Chapter 23
သွမ့်ချန်ချင်းက ဝက်သားနှပ်တစ်ဘူးနှင့်အတူ အိမ်သို့ ပြန်လာလိုက်သည်။
သူ အိမ်မှ ထွက်လာစဉ်က လွန်စွာ စောနေသေးသည့်အပြင် ပြန်ရောက်လာချိန်တွင်လည်း ဆယ်နာရီသာ ရှိသေးသည့်အတွက် နေ့လည်စာပြင်ရန် အချိန်ကိုက်ပင်။
ရှဲ့ယွင်နန်က ကားအကြီးကြီးတစ်စီး၏ အောက်ထဲဝင်ကာ ပြင်ဆင်ရင်း အလုပ်များနေ၏။ သွမ့်ချန်ချင်းကို မြင်လိုက်သည့်အခါ ကားအောက်ထဲမှ ခေါင်းကိုထုတ်ပြီး မေးလိုက်သည်။
"ပြန်လာပြီလား ..."
"အင်း ..."
"ဝက်သားနှပ် ဝယ်လာတာလား ..."
ရှဲ့ယွင်နန်က သူ့လက်ထဲရှိ စည်သွပ်ဘူးကို သတိပြုမိသွားကာ အနည်းငယ်လည်း စိတ်ဖိစီးသွားတော့သည်။
ဒီလို တံဆိပ်နဲ့ ဝက်သားနှပ်ကို တစ်ခါမှ မဝယ်ဖူးပေမယ့် .. ဈေးကြီးမှာတော့ သေချာတယ် ...
ဒီပိုက်ဆံနဲ့ဆို ... ဝက်သားနှပ်ဘူး မဝယ်ဘဲ ဝက်သားပဲဝယ်ပြီး ကိုယ့်ဘာသာကိုယ် ချက်စားလိုက်တာက ပိုကောင်းတယ် ...
သို့သော် သွမ့်ချန်ချင်း ငွေသုံးစွဲသည့် ကိစ္စမျိုးမှာ ရှားပါးလွန်း၍ သူက တစ်ခွန်းမှ မပြောခဲ့တော့။
ရှေ့လျှောက် စားစရာဈေးတွေက ဒီ့ထက်မက တက်လာတော့မှာဆိုတော့ စည်သွပ်ဘူးတစ်ဘူးလောက် ဝယ်ထားလည်း မရှုံးပါဘူး ...
"ဒါက ဝယ်လာတာ မဟုတ်ဘူး မောင်မောင်တို့ ပေးလိုက်တာ ..."
သွမ့်ချန်ချင်းက ပြန်ပြောလိုက်သည်။ ခေါင်းဆောင်မိန်းကလေး၏ အမည်မှာ မောင်မောင်ဖြစ်ကာ ကျန်ကလေးများက သူမကို မောင်မောင်ကျဲဟု ခေါ်ကြသည်။
"သူတို့ကရော ဒီလို စည်သွပ်ဘူးမျိုးကို ဘယ်က ရလာတာလဲ ..."
ရှဲ့ယွင်နန်က အနည်းငယ် အံ့ဩမိသွားသည်။
"လှေတစ်စီးပေါ်က လူတွေ ပစ်ပေးလိုက်တာ ..."
သွမ့်ချန်ချင်းက ရိုးရိုးတန်းတန်း ပြောလိုက်သည်။
ကလေးများနှင့်အတူ ငါးဖမ်းနေစဉ် သွမ့်ချန်ချင်းသည် လှေတစ်စီးကို တွေ့မြင်ခဲ့ပြီး .. ထိုလှေပေါ်တွင် ရှိနေသူများက စည်သွပ်ဘူးများ ပစ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိလိုက်ရသည့်အခါ ... ရှဲ့ယွင်နန်က ဖြစ်ပျက်ခဲ့သည်များကို သဘောပေါက်သွားတော့သည်။
"အနာဂတ်မှာ အဲဒီလိုလူတွေနဲ့ တွေ့လာရင် သူတို့နဲ့ အဆက်အဆံ မလုပ်မိစေနဲ့ ခပ်ဝေးဝေးကနေ ရှောင်သွားနိုင်ရင် အကောင်းဆုံးပဲ ..."
သူက ပြောလိုက်သည်။
သွမ့်ချန်ချင်း၏ မျက်နှာကြောင့် ... မမျှော်လင့်ထားသော တစ်ခုခု ဖြစ်လာမည်ကို အမှန်တကယ် စိုးရိမ်မိနေပေသည်။
"ကောင်းပါပြီ ..."
သွမ့်ချန်ချင်းကလည်း သဘောတူလိုက်သည်။
"ဒီဘူးကို မစားသေးဘဲ ချန်ထားကြရအောင် ..."
ရှဲ့ယွင်နန်က ထပ်ပြောလိုက်သည်။
ဒီလိုမျိုး ဆက်တိုက် တက်နေတဲ့ ကုန်ဈေးနှုန်းနဲ့ဆို .. ဒီလိုစည်သွပ်ဘူးမျိုးက နောင်တစ်ချိန် စားဖို့ သိမ်းထားတာ ပိုကောင်းတယ် ...
"ကောင်းပြီလေ ..."
သွမ့်ချန်ချင်းကလည်း သဘောတူလိုက်သည်။
ရှဲ့ယွင်နန်က လွန်စွာ နာခံမှုရှိလှသူ အနီးသို့ လက်ကို ဆန့်ထုတ်ကာ ခေါင်းကို ပွတ်ပေးလိုက်သည်။
"လိမ္မာလိုက်တာ ..."
သွမ့်ချန်ချင်း "..."
သူ့ခေါင်းကို ပွတ်ပေးစရာ နည်းနည်းလေးမှကို မလိုပါဘူးနော် ...
သွမ့်ချန်ချင်းက ရှဲ့ယွင်နန်နှင့် စကားပြောနေသည့်အတွက် တံခါးဝသို့ စိတ်အနှောင့်အယှက် အဖြစ်ခံကာ ကြည့်မနေ။ ထိုအစား သိစိတ်ဝိဉာဉ်ဖြင့်သာ စောင့်ကြည့်နေလိုက်သည်။
အိမ်ရှေ့တွင် နှင်းကဲ့သို့ ဖြူဖွေးနေသည့် အမြီးကိုးချောင်း မြေခွေးတစ်ကောင် ထိုင်နေ၏။
အဲဒီ့မြေခွေးကို သူ လမ်းမှာ လူတစ်ယောက်နဲ့ ရှောင်လာပြီးကတည်းက တွေ့နေရတာ ကြည့်ရတာ အဲဒီ့လူရဲ့ အဖော်သားရဲထင်တယ် ...
တစ်မြို့လုံးကို မျက်စိတစ်မှိတ်အတွင်းမှာတင် ဖျက်ဆီးပစ်နိုင်တဲ့ ချီသန့်စင်ခြင်း အထွတ်အထိပ် ရောက်နေပြီးသား အင်အားကြီးလူတစ်ယောက် ... သူက ဘာလုပ်ချင်နေတာလဲ ...
အမှန်တကယ်တွင် တစ္ဆေဘုရင်မှာ မည်သည်ကိုမှ ကြံစည်ထားခြင်း မရှိပေ။
ကလေးဖြစ်သူကို ရှာတွေ့ပြီးကာစ ဖြစ်သည့်အတွက် ... အချစ်တို့ အနည်းငယ် လျှံကျလာခြင်းသာ ဖြစ်ပေသည်။
သူက ကိစ္စများကို လုပ်ဆောင်ရာတွင် လွန်စွာ တည့်တိုးဆန်လှသူဖြစ်သည်။ ရှဲ့ယွင်နန်၏ သရုပ်မှန်ကို အတည်ပြုပြီးသည်နှင့် တစ်ပြိုင်နက် သားဖြစ်သူနှင့် ချက်ခြင်း သိကျွမ်းလိုလာသည်။ သူ့အစီအစဉ်များ ကျရှုံးသည့်တိုင် အားလျော့သွားခြင်း မရှိ။
ဤအခြေအနေမျိုးတွင် သူ့အဖော်သားရဲကို အသုံးပြု၍ ထောက်လှမ်းရန်သာ ရှိတော့သည်။
သူ့အဖော်သားရဲမှာ အခြားသူများကို ကိုယ်ယောင်ဖျောက်နိုင်သည့် ပင်ကိုယ်စွမ်းရည်မျိုး ပိုင်ဆိုင်ထားသည်။ သူသာ မမြင်စေလိုပါလျှင် သူနှင့် အဆင့်တူသူများပင် မမြင်နိုင်ချေ။
ထို့ကြောင့်လည်း သူ့အဖော်သားရဲအကြောင်း တစ်ကြိမ်တစ်ခါမျှ ထုတ်ဖော်မခံခဲ့ရခြင်း ဖြစ်သည်။
ရလဒ်အနေနဲ့ အခု သူ့ကလေးက အသားနှပ်ဘူးလေး တစ်ဘူးကို စားရဖို့အရေးတောင် တွန့်ဆုတ်နေရတဲ့ အနေအထားမျိုး ရောက်နေပြီ မဟုတ်လား ...
သားကိုသာ ပျောက်မသွားခဲ့ရင် အခုဆို သူက ဟုန်ယဲ့မြို့တော်မှာ အံ့ဖွယ်သားရဲရဲ့ အသားတွေကို စားသောက်နေတဲ့ ဘဝမျိုးမှာ ရှိနေမှာ ...
သူ့လို ရာဇဝတ်ကောင်ရဲ့နောက်ကို လိုက်လာတဲ့သူတွေတောင် ... ဒီလိုမျိုး တစ်ခါမှ အစားအသောက် မပြတ်လပ်ဖူးဘူး ...
တစ္ဆေဘုရင်က စိုက်ခင်းသို့ ပြန်လာသည့်အခါ စားသောက်ခန်းတွင် စုဝေးလျက် ကြံရိုးကိုက်ကာ တီဗီကြည့်နေသည့် ငယ်သားများကို တွေ့လိုက်ရသည်။
အသားကင်ထားသည့် မွှေးရနံ့က စားဖိုဆောင်ဘက်ဆီမှ ပျံ့နှံ့လာ၏။ ၎င်းမှာ အံ့ဖွယ်သားရဲ၏ အသားကို ချက်ပြုတ်ထားခြင်းဖြစ်ကြောင်း သံသယဝင်နေရန်ပင် မလိုအပ်ချေ။
ဒီလောက် ကောင်းနေပြီကိုတောင်မှ သူတို့က စောဒက တက်နေကြသေးတယ် ...
"အခုတလော ဟုန်ယဲ့တောအုပ်ကို သွားပြီး အမဲလိုက်တဲ့သူတွေ ပိုပိုများလာတော့ အံ့ဖွယ်သားရဲတွေ ဖမ်းမိဖို့က အရင်ထက် အများကြီး ခက်သွားပြီ ..."
တစ္ဆေဘုရင်က မချုပ်တည်းနိုင်စွာ ပြောလိုက်သည်။
"စားစရာရှိတာကိုက ကောင်းလှနေပြီ လူတွေ ဘယ်လောက်များများ ဆာလောင်ငတ်မွတ်နေကြလဲ ဆိုတာကို တွေးကြည့်ကြစမ်းပါ ..."
ငါ့သားမှာဆို စားစရာ အသားတောင် မရှိဘူးကွ ...
ထိုစကားများ ကြားလိုက်ရသည့်အခါ ငယ်သားအားလုံး ကြောင်အသွားကြပြီး တစ်ယောက်က ထပြောလိုက်သည်။
"ဟုတ်တယ် အဲဒီ့ လျောင်မိသားစုက နည်းနည်းမှကို လူမဆန်ဘူး ဒီအတိုင်းသာ ဆက်ဖြစ်နေမယ်ဆိုရင် လူတွေ ငတ်ပြီး သေကြတော့မလား မသိဘူး ..."
"ငါတို့ လုပ်ပေးနိုင်တာ ရှိလောက်လား ..."
"စိုက်ခင်းက ကန်စွန်းဥတွေကို ရောင်းပေးရုံနဲ့တင် မလုံလောက်ဘူးထင်တယ် ..."
...
ဆွေနွေးမှုက ချက်ခြင်း အရှိန်မြင့်တက်လာ၏။ နောက်ဆုံးတွင် တစ္ဆေဘုရင်က ပြောလိုက်သည်။
"စိုက်ခင်းမှာ အပင်စိုက်ဖို့ ကန်စွန်းဥတူးတဲ့သူတွေကို ထပ်ငှားလိုက် ..."
"ဘာကို စိုက်မလို့လဲ ..."
ထိုသူများမှာ နားမလည်သည့်အတွက် အနည်းငယ် ပူပန်မိသွားကြသည်။
"သိုလှောင်ရုံထဲမှာ မျိုးစေ့တွေ ရှိတယ်မဟုတ်လား ရှိတဲ့မျိုးစေ့ အကုန်သာစိုက် ..."
တစ္ဆေဘုရင်က ပြောလိုက်သည်။
"ကောင်းပါပြီ...အော်...ဒါနဲ့ ခေါင်းဆောင် ကြံတွေက ရိတ်သိမ်းရတော့မှာ ..."
"ပဲပိစပ်တွေရောပဲ ဒီစိုက်ခင်းထဲမှာ ပဲပိစပ်တွေ အများကြီး စိုက်ထားတာ ..."
"ပြောင်းဖူးတွေလည်း မှည့်တော့မှာ ..."
"တော်သေးတယ် ငါတို့တွေ အစားအသောက် ထုတ်လုပ်ရေးစင်တာကို မဝယ်ခဲ့မိလို့ စားစရာတွေက ဈေးကြီးလွန်းတယ် သိုလှောင်ထားဖို့တောင် အဆင်မပြေတော့ဘူး ..."
...
ဆွေးနွေးမှုအပြီးတွင် အကောင်အထည်ဖော်ရန် စတင်လိုက်ကြသည်။
ရှဲ့ယွင်နန်က သူ ကန်စွန်းဥတူးခဲ့သော စိုက်ခင်းသည် လယ်ယာ ပြန်လည်စိုက်ပျိုးရန်အတွက် လူငှားများ ခေါ်နေကြောင်း ကြားသိလိုက်သည်။
သူရထားသည့် မှတ်ဉာဏ်ထဲတွင် ဤသို့သော အဖြစ်အပျက်မျိုး မရှိခဲ့။
ထိုမှတ်ဉာဏ်ထဲတွင် အံ့ဖွယ်သားရဲအချို့ ဆင်ခြေဖုံးဒေသသို့ ရောက်လာကာ လူသားများကိုပင် စတင်တိုက်ခိုက်နေပြီဖြစ်သည်။ ထိုတိုက်ခိုက်မှုနှင့် ကုန်ဈေးနှုန်း မြင့်မားမှုတို့ကြောင့် အားလုံး၏ ဘဝများ ပိုမိုကာပင် ခက်ခဲလာခဲ့ရသည်။
ကုန်ဈေးနှုန်း တိုးမြင့်မှုကြောင့် ကြေးစားမုဆိုးများ ဆင်ခြေဖုံးဒေသတွင် အခြေချကာ အမဲလိုက်ကြသည့်အတွက် အံ့ဖွယ်သားရဲတို့၏ ဘေးရန်ကို တစ်ဒင်္ဂမျှ ထိန်းချုပ်နိုင်ခဲ့၍သာ တော်သေးသည်။
သို့သော် နောက်ပိုင်းတွင် ပိုပြီး အင်အားကြီးသော သားကောင်များ ဆက်တိုက် ထွက်ပေါ်လာသည့်အတွက် အဆင့်နိမ့်မုဆိုးများလည်း ၎င်းကို မဟန့်တားနိုင်တော့။
ထိုစဉ်က သူသည် မြို့နေလူထုကို ဦးဆောင်ကာ အံ့ဖွယ်သားရဲများအား ခုခံနေဆဲဖြစ်သည်။ သို့သော် ကံဆိုးစွာဖြင့် သူ၏ အားနည်းလှသော ခွန်အားကြောင့် ပြေးထွက်လာသည့် ဝံပုလွေအုပ်စု လက်ချက်ဖြင့် ပြင်းထန်စွာ ထိခိုက်သွားခဲ့သည်။
ထို့နောက် ပင်မခရိုင်သို့ ခေါ်သွားခံခဲ့ရကာ အားလုံးကို ရှင်းရှင်းလင်းလင်း မသိတော့။
လျောင်မိသားစုကလည်း သူ့ကို ပြင်ပအခြေအနေအကြောင်း ပြောပြရန် ငြင်းဆန်ခဲ့သည်။
ယခုအချိန်တွင် စားစရာဈေးနှုန်းများ မြင့်မားနေသည့်တိုင် အံ့ဖွယ်သားရဲတို့၏ အန္တရာယ် မကျရောက်သေးသည့်အတွက် အဆိုးထဲက အကောင်းဟု ဆိုရပေမည်။
ရှဲ့ယွင်နန်က လက်ရှိအခြေအနေကို လွန်စွာ ကျေနပ်နေသော်ငြား အချို့သူများမှာမူ သူနှင့် ဆန့်ကျင်ဘက်ပင်။
ပင်မခရိုင်ရှိ လျောင်မိသားစုစံအိမ်တွင် ...
လျောင်မိသားစု၏ လက်ရှိခေါင်းဆောင်မှာ လျောင်မုယဲ့၏ အဘိုးဖြစ်သည်။
မစ္စတာလျောင်မှာ အသက် ၇၀ ဝန်းကျင် ရှိနေပြီ ဖြစ်သော်ငြား အင်အားကြီးတိုက်ခိုက်သူ ဖြစ်သည့်အတွက် သာမန်သူတို့ထက် ပိုမိုရှည်လျားသည့် သက်တမ်းကို ပိုင်ဆိုင်ထားသည်။ ယခုအသက်အရွယ်သည်ပင် ပြဿနာတို့ကို ခေါင်းခံဖြေရှင်းရန် သင့်လျော်သည့် အသက်အရွယ်ဟု ဆိုနိုင်နေသေးသည်။
"ဟုန်ယဲ့တောအုပ်က သားရဲတွေက မင်းပြောသလို စိတ်ရိုင်းဖောက်မလာပါ့လား ..."
မစ္စတာလျောင်က လျောင်မုယဲ့ကို သန်မာလှသည့် အရှိန်အဝါတို့ ထုတ်လွှတ်ကာ စိုက်ကြည့်လိုက်သည်။
"မတော်တဆ တစ်ခုခု ရှိနေလို့ ဖြစ်ရမယ် ..."
လျောင်မုယဲ့က ပြောလိုက်သည်။
အချို့သော သူ့လုပ်ရပ်များကြောင့် တုန့်ပြန်မှုစက်ကွင်း ချို့ယွင်းသွားလေသလားဟု သံသယရှိနေမိ၏။ ဥပမာအားဖြင့် သူတို့က မြောက်များစွာသော ကောက်ပဲသီးနှံများကို ဝယ်ယူသိုလှောင်ခဲ့ရာ ၎င်းက ကုန်ဈေးနှုန်း မြင့်တက်လာစေရန် ဖိအားပေးသလို ဖြစ်သွားခဲ့သည်။ ရလဒ်အနေဖြင့် အဆင့်နိမ့် ကြေးစားမုဆိုးများအား နေရပ်စွန့်ခွါကာ မြို့အပြင်ရှိ အံ့ဖွယ်သားရဲတို့အား အမဲလိုက်စေမိခဲ့သည်။
အံ့ဖွယ်သားရဲတို့၏ အရေအတွက်မှာ ယခင်ကတည်းက အကန့်အသတ်တစ်ခုတွင် ရှိနေရာ ကြိမ်ဖန်များစွာ အမဲလိုက်ခံရပြီးနောက် ကျိန်းသေ အရေအတွက် လျော့နည်းသွားပေလိမ့်မည်။
ဒီအတိုင်းသာ ဆက်ဖြစ်နေမယ်ဆိုရင် ... သူတို့ရဲ့ စားစရာတွေ အများကြီး သိုလှောင်ထားတဲ့ လုပ်ရပ်က အရူးဖြစ်သွားမှာပဲ ...
ယခုအချိန်တွင် ဆောင်းဉီးရောက်စ ပြုနေပြီဖြစ်သည့်အတွက် ဟုန်ယဲ့မြို့တော်ရှိ စိုက်ခင်းများကလည်း အားလုံးနီးပါး ရိတ်သိမ်းကြတော့မည်ဖြစ်ရာ ကုန်ဈေးနှုန်းမှာ မုချ ပြုတ်ကျလာလိမ့်မည်။
သူတို့က ကုန်ကြမ်းများကို ဈေးကြီးပေးကာ သိုလှောင်ထားခဲ့ရရာ အကယ်၍ ဈေးသာ ကျသွားပါလျှင် ထိုကံဆိုးမှုကို ရင်ဆိုင်နိုင်မည် မဟုတ်ချေ။
"ဟုန်ယဲ့မြို့သာ ကမောက်ကမ ဖြစ်မလာရင် လျောင်မိသားစု ဘယ်လောက်အထိ ဆုံးရှုံးသွားမလဲဆိုတာ သိရဲ့လား ..."
လျောင်သခင်ကြီးက မေးလိုက်သည်။
"ကျွန်တော့်အမှားတွေပါ ပြင်ဆင်ဖို့ အကောင်းဆုံး ကြိုးစားပါ့မယ် ..."
လျောင်မုယဲ့က ပြောလိုက်သည်။
မစ္စတာလျောင်၏ သတ်ဖြတ်လိုသည့် အရိပ်အယောင်တို့ လျော့နည်းသွားကာ သူ့ကို ပြောလိုက်သည်။
"မင်းကို ယုံတယ် ဒါကြောင့်လည်း မင်းလက်ထဲ လျောင်မိသားစုကို ထည့်ပေးခဲ့တာပေါ့ မင်းအနေနဲ့ ဒီအဘိုးကို စိတ်ပျက်အောင် မလုပ်ဘူးလို့ မျှော်လင့်တယ် ..."
ဤတစ်ကြိမ်တွင် သူ့ဆုံးဖြတ်ချက် မှားယွင်းခဲ့သည့်တိုင် လျောင်မုယဲ့ ပေးခဲ့သည့် အနာဂတ်နှင့် စပ်လျဉ်းသော အချက်အလက်အများစုမှာ စစ်မှန်ကြောင်း အတည်ပြုပြီးဖြစ်သည်။
မစ္စတာလျောင်က သူ့ကို နောက်တစ်ကြိမ် အခွင့်အရေးပေးရန် လိုလားနေဆဲပင်။
"စိတ်ချပါ အဘိုး ..."
လျောင်မုယဲ့က လေးစားမှုအပြည့်ဖြင့် ပြောလိုက်သည်။
သို့သော် မစ္စတာလျောင်၏ အခန်းထဲမှ ထွက်လာသည့်အခါတွင်မူ မျက်နှာတစ်ခုလုံး ဒေါသအငွေ့အသက်တို့ဖြင့် ဖုံးလွှမ်းသွားတော့သည်။
ပြန်လည် မမွေးဖွားလာခဲ့ခင်က သူသည် ဖိနှိပ်ခံ လျောင်မိသားစုကို အုပ်မိုးခဲ့ရသော်လည်း ယခုမူ သူကသာ မိသားစု၏ ချုပ်ကိုင်ခြင်းကို ခံနေရတော့သည်။
သူက လက်ကိုမြှောက်ကာ အဝေးတစ်နေရာသို့ လှမ်းမျှော်ကြည့်လိုက်သည်။
ဆင်ခြေဖုံးဒေသကို နောက်တစ်ခေါက် သွားရလိမ့်ဦးမယ် ..
တစ်ခုခုကတော့ သေချာပေါက် မှားနေပြီ ...
သွမ့်ချန်ချင်းက အပြင်တစ်ခါ ထွက်ပြီးနောက် နောက်တစ်ကြိမ် ထပ်မထွက်လိုတော့။
အဓိကအချက်မှာ သူ၏ လက်ရှိခွန်အားသည် အားနည်းလွန်းလှ၍ အပြင်ထွက်ချိန်တွင် အန္တရာယ်နှင့် ကြုံတွေ့ရန် လွယ်ကူလွန်း၍ ဖြစ်သည်။
အမြီးကိုးချောင်းမြေခွေးက သူ့အပေါ် မကောင်းသည့် အကြံအစည် မရှိသည့်တိုင် ... နောက်တစ်ကြိမ် အပြင်ထွက်သည့်အခါ အခြား ဖျက်လိုဖျက်ဆီး လုပ်တတ်သူများနှင့် ကြုံတွေ့နိုင်ပေသည်။
သူက လက်ရှိ ရထားသည့် ဘဝကို လွန်စွာ တန်ဖိုးထားသည်။ ပထမ နှစ်ဘဝလုံး ကောင်းကောင်းမွန်မွန် မနေထိုင်ခဲ့ရရာ တတိယအခွင့်အရေး ရလာသည့်အခါ သေချာပေါက် ကောင်းမွန်စွာ နေထိုင်ရမည်ဖြစ်သည်။
အပြင်မထွက်သည့်အတွက် အပေါ်ထပ်တွင် ကျင့်ကြံရင်းသာ အချိန်တို့ကိူ ရိုးရှင်းစွာ ကုန်ဆုံးလိုက်သည်။
ကားလာပြင်သူတစ်ဦးက တစ်ကိုယ်တည်း အလုပ်များနေသည့် ရှဲ့ယွင်နန်ကို မြင်လိုက်သည့်အခါ အနည်းငယ် စူးစမ်းလိုမိတော့သည်။
"ရှောင်ရှဲ့ မင်းက လက်ထပ်ပြီးသား မဟုတ်လား ဘာလို့ မင်း အိမ်ထောင်ဖက်ကို မကူညီခိုင်းတာလဲ ..."
သူတို့မြို့ထဲတွင် ဆိုင်ခန်းအများအပြားရှိကာ အားလုံးနီးပါးမှာ မိသားစုလုပ်ငန်းများ ဖြစ်သည့်အတွက် အိမ်ရှိလူကုန် တစ်ယောက်မကျန် ကူညီကြရသည်။
ပြီးခဲ့သည့် တစ်နှစ်ကျော် ရှဲ့ယွင်နန်၏ အဘိုး ဆိုင်ဖွင့်စဉ်ကလည်း ရှဲ့ယွင်နန်သည် အမြဲ သူ့ဘေးတွင် ကူညီခဲ့ရသည်။
နောက်ပိုင်းတွင် သူတစ်ယောက်တည်း ဆိုင်ဖွင့်ရသည့်အတွင် အားလုံးက သူ့ကို တစ်ယောက်တည်း အလုပ်လုပ်ရသည်မှာ လွန်စွာ ခက်ခဲပေမည်ဟု တွေးခဲ့ကြသည်။
အခု လက်ထပ်ပြီးပြီဆိုတော့ သူ့အိမ်ထောင်ဘက်က ကူညီပေးမှာပေါ့ မဟုတ်ဘူးလား ...
ရှဲ့ယွင်နန်က ပြောလိုက်သည်။
"သူ့ကျန်းမာရေးက မကောင်းသေးလို့ ..."
ကယ်ဆယ်လာပြီးကာစက သွမ့်ချန်ချင်း၏ အခြေအနေမှာ မည်မျှအထိ ဆိုးရွားကြောင်း မှတ်မိနေဆဲပင်။
သွမ့်ချန်ချင်းက အလျင်အမြန် ပြန်သက်သာလာသည့်တိုင် သူ့ကို မည်သည့်အလုပ်မျှ မခိုင်းရဲသေး။
ပြီးတော့ ... ဒီရက်တွေထဲမှာ သွမ့်ချန်ချင်းက ညတိုင်းနီးပါး ချွေးတွေ တအားထွက်နေတာလေ ...
"သူ့ကို မြို့ထဲ လျှောက်ပတ်နေတာ တွေ့သားပဲ ပြောသလောက်ကြီး မဆိုးလောက်တော့ပါဘူး ..."
ထိုသူက ပြောလိုက်သည်။
"အဲဒါ လမ်းလျှောက်နေရုံတင်လေ ..."
ရှဲ့ယွင်နန်က ပြောလိုက်သည်။
"ကျွန်တော် ဦးလေးဟူကို စမ်းသပ်ခိုင်းကြည့်တယ် သူ့ကျန်းမာရေးက တကယ်ကို အခြေအနေဆိုးနေတာ ..."
ဒေါက်တာဟူကတောင် သွမ့်ချန်ချင်းကို ကျန်းမာရေး မကောင်းဘူးလို့ အတည်ပြုပေးခဲ့တယ်လား ဒါဆိုရင်တော့ အလုပ် ကူလုပ်ခိုင်းဖို့ တကယ် အဆင်မပြေဘူးပဲ ...
ထိုသူက ဆက်မပြောတော့။
သူတို့နှစ်ဦး စကားပြောနေစဉ် ဇိမ်ခံကားတစ်ဦး ရောက်လာသည်။
ထိုကားကို မြင်သည်နှင့် တစ်ပြိုင်နက် ရှဲ့ယွင်နန်နှင့် စကားပြောနေသူက သူ့ကို ပူပန်သည့် အကြည့်တစ်ချက် ပေးကာ ဘေးဘက်တွင် ပုန်းနေလိုက်သည်။
ရှဲ့ယွင်နန်က ဘာတွေ ဖြစ်နေမှန်းလည်း မသိ၊ လျောင်မိသားစုကို မည်ကဲ့သို့ ရန်စခဲ့မိလေမှန်းလည်း မသိ။
အစပိုင်းတွင် မြို့သားများက သူ့ကို စိုးရိမ်ကြကာ လျောင်မုယဲ့ကို ကောင်းစွာ ဆက်ဆံရန် ပြောခဲ့ကြသည်။
လျောင်မုယဲ့နှင့်သာ မိတ်ဆွေဖြစ်သွားပါလျှင် ရှဲ့ယွင်နန်လည်း ပင်မခရိုင်သို့ ပြောင်းရွှေ့နိုင်မည်ဖြစ်သည်။ အခြေအနေက မည်ကဲ့သို့ ဖြစ်နေပါစေ ... သခင်ငယ်လေးက လက်တစ်ချက် ယမ်းလိုက်ရုံဖြင့် ရှဲ့ယွင်နန်မှာ ငွေအများအပြား ရှာဖွေနိုင်မည်ဖြစ်သည်။
သို့သော် ယန်ယုကော၏ ပြဿနာရှာခြင်းကို ခံရပြီးနောက်တွင်မူ အားလုံးက သူ့ကို စာနာသနားစိတ်များသာ ဖြစ်ပေါ်လာတော့သည်။
ကားကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် ရှဲ့ယွင်နန်ကလည်း ရောက်လာသူမှာ လျောင်မုယဲ့ဖြစ်ကြောင်း သိလိုက်သည်။
ထူးဆန်းတယ် လျောင်မုယဲ့က သေချာပေါက် သူ့ကို မုန်းနေတဲ့ဟာကို ဘာလို့ အကြေ
ာင်းပြချက်မရှိ ခဏခဏ ရောက်ရောက်လာတာလဲ ...
"ရှဲ့ယွင်နန် မင်းနဲ့ စကားပြောချင်လို့ ..."
လျောင်မုယဲ့က အိမ်ထဲသို့ ဝင်လာသည်။ ကားပြင်ဆိုင်၏ ဖုန်တသောသောဖြစ်နေသော ကြမ်းပြင်ပေါ်သို့ တောက်ပြောင်နေသည့် သားရေဖိနပ်ဖြင့် ဝင်လာသည်မှာ .. ပတ်ဝန်းကျင်ကို လုံးဝ စည်းချက်ပျက်သွားစေတော့သည်။