အပိုင်း ၂၈
Viewers 7k

Chapter 28




ရှဲ့ယွင်နန်က ရှောင်ပိုင် အနည်းငယ် အသက်ကြီးလာသည်ဟု မသိမသာ ခံစားလိုက်မိသော်ငြား ထိုအကြောင်း များစွာ မစဉ်းစားမိခဲ့။ ထိုအချိန်တွင် သူ၏ အာရုံစိုက်မှုအားလုံး တစ္ဆေဘုရင်ထံတွင်သာ ရှိနေသည်။ 


တိုက်ခိုက်သူများကို အဖော်သားရဲ၏ ခွန်အားအပေါ် အခြေခံ၍ အဓိကအားဖြင့် အဆင့်ဆယ်ဆင့် ပိုင်းခြားထားသည်။ 


အားကောင်းသည့် အဖော်သားရဲကို ပိုင်ဆိုင်ထားသူများမှာ ငယ်ရွယ်စဉ်က များစွာ မလေ့ကျင့်ဖူးသည့်တိုင်၊ အံ့ဖွယ်သားရဲတို့၏ အသားကို မစားဖူး၊ ထူးခြားဆေးပင်တို့ကို မစားဖူးသည့်တိုင် သူတို့ အဖော်သားရဲ၏ တိုက်ခိုက်ရေးစွမ်းရည်ကို လျော့တွက်ထား၍ မရပေ။ ကြီးပြင်းလာသည်နှင့် တစ်ပြိုင်နက် အဆင့်နိမ့်တိုက်ခိုက်သူအဖြစ်သို့ တစ်မဟုတ်ချင်း ရောက်ရှိနိုင်ပေသည်။ 


ငယ်စဉ်ကတည်းက အံ့ဖွယ်သားရဲအသားနှင့် ဆေးပင်တို့ကို စားခဲ့ရပါလျှင် အသက်ငယ်စဉ်ကတည်းကပင် အလယ်အလတ်အဆင့်သို့ ရောက်ရှိနိုင်ပေသည်။ ထိုအရည်အချင်းကို ဆက်လက်ထိန်းသိမ်းပြီး တိုးတက်စေကာ အံ့ဖွယ်သားရဲအသားနှင့် အပင်တို့ကိုလည်း အဆက်မပြတ် စားနေပါလျှင် အဆင့်မြင့် တိုက်ခိုက်သူအဖြစ်သို့ပင် ရောက်ရှိနိုင်ချေ များပေသည်။ 


လျောင်မုယဲ့မှာလည်း ထိုအုပ်စုထဲမှ တစ်ဦးအပါအဝင်ဖြစ်သည်။ သူသည် အသက်နှစ်ဆယ်ဝန်းကျင်သာ ရှိသေးသော်လည်း စတုတ္ထအဆင့် တိုက်ခိုက်သူ ဖြစ်နှင့်နေပြီ ဖြစ်သည်။ ပဉ္စမအဆင့်သို့ပင် ရောက်လုရောက်ခင် ဖြစ်နေကာ အနာဂတ်တွင် အဆင့်မြင့်တိုက်ခိုက်သူ ဖြစ်လာနိုင်သည်ဟုပင် လူပြောများနေ၏။ 


ဟုန်ယဲ့မြို့တော်တွင် နေထိုင်သူတစ်ဦးသည် အဆင့်မြင့် တိုက်ခိုက်သူများအနက် အားအနည်းဆုံးဟု ခေါ်ရလောက်သည့် သတ္တမအဆင့် တိုက်ခိုက်သူ ဖြစ်လာလျှင်ပင် မြို့တော်ထဲ၌မူ ထိပ်သီးအဆင့် ကျွမ်းကျင်သူ ဖြစ်နေပြီဖြစ်သည်။ 


အပြန်အလှန်အားဖြင့် အားနည်းသည့် အဖော်သားရဲကို ပိုင်ဆိုင်ထားသူများမှာမူ တိုက်ခိုက်သူ ဖြစ်လာရန် ခဲယဉ်းလှပေသည်။ 


မိသားစုကြီးများတွင် မွေးလာကာ ကလေးဘဝကတည်းက ခန္ဓာကိုယ်ကို ဖြည့်တင်းပေးနိုင်သည့် အထောက်အပံ့ကောင်းများ လုံ‌လုံလောက်လောက် ရထားသည့်တိုင် အင်အားကြီးအဖော်သားရဲကို ပိုင်ဆိုင်ထားသူများနှင့် အဆင့်တူ ဖြစ်နိုင်ရန် ခက်ခဲလှသည်။ 


ဥပမာအားဖြင့် လျောင်ရှင်းယွမ်၏ အဖော်သားရဲမှာ ဒေါင်းတစ်ကောင်ဖြစ်သည်။ သူ မည်မျှပင် ခက်ခက်ခဲခဲ ကြိုးစားပါစေ လျောင်မုယဲ့က သူ့ကျားကို ထုတ်သုံးလာသည်နှင့် တစ်ပြိုင်နက် ဇာတ်သိမ်းရမည်ဖြစ်သည်။ 


ရှဲ့ယွင်နန်သည် တိုက်ခိုက်သူတစ်ဦး ဖြစ်လိုခဲ့သည့်တိုင် သူ့တွင် အခွင့်အရေး မရှိဟုသာ အမြဲ ခံယူထားခဲ့သည်။ 


"မင်းက သေချာပေါက် သန်မာလာမယ်လို့ ယုံကြည်တယ် ..." 


တစ္ဆေဘုရင်က ပြောလိုက်သည်။ 


သူက အနည်းငယ် နှမြောစရာ ကောင်းသည်ဟုသာ တွေးနေခြင်းဖြစ်သည်။ 


အင်အားကြီး တိုက်ခိုက်သူတစ်ဦး ဖြစ်လာရန် အစောပိုင်းနှစ်များကတည်းက အခြေခံအုတ်မြစ်ချထားနိုင်လျှင် အကောင်းဆုံးဖြစ်သည်။ သို့သော် ရှဲ့ယွင်နန်ကမူ ... အကောင်းဆုံးသော နှစ်နှစ်ဆယ်ကို ဆုံးရှုံးခဲ့ရသည်။ 


ထို့ကြောင့် သူ့အဖို့ အနာဂတ်တွင် သန်မာလာနိုင်ရန်မှာ လွယ်ကူမည် မဟုတ်ချေ။ 


သိူ့သော် ပါရမီကို ဘေးဖယ်ထားပါလျှင် သူ ပြင်းပြင်းထန်ထန် ကြိုးစားနေသရွေ့ အလယ်အလတ်အဆင့် တိုက်ခိုက်သူ ဖြစ်လာရန် ပြဿနာမရှိပေ။ သူသာ အပတ်တကုတ် ကြိုးစားပါလျှင် စီနီယာတိုက်ခိုက်သူပင် ဖြစ်လာနိုင်သည်။ 


တစ္ဆေဘုရင်သည် ရှဲ့ယွင်နန်ကို အမှန်တကယ်ပင် အသိအမှတ် ပြုလိုနေသည်။ သို့မှသာ သူ့ကို အမျိုးမျိုးသော အထောက်အပံ့များအား သံသယအဝင်မခံရဘဲ ပေးနိုင်မည်ဖြစ်သည်။ 


သို့သော် သူသည် အလိုရှိ ရာဇဝတ်ကောင်တစ်ဦး ဖြစ်နေ၏။ သိပ်မကြာခင်က မြင့်မြတ်သည့် မြို့တော်တွင် မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ကာ ထိုအထဲတွင် သူလည်း ပါဝင်ခဲ့သည်။ အခြေအနေအားလုံး တည်ငြိမ်သွားပါလျှင် .. သူ့ကို ပြဿနာ လာရှာမည့်သူများ အများအပြား ရှိနေပေမည်။ 


ထိုကဲ့သို့သော အခြေအနေမျိုးတွင် သူ့သရုပ်မှန်ကို ဖုံးကွယ်ထားခြင်းမှာ ရှဲ့ယွင်နန်နှင့် မသက်ဆိုင်လို၍ပင်။ သို့မဟုတ်ပါက ရှဲ့ယွင်နန်ဆီ ပြဿနာ တစ်သီတစ်တန်းကြီး ရောက်လာနိုင်ပေသည်။ 


ယခုလက်ရှိ ရှဲ့ယွင်နန်တွင် သူ့ကိုယ်သူ ကာကွယ်နိုင်မည့် ခွန်အားပင် မရှိသေးရာ သူ့ကို အများအပြား သိခွင့်ပေးထား၍လည်း ကောင်းလာမည် မဟုတ်ချေ။ 


ရှဲ့ယွင်နန်က သူ့ကို အသိအမှတ်ပြုမည့်အစား မိခင်ဖြစ်သူအား အသိအမှတ် ပြုရန်ကိုသာ ပိုပြီး လိုလားသည်။ 


သူမက ဟုန်ယဲ့မြို့တော်မှာ အရမ်း အရမ်းကို အင်အားကြီးတာလေ ... 


ပြီးတော့ အရေးအကြီးဆုံးအချက်က .. သူ(တေစ္ဆဘုရင်)က သိပ်မကြာခင်မှာပဲ သေတော့မှာလား မသိဘူး ... 


နှစ်ပေါင်းများစွာကြာ အမျိုးမျိုးသော လူများ၊ အံ့ဖွယ်သားရဲများနှင့် တိုက်ခိုက်ခဲ့သည့်အတွက် သူ့တွင်လည်း ဒဏ်ရာများစွာ ရှိနေခဲ့သည်။ သူ့အဖော်သားရဲမှာ အင်အားကြီးကာ အရည်အချင်းနှင့် ပါရမီလည်း ရှိသည့်တိုင် တစ်နည်းတစ်ဖုံ သာမန်ဖြစ်နေဆဲ ဖြစ်သည့်အတွက် မတော်တဆ ဒဏ်ရာ ရခဲ့ပေသည်။ 


ထိုကဲ့သို့သော ပြဿနာများက တိုက်ခိုက်သူ၏ သက်တမ်းကို ပိုမိုဆုတ်ယုတ်စေ၏။ အထူးသဖြင့် တိုက်ပွဲတွင် မကြာခဏ ဒဏ်ရာရသူများမှာ ထိုကဲ့သို့သော ပြဿနာမျိုးနှင့် ကြုံတွေ့နိုင်ချေ ပိုများပေသည်။ 


ထိုဒဏ်ရာမျိုးကို ဆေးရုံတွင် မကုသနိုင်။ ယဇ်ဆရာကသာ ကုသပေးနိုင်သည်။


ဤကုန်းမြေတွင် စတင်အခြေချကာ မျိုးနွယ်စုများအဖြစ် ပေါင်းစုဖွဲ့စည်း နေထိုင်စဉ်မှစကာ လူတိုင်းသည် ယဇ်ဆရာကို ရိုသေလေးစားခဲ့သည်။ 


၎င်းမှာ အခြားသော အကြောင်းပြချက်ကြောင့် မဟုတ်။ အင်အားကြီး တိုက်ခိုက်သူများမှာ သူတို့ကို ကုသနိုင်မည့် ယဇ်ဆရာကို လိုအပ်၍ ဖြစ်သည်။ 


နောက်ပိုင်းတွင် ကမ္ညာလောကတစ်ခုလုံး ပြောင်းလဲသွားတော့၏။ အင်အားကြီး တိုက်ခိုက်သူများက သူတို့၏ အသက်များမှာ ယဇ်ဆရာကို မှီခိုနေရသည့်အတွက် ထိုသူတို့ကို ပြန်ပေးဆွဲကာ ထိန်းချုပ်ထားသည့် ကိစ္စရပ်များ ရှိနေဆဲ ဖြစ်သည့်တိုင် တိုက်ခိုက်သူ အများစုကမူ ယဇ်ဆရာများကို အရှုံးပေးကာ ညှိနှိုင်းမှုများ ပြုလုပ်လာကြသည်။ 


အကြောင်းမှာ အင်အားကြီး ယဇ်ဆရာအချို့မှာ လွန်စွာ သန်မာပြီး သူတို့၏ တိုက်ခိုက်ရေးစွမ်းရည်မှာလည်း နဝမအဆင့် တိုက်ခိုက်ရေးသမားထက်ပင် များစွာ သာလွန်နေ၍ ဖြစ်သည်။ ဒဿမအဆင့် တိုက်ခိုက်ရေးသမားသာလျှင် သူတို့ကို လက်ရည်ချင်း ယှဉ်နိုင်ပေသည်။ 


ယဇ်ဆရာတို့၏ ခွန်အားမှာ မှန်းဆ၍ မရနိုင်လောက်အောင်ပင် နက်နဲလွန်းလှသည်။ 


သို့သော် မျက်မှောက်ခေတ် ယဇ်ဆရာအများစုမှာ များစွာ ညံ့ဖျင်းကာ လိုအပ်သည့် ခွန်အားကို ထုတ်သုံးနိုင်ခြင်း မရှိ။ 


ယခုအချိန်၌ မြင့်မြတ်သည့် မြို့တော်တွင် ယဇ်ဆရာ ရာဂဏန်းမျှသာ ကျန်ရစ်တော့သည်။ ထို့အပြင် သူကလည်း ယဇ်ဆရာတစ်ဦးကို သတ်ခဲ့မိသေးသည်။ 


ထို့ကြောင့် မည်သူကမှ သူ့ကို ကုသပေးမည် မဟုတ်။ သေမည့်အချိန်ကို ထိုင်စောင့်နေရန်သာ ရှိ‌တော့သည်။ 


သူမှာ သေတော့မည့်သူ ဖြစ်ရာ သားဖြစ်သူ၏ အသိအမှတ်ပြုခြင်းကို ရခြင်း မရခြင်းမှာ အရေးမပါတော့ချေ။ သို့သော် ခံစားချက်တို့မှာမူ မသက်မသာ ဖြစ်နေတော့၏။ 


တစ္ဆေဘုရင်က ရှဲ့ယွင်နန်ကို နူးညံ့စွာ စိုက်ကြည့်ပြီး ပြောလိုက်သည်။ 


"မင်းသာ တိုက်ခိုက်သူ ဖြစ်ချင်ရင် ပါရမီကလည်း အရေးကြီးတာပေါ့ ဒါပေမယ့် အားထုတ်ကြိုးပမ်းမှုကလည်း မရှိမဖြစ်ကို လိုအပ်တယ် လူတစ်ယောက်က လုံလောက်တာထက်ပိုပြီး ခက်ခက်ခဲခဲ ကြိုးစားမယ်ဆိုရင် ပါရမီဆိုတဲ့ အဟန့်အတားကိုပါ ကျော်လွှားနိုင်တယ် ..." 


သူ့စကားများမှာ မုသားမဟုတ်၊ ထိုအတိုင်း လိုက်လုပ်နိုင်သူ မရှိခြင်းသာ ဖြစ်သည်။ 


ရှဲ့ယွင်နန်မှာ စိတ်လှုပ်ရှားမိသွားကြောင်း ဝန်ခံရပေမည်။ 


ပြီးခဲ့သည့် တစ်လကျော်ခန့်ကသာ ဖြစ်ခဲ့ပါလျှင် သူ မည်မျှပင် တိုက်ခိုက်သူ ဖြစ်လိုပါစေ ‌ဤကဲ့သို့ ကြုံလာသည့်အခါ တုန့်ဆိုင်းမိမည်ဖြစ်သည်။ ၎င်းမှာ အလိမ်အညာဟုသာ ထင်မိပေလိမ့်မည်။ 


သို့သော် သူ ရထားသည့် အနာဂတ်မှတ်ဉာဏ်များအကြောင်း တွေးလိုက်မိသည့်အခါ ... သူ၏ တိုက်ခိုက်သူ ဖြစ်လိုသည့်စိတ်များ ပိုမိုတိုးများလာတော့သည်။ 


သူ့မှာသာ ခွန်အား လုံလုံလောက်လောက် ရှိရင် ကိုယ့်ကိုယ်ကို ကာကွယ်နိုင်မှာ ... 


ပြီးတော့ လျောင်မုယဲ့နဲ့ လျောင်ရှင်းယွမ် ရောက်လာတုန်းကလည်း သွမ့်ချန်ချင်းက သူတို့‌တွေ မုန်းတာကို ခံရအောင် လုပ်ထားသေးတယ် .. အဲဒီ့သူတွေက သွမ့်ချန်ချင်းကို ရန်ငြှိုးထားနေကြမလား ဆိုတာကိုလည်း စိုးရိမ်ရတော့ ... 


သွမ့်ချန်ချင်းက အရမ်းကို အားနည်းတာ .. သူ့ကို ကာကွယ်ဖို့ သေချာပေါက် အင်အားကြီးလာမှ ဖြစ်မယ် ... 


"ဘာလို့ ကျွန်တော့်ကို တပည့်အဖြစ် လက်ခံချင်ရတာလဲ ..." 


သူက‌ မေးလိုက်သည်။ 


"ငါက မငယ်တော့ဘူး ပြီးတော့ ကျန်းမာရေးကလည်း မကောင်း သားသမီးကလည်း မရှိဘူးလေ ... မင်းက ငါ့ဇနီးနဲ့ တော်တော်လေး ရုပ်ချင်းဆင်တယ် မင်းကို စတွေ့ကတည်းက ရင်းနှီးတယ်လို့ ခံစားမိနေတာ ..." 


တစ္ဆေဘုရင်က ပြုံးရယ်ကာ ပြောလိုက်သည်။  


"ငါ မင်းကို လိမ်နေတာလားလို့ တွေးပူနေစရာ မလိုပါဘူး မင်းကို လိမ်လို့လည်း ငါ့မှာ ဘာတစ်ခုမှ ရသွားမှာမှ မဟုတ်တာ ..." 


ထိုစကား ကြားလိုက်ရသည့်အခါ ရှဲ့ယွင်နန်လည်း ပိုပြီး စိတ်အေးသွားတော့သည်။  


သူ့ကို ဆင်းရဲသည်ဟု မဆိုနိုင်၊ လက်ထဲတွင် ငွေကြေးအနည်းငယ် ရှိသည့်တိုင် တစ်ဖက်သူမှာ စိုက်ခင်းတစ်ခင်းကိုပင် ပိုင်ဆိုင်ထားသူဖြစ်ရာ သူ၏ နည်းပါးလှသော ငွေကြေးလေးကို အရေးပင် စိုက်မည် မဟုတ်ချေ။ 


သူက သဘောတူတော့မည် ပြုစဉ်မှာပင် တစ္ဆေဘုရင်၏ စကားသံကို ထပ်ကြားလိုက်ရသည်။ 


"ညစာ စားချိန်တောင် ရောက်ပြီပဲ အရင် စားလိုက်ကြရအောင်လေ ..." 


သူသည် မနက်အစောကတည်းက ဟုန်ယဲ့တောအုပ်ရှိရာသို့ ထွက်သွားခဲ့သော်ငြား အသွားအပြန်ကပင်လျှင် အချိန်အတော်ယူရရာ တောဝက်ရိုင်းဖြင့် ပြန်ရောက်လာချိန်တွင် မွန်းပင်တိမ်းနေပြီဖြစ်သည်။ ချက်ပြုတ်ပြီးသည့်နောက်တွင်မူ ... 


ကောင်းကင်မှာ တစ်စထက်တစ်စ မှောင်မဲစ ပြုနေတော့၏။ 


ရှဲ့ယွင်နန်က ခေါင်းညိမ့်ကာ သဘောတူလိုက်သည်။ 


"ကောင်းပါပြီ ..." 


သူက ဆိုင်ကို ပိတ်ကာ တစ္ဆေဘုရင်ကို အပေါ်ထပ်သို့ ခေါ်လာလိုက်သည်။ 


"အရင်ဆုံး ထိုင်ပါဦး ကျွန်တော် အဝတ်လဲလိုက်ဦးမယ် ..." 


ပုံမှန်အားဖြင့် ဆင်ခြေဖုံးဒေသတွင် ယဉ်ကျေးသည့် အသုံးအနှုန်းများဖြင့် တရိုတသေ စကားပြောဆိုခြင်းမျိုး မရှိတတ်။ သို့သော် ရှေ့တွင် ရှိနေသူမှာ သူ့ကို တပည့်အဖြစ် လက်ခံလိုနေရာ ... ယဉ်ကျေးသည့် စကားအသုံးအနှုန်းများကို အသုံးပြုရပေလိမ့်မည်။ 


"ကောင်းပြီ ..." 


တစ္ဆေဘုရင်က ခေါင်းငြိမ့်ပြလိုက်သည်။ 


ရှဲ့ယွင်နန်က သွမ့်ချန်ချင်းဘက်သို့ လှည့်ကာ ပြောလိုက်သည်။ 


"ချန်ချင်း ရှဲ့လူကြီးမင်းကို ကိုယ့်အစား အဖော်ပြုပေးထားလိုက်ပါဦး ..."


သူက ရေချိုးရန် စိတ်လောနေသည်။ 


ဧည့်သည်ရှိနေချိန်တွင် ရေချိုးခြင်းမှာ မသင့်လျော်သော်ငြား ကားပြင်သည့် အလုပ်မှာ လွန်စွာ ညစ်ပတ်ပေရေလှပေသည်။ ထို့အပြင် သူက ကားအောက်ထဲပင် ဝင်ခဲ့မိသေးရာ ... 


ဆင်ခြေဖုံးဒေသ၏ လမ်းများမှာ ကွန်ကရစ်ခင်းထားသည့် လမ်းများမဟုတ်။ ထို့အပြင် နေထိုင်သူများမှာလည်း ကားကို ဆေးကြောတတ်သည့် အလေ့အကျင့် မရှိတတ်ရာ ကားအောက်ခြေမှာ ဖုန်များဖြင့် ညစ်ပတ်ပေရေနေတတ်သည်။ ကားအောက်ထဲသို့ ဝင်ပြီးနောက် သူ့တစ်ကိုယ်လုံးလည်း ဖုန်များဖြင့် ဖုံးလွှမ်းနေတော့၏။ 


ဖုန်များ ပေကျံနေသည့် ခန္ဓာကိုယ်ဖြင့် အတူတူထိုင်ကာ စကားပြော၊ စားသောက်ရမည်ကို မလုပ်နိုင်ပေ။ 


သူက ရေကို ခပ်သွက်သွက် ချိုးလိုက်သည်။ အပြင်ဘက်တွင် သွမ့်ချန်ချင်းက တစ္ဆေဘုရင်ကို အကဲခတ်နေ၏။ 


ဤမြေခွေးကောင်မှာ ရှဲ့ယွင်နန်အပေါ် မကောင်းသည့် အကြံအစည် မရှိကြောင်း ခံစားမိနေသည်။ 


သို့သော် ထိုသူက သူ့ကို သဘောမကျကြောင်းလည်း တပ်အပ် ခံစားမိနေ၏။ 


ဒီလူက ရှဲ့ယွင်နန်ကို လာရှာပြီး တပည့်အဖြစ် လက်ခံချင်နေတယ် သူ့ရည်ရွယ်ချက်က ဘာလဲ ... 


ရှဲ့ယွင်နန်ကို စိတ်ဝင်စားနေတာတော့ မဟုတ်လောက်ပါဘူးနော် ... ဒီလိုပုံစံလည်း မပေါ်ပါဘူး ... 


ထိုအကြောင်း စဉ်းစားပြီးနောက် တစ်ခဏမျှ စောင့်ကြည့်ရန်သာ ဆုံးဖြတ်လိုက်တော့သည်။ 


ရှဲ့ယွင်နန် ထွက်သွားသည်နှင့် တစ်ပြိုင်နက် တစ္ဆေဘုရင်၏ အကြည့်အားလုံး သွမ့်ချန်ချင်းထံ သက်ဆင်းလာ၏။ 


သားရဲ့ အဖော်သားရဲက ဒီတစ်ယောက်နဲ့ တော်တော်လေးကို ရင်နှီးနေတာပဲ ..  မျက်စိနောက်စရာ ကောင်းလိုက်တာ ... 


ဘာလို့ သားကရော ဒီလိုလူမျိုးကို အရမ်း ကြိုက်နေရတာလဲ ... 


သူက သွမ့်ချန်ချင်း၏ ရင်ခွင်ထဲရှိ ခွေးပေါက်စကို တစ်ခဏမျှ စိုက်ကြည့်ပြီးနောက် သွမ့်ချန်ချင်းကို မေးလိုက်သည်။ 


"ရေရှိလား နည်းနည်း ရေငတ်နေလို့ ..." 


ခွေးပေါက်စလေးကို မြန်မြန် အောက်ချပြီးတော့ ငါ့အတွက် ရေသွားခပ်လိုက်တော့ ... 


ငါ့သားရဲ့ အဖော်သားရဲက တကယ်ကို ချစ်စရာလေး ဖက်ထားချင်လိုက်တာ ... 


သားရဲ့ အဖော်သားရဲကလည်း ငါ့ကို ငြင်းဆန်မှာ မဟုတ်ဘူးလို့ ယုံကြည်တယ် ... 


အဖော်သားရဲတို့မှာ လူသားများထက်ပင် ပိုပြီး ထိလွယ်ရှလွယ်ကြသေးသည်။ သူနှင့် ရှဲ့ယွင်နန်အကြား သွေးသားဆက်စပ်မှု ရှိမရှိကို အဖော်သားရဲဖြင့် စစ်ဆေးနိုင်ပေသည်။ 


ထင်မှတ်မထားသည့် ကိစ္စမျိုးသာ မဖြစ်ပါလျှင် အဖော်သားရဲသည် သူ့ကို ကျိန်းသေ သဘောကျမည်ဖြစ်သည်။ 


"ဟုတ်ကဲ့ ..." 


သွမ့်ချန်ချင်းက ရှောင်ပိုင်ကို လက်တစ်ဖက်ဖြင့် ပွေ့ထားရင်း ကျန်လက်တစ်ဖက်ဖြင့် တစ္ဆေဘုရင်အတွက် ရေထည့်ပေးလိုက်သည်။ 


တစ္ဆေဘုရင် "... ဒါနဲ့ ငါ ဒီနေ့ ယူလာတဲ့ အသားတွေက နွှေးဖို့ လိုသေးတယ်..." 


ရေထည့်တာနဲ့ အသားနွှေးတာကို တစ်ပြိုင်တည်း လုပ်နိုင်မှာတဲ့လား အသားတွေက ပုံးအကြီးကြီးနဲ့ နှစ်ပုံးအပြည့်တောင်လေ ... 


သွမ့်ချန်ချင်းက မျက်တောင်တဖျတ်ဖျတ်ခတ်ကာ ပြောလိုက်သည်။ 


"တောင်းပန်ပါတယ် ကျွန်တော်က ကျန်းမာရေး မကောင်းတော့ ဒီအသားတွေက .. မကိုင်နိုင်လောက်ဘူး ထင်တယ် ..." 


ဒီလူက ရှဲ့ယွင်နန်ရဲ့ အဖော်သားရဲကို မျက်စောင်းထိုးနေမှန်း သူ မသိဘူးများ ထင်နေလား ... 


ရှောင်ပိုင်ကို အောက်ချစေချင်တာ မဟုတ်လား ဆုတောင်းလေ ... 


တစ္ဆေဘုရင် "..." 


သူ့ရှေ့တွင် ရှိနေသူမှာ အရပ်ရှည်သည့်တိုင် လွန်စွာ ပိန်လှီသည့်အတွက် အသားပုံးနှစ်ပုံးမှာ သူ့အတွက် များစွာ လေးလံမည်ဖြစ်သည်။ 


အသုံးမကျလိုက်တာ ... 


တစ္ဆေဘုရင်က စိတ်အနှောင့်အယှက် ဖြစ်စွာဖြင့် အသားပုံးနှစ်ပုံးကို ကောက်ကိုင်ကာ မီးဖိုထဲ ပို့ပေးလိုက်သည်။ မီးဖိုကို အပူပေးကာ အသားများကို အိုးတစ်ခုထဲ လောင်းထည့်ပြီး ပြန်နွှေးရန် ပြင်လိုက်၏။ 


ရေချိုးပြီးသား ငါ့သားလေး ချက်ရပြုတ်ရမှာမျိုးကိုတော့ နည်းနည်းလေးမှ အဖြစ်မခံနိုင်ပါဘူးနော် ... 


အသားကို ပြန်နွှေးနေရင်း သွမ့်ချန်ချင်းကို ပြောလိုက်သညိ။ 


"မင်းက အိမ်ကို ရှင်းနေလိုက်လေ ..." 


ဘာကိစ္စရှိရှိ ငါ့သားရဲ့ အဖော်သားရဲကို ချီမထားနဲ့လို့ ငါနဲ့ ခွေးပေါက်လေးကိုလည်း ရင်းနှီးခွင့် ပေးပါဦးဟ ... 


သူတို့အိမ်မှာ မညစ်ပတ်သည့်တိုင် သန့်ရှင်းသပ်ရပ်နေခြင်းလည်း မရှိပေ။ အထူးသဖြင့် ရှဲ့ယွင်နန်၏ နေထိုင်မှု ဘဝပုံစံမှာ လွန်စွာ အပူအပင်ကင်းကာ သူ သဘောကျသည့် ပစ္စည်းများကို ထမင်းစားပွဲပေါ်သို့ မကြာခဏ တင်ထားလေ့ ရှိသည့်အတွက် မသက်ဆိုင်သည့် ပစ္စည်းအမျိုးမျိုးတို့ နေရာအနှံ့ ပြန့်ကြဲနေသည်။ 


သွမ့်ချန်ချင်းက တစ္ဆေဘုရင်ကို ဖျတ်ခနဲ လှမ်းကြည့်ကာ ရှောင်ပိုင်ကို အောက်ချ၍ စားပွဲကို သန့်ရှင်းရေး လုပ်လိုက်သည်။ 


သို့သော် သူ့ခြေထောက်အောက်မှတစ်ဆင့် စိတ်စွမ်းအင် ထုတ်လွှတ်လိုက်၏။ 


ထို့ကြောင့် ရှောင်ပိုင်ကို မြေကြီးပေါ် ချထားလိုက်သည့်တိုင် ၎င်းက အမြီးကို ယမ်းခါလျက် သူ့နောက်သို့သာ တကောက်ကောက် လိုက်နေတော့သည်။ 


တစ္ဆေဘုရင် "..." 


ငါ့သားက ဘာလို့ ဒီလောက်တောင် အသုံးမကျရတာလဲ ... 


သွမ့်ချန်ချင်း၏ ခြေထောက်ကို တိုးဝှေ့ကာ ဟောင်သံပေးလိုက် အမြီးယမ်းလိုက် လုပ်နေသည့် ရှောင်ပိုင်ကို တွေ့လိုက်ရသည့်အခါ တစ္ဆေဘုရင်၏ နှလုံးသားတစ်ခုလုံး ယားကျိကျိ ဖြစ်လာတော့သည်။ 


ငါ့သားသာ ဖျားယောင်းခံမထားရရင် ရှောင်ပိုင်ကလည်း ငါနဲ့ သေချာပေါက် ရင်းနှီးနေမှာ ...


အခုလည်း သိပ်တော့ နောက်မကျသေးပါဘူး ငါသာ ရှောင်ပိုင်နဲ့ ပိုရင်းနှီးလာရင် ရှောင်ပိုင်လည်း ငါ့ကို ကျိန်းသေ

သဘောကျလာမှာပဲ ... 


မီးဖိုထဲရှိ အလုပ်များကို ချထားကာ သွမ့်ချန်ချင်း၏ အနားသို့ ရောက်လာပြီး ရှောင်ပိုင်ကို ကိုင်ကြည့်ရန် ခါးကို ကုန်းလိုက်သည်။ 


"ယွင်နန်ရဲ့ အဖော်သားရဲက မြေခွေးနဲ့ တူလိုက်တာ ... တော်တော်လေး လှတယ်နော် ..."