အပိုင်း ၂၅
Viewers 7k

Chapter 25




ထိုစကားကို ကြားရကာမှ ရှဲ့ယွင်နန်လည်း စိတ်အေးသွားတော့သည်။ 


ပြောရရင် သူ့ရှေ့မှာ လဲကျနေတဲ့သူက တကယ်သာ လုဟိုင်စိုက်ခင်းက မဟုတ်ရင် အများဆုံးမှ ဆရာဝန် ဒါမှမဟုတ် ရဲကို ခေါ်ပေးရုံပဲ လုပ်ပေးမှာ အိမ်အထိ လိုက်ပို့ပေးမှာ မဟုတ်ဘူး ... 


အဲဒီ့လူက လူကောင်းလား လူဆိုးလားဆိုတာကို ဘယ်သူမှ မသိနိုင်ဘူးလေ ... 


လူကယ်ပြီး အဲဒီ့လူကို အိမ်ခေါ်သွားဖို့ဆိုတာ ပိုပြီးတောင် မဖြစ်နိုင်သေးတယ် ... 


သွမ့်ချန်ချင်းကို အိမ်ခေါ်ခဲ့တာကကျ သွမ့်ချန်ချင်းက နည်းနည်းလေးမှကို အန္တရာယ်မရှိလို့လေ ... 


လက်မောင်းသွယ်သွယ်လေးတွေ ခြေထောက်ပိန်ပိန်လေးတွေဆိုတာ အားလေးနည်းနည်း သုံးလိုက်ရင်တောင် ကျိုးသွားတော့မလား ထင်ရတယ် ပြီးတော့ အဲဒီ့အချိန်တုန်းက သွမ့်ချန်ချင်းက ရေတွေစိုနေတဲ့ အင်္ကျီအပါးလေး‌ကိုပဲ ဝတ်ထားတာလေ သူ့ခန္ဓာကိုယ်ပေါ်မှာ ဘာလက်နက်မှ ရှိမနေတာ အသိသာကြီး ဒီလိုလူမျိုးကို တွေ့ရတာ သံသယများနေစရာမှ မလိုတာ ... 


ပြီးတော့ နောက်ပိုင်းကျလည်း သွမ့်ချန်ချင်းရဲ့ အဖော်သားရဲက ရှောင်ပိုင်တောင် သတ်လို့ရတဲ့ ရှဉ့်ပေါက်စလေးဆိုတာကိုပါ သိလိုက်ရတယ်လေ သွမ့်ချန်ချင်းကလည်း သူ့စကားတွေကိုတောင် နားမလည်နိုင်ဘူး ... ဒါကြောင့်လည်း သူ့အပေါ် သတိကပ်ထားတာတွေကို လျော့ပစ်လိုက်တာပေါ့ ... 


ဒါပေမယ့် ဒီတစ်ယောက်ကတော့ မတူဘူး ... 


သူက ဒဏ်ရာရနေတယ်ဆိုပေမယ့် သတိကလည်း ကပ်နေတုန်း ပြီးတော့ ပုံစံကလည်း ကြေးစားတပ်သားလို ပုံစံနဲ့ ... အနားကိုတောင် သိပ်မတိုးရဲဘူး ... 


သူ့အနေဖြင့် ထိုသူ့ကို ပြန်ခေါ်သွားမပေးနိုင်။ ထိုသူကလည်း မလှုပ်ရှားနိုင်ချေ။ သူ့ဆိုင်ကယ်မှာလည်း ကြံချောင်းများကို အပြည့်တင်ထားပြီးဖြစ်သည်။ 


ရှဲ့ယွင်နန်က ဖုန်းကိုထုတ်ကာ ရှချင်ကို ဆက်သွယ်လိုက်သည်။ သူ့ရှေ့တွင် ရှိနေသူ၏ ပုံစံကို ဖော်ပြပြီးနောက် သူမကို လာခေါ်ပေးရန် ပြောလိုက်သည်။ 


တစ္ဆေဘုရင် "..." 


သားလေးက သူ့ကို ပြန်ပို့ပေးမယ်လို့ ပြောလာရင် ခွင့်ပြုပေးမလို့ စဉ်းစားနေတာကို .. ဒါပေမယ့် အခု ဘာတွေ ဖြစ်ကုန်တာလဲ ... 


သားလေးက သတိထားတတ်သားပဲ .. မဆိုးဘူး...  


သူက မြေကြီးပေါ် လှဲလျက်ဖြင့်ပင် ဆက်လက် ညဉ်းတွားနေလိုက်သည်။ 


၎င်းကို မြင်လိုက်သည့်အခါ ရှဲ့ယွင်နန်က ပြောလိုက်သည်။ 


"ကျွန်တော် ကူပေးမယ် ..." 


ထိုသူမှာ ချုံထဲတွင် ညပ်နေသည့်အတွက် နေရထိုင်ရ ခက်နေသည့်ဟန်။ 


"ကျေးဇူးတင်ပါတယ် ..." 


တစ္ဆေဘုရင်က သူ့ကို ကျေးဇူးတင်ကာ ရှဲ့ယွင်နန် ‌ဆွဲထုတ်ပေးသည်ကို သာသာလေး ငြိမ်ခံနေလိုက်သည်။ 


ရှဲ့ယွင်နန်၏ လှုပ်ရှားမှုများမှာ လွန်စွာ ညင်သာလှ၏။ 


ငါ့သားလေးက တကယ်ကို ဂရုစိုက်တတ်တာပဲ ... 


ချုံပုတ်ထဲမှ ဆွဲထုတ်ပေးပြီးနောက် ရှဲ့ယွင်နန်က အိမ်ပြန်မည် ပြုလိုက်သည်။ ၎င်းကို မြင်လိုက်သည့်အခါ တစ္ဆေဘုရင်က ချက်ခြင်း မူးမေ့လဲပြလိုက်သည်။ 


သူက ရှဲ့ယွင်နန်နှင့် သိကျွမ်းမည့် အခွင့်အရေးကို ရှာလို၍ ဤသို့ လုပ်ခဲ့ခြင်းဖြစ်သည်။ ယခု သူ့တွင် အခွင့်အရေး ရှိလာသည့်အတွက် အားနည်းဟန်ဆောင်လိုက်တော့သည်။


မူးမေ့လဲသွားသည်ကို မြင်လိုက်သည့်အခါ ရှဲ့ယွင်နန်လည်း အနည်းငယ် စိတ်သက်သာရာ ရသွားပြီး ထိုသူ၏ အခြေအနေကို အသေးစိတ် စစ်ဆေးလိုက်သည်။ 


ထိုသူ၏ အဝတ်အစားတို့၏ အ‌ကာအကွယ်ပေးနိုင်စွမ်းမှာ လွန်စွာ ကောင်းမွန်လှသည်။ ပျက်စီးနေသော နေရာအချို့မှတစ်ဆင့် သွေးထွက်နေသည်ကို မြင်ရနိုင်သော်ငြား တိတိကျကျ စစ်ဆေး၍ မရပေ။ 


ရှဲ့ယွင်နန်မှာ ရိုးရှင်းသည့် ဆေးပညာအချို့ကို တတ်မြောက်ထားသည့်တိုင် သူ့လက်ထဲတွင် မည်သည့်ပစ္စည်းကိရိယာမှ မရှိ။ ထိုသူကလည်း သူ့ဒဏ်ရာများမှာ အဆိပ်သင့်နေကြောင်း ပြောခဲ့သေးရာ စိတ်တိုင်းကျ မစမ်းသပ်နိုင်ချေ။ 


အသက်ရှူသံကို နားထောင်ကြည့်ရသလောက် အခြေအနေ ကောင်းမွန်နေကြောင်း သိရ၍သာ တော်သေးသည်။ 


အတော်ကြာ စောင့်ဆိုင်းနေပြီးနောက် ကား‌တစ်စီးဖြင့် ရောက်လာသည့် ရှချင်ကို တွေ့လိုက်ရသည်။  


"ဒါ ခင်ဗျားရဲ့ လုပ်ဖော်ကိုင်ဖက်လား ..." 


သူက မေးလိုက်သည်။ 


ရှချင်က အခက်တွေ့စွာဖြင့် ပြန်ဖြေလိုက်သည်။ 


"ဟုတ် .. မဟုတ်ဘူး သူက ငါ့ရဲ့သူဌေး ..." 


ခေါင်းဆောင်က အသက်ရှင်နေတုန်းပဲ .. ဒီနေ့ည ညစာစားတုန်းကတောင် ကန်ကျောက်နေတဲ့ဟာ သူ့ခွန်အားနဲ့သာဆို ဟုန်ယဲ့တစ်မြို့လုံး ဘယ်သူမှကို သူ့ကို မရိုက်နှက်ရဲပါဘူး ဘယ်လိုဖြစ်လို့ ချက်ခြင်းလက်ငင်းကြီး ဒဏ်ရာရပြီး လမ်းဘေး လဲနေတဲ့ဘဝကို ရောက်သွားရတာလဲ ... 


ခေါင်းဆောင်က ဒီလူချောလေးကို မျက်စိကျနေလို့ သူနဲ့ နီးစပ်မယ့် အခွင့်အရေး ရှာနေတာပဲ ဖြစ်ရမယ်

... 


ရှဲ့ယွင်နန်ထံမှ ဖုန်းလက်ခံရကာ ဖြစ်ကြောင်းကုန်စင်ကို အကုန်ကြားပြီးကတည်းက ဖြစ်စဉ်ကို အားလုံး မှန်းဆမိပြီးဖြစ်သည်။ သို့သော် လဲကျနေသူကို မျက်မြင်တွေ့လိုက်ရသည့်အခါ ပြောစရာစကားပင် မကျန်တော့ချေ။ 


သူ့ကို ဒီလိုလူမျိုး ဖြစ်လိမ့်မယ်လို့ နည်းနည်းလေးမှကို ထင်မထားဘူး ... 


မူးမေ့လဲချင်ယောင်တောင် ဆောင်လိုက်သေးတယ်... 


"သူက ခင်ဗျားရဲ့ သူဌေးလား ..." 


ရှဲ့ယွင်နန်လည်း အနည်းငယ် အံ့ဩသွားရသည်။ 


"ဘယ်လိုဖြစ်လို့ ဒဏ်ရာရသွားရတာလဲ ..." 


ဆင်ခြေဖုံးဒေသမှာ ထူးဆန်းတဲ့ သားရဲ‌တွေ ရှိနေလို့များလား ... 


ရှချင်က ပြောလိုက်သည်။ 


"ခေါင်းဆောင်က ဟုန်ယဲ့တောအုပ်ထဲ သွားရတာကို ကြိုက်တယ်လေ ကြည့်ရတာ အင်အားကြီးအံ့ဖွယ်သားရဲနဲ့ တွေ့ခဲ့တယ်ထင်တယ် အကြောင်းကြားပေးလို့ ကျေးဇူးတင်ပါတယ် ..." 


ရှဲ့ယွင်နန်က ပြန်ပြောလိုက်သည်။ 


"ကျေးဇူးတင်ဖို့ မလိုပါဘူး သူက အဆိပ်မိပြီး မလှုပ်ရှားနိုင် ဖြစ်နေတာ ကျွန်တော်က ဖုန်းဆက်ပေးရုံလေးတင် ..." 


"ကျေးဇူးတင်ပါတယ် ရှင်နဲ့ တွေ့လိုသာပေါ့ မဟုတ်ရင် သူဌေးမှာ ဘယ်အချိန်အထိတောင် ဒီလိုကြီး လဲကျနေမလဲ မသိဘူး ပြောမရဘူး အသက်အန္တရာယ်တောင် ရှိချင်ရှိသွားမှာ ..." 


ရှချင်က သူ့ကို ထပ်ကာထပ်ကာ ကျေးဇူးတင်လိုက်သည်။  


"ရှင်က တကယ်ကို ကြင်နာတတ်တဲ့သူပဲ ..." 


"သူ့ကို ဆေးကုသဖို့ ပြန်ခေါ်သွားမှာမလား ..." 


ရှယွင်နန်က သူမကို သတိပေးလိုက်သည်။ ဘာကြောင့် ရှချင်က သူမ၏ ဒဏ်ရာရနေသော သူဌေးကို အကြည့်တစ်ချက်ပင် မစွန့်ကြဲကြောင်း နားမလည်နိုင်ပေ။ 


သူတို့ရဲ့ ဘော့စ်က ဒဏ်ရာရနေတာလေ .. မဟုတ်မှလွဲရော ရှချင်နဲ့ သူ့ဘော့စ်ကြားမှာ အဖုအထစ်လေးတွေ ရှိနေတာများလား ... 


ရှချင် "... ကျွန်မ အခုပဲ ပြန်ခေါ်သွားတော့မလို့ ရှင်ရော အတူ လိုက်ခဲ့ချင်လား ..." 


သူမက ပြောရင်းဆိုရင်းပင် မြေကြီးပေါ် လဲကျနေသူကို ပွေ့ထူလိုက်သည်။ တိုက်ခိုက်သူတစ်ဦး ဖြစ်သည့်အလျောက် သူမ၏ ခွန်အားမှာလည်း မနိမ့်လှ။ 


အကူအညီပေးမည် စိတ်ကူးသည့် ရှယွင်နန်က ဆန့်ထားသော လက်တို့ကို အသာပြန်ရုတ်လိုက်သည်။ 


"မလိုက်တော့ဘူး ကျွန်တော့်ကို အိမ်မှာ စောင့်နေတဲ့သူ ရှိသေးတယ် ..." 


"အိုကေလေ ဒါဆို ကျွန်မ သွားပြီ ..." 


ရှချင်က သူမ၏ ဘော့စ်ကို ကားထဲထည့်ကာ အမြန် ထွက်သွားလိုက်သည်။ 


ခေါင်းဆောင်က သရုပ်ဆောင်ချင်မှတော့ သူမကလည်း သေချာပေါက် ပူးပေါင်းပေးရမှာပေါ့ ... 


၎င်းကို မြင်ကာမှ ရှဲ့ယွင်နန်လည်း ဆိုင်ကယ်စက်နှိုးကာ အိမ်သို့ ပြန်လာလိုက်သည်။ 


အိမ်ရောက်သည့်အခါ စက်ပြင်ဆိုင်၏ တံခါးကို တစ်ဝက်ခန့် လှပ်ထားပြီး တံခါးရှေ့တွင် ထိုင်လျက် သူ့ကို စောင့်နေသည့် သွမ့်ချန်ချင်းကို တွေ့လိုက်သည်။ 


သူ့နှလုံးသားတစ်ခုလုံး နွေးထွေးသွားတော့၏။ 


"ကိုယ် ပြန်လာပြီ ..." 


"ဘာလို့ နောက်ကျနေတာလဲ ..." 


သွမ့်ချန်ချင်းက ခရီးဦးကြိုပြုလိုက်သည်။ သူက ရှဲ့ယွင်နန်နှင့် အတူလိုက်သွားသူများကို မေးကြည့်ပြီးဖြစ်၍ ရှဲ့ယွင်နန်မှာ အလုပ်ကူလုပ်ပေးရန် အကူအညီ အတောင်းခံနေရကြောင်း သိထားသည့်တိုင် ဤမျှအထိ ကြာမြင့်လိမ့်မည်ဟုတော့ မျှော်လင့်မထားခဲ့ချေ။ 


"ကိုယ်က ပစ္စည်းတွေ ကူသယ်ပေးနေတာ ပြီးတော့ ဒဏ်ရာရနေတဲ့သူကို တွေ့တာနဲ့ သူ့အိမ်ကိုပါ ဖုန်းဆက်ပေးနေရလို့ ..." 


သူက ပြောလိုက်သည်။ 


ရှဲ့ယွင်နန်က ဘာမှ မဖြစ်ခဲ့ဘူး ... 


သွမ့်ချန်ချင်းက သူ့ကို ကူညီကာ အထုပ်များကို ချပေးမည်ပြုစဉ် ရှဲ့ယွင်နန်က သူ့ကို တားမြစ်လိုက်သည်။ 


"ကိုယ် လုပ်လိုက်မယ် ဒါတွေက လေးလို့ ..." 


သွမ့်ချန်ချင်း "..." 


တစ်ဖက်တွင် .. ရှဲ့ယွင်နန် ထွက်သွားသည်နှင့် တစ်ပြိုင်နက် မူးမေ့‌လဲနေသည့် တစ္ဆေဘုရင်သည် ချက်ခြင်း ငုတ်တုပ်ထထိုင်ကာ ငယ်သားဖြစ်သူကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။  


ရှချင်မှာ ထိုအကြည့်တို့ကြောင့် ကြောက်ဒူးတုန်သွားရ၏။


"ခေါင်း ... ခေါင်းဆောင် ..." 


တစ္ဆေဘုရင်က အေးစက်စွာ ပြောလိုက်သည်။ 


"မင်းကို ဘယ်သူက ချီပေးပါလို့ တောင်းဆိုလို့လဲ ..." 


သားလေးရှေ့မှာ ရှချင်ရဲ့ လက်ထဲ မင်းသမီးလေးတစ်ယောက်လို အချီခံလိုက်ရတာ ..  ငါ့မျက်နှာတွေတော့ ကုန်ပါပြီ .. 


"ကျွန်မ ..." 


"မင်းက မသယ်နိုင်ချင်ယောင်ဆောင်ပြီး သူ့ကို အကူအညီတောင်းရမယ်ဆိုတာကိုတောင် မသိဘူးလား ..." 


သူက ထပ်ပြောလိုက်ပြန်သည်။ 


ရှချင် "..." 


သူက ဆက်ပြောလိုက်ပြန်သည်။ 


"ပုံစံကြည့်တော့ ဉာဏ်ကောင်းသလိုလိုနဲ့ တကယ် အရေးကြုံရော ဘာမှကို သုံးမဖြစ်ဘူး ..." 


ရှချင် "..." 


တ‌စ္ဆေဘုရင်ကဲ့သို့ မကြာခဏ ဒဏ်ရာရတတ်သူအဖို့ ဤဒဏ်ရာမျိုးမှာ အသေးအဖွဲဟုပင် မဆိုသာပေ။ ပြန်ရောက်သည့်အခါ ဆေးထည့်လိုက်ရုံဖြင့်ပင် အဆင်ပြေနေပြီဖြစ်သည်။ 


ငယ်သားများက သူ့ကို ထိတ်လန့်တကြား စိုက်ကြည့်လိုက်ကြသည်။ 


သူ့ကိုယ်သူ ထိခိုက်အောင် လုပ်ပြီးတော့တောင် ဒဏ်ရာရချင်ယောင်ဆောင်လိုက်သေးတယ်ပေါ့ ... 


ဒါပေမယ့် .. ဘာလို့ အဲဒီ့လက်ထပ်ပြီးသား ယောကျာ်းကို တွေ့ချင်နေရတာလဲ ... 


ရှဲ့ယွင်နန်သည် နောက်တစ်နေ့မနက် အိပ်ယာမှ နိုးလာသည့်အခါ ထုံးစံအတိုင်းပင် သွမ့်ချန်ချင်း၏ အခြေအနေကို ဦးစွာ စစ်ဆေးလိုက်သည်။ 


သွမ့်ချန်ချင်း၏ ချွေးထွက်နှုန်းမှာ ယခင်ထက် လျော့နည်းလာပြီဖြစ်ကြောင်း သိရမှသာ စိတ်အေးရတော့၏။ 


သူက ချွေးထွက်များသည့် ကိစ္စနှင့် ပတ်သက်၍ မည်ကဲ့သို့ လုပ်ပေးသင့်ကြောင်း ဒေါက်တာဟူကို မေးခဲ့သော်လည်း ကျေနပ်လောက်သည့် အဖြေကို မရခဲ့။ သွမ့်ချန်ချင်းကို မျက်စိဒေါက်ထောက်၍ ဂရုစိုက်ပေးရန်သာ ရှိခဲ့သည်။ 


သွမ့်ချန်ချင်း၏ ခန္ဓာကိုယ်မှာ တစ်ချက် ကြည့်ရုံမျှဖြင့်ပင် လွန်စွာ ပိန်လှီ‌လှကြောင်း သိသာနေကာ အချိန်တိုအတွင်း ပြန်လည်သက်သာရန်ပင် မဖြစ်နိုင်ခဲ့ချေ။ 


သို့သော် ယခုမူ သူ့ခန္ဓာကိုယ်မှာ လွန်စွာ ကောင်းမွန်စွာ ပြန်လည်သက်သာလာနေ၏။ 


သူ့လက်ထဲမှာ ငွေအများကြီး ရှိမနေတာတော့ နှမြောစရာပဲ အဲဒါကြောင့် သွမ့်ချန်ချင်းကို စားကောင်းတာတွေ အများကြီး မကျွေးနိုင်တာ ... 


ရှဲ့ယွင်နန်က လုပ်ငန်းခွင် မစရသေးသည့်အတွက် လက်တို့ ရှင်းသန့်နေဆဲ ဖြစ်သည်ကို အခွင့်ကောင်းယူလိုက်သည်။ 


ကြံချောင်းများမှာ လွန်စွာ ချိုမြိန်သည့်အပြင် အစာအိမ်တွင်လည်း နေရာများစွာ မယူသည့်အတွက် သွမ့်ချန်ချင်းအနေဖြင့် တစ်ဖြည်းဖြည်းချင်း စားကြည့်၍ ရပေသည်။ 


"ခင်ဗျားကရော ဘာလို့ မစားတာလဲ ..." 


သွမ့်ချန်ချင်းက မေးလိုက်သည်။ 


"ကိုယ်က မကြိုက်လို့ ..." 


သူက ပြန်ဖြေလိုက်သည်။  မနက်စာကို ဗိုက်ပြည့်အောင် စားထားပြီး ဖြစ်သည့်အပြင် ကြံချောင်းများမှာ စားသောက်ရန် အချိန်များစွာ ပေးရသည့်အတွက် ရပ်တန့်လိုက်ခြင်းဖြစ်သည်။ 


ဤရက်ပိုင်းအတွင်း အတူတူ နေထိုင်ခဲ့ပြီးသည့်နောက် သွမ့်ချန်ချင်းသည် ရှဲ့ယွင်နန်မှာ အချိုများကို မုန်းတီးခြင်း မရှိကြောင်း သိလာခဲ့သည်။  


တစ်ခဏမျှ စဉ်းစားပြီးနောက် အသီးခွဲသည့်ဓားဖြင့် ကြံချောင်းများကို တစ်ကိုက်စာ သေးရှည်ရှည်အရွယ်များရအောင် ပြင်ဆင်လိုက်သည်။ 


"မင်းက အရမ်းကို အနုစိတ်တာပဲ ..." 


ရှဲ့ယွင်နန်က သူ့လှုပ်ရှားမှုများကို စောင့်ကြည့်ရင်း မှတ်ချက်ပြုလိုက်သည်။ 


သူဆို ကြံချောင်းကို အခွံတောင် ခွါမနေဘူး ဒီတိုင်း အကုန်လုံးကို ဝါးစားပစ်လိုက်တာ ... 


"ဒီလို စားရတာ ပိုပြီး အဆင်ပြေတယ်လေ ..." 


သွမ့်ချန်ချင်းက ပြုံးကာ ပြောလိုက်သည်။ ထို့နောက် ကြံချောင်း၏ ကျိန်းသေပေါက် ချိုမည်ဖြစ်သည့် အပိုင်းများကို ရွေးကာ ရှဲ့ယွင်နန်၏ ပါးစပ်ထဲသို့ ခွံ့လိုက်သည်။ 


"မင်းလည်း စားကြည့်ကြည့် ..." 


ရှဲ့ယွင်နန်က ကြက်သေသေသွား၏။ တစ်ခု စားပြီးသည့်အခါ သွမ့်ချန်ချင်းက သူ့ပါးစပ်အနားသို့ လက်ကို ခံကာ ပြောလိုက်သည်။ 


"ကျွန်တော့်လက်ထဲ ထွေးထုတ်လိုက် ..." 


ရှဲ့ယွင်နန်၏ မျက်နှာတစ်ခုလုံး ရုတ်ချည်း နီမြန်းသွားကာ ကြံဖတ်များကို ထွေးထုတ်လိုက်သည်။ 


"အရမ်း ဒုက္ခမခံပါနဲ့ ..." 


"ဒုက္ခမဖြစ်ပါဘူး .. ကျွန်တော့်မှာလည်း လုပ်စရာမှ မရှိတာ ... ပြီးတော့ သဘောကျလို့ ..." 


သွမ့်ချန်ချင်းက ပြုံးကာ ပြောလိုက်သည်။ 


ရှဲ့ယွင်နန်၏ မျက်နှာတစ်ခုလုံး တစ်မဟုတ်ချင်း ရဲရဲနီသွားတော့၏။ 


သူနှင့် စကားပြောရန် စောင့်နေသည့် အိမ်နီးချင်းများမှာလည်း အိမ်ထဲသို့ပင် ဝင်မလာရဲကြတော့ချေ။ 


သူတို့က ရှဲ့ယွင်နန်ကို အိမ်ထောင်ပြုစောလွန်းသည်ဟု ထင်ခဲ့ကြသော်ငြား ယခု‌အခြေအနေကို အကဲခတ်ရပါလျှင် ... 


အတော်လေးကို ကောင်းတာပဲ... 


ထို့နောက်တွင်တော့ ကလေးအုပ်စုတစ်စု၏ လက်ချက်ဖြင့် ဆိုင်ထဲရှိ မရေမရာအငွေ့အသက်လေးများ ပျောက်ကွယ်သွားတော့သည်။ 


"ရှဲ့ကော ကျွန်မတို့တွေ ငါးဖမ်းမိလာလို့ ကောကောကို တစ်ကောင်ပေးမယ် ..." 


မောင်မောင်က ကလေးအုပ်စုကို ဦးဆောင်ကာ လက်တစ်ဝါးအရွယ် ငါးတစ်ကောင်ကို ကိုင်ထားလျက် ရှဲ့ယွင်နန်အနီးသို့ ရောက်လာသည်။  


"ကျေးဇူးတင်ပါတယ် ..." 


ရှဲ့ယွင်နန်က ပြုံးပြ၍ လက်ခံကာ ကြံတစ်အိတ်နှင့် ချိုချဉ်လက်တစ်ဆုပ်ကို ထုတ်လာလိုက်သည်။ 


"မင်းတို့အတွက် .. အတူတူ ခွဲစားလိုက်ကြ ..." 


"ကျေးဇူးတင်ပါတယ် ကောကော ..." 


ကလေးများက ကြံချောင်းများကို အားရဝမ်းသာ ခွဲဝေလိုက်ကြသည်။ 


ရှဲ့ယွင်နန်က ငါးကိုယူကာ သွမ့်ချန်ချင်းကို ပြောလိုက်သည်။


"ကိုယ် ငါးကို ဆေးကြောပြီးရင် နေ့ခင်းကျ မင်းအတွက် ငါးစွပ်ပြုတ် လုပ်ပေးမယ်..." 


သွမ့်ချန်ချင်းရဲ့ ခန္ဓာကိုယ်ကို သေချာပေါက် ဂရုစိုက်ပေးရမယ်လေ ... 


"ကောင်းပါပြီ ..." 


သွမ့်ချန်ချင်းကလည်း ပြုံးကာ သဘောတူလိုက်သည်။ 


ရှဲ့ယွင်နန်က နောက်ထပ် ချိုချဉ်တစ်လုံးကို ထုတ်ကာ သူ့ကို ပေးလိုက်သည်။  


"မင်းအတွက် ..." 


သွမ့်ချန်ချင်း၏ လက်ဖဝါးထဲတွင် ချိုချဉ်ပိစိလေးတစ်လုံး ရောက်လာ၏။ ... ရှဲ့ယွင်နန်က သူ့ကို ချိုချဉ်ပေးလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားမိပေ။ 


"ဒါက ချောက‌လက်နော် ..." 


ရှဲ့ယွင်နန်က ခပ်တိုး‌တိုး ပြောလိုက်သည်။  


"မင်းတစ်ယောက်တည်းကိုပဲ ပေးတာ ..." 


သူက ကလေးများကိုပေးရန် ချိုချဉ်ဝယ်ထားခြင်းဖြစ်ကာ သူကိုယ်တိုင်ကမူ တစ်လုံးမျှပင် မစားဖူးချေ။ ဤ ချောကလက်မှာ ချိုချဉ်တစ်အိတ်ကြီး ဝယ်၍ လက်ဆောင်ရထားသည့် တစ်လုံးတည်းသော ချောကလက်ဖြစ်သည်။ 


သွမ့်ချန်ချင်းက ချောကလက်ကို ဖောက်ကာ တစ်ဝက်ခြမ်း၍ သူ့ပါးစပ်ထဲ တစ်ဝက်ထည့်ကာ ကျန်တစ်ဝက်ကို ရှဲ့ယွင်နန်အား ခွံ့ကျွေးလိုက်သည်။ 


"ဘာလို့ ကိုယ့်ကို ကျွေးတာလဲ ..." 


ရှဲ့ယွင်နန်မှာ ထုတ်မမေးဘဲ မနေနိုင်တော့။ 


သူ့ကိုတောင် ချိုချဉ် စားခိုင်းလိုက်သေးတယ် ... 


"ကျွန်တော် စားရမှတော့ ခင်ဗျားလည်း သေချာပေါက် စားရမှာပေါ့ ..." 


သွမ့်ချန်ချင်းက ပြုံးကာ ပြောလိုက်သည်။ 


ရှဲ့ယွင်နန်က သူ့ထံမှ အကြည့်တို့ကို ဖယ်ခွာကာ တစ်ဖက်သို့ လှည့်လိုက်စဉ် ဆိုင်ရှေ့သို့ ပစ္စည်းသယ်သည့် ကားတစ်စီး ရောက်လာသည်ကို တွေ့လိုက်ရသည်။ 


ကားပြင်ဆိုင်တစ်ခုကို ပိုင်ဆိုင်သူတစ်ဦး အနေဖြင့် သူ မကြာခဏ ပြင်ပေးရတတ်သည့် ကားအမျိုးအစားမှာ ဤကဲ့သို့သော ပစ္စည်းသယ်သည့် ကားမျိုးပင်ဖြစ်သည်။ 


ထိုကားကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် ရှဲ့ယွင်နန်သည် နောက်ထပ် ရပေါက်ရလမ်းတစ်ခု ရောက်လာပြီဟု တွေးလိုက်မိ၏။ 


တံခါးအပြင်သို့ထွက်ကာ နှုတ်ဆက်မည်ပြုစဉ် ကားပေါ်မှ ဆင်းလာသည့် ရှချင်ကို တွေ့လိုက်သည်။ သူမက သူ့ကို တွေ့လိုက်သည်နှင့် တစ်ပြိုင်နက် အားတက်သရော နှုတ်ဆက်လိုက်၏။ 


"ရှဲ့ယွင်နန် . မနေ့က ကျွန်မတို့ သူဌေးကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သူဌေးက ကျွန်မကို လက်ဆောင်တွေ လာပို့ခိုင်းလိုက်တာ ..." 


"မဟုတ်တာ ကျွန်တော်က တကယ်ကို ဘာမှ လုပ်မပေးခဲ့ဘူးလေ ဖုန်းလေး တစ်ခါပဲ ဆက်ပေးရုံပဲကို ..." 


ရှဲ့ယွင်နန်က ပြောလိုက်သည်။ 


"ဒါပေမယ့် ရှင်သာ ဖုန်းဆက်မပေးရင် ကျွန်မတို့ဘော့စ်တော့ သားရဲ‌တွေ စားတာကို ခံရမလား ဒါမှမဟုတ် ခိုးဆိုးလုယက်နေတဲ့ လူတွေရဲ့ လက်ချက်နဲ့ပဲ သေမလား သွေးထွက်လွန်ပြီးပဲ သေမလားတောင် မသိနိုင်ဘူးလေ ..." 


သူမက ပြောလိုက်သည်။ 


"ရှင့်ကို ကျေးဇူးတင်ဖို့ သေချာပေါက်ကို လိုအပ်တာပေါ့ ..." 


ထို့နောက် သူမက ကားပေါ် ထိုင်နေသည့် အမျိုးသားကို လက်ယပ်ခေါ်လိုက်သည်။ 


"ပစ္စည်းတွေကို မြန်မြန် ချပေးလိုက် ..." 


ဤတစ်ကြိမ်တွင် သူမက တစ်ယောက်တည်း လာခဲ့ခြင်း မဟုတ်။ အခြား လူငယ်တစ်ဉီးက ကားထဲမှ ထွက်လာကာ ပစ္စည်းများကို မြန်ဆန်သေသပ်စွာဖြင့် အောက်ချပေးလိုက်သည်။ ထို့အပြင် ရှဲ့ယွင်နန်ကိုပါ သိလိုစိတ်အပြည့်ဖြင့် အချိန်ပြည့် အကဲခတ်နေ၏။ 


သူတို့ ပေးလာသည့် ပစ္စည်းများတွင် ကြံ၊ ဖရုံသီး၊ စေးပိုင်နူးညံ့သည့် ပြောင်းဖူးတို့ ပါဝင်ကာ ၎င်းတို့အနက် မျက်စိကို အဖမ်းစားနိုင်ဆုံးမှာ အံ့ဖွယ်သားရဲ၏ အသားပိုင်းတစ်ပိုင်းဖြစ်သည်။ 

ထို့အပြင် အမျိုးမျိုးသော စည်သွပ်ဘူးမျိုးစုံလည်း ပါရှိသေး၏။ 


အတိတ်ကာလများတွင် ထိုလက်ဆောင်မှာ ပြောပလောက်သည့် ပမာဏ မဟုတ်သော်လည်း ယခုကဲ့သို့ ကုန်ဈေးနှုန်း မြင့်တက်နေချိန်တွင်မူ ထိုပစ္စည်းများသည်ပင် ဈေးသက်သာလိမ့်မည် မဟုတ်ချေ။ 


"ဒီလောက်အများကြီး မလိုပါဘူး ..." 


"ဘာလို့ ဒီလိုမျိုး ပြောရက်ရတာလဲ ဒါတွေအားလုံးက ရှင့်အတွက် ကျွန်မတို့ ယူလာတာတွေပါ ရှင့်အနေနဲ့ တစ်ပြားတစ်ချပ်မှ မကုန်ပါဘူး ..." 


ရှချင်က ပြောလိုက်သည်။ 


"ဒါတွေ အရင်စားထားလိုက် ရက်နည်းနည်းလောက်ကြာလို့ ဘော့စ် နေကောင်းလာရင် သူကိုယ်တိုင် ရှင့်ကို လာတွေ့ပြီး ကျေးဇူးတင်စကားပြောလိမ့်မယ် ..." 


"ဒါ ..." 


ရှဲ့ယွင်နန်မှာ သူ ဘာမှ လုပ်မပေးရပါဘဲ ထိုသူများက အလေးအနက် ဖြစ်လွန်းလှသည်ဟုပင် ခံစားမိလာတော့သည်။ 


"ဒါနဲ့ ဒီအသားကို ချက်စားပြီးရင် အရသာရှိလား ပြန်ပြောပေးနော် အဲဒါက ကျွန်မ မွေးထားတာလေ ..." 


ရှချင်က ပြုံးကာ ပြောလိုက်သည်။ 


"တစ်ခြားအကောင်တွေလည်း မွေးထားတာ ရှိသေးတယ် သတ်ကာကျမှ ရှင့်ကို နည်းနည်းပေးမယ်လေ ..." 


ရှချင် ထွက်သွားသည့်အခါ သူမနှင့်အတူ ပါလာသည့် လူငယ်ကလည်း ကားနောက်ခန်းထဲသို့ အမြန် ခုန်တက်သွားလိုက်သည်။ 


ကားစက်ကို အမြန်နှိုးကာ ထွက်သွားသည့်တိုင် ထိုလူငယ်က ရှဲ့ယွင်နန်ကို တစူးတစမ်း စိုက်ကြည့်နေဆဲပင်။ 


သွမ့်ချန်ချင်းကလည်း ထိုသူတို့၏ နောက်ကျောကို

တစ်လှည့် သူတို့ထားခဲ့သည့် ပစ္စည်းများကိုတစ်လှည့် ကြည့်လိုက်သည်။ 


အားလုံးမှာ အဆင်ပြေသော်ငြား ထိုအသားတွဲမှာမူ စိတ်စွမ်းအင်များ ပါဝင်နေပေသည်။ 


သာမန်စားစရာများသည်ပင် ဈေးမပေါရာ .. အံ့ဖွယ်သားရဲတို့၏ အသားမှာ ပို၍ပင် ဈေးကြီးပေလိမ့်မည်။


ဒီလိုမျိုး အရည်အသွေးနဲ့ အသားမျိုးဆို ... ဘာလို့ ဒီလူတွေက ရှဲ့ယွင်နန်ကို တန်ဖိုးကြီးအံ့ဖွယ်သားရဲအသား ပေးရတာလဲ ...