူ့ဝမ်းကွဲက ရှဲ့ယွင်နန်အပေါ် ခံစားချက်တွေ ရှိနေတယ် ဆိုတာကကို လုံလောက်နေပြီလေ ပြီးတော့ ဝမ်းကွဲနဲ့ ရှဲ့ယွင်နန်ကို တွဲစေချင်ရတဲ့ အဓိက ရည်ရွယ်ချက်ကလည်း ဝမ်းကွဲရဲ့ လုပ်ရပ်ကို လှောင်ရယ်ချင်လို့ပဲ ...


နယ်ပယ်တိုင်းမှာ ထူးချွန်ပြောင်မြောက်နေတဲ့ ဝမ်းကွဲက ... ဒီလိုယောကျ်ားမျိုးနဲ့ ရသွားတယ် ... ဘယ်လောက်တောင် စိတ်ဝင်စားစရာ ကောင်းလိုက်သလဲ ...


လျောင်ရှင်းယွမ်၏ စိတ်ထဲတွင် အတွေးပေါင်းများစွာ ဖြတ်သန်းသွားကာ လျောင်မုယဲ့နှင့် စကားပြောလိုခြင်း မရှိတော့သည့်အတွက် ချက်ခြင်း ပြန်လှည့်ထွက်သွားလိုက်သည်။ 


လျောင်မုယဲ့ကလည်း ကြက်သေသေသွားကာ ဆင်ခြေဖုံးဒေသသို့ သွားကြည့်လိုစိတ်များ ဖြစ်ပေါ်လာတော့သည်။ 


ခြေလှမ်းအနည်းငယ် လှမ်းပြီးသည့်နောက်တွင်မှ တစ်ခုခု မှားနေကြောင်း သတိပြုမိလိုက်သည်။ 


ရှဲ့ယွင်နန် လက်ထပ်သွားပြီဆိုတာကို ဘယ်လိုနည်းနဲ့မှ မယုံကြည်နိုင်ဘူး ...


ဒီလူက နက်ရှိုင်းတဲ့ အကြံအစည်တွေနဲ့ ပြည့်နှက်နေတဲ့ဟာကို ... ဒီလိုမျိုး ကောက်ကာငင်ကာ လက်ထပ်လိုက်တယ် ဆိုတာကလည်း သူ့ကို လိုက်ဖို့ခက်တယ်ဆိုတဲ့ အကွက်မျိုး ကစားချင်နေလို့ပဲ ဖြစ်ရမယ် ...


သူသာ သတင်းကြားကြားချင်း အပြေးသွားခဲ့မယ်ဆိုရင် ရှဲ့ယွင်နန်က သူ့အကြံအစည်အတိုင်း သရုပ်ဆောင်ပြမလားပဲ ...


အတိတ်ဘဝက ရှဲ့ယွင်နန်က လုံးဝ လက်မထပ်ခဲ့တဲ့ဟာ ဒီဘဝမှာ သာမန်ကာလျှံကာလုပ်ပြီး လက်ထပ်လိုက်တယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ သူ့ဆီမှာ သေချာပေါက်ကို အကြောင်းအရင်းတစ်ခုခု ရှိနေလိမ့်မယ် ...


လျောင်ရှင်းယွမ်ကလည်း သူ့အကြံတွေကို နားမလည်ဘူးလား ...


နောက်ဆုံးတွင်မူ လျောင်မုယဲ့သည် ဆင်ခြေဖုံးဒေသသို့ မသွားဖြစ်ခဲ့။ ဟုန်ယဲ့တောအုပ်သို့ စုံစမ်းထောက်လှမ်းရန် စေလွှတ်ထားသူများ ပြန်ရောက်လာ၍ ဖြစ်သည်။ 


ထိုသူများကို ခေါ်လာရန် အမိန့်ပေးပြီးနောက် စာကြည့်ခန်းထဲသို့ ဝင်လိုက်သည်။ 


အတိတ်ဘဝတွင် သူ့၏ အဆင့်အတန်းမှာ မနိမ့်ပါးလှ။ ခွန်အားအရာတွင်လည်း မညံ့ဖျင်း၊ ထိပ်တန်းတိုက်ခိုက်ရေးသမားများအနက် တစ်ဦးအပါအဝင်ပင် ဖြစ်ခဲ့သေးသည်။ 


ကျင့်ကြံကာ ခန္ဓာကိုယ်ကို ချီဓာတ်ဖြင့် အားဖြည့်သည့်အပြင် အုပ်ချုပ်ရေးရာထူးတစ်ခုကို နှစ်အတော်ကြာ တာဝန်ယူထားခဲ့သည့်အတွက် သူ့စိတ်သဘောထားသည် ခြောက်ခြားဖွယ် ပြောင်းလဲမှုများကို ကြုံတွေ့ရသည့်တိုင် တုန်လှုပ်ခြင်း အလျဉ်းမရှိတော့ပေ။ 


အထူးသဖြင့် သူသာ ဆန္ဒရှိပါလျှင် လွှမ်းမိုးအုပ်စိုးတတ်သည့် ပုံစံနှင့် ပို၍ပင် တူပေသေးသည်။ 


အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ကာ စာကြည့်ခန်းထဲသို့ ဝင်လာသည်နှင့်တစ်ပြိုင်နက် လက်အောက်ငယ်သား တစ်ယောက်ကမှ သူ့ကို မော့မကြည့်ရဲကြတော့ချေ။ 


သူက ထိုင်ခုံတွင် ဝင်ထိုင်ကာ မထူးဆန်းလေဟန်ဖြင့် မေးလိုက်သည်။ 


“ဟုန်ယဲ့တောအုပ်ထဲမှာ ကမောက်ကမတွေ ဖြစ်ကုန်ပြီလား ...”


လက်အောက်ငယ်သားအားလုံး ကြောင်အသွားကာ တစ်ခဏမျှ ကြာကာမှသာ ပြန်ဖြေနိုင်ကြတော့သည်။ 


“အကြီးဆုံးသခင်လေး .. ဟုန်ယဲ့တောအုပ်က အရင်အတိုင်းပါပဲ ...”


အကြီးဆုံးသခင်လေးရဲ့ ပုံစံက အတော်လေး ယုံကြည်အားကိုးစရာ ကောင်းပေမယ့် သူမေးတဲ့ မေးခွန်းတွေက ... တကယ့်ကို မယုံနိုင်လောက်စရာပဲ ...


လျောင်မုယဲ့၏ မျက်ခုံးနှစ်ဖက် တွန့်စုသွားသည်။ 


သူပဲ ရက်စွဲကို မှားပြီး မှတ်မိနေတာလား ... 


“ဆင်ခြေဖုံးဒေသမှာ တိရိစ္ဆာန်တွေ အများကြီး ရှိနေလား အံ့ဖွယ်သားရဲတွေရော ရှိလား ...”


ထိုလက်အောက်ငယ်သားများက ပြန်ဖြေလိုက်သည်။ 


“နွေရာသီ ရောက်နေပြီဆိုတော့ ဆင်ခြေဖုံးဒေသမှာ တောယုန်နဲ့ ဖြူကောင်တွေ အရင်ကထက် ပိုများလာပါတယ် မြွေပါတွေလည်း ထွက်လာတတ်ပေမယ့် အံ့ဖွယ်သားရဲတွေတော့ မရှိပါဘူး ...”


လျောင်မုယဲ့ “...”


လျောင်မုယဲ့က သူ့လူများ ထွက်သွားသည်အထိ စောင့်ကာ အပြန်ပြန်အလှန်လှန် စဉ်းစားပြီးနောက် ထိုအကြောင်းနှင့် ပတ်သက်၍ ဆက်မတွေးရန်သာ ဆုံးဖြတ်လိုက်တော့သည်။ 


သူပုန်တပ်ဖွဲ့ခေါင်းဆောင်ဖြစ်သော တစ္ဆေဘုရင်ကို မည်ကဲ့သို့ ကိုင်တွယ်ရမည်ကိုလည်း စဉ်းစားရပေဦးမည်။ 


လတ်တလောတွင် မြို့တော်အားလုံးသည် မြင့်မြတ်သော မြို့တော်၏ ထိန်းချုပ်မှုအောက်တွင် ရောက်ရှိနေ၏။ 


မြင့်မြတ်သည့် မြို့တော်တွင် မြောက်များစွာသော အထက်တန်းလွှာများ၊ မရေမတွက်နိုင်လောက်အောင် များပြားသော အင်အားကြီး တိုက်ခိုက်ရေးသမားများနှင့် အရေးအကြီးဆုံးဖြစ်သော ယဇ်ဆရာများ ရှိနေသည်။ 


လူနေမှုအဖွဲ့အစည်းမှာ အဖူးအငုံဘဝသာ ရှိသေးသည့်အတွက် အများစုသည် မျိုးနွယ်စုများဖြင့် နေထိုင်နေကြဆဲပင်။ ထိုအထဲမှ ယဇ်ဆရာများ ထွက်ပေါ်လာ၏။ 


ယဇ်ဆရာများတွင် အနာရောဂါအားလုံးကို ကုသနိုင်သည့် စိတ်စွမ်းအင်များ ပိုင်ဆိုင်ထားသည်။ ထိုသူတို့မှာ မျိုးနွယ်စုထဲတွင် လေးစားခြင်းကို အခံရဆုံးသူများဖြစ်ကာ မျိုးနွယ်စုခေါင်းဆောင်နှင့်အတူ မျိုးနွယ်စုကို စီမံခန့်ခွဲကြသည်။ 


နှစ်ထောင်ပေါင်းများစွာ ကြာမြင့်သည့်တိုင် ဤအတိုင်း မပြောင်းမလဲ ကျင့်သုံးဆဲပင်။ သို့သော် အမျိုးမျိုးသော အကြောင်းပြချက်များကြောင့် ယဇ်ဆရာအရေအတွက် လျော့နည်းသွားကာ တိုက်ကြီးတစ်တိုက်လုံးတွင်မှ ၁၀၀ ခန့်သာ ကျန်ရစ်တော့သည်။


ယခုအချိန်တွင် ယဇ်ဆရာနှင့် အထက်တန်းလွှာများက မြင့်မြတ်သော မြို့တော်ကို ထိန်းချုပ်ထားကြသည်။ 


ဂိုဏ်းဂဏကွဲပြားမှုကြောင့် တိုက်ပွဲများ ဖြစ်ပွားကြရာမှ အမျိုးမျိုးသော ပျက်စီးဆုံးရှုံးမှုများကိုပါ ကြုံတွေ့လာရသည်။ 


ထို့အပြင် တစ္ဆေဘုရင်သည် S အဆင့် အလိုရှိ ရာဇဝတ်ကောင် ဖြစ်နေသည့် အကြောင်းအရင်းမှာလည်း တစ်ချိန်က ယဇ်ဆရာတစ်ဦးကို သတ်ဖြတ်ခဲ့သည့်အပြင် ...


ပြီးခဲ့သည့်ဘဝက သူနှင့် ရှဲ့ယွင်နန်သည် ထိုသူကို အတူတကွ ကယ်တင်ခဲ့ကာ ထိုသူက ကျေးဇူးပြန်ဆပ်ရန်အတွက် သူတို့အနောက်မှလိုက်၍ အမျိုးမျိုးသော ကိစ္စတို့ကို ကူညီဖြေရှင်းကာ ကာကွယ်တိုက်ခိုက်ပေးခဲ့သည်။ ဟုန်ယဲ့တောအုပ်မှ ပြေးထွက်လာသည့် သားရဲများကလည်း သူတို့အား ဟုန်ယဲ့မြို့တော်ကို ထိန်းချုပ်ခွင့် ပေးခဲ့ကာ တစ်ဖြည်းဖြည်းချင်း ဟုန်ယဲ့မြို့တော်၏ အရှင်သခင် ဖြစ်လာခဲ့သည်။ 


သို့သော် ကံဆိုးစွာဖြင့် ယန်ယုကောကြောင့် ရှဲ့ယွင်နန်က သူ့ကို စွန့်ခွါခဲ့ကာ တစ္ဆေဘုရင်ကလည်း ရှဲ့ယွင်နန်၏ အနောက်သို့ လိုက်ပါသွားသည်။ 


မူလက သူကသာ အရှင်သခင် ဖြစ်သော်ငြား တစ္ဆေဘုရင်၏ ရွေးချယ်မှုကြောင့် ရှဲ့ယွင်နန်က ရှေ့ရောက်လာခဲ့သည်။ 


ရှဲ့ယွင်နန်မှာ လွန်စွာ သန်မာလှသော်ငြား သူ့အဖော်သားရဲမှာ ခွေးတစ်ကောင်ဖြစ်ပေသည်။ သူ၏ သန်မာမှုမှာလည်း အမျိုးမျိုးသော ဆေးဖက်ဝင်ပစ္စည်းများနှင့် အံ့ဖွယ်သားရဲတို့၏ အသားကြောင့် ရရှိလာခြင်း ဖြစ်သည်။ 


သူသာ ရှဲ့ယွင်နန်ကို ထိုပစ္စည်းများဖြင့် ထောက်ပံ့မပေးခဲ့ပါလျှင် ရှဲ့ယွင်နန်လည်း ထိုမျှအထိ သန်မာလာမည် မဟုတ်ပေ။ 


သူသာ မရှိပါလျှင် ရှဲ့ယွင်နန်၏ ကံကြမ္မာမှာ အားနည်းစွာသာ အဆုံးသတ်မည်ဖြစ်ကာ တစ္ဆေဘုရင်ကလည်း သူ့အပိုင် ဖြစ်လာမည်ဖြစ်သည်။


ဟုန်ယဲ့တောအုပ်က ဘာလို့ ဘာမှ မဖြစ်သေးတာလဲ သူတို့ တစ္ဆေဘုရင်ကို ကယ်ခဲ့တာ အဲဒါပြီးတော့ သိပ်မှ မကြာတော့တာကို ...


ဆင်ခြေဖုံးဒေသတွင် လျောင်မိသားစု၏ လယ်ကွက်တစ်ကွက် ရောင်းထွက်သွားသည်။ 


 ထိုလယ်ကွက်ကို သူပုန်များက ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ ဝယ်ယူပြီးနောက် လျောင်မိသားစု၏ မူလလက်ဟောင်း အလုပ်သမားများအားလုံးကို အလုပ်ထုတ်ကာ သူတို့က ထိုနေရာသို့ ပြောင်းရွှေ့လာသည်။ 


ဟုန်ယဲ့တောအုပ်ထဲတွင် ပုန်းအောင်းနေခဲ့စဉ်က ပတ်ဝန်းကျင်အခြေအနေမှာ လွန်စွာ ဆိုးရွားလှသည်။ ယခု စိုက်ခင်းလယ်ကွင်းထဲတွင် နေထိုင်ရသည့်အခါ လူတိုင်း လွန်စွာ ကျေနပ်နေကြတော့၏။ 


သို့သော် ... လျောင်မိသားစု၏ စိုက်ခင်းမှာ လွန်စွာ ကြီးမားလှကာ စိုက်ခင်းထဲရှိ ကန်စွန်းဉ အများစုမှာလည်း ရင့်မှည့်နေပြီဖြစ်သည်။ 


သူတို့က ဒါတွေကို ဘာလုပ်ရမှာလဲ ...


သူတို့ရဲ့ ခွန်အားတွေနဲ့ဆို ကန်စွန်းဉ တူးရဖို့က သိပ်တေ့ မခက်လှပါဘူး ဒါပေမယ့် တကယ်ကြီး တူးရမယ်ဆို လှုပ်ရှားမှုတွေက အရမ်းကို ကြီးမားလွန်းရာ ရောက်သွားမှာပေါ့ ...


ပြီးတော့ တူးပြီးသွားတယ်ပဲထား ဆေးကြောပြီး သိမ်းထားရမှာလား ...


သူတို့ အားလုံးက အနည်းဆုံး အဆင့် ၅ ရှိတဲ့ တိုက်ခိုက်ရေးသမားတွေလေ သူတို့ ခွန်အားနဲ့သာဆို ဒီလို မြို့သေးသေးလေးမှာ သခင်ဖြစ်ဖို့ဆိုတာ ခက်မှမခက်တာ ... ကန်စွန်းဉတူးပြီး ဆေးကြောဖို့ဆိုတာကို .... သိပ်ပြီး မလုပ်ချင်လှဘူး ...


ဒါပေမယ့် မြေကြီးထဲမှာ အမြစ်တွယ်နေမှာကို ခွင့်ပြုထားလို့လည်း မဖြစ်ပြန်ဘူး ...


အထူးသဖြင့် အခုလို ကုန်ဈေးနှုန်းတွေ မဟားတရား မြင့်တက်နေတဲ့ အချိန်မှာလေ ...


“လျောင်မိသားစုက ဘာတွေ လုပ်နေတာလဲ နောက်ထပ်သာ ဈေးထပ်တက်ရင် ဒီကလူတွေ စားစရာကို ရှိတော့မှာ မဟုတ်ဘူး ...”


“မိသားစုကြီးတွေ အကုန်လုံးက ဒီလိုတွေပဲ မဟုတ်လား သူတို့က သာမန်လူတန်းစားတွေကို ထည့်မစဉ်းစားကြဘူးလေ ...”


“ကန်စွန်းဉတွေ ရောင်းလိုက်ရအောင် ...”


“ဒါပေမယ့် ဘယ်သူ တူးမှာလဲ ...”


“လောင်ဝူ မင်းရဲ့ အဖော်သားရဲက သင်းခွေချပ် မဟုတ်လား ...”


“မင်းရဲ့ မိချောင်းကရော တွင်းမတူးနိုင်လို့လား ...”


“ဆူညံလိုက်တာ မင်းတို့ရဲ့ အဖော်သားရဲတွေကို တူးခိုင်းလိုက်ရင် ကန်စွန်းဉတွေ ပျက်စီးကုန်မယ် မဟုတ်လား ...”


မျက်နှာဖုံးတပ်ထားသည့် တစ္ဆေဘုရင်က ဖြတ်ပြောလိုက်သည်။ 


လူတိုင်း “...”


ဟုတ်သားပဲ .. သူတို့ရဲ့ အဖော်သားရဲတွေက အရမ်းသန်မာတဲ့ဟာ လှုပ်ရှားမှုတိုင်းက အားကြီးတော့ ကန်စွန်းဉတွေ အကုန်လုံး ပျက်စီးကုန်မှာပေါ့ ...


“ခေါင်းဆောင် ဒါဆို ဘယ်လိုလုပ်ကြမလဲ ...”


တစ်ယောက်က မေးလိုက်သည်။ 


“လူငှားလိုက် ...”


တစ္ဆေဘုရင်က အရူးအုပ်စုကို စိုက်ကြည့်ကာ ပြောလိုက်သည်။ 


“ဒါပေမယ့် ကျွန်တော်တို့ကို ရှာတွေ့သွားရင် ...”


“ဝန်ထမ်းအိမ်ယာအနားကို မလာခိုင်းနဲ့လေ ...”


တစ္ဆေဘုရင်က ပြောလိုက်သည်။ ယခု သူတို့အားလုံးသည် အလုပ်သမားဟောင်းများ နေသွားခဲ့သည့် အိမ်ယာတွင် နေနေကြခြင်း ဖြစ်သည်။ 


ဒီလိုလည်း ဖြစ်သားပဲ ... အဲဒီ့လူတွေ အလုပ်လုပ်နေတဲ့အချိန် သူတို့က ဝန်ထမ်းအိမ်ယာမှာ နေနေလို့ ရသားပဲ ...


........


လျောင်ရှင်းယွမ် ထွက်သွားပြီးနောက် ရှဲ့ယွင်နန်သည် သွမ့်ချန်ချင်းကို အပေါ်ထပ်သို့ အမြန်ပြန်တက်ခိုင်းလိုက်သည်။ 


သူ့အဖော်သားရဲ၏ မျှော်လင့်ချက်မဲ့ဖွယ် အပြုအမူကို အခြားသူများအား မြင်ခွင့်မပေးနိုင်။ 


တစ်ချိန်တည်းမှာပင် အနီးဝန်းကျင်ရှိ အချိန်ပိုင်းအလုပ်များကိုပါ စုံစမ်းနေလိုက်သည်။


“ရှောင်ရှဲ့ မင်းက ငွေပြတ်လပ်နေတာမှ မဟုတ်တာ ဘာလို့ အချိန်ပိုင်းအလုပ်အကြောင်း မေးနေရတာလဲ ...”


မည်သူကမှ သူ့လုပ်ရပ်ကို နားမလည်နိုင်။ 


“ကျွန်တော်က လက်ထပ်ပြီးသွားပြီဆိုတော့ ငွေပိုရှာချင်လို့လေ ....”


“ဟုတ်သားပဲ မင်းက တစ်ယောက်တည်းမှ မဟုတ်တော့တာ အခုတလော ဈေးတွေကလည်း တအားကို တက်နေတော့ ... သင့်လျော်တဲ့ အလုပ်လေး တွေ့ရင် မင်းကို သေချာပေါက်ပြောမယ် ဟုတ်ပြီလား ...”


တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုနေ့ နေ့လည်ခင်း၌ တစ်စုံတစ်ယောက်က သူ့ကို အချိန်ပိုင်းအလုပ်တစ်ခုဖြင့် မိတ်ဆက်ပေးလာသည်။ 


ဒီနားက လယ်ကွက်တစ်ခုက ကန်စွန်းဉတူးဖို့ လူလိုနေတယ်တဲ့ အချိန်တိုတိုလေးအတွင်းမှာ အကုန်လုံး ပြီးအောင် တူးပေးနိုင်ဖို့ပဲလိုတာ အလုပ်သမား အရေအတွက်ကိုလည်း ကန့်သတ်မထားဘူးတဲ့ ...


ဒါက တော်တော်လေးကို အဆင်ပြေတာပဲ ...


ဆန်ဈေးနှုန်းမှာ မသက်သာလှ။ အတိတ်ကာလ၌ အချို့သော ဆင်ခြေဖုံးဒေသတွင် နေထိုင်သူများသည် ရိတ်သိမ်းချိန်အတွင်း အသက်ရှင်သန်နိုင်ရန် အလို့ငှာ ပျက်စီးနေသော ကန်စွန်းဉနှင့် အာလူးများကို ရောင်းချကြရ သည်။ အနာအဆာ ပါသည်များမှာ တစ်ပေါင်လျှင် နှစ်ယွမ်၊ စင်းလုံးချော ကောင်းမွန်သည်များမှာမူ အနည်းဆုံး လေးယွမ်ဖြင့် ရောင်းချနိုင်သည်။ 


လတ်တလောတွင် အနာအဆာ မရှိသည့် ကန်စွန်းဉများ၏ ဈေးနှုန်းမှာ ဆယ်ယွမ်အထိ မြင့်တက်နေပြီဖြစ်သည်။ 


ဆင်ခြေဖုံးဒေသတွင် နေထိုင်သူအများစု၏ ဝင်ငွေမှာ နည်းပါးလှသည်။ 


ရှဲ့ယွင်နန်က အခြားသူတို့၏ အလုပ်ကို လုယူမိရာ ရောက်လေမလားဟုပင် တွေးမိနေ၏။ 


ကျူးကျော်ရပ်ကွက်တွင် နေထိုင်သူများနှင့် နှိုင်းယှဉ်ပါလျှင် သူ့တွင် စုဆောင်းထားသည်များ ရှိနေဆဲဖြစ်သည်။ 


ထိုသို့ တွေးနေစဉ် အပေါ်ထပ်မှတစ်ဆင့် ထိုစကားဝိုင်းကို နားထောင်နေသည့် သွမ့်ချန်ချင်းကလည်း အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။ 


ဤကမ္ဘာရှိ ကုန်ဈေးနှုန်းများနှင့် မရင်းနှီးသည့်အတွက် ထိုအကြောင်း များစွာ မစဉ်းစားမိခဲ့။ 


ားစရာတို့၏ အရည်အသွေးမှာ ဆိုးဝါးလာသည့်တိုင် ရှဲ့ယွင်နန်က ပို၍ ချွေတာခြင်း ဖြစ်ရမည်ဟုသာ တွေးခဲ့မိသည်။ 


ဒါပေမယ့် အခုပုံစံအတိုင်းဆို ... ရှဲ့ယွင်နန်ရဲ့ လက်ထဲမှာ ငွေပြတ်နေတာလား ... သူက ကားပြင်ဆိုင် ရှိနေတာတောင် ကန်စွန်းဉ လိုက်တူးနေရပြီပေါ့ ....


သူ အစားကြီးလွန်းသွားလို့များလား ...