အပိုင်း ၂၆
Viewers 7k

Chapter 26




သွမ့်ချန်ချင်းက တန်ဖိုးကြီးလှသည့် အံ့ဖွယ်သားရဲအသားကို ပေးခြင်း၏ နောက်ကွယ်တွင် အကြောင်းပြချက် တစ်ခုခု ရှိနေလိမ့်မည်ဟု ခံစားမိနေသည်။ 


ရှဲ့ယွင်နန်က ကြေးစားမုဆိုးတို့၏ ယာဉ်များကို မကြာခဏ ကူညီကာ ပြင်ပေးတတ်ပြီး ထိုမုဆိုးများကလည်း အမဲလိုက်ရာမှ ပြန်လာချိန်တွင် အံ့ဖွယ်သားရဲများ ယူလာပေးတတ်သည်။ 


သို့သော် မုဆိုးများ ယူလာပေးသည့် အံ့ဖွယ်သားရဲအသားတွင် ပါဝင်သော စိတ်စွမ်းအင်မှာ ဤလက်ဆောင်ရသည့် အသားရှိ စိတ်စွမ်းအင်ထက် များစွာ နည်းပါးလှပေသည်။ 


ဒီ အံ့ဖွယ်သားရဲရဲ့အသား ... အဆင့်မြင့် အံ့ဖွယ်သားရဲရဲ့ အသား ဖြစ်နေမလားတောင် မသိဘူး ...


တိုက်ခိုက်သူများ၊ အံ့ဖွယ်သားရဲနှင့် ဆန်းပြားဆေးပင်တို့ကို အဆင့်ဆယ်ဆင့် ပိုင်းခြားထားကာ အဆင့်တစ်မှ သုံးအထိကို အဆင့်နိမ့်၊ ၄ မှ ၆ ကို အလယ်အလတ်နှင့် ၇ မှ ၉ ကို အဆင့်မြင့်ဟု သတ်မှတ်ထားသည်။ အဆင့်တစ်ဆယ်ကိုမူ နတ်ဘုရားအဆင့်ဟုသာ တိုက်ရိုက် ခေါ်ဝေါ်ကြ၏။


ဟုန်ယဲ့တောအုပ်ထဲတွင် မြောက်များစွာသော အဆင့် ၁၀ အံ့ဖွယ်သားရဲများ ရှိကြသော်ငြား လူသားတိုက်ခိုက်ရေးသမားတို့တွင်မူ အဆင့်ကိုးကသာ အမြင့်ဆုံးဖြစ်သည်။


အဆင့်တစ်ဆယ် တိုက်ခိုက်ရေးသမား မပေါ်ထွက်လာတော့သည်မှာ နှစ်ကာလ ကြာညောင်းနေပြီဟုပင် ပြောစမှတ် ပြုကြသည်။ 


သွမ့်ချန်ချင်းက ထိုသတ်မှတ်ချက်များကို မသိသည့်တိုင် တိုက်ခိုက်ရေးသမား အချို့ကိုမူ မျက်မြင်တွေ့ခဲ့ပြီးဖြစ်သည်။ 


လျောင်မုယဲ့သည်သာ အလယ်အလတ်တန်းဖြစ်သော အဆင့်လေး တိုက်ခိုက်သူ ဖြစ်ပါလျှင် အမြီးကိုးချောင်းမြေခွေးသည် အဆင့်မြင့်တိုက်ခိုက်သူ ဖြစ်ပေမည်။ 


ဤ အသားတွဲအဖြစ် ခုတ်ထစ်ခံထားရသော အံ့ဖွယ်သားရဲမှာ လျောင်မုယဲ့နှင့် အဆင့်အတူတူ ဖြစ်လိမ့်မည်ဟုပင် ခန့်မှန်းရသည်။ 


“ရှောင်ရှဲ့ မင်းက သူတို့ဘော့စ်ကို ကယ်ခဲ့တာလား ...”


“အဲဒါ လုဟိုင်စိုက်ခင်းရဲ့ ပိုင်ရှင် မဟုတ်လား ...”


“သူတို့က လူကောင်းတွေလေ ...”


“ဒါ ကောင်းတဲ့ကိစ္စပဲ သိလား ရှောင်ရှဲ့ ...”


“မင်းကတော့ ဖိုးကံကောင်းပဲဟေ့ ...”


... ....


အိမ်နီးချင်းများက တစ်ယောက်ယောက်ပြီးတစ်ယောက် ရောက်လာကာ သူ့ကို ဂုဏ်ပြုလိုက်ကြသည်။ 


တစ်ယောက်က သူ့ကို မျက်နှာချိုသွေးကာ မေးလာ၏။ 


“ရှောင်ရှဲ့ မင်း ဒါတွေ အကုန်လုံးကို ကုန်အောင် စားနိုင်လား ...”


ရှဲ့ယွင်နန်က ထိုသူ၏ ဆိုလိုရင်းကို ချက်ခြင်း သဘောပေါက်ကာ ပြောလိုက်သည်။ 


“ကျွန်တော်လည်း အကုန် မစားနိုင်ဘူး လာ ဒီဖရုံသီးနှစ်လုံးကို ခွဲယူလိုက်ကြရအောင် ...”


အားလုံးက သူ ထိုပစ္စည်းများ လက်ခံရရှိသည်ကို မြင်တွေ့ထားကြသည်။ ထို့အပြင် အချို့အဝက်ကို မျှဝေခြင်းသည် အားလုံး၏ စိတ်ကို သက်တောင့်သက်သာ ဖြစ်သွားစေရန်လည်း အထောက်အကူပြုပေသည်။ 


ရှဲ့ယွင်နန်က မမျှမတ ခွဲဝေသည်ဟု စောဒကတက်လာမည်များကို ရှောင်ရှားရန် ဖရုံသီးနှစ်လုံးကို ထိုသူတို့လက်ထဲ ထည့်ပေးကာ ကိုယ်တိုင် ခွဲဝေကြရန် ပြောလိုက်သည်။ 


ထိုသူများ အားရဝမ်းသာ ခွဲဝေနေကြစဉ် သူက သွမ့်ချန်ချင်းကို ပြောလိုက်သည်။ 


“ကိုယ် ဒီ အသားကို မင်းအတွက် နောက်မှ ချက်ပေးမယ် ...”


သူသည် သွမ့်ချန်ချင်း၏ အသားကို လောဘတကြီး စိုက်ကြည့်နေသည့် အကြည့်များကို သတိထားမိပေသည်။ 


သွမ့်ချန်ချင်း စရောက်လာကာစက အသားအချို့ ချက်စားခဲ့ဖူးသေးသော်လည်း ... ထိုနောက်ပိုင်းတွင် အသားမစားရတော့သည်မှာ အတော်ကြာနေပြီ ဖြစ်သည်။ 


ပြီးတော့ အခု အသားနည်းနည်းလည်း လက်ဆောင်ရထားမှတော့ ကိုယ့်အတွက်ကိုယ်ပဲ ချက်စားကြတာပေါ့ ...


ငါးတစ်ကောင်လည်း ရှိနေသေးတယ်လေ ...


“ယွင်နန် အသားကို ချက်စားကြရအောင် ...”


သွမ့်ချန်ချင်းက ပြောလိုက်သည်။ 


စိတ်စွမ်းအင်တွေက ချက်ခြင်းမစားရင် လျော့နည်းကုန်တော့မှာ .. ဒီလိုဆို အကုန် အလကား ဖြစ်သွားမှာလေ ....


မြန်မြန်စားလိုက်တာ အကောင်းဆုံးပဲ ...


သူသာ ချက်ခွင့်ရမယ်ဆိုရင် အဲထဲက စိတ်စွမ်းအင်တွေကို လုံးဝ မပျက်စီးသွားအောင် အကောင်းဆုံး လုပ်ပေးနိုင်တယ် ...


ဒီလိုဆိုကာမှ ရှဲ့ယွင်နန်က တကယ့်ကို မိစ္ဆာပဲနော် ခန္ဓာကိုယ်အတွက် အကျိုးရှိပြီး ပိုသန်မာလာဖို့ဆို အံ့ဖွယ်သားရဲတွေရဲ့ အသားကို ပိုပြီးကို စားသင့်တာ ...


ရှဲ့ယွင်နန်သာ အခြေခံကို ကောင်းကောင်း တည်ဆောက်ပြီးသွားရင် သူ့ကို ဘယ်လို ကျင့်ကြံရမလဲ ဆိုတာကိုပါ သင်ပေးနိုင်မှာ ...


ရှဲ့ယွင်နန်က အသားကို နေ့လည်စာအဖြစ် ချက်ပြုတ်ရန် ပြင်ဆင်ထားသော်လည်း အသားမှာ များပြားလွန်းလှသည်။ ထို့အပြင် သူသည် မူလက သုံးပုံတစ်ပုံခန့်ကိုသာ စား၍ ကျန်အသားများကို တစ်ဖြည်းဖြည်းချင်းသာ စားသောက်ရန် ကြံရွယ်ထားသည်။ 


ဒါပေမယ့် သွမ့်ချန်ချင်းက ဒီလိုပြောလာမှတော့ ....


သူက ပြောလိုက်သည်။ 


“ကောင်းပြီလေ ...”


“အသားကို ကျွန်တော် ချက်လိုက်မယ် ...”


သွမ့်ချန်ချင်းက အသားကို ယူကာ ချက်ပြုတ်ရန် ထွက်သွားလိုက်သည်။ .


ရှဲ့ယွင်နန် “...”


ဒီလောဘအိုးလေးကတော့လေ .. တကယ့်ကို ကလေးပေါက်စလေးအတိုင်းပဲ ...


ထို့နောက် ရှဲ့ယွင်နန်လည်း ကားပြင်ခြင်းဖြင့် အလုပ်များလာကာ မွန်းမတည့်ခင်အထိ အပေါ်ထပ်သို့ မတက်နိုင်တော့။ သူ လှေကားထိပ်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် အသား၏ မွှေးရနံ့ကို တစ်ဝကြီး ရှူရှိုက်လိုက်ရတော့သည်။ 


အသားက ချက်ပြီးသွားတော့ တကယ်ကို အနံ့မွှေးတာပဲ ...


ရှဲ့ယွင်နန်မှာ ရုတ်ချည်း ဗိုက်ဆာလာကာ အသားမှအပ မည်သည့်အရာကိုမှ မစားလိုတော့ချေ။ 


သူ့အတွေးနှင့် ထပ်တူပင် စားပွဲပေါ်၌လည်း အသားတစ်ပန်းကန်တည်းကိုသာ တွေ့လိုက်ရသည်။ 


သွမ့်ချန်ချင်းက ပြောလိုက်သည်။ 


“ကျွန်တော် ငါးကို ဆားနယ်ထားတယ် ကျန်တာတော့ ဘာမှ ချက်မထားဘူး ... ဒီနေ့ နေ့လည်စာကို အသားပဲ စားကြရအောင်လေ ...”


အခြားဟင်းလျာများ မပါဘဲ အသားတစ်မျိုးတည်းကိုသာ စားခြင်းမှာ အလွန်အကြူး ဖြုန်းတီးရာရောက်သော်ငြား သူကိုယ်တိုင်လည်း ထိုကဲ့သို့ပင် တွေးမိနေရာ ... ရှဲ့ယွင်နန်က ခေါင်းငြိမ့်ပြလိုက်သည်။ 


အသားမှာ ချက်ပြုတ်ပြီးသည့်အခါ ကျုံ့သွားပြီး ပန်းကန်လုံးနှစ်လုံးစာသာ ရလိုက်သည်။ တစ်ယောက်ကို တစ်ပန်းကန်နှုန်း ဖြစ်ဟန်ပင်။ သွမ့်ချန်ချင်းက သူ့ကို တူတစ်စုံပေးကာ ပြောလိုက်သည်။ 


“ယွင်နန် များများစား ...”


“ကောင်းပါပြီ ...”


ရှဲ့ယွင်နန်မှာ သူ့ကိုယ်သူ အပြည့်အမောက် ထည့်ထားသည့် အသားတစ်ပန်းကန်အား ကုန်အောင် မစားနိုင်လောက်ဟု ထင်ခဲ့မိသော်ငြား မမျှော်လင့်ထားစွာပင် အားလုံး ကုန်စင်အောင် စားမိသွားခဲ့သည်။ 


မျက်နှာချင်းဆိုင်ရှိ သွမ့်ချန်ချင်းမှာမူ သူ့ထက်ပင် မြန်ဆန်နေသေးသည်။ 


ယခင်ကသာဆိုလျှင် ရှဲ့ယွင်နန်သည် သွမ့်ချန်ချင်း အစာမခြေနိုင်မည်ကို စိုးရိမ်မိဦးမည် ဖြစ်သော်ငြား ... ယခုမူ သူသည် သွမ့်ချန်ချင်း၏ ပြင်းပြလှသော အစားစားချင်စိတ်နှင့် အသားကျနှင့်နေပြီဖြစ်သည်။ 


စားသောက်ပြီးနောက် သူသည် အောက်ထပ်သို့ဆင်းကာ အလုပ်ဆက်လုပ်ရန် တွေးမိသော်ငြား ရှင်းမပြတတ်လောက်အောင် အိပ်ငိုက်လာကာ မျက်လုံးပင် ကောင်းကောင်းမဖွင့်နိုင်တော့။ 


၎င်းကို မြင်လိုက်သည့် သွမ့်ချန်ချင်းက ပြောလိုက်သည်။ 


“ယွင်နန် ခဏလောက် အနားယူချင်လား ...”


ရှဲ့ယွင်နန်တွင် နေ့ခင်း တစ်ရေးတစ်မော အိပ်တတ်သည့်အကျင့် မရှိသော်ငြား ယခုအချိန်တွင် အမှန်တကယ်ပင် အိပ်ချင်နေရာ ... 


“မင်းရော အိပ်မလို့လား မအိပ်ချင်ရင် ကိုယ့်ကို ဆိုင်ကူစောင့်ပေး ...”


“ကောင်းပါပြီ ...”


သွမ့်ချန်ချင်းက သဘောတူလိုက်သည်။ 


“ဧည့်သည်ရောက်လာရင် ကိုယ့်ကို လာနှိုးနော် ...”


ရှဲ့ယွင်နန်က အိပ်ချင်ငိုက်မြည်းစွာဖြင့် ပြောလိုက်သည်။ 


သူက နေ့လည်ပိုင်းတွင် ရေချိုးလေ့မရှိ။ ခြေလက်ဆေးကြောပြီးနောက် ကုတင်ပေါ် မလှဲဘဲ ဝါးပက်လက်ကုလားထိုင်ပေါ်တွင်သာ အနားယူလိုက်သည်။ 


ကျောဆန့်လိုက်သည်နှင့်တစ်ပြိုင်နက် ချက်ခြင်း အိပ်မောကျသွားတော့၏။ 


သူ အိပ်ပျော်သွားသည်ကို မြင်လိုက်သော သွမ့်ချန်ချင်းက အနားသို့ ရောက်လာကာ သူ့လက်ကို ကိုင်လိုက်သည်။ 


ရှဲ့ယွင်နန်သည် စိတ်စွမ်းအင် ပါဝင်သည့် စားစရာများကို တစ်ကြိမ်တစ်ခါမှ မစားခဲ့ဖူး။ ထို့ကြောင့် သူ့ခန္ဓာကိုယ်က ထိုစိတ်စွမ်းအင်ကို လက်မခံနိုင်သေးသည့်အတွက် အိပ်ချင်စိတ်များ ဖြစ်ပေါ်နေခြင်း ဖြစ်ကာ ဤသည်မှာ စိတ်စွမ်းအင်များက သူ့ခန္ဓာကိုယ်ကို ပြုပြင်ပေးနေသည်ဟူသည့် လက္ခဏာလည်း ဖြစ်ပေသည်။ 


ရှဲ့ယွင်နန်သည် အခြားသူတစ်ဦး၏ အကူအညီကို မရပါလျှင် ထိုအသားထဲရှိ စိတ်စွမ်းအင်၏ ဆယ်ပုံတစ်ပုံကိုသာ စုပ်ယူနိုင်မည်ဖြစ်သည်။ 


သေချာပေါက်ကို ရှဲ့ယွင်နန်မှာ ကူညီပေးမယ့်သူ ရှိတာပေါ့ ...


သွမ့်ချန်ချင်းက သူ ရှဲ့ယွင်နန်၏ ခန္ဓာကိုယ်ထဲသို့ ထည့်ပေးထားသည့် စိတ်စွမ်းအင်လေးကို ထိန်းချုပ်ကာ သူ့ခန္ဓာကိုယ် ထိုစိတ်စွမ်းအင်များကို ထိန်းချုပ်နိုင်စေရန် ကူညီပေးလိုက်သည်။ 


သူကိုယ်တိုင်အတွက်ရော ?


အသားကို စားပြီးသည်နှင့် တစ်ပြိုင်နက် ထိုစိတ်စွမ်းအင်အားလုံးကို တိုက်ရိုက် စုပ်ယူထားပြီးဖြစ်သည်။ 


ရှဲ့ယွင်နန်၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ကာ စိတ်စွမ်းအင်များ စုပ်ယူနိုင်စေရန် ကူညီပေးချိန်တွင်မှ ရှဲ့ယွင်နန်မှာ အရည်အချင်း ရှိသည့်တိုင် အခြေခံမကောင်းကြောင်း သိလိုက်ရသည်။ 


သူ ငယ်ငယ်တုန်းက သေချာပေါက်ကို အပြင်းအထန် ဒဏ်ရာရခဲ့ဖူးလိမ့်မယ် ... အဲဒါကြောင့်လည်း ရှောင်ပိုင်က အရွယ်ရောက်မလာတော့တာ ...


ရှဲ့ယွင်နန်သာ ငယ်ငယ်တုန်းက ဒဏ်ရာမရခဲ့ဖူးဆို သူ့ရဲ့လက်ရှိအရည်အချင်းက လျောင်မုယဲ့နဲ့ မယှဉ်နိုင်ရင်တောင် အဆင့်နိမ့်တိုက်ခိုက်သူလောက်တော့ ဖြစ်ချင်ဖြစ်နေမှာ ...


သူက ရှဲ့ယွင်နန်၏ ဒဏ်ရာများကိုပါ တစ်ပါတည်း ကုသပေးလိုက်သည်။ 


ဤဒဏ်ရာမှာ တစ်ခဏတည်းဖြင့် ကုသနိုင်မည် မဟုတ်၊ တစ်လနီးပါးခန့် ကျိန်းသေ ကြာမြင့်မည်ဖြစ်သည်။ သို့သော် ရှဲ့ယွင်နန်သာ အံ့ဖွယ်သားရဲတို့၏ အသားကို ပိုပြီး စားနိုင်ပါလျှင်မူ ... ကြာချိန်မှာ ပို၍ တိုတောင်းသွားမည် ဖြစ်သည်။ 


တစ်လကြာပြီးသွားရင် ...


အဲဒီ့အချိန်လောက်ဆို ရှဲ့ယွင်နန်လည်း ကျင့်ကြံနိုင်လောက်ပြီ ...


ပြီးတော့ ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်စဉ်ကိုလည်း ကျင့်ခိုင်းလို့ ရပြီ ဒါပေမယ့် ဒါက အရမ်း အရေးတကြီး လိုအပ်နေတာမျိုးတော့လည်း မဟုတ်ပါဘူး ...


အောက်ထပ်သို့ ဆင်းလာသည့်အခါ အနီးအနားတွင် နေထိုင်သူတစ်ဦးက ဆိုင်ကယ်ပြင်ရန် ရောက်နေကြောင်း တွေ့လိုက်ရသည်။ 


“ယွင်နန်က အိပ်နေတာ ,,, ကားကို ထားခဲ့ပြီး သူနိုးလာမှ ပြင်ခိုင်းလိုက်ရင်ရော ...”


သူက အကြံပေးလိုက်သည်။ 


“သူ့ကို နှိုးပေးလို့ရလား ငါ အလျင်လိုနေလို့ ... ပြီးရင် လုပ်စရာကိစ္စလေး ရှိနေလို့လေ ...”


ထိုသူက စိတ်မရှည်စွာ ပြောလိုက်သည်။ 


သွမ့်ချန်ချင်းက တစ်ခဏမျှ တွေးကာ ပြန်ပြောလိုက်သည်။


“ကျွန်တော် ပြင်ပေးမယ်ဆိုရင်ရော အဆင်ပြေလား ...”


“မင်းက ပြင်နိုင်လို့လား ...”


ထိုသူက သူ့ကို မယုံနိုင်စွာဖြင့် ပြန်မေးလိုက်သည်။ 


“ပြင်နိုင်ပါတယ် ...”


သူက ပြောလိုက်သည်။ 


သူ့တွင် အလိုလိုသိစိတ် ရှိနေသည့်အပြင် မည်သည့်ပညာရပ်ကိုမဆို မြန်ဆန်စွာ သင်ယူနိုင်စွမ်းလည်း ရှိနေသည်။ သို့သော သူ့တွင် ကားပြင်နည်းအတတ်ပညာကို သင်ယူချိန်လည်း မရှိသေး။


သူ ပြင်နိုင်ပါသည်ဟု ပြောရဲခြင်းမှာ ထိုကားကို သူ့စိတ်စွမ်းအင်ဖြင့် စမ်းသပ်ကြည့်ချိန်၌ အထဲတွင် ပြဿနာ ဖြစ်နေသည့် နေရာကို တွေ့ရှိထား၍ ဖြစ်သည်။ 


“ဒါဆိုလည်း စမ်းကြည့် မြန်မြန်တော့လုပ်နော် ...”


ထိုသူက ပြောလိုက်သည်။


“အိုကေ ...”


သွမ့်ချန်ချင်းက သဘောတူလိုက်သည်။ ပစ္စည်းကိရိယာများ ရှာဖွေရန်ပင် အချိန်များစွာ ပေးလိုက်ရကာ ထို့နောက် ကားကို ခက်ခဲစွာဖြင့် တစ်စစီ ဖြုတ်လိုက်သည်။ 


ကားပြင်ရန် ရောက်လာသူ “...”


ဒါကြီးက နည်းနည်းလေးမှကို ကျွမ်းကျင်တဲ့ပုံ ပေါက်မနေဘူးနော် ဒီကောင်က တကယ် ကားပြင်နိုင်တာရော ဟုတ်ရဲ့လား ...


အချိန်က တအားကပ်နေလို့သာပေါ့ မဟုတ်ရင် သူ့ကို လုံးဝ ပြင်ခိုင်းမှာ မဟုတ်ဘူး ...


ထိုသို့ တွေးနေစဉ်မှာပင် သွမ့်ချန်ချင်းသည် ဝက်အူများအားလုံးကို တပ်ကာ ဖြုတ်ထားသည့် ကားအခွံကို ပြန်တပ်နှင့်နေပြီး ဖြစ်သည်။ 


“ဘာလဲ မပြင်နိုင်လို့လား ..."


သူက မေးလိုက်သည်။ 


“မဟုတ်ဘူး ပြင်လို့ ပြီးသွားတာ ...”


သွမ့်ချန်ချင်းက ပြုံးကာ ပြောလိုက်သည်။ 


“မင်း ကားကို ဘယ်လိုပြင်ရမလဲဆိုတာ မသိရင်လည်း ရှဲ့ယွင်နန်ကိုသာ သွားနှိုးလိုက်ပါတော့ကွာ ... နေ .. နေပါဦး ပြင်ပြီးသွားပြီ ဟုတ်လား ဟုတ်ရောဟုတ်လို့လား ...”


“စမ်းကြည့်လိုက်ပါ ...”


သွမ့်ချန်ချင်းက ပြုံးကာ ပြောလိုက်သည်။ 


ထိုသူက စမ်းကြည့်လိုက်သည်။ မော်တော်ဆိုင်ကယ်မှာ အမှန်တကယ်ပင် မောင်း၍ ရနေပြီဖြစ်ကာ ပြဿနာဟူ၍လည်း မရှိတော့။ 


တစ်ခဏမျှ လှည့်ပတ်စီးကြည့်ပြီးနောက် ဆိုင်ထဲသို့ ပြန်လာလိုက်သည်။ 


“ပြင်တဲ့စရိတ်က ဘယ်လောက်ကျလဲ ...”


“ကားက ဘာဖြစ်လို့လဲ ...”


အောက်ထပ်သို့ ဆင်းလာသည့် ရှဲ့ယွင်နန်က ကားပြင်စရိတ်အကြောင်း မေးနေသည့်အသံကို ကြားလိုက်၍ ဖြတ်မေးလိုက်သည်။


“ဒီကားက မောင်းလို့မရဘူး ဖြစ်နေတာလေ ဒါပေမယ့် သူ ပြင်ပေးလိုက်တာ အဲဒါ ဘယ်လောက်ကျလဲ ...”


ထိုသူက ထပ်မေးလိုက်ပြန်သည်။ 


ရှဲ့ယွင်နန်က အနည်းငယ် စိတ်ရှုပ်ထွေးသွားသည့်ဟန်။ 


“သူ ပြင်ပေးလိုက်တာ ဟုတ်လား ...”


“ဟုတ်တယ် ငါလည်း သူ ကားပြင်တတ်လိမ့်မယ်လို့ ထင်ကို ထင်မထားဘူး ...”


ထိုသူက သွမ့်ချန်ချင်းကို ချီးကျူးလိုက်သည်။ 


“ယွင်နန် မင်းရှာထားတဲ့ ကောင်လေးက တော်လိုက်တာ မင်းရဲ့ ဆိုင်ကိုပါ ကူလုပ်ပေးနိုင်တယ် ...”


ရှဲ့ယွင်နန်၏ ဦးနှောက်မှာ ကြားနေရသည့် စကားများကို အမှီမလိုက်နိုင်တော့။ နောက်ဆုံးတွင် သူက ယွမ်နှစ်ဆယ် တောင်းလိုက်ကာ ထိုသူ ထွက်သွားကာမှ သွမ့်ချန်ချင်းကို မေးလိုက်သည်။ 


“မင်းက ကား ဘယ်လိုပြင်ရမလဲ ဆိုတာကို သိတယ်လား ...”


သွမ့်ချန်ချင်းက ကားပြင်တာကို ဘယ်လိုလုပ်ပြီး သိနေတာလဲ သူမှ သင်မပေးရသေးတာကို ...


အတိတ်တုန်းက သိတာလို့ ပြောရအောင်လည်း ... သွမ့်ချန်ချင်းက သူ့စကားတွေကိုတောင် နားလည်ခဲ့ဖူးတာမှ မဟုတ်တာ ...


“အရင်က ခင်ဗျား ပြင်နေတာကို တွေ့ဖူးလို့ စမ်းပြင်ကြည့်လိုက်တာ တကယ် ကောင်းသွားလိမ့်မယ်လို့တော့ မထင်ထားမိဘူး ...”


စမ်းပြင်ကြည့်လိုက်တာ ဟုတ်လား ...


သူ့ကို မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်ပြနေသည့် သွမ့်ချန်ချင်းကို တွေ့လိုက်သည့်အခါ ရှဲ့ယွင်နန်မှာ ချစ်စရာ ကောင်းသည်ဟု တွေးမိကာ အနည်းငယ်လည်း အံ့ဩသွားခဲ့သည်။ 


အရင်ကလည်း သွမ့်ချန်ချင်းက စကားပြောတတ်အောင် သင်တဲ့နေရာမှာ အရမ်း မြန်ဆန်မှန်း တွေ့ခဲ့ဖူးသေးတယ် ...


အဲဒီတုန်းက သူ အရင်က စကားပြောတာကို သင်ခဲ့ဖူးပေမယ့် အကြာကြီး ပိတ်လှောင်ခံခဲ့ရလို့ မေ့ကုန်တာလို့ပဲ ထင်ခဲ့တာ .. ဒါပေမယ့် အခု ကြည့်ရသလောက်ဆို ဒီလို မဟုတ်ဘူးထင်တယ် ...

သူက ခဏစဉ်းစားကာ ပြောလိုက်သည်။


“ကိုယ် မင်းကို ကားပြင်နည်း နည်းနည်းလောက် သင်ပေးမယ် သင်ချင်လား ...”


“ကောင်းသားပဲ ...”


သွမ့်ချန်ချင်းကလည်း သဘောတူလိုက်သည်။ သူ့ခန္ဓာကိုယ်မှာ တစ်နေကုန် ကျင့်ကြံနိုင်ရန် အားနည်းနေသေးသည့် အတွက် အချိန်အများစုမှာ အားလပ်နေပေသည်။ 


ဘာပဲဖြစ်ဖြစ် သူလည်း အားနေတာပဲဟာ ... ကားပြင်နည်း သင်ထားလိုက်တော့ ပိုကောင်းတာပေါ့ ...


ရှဲ့ယွင်နန်က သူ့ကို ကားအစိတ်အပိုင်း အမျိုးမျိုးအကြောင်း ရှင်းပြလိုက်သည်။ 


ဤသည်မှာ သူ တစ်ကြိမ်တစ်ခါမှ မကြားဖူးသည့် အကြောင်းအရာများ ဖြစ်သော်ငြား ရှဲ့ယွင်နန် တစ်ခေါက် ပြောလိုက်သည်နှင့် တစ်ပြိုင်နက် အကုန် မှတ်မိသွားတော့သည်။ 


ရှဲ့ယွင်နန်လည်း အထိတ်တလန့် ဖြစ်သွားရတော့၏။ 


သွမ့်ချန်ချင်းက ... အရမ်းကြီး ဉာဏ်ကောင်းလွန်းနေတာ မဟုတ်ဘူးလား ...


“ကိုယ် တစ်ခေါက် ပြောလိုက်တာနဲ့ အကုန် မှတ်မိတယ်လား ...”


“ဟုတ်တယ် ...”


သူက ခေါင်းငြိမ့်ပြလိုက်သည်။ 


သူ့ရဲ့ လက်တွဲဖော်လေးကို သူ့မှာ ကောင်းကွက်တွေ အများကြီး ရှိမှန်း ထုတ်ပြချင်တယ် ...


“မင်းက တကယ်ကို ဉာဏ်ကောင်းတာပဲ .. ဉာဏ်ကြီးရှင်လေး ...”


ရှဲ့ယွင်နန်က ချီးကျူးလိုက်သည်။ 


သွမ့်ချန်ချင်းကလည်း သဘောတကျ ရယ်မောလိုက်၏။


သူ့အပြုံးမှာ ချိုမြိန်လွန်း၍ ရှဲ့ယွင်နန်မှာ သူ့ကို နမ်းရှိုက်လိုက်လိုစိတ်များ ဖြစ်ပေါ်လာသော်ငြား နောက်ဆုံးတွင် ထိုအတွေးကို စွန့်လွှတ်လိုက်ရသည်။


သွမ့်ချန်ချင်းရဲ့ မျက်နှာတစ်ခုလုံး ဖုန်မှုန့်တွေ အပြည့်နဲ့ ...


မည်သို့ပင်ဖြစ်စေ သူသည် သွမ့်ချန်ချင်းအား ကားပြင်နည်း သင်ပေးရခြင်းအပေါ် လွန်စွာ စိတ်ပါဝင်စားလာသည်။ 


မြန်မြန်ဆန်ဆန် သင်ယူနိုင်တဲ့ ပညာသင်တပည့်လေး တစ်ယောက်လောက် ရှိတာ တကယ်ကို ကောင်းတာပဲ ...


ထိုသို့ တွေးပြီးနောက် ရှဲ့ယွင်နန်မှာ သက်ပြင်းမချဘဲ မနေနိုင်တော့။ 


သွမ့်ချန်ချင်းက အရမ်း ဉာဏ်ကောင်းတဲ့အပြင် အကုန်လုံးကိုလည်း မှတ်မိနိုင်သေးတယ် သူက တိုက်ခိုက်ရေးသမား မဖြစ်နိုင်ရင်တောင် သိပ္ပံပညာရှင်တို့ ဆရာဝန်တို့ ဖြစ်လာနိုင်တယ် သူ့ဂုဏ်ပုဒ်ကလည်း တိုက်ခိုက်သူတွေလောက် မမြင့်မားရင်တောင် အထွေထွေခရိုင်မှာ အေးအေးဆေးဆေးလေး အခြေချပြီး လူတွေ လေးစားတာကို ခံရတဲ့ ဘဝမျိုးနဲ့ နေရမှာကို ...


ဒါပေမယ့် ဖမ်းချုပ်ခံထားရပြီး စကားတောင် မပြောနိုင်ခဲ့ရှာဘူး ....


ရှဲ့ယွင်နန်က သူ့ကို ချစ်စနိုးဖြင့် စိုက်ကြည့်လိုက်သည်။ 


သွမ့်ချန်ချင်း “...”


သူတို့နှစ်ဦးသားက ချိုမြိန်သည့် အချိန်ကောင်းလေးတစ်ခု ပိုင်ဆိုင်နေကြစဉ် တစ်ဖက်တွင် တစ္ဆေဘုရင်ကလည်း နောက်တစ်နေ့၌ သူ့ထံ လာရောက်လည်ပတ်ရန် စဉ်းစားနေသည်။ 


အမှန်တကယ်တွင် သူသည် ယနေ့ကတည်းက အလည်လာလိုခြင်း ဖြစ်သော်ငြား ယမန်နေ့က သေချင်ယောင်ဆောင်ထားခဲ့သည့်အတွက် ... ချက်ခြင်း သွားလည်ခြင်းမှာ မဆီလျော်လှပေ။ 


ဒါပေမယ့် မနက်ဖြန်ကျရင်တော့ သေချာပေါက်ကို သွားမှာ ...


သူသည် နောက်တစ်နေ့မနက်၌ ဟုန်ယဲ့တောအုပ်သို့ သွားကာ အလယ်အလတ်အဆင့် အံ့ဖွယ်သားရဲတစ်ကောင်ကို ဖမ်း၍ ဝက်သားနှပ်အဖြစ် ချက်ပြုတ်ကာ ရှဲ့ယွင်နန်ထံ ပို့ပေးရန် စီစဉ်လိုက်သည်။ 


သူသာ အသားစိမ်းကို ပို့ပေးလိုက်ပါလျှင် ရှဲ့ယွင်နန်က လက်ခံစားသောက်ရန် တုန့်ဆိုင်းပြီး အလဟဿ ဖြစ်သွားမည်ကို စိုးရိမ်နေမိသည်။ 


အသားများမှာ လတ်ဆတ်နေချိန်အတွင်း စားခြင်းကသာ အကောင်းဆုံးဖြစ်သည်။ 


အဖော်သားရဲ၏ ခွန်အားကို တိုးမြှင့်နိုင်ရန် အလို့ငှာ အချို့သော သူများသည် အမဲလိုက်ပြီးကာစ အသားများအား အဖော်သားရဲကို တိုက်ရိုက် ချကျွေးလေ့ ရှိကြသည်။ 


ထို့နောက် သူသည် နောက်တစ်နေ့တွင် မည်သည့်အင်္ကျီ ဝတ်သွားသင့်ကြောင်း စဉ်းစားခန်းဖွင့်လိုက်တော့၏။ 


“ဘော့စ် အဲဒီ့ ရှဲ့ယွင်နန်ကို တကယ်ကြီး ကြိုက်နေတာလား ...”


မုတ်ဆိတ်နှင့် အမျိုးသားတစ်ဦးက သူ့အနား ရောက်လာကာ ဝမ်းနည်းကြေကွဲစွာဖြင့် မေးလိုက်သည်။ 


တစ္ဘေဘုရင်လည်း ကြောင်အသွား၏။


“ဘာပြောလိုက်တယ် ငါက ဘယ်သူ့ကို ကြိုက်နေတာ ...”


“ဘော့စ် ဘာလို့ အဲဒီ့လို သာမန်သူတစ်ယောက်ကို ကောက်ကာငင်ကာကြီး ကြိုက်သွားရတာလဲ သူက လက်ထပ်ပြီးသားလေ ဒါ မကောင်းတဲ့လုပ်ရပ် မဟုတ်လား ..”


မုတ်ဆိတ်နှင့် အမျိုးသားက ပြောလို

က်သည်။ သူတို့သည် ဥပဒေကို မျက်ကွယ်ပြုထားသူများ ဖြစ်ကြသည့်တိုင် တစ်စုံတစ်ဦး၏ အိမ်ထောင်ဖက်အား လုယူသည့် လုပ်ရပ်မျိုးကိုမူ လုံးဝ လုပ်မည်မဟုတ်ချေ။ 


တစ္ဆေဘုရင် “ဘာတွေ ပေါက်ကရ လျှောက်ပြောနေတာလဲ ငါ သူ့ကို ကြိုက်ပါတယ်လို့ ဘယ်တုန်းက ပြောခဲ့ဖူးလို့လဲ ...


ဒါက ငါ့သားကွ ငါ့သားကို ဘာလို့ ငါက ပြန်ကြိုက်ရမှာလဲ ...


ဒီကောင်တွေက ဘာတွေ တွေးနေကြတာလဲ ...