Chapter 22
သွမ့်ချန်ချင်းက အသီးလှီးဓားတပ် ဝါးချွန်ကို ကိုင်ကာ မြစ်ကမ်းဘေးမှ ထွက်လာလိုက်သည်။
ယုန်လေးဘာလေးများ ဖမ်းမိလောက်မလားပဲ ...
ဤကမ္ဘာမှာ ကျင့်ကြံရေးကမ္ဘာနှင့် များစွာ ဆင်တူလှပြီး တိရိစ္ဆာန်များကိုလည်း ရိုးရိုးတိရိစ္ဆာန်၊ မိစ္ဆာသားရဲနှင့် စိတ်ဝိဉာဉ်သားရဲဟူ၍ ပိုင်းခြားထားသည်။
သို့သော် ဤကမ္ဘာတွင်မူ မိစ္ဆာများကို အဖော်သားရဲ၊ စိတ်ဝိဉာဉ်သားရဲကို အံ့ဖွယ်သားရဲဟူ၍ ခေါ်ဝေါ်ကြသည်။
ထို့အပြင် ဤကမ္ဘာတွင် နေထိုင်သူများမှာ ကျင့်ကြံခြင်း မရှိသည့်တိုင် မည်သည်က အဖော်သားရဲ၊ မည်သည်က သာမန်သားကောင်ဟူသည်ကို တစ်ချက်တည်း ကြည့်ရုံဖြင့်ပင် ပိုင်းခြားနိုင်ကြသည်။
ဤကုန်းမြေတိုက်တွင် ကျယ်ပြောလှသည့် တောအုပ်များနှင့် မြက်ခင်းပြင်များစွာ ရှိသော်လည်း အားလုံးကို အံ့ဖွယ်သားရဲများက အပိုင်စီးထားကာ လူသားများက ထိုနေရာများသို့ ခြေတစ်ဖဝါးပင် မချရဲပေ။
နည်းပညာမြင့် လက်နက်များကို အသုံးပြုရန်အတွက်မူ ...
သွမ့်ချန်ချင်းက သိပ္ပံနှင့်နည်းပညာ ဖွံ့ဖြိုးတိုးတက်မှု အလွန်နှေးကွေးကာ လက်နက်ထုပ်လုပ်ရေးမှာလည်း ကြီးကြီးမားမား တိုးတက်ပြောင်းလဲမှု မရှိရခြင်း၏ အဓိကအကြောင်းအရင်းမှာ တိုက်ခိုက်ရေးသမား၏ ပင်ကိုယ်စွမ်းရည်ကို များစွာ လေးစားနေကြသောကြောင့်ဖြစ်ကြောင်းကိုလည်း သိရှိခဲ့သည်။
ဒါကလည်း ပြောရရင်တော့ ပုံမှန်ပါပဲ ...
ဤကမ္ဘာမှာ စိတ်စွမ်းအင်များဖြင့် ပြည့်နှက်နေသည့် ကမ္ဘာဖြစ်ကာ သူ့ပတ်ဝန်းကျင်တွင် သန်မာသည့်သူ မရှိသည့်တိုင် ပြင်ပလောက၌ သန်မာသူ အများအပြား ရှိနေပေသည်။
ပြီးခဲ့သည့် ရက်ပိုင်းက သူ တွေ့ခဲ့သည့် အမြီးကိုးချောင်းမြေခွေးမှာ ချီသန့်စင်ခြင်းအမြင့်ဆုံးအဆင့်သို့ ရောက်နှင့်နေပြီးဖြစ်ကြောင်းကိုမူ ထုတ်ပြောနေရန်ပင် မလိုချေ။ ၎င်းသာ စိတ်ရိုင်းဖောက်လာပါလျှင် တစ်မြို့လုံးကိုပင် ဖျက်ဆီးနိုင်ကာ မည်သူမှ အသက်ရှင်လျက် လွတ်မြောက်မည် မဟုတ်ပေ။
ဒီလိူလူမျိုးတွေ ကိုယ်တိုင်ကကို သတ်ဖြတ်သူ အကြီးစား ဖြစ်နှင့်နေပြီးသားဟာကို .. သူတို့ထက် ပိုပြီး အင်အားကြီးတဲ့သူ ဒါမှမဟုတ် အံ့ဖွယ်သားရဲတွေ ရှိနေနိုင်သေးလားဆိုတာကိုရော ဘယ်သူက ပြောနိုင်မှာတဲ့လဲ ...
အရေးအကြီးဆုံးအချက်က ဘာလဲဆို .. စွမ်းအင်ရှိတဲ့သူက သန်မာတဲ့သူပဲ ...
အဲဒီ့လူတွေက သေချာပေါက်ကို သူတို့ကို ထိခိုက်စေနိုင်မယ့် လက်နက်တွေ တိုးတက်လာဖို့ လိုလားမှာ မဟုတ်သလို လက်နက်နဲ့ ပတ်သက်ပြီး သုတေသန လုပ်မယ့်သူတွေကိုလည်း ဘယ်လိုနည်းနဲ့မှ ခွင့်ပြုချက် ပေးမှာမဟုတ်ဘူး ...
တကယ်လို့ အာဏာရှိတဲ့သူတစ်ယောက်က အံ့ဖွယ်သားရဲတွေကို ရင်ဆိုင်နိုင်မယ့်အထိ တိုးတက်တဲ့ လက်နက်တွေ ထုတ်လုပ်ချင်တယ်ပဲထား ... ဒီလိုလက်နက်တွေနဲ့တောင် သားရဲတွေက အသက်ရှင်ကျန်ပြီး လူသားတွေကို ပြန်တိုက်ခိုက်လာရင် ဘယ်လို လုပ်မလဲ ...
သူတို့သာ လူတွေရှိတဲ့နေရာကို တစ်ဟုန်ထိုး ပြေးဝင်လာကြရက် .. လူတွေက အပျက်အစီးများတဲ့ လက်နက်တွေနဲ့ သူတို့ကို ရင်ဆိုင်ပြီး မြို့တစ်ခုလုံးကိုပါ မြေမြှုပ်ပစ်နိုင်မှာတဲ့လား ..
သာမန်သူတွေကတော့ အဲဒီ့အံ့ဖွယ်သားရဲတွေကို သေချာပေါက် ရန်မစရဲကြဘူးပေါ့ ပြီးတော့ အဲဒီ့ အင်အားကြီးတဲ့ သားရဲတွေကလည်း လူသားတွေကို နည်းနည်းလေးတောင် အာရုံမထားကြပါဘူး သူတို့က တောင်တန်းတွေ ဒါမှမဟုတ် သက်တမ်းရင့်နေတဲ့ တောအုပ်တွေရဲ့ ဟိုးအတွင်းပိုင်းထဲမှာပဲ နေကြတာလေ ...
အဲဒီ့သားရဲကောင်တွေက စိတ်စွမ်းအင်တွေ ပြည့်ဝနေတဲ့ နေရာတွေကိုပဲ ပိုပြီး သဘောကျကြတော့ အစာဝဝလင်လင် စားနေရတဲ့ သူတို့ရဲ့ သားရဲတွင်းကို လုံးဝ စွန့်ခွါလာမှာ မဟုတ်ဘူး ...
အဲဒီ့လို သားရဲမျိုးတွေက ဘယ်လိုဖြစ်ပြီးတော့များ အဆင့်နိမ့်တဲ့ လူသားနည်းနည်းလောက်ကို အာရုံအနောက်ခံပြီး သတ်မှာလဲ ...
အထက်တွင် ပြောခဲ့သည့်အတိုင်းပင် အံ့ဖွယ်သားရဲများသည် လူသားတို့ နေထိုင်သည့် နေရာများကို သိမ်းပိုက်ခြင်း မရှိပေ။ ထွက်ပေါ်လာသည့် သားကောင်များမှာလည်း သာမန်သားကောင်များသာ ဖြစ်ကာ လူသားများကို အံ့ဖွယ်သားရဲများက တိုက်ခိုက်ခြင်းဟူသည့် ရံဖန်ရံခါ မတော်တဆမှုများမှာလည်း ရှားပါးလှသည်။
အပြန်အလှန်အားဖြင့် လူသားများကသာ အံ့ဖွယ်သားရဲများကို တိုက်ခိုက်ရန် တောအုပ်ထဲသို့ မကြာခဏ ဝင်ရောက်လေ့ရှိကြသည်။
မြို့ထဲသို့ မကြာခဏ လာရောက်နားနေတတ်သည့် ကြေးစားမုဆိုးများမှာ အံ့ဖွယ်သားရဲများကို အမဲလိုက်ကာ ထူးခြားဆေးပင်များကို ခူးယူခြင်းဖြင့် အသက်မွေးကြသူများ ဖြစ်ကြသည်။
သူတို့က ဉာဏ်ရည်နိမ့်ပါးသည့် အဆင့်နိမ့် အံ့ဖွယ်သားရဲများကို အမဲလိုက်ကြသည်။ မြောက်များစွာသော အဆင့်မြင့်အံ့ဖွယ်သားရဲများကလည်း ထိုအဆင့်နိမ့်သားရဲများကို စားသောက်ကြသည်။ အဆင့်နိမ့်သားရဲများမှာ လူသားများကို အမှန်တကယ်ပင် ကြောက်ရွံ့ကြသည့်အတွက် လူသားများကို ပြန်လည် လက်တုန့်ပြန်မည် မဟုတ်ပေ။
၎င်းတို့က ရံဖန်ရံခါတွင် တောအုပ်ထဲမှ ပြေးထွက်လာတတ်ကြသော်ငြား ... ထိုအဖြစ်အပျက်မှာလည်း သူတို့ကိုယ်တိုင် အခက်ကြုံရနိုင်သည့် မတော်တဆမှုပင် ဖြစ်သည်။
သွမ့်ချန်ချင်းက ဝါးလုံးကို ကိုင်လျက် ရှေ့သို့ ဆက်လျှောက်သွားသော်လည်း ယုန်တစ်ကောင်ကိုမှ ရှာမတွေ့။ ထိုအစား မြွေပါ၊ ခပ်သေးသေး ဖြူးတစ်ကောင်နှင့် မြွေပေါက်စတစ်ကောင်ကိုသာ တွေ့လိုက်သည်။
ထိုသားကောင်ငယ်လေးများမှာ ပုန်းအောင်းရာ၌ လွန်စွာ ကျွမ်းကျင်လှရာ စိတ်စွမ်းအင်သုံးကာ ရှာဖွေမှသာလျှင် တွေ့နိုင်ပေမည်။
သို့သော် အဓိကအချက်အနေဖြင့် ... ၎င်းတို့မှာ လွန်စွာ သေးငယ်လွန်းပြီး စား၍ပင် မရနိုင်။
သွမ့်ချန်ချင်းက သိပ်ဝေးဝေး မသွားရသေးခင်မှာပင် ရှဲ့ယွင်နန်ထံ လာရောက်လည်ပတ်လေ့ရှိသည့် ကလေးများနှင့် တွေ့လိုက်ရသည်။
"ရှင်ပဲ .. မြစ်နားအထိ ဘယ်လိုလုပ် ရောက်လာတာလဲ ..."
ခေါင်းဆောင်မိန်းကလေးက ပြောလိုက်သည်။
"လျှောက်ပတ်ကြည့်ရင်းလေ ..."
သွမ့်ချန်ချင်းက ပြောလိုက်သည်။
"ကျွန်မတို့တွေက ငါးဖမ်းမလို့ ရှင်ရော အတူတူ လိုက်ဖမ်းမလား ..."
သူမက ထပ်မေးလိုက်ပြန်သည်။
"ကောင်းသားပဲ ..."
သွမ့်ချန်ချင်းက သဘောတူလိုက်သည်။ ထို့နောက် ထပ်မေးလိုက်၏။
"ငါးက ဘယ်လို ဖမ်းမှာလဲ ..."
ထိုသို့ မေးနေစဉ်မှာပင် ကလေးများက သူတို့၏ အဖော်သားရဲအား ထုတ်လိုက်သည်ကို တွေ့လိုက်ရသည်။
ကြောင်အဖော်သားရဲကို ပိုင်ဆိုင်ထားသည့် မိန်းကလေးက ပြောလိုက်သည်။
"ကြောင်တွေက ငါးဖမ်းနိုင်တယ်လေ ..."
မြွေအဖော်သားရဲကို ပိုင်ဆိုင်ထားသည့် နောက်ထပ် ကလေးတစ်ယောက်ကပါ ဝင်ပြောလိုက်သည်။
"ကျွန်တော့်မြွေကလည်း ငါးဖမ်းနိုင်တယ် ..."
ငါးမဖမ်းနိုင်သည့် အဖော်သားရဲပိုင်ရှင်များကလည်း တစ်ညီတစ်ညာတည်း ဝင်ပြောလိုက်သည်။
"မြစ်ဘေးမှာ ခရုတွေ ရှိတယ် .. ကျွန်တော်တို့ အဲဒါကို တူးလို့ရတယ်လေ ပြီးတော့ လျှို့ဝှက်စခန်းတစ်ခုလည်း ရှိသေးတယ် ..."
ထိုကလေးများ၏ လျှို့ဝှက်စခန်း ဟူသည်မှာ မြစ်ဘေးတွင် သူတို့ တူးထားသည့် ရေအိုင်အကြီးစားကို ဆိုလိုခြင်းဖြစ်သည်။
ထိုအိုင်ကို မြစ်ကမ်းပါးနှင့် ကပ်ကာ တူးမြောင်းတစ်ခုဖြင့် ဆက်သွယ်ထားသည့်အတွက် မြစ်ထဲမှ ငါးများ ထိုအိုင်ထဲသို့ စီးဝင်လာနိုင်ပေသည်။ ထို့အပြင် အထဲ၌ ငါးစာအနည်းငယ်လည်း ထည့်ထားသေးသည်။ ... တစ်ရက်ခန့် ကြာသည့်အခါ မြစ်နှင့် အိုင်ကို ဆက်သွယ်ထားသည့် တူးမြောင်းကို ပိတ်ပြီး အထဲမှ ရေများကို ခပ်ထုတ်လိုက်ပါလျှင် ငါးအသေးလေးများနှင့် ပုစွန်များကို ဖမ်းယူနိုင်မည်ဖြစ်သည်။
"မနေ့က ကန်ထဲကို တီကောင်နဲ့ ကန်စွန်းဥ နည်းနည်းပါးပါး ထည့်ခဲ့သေးတယ် ရေတွေကို ခပ်ထုတ်ပြီးသွားရင် အထဲမှာ ငါးတွေ ကျန်ခဲ့မှာ သေချာတယ် ..."
ခေါင်းဆောင်မိန်းကလေးက ပြန်ဖြေလိုက်သည်။ ထို့နောက် သူမက သွမ့်ချန်ချင်းကို အထက်အောက် စုန်ချည်ဆန်ချည် စိုက်ကြည့်လိုက်၏။
"ပြီးရင် ရှင့်ကိုလည်း ငါးနည်းနည်းလောက် ပေးမယ် ခန္ဓာကိုယ်ကို အားဖြည့်ရအောင်လို့ ..."
သူမရဲ့ လူကြီးပေါက်စလို ပုံစံမျိုးနဲ့ စကားပြောတဲ့ စတိုင်က စိတ်ဝင်စားစရာကောင်းသားပဲ ...
သွမ့်ချန်ချင်းက သူမ၏ စကားကို ငြင်းပယ်လိုက်သည်။
"မလိုဘူး ..."
သူ့လက်ထဲတွင် စားစရာ နည်းပါးနေသည့်တိုင် ကလေးများထံမှ ပြန်တောင်းရသည့်အဆင့်အထိ မနိမ့်ကျသေးပေ။
မိန်းကလေးက ထပ်ပြောလိုက်သည်။
"ကျွန်မကလည်း ရှင့်ကို မပေးပါဘူး ယွင်နန်ကောကို ပေးမလို့ ..."
ကောင်းပြီလေ ..
ဒါဆို ငါကလည်း မင်းတို့ကို ကန်စွန်းဥ နည်းနည်းပါးပါး ပြန်ပေးနိုင်တာပေါ့ ...
သွမ့်ချန်ချင်းတွင်လည်း လုပ်စရာအလုပ် မရှိသည့်အတွက် ကလေးများနှင့်အတူ မြစ်ကမ်းဘေးသို့ လိုက်သွားလိုက်သည်။
လိုက်သွားရခြင်း၏ အဓိကအကြောင်းအရင်းမှာ အကယ်၍ ထိုလှေသာ ရှိနေသေးပါလျှင် ကလေးများက လှေပေါ်တွင် ရှိနေသူများအား မတော်တဆ အပြစ်ပြုမိမည်ကို စိုးရိမ်၍ဖြစ်သည်။
အဲဒီ့သင်္ဘောက ... အခုထိ ရှိနေတုန်းပဲ ...
၎င်းက မြစ်ကြောင်းအတိုင်း စုန်ဆင်းလာနေပြီဖြစ်သော်ငြား ကလေးများ၏ ဦးတည်ရာမှာလည်း ရေစုန်ပိုင်းတွင် ဖြစ်သည့်အတွက် တွေ့ဆုံကြရမြဲပင်။
သွမ့်ချန်ချင်းက ထိုလှေပေါ်ရှိ လူများအား အပြစ်မပြုမိအောင် သတိပြုရန် ကလေးများအား မည်သို့မည်ပုံ ပြောသင့်ကြောင်း အတွေးလွန်နေစဉ် ကလေးများက လှေပေါ်တွင် ရှိနေသူများကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် ချက်ခြင်း ဦးညွတ်လိုက်ကြသည်။
"မင်္ဂလာပါ သခင်ကြီး ..."
တစ်ယောက်ပြီးတစ်ယောက် အရိုအသေပေးလိုက်ကာ အငယ်ဆုံးကလေးနှစ်ယောက်ကိုလည်း သူတို့ကဲ့သို့ ဒူးထောက်ကာ အလွန်အကျွံ အရိုအသေပြုရန် တွန်းထိုးသတိပေးလိုက်သည်။
"သခင်ကြီး မင်္ဂလာပါ .. ဥစ္စာစီးပွား ကြွယ်ဝတိုးများလာပါစေ ..."
သူတို့၏ နှုတ်ဆက်စကားများမှာ သံပြိုင်တေးဆိုနေသည့်နှယ် တစ်ညီတစ်ညာတည်း ထွက်လာကြသည်။
သင်္ဘောပေါ်မှ ငါးဖမ်းပိုက် ချနေကြသူများမှာ သာမန်အဝတ်အစားများကိုသာ ဝတ်ဆင်ထားကြပြီး ရုပ်ရည်မှာလည်း သာမန်မျှသာပင်။ သာလွန်ကောင်းမွန်လှသည့် အဝတ်အစားများကို ဆင်ယင်ထားသူများအားလုံးက ကုန်းပတ်ပေါ်တွင် မတ်တပ်ရပ်နေကြသည်။
ထိုစဉ် ၎င်းတို့ထဲမှ တစ်ယောက်က စိတ်အလိုမကျစွာဖြင့် ပြောလိုက်သည်။
"ထွက်သွားကြစမ်း ..."
သူ့ဘေးတွင် ရှိနေသူက ပြောလိုက်သည်။
"တအားကြီး ခက်ထန်မနေစမ်းနဲ့ ကလေးတွေပဲဟာကို ... စည်သွပ်ဘူး နည်းနည်းလောက်သာ ပစ်ပေးလိုက်ပါ ..."
သူ့စကား အဆုံးတွင် သင်္ဘောသားတစ်ဦးက ကမ်းပါးဆီသို့ စည်သွပ်ဘူးအချို့ ပစ်ပေးလိုက်သည်။
စည်သွပ်ဘူးများက ကလေးများကို ထိလုမတတ် ဖြစ်ကာ ရေထဲသို့ ပြုတ်ကျသွားသည်။ သို့သော် ကလေးများကမူ ဤသည်ကိုပင် အလွန်အမင်း ကျေနပ်ပျော်မြူးနေသည့်ဟန် ရေထဲသို့ ဆင်းကာ အလုအယက် ကောက်ယူလိုက်ကြတော့သည်။
သွမ့်ချန်ချင်းမှာ စကားသံတစ်ခွန်းမျှပင် မထွက်နိုင်တော့။
ပိုပြီး ရင်နာဖို့ကောင်းတာက ဘာလဲသိလား .. ကလေးတွေကလေ ဒီလိုအလုပ်ကို အရမ်းကို ကျွမ်းကျင်နေကြတဲ့ပုံကို မြင်ရတာပဲ ...
ကလေးများက သူကဲ့သို့ များများစားစား စဉ်းစားမနေ။ စည်သွပ်ဘူးများကို စတင်ကာ ဝေစုခွဲဝေလိုက်ကြတော့သည်။
ခေါင်းဆောင်မိန်းကလေးက သူ့ကို အနည်းငယ် စက်ဆုပ်ဟန်ဖြင့် ပြောလိုက်သည်။
"ရှင်က ဘာမှလည်း မတုန့်ပြန် စည်သွပ်ဘူးကိုလည်း မကောက်ဘူး ရူးလိုက်တာများ .. ထားပါ ဒီဘူးက ရှင့်အတွက် ... ယူသွားပြီး ယွင်နန်ကောနဲ့ စားလိုက် ..."
သူမက ဝက်သားနှပ်တစ်ဘူးကို ကမ်းပေးကာ ပြောလိုက်သည်။
သွမ့်ချန်ချင်း၏ စိတ်နှလုံးတစ်ခုလုံး လေးလံသွား၏။
တစ်ဖက်ရှိ လှေပေါ်မှ လူများမှာလည်း အတော်လေး အံ့ဩနေကြသည်။
"ဒီလူပဲ ဖြစ်ပြန်ပြီ .. သူ့ပုံစံက အတော်လေး ကြည့်ကောင်းသားနော် ..."
"အဲဒီ့မိတ်ကပ်တွေအောက်က မျက်နှာက ပုပ်ပွနေလားဆိုတာ ဘယ်သူက သိမှာလဲ ..."
တစ်ယောက်က ပြောလိုက်သည်။
"မင်းက လူတစ်ယောက်ကို စားချင်စိတ် ပျောက်သွားအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို ကောင်းကောင်းသိနေတာပဲ ..."
"ငါက အမှန်တရားကို ပြောတာ ..."
ထိုသူများမှာ ယဇ်ဆရာ၏ ရုပ်အလောင်းကို ရှာဖွေရန် စေလွှတ်ခံထားရသူများ ဖြစ်ကြသည်။
လွန်ခဲ့သော ကာလအချို့က မြင့်မြတ်သည့် မြို့တော်တွင် ပုန်ကန်ထကြွမှု ဖြစ်ပွားကာ မြောက်များစွာသော အင်အားစုများ အတူတကွ တိုက်ခိုက်ခဲ့ကြပြီး ၎င်းတို့အနက် အများအပြားက ယဇ်ဆရာထံ အပြေးသွားခဲ့ကြသည်။
ဒါက ပုန်ကန်တာလို့လည်း တပ်အပ်ကြီးတော့ ပြောလို့မရဘူး အာဏာအားပြိုင်တာလောက်ပဲ တော်တော်များများက ယဇ်ဆရာအသစ်ကို လိုချင်နေကြတာလေ ...
မြင့်မြတ်သည့် မြို့တော်ရှိ အဆင့်မြင့်အရာရှိများက ယဇ်ဆရာ၏ လက်ထဲတွင် ရတနာများ ရှိနေကြောင်းနှင့် သူ့မိသားစုသည် မျိုးရိုးစဉ်ဆက်အလိုက် အားကောင်းသည့်စွမ်းအင်ကို လွှဲပြောင်းပေးနိုင်ကြောင်း သိထားကြသည်။
သို့သော် သူတို့တွင် ဘေးထွက်ဆိုးကျိုးများလည်း ရှိပေသည်။ ယဇ်ဆရာအားလုံးမှာ ကျန်းမာရေး ညံ့ဖျင်းလွန်းလှ၏။
အထူးသဖြင့် လက်ရှိ ယဇ်ဆရာပင်။ သူသည် ယဇ်ဆရာရာထူးကို ဖခင်ထံမှ ငယ်ရွယ်စဉ်ကတည်းက အမွေဆက်ခံရရှိခဲ့သော်လည်း ဤရာထူးနှင့် ကိုက်ညီသည့် စွမ်းအင်မရှိ။ ထို့အပြင် ခန္ဓာကိုယ်မှာလည်း ပြီးခဲ့သည့် ယဇ်ဆရာများထက်ပင် ပိုပြီး အခြေအနေ ဆိုးဝါးသေးသည်။
ထို့ကြောင့်လည်း အခြားသူများက သူ့ပိုင်ဆိုင်မှုကို တပ်မက်လာကြခြင်းဖြစ်သည်။
သူ့ဘေးပတ်ဝန်းကျင်တွင် ရှိနေသူများကပင် သူ့ကို သစ္စာဖောက်ခဲ့ကြ၏။
ယဇ်ဆရာမှာ နေရာတွင်ပင် အသတ်ခံခဲ့ရကာ ဝရုန်းသုန်းကား ဖြစ်နေစဉ်အတွင်း မြစ်ထဲပစ်ချခံခဲ့ရ၏။
သစ္စာခံနှင့် သစ္စာဖောက်သူများအကြား ဤသတင်းမှာ ဖုံးကွယ်ခံလိုက်ရသည်။
ထိုညတွင်ပင် သူ့မိသားစုဝင်အားလုံးက ယဇ်ဆရာအရေးကိစ္စကို တာဝန်ယူလိုက်ကြသည်။
သူ၏ ပျောက်ကွယ်မှုကြောင့် မြင့်မြတ်သည့် မြို့တော်သားအားလုံး တုန်လှုပ်စ ပြုလာသည့်အတွက် ယဇ်ဆရာ၏ အလောင်းကို ထွက်ရှာရန် တာဝန်ပေးခံလိုက်ကြရတော့သည်။
ဒီတာဝန်က ယုတ္တိရှိတာ မရှိတာ အသာထားဦး .. သူ့အလောင်းကို ပြန်ရှာတွေ့တော့ရော အသုံးဝင်မှာမလို့လား ...
ကောလဟာလတွေ အရတော့ ယဇ်ဆရာရဲ့ ခန္ဓာကိုယ်ထဲမှာ ရတနာတွေ ရှိတယ်တဲ့ ...
သူ ရေထဲပြုတ်ကျသွားတုန်းက သူတို့ဘက်တော်သားတွေ အကုန်လုံးနီးပါး သေရင်သေ မသေရင် ဒဏ်ရာရနေကြတာလို့ ဘယ်သူမှ သွားမကြည့်နိုင်လိုက်တာ နှမြောစရာပဲ ...
ယဇ်ဆရာ သေသွားပြီဆိုတဲ့ သတင်းကို သိပ်ကြာကြာ ဖုံးထားလို့ မရဘူး ဆိုရင်တောင်ပေါ့ ...
သင်္ဘောက ရှေ့သို့ ခရီးဆက်နေစဉ် မြင့်မြတ်သည့် မြို့တော်၏ ယဇ်ဆရာ သေဆုံးသွားသည့် သတင်းကို ကြားသိသူများ ပိုမိုကာ များပြားလာသည်။
ယဇ်ဆရာ မသေသေးဟု အခိုင်အမာ ယုံကြည်ထားသူများလည်း အများအပြား ရှိနေဆဲပင်။
ယဇ်ဆရာကို ရှာဖွေရန် အနည်းဆုံး ရုပ်အလောင်းကိုပဲ တွေ့ရသည်ဖြစ်စေ ရှာဖွေရမည်ဟု စိတ်ပိုင်းဖြတ်ကာ မြင့်မြတ်သည့်မြို့တော်မှ ထွက်လာသူများလည်း အများအပြားပင်။
သို့သော် မည်သူကမှ ယဇ်ဆရာ၏ မူလရုပ်ရည်ကို မသိကြ။
ဤယဇ်ဆရာသည် အလွန်ငယ်ရွယ်စဉ်ကတည်းက ရာထူးကို ဆက်ခံခဲ့ရပြီး ထိုအချိန်မှစကာ ရသေ့ဝတ်ဖြင့် အပြင်ထွက်လေတိုင်း မျက်နှာဖုံးတပ်ရသည့်အတွက် သူနှင့် အနီးကပ်ဆုံးသူအချို့လောက်သာ မျက်နှာအစစ်အမှန်ကို သိထားကြသည်။
ထိုသိထားသူများအနက် သစ္စာဖောက်တစ်ဦးလည်း ပါဝင်သော်ငြား ထိုသစ္စာဖောက်မှာ အသက်မရှိတော့။
သွမ့်ချန်ချင်းက သူ ကူးပြောင်းလာသည့် ခန္ဓာကိုယ်၏ မူလပိုင်ရှင်တွင် ဤကဲ့သို့ ကြီးမားလှသည့် နောက်ခံကို ပိုင်ဆိုင်ထားကြောင်း၊ သီအိုရီပိုင်းဆိုင်ရာအရ ကုန်းမြေတိုက်ကြီးတစ်ခုလုံး၏ အုပ်စိုးသူဟု ခေါ်ဆိုရမည့် ရာဇဝင်တွင်လောက်သော ယဇ်ဆရာဖြစ်ကြောင်း မသိထားပေ။
ကလေးအုပ်စု၏ မနှစ်မြို့မှုကို ခံယူကာ ဝက်သားနှပ်ဘူးကို ယူ၍ အိမ်ပြန်ရန် ပြင်ဆင်လိုက်သည်။
တစ်ခဏမျှ လှမ်းပြီးနောက် ခြေလှမ်းတို့ကို ရပ်တန့်လိုက်သည်။
သူ့ရှေ့ရှိ ချုံပုတ်ထဲတွင် လူတစ်ဦး ရှိနေသည်ဟု ခံစားမိလိုက်သည်။
သူ၏ လက်ရှိ အလိုလိုသိစိတ်မှာ လွန်စွာ အားနည်းလွန်းသည့်အတွက် အတော်ဝေးသည့် အကွာအဝေးများကို မထောက်လှမ်းနိုင်။ ထို့အပြင် သူ့စိတ်စွမ်းအင်ကို အနီးဝန်းကျင်အား ထောက်လှမ်းရန်အတွက်သာ အသုံးပြုနိုင်ကာ မည်သူ့ကိုမှ မနာကျင်စေနိုင်။
ထိုသို့ ဖြစ်သည့်တိုင် ချုံပုတ်ထဲတွင် လဲနေသူမှာ လွန်စွာ သန်မာပြီး အန္တရာယ်များလှကြောင်း ခံစားမိနေ၏။
အန္တရာယ် ရှိနေရင် ဘယ်လိုလုပ်မှာလဲ .. သေချာပေါက်ကို ဝေးဝေးမှာ နေရမှာပေါ့ ...
သွမ့်ချန်ချင်းက တစ်ဖက်သို့ လှည့်ကာ မည်သည့်အရာမှ မဖြစ်ခဲ့သည့်နှယ် လမ်းကြောင်းပြောင်းရန် ပြင်လိုက်သည်။
အခုအချိန်မှာ အဲဒီ့လူကို မရိုက်နိုင်သေးဘူးဆိုတော့ လမ်းကြောင်းပြောင်းလိုက်ရုံပဲ ရှိတာပေါ့ ..
တော်သေးတယ် သိပ်မကြာခင် သူ့ကို ရိုက်နိုင်တော့မှာမလို့ ...
ချုံပုတ်ထဲတွင် လှဲနေသည့် တစ္ဆေဘုရင် "..."
ယမန်နေ့က လူတစ်ဦး၏ နှောင့်ယှက်မှုကို ခံလိုက်ရသည့်အတွက် သူက နောက်တစ်ကြိမ် ကြိုးစားရန် အခွင့်အရေးတစ်ခု ရှာလိုခဲ့သည်။
သိူ့သော် ရှဲ့ယွင်နန် ကန်စွန်းဥ လာသယ်သည့်လမ်း၌ အမြဲ အခြားသူများလည်း ရှိနေ၏။
သူက ထင်မှတ်မထားသည့် ဖြစ်ရပ်များ ဖြစ်လာမည်ကို စိုးရိမ်သည့်အတွက် ထိုအကြံကို ရွှေ့ဆိုင်းထားခဲ့သည်။ ယနေ့ ထွက်လာခြင်းမှာလည်း အခွင့်အရေး ရှာရန် ထွက်လာခြင်း ဖြစ်ပေသည်။
ရလဒ်မှာ .. ရှဲ့ယွင်နန်က မြို့ထဲမှ တစ်ဖဝါးမခွါ။
သူ့လက်တွဲဖော်က မြို့ထဲမှ ထွက်လာ၍သာ တော်သေးသည်။ တစ်ခဏမျှ စဉ်းစားပြီးနောက် သွမ့်ချန်ချင်းကို ပစ်မှတ်ထားရန် ပြောင်းလဲလိုက်တော့သည်။
သွမ့်ချန်ချင်းသာ သူ့ကို ကယ်မယ်ဆိုရင် သူက ရှဲ့ယွင်နန်ကိုပါ ကျေးဇူးပြန်ဆပ်လို့ ရသွားပြီလေ ပြီးတော့ သွမ့်ချန်ချင်းက သူ့ကို မကယ်နိုင်လောက်ရင် သေချာပေါက်ကို ရှဲ့ယွင်နန်ဆီ အကူအညီတောင်းမှာပဲ မဟုတ်လား ...
ပြီးတော့ သူကိုယ်တိုင်ကလည်း သားလေးရဲ့ လက်တွဲဖော်ကို စမ်းသ
ပ်ချင်နေတုန်းပဲ ...
ဒဏ်ရာရနေတဲ့လူကို ဘယ်လို ဆက်ဆံပြုမူသလဲဆိုတာကို ကြည့်ပြီး အဲဒီ့လူက ဘယ်လိုလူစားမျိုးလဲဆိုတာကို ဆုံးဖြတ်လို့ ရတယ်လေ ...
ဒါပေမယ့် .. အဲဒီ့တစ်ယောက်ကလည်း တစ်ခြားလမ်းကနေ ကွေ့သွားပြန်ပြီ ...
အစီအစဉ်က နောက်တစ်ခါ ကျရှုံးသွားပြန်ပြီပဲ ...