Chapter 27
တစ္ဆေဘုရင်ကလည်း သူ့ပါးစပ်မှ "ငါ ရှဲ့ယွင်နန်ကို သဘောကျတယ်" ဟု တစ်ခါမှ ထုတ်မပြောခဲ့ဖူးကြောင်း လွန်စွာ သေချာနေသည်။
ဒါကိုတောင် ဘာလို့များ သူ့ငယ်သားတွေက နားလည်မှု လွဲသွားကြတာလဲ ...
"ခေါင်းဆောင် .. ဘော့စ်ပဲ ပြောတော့ကျ အဲဒီ့တစ်ယောက်ကို ကြိုက်တယ်ဆို ..."
မုတ်ဆိတ်နှင့်လူက တိကျပိုင်နိုင်စွာ ပြောလိုက်သည်။
သူက ဒါကို အရှင်းကြီးကို မှတ်မိနေတာပါနော် ...
ဒါပေမယ့် သေချာစဉ်းစားကြည့်မှ ...
တစ်ခါက လူတစ်ယောက်က ဘော့စ်ကို ယောကျာ်းတွေကို ကြိုက်တာလားလို့ မေးဖူးသားပဲ အဲဒီ့တုန်းကဆို ခေါင်းဆောင်က မေးတဲ့သူကို ပြင်းပြင်းထန်ထန်ကြီးကို ပြစ်တင်ပြောဆိုပစ်ခဲ့တာလေ ...
တစ္ဆေဘုရင်ကလည်း အသေအချာ စဉ်းစားကြည့်ပြီးနောက် သတိရသွားတော့သည်။
သို့သော် သူသည် ထိုအချိန်က လွန်စွာ စိတ်လှုပ်ရှားလွန်းနေ၍ ရှင်းရှင်းလင်းလင်း မပြောခဲ့မိခြင်းသာ ဖြစ်သည်။
ဒီလိုဆိုကာမှ သူ ဒီရက်ပိုင်းအတွင်း စိတ်လှုပ်ရှားနေတာနဲ့ ငယ်သားတွေကိုတောင် အာရုံမစိုက်မိဘူးပဲ ... ဒါပေမယ့် ဒီလောက်အထိ အကြီးကြီး နားလည်မှု လွဲသွားလိမ့်မယ်လို့တော့ တကယ်ကို ထင်မထားဘူး ...
"ငါ သူ့ကို သဘောကျတယ်ဆိုတာ ဟုတ်တယ် ဒါပေမယ့် ဟိုလို သဘောကျတာ မဟုတ်ဘူး ငါ့တပည့်အဖြစ် လက်ခံချင်ရုံလေးတင် ..."
သူက ပြောလိုက်သည်။
"ခေါင်းဆောင် သူ့ကို တကယ်ကြီး ငယ်သားအဖြစ် လက်ခံချင်နေတာလား သူ့ပုံစံကဖြင့် လုံးဝကို သာမန်ပဲနော် ..."
အဲဒီ့ ရှဲ့ယွင်နန်ကဖြင့် ဘယ်နေရာပဲကြည့်ကြည့် အရမ်းကို သာမန်ဆန်လွန်းနေတဲ့ဟာ ငါတို့ခေါင်းဆောင်က ဘာလို့ သူ့ကို ကြိုက်ရမှာလဲ ...
"မင်း ဘာသိလို့လဲ ..."
တစ္ဆေဘုရင်က သူ့ကို စူးစူးရဲရဲကြည့်ကာ ပြောလိုက်သည်။
ငါ့သားက ဘာလို့ သာမန်ပဲ ဖြစ်ရမှာလဲကွ ...
သို့သော် သူကိုယ်တိုင်လည်း မရေမရာ ဖြစ်နေဆဲပင်။ သူ၏ အဖော်သားရဲမှာ မြေခွေးဖြစ်ကာ သူ့ကလေး၏ မိခင်ဖြစ်သူသည် ဝံပုလွေတစ်ကောင်ကို အဖော်သားရဲအဖြစ် ပိုင်ဆိုင်ထားပေသည်။
ဒါကို ဘာလို့ ငါတို့သားရဲ့ အဖော်သားရဲကကျမှ ခွေးတစ်ကောင် ဖြစ်နေရတာလဲ ...
ဒါကလည်း သဘာဝ မကျတာတော့ မဟုတ်ပါဘူးလေ ...
အတိတ်ကာလ၌ မတူညီသော မျိုးနွယ်စုများ လက်ထပ်ခြင်းမှာ နည်းပါးလှသည့်အတွက် မျိုးစပ်အဖော်သားရဲကို ပိုင်ဆိုင်သည့် ကလေးအရေအတွက်လည်း ရှားပါးသည်။ သို့သော် ယခုမူ ...
လွန်ခဲ့သည့် နှစ်ရာပေါင်းများစွာက ဆင်တူသည့် အဖော်သားရဲပိုင်ရှင်အချင်းချင်း လက်ထပ်ခြင်းကိုသာ အများစုက သဘောကျကြသည်။ ထို့ကြောင့် .. ကလေး၏ အဖော်သားရဲမှာ မိဘတို့နှင့် ခပ်ဆင်ဆင် တူတတ်သည့်တိုင် .. ဘိုးဘေးတို့၏ အဖော်သားရဲပုံစံသို့ ရုတ်ချည်း သန္ဓေပြောင်းသွားခြင်းမျိုးကိုလည်း မြင်ဖူးကြားဖူးပေသည်။
သူနှင့် သူ့ဇနီး နှစ်ဦးလုံး၏ ဘိုးဘေးများတွင် ခွေးအဖော်သားရဲ ပိုင်ဆိုင်သူများနှင့် လက်ထပ်ဖူးသူများ ရှိကြသည့်အတွက် သူတို့ကလေး၏ အဖော်သားရဲမှာ ခွေးတစ်ကောင် ဖြစ်နေသည်မှာ အဆန်းတော့လည်း မဟုတ်ချေ။
ကလေး၏ မိခင်ဘက်မှ မိသားစုတွင် သူတို့မျိုးဆက်ထဲ၌ အသန်မာဆုံးသူသည် ဝံပုလွေပုံစံ ခွေးတစ်ကောင်ကို အဖော်သားရဲအဖြစ် ပိုင်ဆိုင်ထားသည်။
ဆိုတော့ သူ့သားရဲ့ အဖော်သားရဲကလည်း အရမ်းကို ကောင်းတယ်လို့ ပြောလို့ရပါတယ် မြေခွေးတစ်ကောင်လိုမျိုးလေ ...
များမကြာမီ တစ္ဆေဘုရင်က ရှဲ့ယွင်နန်ကို တပည့်အဖြစ် လက်ခံချင်နေကြောင်း စိုက်ခင်းတစ်ခုလုံး သိရှိသွားတော့၏။
သိပြီးသူတိုင်း၏ တုန့်ပြန်ပုံမှာ ထူးဆန်းလှသည်။
ရှဲ့ယွင်နန်ဆိုတာ ငယ်ငယ်လေးကတည်းက ဆင်ခြေဖုံးဒေသမှာ နေလာတဲ့ သာမန်သူလေ ဘာလို့ ဘော့စ်က ရုတ်တရက်ကြီး သူ့ကို မျက်စိကျသွားတာလဲ ...
ပြီးတော့ ဘော့စ်က တပည့်လက်ခံမယ်ဆိုတာကလည်း ဒါ ပထမဆုံးပဲနော် ...
ဒီ ရှဲ့ယွင်နန်မှာ တစ်ခုခု ထူးခြားတာများ ရှိနေလို့လား ...
အားလုံးမှာ ရှဲ့ယွင်နန်နှင့် ပတ်သက်၍ ပိုမိုသိလိုလာကာ ရှဲ့ယွင်နန်နှင့် ဆက်ဆံရေးအကောင်းဆုံးဟု ဆိုရမည့် ရှချင်သည် မေးခွန်းထုတ်လိုသူတို့၏ ပစ်မှတ် ဖြစ်လာတော့သည်။
ရှချင် "..."
ဟေး ငါနဲ့ ရှဲ့ယွင်နန်ကလည်း ဒီတိုင်း သူစိမ်းတွေပါပဲနော် ...
နောက်တစ်နေ့မနက် မိုးမလင်းခင်မှာပင် တစ္ဆေဘုရင်သည် ဟုန်ယဲ့တောအုပ်သို့သွား၍ ပဉ္စမအဆင့် တောဝက်ရိုင်းတစ်ကောင်ကို ဖမ်းလိုက်သည်။
တစ္ဆေဘုရင်သည် ဤလူသားကမ္ဘာ၌ အသန်မာဆုံးသူတစ်ဦးဟု ဆိုနိုင်လောက်သည့် နဝမအဆင့် တိုက်ခိုက်သူ ဖြစ်သည်။ အခြား နဝမအဆင့် တိုက်ခိုက်သူများမှာ ဟုန်ယဲ့မြို့တော်ရှိ အထက်တန်းလွှာအားလုံး၏ ရှေ့တွင် ရှိနေသည်။ ထိုသူတို့နှင့်မတူ သူကမူ ကိုယ်တိုင် အမဲလိုက် ထွက်နိုင်ပေသည်။
ဖမ်းမိပြီးနောက် ကိုယ်တိုင်ပင်လျှင် ချက်ပြုတ်လိုက်သေးသည်။
လက်အောက်ငယ်သားများမှာ ကြောင်အလွန်း၍ စကားပင် မပြောနိုင်တော့။
"ဘော့စ်က တပည့်တစ်ယောက်အပေါ်ကို အရမ်း ကောင်းပေးတာပဲလား ..."
"ငါလည်း ဘော့စ်ရဲ့ တပည့် ဖြစ်ချင်လိုက်တာ ..."
"ဒီအသားက တကယ်ကြီး မွှေးတာဟ ..."
"ဘော့စ်က အဲဒီ့ ရှဲ့ယွင်နန်ကို တကယ် မကြိုက်ဘူးလား ..."
ထိုသူများမှာ လွန်စွာ သိလိုစိတ် ပြင်းပြနေကြ၏။ ဝက်သားတစ်အိုးကြီး ချက်ကာ အကောင်းဆုံး အသားများကို ထုပ်ပိုး၍ ထွက်သွားသည်အထိ တစ္ဆေဘုရင်ကို မျက်တောင်မခတ်စတမ်း လိုက်ကြည့်နေကြသည်။
အသီးအရွက်တွေ ထည့်ထားတာက တစ်ဘူး ဝက်သား အပြည့်ထည့်ထားတာက နှစ်ဘူးတောင်ကွ ...
ရှဲ့ယွင်နန်က ဒီလောက်အများကြီး ကုန်ရောကုန်လို့လား ...
တစ္ဆေဘုရင်ကမူ ရှဲ့ယွင်နန် စား၍ကုန်နိုင် မကုန်နိုင်ကို မစဉ်းစားမိ။ သူ့ကို ရှာရန်သာ ထွက်သွားလိုက်သည်။
ဟုန်ယဲ့မြို့တော်တွင် နေထိုင်စဉ်က သူသည်လည်း နာမည်ကြီးသူတစ်ဦးပင်။ ထိုသူများနှင့် တိုက်ခိုက်ရန် မျက်နှာဖုံးစွပ်၍ တစ္ဆေဘုရင်အဖြစ် ပြောင်းလဲပြီးသည့်နောက်ပိုင်း သူ့မျက်နှာကို ဖုံးကွယ်ထားခဲ့ရတော့သည်။
အရေပြားအတုကို ဝတ်ထားခြင်းထက် မျက်နှာဖုံးတပ်ရခြင်းက ပိုပြီး သက်တောင့်သက်သာ ရှိသော်ငြား မျက်နှာဖုံးတပ်ထားရင်း လျှောက်သွားနေ၍ မရပေ။ အခြားမျက်နှာဖုံးတစ်ခုကို ပြောင်းလဲတပ်ဆင်သည့်တိုင် အလွယ်တကူ အာရုံစိုက်ခံရနိုင်ပေသည်။
ထို့ကြောင့် မျက်နှာပုံစံအချို့ကို အထူးတလည် ပြင်ဆင်ခဲ့၏။ ဥပမာအားဖြင့် တစ်မျက်နှာလုံး အမာရွတ်များဖြင့် ပြည့်နှက်နေသည့် မျက်နှာ၊ သို့မဟုတ် မွေးရာပါ အမှတ်များဖြင့် အပြည့်ဖုံးလွှမ်းနေသည့် မျက်နှာ ... အချို့သော မျက်နှာများမှာ လွန်စွာ စက်ဆုပ်ဖွယ် ကောင်းလှကာ ထိုမျက်နှာများနှင့် နှိုင်းယှဉ်ပါလျှင် လက်ရှိမျက်နှာမှာ အခြေအနေ မဆိုးလှချေ။
ထိုနေ့တွင်ပင် ရှဲ့ယွင်နန်က သွမ့်ချန်ချင်းကို မနက်အစောကတည်းက ကားပြင်နည်းများ သင်ပေးနေသည်။
ကားပြင်ဆင်ခြင်းကဲ့သို့သော ပညာရပ်မျိုးမှာ လက်တွေ့ လုပ်လေလေ ပိုပြီး သင်ယူနိုင်လေဖြစ်သည်။ သို့သော် သူက သွမ့်ချန်ချင်းအား ညစ်ပတ်ပေရေမည့် အလုပ်များဖြင့် အစပျိုးစေရမည်ကိုလည်း မလိုလားပေ။
ထို့အပြင် ကားပြင်ဆင်ခြင်းမှာ ခွန်အားများစွာလည်း လိုအပ်သေးသည်။
သွမ့်ချန်ချင်းက ဘယ်နားမှာ အားရှိလို့လဲ ...
သူက သွမ့်ချန်ချင်းကို ရှင်းပြကာ ရှောင်ပိုင်ကို ပွေ့ထားလျက် သူ့ဘေးတွင်သာ ရပ်စေလိုက်သည်။
သူက သွမ့်ချန်ချင်း၏ သရုပ်မှန်တွင် ပြဿနာတစ်ခုခု ရှိနေမည်ကို စိုးရိမ်နေကာ သွမ့်ချန်ချင်းကလည်း မူလကိုယ်နှင့် ပတ်သက်၍ တစ်စုံတစ်ခုကိုမှ သိမထားသည့်အတွက် နှစ်ဦးလုံးမှာ လွန်စွာ ဂရုတစိုက် ရှိနေကြသည်။ အကြောင်းတစ်စုံတစ်ရာ မရှိပါလျှင် သွမ့်ချန်ချင်း၏ အဖော်သားရဲကို လူရှေ့ ထုတ်မပြမိစေရန်ပါ ကြိုးစားလိုက်ကြ၏။
အတိတ်က ရှဲ့ယွင်နန်သည် ရှောင်ပိုင် လှည့်ပတ်ပြေးလွှားသည့်အခါ အမွေးများ ပေကျံလာမည်ကို စိုးရိမ်သဖြင့် အောက်ထပ်သို့ ဆင်းခွင့် မပြုခဲ့။ ယခုမူ ...
တစ်နေကုန် လှည့်ပတ်ပြေးလွှားနေတတ်သည့် ရှောင်ပိုင်မှာ သွမ့်ချန်ချင်း၏ ရင်ခွင်ထဲတွင် နာနာခံခံဖြင့် ရှိနေကာ မြေပေါ်ဆင်းရန်ပင် စိတ်မကူးတော့ချေ။
ရှဲ့ယွင်နန်လည်း စိတ်အေးသွားကာ သွမ့်ချန်ချင်းအား ရှောင်ပိုင်ကို ဆက်ချီထားခွင့် ပြုလိုက်သည်။
"ကိုယ် ပြောသွားတာတွေကို မှတ်မိလား ..."
သူက သွမ့်ချန်ချင်းကို မေးလိုက်သည်။
"အကုန်လုံး မှတ်မိပါတယ် ..."
သွမ့်ချန်ချင်းက အလေးအနက် ပြောလိုက်သည်။
အမှန်အတိုင်း ပြောရပါလျှင် ကားပြင်သည့်ပညာကို လေ့လာခြင်းမှာ သူ့အတွက် မခဲယဉ်းလှ။
ပျက်စီးနေသည့်ကားကို သူထံ ယူလာပေးကာ ၎င်းကို ကြည့်လိုက်သည်နှင့်တစ်ပြိုင်နက် ပျက်စီးနေသည့်နေရာကို တစ်ခဏချင်း တွေ့နိုင်ပေသည်။
ထို့ကြောင့် သူ အမှန်တကယ် သင်ယူရန် လိုအပ်နေသည်မှာ ပြုပြင်ပုံပြုပြင်နည်းသာ ဖြစ်သည်။
၎င်းမှာလည်း သင်ယူရန် လွယ်ကူလှ၏။ သူ့အနေဖြင့် အားကုန်ထုတ်ကာ ကြိုးပမ်းနေရန်ပင် မလို။ ရှဲ့ယွင်နန် ပြင်ပြသွားသည်များကို ရပ်ကြည့်ရင်းပင် သင်ယူနိုင်ပေသည်။
သူက ပြောလိုက်သည်။
"ယွင်နန် ခင်ဗျားက ကားပြင်ဖို့ပဲ လိုတာပါ ကျွန်တော် ဘေးကနေ ကြည့်နေလိုက်မယ် ..."
"ကောင်းပြီလေ ..."
ရှဲ့ယွင်နန်က ပြုံးပြလိုက်သည်။
သွမ့်ချန်ချင်းမှာ ဉာဏ်ကောင်းလှသည့်အပြင် သူ၏ သင်ယူနိုင်စွမ်းမှာလည်း လွန်စွာ မြန်ဆန်လှ၏။ ဂရုတစိုက် သင်ပြပေးခြင်း မရှိသည့်တိုင် အမျိုးမျိုးသော ပညာရပ်များကို သူကိုယ်တိုင် လေ့လာခြင်းဖြင့် တတ်မြောက်နိုင်ပေသည်။
တစ်ယောက်ကာ ကားပြင်ကာ ကျန်တစ်ယောက်က ရပ်ကြည့်နေရင်း နှစ်ဦးသား လွန်စွာ သဟဇာတ ဖြစ်နေကြ၏။ ထိုစဉ် ယမန်နေ့က ရှချင် မောင်းလာသည့် ကုန်တင်ကား သူတို့ဆိုင်ရှေ့သို့ ရောက်လာပြန်သည်။
ရှဲ့ယွင်နန်က အပြင်သို့ ကြည့်လိုက်သည့်အခါ ကားမောင်းသူ နေရာမှ ဆင်းလာသူမှာ ထိုညက သူ ကယ်ခဲ့သူဖြစ်ကြောင်း တွေ့လိုက်ရသည်။
အဲဒီ့ညက သူ့ပုံစံကို ကြည့်ရတာ တော်တော်လေး အားနည်းနေတဲ့ ပုံစံကို ပြန်သက်သာဖို့ကို နှစ်ရက်တောင် အချိန်မယူရဘူးပေါ့ ...
"မင်းနာမည်က ရှဲ့ယွင်နန်လား .. ငါ ယွင်နန်လို့ပဲ ခေါ်မယ်နော် .. ယွင်နန် ငါ့ကို ကယ်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ် ..."
မနေ့က သူ့ကို ကျေးဇူးတင်ရန် ရောက်လာသူများကြောင့် ရှဲ့ယွင်နန်မှာ ယခင်ကထက် ပိုမို လက်ခံနိုင်နေပြီဖြစ်သည်။ ယနေ့တွင်ပါ ထပ်ရောက်လာသည့်အခါ အနည်းငယ် ရှက်မိလာတော့၏။
"ကျွန်တော်က ဘာမှ လုပ်ပေးခဲ့တာမှ မဟုတ်တာ ဒါမျိုး လုပ်ဖို့ မလိုပါဘူး ..."
"မင်းက လူ့အသက်ကို ကယ်ခဲ့တာလေ ..."
"မင်းသာ မကယ်ခဲ့ရင် မတော်တဆ ထပ်ဖြစ်မလားတောင် မသိဘူး ..."
"ငါ အပြင်ဘက်မှာ လဲကျနေတုန်းက တော်တော်လေး နေရခက်ခဲ့တာ ..."
တစ္ဆေဘုရင်က ပြောလိုက်သည်။
ဒါလည်း ဟုတ်သားပဲ ...
ရှဲ့ယွင်နန်က တစ်ခုခုပြောမည် ပြုစဉ်မှာပင် တစ္ဆေဘုရင်က ကားပေါ်မှ သံပုံးနှစ်ပုံးကို ယူလိုက်သည်။
"ဒီနေ့ ငါတို့တွေ စိုက်ခင်းထဲမှာ အသားနှပ် လုပ်စားကြတာလေ အဲဒါ မင်းအတွက်လည်း နည်းနည်းလောက် ယူလာပေးတာ ..."
ဒီသံပုံးနှစ်ပုံးက အတော်လေး ကြီးတဲ့ဟာကို ဒီလိုပုံးကြီးနှစ်ပုံးနဲ့အပြည့် အသားတွေ ထည့်လာတာကို နည်းနည်းလောက်လို့ ပြောလို့ ရပါ့မလား ...
"ကျွန်တော် ဒီလောက် အများကြီး မစားနိုင် ..."
ရှဲ့ယွင်နန်က အခြားသူတစ်ဦး၏ စားစရာကို လက်ခံရန် အခက်တွေ့နေသည်။
"များများစား အသားများများစားတာက မင်းခန္ဓာကိုယ်အတွက် ကောင်းတယ် ..."
တစ္ဆေဘုရင်က ပြောလိုက်သည်။
"အသားလေး နည်းနည်းပါးပါးပဲဟာကို ငါ့အသက်က ဒီအသားတွေလောက်တောင် တန်ကြေးမရှိဘူးလို့ ပြောချင်တာလား ..."
"ဒါ ..."
"ငါဆို တစ်ယောက်တည်းနဲ့တင် သုံးပုံတစ်ပုံလောက် ကုန်အောင် စားနိုင်တယ် ..."
သုံးပုံတစ်ပုံကြီးတောင် ..
ရှဲ့ယွင်နန်က အံ့ဩသွားရသည်။
တစ္ဆေဘုရင်က ထပ်ပြောလိုက်ပြန်သည်။
"ငါက စတုတ္ထအဆင့် တိုက်ခိုက်သူလေ ပြီးတော့ အစာချက်အားကလည်း အတော်လေး ကောင်းတယ် ..."
သူက စတုတ္ထအဆင့် တိုက်ခိုက်သူ ဖြစ်နေတာကို မထူးဆန်းတော့ပါဘူးလေ ...
ရှဲ့ယွင်နန်က တစ်ဖက်သူကို အားကျမှု အပြည့်ဖြင့် ကြည့်လိုက်သည်။
သူသည် အမြဲလိုလို တိုက်ခိုက်ရေးသမားတစ်ဦး ဖြစ်လာရန် စိတ်ကူးယဉ်ခဲ့သူ ဖြစ်သည်။ သို့သော် ကံမကောင်းအကြောင်းမလှစွာဖြင့် သူ့အဖော်သားရဲမှာ လွန်စွာ အားနည်းနေရာ ...
စတုတ္ထအဆင့် တိုက်ခိုက်သူဟု သိရှိပြီးနောက် ရှဲ့ယွင်နန်၏ တစ္ဆေဘုရင်အပေါ် သဘောထားမှာ ပိုပြီး ကောင်းမွန်လာတော့သည်။
တစ္ဆေဘုရင်က ဆက်လက်ပြီး စကားစမြည် ပြောနေလိုက်၏။ သူက စိုက်ခင်းထဲတွင် အထွက်နှုန်းကောင်းသည့် အာလူးမျိုးများကို စိုက်ပျိုးကာ အနီးဝန်းကျင်တွင် နေထိုင်သူများအား ရောင်းချရန် ကြံစည်နေကြောင်း အစရှိသည့် အကြောင်းအရာများကိုပါ ထုတ်ပြောခဲ့သည်။
ယခင် စိုက်ခင်းပိုင်ရှင်သည် အချို့သော အစားအသောက်စက်ရုံများနှင့် စာချုပ်ချုပ်ထားခဲ့သော်လည်း သူကမူ ယခုအချိန်တွင် လူတိုင်း ကြပ်တည်းနေကြောင်း သိရသဖြင့် ထိုစာချုပ်ကို ဖျက်ကာ ရရှိလာသည့် သီးနှံတို့အား အနီးအနားတွင် နေထိုင်သူများကို ရောင်းချခဲ့ကြောင်းကိုလည်း ပြောခဲ့သေး၏။
ရှဲ့ယွင်နန်က လေးစားအားကျစွာဖြင့် နားထောင်နေလိုက်သည်။
သားဖြစ်သူ ပျော်ရွှင်နေသည်ကို တွေ့ရသည့်အခါ တစ္ဆေဘုရင်က ပို၍ပင် အားတက်သရော ဆက်ပြောတော့သည်။
ရှောင်ပိုင်၏ ဘေးတွင် ထိုင်နေသည့် သွမ့်ချန်ချင်း၏ မျက်လုံးတို့ မှေးကျဉ်းလာကာ ရင်ထဲတွင်လည်း အချက်ပြသံများ ဆူညံလာသည်။
သူ့ရှေ့မှာ ရှိနေတဲ့သူ ... ဒီလူကို သိနေသလိုပဲ ...
အဲဒီ့လူရဲ့ ခန္ဓာကိုယ်ပေါ်ကနေ အမြီးကိုးချောင်းမြေခွေးရဲ့ အနံ့ကို တော်တော်လေးကို ရနေတယ် .. သူက ဒီရက်ပိုင်း လိုက်လိုက်ချောင်းနေတဲ့ မြေခွေးထီး မဟုတ်လား ...
ရှဲ့ယွင်နန် ကယ်ခဲ့တယ်ဆိုတဲ့ လူက လက်စသတ်တော့ သူ ဖြစ်နေတာကိုး ...
ထို့နောက် သူ ကြုံခဲ့ရသည်ကိုပါ ရုတ်တရက် သတိရသွားသည်။
အိမ်ပြန်တဲ့လမ်းမှာ လဲကျနေတဲ့သူ .. အဲဒီ့တုန်းက ဒီလူက သူ့ကို ကယ်ပေးစေချင်နေတာများလား ...;
ဘာလို့ မြေခွေးကောင်က ငါတို့ကို ချဉ်းကပ်လာရတာလဲ ...
ငါ့ကိုလား ဒါမှမဟုတ် ရှဲ့ယွင်နန်ကိုလား ...
အတွေးအမျိုးမျိုး ဖြတ်သန်းသွားပြီးနောက် သူသည် တစ္ဆေဘုရင်နှင့် အကြည့်ချင်း ဆုံလိုက်မိတော့သည်။
တစ္ဆေဘုရင်သည် သားဖြစ်သူနှင့် စကားလက်ဆုံ ကျပြီး အတော်ကြာကာမှ သားမက်ကို အကဲခတ်ရန် သတိပြုမိသွားတော့သည်။
အကြည့်တစ်ချက်တည်းနဲ့တင်ကို မပျော်မရွှင် ဖြစ်သွားပြီ ...
အားနည်းလိုက်တာများနော် ...
လက်မောင်းတွေ ခြေထောက်တွေ ဆိုတာကလည်း ပိန်လိုက်တာမှ လွန်လို့ ကြည့်ရသလောက်ဆို အဖော်သားရဲကလည်း အားနည်းမယ့်ပုံပဲ ...
ဒါတင်မကဘူး ယဉ်ကျေးမှုလည်း မရှိဘူး ငါ ထိုင်နေတာတောင်မှ ထလာပြီး နှုတ်ဆက်ရကောင်းမှန်း မသိ ...
ပြီးတော့ .. မိတ်ကပ်တွေကလည်း လိမ်းထားလိုက်သေးတယ် ...
တစ္ဆေဘုရင်သည် အမြဲလိုလို ပျော့ညံ့သည့် ယောကျာ်းများကို မုန်းတီးခဲ့သူဖြစ်ရာ ဤကဲ့သို့သော လူစားမျိုးက သားဖြစ်သူ၏ လက်တွဲဖော် ဖြစ်နေသည့်အခါ အလွန် နေရထိုင်ရခက်လာတော့သည်။
သားလေးက ဒီ့ထက်ပိုကောင်းတဲ့သူနဲ့ တွေ့သင့်တာကို ...
ဒါမှမဟုတ် သူ့ငယ်သားတွေထဲကနေ သွမ့်ချန်ချင်းထက် သာတဲ့ ယောကျာ်းလေးတွေကို ရွေးထုတ်ပေးလို့ ရသားပဲ ...
မိန်းကလေးတွေကို လက်ခံနိုင်တယ်ဆိုရင် ... ငါ့လက်အောက်မှာလည်း မိန်းကလေးတွေ ရှိတော့ရှိပေမယ့် .. သူ့အမေလက်ထဲမှာဆို မိန်းကလေးတွေ ပိုများလောက်တယ် ... ငါ့သားနဲ့ ကြင်ဖက်တွေ့ဖို့ ခွန်အားရော အလှတရားရော ပိုင်ဆိုင်ထားတဲ့ မိန်းကလေးတွေ လိုအပ်တာထက်တောင် ပိုပြီး အများကြီး ရှိနေသေးတယ် ...
ဒါပေမယ့် သားလေးက သူ့ကို တကယ်ကို သဘောကျနေတာ .. သူ့အဖော်သားရဲကတောင် အဲဒီ့တစ်ယောက် ရင်ခွင်ထဲက မထွက်ဘူး ...
တစ္ဆေဘုရင်က သွမ့်ချန်ချင်းကို မကျေမချမ်းဖြစ်သည့် အကြည့်တစ်ချက် ပို့လွှတ်လိုက်သည်။ သို့သော် သူ့အနေဖြင့် စိတ်တိုင်းမကျသည့်တိုင် စကားတစ်ခွန်းမှ မပြောနိုင်။ တစ်ဖက်သို့ လှည့်ကာ ရှဲ့ယွင်နန်နှင့်သာ စကားဆက်ပြောနေလိုက်ရသည်။
"ငါတို့နှစ်ယောက်က တကယ်ကို ရေစက်ပါတာပဲနော် ငါ့မျိုးရိုးနာမည်ကလည်း ရှဲ့ပဲ နာမည်က ရှဲ့ချင်လေ ..."
သူ့မျိုးရိုးနာမည်အစစ်မှာ ရှဲ့မဟုတ်။ သို့သော် သားဖြစ်သူ၏ မျိုးရိုးအတိုင်း လိုက်ပြောင်းရ၍လည်း ကိစ္စမရှိချေ။
ဘာပဲဖြစ်ဖြစ် သူ့သားအရင်းပဲဟာကို ...
"ဒီလောက်တောင် တိုက်ဆိုင်တယ်လား ..."
"ဟုတ်ပါ့နော် .. ဒါနဲ့ ငါက ဒီကို ရောက်တာ မကြာသေးတော့ သိတဲ့သူ သိပ်မရှိသေးဘူး မင်းဆီကို မကြာခဏ လာလည်ပြီး စကားပြောလို့ ရမလား ..."
တစ္ဆေဘုရင်က မေးလိုက်သည်။
"ရတာပေါ့ ..."
ရှဲ့ယွင်နန်က သဘောတူလိုက်သည်။
ရှဲ့ယွင်နန်သည် တစ္ဆေဘုရင်နှင့် ပတ်သက်၍ အနည်းငယ် သတိကြီးနေဆဲ ဖြစ်သည့်တိုင် ရင်းရင်းနှီးနှီး ပြောဆိုဆက်ဆံပြီးနောက်ပိုင်းတွင် ထိုသူသည် ကြင်နာတတ်သည့် လူကောင်းတစ်ဦး ဖြစ်ရမည်ဟု ခံစားမိလာ၏။
စကားပြောနေရင်း နောက်ဆုံးတွင် တစ္ဆေဘုရင်သည် တိုက်ခိုက်သူ ဖြစ်လာရေး ခေါင်းစဉ်ကို အစထုတ်လာတော့သည်။
"မင်း တိုက်ခိုက်သူ ဖြစ်ချင်လား တကယ်လို့ ဖြစ်ချင်ရင် ငါ့ကို ဆရာတင်လိုက် မင်းကို သင်ပေးမယ် ..."
ကယ်တင်ရှင်ဆိုတဲ့ နာမည်က မလုံလောက်သေးဘူး ...
သားလေးက အရမ်း သတိကြီးလွန်းတယ် အဲဒီ့နေ့က ဖုန်းလေးတစ်ချက်ပဲ ဆက်ပေးခဲ့တဲ့ဟာကို လက်ဆောင်တွေ ဆက်တိုက် ပို့ပေးနေရင် သူ ကြောက်သွားပြီး လက်ခံဖို့ ငြင်းတော့မှာ သေချာတယ် ...
ဆရာတပည့် ဖြစ်သွားရင်တော့ အကောင်းဆုံးပေါ့ ...
"ကျွန်တော်လည်း တိုက်ခိုက်သူ ဖြစ်နိုင်တယ်လား ..."
သူ့အဖော်သားရဲ
က တိုက်ခိုက်ရေးစွမ်းအင် နည်းနည်းလေးပဲ ရှိတဲ့ ခွေးတစ်ကောင်လေ သူလည်း တိုက်ခိုက်သူ ဖြစ်နိုင်တယ်လား ...
ရှောင်ပိုင်ကဖြင့် အရွယ်တောင် ရောက်သေးတာမှ မဟုတ်တာ ...
နေပါဦး .. ရှောင်ပိုင် အရွယ်မရောက်သေးဘူးဆိုမှ ...
ဘာလို့ ရှောင်ပိုင်က နည်းနည်းလေး ကြီးပြင်းလာပြီလို့ ထင်နေမိတာပါလိမ့် ...