Chapter 18
ရှဲ့ယွင်နန်က သူ၏ အချိန်ပိုင်းအလုပ်အကြောင်း သွမ့်ချန်ချင်းကို ပြောပြမထားပေ။
သွမ့်ချန်ချင်းမှာ ကျန်းမာရေး မကောင်းသေးသည့်အတွက် ငွေကြေးကိစ္စများကို ပူပန်မနေသင့်ပေ။
သို့သော် ညစာစားနေစဉ်အတွင်း သွမ့်ချန်ချင်းက အလုပ်ရှာရန် စကားစလာလိမ့်မည်ဟု မျှော်လင့်မထားမိခဲ့။
"ယွင်နန် ငါ အလုပ်ရှာချင်လို့ မင်းအမြင်မှာရော ငါက ဘယ်လိုအလုပ်မျိုးကို လုပ်နိုင်လိမ့်မယ်လို့ ထင်လဲ ..."
ရှဲ့ယွင်နန်က တစ်ခဏမျှ ကြောင်အသွားပြီးနောက် ရယ်မောလိုက်သည်။
"အရင်ဆုံး စကားပြောတတ်၊ ရေးတတ်ဖတ်တတ်အောင်ပဲ အရင်သင်ပါဦး မင်း အကုန်လုံးကို လေ့လာပြီးသွားကာမှ အလုပ်တစ်ခုနဲ့ မိတ်ဆက်ပေးမယ် ..."
"ကောင်းပါပြီ ..."
သွမ့်ချန်ချင်းက သဘောတူလိုက်သည်။
ရှဲ့ယွင်နန်က ဆက်ပြောလိုက်ပြန်သည်။
"မစိုးရိမ်နဲ့ ငါတို့မိသားစုမှာ ပိုက်ဆံရှိပါတယ် အစက ငါစုထားတာ ၄၀၀၀၀ ရှိတာလေ အဲဒါကို အရင်က ပိုက်ဆံချေးထားဖူးတဲ့ လူတစ်ယောက်က သူအကြွေးတင်နေတဲ့ ၁၀၀၀၀ လာပေးသွားတော့ စုစုပေါင်း ၅၀၀၀၀ ရှိတယ် ... နေဦး ခဏစောင့်ဦး မင်းကိုလည်း ပိုက်ဆံ နည်းနည်းပါးပါး ပေးထားဦးမယ် ..."
ထို့နောက် သူက အံဆွဲကို လှပ်ကာ သွမ့်ချန်ချင်း၏ လက်ထဲသို့ ၅၀၀၀ ထည့်ပေးလိုက်သည်။
"ဒါကို ယူထားပြီး မင်း ဝယ်ချင်တာဝယ် ... မြို့ထဲကို ဈေးဝယ်ထွက်ချင်လည်း ရတယ် ..."
အိမ်ထောင်ဦးစီးတစ်ယောက် အနေနဲ့ သူ့မှာ မိသားစုကို ဂရုစိုက်ရမယ့်တာဝန် ရှိတယ်လေ ...
ဆင်ခြေဖုံးဒေသတွင် နေထိုင်သူအများစုမှာ ငွေသားကိုသာ အသုံးပြုကြသည့်အတွက် စုငွေထဲမှ ၂၀၀၀၀ ကို ငွေသားအဖြစ် အိမ်တွင် သိမ်းထားသည်။
"ငါ့ကို ပိုက်ဆံပေးဖို့ မလိုပါဘူး ..."
သွမ့်ချန်ချင်းမှာ အနည်းငယ် ရှက်ရွံ့မိတော့သည်။
ဒါက ... ငါ့ကို ပျိုးထောင်ပေးနေတာလား ...
"ယူထားလိုက်ပါ မင်းမှာ အဝတ်အစားတွေမှ မရှိတာ နည်းနည်းပါးပါး ဝယ်လို့ရတာပေါ့ ..."
ရှဲ့ယွင်နန်က ပြောလိုက်သည်။
"အခုတလော ငါက အတော်လေး အလုပ်များနေမှာဆိုတော့ အိမ်အတွက် လိုအပ်တာတွေ ဝယ်ဖို့ကို မင်းနဲ့ လွှဲခဲ့မယ်နော် ..."
ဈေးဝယ်ထွက်စေကာ လူအများနှင့် ထိတွေ့ရင်းနှီးစေခြင်းသည် သွမ့်ချန်ချင်းအတွက်လည်း အကျိုးရှိလှပေသည်။
ဤသို့ဖြင့် သွမ့်ချန်ချင်းမှာလည်း ထိုပိုက်ဆံကို လက်ခံထားလိုက်ရတော့သည်။
သူ့အနေဖြင့် ရှဲ့ယွင်နန်မှာ ငွေရှာရုံသာမက အသီးအရွက် ဝယ်ခြမ်းရေးတွင်ပါ ဝင်ပါနေရသည်ကို လက်ပိုက်ကြည့်မနေနိုင်။
သို့သော် အဝတ်အစားများကိုတော့ ဝယ်ယူမည် မဟုတ်၊ သူသည် အဝတ်အစားနှင့် ပတ်သက်၍ များစွာ ဂရုစိုက်တတ်သူ မဟုတ်ပေ။
ငွေရှာရန်အတွက်မူ ...
ပညာရပ်တစ်စုံတစ်ရာကိုမှ သင်ယူထားဖူးခြင်း မရှိသည့်အပြင် စကားပင် ကောင်းကောင်းမပြောတတ်သေးသူအဖို့ .. အလုပ်တစ်ခု ရှာတွေ့နိုင်ရန်မှာ မလွယ်ကူလှပေ။
ညစာစားပြီးနောက် ရှဲ့ယွင်နန်က ထိုအကြောင်းတွေးကာ ပြောလိုက်သည်။
"ငါ့မှာ လုပ်စရာလေး ရှိသေးလို့ အပြင်သွားလိုက်ဦးမယ် အိပ်ချင်ရင် အရင်အိပ်နှင့်နော် ..."
"ကောင်းပါပြီ ..."
သွမ့်ချန်ချင်းက သူ့စကားကို လက်ခံကာ အိပ်ယာပေါ် လှဲချလိုက်သည်။
ရှဲ့ယွင်နန်က အိမ်မှထွက်ကာ ကန်စွန်းဥ တူးရန်အတွက် စိုက်ခင်းရှိရာသို့ သွားလိုက်သည်။
ထိုနေရာမှာ လူအများအပြားဖြင့် စည်ကားနေ၏။ တံခါးဝတွင် ကန်စွန်းဥ တူးလိုသည့်သူ မည်သူ့ကိုမဆို ကြိုဆိုကြောင်း အသိပေးသည့် ဆိုင်းဘုတ်ကိုပါ ချိတ်ဆွဲထားသည်။ တူးကာ ဆေးကြောပြီးသည့် ကန်စွန်းဥများအနက် ငါးပုံတစ်ပုံကို လုပ်အားခအဖြစ် ရေတွက်ကာ ကျန် လေးပုံငါးပုံကိုမူ ပြန်သိမ်းမည်ဖြစ်သည်။
၎င်းမှာ အလုပ်သမားများအဖို့ လွန်စွာ လိုက်လိုက်လျောလျော ရှိလှသည့် သဘောတူညီချက်များပင် ဖြစ်သည်။ ထိုသူတို့မှာ ဆင်ခြေဖုံးဒေသတွင် နေထိုင်သူများအား ကူညီလိုခြင်းဖြစ်ကြောင်း မြင်သာလှ၏။ ကန်စွန်းဥတူးသည့်အလုပ်မှာ လွန်စွာ လွယ်ကူလှကာ အရွယ်ရောက်ပြီးသူတစ်ဦးအနေဖြင့် တစ်နေ့လျှင် ပေါင်ချိန်ရာနှင့်ချီ၍ပင် တူးနိုင်သည်။
နေဝင်ပြီးကာစသာ ရှိသေးသော်လည်း ထိုနေရာတွင် လူစုံနှင့်နေပြီဖြစ်သည်။ ရှဲ့ယွင်နန်က ဟိုမှဒီမှ ရောက်လာကြသူများကို အများအပြား တွေ့လိုက်ရသည်။
"ယွင်နန်ကော ကန်စွန်းဥ တူးမလို့ ရောက်လာတာလား ..."
ရှဲ့ယွင်နန်နှင့် ကောင်းကောင်းရင်းနှီးသည့် ကလေးတစ်ဦးလည်း ထိုနေရာတွင် ရောက်နေရာ သူ့ကို တစ်ချက် လှည့်ကြည့်ရုံဖြင့်ပင် မှတ်မိသွားခဲ့သည်။
"ဟုတ်တယ် ကန်စွန်းဥ တူးမလို့ ..."
ရှဲ့ယွင်နန်က ပြုံးပြလိုက်သည်။
"ကျွန်တော်တို့ အကုန်လုံး အထဲရောက်နေပြီ ကျွန်တော်က အခုလေးတင် အိမ်မှာ ကန်စွန်းဥတွေ သွားသိမ်းလာတာ ... ယွင်နန်ကော မြန်မြန်လေး လာခဲ့ ..."
"ကောင်းပြီ ..."
ရှဲ့ယွင်နန်က စာရင်းပေးရန် တံခါးဝသို့ သွားလိုက်သည်။
စိုက်ခင်း၏ ဂိတ်စောင့်မှာ အသက် ၂၀ ဝန်းကျင်သာ ရှိသေးသည့် လူငယ်လေးတစ်ဦးဖြစ်သည်။ ရှဲ့ယွင်နန်ကို မြင်လိုက်သည့်အခါ ချက်ခြင်း စကားပြန်မပြောနိုင်၊ တစ်ခဏမျှ ကြောင်အသွားသည်။
"မင်းကလည်း ကန်စွန်းဥ တူးမလို့ပဲလား ..."
ရှဲ့ယွင်နန်၏ ရုပ်ရည်နှင့် ပြောဆိုပြုမူပုံတို့မှာ ကန်စွန်းဥ လာတူးသူများနှင့် လားလားမှမတူ။ ဆင်ခြေဖုံးဒေသတွင် နေထိုင်သူဟုပင် ထင်ရက်စရာ မရှိပေ။
"ဟုတ်ကဲ့ ..."
ရှဲ့ယွင်နန်က ဖြေလိုက်သည်။
အစောင့်က သူ့ကို အတော်ကြာ အကဲခတ်နေပြီးကာမှ စာရင်းသွင်းပေးလိုက်သည်။
ညရောက်နေပြီ ဖြစ်သော်ငြား စိုက်ခင်းတွင် လူစည်ကားနေဆဲပင်။ ခပ်မှိန်မှိန်အလင်းရောင်အောက်တွင်ပင် အားလုံးက ခက်ခက်ခဲခဲ ကြိုးစားနေကြသည်။
သို့သော် ပစ္စည်းကိရိယာမှာမူ .. လုံလောက်ခြင်းမရှိ။
ထို့ကြောင့် လူငယ်နှင့် သက်လတ်ပိုင်း အမျိုးသားအမျိုးသမီးများက တူးရွင်းဖြင့် မြေကိုဆွကာ ကန်စွန်းဥ အကြီးများကို တောင်းထဲ ထည့်လိုက်ကြသည်။ ထို့နောက်တွင်မှ ကလေးနှင့် သက်ကြီးရွယ်အိုများက ရွံ့ကိုတူး၍ ခပ်သေးသေး ကန်စွန်းဥများကို ကိုယ်စီ တောင်းထဲထည့်ကာ သယ်လာလိုက်ကြသည်။
ရှဲ့ယွင်နန်က သူ့ကိုယ်ပိုင် ကိရိယာများကို ယူမလာခဲ့မိ၊ စိုက်ခင်းတွင်လည်း ပစ္စည်းအပိုများ မရှိတော့ရာ ကလေးများနှင့်အတူ ကန်စွန်းဥ အသေးများကိုသာ လိုက်ကောက်နေလိုက်သည်။ ကန်စွန်းဥကို တွေ့လေတိုင်း ကလေးများ သယ်လာသည့် အိတ်ထဲသို့ ပစ်ထည့်လိုက်သည်။
"ရှဲ့ကော မယူဘူးလား ..."
အနက်ရောင်အမှိုက်အိတ်အကြီးကြီးတစ်လုံးကို တရွတ်တိုက်ဆွဲလာသည့် ကလေးတစ်ဦးက မေးလိုက်သည်။
"ငါ့မှာ စားစရာတွေ ပြတ်လပ်မနေသေးဘူးလေ ဒီကို အခြေအနေ လာကြည့်ရုံပဲ ..."
သူက ပြောလိုက်သည်။ သူက ထိုသူများနှင့် အလုပ်ပြိုင်လုရန် ရည်ရွယ်ချက်မရှိ၊ ကန်စွန်းဥများ ပိုမိုသိုလှောင်ထားနိုင်ရန် အလို့ငှာ စိုက်ခင်းပိုင်ရှင်နှင့် တွေ့လိုခြင်းသာဖြစ်သည်။
ကလေးများ၏ အမြင်တွင် သူသည် လူချမ်းသာတစ်ဦးပင်။ သူ့စကားကို ကြားပြီးသည့်နောက် ကလေးများက သူနှင့် စကားပြောရင်း တပျော်တပါး အလုပ်ဆက်လုပ်နေလိုက်ကြသည်။
အနီးအနားရှိ တူးရွင်းကိုင်ထားသော အမျိုးသားတစ်ဦးမှာ ကန်စွန်းဥ အများအပြား တူးထားပြီးဖြစ်ကာ နောက်ထပ် ဆက်မလုပ်နိုင်တော့၍ အိမ်ပြန်ရန် ပြင်ဆင်နေသည်။
၎င်းကို မြင်လိုက်သည့် ရှဲ့ယွင်နန်က တစ်ဖက်သူ ချထားသော ကိရိယာများကို ကောက်ယူကာ ကလေးများကို ပြောလိုက်သည်။
"ငါ့ကို ကန်စွန်းပင်ရဲ့ နွယ်တွေ ကူဖြတ်ပေးကြ မင်းတို့အတွက် ကန်စွန်းဥ တူးပေးမယ် ..."
"ကောင်းပါပြီ ..."
ကလေးများက တစ်ညီတစ်ညာတည်း အော်ပြောကာ ရှဲ့ယွင်နန်ကို နွယ်နှင့် အရွက်များ ကူဖြတ်ပေးလိုက်ကြသည်။
ကန်စွန်းပင်၏ အရွက်များကို ဖြတ်တောက်ပြီးနောက် ရှဲ့ယွင်နန်က မြေကြီးကို စတင် တူးဆွလိုက်၏။
သူသည် ဤအလုပ်နှင့် လွန်စွာ အကျွမ်းတဝင် ရှိလှသူ ဖြစ်သည့်အလျောက် မြေကို ဆွလိုက်သည်နှင့် တစ်ပြိုင်နက် ကန်စွန်းဥများ ချက်ခြင်း ထွက်ပေါ်လာတော့သည်။
သူ မြေကို ဆွလိုက်လေတိုင်း နောက်နားရှိ ကလေးများက အုပ်စုလိုက် ပြုံတိုးကာ လက်ဖြင့် ရွှံ့များကို သပ်ချပြီး အထဲမှ ကန်စွန်းဥကို ဆွဲထုတ်လိုက်ကြသည်။
ကလေးများနှင့် ရှဲ့ယွင်နန် တရုန်းရုန်း အလုပ်လုပ်နေကြသည်မှာ လွန်စွာ မျက်စိပသာဒ ဖြစ်လှသည်။
မနီးမဝေးတွင် တစ္ဆေဘုရင်နှင့် သူ၏ လက်အောက်ငယ်သားများက ညစာကို လက်စသတ်နေ၏။
ညစာမှာ ဟုန်ယဲ့တောအုပ်ထဲရှိ အံ့ဖွယ်သားရဲတို့၏ အသားဖြစ်သည်။
အံ့ဖွယ်သားရဲတို့၏ အသားမှာ တိုက်ခိုက်ရေးသမားတို့၏ ခွန်အားကို တိုးပွားစေသည်။ ဤကုန်းမြေရှိ အင်အားအကြီးဆုံး တိုက်ခိုက်ရေးသမားများသည အံ့ဖွယ်သားရဲတို့၏ အသားနှင့် ထူးခြားဆေးပင်တို့ကိုသာ နေ့စဉ် စားသုံးကြပြီး ကန်စွန်းဥကဲ့သို့သော သာမန်စားစရာများကို နည်းနည်းမျှပင် မစားကြချေ။
ထိုကဲ့သို့သော အထက်တန်းလွှာများကို မဆိုထားနှင့် သူတို့လို သူပုန်များသည်ပင် ငယ်ရွယ်စဉ်ကတည်းက ခန္ဓာကိုယ်ကို ခွန်အားဖြစ်ရန် အံ့ဖွယ်သားရဲတို့၏ အသားကို တစ်နေ့နှစ်ကြိမ် စားခဲ့ကြသည်။
ဝန်ထမ်းအိမ်ယာတွင် စုရုံးကာ တီဗီကြည့်ရင်း စားသောက်နေကြ၏။
အား ... တကယ်ကို ဒါကမှ ဘဝရဲ့ အနှစ်သာရပဲ ...
ဟုန်ယဲ့တောအုပ်ထဲတွင် လျှပ်စစ်မီးလည်း မရှိ၊ ရေပိုက်လိုင်းလည်း မရှိ။ တီဗီကြည့်ရန် မဆိုထားနှင့်၊ ဖုန်းလိုင်းပင် မမိရာ အပန်းဖြေအနားယူစရာဟူ၍ တစ်ခုတစ်လေမျှပင် မရှိချေ။
ထို့ကြောင့်လည်း သူတို့၏ ခွန်အားများ တိုးတက်လာစေရန် အချိန်လုံလုံလောက်လောက် ရခဲ့ကြောင်း သိသာပေသည်။
"အပြင်ဘက်မှာ မှောင်နေပြီဆိုတော့ အလုပ်လုပ်နေတဲ့ သူတွေလည်း ကျွန်တော်တို့ကို မမြင်လောက်တော့ပါဘူး..."
မုတ်ဆိတ်မွေးနှင့် အမျိုးသားက ဦးထုပ်ကို ဆောင်းရင်း ပြောလိုက်သည်။
ထမင်းစားခန်းတွင် စားသောက်နေကြသူ အယောက် ၂၀ ထက်မနည်း ရှိနေကာ အချို့က တီဗီကို မျက်တောင်မခတ်စတမ်း ငေးကြည့်နေကြ၏။ အချို့က အပြင်သို့ အတူထွက်ရန် အကြံကို သဘောတူလိုက်ကြသည်။
တစ်ချိန်လုံး တိတ်ဆိတ်နေသည့် တစ္ဆေဘုရင်ကို မေးသူများပင် ရှိလိုက်သေးသည်။
"ခေါင်းဆောင် လိုက်ခဲ့ချင်လား ..."
"သွားကြတာပေါ့ ..."
တစ္ဆေဘုရင်က နေရာမှ မတ်တပ်ထကာ အပြင်ထွက်လာလိုက်သည်။ တံခါးဝသို့ ရောက်သည့်အခါ မျက်နှာဖုံးကို ချွတ်၍ ကြောက်မက်ဖွယ် မျက်နှာသွင်ပြင်ကို လှစ်ဟပြလိုက်၏။
မျက်နှာတစ်ခြမ်းနီးပါးကို အနက်ရောင် မွေးရာပါ အမှတ်အသားများက ဖုံးအုပ်ထားကာ နားရွက်တွင်လည်း ဖယ်ထုတ်၍ မရသော အသားပိုများ ရှိနေသည်။ ကျန်မျက်နှာတစ်ခြမ်းမှာမူ ပုံမှန်ဟု ထင်ရသော်ငြား အသွေးအရောင်မှာ လွန်စွာ မည်းမှောင်လှ၏။ မည်သူကမှ သူ့မျက်နှာကို စေ့စေ့ကြည့်ရဲလိမ့်မည် မဟုတ်ပေ။
"ခေါင်းဆောင် ဒီ ရွံစရာမျက်နှာကြီးကို ထပ်သုံးပြန်ပြီလား ..."
အထက်တန်းလွှာများကို များစွာ အခက်တွေ့စေခဲ့သည့် အလိုရှိရာဇဝတ်ကောင်တစ်ဖြစ်လဲ မိန်းမလှလေးက ဝင်ပြောလိုက်သည်။
"ဒီမျက်နှာက မလှဘူးလား ..."
တစ္ဆေဘုရင်က သာမန်ကာလျှံကာ မေးလိုက်သည်။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ အော့နှလုံးနာချင်စရာ ကောင်းလိုက်တာ ..."
"ငါကတော့ တော်တော်လေး အဆင်ပြေတယ် ထင်တာပဲ ..."
တစ္ဆေဘုရင်က သူ့မျက်နှာကို ထိကြည့်ကာ ပြောလိုက်သည်။
ထိုအမျိုးသမီးမှာ ထုတ်မမေးဘဲ မနေနိုင်တော့။
".. ခေါင်းဆောင်ရဲ့ မျက်နှာအစစ်က ဘယ်လို ပုံစံမျိုးလဲ ..."
သူ့မျက်နှာမှာ ပြုပြင်ဖန်တီးထားခြင်းဖြစ်ကာ မည်သူကမှ သူ့ရုပ်ရည်အစစ်အမှန်ကို မသိကြ။
တစ္ဆေဘုရင်က ကြောက်မက်ဖွယ် ကောင်းလှသည့် မျက်နှာဖြင့် စိုက်ကြည့်လိုက်သည်။
"ငါက တစ်ကမ္ဘာလုံးမှာ အချောဆုံးယောကျာ်းပဲ ..."
လက်အောက်ငယ်သားများ "..."
အားလုံး စိုက်ခင်းအလုပ်သမားဝတ်စုံကို လဲလှယ်ကာ အပြင်သို့ ထွက်လာလိုက်သည်။
ဤစိုက်ခင်းမှာ ကန်စွန်းဥကိုသာ စိုက်ထားခြင်း မဟုတ်။ ကြံအများအပြား၊ ပြောင်းဖူးနှင့် အခြားသော သီးနှံများကိုပါ စိုက်ပျိုးထားသေးသည်။
ထို့အပြင် အပင်အသစ် စိုက်ပျိုးရန် ရည်ရွယ်ထားသည့် မြေလွတ်များလည်း ရှိနေသေး၏။
ကြံစိုက်ခင်းကို လှည့်ပတ်ကြည့်လိုက်သည့်အခါ အလုပ်များနေသူတစ်စုကို တွေ့လိုက်ရသည်။
ည ရှစ်နာရီ ထိုးနေပြီ ဖြစ်သည့်အတွက် အလုပ်လုပ်နေသည့် လူဦးရေလည်း သိပ်မများတော့။ ထို့ကြောင့် ရှဲ့ယွင်နန်တို့အုပ်စုမှာ ပို၍ပင် မြင်သာထင်သာ ရှိလာတော့သည်။
ထိုသူများက ရှဲ့ယွင်နန်ကို တစ်ချက်တည်းဖြင့်ပင် မြင်လိုက်ကြသည်။
"ဒီတစ်ယောက်က ဆင်ခြေဖုံးမှာ နေတဲ့သူလို့တောင် မထင်ရဘူး ဒါပေမယ့် အလုပ်လုပ်တာ တော်တော်လေး ကျွမ်းကျင်တယ် ..."
တစ်ယောက်က ပြောလိုက်သည်။
သူတို့၏ အမြင်အာရုံများမှာ လွန်စွာ ကောင်းမွန်လှရာ ရှဲ့ယွင်နန်၏ ရုပ်ရည်ကို ရှင်းရှင်းလင်းလင်း တွေ့နေရပေသည်။
တစ္ဆေဘုရင်က သူ့ကို စိုက်ကြည့်လိုက်သော်လည်း လှုပ်ရှားလာခြင်းတော့ မရှိပေ။
"သူက တကယ်ကို ချောတာပဲ ဆက်သွယ်ဖို့ နံပါတ်လေး သွားတောင်းကြည့်လိုက်ဦးမယ် ..."
စွဲမက်ဖွယ် မိန်းမလှလေးမှာ အနည်းငယ် စိတ်အားထက်သန်လွန်းနေ၏။
သူပုန်တပ်ဖွဲ့ထဲတွင် သူမ၏ အသက်မှာ လွန်စွာ ငယ်ရွယ်သေးသည့်အပြင် အလိုရှိရာဇဝတ်ကောင်စရင်းထဲသို့လည်း မရောက်သေးသည့်အတွက် အခြားသူများကဲ့သို့ များစွာ ဂရုပြုနေစရာ မလိုပေ။
ချစ်ကြိုက်ခြင်း မပြုသည့်တိုင် ဤမျှ ချောမောလှသည့် ယောကျာ်းလေးနှင့် စကားစမြည် ပြောနိုင်သည်ကပင် ကောင်းမွန်နေပြီဖြစ်သည်။
ပြီးတော့ သူ့ကို ကန်စွန်းဥနည်းနည်းပါးပါးလည်း ပေးမှာပေါ့ ...
သို့သော် လှုပ်ရှားမည် ပြင်လိုက်သည်နှင့် တစ်ပြိုင်နက် တစ္ဆေဘုရင်က သူမ၏ ပုခုံးကို ဆွဲထလိုက်သည်။
ဆွဲထားသည့် လက်မှာ လွန်စွာ သန်မာလွန်း၍ နည်းနည်းမျှပင် မလှုပ်နိုင်တော့။
"ခေါင်းဆောင် ..."
တစ္ဆေဘုရင်က ရှဲ့ယွင်နန်ကို တစ်ခဏမျှ စိုက်ကြည့်ပြီးကာမှ ပြောလိုက်သည်။
"သူ့ပုံစံက ... ငါလောက်နီးနီး ချောသားပဲ .. ငါ ကြိုက်တယ် မင်းတို့ သူနဲ့ ဝေးဝေးနေကြ ..."
အမျိုးသမီးငယ်သားများ "..."
ခေါင်းဆောင်ရေ ဘာတွေ ပြောနေတာလဲ ... ကျွန်မရဲ့ အဖော်သားရဲတောင် လန့်ဖျတ်သွားပြီ ...
ခေါင်းဆောင်က အမြဲတမ်း တစ်ယောက်တည်း ဖြစ်ခဲ့တာ ဆိုပေမယ့် သူ့အနားမှာ အကြာကြီးနေလာတဲ့ သူမရဲ့ အလိုလိုသိစိတ်အရဆို သူက ယောကျာ်းတွေကို မကြိုက်တတ်တာ အရှင်းကြီးပါ ဘာလို့ ချက်ခြင်းလက်ငင်းကြီး ကွေးသွားရတာလဲ ...
ပြီးတော့ အခု သူမ ခံစားနေရတာ .. အခုလေးတင် ခေါင်းဆောင်ရဲ့လက်တွေ တုန်နေသလားလို့ ...
နေပါဦး ... ခေါင်းဆောင်က ရှဲ့ယွင်နန်ကို သူ့လိုမျိုး ချောတယ်လို့ ပြောခဲ့တယ် မဟုတ်လား ... တကယ် အတည်ကြီးလားဟ ...
သူ့ဘေးတွင် ရှိနေသူတစ်ဦးက ထပ်ပြောလိုက်ပြန်သည်။
"ခေါင်းဆောင် .. ခေါင်းဆောင်ပဲပြောတော့ ယောကျာ်းတွေကို မကြိုက်ဘူးဆို ..."
ယခင်က သူတို့ခေါင်းဆောင်ကို ယောက်ျားတစ်ဦးက ဖွင့်ပြောခဲ့ဖူးသော်ငြား နောက်ဆုံးတွင် ကန်ထုတ်ခံရခြင်းဖြင့်သာ အဆုံးသတ်ခဲ့ရသည်။
"ပါးစပ်ကို ပိတ်ထားစမ်း ..."
တစ္ဆေဘုရင်က သူ့ငယ်သားများကို ကြိမ်းမောင်းလိုက်ပြီးနောက် ရှဲ့ယွင်နန်ကို နောက်တစ်ကြိမ် လှည့်ကြည့်လိုက်သည်။
သူက ရှဲ့ယွင်နန်ကို အချိန်အကြာကြီး ငေးစိုက်ကြည့်နေသော်ငြား အနားသို့သွားကာ စကားစပြောခြင်းမရှိ။ ဝန်ထမ်းအိမ်ယာသို့ လှည့်ပြန်သွားသည်။
သူ့နောက်ရှိ ငယ်သားများ "?????"
ခေါင်းဆောင်က ဘာဖြစ်သွားတာလဲ ...
ဒီညီငယ်လေးက တော်တော်လေးကို ချောတယ်ဆိုပေမယ့် ငါတို့ရဲ့ အဖြောင့်စစ်စစ်ခေါင်းဆောင်ကြီး ချက်ခြင်းလက်ငင်း ကွေးသွားတာက နည်းနည်း မဆီလျော်သလိုပဲနော် ...
"ခေါင်းဆောင်က မင်းကို ပြဿနာ မဖြစ်စေချင်ရုံပဲ ..."
ညင်သာသည့် အမျိုးသားတစ်ဦးက ရှင်းပြလိုက်သည်။
"ငါတို့တွေက သရုပ်မှန်ကို ဂရုတစိုက် ဖုံးထားရမယ်လေ ပြီးတော့ ကြုံရာလူကို လိုက်ရန်စမနေနဲ့ ..."
တွေးကြည့်ပြီးသည့်တိုင် ကျန်သူများမှာ ကျိုးကြောင်းဆီလျော်မှုမရှိဟု ခံစားရဆဲပင်။
ဒီလိုသာဆို ခေါင်းဆောင်က သူမကိုပဲ ဆက်မပြောနဲ့တော့လို့ ဟန့်တားလိုက်လို့ ရသားပဲ ဘာလို့ အဲဒီ့လူချောလေးကို ချီးကျူးသေးတာလဲ ...
တစ်ဖက်တွင် .. ဝန်ထမ်းအိမ်ယာသို့ ပြန်သွားသော တစ္ဆေဘုရင်က မှန်ရှေ့သို့ လျှောက်သွားသည်။
မှန်ထဲရှိ မျက်နှာမှာ အမှန်တကယ်ပင် အရုပ်ဆိုးလှ၏။ တစ်ခဏမျှ စိုက်ကြည့်နေပြီးနောက် မျက်နှာပေါ်ရှိ ထိုးထွက်နေသော အသ
ားစတစ်ခုကို ဆွဲကာ မျက်နှာပေါ် ကပ်နေသော အရေပြားကို ဆွဲလှန်လိုက်သည်။
ရုပ်ဖျက်ထားသည့် အရေပြား မရှိတော့သည့်အခါ .. အသားအရောင်မှာ အနည်းငယ် နက်မှောင်နေဆဲ ဖြစ်သည့်တိုင် တစ်မျက်နှာလုံးကို ရှင်းရှင်းလင်းလင်း မြင်နေရပြီဖြစ်သည်။
ထိုမျက်နှာမှာ ... ရှဲ့ယွင်နန်နှင့် များစွာ တူလှ၏။