အပိုင်း ၂၄
Viewers 7k

Chapter 24




"သခင်လေးလျောင် ကျွန်တော်တို့တွေက တစ်ယောက်နဲ့တစ်ယောက် ခင်မင်ရင်းနှီးကြလို့လား ..." 


ရှဲ့ယွင်နန်က မတ်တပ်ထရပ်ကာ မေးလိုက်သည်။ 


"ငါ့ကို အပေါ်ထပ် သွားရအောင်လို့တောင် မခေါ်တော့ဘူးလား ..." 


လျောင်မုယဲ့က ပြန်မေးလိုက်သည်။  


အတိတ်ဘဝက သူသည် ရှဲ့ယွင်နန်ကို မြင်မြင်ချင်းပင် ချစ်မိသွားကာ ထိုသူ၏ နောက်သို့ တကောက်ကောက်လိုက်တော့သည်။ 


သို့သော် ချက်ခြင်း ဖွင့်မပြော၊ သူငယ်ချင်းအဖြစ်သာ တစ်ခဏမျှ နေနေသေးသည်။ ယခင်ဘဝက ဤအချိန်မျိုးတွင် သူတို့နှစ်ဦးသည် သူငယ်ချင်းကောင်းများပင် ဖြစ်နှင့်နေခဲ့ကြပြီးဖြစ်သည်။ သူ ရှဲ့ယွင်နန်အိမ်သို့ ရောက်လာလေတိုင်း အပေါ်ထပ်သို့ တန်းတန်းမတ်မတ် သွား၍သာ အနားယူလေ့ ရှိခဲ့၏။ 


"အပေါ်ထပ်က ရှုပ်ပွနေလို့ ..." 


ရှဲ့ယွင်နန်က ပြောလိုက်သည်။ သူက လျောင်မုယဲ့ကို အပေါ်ထပ်သို့ လုံးဝ မခေါ်ချင်။ 


"သခင်လေးလျောင် ကျွန်တော်က အခု အရမ်း အလုပ်များနေတာ တကယ်လို့ ပြောစရာရှိရင် မြန်မြန်လေး ပြောပေးပါ ..." 


ရှဲ့ယွင်နန်၏ အရေးမစိုက်မှုကို တွေ့လိုက်ရသည့်အခါ လျောင်မုယဲ့၏ မျက်နှာထားတစ်ခုလုံး အေးစက်သွားတော့သည်။ 


"ရှဲ့ယွင်နန် ဆန်ကြမ်းဆိုရင်တောင် တော်ရုံသင့်ရုံလောက်ပဲ စားရတယ် ..." 


"ဘာကိုလဲ ..." 


ရှဲ့ယွင်နန်က သူ့စကားကို နားမလည်။ 


လျောင်မုယဲ့က သူ့ကို သတ်ဖြတ်ချင်စိတ်အပြည့်ဖြင့် စိုက်ကြည့်နေလိုက်သည်။ 


ယခုအချိန်တွင် ရှဲ့ယွင်နန်သည် ဆင်ခြေဖုံးဒေသရှိ သာမန်လူတစ်ဦးမျှသာဖြစ်ကာ သူကမူ လျောင်မိသားစု၏ အကြီးဆုံးသခင်လေး ဖြစ်နေဆဲဖြစ်သည်။ 


သူ သိထားသလောက်ဆို ဟိုကောင် လျောင်ရှင်းယွမ်က သူ ရှဲ့ယွင်နန်ကို ကြိုက်နေတယ်လို့ ပြောလိုက်ပြီးပြီ ... 


ရှဲ့ယွင်နန်ရဲ့ အကြံအစည်တွေကို ကျေးဇူးတင်ရမလားပဲ အခုတလော သူ ရှဲ့ယွင်နန်ကို တော်တော်လေး အာရုံစိုက်မိနေတာ ... 


လက်ထပ်တယ်ဆိုတာကလည်း သေချာပေါက်ကို လှည့်ကွက်ပဲ ဖြစ်ရမယ် ... 


လျောင်မုယဲ့၏ အမူအယာကို မြင်လိုက်ရသည့်အခါ ရှဲ့ယွင်နန်သည် လျောင်မုယဲ့၏ စိတ်အခြေအနေမှာ မကောင်းဟု ပိုမို၍ ယုံကြည်လာတော့သည်။ 


တစ်ဖက်သူက စကားပြောမလာသည့်အခါ သူကလည်း အနှောင့်အယှက်မပေးတော့၊ လျောင်မုယဲ့ကို လျစ်လျူရှု၍သာ အလုပ်ဆက်လုပ်နေလိုက်သည်။ 


လျောင်မုယဲ့က လှောင်ရယ်လိုက်သည်။ 


"ရှဲ့ယွင်နန် မင်း ဘာလိုချင်နေတာလဲ ငါ သိတယ် ငါကလည်း မင်းကို ငါ့ကောင်လေးအဖြစ် သတ်မှတ်ဖို့ လိုလားတယ် ..." 


မူလက သူသည် ရှဲ့ယွင်နန်၏ ကံဆိုးမိုးမှောင်ကျကာ ပိုင်ဆိုင်သည့်အရာ ဗလာနတ္ထိ ဖြစ်သွားသည့် ဘဝကို ကြည့်လိုခြင်း ဖြစ်ခဲ့သော်ငြား ရှဲ့ယွင်နန်၏လက်ထပ်ခြင်းက သူ့ကို မပျော်မရွှင် ဖြစ်သွားစေခဲ့သည်။ 


တကယ်တမ်း ပြောရရင် ... ရှဲ့ယွင်နန်ကို သူ့ချစ်သူ လုပ်ခိုင်းလိုက်တာကလည်း ရွေးချယ်မှုကောင်းတစ်ခုပဲလေ မဟုတ်ဘူးလား ... 


ရှဲ့ယွင်နန်က အရည်အချင်းလေးလည်း မဆိုး၊ ကံကလည်း ကောင်းနေတော့ ... အဲဒီ့အစား သူ့ကို ငါ့ရဲ့ ကူဖော်လောင်‌ဖက် လုပ်ခိုင်းလိုက်လို့လည်း ရသားပဲ ... 


အဓိကကတော့ ... ကိစ္စတွေက တစ်စထက်တစ်စ ထိန်းချုပ်မှုအောက်ကနေ လွတ်လာတာကို ကြောက်မိလို့ ... 


ရှဲ့ယွင်နန်သာ ငါနဲ့အတူ ရှိနေရင် ... ပိုပြီး အခြေအနေ ကောင်းလာလောက်လား ... 


"ရူးနေလား ..  ငါက လက်ထပ်ထားပြီးသား ..." 


ရှဲ့ယွင်နန်က ပြောလိုက်သည်။ 


လျောင်မုယဲ့က ပြောလိုက်၏။ 


"မင်းအိမ်ထောင်ဖက်ကို တကယ် သဘောကျတာရော ဟုတ်လို့လား ဟန်ဆောင်နေတာ မဟုတ်ဘူးလား ငါ့ရဲ့ အာရုံစိုက်မှုကို လိုချင်လို့လေ ..." 


ရှဲ့ယွင်နန် "..." 


ဒီလျောင်မုယဲ့ကတော့ တကယ်ကို ရူးနေပြီပဲ ... 


သူက မည်ကဲ့သို့ ပြန်ဖြေသင့်ကြောင်း စဉ်းစားနေစဉ် ရှောင်ပိုင်ကိုပိုက်ကာ အပေါ်ထပ်မှ ဆင်းလာသည့် သွမ့်ချန်ချင်းကို တွေ့လိုက်သည်။ 


အရမ်းကို ရင်းနှီးနေတဲ့ မြင်ကွင်းပဲ ... 


လျောင်ရှင်းယွမ် လာရှာတုန်းကလည်း ဒီပုံစံအတိုင်း အပေါ်ထပ်ကနေ ဆင်းလာတာ ... 


"ဘာတွေ ပေါက်ကရ လျှောက်ပြောနေတာလဲ ယွင်နန်ကောက ငါ့ကိုပဲ ကြိုက်တာ အရှင်းကြီးပါနော် ..." 


သွမ့်ချန်ချင်းက ပြောလိုက်သည်။ 


အမှန်တကယ်တွင် ထိုသို့ ပြောရုံသာမက ဆူပူကာပင် ကျိန်ဆဲလိုက်ချင်သေးသည်။ 


ငါ့အိမ်ထောင်ဖက်ကို လုယူချင်တဲ့သူ နောက်တစ်ယောက် ဘာလို့ ထပ်ရောက်လာတာလဲ ... 


ဒီတစ်ယောက်ရဲ့ ဦးနှောက်က သေချာပေါက်ကို တစ်နေရာရာမှာ နေမကောင်းဖြစ်နေတာပဲ ဖြစ်ရမယ် ... 


ရှင်းမပြနိုင်လောက်တဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်တွေက ဘယ်ကနေများ ရောက်လာတာလဲ ... 


လျောင်မုယဲ့က သူ့ကိုတစ်လှည့် ရှဲ့ယွင်နန်ကိုတစ်လှည့် စိုက်ကြည့်လိုက်သည်။  


"ဒါက မင်းရဲ့ အိမ်ထောင်ဖက်? မင်းက ဒီလိုလူကို ကြိုက်တာလို့ ပြောချင်တာလား ..." 


"အဲဒီ့တော့ ဘာဖြစ်လဲ ..." 


"ဘယ်လိုဖြစ်လို့ ဒီလိုလူကို သဘောကျနိုင်ရတာလဲ ..." 


လျောင်မုယဲ့က လှောင်ပြောင်လိုက်သည်။ 


"ဟန်ဆောင်တမ်းကစားချင်ရင်တောင် နည်းနည်းလေး ပိုပြီး အရည်အသွေးကောင်းတာမျိုးတော့ ရှာမှပေါ့ ..." 


"ငါက ဘာလို့ သူ့ကို မကြိုက်နိုင်ရမှာလဲ ချန်ချင်းက အရမ်းကောင်းတာ ..." 


ရှဲ့ယွင်နန်က သူ့ကို ရှေ့ထားပြီး သူ့လက်တွဲဖော်အား နှိမ့်ချဝေဖန်နေခြင်းကို လုံးဝ သည်းမခံနိုင်။ 


"ဟုတ်တယ် ရှဲ့ကောက ငါ့ကို အကြိုက်ဆုံးပဲ ရှောင်ပိုင် မင်းလည်း ဒီလိုပဲလို့ ထင်တယ်မဟုတ်လား ..."


သွမ့်ချန်ချင်းက စကားပြောပြီးနောက် သူ့ရင်ခွင်ထဲရှိ ရှောင်ပိုင်ကို ပွတ်ပေးလိုက်သည်။ 


ဤရက်ပိုင်းအတွင်း သူသည် ရှောင်ပိုင်ကို နေ့တိုင်း စိတ်စွမ်းအင်များ ကျွေးမွေးခဲ့ရာ အချိန်ကြာလာသည်နှင့်အမျှ သူ့ဘက်မှ ရှောင်ပိုင်ကို စိတ်စွမ်းအင်ဖြင့် အစာမကျွေးတော့သည့်တိုင် ရှောင်ပိုင်က သူနှင့် လွန်စွာ ရင်းနှီးနေတော့သည်။  ထို့အပြင် ယခု စကားပြောနေချိန်၌ စိတ်စွမ်းအင်အနည်းငယ်ကိုပါ ထုတ်လွှတ်ပေးနေခဲ့သေးသည်။ 


ရှောင်ပိုင်က သူ့အပေါ် လွန်စွာ နှစ်လိုနေကာ စိတ်အားထက်သန်မှုမှာ ပြီးခဲ့သည့်အခေါက် လျောင်ရှင်းယွမ် ရောက်လာစဉ်ကထက် လုံးဝ မလျော့နည်း။ 


လျောင်မုယဲ့လည်း ကြောင်အသွားတော့သည်။ 


အဖော်သားရဲတို့သည် သခင်၏ အတွေးအမြင်ကို ဝေမျှခံစားကြသည်။ ပြီးခဲ့သည့်ဘဝက သူသည် ရှဲ့ယွင်နန်နှင့် ဆက်ဆံရေးတစ်ခု ပိုင်ဆိုင်ခဲ့သည့်တိုင် ရှောင်ပိုင်က သူ့အပေါ် ဤမျှအထိ စိတ်အားထက်သန်မှုကို မပြပေ။ 


"ရှောင်ပိုင် ..." 


သူက ခေါ်လိုက်သည်။ 


သွမ့်ချန်ချင်းက စိတ်စွမ်းအင်အားလုံးကို ရပ်တန့်လိုက်၏။ 


စိတ်စွမ်းအင် မရှိတော့သည့်အတွက် ရှောင်ပိုင်၏ ခံစားချက်များ ချဉ်စူးလာသည်။ ထို့အပြင် ရှဲ့ယွင်နန်ကလည်း လျောင်မုယဲ့ကို အမှန်တကယ်ပင် နှစ်မြို့ခြင်း မရှိသည့်အတွက် ... 


သူက လျောင်မုယဲ့ဘက်လှည့်ကာ ကျယ်လောင်စွာ ဟောင်လိုက်၏။ ၎င်း၏ ပြင်းရှလှသော သဘောထားမှာ ... လျောင်မုယဲ့ကို လုံးဝ မနှစ်သက်ကြောင်း ထင်ရှားနေပေသည်။ 


သူက လျောင်မုယဲ့ကို မုန်းပင်မုန်းနေသေးသည်။ 


လျောင်မုယဲ့၏ မျက်နှာတစ်ခုလုံး ညိုမည်းသွားတော့၏။ 


ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ... 


အင်အားကြီးပြီး သန်မာတဲ့သူပုံစံ မဟုတ်ဘဲ အင်အားနည်းတဲ့အပြင် ဘာမှလည်း ပိုင်ဆိုင်တာ မရှိတဲ့ ရှဲ့ယွင်နန်လို လူမျိုးကို သဘောကျတဲ့သူ ဘယ်လိုလုပ်ပြီး ရှိနေတာလဲ ... 


သို့သော် အားလုံးကို သူကိုယ်တိုင် မျက်ဝါးထင်ထင် မြင်တွေ့နေရပြီးဖြစ်သည်။ သူ့ကို ဟောင်ပြီးနောက် ရှောင်ပိုင်သည် သွမ့်ချန်ချင်း၏ ရင်ခွင်ထဲသို့ ပြန်ဝင်သွားတော့၏။ 


လျောင်မုယဲ့မှာ သူ့အကြည့်တို့ကိုပင် မယုံနိုင်တော့။ 


ပြင်းထန်စွာ အရှက်ရမှုကိုလည်း တစ်ပြိုင်တည်း ခံစားလိုက်ရသည်။ 


သူ ဒီကို လာခဲ့တယ်ဆိုတာကလည်း ရှဲ့ယွင်နန်က သူ့ကို ကြိုက်နေတယ်လို့ ထင်လို့လေ ဒါပေမယ့် ရှဲ့ယွင်နန်က သူ့ကို နည်းနည်းလေးတောင် သဘောကျမနေဘူး ... 


သူက ပြောလိုက်သည်။ 


"မင်းက သန်မာတဲ့သူကို ကြိုက်တာ မဟုတ်ဘူးလား ဘယ်လိုဖြစ်လို့ ဒီလိုလူမျိုးကို သဘောကျနိုင်ရတာလဲ ..." 


"တကယ်ကို ရူးနေပြီလား ငါ ဘယ်တုန်းက သန်မာတဲ့သူကို သဘောကျပါတယ်လို့ ပြောဖူးလို့လဲ ငါက အမြဲတမ်း နူးညံ့အားနည်းပြီး ငါ့ကိုပဲ တွယ်တာချစ်တတ်တဲ့သူမျိုးကို သဘောကျခဲ့တာ ငါက ငွေရှာပြီး အိမ်ကို ထောက်ပံ့မယ် သူကတော့ လှလှလေး နေပေးရုံပဲ ..." 


ရှဲ့ယွင်နန်က ပြောလိုက်သည်။ 


လျောင်မုယဲ့က ဘာကြောင့် သူ သူ့ကို(LMY) သဘောကျနေပါသည်ဟု အထင်မှားကြောင်း နားမလည်သော်ငြား သူ့အနေဖြင့် လျောင်မုယဲ့ကို အနည်းငယ်မျှပင် ချစ်ကြိုက်ခြင်း မရှိပေ။ 


"ချန်ချင်းက အရမ်းကောင်းတယ် သူ့ပုံစံကလည်း ငါအကြိုက်ဆုံးပုံစံမျိုးပဲ သူ့ကို မြင်မြင်ချင်း ချစ်မိသွားတာ ပြီးတော့ သူက သန်မာနေဖို့လည်း မလိုဘူး သူ ငါ့ကို အဖော်ပြုပေးနိုင်ရင်ကို ရပြီ ..." 


ရှောင်ပိုင်သာ ရှိမနေပါလျှင် လျောင်မုယဲ့သည် သူ့စကားများကို မုသားဟုသာ မှတ်ယူမိမည်ဖြစ်သည်။ 


ထိုတစ်ခဏ၌ သူ့အဖော်သားရဲကို ခေါ်ထုတ်ကာ သွမ့်ချန်ချင်းကို သတ်လိုက်လိုစိတ်များ တရိပ်ရိပ် ဖြစ်ပေါ်လာတော့၏။ 


သို့သော် မလုပ်နိုင်ခဲ့။ 


မိသားစုကြီးများသည် လူများစွာကို ကိုင်တွယ်ခဲ့ဖူးသော်ငြား အားလုံးကို အသံတိတ်သာ လုပ်ဆောင်ခဲ့သည်။ အများမျက်စိရှေ့မှောက်တွင် လူသတ်သည့် လုပ်ရပ်မျိုးကိုမူ ... စိတ်ရူးဖောက်နေသူသာလျှင် လုပ်ပေလိမ့်မည်။ 


သူသာ လူ‌ကို ရက်ရက်စက်စက် သတ်လိုက်ရင် ... ဟုန်ယဲ့မြို့တော်က လျောင်မိသားစုရဲ့ ဂုဏ်သတင်း ဘယ်လို ဖြစ်သွားမလဲ ... 


သူ ခက်ခက်ခဲခဲ ကြိုးစားပြီး တည်ဆောက်ခဲ့တဲ့ အောင်မြင်မှုတွေအားလုံး ပျက်စီးသွားမှာပေါ့ ... 


သူက ပြောလိုက်သည်။ 


"အသုံးမကျတဲ့သူနဲ့ လက်ထပ်လိုက်တယ် .. မင်းဘဝ ဘယ်လို အဆုံးသတ်မလဲ စောင့်ကြည့်ရသေးတာပေါ့ ..." 


ထို့နောက် ချက်ခြင်း လှည့်ထွက်သွားလိုက်သည်။ 


ကြည့်ရတာ ရှဲ့ယွင်နန်က ဆင်ခြေဖုံးမှာနေတဲ့ သွမ့်ချန်ချင်းဆိုတဲ့ တစ်ယောက်ကို တကယ်ကြီး ချစ်နေတာ ထင်တယ် ... 


အရင်ဘဝတုန်းက သွမ့်ချန်ချင်းဆိုတဲ့ နာမည်ကို တစ်ခါမှ မကြားဖူးပါဘူး ပြီးတော့ အနီးကပ် အကဲခတ်ခဲ့ရသလောက်ဆို သူက တိုက်ခိုက်ရေးသမားလည်း မဟုတ်ဘူး ... 


ဒီတိုင်း သာမန်သူတစ်ယောက်ပဲ ... 


ရှဲ့ယွင်နန်က တကယ်ကြီးကို ဒီလိုလူကို ကြိုက်ပြီး လက်ပါ လက်ထပ်လိုက်သေးတယ် ... 


ဒါဆို ရှဲ့ယွင်နန်က အရင်ဘဝတုန်းကလို လမ်းကြောင်းအတိုင်း သွားလောက်လား .. သေချာပေါက်ကို ဖြစ်မှာ မဟုတ်ဘူး ... 


ပြောရရင် .. ဒါလည်း ကောင်းတော့ ကောင်းသားပဲ ... 


သူ ထွက်သွားကာမှ သွမ့်ချန်ချင်းလည်း စိတ်အေးသွားဟန်ဖြင့် သက်ပြင်းချလိုက်သည်။ 


ပြီးခဲ့သည့်အခေါက်က ရောက်လာသည့် လျောင်ရှင်းယွမ်မှာ လွန်စွာ အားနည်းလှပြီး ရှဲ့ယွင်နန်ပင်လျှင် သူ့ကို အလဲထိုးနိုင်ပေသည်။ သို့သော် ဤလျောင်မုယဲ့မှာမူ ကွဲပြားလှ၏။


နည်းနည်းလေးတောင် ရှက်မိလာပြီ သူ့ရဲ့ လက်ရှိခွန်အားနဲ့ဆို ... လျောင်မုယဲ့ကို ရိုက်နိုင်ဦးမှာ မဟုတ်ဘူး ... 


သူ့ဘာသာသူ ထွက်သွားတာကို တွေ့ရတာ အကောင်းဆုံးပဲ ... 


"ယွင်နန် သူက ဘယ်သူလဲ ..." 


သွမ့်ချန်ချင်းက မေးလိုက်သည်။ 


"သူက လျောင်မိသားစုက သခင်လေး ..." 


ရှဲ့ယွင်နန်က သူ့ကို ယခင်က ဖြစ်ခဲ့သည်များအား ရှင်းပြခဲ့သည့်တိုင် အနည်းငယ် ပဟေဠိဖြစ်နေဆဲပင်။  


"သူ့မှာ ဘာတွေ ဖြစ်ခဲ့သလဲတော့ မသိပါဘူး ဒါပေမယ့် သူက အမြဲတမ်း ကိုယ်က သူ့ကို ကြိုက်နေတာလို့ပဲ ထင်နေတာလေ .. အရမ်းကို ယုံကြည်ချက်တွေ ပြည့်ဝလွန်းနေတာပဲ ..." 


"ဟုတ်တယ် အရမ်းကို ယုံကြည်ချက်တွေ များလွန်းနေတာ ..." 


သွမ့်ချန်ချင်းက‌ ခေါင်းတဆတ်ဆတ်ငြိမ့်ကာ သဘောတူလိုက်သည်။ 


"ရှေ့လျှောက် ဂရုစိုက်ပြီးနေ မြို့ထဲကနေလည်း မထွက်နဲ့ သူတို့တွေ မင်းကို သေချာပေါက် ပြဿနာ လာရှာကြမှာ ..." 


"ကောင်းပါပြီ ..." 


သွမ့်ချန်ချင်းက နာခံမှုရှိစွာဖြင့် လက်ခံလိုက်သော်လည်း နှလုံးသားမှာမူ သွေးစိမ်းရှင်ရှင် ယိုစီးကျနေပြီဖြစ်သည်။ 


ရှဲ့ယွင်နန်က တကယ်ကြီးကို အားနည်းတဲ့ သူတွေကို သဘောကျတာပဲ ... 


သူ့ကို တကယ်ကြီး ချစ်မိသွားတယ် ဆိုတာကလည်း ပထမဆုံးအကြိမ် တွေ့တုန်းက ကြက်ပေါက်လေးလို အားနည်းတဲ့ အသွင်အပြင်ကြောင့်ပေါ့ ... 


ဒါပေမယ့် သူက တကယ် အားနည်းနေတာမှ မဟုတ်တာ .. အနှေးနဲ့အမြန် ဒီ့ထက်ပိုပြီး သန်မာလာတော့မှာလေ ... 


သူသာ ခန္ဓာကိုယ်သန့်စင်ခြင်းကျင့်စဉ်ကို ဆက်ပြီး ကျင့်ကြံသွားမယ်ဆိုရင် ... အလွန်အကျွံ ဖြစ်တဲ့အထိ ကြွက်သားတွေ အများအကြီး ထွက်မလာနိုင်ပေမယ့် ဗိုက်ကြွက်သားရှစ်ခုနဲ့ ခပ်မိုက်မိုက်ခန္ဓာကိုယ် ဖြစ်လာမှာကတော့ ကျိန်းသေပဲလေ ... 


အဲဒီ့အခါကျ ရှဲ့ယွင်နန်က သူ့ကို စိတ်ပျက်သွားမှာလား ... 


ရှဲ့ယွင်နန်က သူ့ကို တစ်ခဏမျှ ဩဝါဒ ခြွေပြီးနောက် အပေါ်ထပ်တွင် အနားယူရန် ပြောလိုက်သည်။  


သွမ့်ချန်ချင်း "..." 


ရှဲ့ယွင်နန်က တကယ်ကြီးကို လူတွေကို ဂရုစိုက်ရတာ ကြိုက်တာပဲ ... 


ဒါဆို သူ့အချစ်ကို ရဖို့အတွက်က အားနည်း‌ချင်ယောင်ဆောင်နေဖို့ပဲ ရှိတော့တာပေါ့ ... 


ရှဲ့ယွင်နန်ကမူ သူ့အတွေးတို့ကို မသိ။ စိတ်မနှံ့သူနှင့် တွေ့ဆုံပြီးနောက်တွင်လည်း သူ့နေ့ရက်များကို ထုံးစံအတိုင်း ကားပြင်ရင်းသာ ဖြတ်သန်းနေလိုက်သည်။  


အိမ်နီးချင်းများသည် လျောင်မုယဲ့၏ကားကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် ခပ်ဝေးဝေးသို့ ရှောင်သွားတတ်သည့်အတွက် သူ့စကားများကို မကြားခဲ့ကြ။ 


လျောင်မုယဲ့ ထွက်သွားသည့်အခါ လူတစ်ယောက်က သူ့ကို လာမေးလိုက်သည်။  


"ရှောင်ရှဲ့ ကန်စွန်းဥ တူးတဲ့လူတွေက အခု ကြံတွေ ရောင်းနေတယ် မင်းရော နည်းနည်းလောက် ဝယ်ချင်လား ..." 


ကြံချောင်း? ရှဲ့ယွင်နန်က ကြံချောင်းကို ကြိုက်နှစ်သက်သည့်တိုင် သူ့တွင် ငွေအများအပြားမရှိ၊ ထို့အပြင် ရှိနေသည့်ငွေကိုလည်း ဤအရာအတွက် မသုံးလိုပေ။ 


"အရမ်းဈေးချိုတယ် ဒါပေမယ့် အကန့်အသတ်နဲ့ပဲ ဝယ်ရမှာတဲ့ ဟုတ်သား သူတို့က ကြံတင်မကဘူး တစ်ခြားဟာတွေလည်း ရောင်းသေးတယ် မင်း တစ်ခေါက်လောက်တော့ သွားကြည့်သင့်တယ်နော် ..." 


ထိုသူ၏ စကားကို ကြားလိုက်ရသည့်အခါ ရှဲ့ယွင်နန်လည်း အနည်းငယ် စိတ်ဝင်စားသွားတော့သည်။ 


သွမ့်ချန်ချင်းက မည်သည့်အရာကိုဖြစ်စေ ကျေကျေနပ်နပ် စားသောက်တတ်ရာ ကြံချောင်းကိုလည်း မုချ သဘောကျပေလိမ့်မည်။ 


ဈေးချိုတယ်ဆိုမှတော့ သွမ့်ချန်ချင်းစားဖို့ နည်းနည်းပါးပါး ဝယ်ပေးရလည်း မဆိုးဘူးပဲ ... 


သို့သော် နေ့ခင်းပိုင်းတွင် သူက ဆိုင်စောင့်ရဦးမည်ဖြစ်ရာ ... ညစာစားပြီးနောက်တွင်မှ ကြံအတူတူသွားဝယ်ရန် လူစုလိုက်ရတော့သည်။ 


အမှောင်ထဲတွင် ပုန်းနေသော တစ္ဆေဘုရင် "..." 


တော်သေးတာပေါ့ သူ့ကို ကူညီမယ့် လက်အောက်ငယ်သားတွေ ရှိနေသေးလို့ ... 


ရှဲ့ယွင်နန်နှင့် သူ့အဖော်များ စိုက်ခင်းသို့ ရောက်သည့်အခါ ရှချင်က သူ့ကို ပစ္စည်းအချို့ ကူသယ်ပေးရန် အကူအညီတောင်းလိုက်သည်။ 


ရှဲ့ယွင်နန်က သူမကို သံသယမဝင်သည့်အတွက် အခြားသူများကို အရင် ပြန်ခိုင်းလိုက်သည်။ ရှချင်ကို ကူညီပြီးနောက် သူ ဝယ်ထားသည့် ပစ္စည်းများနှင့် ရှချင် ပို့ပေးသည့် ကြံချောင်းတစ်စည်းကို ဆိုင်ကယ်ပေါ် တင်ကာ ပြန်သွားလိုက်သည်။ 


လမ်းတစ်ဝက်ခန့်အရောက်တွင် လမ်းဘေးစီမှ အကူအညီတောင်းသံတစ်ခုကို ကြားလိုက်ရသည်။ 


"ကယ်ကြပါဦး ..." 


ရှဲ့ယွင်နန်လည်း ကြောင်အသွားကာ ဆိုင်ကယ်ကို ရပ်လိုက်သည်။ 







ရှဲ့ယွင်နန်သည် မွေးကတည်းက ဆင်ခြေဖုံးဒေသတွင် နေထိုင်ခဲ့ကာ အမျိုးမျိုးသော ကိစ္စရပ်များကို ကြုံတွေ့ဖူးသည့်တိုင် သူသည် လူဆိုးတစ်ဦး မဟုတ်ချေ။ 


တစ်စုံတစ်ယောက်က အကူအညီ တောင်းခံလာပါလျှင် ကျိန်းသေ ကူညီပေးမည်ဖြစ်သည်။  


ဆိုင်ကယ်ကို ရပ်ကာ မီးထွန်းပြီးနောက် သတိကြီးကြီးကပ်ကာ လျှောက်လာလိုက်သည့်အခါ လမ်းဘေးတွင် လဲနေသော လူတစ်ယောက်ကို တွေ့လိုက်သည်။ 


ထိုသူ၏ မျက်နှာပေါ်သို့ မီးရောင် ရောက်သွားကာမှ မျက်နှာတစ်ပြင်လုံး မီးလောင်ခံထားရသည့် အမာရွတ်များဖြင့် ပြည့်နှက်နေကြောင်း တွေ့လိုက်ရသည်။ ၎င်းမှာ အနည်းငယ် ကြောက်မက်ဖွယ် ကောင်းလှသော်ငြား အလင်းရောင်အောက်ရှိ မျက်ဝန်းတစ်စုံမှာမူ များစွာ တောက်ပနေပေသည်။ 


"ဘာဖြစ်လို့လဲ ..." 


ရှဲ့ယွင်နန်က သူ့ကို ဂရုတစိုက် အကဲခတ်ကာ မေးလိုက်သည်။ 


ထိုသူ၏ ခန္ဓာကိုယ်မှာ လွန်စွာ ကြံ့ခိုင်လှကြောင်း တစ်ချက်မျှ ကြည့်ရုံဖြင့်ပင် တပ်အပ်သိနိုင်၏။ ထိုသူမှာ ကြေးစားတိုက်ခိုက်ရေးသမားတစ်ဦးပင် ဖြစ်နိုင်သေးသည်။ တစ်ကိုယ်လုံး သွေးများဖြင့် ပြည့်နှက်နေသည့် ခန္ဓာကိုယ်ကို အကဲခတ်ရပါလျှင် တိုက်ခိုက်ရာ၌ ဒဏ်ရာရလာခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ 


ဒါပေမယ့် သူက စကားပြောနိုင်နေတဲ့ဟာကို .. ဘာလို့ အော်ပြီး အကူအညီ မတောင်းတာလဲ ... 


"ငါ ဒဏ်ရာရပြီး အဆိပ်ခတ်ခံထားရလို့ ..." 


လဲနေသူက တုန်ရီစွာဖြင့် ပြောလိုက်သည်။ 


"အခု နေရာမရွေ့နိုင်ဘူး ..." 


ရှဲ့ယွင်နန်က မေးလိုက်သည်။  


"ကျွန်တော် အကူအညီ သွားရှာပြီး ဆရာဝန် ပင့်ပေးရမလား ..." 


"မလိုဘူး ... မင်းပဲ ငါ့ကို ပြန်ခေါ်သွားပေးပါ ..." 


ရှဲ့ယွင်နန်က မျက်မှောင်ကြုတ်လိုက်သည်။ 


"ခင်ဗျားအိမ်က ဘယ်မှာလဲ ..." 


"လုဟိုင် .. စို

က်ခင်း ..." 


ထိုသူက ပြောလိုက်သည်။ 


"ခင်ဗျားက လုဟိုင်စိုက်ခင်းကလား အဲဒီ့မှာ မိန်းမလှလေးတစ်ယောက်တောင် ရှိသေးတယ်လေ ဘာပါလိမ့် သူမရဲ့ နာမည်က ..." 


ရှဲ့ယွင်နန်က မေးလိုက်သည်။ သူ ကြံချောင်းများ သွားဝယ်သည့် စိုက်ခင်းမှာလည်း လုဟိုင်စိုက်ခင်းပင်ဖြစ်သည်။ 


"ရှချင် ..." 


မြေပေါ်တွင် လဲနေသူက ပြန်ဖြေလိုက်သည်။