အပိုင်း ၂၁
Viewers 7k

Chapter 21




လျောင်မုယဲ့က ဒေါသူပုန်ထလာသော်ငြား ဒေါသအမျက်ကို အပြင်မထွက်စေ။ 


ဤရက်ပိုင်းအတွင်း သူ့စိတ်အခြေအနေမှာ များစွာ မကောင်းလှပေ။ 


လျောင်မိသားစုသည် တန်ဖိုးကြီးပစ္စည်းများကို ရောင်းချကာ အမျိုးမျိုးသော ကုန်ကြမ်းပစ္စည်းများကို ဝယ်ယူပြီး ဟုန်ယဲ့တောအုပ်ထဲရှိ မတော်တဆမှု အပြီးတွင် ထိုပစ္စည်းများထံမှ ရလာမည့် အကျိုးအမြတ်ကို အခြေခံကာ မိသားစု ပိုမိုတိုးတက်လာ‌အောင် ဆောင်ရွက်ရန် စောင့်ဆိုင်းနေကြသည်။ 


သူ၏ အတိတ်ဘဝတွင် ဟုန်ယဲ့တောအုပ်ထဲမှ ဖြစ်ရပ်သည် ဟုန်ယဲ့မြို့တော်ကိုသာမက အနီးဝန်းကျင်ရှိ မြို့များအပေါ်ပါ သက်ရောက်ခဲ့သည်။ ထိုမြို့များတွင် နေထိုင်သူ အများအပြား ဟုန်ယဲ့မြို့တော်သို့ ပြောင်းရွှေ့လာခဲ့ကြ၏။ 


အတိတ်ဘဝတွင် ရှဲ့ယွင်နန်သည် ထိုကသောင်းကနင်း ဖြစ်ရပ်များကို အခွင့်ကောင်းယူကာ အင်အားကြီးထွားလာခဲ့ခြင်း ဖြစ်သည်။ 


သို့သော် ယခုဘဝ၌မူ ... အချိန်ကျနေပြီ ဖြစ်သည့်တိုင် ဟုန်ယဲ့တောအုပ်၌ လှုပ်ရှားမှု တစ်စုံတစ်ရာကိုမှ မတွေ့ရသေး။ 


ထို့အပြင် တစ္ဆေဘုရင်အကြောင်းလည်း မသိရသေး။ 


အတိတ်ဘဝက ဟုန်ယဲ့တောအုပ်တွင် ဝရုန်းသုန်းကား ဖြစ်ပွားခဲ့သည်။  ထိုသူက မြင့်မြတ်သော မြို့တော်၌ ဒဏ်ရာရရှိခဲ့ပြီး ဟုန်ယဲ့တောအုပ်သို့ ပြန်လာသည့်အခါ တောအုပ်မှာ အနည်းငယ် ကွဲပြားနေကြောင်း သတိပြုမိခဲ့သည်ဟု ပြောခဲ့သည်။  သူ့ငယ်သားများက စုံစမ်းစစ်ဆေးရန် သွားကြစဉ် သူသည် အံ့ဖွယ်သားရဲတို့၏ ပါးစပ်အောက်တွင် အသက်ပျောက်ရလုမတတ် ဖြစ်ခဲ့သည်။ 


အံ့ဖွယ်သားရဲတို့ စိတ်ရိုင်းဖောက်လာစဉ် တစ္ဆေဘုရင်က သူ့လက်အောက်ငယ်သားများကို ကာကွယ်နိုင်ရန် အလို့ငှာ အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်။  တစ်ယောက်တည်း ထွက်ပြေးလွတ်မြောက်လာပြီးနောက် သူတို့၏ ကယ်တင်ခြင်းကို ခံခဲ့ရသည်။ 


ထိုစဉ်က တစ္ဆေဘုရင်၏ အခြေအနေမှာ အလွန့်အလွန် ဆိုးဝါးလှ၏။ သူ့ကို ကယ်တင်နိုင်ရန် မြောက်များစွာသော တန်ဖိုးကြီး ဆေးဖက်ဝင်ပစ္စည်းများကို အသုံးပြုခဲ့ရသော်ငြား တစ္ဆေဘုရင်သည် ဟုန်ယဲ့မြို့တော်ကို ကာကွယ်ရန်အတွက် ဒဏ်ရာရကာ စောစီးစွာ သေဆုံးခဲ့သည်။ 


သူက ‌တစ္ဆေဘုရင်ကို ကယ်တင်ရန် များစွာ ပေးဆပ်ခဲ့ရသော်လည်း အဲဒီ့လူသည် နောက်ဆုံးတွင်ရှဲ့ယွင်နန်ကိုသာ ရွေးချယ်သွားခဲ့သည်။  


လျောင်မုယဲ့က ရှဲ့ယွင်နန်ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။ 


သူက မြို့ထဲမှ ထွက်လာကာ ရှဲ့ယွင်နန်နှင့် စကားပြောရန်အတွက် သူ ဖြတ်သွားမည့် နေရာမှ စောင့်နေလိုက်သည်။ 


ရှဲ့ယွင်နန် ဘာလုပ်ချင်နေတာလဲဆိုတာကို သေချာပေါက် ဖော်ထုတ်ရမယ် ... 


သူက အလျင်အမြန် လှုပ်ရှားလိုက်သည်။ မြို့ထဲမှ ထွက်လာပြီးနောက် အနီးအနားတွင် ချုံပုတ်များစွာ ရှိနေသည့် လမ်းတစ်ခုကို တွေ့လိုက်ရပြီး ထိုနေရာမှ စောင့်နေရန် အဆင်သင့်ပြင်လိုက်သည်။ 


ရလဒ်အနေဖြင့် သူ ဖြတ်သွားလျှင်သွားချင်း လမ်းဘေးတွင် လဲနေသော အမျိုးသားတစ်ဦးကို တွေ့လိုက်ရတော့သည်။ 


အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားကာ ထိုအမျိုးသားကို နှင်ထုတ်ရန် ပြုစဉ်မှာပင် ရုတ်တရက် ကြောင်အသွားရ၏။ 


လမ်းဘေးမှာ လဲနေတဲ့ အမျိုးသားက မျက်နှာမှာလည်း မွေးရာပါအမှတ်တွေ အပြည့်နဲ့ ... ဒါ ဒါ ‌တစ္ဆေဘုရင်ကလွဲလို့ ဘယ်သူ ဖြစ်နိုင်ဦးမှာလဲ ... 


တစ္ဆေဘုရင်က လူတွေရှေ့မှာ အမြဲတမ်း မျက်နှာဖုံး တပ်ထားတယ် ဆိုပေမယ့် သူကတော့ အဲဒီ့လူရဲ့ မျက်နှာအစစ်ကို တွေ့ဖူးတယ် .. တစ္ဆေဘုရင်ရဲ့ မျက်နှာကလည်း ဒီအတိုင်းပဲ ..


သူ ထင်ထားသလို ဖြစ်နေသေးတာပဲဟ ... တစ်ခုပဲ အတိတ်ဘဝမှာ တွေ့ခဲ့တဲ့ တစ္ဆေဘုရင်က တစ်ကိုယ်လုံး သွေးတွေနဲ့ တော်တော်လေးကို ဒဏ်ရာပြင်းထန်တဲ့ပုံမျိုး ဒါပေမယ့် ဒီတစ်ခေါက်တော့ ဒဏ်ရာက သိပ်မပြင်းတဲ့ပုံပဲ ... 


ထားပါ ဘာပဲဖြစ်ဖြစ် သူ့ကို လူကယ်ဖို့ ဟန့်တားနိုင်မှာမှ မဟုတ်တာ ... 


လျောင်မုယဲ့က အပြုံးတစ်ခုကို ဆင်မြန်းရင်း ရှေ့သို့ ကမန်းကတန်း တိုးလာကာ တစ္ဆေဘုရင်ကို ကယ်တင်ရန် ကြိုးစားလိုက်သည်။ 


တစ္ဆေဘုရင်ဆိုတာက ထိပ်တန်းတိုက်ခိုက်ရေးသမား သူ့လက်အောက်မှာလည်း အရည်အချင်း ရှိတဲ့သူတွေမှ အများကြီးပဲ သူတို့လျောင်မိသားစုဆိုတာက မိသားစု သေးသေးလေး မြင့်မြတ်တဲ့ မြို့တော်က မိသားစုကြီးတွေကို ဘယ်လိုနည်းနဲ့မှကို ယှဉ်နိုင်မှာ မဟုတ်ဘူး ဒါပေမယ့် တစ္ဆေဘုရင်နဲ့သာဆို ... အဲဒီ့ မိသားစုကြီးတွေကိုပါ သူတို့်မိသားစုက ပုခုံးချင်း ယှဉ်နိုင်တော့မှာ ... 


လျောင်မုယဲ့က စိတ်လှုပ်ရှားသွားကာ ရွံရှာစိတ် မရှိသလောက် နည်းပါးသည့် အမူအယာကို ရွေးချယ်ပြောင်းလဲလိုက်သည်။ လမ်းဘေးတွင် လဲဟန်ဆောင်ကာ ရှဲ့ယွင်နန် လာကယ်မည်ကို စောင့်နေသည့် တစ္ဆေဘုရင်ကလည်း ဆဲရေးလိုစိတ်များ တဖွားဖွား ထွက်ပေါ်လာ၏။ 


သူ့ထံ ပြေးလာသူကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် ... ရန်သူလား မိတ်ဆွေလား မသဲကွဲခင်မှာပင် တစ္ဆေဘုရင်က ချက်ခြင်း မတ်တပ်ထရပ်ကာ လျောင်မုယဲ့ကို လမ်းတစ်ဖက်သို့ ကန်ထုတ်ပြီး ချက်ခြင်း ထွက်သွားလိုက်သည်။  


ကြည့်ရတာ ဒီတစ်ခေါက်တော့ အလုပ်မဖြစ်တော့ဘူးထင်တယ် ... နောက်မှ ထပ်ကြိုးစားကြည့်ရတာပေါ့ 

  

တစ္ဆေဘုရင်မှာ လွန်စွာ စိတ်ဇောသန်နေသည့်အတွက် လျောင်မုယဲ့၏ ရုပ်ရည်ကို သဲသဲကွဲကွဲ မမြင်ခဲ့မိ။ 


လျောင်မုယဲ့၏ လုပ်ရပ်မှာ သူ့ကို ကူညီလိုခြင်း ဖြစ်နိုင်သလို အန္တရာယ် ပေးနိုင်ခြင်းလည်း ဖြစ်နိုင်ပေသည်။ သူ့ကို ကူညီလိုခြင်း ဖြစ်ပါလျှင် မတော်တဆ ထိခိုက်စေမည်ကို စိုးရိမ်စိတ်ကြောင့် တစ္ဆေဘုရင်သည် သူ့ကို ဘေးသို့ ကန်ထုတ်လိုက်သည့်တိုင် ခန္ဓာကိုယ်ကို ထိခိုက်စေခြင်း အလျဉ်းမရှိခဲ့ပေ။ 


သူက နောက်သို့ ပြန်လှည့်မကြည့်ဘဲ ချက်ခြင်း ထွက်သွားသည်။ 


သူ့အဖို့ လျောင်မုယဲ့မှာ သာမန် ဖြတ်သွားဖြတ်လာ တစ်ဦးမျှသာ။ အလေးအနက် မထားဘဲ နောက်ထပ်တစ်နည်း လှုပ်ရှားရန်သာ စီစဉ်နေလိုက်သည်။ သို့သော် လျောင်မုယဲ့မှာမူ တစ္ဆေဘုရင်၏ ရန်လိုခက်ထန်လှသော အပြုအမူ များကြောင့် ပြောစရာစကားပင် ပျောက်ရှသွားတော့သည်။ 


တစ္ဆေဘုရင်က ဒဏ်ရာရပြီး လမ်းမပေါ် လဲကျနေတာ အရှင်းကြီးပါ ဘာလို့ သူ့ကိုကျ အနားရောက်ရောက်ချင်း ကန်ထုတ်ပစ်ရတာလဲ ...


ဒီ ကန်လိုက်တဲ့ အားနဲ့ဆို လမ်းမပေါ်မှာ အကူအညီလိုတဲ့ ပုံစံနဲ့ လှဲနေဖို့မှ မလိုတာ ...


ရှင်းမပြနိုင်လောက်သည့် အထိတ်တလန့်ဖြစ်မှုတို့က သူ့နှလုံးသားအောက်ခြေမှ ထွက်ပေါ်လာကာ သူ့ရှေ့တွင် ရှိနေသည့် လမ်းမကို ငေးကြည့်နေလိုက်မိသည်။ 


ပြန်လည်မမွေးဖွားခင်က သူသည် အမြဲ မပျော်မရွှင် ဖြစ်ခဲ့သည့်တိုင် ကောင်းကောင်းမွန်မွန် နေထိုင်ခဲ့ရပေသည်။ 


ထိုစဉ်က သူသည် ရှဲ့ယွင်နန်ကို မည်မျှပင် မကျေမနပ် ဖြစ်နေပါစေ မဆန့်ကျင်ရဲ။ အပေါ်ယံတွင်မူ သူသည် ရှဲ့ယွင်နန်နှင့် တစ်ဘက်တည်းပင်။ အကြောင်းမှာ သူသည် ရှဲ့ယွင်နန်၏နောက်သို့ လိုက်ပါသူများအနက် ပထမဦးဆုံးသူများထဲတွင် တစ်ဉီးအပါအဝင်ဖြစ်ကာ သူ့ဂုဏ်ပုဒ်မှာလည်း မနိမ့်လှ၍ ဖြစ်သည်။ 


သို့သော် အစိုးရအသစ်တစ်ရပ် ဖွဲ့စည်းပြီးနောက် သူ့လက်ထဲရှိ အာဏာအားလုံး တစ်ဖြည်းဖြည်း လျော့ပါးဆုတ်ယုတ်သွားတော့သည်။ 


ရှဲ့ယွင်နန်က မိသားစုကြီးများအပေါ် ဆက်တိုက် ပစ်မှတ်ထား တိုက်ခိုက်လာကာ သူ၏ လျောင်မိသားစုပင်လျှင် ၎င်းကို မရှောင်လွှဲနိုင်ခဲ့။ 


ထိုအကြောင်းကြောင့် ရှဲ့ယွင်နန်အပေါ် သူ၏ မကျေနပ်စိတ်များ ပိုမိုများပြားလာကာ ပြန်လည်မွေးဖွားပြီးသည့်နောက် ကိစ္စကြီးတစ်ခုကို ဆောင်ရွက်လိုလာခဲ့သည်။ 


သို့သော် ကံမကောင်းစွာဖြင့် ကိစ္စများမှာ သူ့မှတ်ဉာဏ်ထဲကအတိုင်း ဖြစ်မလာ။ 


အတိတ်ဘဝက ဤအချိန်တွင် သူနှင့် ရှဲ့ယွင်နန်၏ ဆက်ဆံရေးမှာ အတော်လေး ကောင်းနေပြီဖြစ်ကာ ဆင်ခြေဖုံးဒေသတွင်လည်း အံ့ဖွယ်သားရဲ အများအပြား ဝင်ရောက်နှင့်နေပြီဖြစ်သည်။ သို့သော် ယခုမူ ... ဆင်ခြေဖုံးဒေသတွင် အံ့ဖွယ်သားရဲ တစ်ကောင်တစ်မြီးပင် မရှိ။ 


သူက တစ္ဆေဘုရင်ကို ကယ်တင်ချင်ပေမယ့် တစ်ခုခုတော့ လွဲနေပြီ ...


လမ်းဘေးတွင် ထိုင်ကာ သူ့ဘဝအကြောင်း သံသယပွားနေစဉ် လျောင်မုယဲ့သည် မော်တော်ဆိုင်ကယ်အသံတစ်ခုကို ကြားလိုက်ရသည်။ ဆိုင်ကယ်စီးကာ သူ့အနီးသို့ ရောက်လာသည့် ရှဲ့ယွင်နန်ကို တွေ့လိုက်ရသည်။ 


လျောင်မုယဲ့က သူနှင့် စကားပြောရန် ဤနေရာသို့ ရောက်လာခဲ့ခြင်း ဖြစ်သော်ငြား ယခုအချိန်တွင် အတော်လေး ရှက်ရွံ့မိနေတော့သည်။ 


ထိုသို့ဖြင့် သစ်ပင်ခပ်ပုပုတစ်ပင်၏ နောက်တွင် ပုန်းအောင်းရင်း အဆုံးသတ်သွား၏။ 


ရှဲ့ယွင်နန်ကလည်း ချုံပုတ်အကြားသို့ လူတစ်ယောက် ဝင်ပုန်းလိုက်သည်ကို မြင်လိုက်သော်လည်း အလေးစွန့်ရန် ပြင်နေသူဟု ထင်မိသဖြင့် မရပ်တန့်ဘဲ ရှေ့သို့သာ ဆက်သွားလိုက်သည်။ 


ကန်စွန်းဉ နှစ်ထောင်ကီလိုကို တစ်ကြိမ်လျှင် ငါးရာကီလိုနှုန်းဖြင့် လေးကြိမ်တိုင်တိုင် သယ်ယူခဲ့ရသည်။ 


အပေါ်ထပ်ရှိ ဒုတိယအိပ်ခန်းတစ်ခုလုံး အစားအစာသိုလှောင်ခန်းအဖြစ် ပြောင်းလဲသွားသည်ကို မြင်လိုက်ရသည့်အခါ သူ့စိတ်များ လွန်စွာ အေးချမ်းသွားတော့သည်။ လတ်တလောတွင် အံ့ဖွယ်သားရဲများနှင့် ပတ်သက်၍ သတင်းတစ်ခုတစ်လေမျှပင် မကြားရသေးကြောင်း သတိရသွားသောအခါ ပို၍ပင် စိတ်ခံစားချက် ကောင်းလာ၏။


ရုတ်တရက်ကြီး ရလာတဲ့ မှတ်ဉာဏ်တစ်ချို့တစ်လေက မှန်ပေမယ့် တစ်ချို့ဟာတွေကတော့ မမှန်ဘူးထင်တယ် တော်သေးတာပေါ့ ...


ဘာပဲဖြစ်ဖြစ် သူကတော့ စောစောစီးစီး မသေချင်ပါဘူး ...


ထိုသို့ဖြင့် ညပိုင်း အိပ်ယာခင်းသည့်အခါ သူကိုယ်တိုင်ပင် သတိမထားမိပါဘဲ သီချင်းတစ်ပုဒ် ညဉ်းလိုက်မိတော့သည်။ 


သွမ့်ချန်ချင်းက သူ့ကို ပြုံးကာ ငေးကြည့်နေလိုက်သည်။ 


သူ့ရဲ့ တာအိုလက်တွဲဖော်လေး သီချင်းညဉ်းနေတဲ့ အသံက အရမ်းကို နားထောင်လို့ ကောင်းတာပဲ ...


ရှဲ့ယွင်နန်မှာလည်း မျက်နှာသစ်ပြီးကာစ သွမ့်ချန်ချင်း၏ ချစ်စဖွယ်ရုပ်သွင်ကြောင့် စိတ်လှုပ်ရှားသွားရတော့၏။ 


ဒီလူရဲ့ ကျန်းမာရေးကို စဉ်းစားပေးနေရလို့သာ မဟုတ်ရင် ... အဟွတ် ..


ရှဲ့ယွင်နန်က သူ့ကိုယ်သူ လိုအင်ဆန္ဒ နည်းပါးသည်ဟုသာ ထင်ထားခဲ့မိသော်ငြား ယခုမူ သူ့စိတ်တို့ကို တည်ငြိမ်စေ၍ပင် မရတော့။ သက်ပြင်းချကာ အိပ်ယာပေါ်သာ လှဲချလိုက်တော့သည်။ 


သူ လှဲလိုက်သည်နှင့် တစ်ပြိုင်နက် ရှောင်ဟွားက ရင်ဘက်ပေါ် တက်ကာ သူ့နှလုံးသားနေရာ တည့်တည့်တွင် အသိုက်ဖွဲ့လိုက်၏။ 


နူးညံ့ပြီး တကယ့် တကယ်ကို ချစ်ဖို့ကောင်းလိုက်တာများ ...


“ငါ လူးလှိမ့်ပြီး မင်းကို ဖိထားမိမှာကို မကြောက်ဘူးလား ...”


သူက ရှောင်ဟွားကို ထိကိုင်ကာ ပြောလိုက်သည်။


ထူးဆန်းတယ် .. သိပ်မကြာခင်ကအထိကို ‌ရှောင်ဟွားရဲ့ အမွေးတွေက ကြမ်းပြီး ကြည့်ရဆိုးတဲ့ဟာကို ... အခုကျ တကယ်ကို ပြောင်လက်တောက်ပနေပြီ ...


ဒါပေမယ့် ပိန်တော့ပိန်နေသေးတယ် အလေးချိန်လည်း မရှိဘူး ...


ရှဲ့ယွင်နန်မှာ ၎င်းကို ကိုင်ရာ၌ မတော်တဆ ဖျစ်ညှစ်မိမည်ကို ကြောက်ရွံ့စိတ်ကြောင့် အားပင် မထည့်ရဲ။


သူ့ဘေးတွင် လှဲနေသည့် သွမ့်ချန်ချင်းကမူ ဆက်လက်ကျင့်ကြံနေသည်။ 


သူ့ခန္ဓာကိုယ်ထဲရှိ စိတ်စွမ်းအင်ကို ထိန်းချုပ်ကာ မရီဒန်၏ တစ်လက်မချင်းစီတိုင်း၊ ခန္ဓာကိုယ်ရှိ ကြွက်သားတစ်ခုစီတိုင်းထံ ပျံ့နှံ့စေလိုက်သည်။ 


ကောင်းပြီ ဒီခန္ဓာကိုယ်မှာ ကြွက်သားလေးတွေ နည်းနည်းပါးပါးတော့ ထွက်လာပြီ ...


ပြင်းထန်လှသည့် နာကျင်မှုတို့က ခန္ဓာကိုယ်အနှံ့ ထွက်ပေါ်လာသည့်တိုင် ရလဒ်မှာမူ များစွာ ကောင်းမွန်လှပေသည်။ 


သွမ့်ချန်ချင်းက သူ့ခန္ဓာကိုယ်မှာ တစ်စထက်တစ်စ ပိုမို မာကြောခိုင်ခံ့လာသည်ဟုပင် ခံစားမိလာသည်။ 


သာမန်သူများ၏ ကျင့်ကြံနှုန်းမှာ များစွာ နှေးကွေးလှသော်ငြား သူက ထိုသူများနှင့်မတူ။ ယခင်ကလည်း ကျင့်ကြံထားဖူးပြီး ဖြစ်သည့်အပြင် သူ၏ သိစိတ်ဝိဉာဉ်ကိုလည်း ပိုင်ဆိုင်ထားဆဲဖြစ်သည်။ အများစုကို ချိတ်ပိတ်သိမ်းဆည်းထားရသည့်တိုင် ၎င်းမှာ စတင်ကျင့်ကြံကာစ လူများတွင် မရှိနိုင်သည့် သိစိတ်ဝိဉာဉ်ဖြစ်သည်။


ထို့အပြင် စိတ်စွမ်းအင်အစိုင်အခဲကလည်း မြောက်များစွာသော စိတ်စွမ်းအင်များကို ထောက်ပံ့ပေးထားရာ သူ၏ တိုးတက်နှုန်းမှာ လွန်စွာ မြန်ဆန်လှသည်။ 


သို့သော် ဤခန္ဓာကိုယ်မှာမူ များစွာ အားနည်းလွန်းလှသည့်အတွက် ကျင့်ကြံရာတွင် အားကုန်မသုံးနိုင်။ 


ရှဲ့ယွင်နန် နိုးလာသည့်အခါ သွမ့်ချန်ချင်း၏ တစ်ကိုယ်လုံး ချွေးများဖြင့် စိုရွှဲနေကြောင်း တွေ့လိုက်ရပြန်သည်။ 


သူက မနေ့ညကလည်း ချွေးတွေ ထွက်နေပြန်တာလား ...


အာဟာရဖြည့်စွက်စာ နည်းနည်းလောက် သွားဝယ်ပေးသင့်လား ...


ရှဲ့ယွင်နန်က ဒေါက်တာဟူထံ သွားရန်ပင် စီစဉ်လိုက်တော့သည်။ 


သွမ့်ချန်ချင်းက သူ့အတွေးတို့ကို မသိသေး။ ရှဲ့ယွင်နန်နှင့်အတူ မနက်စာ စားနေရင်း စကားစလိုက်သည်။ 


“ယွင်နန် ငါ အပြင်ထွက်ပြီး လမ်းလျှောက်ချင်လို့ ...”


“အန္တရာယ်တစ်ခုခုနဲ့ ကြုံလာရင် အော်သာအော်ချလိုက်နော် အနီးအနားကလူတွေ အကုန်လုံး မင်းကို သိပြီးသားဆိုတော့ သေချာပေါက် ကူညီပေးလိမ့်မယ် ... နေပါဦး ဘာလို့ မင်းအနောက်ကနေ လိုက်ဖို့ ကလေးနည်းနည်းလောက် ရှာမပေးမိပါလိမ့် ...”


သူက သွမ့်ချန်ချင်း တစ်ယောက်တည်း အပြင်ထွက်မည်ကို အနည်းငယ် ပူပန်နေမိသည်။ 


ဒီလူက ဘာကိုမှ နားလည်သေးတာလည်း မဟုတ်ဘူး ပြီးတော့ စကားပြောတာကလည်း ကလေးလေသံနဲ့ .. မတော် ပျောက်သွားရင် ဘယ်လိုလုပ်မလဲ ...


သွမ့်ချန်ချင်းက ပြောလိုက်သည်။ 


“မဟုတ်တာ အဆင်ပြေပါတယ် ...”


“ကိုယ့်ဖုန်းကို ယူသွား ပြဿနာနဲ့ ကြုံလာရင် အထဲက နံပါတ်ကို ခေါ်လိုက် ...”


ရှဲ့ယွင်နန်က သူ၏ အနည်းငယ် ဟောင်းနွမ်းနေပြီဖြစ်သော ဖုန်းကို ရှာကာ သွမ့်ချန်ချင်းကို ပေးလိုက်သည်။ ပြဿနာ ကြုံလာပါလျှင် ဖုန်းဆက်ရန် သူပြောသည့် နံပါတ်မှာ အိမ်နီးချင်း၏ ဖုန်းနံပါတ်ဖြစ်သည်။ 


“အင်း ...”


သွမ့်ချန်ချင်းက ပြုံးကာ သဘောတူလိုက်ပြီးနောက် ခပ်ဖြည်းဖြည်း ထွက်သွားတော့သည်။ 


သူ့ရည်ရွယ်ချက်မှာ ပတ်ဝန်းကျင်ကို တစ်ကိုယ်တည်း စူးစမ်းရန်နှင့် ... အဆင်ပြေပါလျှင် ပိုကောင်းသည့် စားစရာများကို ရှာဖွေနိုင်ရန် ဖြစ်သည်။ 


ပြီးခဲ့သည့်ဘဝ ကျင့်ကြံရေးလောကတွင် ခန္ဓာကိုယ်ကျင့်ကြံရေးသမားများသည် နာကျင်မှုကို ခံစားရခြင်းအပြင် အရင်းအမြစ်အများအပြားကိုလည်း အသုံးပြုရပေသည်။ 


ခန္ဓာကိုယ်ကို ထိန်းချုပ်ရန် စိတ်စွမ်းအင် အများအပြား အသုံးပြုရန်သာ လိုအပ်သည်မဟုတ်။ စိတ်စွမ်းအင်သားရဲတို့၏ အသားကို လုံလုံလောက်လောက် စားသောက်ရန်လည်း လိုအပ်ကာ စိတ်ဝိဉာဉ်ဆေးပင်များဖြင့်ပါ ရေစိမ်နိုင်ပါလျှင် အကောင်းဆုံးဖြစ်သည်။ 


သူ့တွင် စိတ်စွမ်းအင် အလုံအလောက် ရှိနေသော်လည်း စိတ်ဝိဉာဉ်ဆေးပင်နှင့် အသားတို့မှာမူ ပြတ်လပ်နေဆဲပင်။


ဒီရက်ထဲမှာ ရိုးရိုးအသားတောင် မစားရဘူး ဘယ်လောက်တောင် ဝမ်းနည်းစရာ ကောင်းလိုက်သလဲ ...


မြို့ထဲသို့ လျှောက်ပတ်ကြည့်နေရင်း သွမ့်ချန်ချင်းသည် အမျိုးမျိုးသော စားသောက်စရာ ရောင်းချသည့် ဆိုင်ခန်းများကို တွေ့ခဲ့သည်။ သို့သော် သန့်ရှင်းသပ်ရပ်မှုမှာမူ ... သိပ်မကောင်းလှ။ 


သူ့လက်ထဲတွင် ငွေရှိသည့်တိုင် ထိုစားစရာတို့ကို ဝယ်ယူရန် အလောမကြီးသလို ရှဲ့ယွင်နန်၏ ပိုက်ဆံကို သုံးရန်လည်း စိတ်ဇောမသန်ပေ။ 


တစ်မြို့လုံးကို လှည့်ပတ်ကြည့်ပြီးသည့်အခါ မြစ်ကမ်းစပ်သို့ ထွက်လာလိုက်သည်။ 


သူတို့နေထိုင်ရာမြို့မှာ ပင်မခရိုင်နှင့် သိပ်မဝေးသည့်အတွက် လျှပ်စစ်နှင့် ရေပိုက်များ သွယ်တန်းပေးထားသည်။ သို့သော် ဓာတ်အားပြတ်တောက်မှုများမှာမူ အချိန်ပြည့် ဖြစ်ပွားနေဆဲပင်။ သွမ့်ချန်ချင်းသည်ပင် ကြိမ်ဖန်များစွာ ကြုံတွေ့ရပြီးဖြစ်သည်။


ရှဲ့ယွင်နန်သည် များသောအားဖြင့် ရေပိုက်ခေါင်းမှ လာသည့်ရေကို အသုံးပြုတတ်သည်။ 


သို့သော် ကျူးကျော်ရပ်ကွက်တွင်မူ ရေပိုက်လိုင်းနှင့် မီးလိုင်းများ မရှိသည့်အတွက် ထိုသူများသည် မြစ်သို့ လာ၍သာ ရေခပ်ကြရသည်။ 


မည်သို့ပင်ဖြစ်စေ မြစ်ကြောင်းမှာ လွန်စွာ ရှည်လျားလှသည့်အတွက် သူ ရောက်သွားချိန်၌ မည်သူ့ကိုမှ မတွေ့ရချေ။


သူက မြစ်ကမ်းဘေးတွင် ရပ်ကာ မြစ်ရေကို ငေးကြည့်နေလိုက်သည်။ သွားရည်ယိုသည့်ခံစားချက်ကိုပါ မနည်း ထိန်းချုပ်နေရ၏။ 


မြစ်ထဲမှာ ငါးတွေ အများကြီး ရှိလောက်တယ် ...


သူ မြစ်ထဲတွင် မျောပါလာခဲ့စဉ်က သူ့အနီးဝန်းကျင်တွင် ငါးအများအပြား ရှိနေကြောင်း မှတ်မိနေသေးသည်။ ကံကောင်းထောက်မစွာဖြင့် ဤမြစ်ထဲရှိ ငါးအများစုမှာ သာမန်ငါးများဖြစ်ကာ စိတ်စွမ်းအင်သားရဲငါးဟူ၍ အနည်းငယ် ရှိ၍သာ တော်သေးသည်။ ထိုသို့ မဟုတ်ပါလျှင် သူသည် ထိုနေရာတွင်ပင် ငါးစာ ဖြစ်နေခဲ့လိမ့်မည်။ 


ယခုမူ .. သူသည် ငါးစားချင်လာကာ အထူးသဖြင့် စိတ်ဝိဉာဉ်သားရဲများကို ပို၍ပင် စားချင်မိလာတော့သည်။ 


သွမ့်ချန်ချင်းက အပြင်ထွက်လာချိန်တွင် အိမ်မှ အသီးလှီးသည့် ဓားတစ်ချောင်းကိုပါ သတိတရ ယူဆောင်လာခဲ့သည်။ 


အနီးအနားတွင် ကျူပင်နှင့် ခပ်သွယ်သွယ် ဝါးများကို တွေ့လိုက်သည့်အတွက် ဓါးကို ဝါးလုံးထိပ်ဖြင့် တွဲချည်ကာ မြစ်ထဲသို့ ငါးဖမ်းရန် ဆင်းလာလိုက်သည်။ 


ထိုငါးများသည် ရေတိမ်ပိုင်းတွင် ကူးခတ်မနေကြသည်မှာ နှမြောစရာပင်။ သူ့အဖို့လည်း ရေနက်သည့် နေရာအထိ သွားရန် အဆင်မပြေလှ။ 


အခက်ကြုံနေစဉ် မလှမ်းမကမ်းမှ လှေတစ်စီး အနားသို့ ချဉ်းကပ်လာကြောင်း သတိပြုမိလိုက်သည်။ လှေပေါ်တွင် ဝတ်ကောင်းစားလှ ဝတ်ဆင်ထားသူများ အများအပြား ရှိနေကာ ငါးဖမ်းပိုက်ကွန်ကို ရေထဲသို့ ချနေကြသည်။ 


သူ့မှာသာ ငါးဖမ်းပိုက် ရှိခဲ့ရင် ...


ဝါးလုံးကို ကိုင်ထားရင်း သွမ့်ချန်ချင်းသည် ထိုသူများကို အနည်းငယ် အားကျမိလာသည်။ 


လှေပေါ်တွင် ရှိနေသူများကလည်း သူ့ကို မြင်လိုက်ကြ၏။ 


မိတ်ကပ်တွေ အထူကြီး လိမ်းထားတဲ့ လူပိန်လေးတစ်ယောက် ... ကြည့်ရတာ သူက ဒီနားလေးက ပြည့်တန်ဆာရုံမှာ ခန္ဓာကိုယ်ကို ရောင်းစားတဲ့သူ ထင်တယ် ...


ဖျတ်ခနဲ လှမ်းကြည့်ပြီးသည့်နောက် အထင်အမြင်သေးစွာဖြင့် အကြည့်ကို လွှဲလိုက်ကြသည်။ 


ထိုသူတို့၏ အကြည့်ကို ခံစားမိသည့် သွမ့်ချန်ချင်းကလည်း ချက်ခြင်း ခေါင်းငုံ့ကာ သူတို့၏ အကြည့်ကို ရှောင်ဖယ်လိုက်သည်။ 


ယခု သူသည် အင်အားကြီးသူက အားနည်းသူကို အနိုင်ယူတတ်သည့် ဤကမ္ဘာ၏ သဘောသဘာဝကို နားလည်နေပြီဖြစ်သည်။ သူသာ ကံဆိုးမိုးမှောင်ကျကာ စိတ်ပိုင်းဆိုင်ရာ ဆိုးသွမ်းပါသည့် အင်အားကြီးသူတစ်ဦးနှင့် တွေ့မိပါလျှင် မုချ အသတ်ခံရမည်ဖြစ်သည်။ 


အဆိုးဆုံးအချက်မှာ ထိုကဲ့သို့ ဖြစ်ပွားသည့်တိုင် သူ့အတွက် တရားမျှတမှုကို ရှာဖွေ၍ ရမည် မဟုတ်ပေ။ 


ထို့အပြင် လှေပေါ်ရှိ လူများမှာ ... ထိုသူအားလုံးမှာ အတော်လေး သန်မာလှကြောင်း ခံစားမိနေ၏။ 


သွမ့်ချန်ချင်းက ဝါးလုံးကို ကိုင်ထားရင်း မြစ်ကမ်းဘေးမှ ထွက်လာလိုက်သည်။ 


လှေပေါ်ရှိ လူများက သူ့ကို လုံးဝဥဿုံ လျစ်လျူရှုထား၏။ ထိုစဉ် တစ်စုံတစ်ယောက်က အနည်းငယ် စိတ်မရှည်နိုင် ဖြစ်လာသည်။ 


“ယဇ်ဆရာက သေသွားပြီပဲဟာ သူ့အလောင်းကလည်း မြစ်ထဲက ငါးတွေ လက်ချက်

နဲ့ အရိုးတောင် ကျန်ပါဦးမလား မသိတာကို ဘာလို့ မင်းတို့က ဆက်ရှာနေကြသေးတာလဲ ...”


“ငါတို့ မင်းကို လုပ်ခိုင်းတဲ့အတိုင်းပဲ လုပ် စောဒက တက်မနေနဲ့ ...”


တစ်ယောက်က ပြောလိုက်သည်။ 


ထို့နောက် ပိုက်ကွန်ချကာ ငါးဖမ်းသည့်အလုပ်ကို ဆက်လုပ်နေလိုက်သည်။