Chapter 19
ရှဲ့ယွင်နန်က ညကိုးနာရီခွဲသည်အထိ စိုက်ခင်းထဲတွင် ရှိနေခဲ့သည်။
သူသည် များသောအားဖြင့် သူကိုယ်တိုင် မွမ်းမံပြုပြင်ထားသော တစ်ပတ်ရစ် မော်တော်ဆိုင်ကယ်ကိုသာ မောင်းနှင်တတ်သည်။ ၎င်းမှာ အသုံးပြုရန် လွယ်ကူလှသော်လည်း တစ်ခါတစ်ရံတွင် စက်နိုးလာရန်ပင် နှေးကွေးလှ၏။ အထူးသဖြင့် ရာသီဥတု အေးသည့် အချိန်များတွင် စက်နှိုး၍ပင် မရချေ။
နွေရာသီဖြစ်သည့်အတွက် စက်ကို အမြန်နှိုးနိုင်၍သာ တော်သေးသည်။ ရှဲ့ယွင်နန်က ဆိုင်ကယ်ကို စက်နှိုးထားကာ ကလေးများကို ပြောလိုက်သည်။
"သွားရအောင် ..."
သူ့ကားမှာ ကလေးများ တူးထားသည့် ကန်စွန်းဥများဖြင့် ပြည့်နေသည့်အတွက် သူက ထိုကလေးများနှင့်အတူ ခပ်ဖြည်းဖြည်းသာ ပြန်လာရန် စီစဉ်လိုက်သည်။
ညကြီးမင်းကြီးကို ဒီကလေးတွေ ဓားပြတိုက်ခံရရင် .. မတွေးရဲစရာပဲ ...
ရှဲ့ယွင်နန်က ကလေးများ ရှိရာသို့ လျှောက်သွားလိုက်သည်။ မျက်နှာဖုံးတပ်ထားသည့် အမျိုးသားတစ်ဦးက အမှောင်ထဲတွင်ပုန်းကာ သူ့ကို တစ်ချိန်လုံး စိုက်ကြည့်နေကြောင်းကိုမူ လုံးဝ သတိမပြုမိခဲ့ချေ။
ဦးစွာ ကလေးများ နေထိုင်ရာ ကျူးကျော်ရပ်ကွက်ကို အရင်လိုက်ပို့လိုက်သည်။
ကျူးကျော်ရပ်ကွက်မှာ နေ့ခင်းအချိန်တွင်ပင် ပရမ်းပတာ ဖြစ်နေရာ ည မှောင်ရိပ်ပျိုးချိန်တွင် မည်သို့မည်ပုံ ဖြစ်နေမည်ဖြစ်ကြောင်း ပြောနေရန်ပင် မလိုတော့ချေ။ အရက်အမူးလွန်၍ ယိုင်ထိုးနေသူများကို နေရာအနှံ့ တွေ့နေရသည်။
ကလေးများကို ပို့ပြီးသည့်နောက် မြို့ထဲရှိ သူ့အိမ်ဆီသို့ ပြန်လာလိုက်သည်။
အပေါ်ထပ်ရှိ သွမ့်ချန်ချင်းက သူ ပြန်ရောက်လာသည်ကို ချက်ခြင်း သတိပြုမိလိုက်သည်။ တစ်စုံတစ်ခုကို ဝိုးတဝါး သတိပြုမိလိုက်သည့်အတွက် အဝေးကို လှမ်းကြည့်လိုက်သည်။
သိူ့သော် မည်သည့်အရာကိုမှ မတွေ့ရ။
ရှဲ့ယွင်နန်က အပေါ်ထပ်သို့ တက်မလာမီ အောက်ထပ်တွင် အဝတ်များကို လဲလိုက်သည်။ သူ အပေါ်ထပ်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် လှေကားဝတွင် စောင့်နေသည့် သွမ့်ချန်ချင်းကို တွေ့လိုက်ရသည်။
"ဘယ်သွားနေတာလဲ ..."
သွမ့်ချန်ချင်းက မေးလိုက်သည်။
"သူငယ်ချင်းတစ်ယောက်ရဲ့ ကိစ္စလေး သွားလုပ်ပေးနေတာ ..."
ရှဲ့ယွင်နန်က ပြုံးကာ ပြောလိုက်သည်။
သွမ့်ချန်ချင်းက ဆက်မမေးတော့။
"နောက်ကျနေပြီ ဆေးကြောပြီး အိပ်ယာဝင်တော့လေ ..."
ရှဲ့ယွင်နန်က တစ်ကိုယ်လုံး စက်ဆီတွေ ပေကြံနေတဲ့အထိ အလုပ်လုပ်ရတာကို အလုပ်ဆင်းတဲ့အချိန်ကျတော့လည်း ကန်စွန်းဥ တူးဖို့ သွားရသေးတယ် .. ဒီလိုမျိုး ခေါက်တုန့်ခေါက်ပြန် အလုပ်လုပ်ထားရတာ သေချာပေါက်ကို အများကြီး ပင်ပန်းနေတော့မှာပဲ ...
ရှဲ့ယွင်နန်က ရေချိုးခန်းထဲသို့ အမြန် ဝင်သွားလိုက်သည်။
ဆေးကြောပြီး၍ ရေချိုးခန်းထဲမှ ထွက်လာသည်နှင့် တစ်ပြိုင်နက် ရှဉ့်ပေါက်ကလေးက သူ့ကိုယ်ပေါ်သို့ အားယူကာ ခုန်တက်လိုက်သည်။
"ရှောင်ဟွား မင်းကတော့ ငါ့ကို လန့်အောင် လုပ်နေတာပဲ ..."
သူ့စကားအဆုံးတွင် ရှောင်ဟွားက ရေချိုးဝတ်ရုံပေါ် တွယ်တက်ကာ ပုခုံးပေါ် မတ်တပ်ရပ်၍ သူ့မျက်နှာကို နမ်းလိုက်သည်။
သွမ့်ချန်ချင်းက တကယ့်ကို ... ရဲတင်းပြီး တည့်တိုးဆန်တာပဲ ...
သွမ့်ချန်ချင်းတစ်ယောက်တည်းပဲ ဒီလိုဖြစ်နေတာတော့ မဟုတ်ပါဘူး .. သူ့ရှောင်ပိုင်ကလည်း ဒီအတိုင်းပဲဆိုတော့ ...
"ရှောင်ပိုင်ရော ..."
သွမ့်ချန်ချင်းက မေးလိုက်သည်။
ရှဲ့ယွင်နန်က ရှောင်ပိုင်ကို ထုတ်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် ၎င်းက သွမ့်ချန်ချင်း၏ရင်ခွင်ထဲ ပြေးဝင်ကာ မလှုပ်မယှက် ငြိမ်နေတော့သည်။
ရှဲ့ယွင်နန်၏ မျက်နှာ အနည်းငယ် ပူပြင်းသွားသည်။
ရှဲ့ယွင်နန်မှာ ညပိုင်းအချိန်တွင်ပင် ကိုယ်ကာယခွန်အားကို အသုံးပြု၍ အလုပ်အများအပြား လုပ်ခဲ့ရသည့်အတွက် အိပ်ယာပေါ် လှဲလိုက်သည်နှင့် တစ်ပြိုင်နက် အိပ်ပျော်သွားတော့သည်။ သူ အိပ်ပျော်သွားကာမှ သွမ့်ချန်ချင်းက မျက်လုံးဖွင့်ကြည့်ကာ သူ့လက်ကို ဆွဲကိုင်၍ ခန္ဓာကိုယ်ထဲသို့ စိတ်စွမ်းအင်အနည်းငယ် ကူးပြောင်းပေးလိုက်သည်။
သွမ့်ချန်ချင်း၏ ရုပ်ပိုင်းဆိုင်ရာမှာ အမြန် သက်သာနေပြီဖြစ်ကာ မတိုင်မီလေးတင်ကပင် စိတ်စွမ်းအင်အစိုင်အခဲထဲရှိ စိတ်စွမ်းအင်ကို အသုံးပြု၍ ကျင့်ကြံထားပြီးဖြစ်သည်။
စွမ်းအင်ခဲမှ ထွက်ပေါ်နေသည့် စိတ်စွမ်းအင်ကို တိုက်ရိုက်အသုံးမပြုနိုင်။ ထိုသို့ လုပ်လိုက်ပါလျှင် မူလပိုင်ရှင်ကဲ့သို့ အခက်ကြုံရမည်ဖြစ်သည်။
သို့သော် စုပ်ယူပြီးမှ ကျင့်ကြံလိုက်သည့် စိတ်စွမ်းအင်များမှာမူ သူ့ကိုယ်ပိုင်စွမ်းအင် ဖြစ်လာပေသည်။
သွမ့်ချန်ချင်းက စိတ်စွမ်းအင်ကို အသုံးပြုကာ ရှဲ့ယွင်နန်၏ ခန္ဓာကိုယ်ကို စစ်ဆေးလိုက်သည်။
ရှဲ့ယွင်နန်၏ ခန္ဓာကိုယ် အခြေအနေမှာ အားလုံး အဆင်ပြေသည်။ အနည်းငယ် ပင်ပန်းနေခြင်းမျှသာ ဖြစ်သည်။ သူ့စိတ်စွမ်းအင်ကို ရှဲ့ယွင်နန်၏ ခန္ဓာကိုယ်ထဲသို့ လှည့်ပတ်စေချိန်အတွင်း ပင်ပန်းနွမ်းနယ်မှုအားလုံးကိုပါ ပပျောက်စေလိုက်သည်။
သိစိတ်တစ်ခုလုံးကို ရှဲ့ယွင်နန်အပေါ် အပြည့်အဝ အာရုံစိုက်ထားသည့်အတွက် ရှောင်ပိုင်ကို ဂရုမစိုက်အား။ ရှောင်ပိုင်မှာ အိပ်မပျော်သေးချေ။ သွမ့်ချန်ချင်းက စိတ်စွမ်းအားထုတ်လွှတ်မှုကို ရပ်တန့်လိုက်သည့်အခါ ၎င်းက ဘေးဘီသို့ ဝေ့ဝဲကြည့်ပြီး ရှဲ့ယွင်နန်၏ ဘေးတွင် ဝင်လှဲလိုက်သည်။
"မယုံနိုင်ချင်စရာ ကိစ္စလေးတွေပဲ ..."
သွမ့်ချန်ချင်းက မသဲမကွဲ ရေရွတ်ကာ ရှောင်ပိုင်ကို ပွေ့ဖက်လိုက်သည်။
စိတ်စွမ်းအင် မရှိတော့သည့်တိုင် ရှောင်ပိုင်က သူ့ကို မငြင်းဆန်။ သွမ့်ချန်ချင်း၏ ပွေ့ဖက်မှုကို ခံစားလိုက်ရသည်နှင့် တစ်ပြိုင်နက် ခေါင်းဖြင့် တိုးဝှေ့၍ ပွတ်သီးပွတ်သပ်လုပ်ကာ ဟောင်သံနှစ်ကြိမ်ပေးလိုက်သည်။
နမ်းကာ စိတ်စွမ်းအင်အနည်းငယ်ကို ပေးပြီးသည့်နောက် ရှောင်ပိုင်လည်း အိပ်မောကျသွား၏။
ဤကမ္ဘာတွင် စိတ်စွမ်းအင်များ နည်းပါးသည့်အတွက် ကျင့်ကြံနိုင်ရန် ခဲယဉ်းလှသည်။ သူက ရှောင်ပိုင်၏ ခန္ဓာကိုယ်ကို စိတ်စွမ်းအင်ဖြင့် အားဖြည့်ပေးပြီးကာမှ ရှဲ့ယွင်နန်ကို မည်ကဲ့သို့ ကျင့်ကြံရမည်ဖြစ်ကြောင်း သင်ကြားပေးမည်ဟု တစ်ဆင့်ချင်းသွားရန် စီစဉ်ထားသည်။
သူကိုယ်တိုင်အတွက်မူ ... သွမ့်ချန်ချင်းက မအိပ်ဘဲ ညလုံးပေါက် ကျင့်ကြံနေလိုက်သည်။
သူ ရွေးချယ်လိုက်သည့် ကျင့်ကြံရေးနည်းလမ်းမှာ ယခင်ဘဝက အသုံးပြုခဲ့သော ထူးကဲခန္ဓာသန့်စင်ကျင့်စဉ်ဖြစ်သည်။
ဤကျင့်စဉ်ကို ရွေးချယ်ရသည့် အကြောင်းအရင်းမှာ ... မူလကိုယ်၏ အထုံပါရမီမှာ အလွန်အမင်း သာမန်ဖြစ်ကာ ခန္ဓာကိုယ်ထဲတွင် စိတ်စွမ်းအင်ပုံဆောင်ခဲ ရှိနေသည့်တိုင် သမားရိုးကျ နည်းလမ်းများအတိုင်း ကျင့်ကြံပါက မြန်ဆန်စွာ အဆင့်တက်နိုင်မည် မဟုတ်ချေ။
သို့သော် ခန္ဓာကိုယ်သန့်စင်သည့် ကျင့်စဉ်မှာမူ ... စိတ်စွမ်းအင် လုံလုံလောက်လောက် ရှိထားသရွေ့ ကျင့်ကြံနှုန်းမှာ မြန်ဆန်မည်ဖြစ်သည်။ သို့သော် ကျင့်ကြံသည့်ကာလတွင်မူ အနည်းငယ် နာကျင်နိုင်ပေသည်။
အတိတ်ဘဝက သူသည် စိတ်စွမ်းအင် အများအပြား မလိုအပ်သည့် ဆန်းသစ်တီထွင်ထားသော ကျင့်ကြံစဉ်ကို အောင်မြင်စွာ ကျင့်ကြံနိုင်ရန် တွန်းအားပေးခံခဲ့ရသည်။ ထိုအတွက် တန်ရာတန်ကြေးလည်း ရှိနေပေသည်။
အပြန်အလှန်အားဖြင့် သူ့ခန္ဓာကိုယ်နှင့် စိတ်စွမ်းအင် တစ်သားတည်း ဖြစ်စေရန် ပေါင်းစပ်ရာ၌ ဖြစ်ပေါ်လာသည့် နာကျင်မှုမှာ မိုးဖွဲကျသည့်နှယ် ထုတ်ပြောနေရန်ပင် မလိုတော့ချေ။
သွမ့်ချန်ချင်းက ကုတင်ပေါ်တွင် လှဲကာ ညလုံးပေါက် ကျင့်ကြံနေလိုက်သည်။
ယေဘုယျအားဖြင့် တာအိုဝါဒ ကျင့်ကြံသူများသည် ပုံသေကိုယ်နေဟန်ထားတစ်ခုကို အသုံးပြုရန် လိုအပ်ကာ ထိုင်လျက် တရားကျင့်ကြံသည့် ကိုယ်နေဟန်ထားမှာ အကောင်းဆုံးဖြစ်သည်။ သို့သော် သူ၏ အတွေ့အကြုံနှင့် သိစိတ်စွမ်းအင်တို့အရ အချိန်တိုင်း နေရာတိုင်း ကျင့်ကြံနိုင်ပေသည်။
ရှဲ့ယွင်နန်က မနက်စောစော နိုးလာကာ အိပ်မောကျနေဆဲဖြစ်သော ရှောင်ပိုင်နှင့် သွမ့်ချန်ချင်းကို တွေ့လိုက်ရသည်။
သူက ပြုံးလိုက်ကာ သွမ့်ချန်ချင်းကို နှိုးမည်ပြုစဉ် သွမ့်ချန်ချင်းမှာ ချွေးစေးများ ထွက်နေပြီး သူ့အောက်ရှိ အိပ်ယာခင်းမှာလည်း စိုရွှဲနေကြောင်း သတိပြုမိလိုက်သည်။
ဒါက ချွေးတွေလား .. သွမ့်ချန်ချင်းရဲ့ ခန္ဓာကိုယ်ကလည်း အရမ်းကို အားနည်းနေတဲ့ပုံပဲ ...
ညလုံးပေါက် ကျင့်ကြံထားသည့် သွမ့်ချန်ချင်းက မျက်လုံးတို့ကို ဖွင့်လိုက်သည့်အခါ ရှဲ့ယွင်နန်၏ စိုးရိမ်တကြီး အကြည့်တို့ကို တွေ့လိုက်ရသည်။
"အဆင်ပြေရဲ့လား နည်းနည်းလောက် ထပ်အိပ်လိုက် ကိုယ် မနက်စာ ပြင်လိုက်ဦးမယ် ..."
ညလုံးပေါက် ကျင့်ကြံပြီး၍ တစ်ကိုယ်လုံး အားအင်ပြည့်ဖြိုးနေသည့် သွမ့်ချန်ချင်း "..."
သူ့ခန္ဓာကိုယ်ကဖြင့် အရင်ကထက်ကို အများကြီး ပိုကောင်းနေပြီလေ ... နည်းနည်းလေး အေးနေ ...
နေပါဦး ...
သွမ့်ချန်ချင်းက စောင်ကို လှမ်းကြည့်လိုက်သည့်အခါ ရေကွက်များ စွန်းထင်းနေသည်ကို တွေ့လိုက်ရသည်။
ယမန်နေ့ည ကျင့်ကြံစဉ်က လွန်စွာ နာကျင်လွန်း၍ ချွေးအများအပြား ထွက်ခဲ့သည်။
"စိတ်မပူပါနဲ့ မင်းခန္ဓာကိုယ်က သေချာပေါက် ပြန်သက်သာလာမှာပါ..."
ရှဲ့ယွင်နန်က နှစ်သိမ့်လိုက်သည်။
သွမ့်ချန်ချင်းက ပြောလိုက်သည်။
"အများကြီး ပြန်ကောင်းနေပါပြီ ..."
"ဟုတ်တယ် မင်းက အများကြီး ပြန်သက်သာနေပြီ ..."
ရှဲ့ယွင်နန်က နှစ်သိမ့်လိုက်သည်။
သွမ့်ချန်ချင်း "..."
သွမ့်ချန်ချင်းက သူ၏ ပိန်လှီလှသော လက်မောင်းကို ပြန်ငုံ့ကြည့်ကာ သက်ပြင်းကြီးစွာ ချလိုက်သည်။
ဒီ ခန္ဓာကိုယ်သန့်စင်ရေး ကျင့်စဉ်က ကျင့်ကြံနေတဲ့အချိန်မှာ စိတ်စွမ်းအင်တွေ အများကြီး လိုအပ်တယ် ပြီးတော့ နာလည်း နာကျင်ရတယ်ဆိုပေမယ့် အရှိန်ကတော့ အတော်လေး မြန်သားပဲ ...
သူကတော့ သိပ်မကြာခင် ပိုပြီး သန်မာလာတော့မှာ ...
အဲဒီအခါကျမှပဲ ရှဲ့ယွင်နန်ကို သူ့စကားတွေက မမှားဘူးဆိုတာ သိခွင့်ပေးရမယ် ...
သွမ့်ချန်ချင်းက ပြောလိုက်သည်။
"မင်းပဲ အနားယူလိုက်ပါ မနက်စာကို ငါပြင်လိုက်မယ် ..."
"ငါက မနက်စာကို ဘာမဆို စားတယ် ရေသာ သွားချိုးလိုက် ..."
မနေ့က တစ်နေကုန် မြေတူးနေခဲ့ရသည့်တိုင် သူ့လက်မောင်းတို့မှာ နာကျင်ခြင်းမရှိ၊ နိုးထလာပြီးနောက် လန်းဆန်းတက်ကြွနေပြီဖြစ်သည်။
သူက တကယ်ကို ရေချိုးဖို့ လိုနေတာပဲ ...
သွမ့်ချန်ချင်းက ဆေးကြောသန့်စင်ပြီး၍ ထွက်လာသည့်အခါ ရှဲ့ယွင်နန်က ခေါက်ဆွဲပြုတ်ပွဲကြီးနှစ်ပန်းကန် ပြင်ဆင်ပြီးနေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။
"မနက်စာကို ခေါက်ဆွဲစားလိုက်နော် ကန်စွန်းဥ နည်းနည်းလောက်လည်း ပြုတ်ပေးခဲ့မယ် ဗိုက်ဆာရင် ယူစားလိုက် ..."
"ကောင်းပါပြီ ..."
သွမ့်ချန်ချင်းက ပြုံးပြလိုက်သည်။
ရှဲ့ယွင်နန် အောက်ထပ်ဆင်း၍ အလုပ်လုပ်သည့်အခါ သွမ့်ချန်ချင်းကလည်း မိတ်ကပ်ပြင်၍ ဖျာကို သန့်ရှင်းရေးလုပ်ကာ စောင်နှင့် အဝတ်များကို လျှော်ဖွပ်လိုက်သည်။
ပြီးခဲ့သည့်ရက်ပိုင်းက ဤကဲ့သို့ လုပ်ရပါလျှင် ခြေကုန်လက်ပမ်းကျနေမည် ဖြစ်သော်လည်း မနေ့ညက ကျင့်ကြံမှုအပြီးတွင် သူ့အခြေအနေသည် များစွာ တိုးတက်လာခဲ့သည်။
အိမ်အလုပ်များ ပြီးစီးသည့်နောက် မြို့ထဲသွား၍ အသီးအရွက်များဝယ်ကာ ချက်ပြုတ်ရန် ပြင်ဆင်လိုက်သည်။
ဤကမ္ဘာတွင် နည်းပညာ ဖွံ့ဖြိုးတိုးတက်နေပြီ ဖြစ်သော်ငြား မည်သူကမှ နည်းပညာကို များစွာ အာရုံမထား၊ ကိုယ်ကာယစွမ်းအင်ကိုသာ ပိုမိုအလေးပေးကြသည်။ နည်းပညာက မတတ်စွမ်းနိုင်သည့် အရာများလည်း ရှိနေသေးသည်။ ကျင့်ကြံရေးကမ္ဘာတွင် သာမန်သူတို့ထက် ကာယစွမ်းအင် ပိုမိုများပြားသူများ အများအပြား ရှိနေပေသည်။
ထို့အပြင် စိတ်စွမ်းအင်၏ တည်ရှိမှုက အမျိုးမျိုးသော အချက်ပြအမှတ်အသားများကို ပိတ်ဆို့ထားနိုင်ပေသည်။ ကန့်သတ်ထားသည့် မြို့တော်နယ်နိမိတ်အပြင်ဘက်တွင် မိုဘိုင်းဖုန်းများကို အသုံးမပြုနိုင်။ တီဗီနှင့် အခြားသော ပစ္စည်းများမှာလည်း ဝါယာကြိုးများဖြင့် ဆက်သွယ်ထားခြင်းဖြစ်သည်။
သွမ့်ချန်ချင်းက ဤကမ္ဘာဖြင့် တစ်ဖြည်းဖြည်း နေသားကျလာသည်။
ရှဲ့ယွင်နန်က နေ့ခင်းအချိန်များတွင် ကန်စွန်းဥ စိုက်ခင်းသို့မသွား။ သို့သော် ညရောက်သည်နှင့် တစ်ပြိုင်နက် ကန်စွန်းဥ တူးသည့်နေရာသို့ နောက်တစ်ကြိမ် ထွက်သွားပြန်သည်။
စိုက်ခင်းထဲရှိ ကန်စွန်းဥများမှာ အားလုံးနီးပါး တူးဖော်ပြီးဖြစ်ကာ ကန်စွန်းဥအမြစ်အတွက် ရောက်နေသည့် ကလေးအချို့သာ ကျန်ခဲ့တော့သည်။
ကန်စွန်းမြစ်များကိုမူ အိမ်သို့ စိတ်တိုင်းကျ ယူသွား၍ ရပေသည်။
ယနေ့ တံခါးကို စောင့်နေသူမှာ ယမန်နေ့ကနှင့်မတူ၊ အခြားတစ်ယောက်ဖြစ်သည်။ မိန်းမလှလေးတစ်ဦးက မေးကို ထောက်ထားလျက် ထိုင်နေ၏။ သူမက ရှဲ့ယွင်နန်ကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် တည့်တည့်မတ်မတ် ပြန်ထိုင်ကာ သူ့ကို စူးစူးရှရှ စိုက်ကြည့်လိုက်သည်။
အကြည့်ခံရသည့် ရှဲ့ယွင်နန်မှာ နေရခက်သွားကာ သူ့တွင် တစ်ခုခု မှားယွင်းနေလေသလားဟုပင် တွေးလိုက်မိတော့သည်။
ဒါပေမယ့် သူ့အဝတ်အစားတွေလည်း ပြဿနာရှိနေတာတော့ မဟုတ်လောက်ပါဘူး ...
ပဟေဠိဖြစ်နေစဉ်မှာပင် သူမ၏ စကားသံကို ကြားလိုက်ရသည်။
"ရှင်က ဒီကို ကန်စွန်းဥတူးဖို့ လာတာလား ကန်စွန်းဥတွေက အကုန် တူးပြီးသွားပြီ ..."
"မဟုတ်ပါဘူး ကျွန်တော်က ကန်စွန်းဥ တူးဖို့ လာတာ မဟုတ်ဘူး ကန်စွန်းဥ နည်းနည်းပါးပါး ဝယ်လို့ရမလား လာမေးတာပါ ..."
"သေချာပေါက်ကို ရတာပေါ့ ရှင်က ဘယ်လောက် လိုချင်တာလဲ ..."
"ကန်စွန်းဥ နှစ်သောင်းဖိုးလောက် ဝယ်လို့ရမလား ..."
ရှဲ့ယွင်နန်က မေးလိုက်သည်။
"ဒီလောက်အများကြီး ဘာလုပ်မလို့လဲ ..."
ထိုအမျိုးသမီးက နားဝေတိမ်တောင် ဖြစ်သွားသည့်ဟန်။
"စားစရာတွေက ဈေးတက်ကုန်တော့ ..."
"လှောင်ထားပြီး နောက်ပိုင်းမှ ပြန်ထုတ်ရောင်းမလို့လား ..."
"မဟုတ်ပါဘူး ကုန်ဈေးနှုန်းသာ ဒီအတိုင်း ဆက်တက်နေမယ်ဆိုရင် စားစရာတွေ ပြတ်လပ်သွားနိုင်တယ်လေ နည်းနည်းလောက် ကြိုတင်ပြင်ဆင်ထားချင်လို့ပါ ..."
သူက ပြောလိုက်သည်။
သူ့တွင် ပြန်ရောင်းမည်ဆိုသည့်အကြံ မရှိ။ လက်ရှိ ကုန်ဈေးနှုန်းအရပင်လျှင် ယွမ်နှစ်သောင်းဖြင့် ကန်စွန်းဥ အများအပြား ဝယ်၍ မရနိုင်တော့ချေ။
အနည်းငယ်ခန့် သိုလှောင်ထားကာ တစ်ဖြည်းဖြည်းချင်း စားသုံးရန် ကြံရွယ်ထားခြင်းဖြစ်သည်။
၎င်းတို့ကို အငတ်ဘေး မကျစေရန် တားဆီးရာ၌ အသုံးပြုနိုင်ပေမည်။
"ကျွန်မက ဝန်ထမ်းဆိုတော့ ရှင့်ကို ကန်စွန်းဥရောင်းဖို့ ဆုံးဖြတ်ပေးလို့ မရဘူး ... ရှင့်အတွက် မေးပေးမယ် ..."
ထို့နောက် သူမက အထဲသို့ ပြေးဝင်သွားသည်။
.....
စိုက်ခင်းဝန်ထမ်းများ နေအိမ် ..
"ခေါင်းဆောင် .. ခေါင်းဆောင် မျက်စိကျနေတဲ့ တစ်ယောက်က ကန်စွန်းဥ ဝယ်ချင်လို့ဆိုပြီး ရောက်လာတယ် ..."
ထိုအမျိုးသမီးက အထဲသို့ ရောက်ရောက်ချင်း တန်းပြောလိုက်သည်။
မနေ့ညက သူမရဲ့ အကြီးဆုံးအစ်ကိုကြီး ဒီတစ်ယောက်ကို ချက်ခြင်းကြီး စိတ်ဝင်စားသွားပြီးတော့ ဒီနေ့ သူတို့အားလုံးကို ထိတ်လန့်သွားစရာတွေ လုပ်လိုက်ပြန်ပြီ ...
ခေါင်းဆောင်က အဲဒီ့ ရှဲ့ယွင်နန်ဆိုတဲ့ တစ်ယောက်အကြောင်း စုံစမ်းခိုင်းတယ်တဲ့လေ ...
ခေါင်းဆောင်က ဘယ်တုန်းက ဒါမျိုး လုပ်ခဲ့ဖူးလို့လဲ သူက တကယ်ကို ဒီရှဲ့ယွင်နန်ကို ဂရုစိုက်တာပဲ ...
မျက်နှာဖုံး တပ်ထားသည့် အမျိုးသားက သူမကို မော့ကြည့်ကာ မေးလိုက်သည်။
"သူက ကန်စွန်းဥ ဝယ်ချင်လို့ ဟုတ်လား ..."
"ဟုတ်ကဲ့ ..."
ထိုအမျိုးသမီးက နောက်တစ်ကြိမ် ထပ်ပြောလိုက်သည်။
"သူ့ကို ရောင်းလိုက်လို့ ရတယ် ..."
တစ္ဆေဘုရင်က ပြောလိုက်သည်။
"ဒါဆို ရောင်းလိုက်ပါ့မယ် ..."
"နေဦး ..."
သူက တားလိုက်ပြန်သည်။
"ခေါင်းဆောင် ..."
အမျိုးသမီးမှာလည်း အံ့ဩသွားသည့်ဟန်။
"သူ့ကို ဘယ်လိုလူလို့ ထင်လဲ ..."
"သူက အရမ်းကြင်နာတတ်တယ် အဲဒီ့ကလေးတွေကလည်း သူ့ကို အရမ်းသဘောကျတဲ့ပုံပဲ ဒီလောက် ကန်စွန်းဥတွေ အများကြီး ဝယ်တာတောင် ပြန်ရောင်းဖို့ စိတ်ကူးမရှိဘူးဆိုတော့ သူက တစ်ခြားသူတွေကို ကူညီချင်လို့ပဲ ဖြစ်ရမယ် ..."
"သိပြီ ..."
သူမ ထွက်သွားပြီးနောက် တစ္ဆေဘုရင်က သူ့ရှေ့တွင် ချထားသည့် အချက်အလက်များကို ဆက်ကြည့်နေလိုက်သည်။
အချက်အလက်တွေကတော့ မှန်တယ် ..
ကံဆိုးတာက ...
သူ၏ ခံစားချက်များကို ထိန်းချုပ်၍ မရတော့။
ပြီးခဲ့သည့်နှစ် ၂၀ ကျော်ခန့်က သူ၏ တစ်ဦးတည်းသော ရင်သွေးကို ဆုံးရှုံးခဲ့ရသည်။
ထိုကလေးကို သေပြီဟုသာ အမြဲ သတ်မှတ်ခဲ့သော်လည်း ယခု အခြေအနေအရ ထိုကလေးမှာ အသက်ရှင်နေသေးဟန်ပင်။
အတည်မပြုရသေးသည့်တိုင် သူ့ကလေးဟု ခံစားနေရပြီး ၎င်းနှင့် ပတ်သက်၍ အမှားတစ်စုံတစ်ရာကိုမှ မတွေ့ရ။
သူ့သရုပ်မှန်မှာ လွန်စွာ အန္တရာယ် များလွန်းလှသည်။ ရှဲ့ယွင်နန်မှာ သူ့ကလေးဖြစ်ကြောင်း အခြားသူများကို အသိမခံနိုင်၊ ထို့ကြောင့် အခြားသရုပ်တစ်ခုဖြင့် ချဉ်းကပ်ရပေလိမ့်မည်။
သူ့ရဲ့သားလေးက ကြင်နာတတ်မှတော့ ဘာလို့ သူက ဒဏ်ရာရချင်ယောင်ဆောင်ပြီး အကယ်မခံနိုင်ရမှာလဲ ဒီလိုနည်းနဲ့ဆို ကျေးဇူးပြန်ဆပ်တယ်ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ သူ့ကို အကျိုးအမြတ်တွေ ပေးလို့ရတယ်လေ ...
[အော်... လက်စသတ်တော့ ဒီလိုကိုး ]