အပိုင်း ၂၉
Viewers 7k

Chapter 29




သို့သော် သူ့လက်တို့ဖြင့် မထိရသေးခင်မှာပင် သွမ့်ချန်ချင်းက ရှောင်ပိုင်ကို ပြန်ချီလိုက်သည်။ 


သူ့လက်ထဲ ရောက်တော့မည့် ချစ်စရာ အကောင်ပေါက်လေးကို လက်လွှတ်ခံလိုက်ရသည့် တစ္ဆေဘုရင်မှာလည်း ယမ်းပုံမီးကျ ဖြစ်လာတော့သည်။ 


"ငါ့ကို ရှောင်ပိုင်ကို ချီခွင့်ပေး ..." 


"မစ္စတာရှဲ့ .. ယွင်နန်ရဲ့ အဖော်သားရဲကို သူ့အိမ်ထောင်ဖက်တစ်ယောက်တည်းကပဲ ချီခွင့်ကိုင်ခွင့် ရှိပါတယ် ..." 


ဒီလူက ဘယ်နေရာကနေ ရောက်လာမှန်းတောင် မသိရသေးနဲ့ .. ရှောင်ပိုင်ကို ထုတ်မပေးနိုင်ပါဘူး ... 


တစ္ဆေဘုရင်ပင်လျှင် အနည်းငယ် ကြောင်အသွားသည်။ 


"မင်း ဘာပြောလိုက်တာလဲ ..." 


‌"ရှောင်ပိုင်ကို ကျွန်တော်တစ်ယောက်ပဲ ကိုင်ခွင့်ရှိတယ်လို့ ..." 


သူက ပြန်ပြောလိုက်သည်။ 


"မင်း ..." 


တစ္ဆေဘုရင်မှာလည်း လွန်စွာ ဒေါသထွက်လာတော့သည်။ 


ငါ့သားရဲ့ အဖော်သားရဲကိုတောင် ချီလို့ကိုင်လို့ မရဘူးပေါ့ ဟုတ်လား ... 


ငါ့သားလေးကို မွေးကတည်းက လုယူခံလိုက်ရတာ သူ့ရဲ့ အဖော်သားရဲကိုလည်း တစ်ခါမှ မမြင်ဖူး၊ ပွေ့လည်း မပွေ့ဖက်ခဲ့ရဖူးဘူး အခုထိလည်း ပွေ့ဖက်ခွင့် မရသေးပြန်ဘူး ... 


ထားပါ ဒါတွေက ရှေးလူကြီးတွေ ပြောထားခဲ့တာ ဆိုတော့ သူလည်း အတင်း လုယူပြီး ဖက်လိုက်လို့မှ မရတာ .. 


အဲဒီ့လိုဆို အရမ်း ရှက်ဖို့ကောင်းမှာလေ ... 


"ခင်ဗျားက မီးကို ကြည့်နေရမှာ မဟုတ်ဘူးလား ..." 


သွမ့်ချန်ချင်းက ပြောလိုက်သည်။ 


တစ္ဆေဘုရင်လည်း မီးဖိုချောင်ထဲသို့သာ ဒေါသတကြီး ပြန်သွားရတော့သည်။ 


ရှဲ့ယွင်နန်ကို ပညာသင်ပေးပြီးတဲ့ အချိန်ကျ ရှဲ့ယွင်နန်က ငါ ရှောင်ပိုင်ကို ပွေ့ဖက်ချင်တယ်လို့ တောင်းဆိုရင် ငြင်းမယ်လို့ လုံးဝ မထင်ဘူး ... 


သွမ့်ချန်ချင်းက တစ္ဆေဘုရင်၏ အမူအယာများကို အကဲခတ်ရင်း အနည်းငယ် စိတ်အေးသွားသည်။ 


တစ်ခဏမျှ စောင့်ကြည့်ရန် ဆုံးဖြတ်ရခြင်းတွင် အခြားသော အကြောင်းပြချက်များလည်း ရှိနေသည်။ တစ်ဖက်သူ၏ ခွန်အားမှာ လွန်စွာ သန်မာလွန်းရာ လက်ရှိအချိန်တွင် သူ့အနေဖြင့် မည်ကဲ့သို့မှ အလဲမထိုးနိုင်။ 


ထိုသူမှာ သူနှင့် ရှဲ့ယွင်နန် နှစ်ဦးလုံးအပေါ် မကောင်းသည့် အကြံအစည် ရှိမနေ၍သာ တော်သေးသည်။ 


ကြည့်ရတာ သူက ငါ့ကို ကြည့်လို့ မရရုံလေးပဲနဲ့ တူတယ် ... 


ငါကလည်း သူ သဘောကျတာကို မလိုချင်ပါဘူးနော် ... 


ထိုသူသည် ရှဲ့ယွင်နန်ကို ကြိုက်နေခြင်း ဖြစ်ရမည်ဟု ထင်ခဲ့ဖူးသော်လည်း လက်ရှိ သူ အကဲခတ်မိသလောက် ပြောရပါလျှင် ထိုကဲ့သို့လည်း ဟုတ်ဟန်မတူ။ 


ဒီလူက ရှဲ့ယွင်နန်ကို ကြိုက်နေတာ မဟုတ်ဘဲ တပည့်အဖြစ်ပဲ လက်ခံချင်နေတာဆိုရင် ... မဟုတ်မှလွဲရော သူကလည်း ရှဲ့ယွင်နန်ရဲ့ အရည်အချင်းတွေကို မြင်နေလို့များလား ... 


ထိုသူမှာလည်း အင်အားကြီးမိစ္ဆာ၏ သွေးတည်ဆောက်ပုံ ရှိနေကာ သူ၏ အမြီးကိုးချောင်းမြေခွေးသည်ပင်လျှင် အဆင့်မြင့်မိစ္ဆာအဖြစ်သို့ ကူးပြောင်းနိုင်သည့် အလားအလာ ရှိနေပေသည်။ 


ဤကဲ့သို့သော အရည်အချင်းကို ပိုင်ဆိုင်ထားသူမှာ လွန်စွာ ရှားပါးလှသည်။ ထို့ကြောင့် ထိုသူက ရှဲ့ယွင်နန်ကို သူ့ဘက်တော်သားအဖြစ် ဆွဲခေါ်လိုခြင်းမှာ မထူးဆန်းလှပေ။ 


ရှဲ့ယွင်နန်က ရေချိုးခန်းထဲမှ ထွက်လာသည့်အခါ တစ္ဆေဘုရင်က အသားများကို ပြန်နွှေးနေပြီး သွမ့်ချန်ချင်းက သန့်ရှင်းရေး လုပ်နေကြောင်း တွေ့လိုက်ရသည်။ 


ဒါဆို ရှောင်ပိုင်ကရော ??? 


ရှောင်ပိုင်ကမူ သွမ့်ချန်ချင်း၏ ခြေထောက်အနား တစ်ဖဝါးမှ မခွါဘဲ တကောက်ကောက် လိုက်နေသည်။ 


အစပိုင်းတွင်မူ ရှဲ့ယွင်နန်သည်လည်း သွမ့်ချန်ချင်း၏ အနောက်သို့ တကောက်ကောက်လိုက်နေသည့် ရှောင်ပိုင်၏ အပြုအမူများကြောင့် အနည်းငယ် ရှက်မိနေခဲ့သေးသော်ငြား မြင်ပါများလာသည့်အခါ နေသားကျသွားတော့သည်။ 


သူတို့က လက်ထပ်မှတ်ပုံတင်တောင် ရထားပြီးပြီပဲဟာ သူ သွမ့်ချန်ချင်းကို ကြိုက်တော့ရော ဘာဖြစ်လဲ ဘာမှ မဖြစ်ဘူးလေ ... 


ပြီးတော့ သွမ့်ချန်ချင်းရဲ့ ရှဉ့်ပေါက်စလေးကလည်း သူ့ကို အရမ်း တွယ်ကပ်နေတတ်တာပါနော် ... 


"ကျွန်တော် လုပ်လိုက်ပါ့မယ် ..." 


သူက မီးဖိုချောင်ထဲသို့ အမြန် ဝင်လာကာ ပြောလိုက်သည်။ 


သွမ့်ချန်ချင်းနှင့် စကားပြောနေစဉ်က မျက်နှာနှင့်ပင် မတူသည့် တစ္ဆေဘုရင်၏ မျက်နှာမှာ သူရောက်လာသည်နှင့် တစ်ပြိုင်နက် ချက်ခြင်း ပြုံးပန်းဝေဆာသွားတော့သည်။ 


"အဆင်သင့်ဖြစ်ကာနီးနေပါပြီ ငါပဲ လုပ်လိုက်တော့မယ် ..." 


ဒါ .. ဒီလို မျက်နှာနဲ့ သူ ပြုံးလိုက်တာက မပြုံးတာထက် ပိုပြီး ကြောက်ဖို့ ကောင်းမနေဘူးလား ... 


ရှဲ့ယွင်နန်က သူ့ရုပ်ရည်နှင့် ပတ်သက်၍ များစွာ အာရုံမစိုက်၍သာ တော်သေးသည်။ သူက ကြောက်လန့်သွားခြင်းမရှိ။ ထိုအစား အသားများကိုသာ ပန်းကန်လုံးခပ်ကြီးကြီး အချို့ထဲသို့ ဖြည့်လိုက်သည်။ 


တစ္ဆေဘုရင်အတွက် ပန်းကန်လုံးအကြီးကြီးတစ်လုံးနှင့်အပြည့် ထည့်ပေးကာ သူနှင့် သွမ့်ချန်ချင်းအတွက်ပါ နောက်ထပ် နှစ်ပန်းကန်အပြည့် ထည့်လိုက်သည်။ 


တစ္ဆေဘုရင်မှာ ထုတ်မမေးဘဲပင် မနေနိုင်။ 


"သူက ဒီလောက်အများကြီး စားတာလား ..." 


"ချန်ချင်းက အစာချက်အား‌  တော်တော်ကောင်းတယ် ..." 


ရှဲ့ယွင်နန်က ပြောလိုက်သည်။ 


သွမ့်ချန်ချင်းမှာ အားနည်းသည့်တိုင် ယောကျာ်းတစ်ဦးပင် ဖြစ်ကာ သေးငယ်ခြင်းလည်း မရှိသည့်အတွက် ပုံမှန်နှုန်းထားအတိုင်း စားသောက်နိုင်ပေသည်။


ဒါပေမယ့် ဒါက အံ့ဖွယ်သားရဲရဲ့ အသားလေ __ အလယ်အလတ်အဆင့် အံ့ဖွယ်သားရဲရဲ့ အသားလို့ .. 


ဒီစွမ်းအင်တွေကို ချေဖျက်တဲ့နေရာမှာ ငါ့သားကတော့ ပြဿနာ မရှိနိုင်ပေမယ့် အဲဒီ့ သွမ့်ချန်ချင်းက အများကြီး စားမိရင် ..  သေချာပေါက်ကို မသက်မသာ ဖြစ်နေတော့မှာ ... 


သူက ပြောလိုက်သည်။ 


"ဒါက အံ့ဖွယ်သားရဲရဲ့ အသားနော် သူ အများကြီး စားလို့ မရလောက်ဘူး ..." 


"ဒါက အံ့ဖွယ်သားရဲရဲ့ အသားလား ..." 


ရှဲ့ယွင်နန်မှာ ကြောင်အသွားရှာ၏။ 


"ဒီလောက် တန်ဖိုးကြီးတာကြီးကို ..." 


"ဒါ အရမ်း တန်ဖိုးကြီးနေတာလည်း မဟုတ်ပါဘူး မင်းသာ တိုက်ခိုက်သူ ဖြစ်ချင်တယ်ဆိုရင် ဒါကလည်း မဖြစ်မနေ လုပ်ရမယ့် လိုအပ်ချက်ပဲလေ ..." 


"ကျွန်တော် ဒီက လူကြီးမင်းအတွက် ဘာလုပ်ပေးရမလဲ ..." 


ရှဲ့ယွင်နန်က မေးလိုက်သည်။ 


ဒီလူက သူ့ကို တပည့်အဖြစ် လက်ခံချင်ရုံတင် မကဘူး အံ့ဖွယ်သားရဲရဲ့ အသားကိုပါ ပေးလိုက်သေးတယ် .. ဒီကျေးဇူးကို ဘယ်လို ပြန်ဆပ်ရမလဲတောင် မသိတော့ဘူး ... 


"ငါ့တပည့် ဖြစ်ပေးပြီး တစ်ချိန်ချိန် ငါ အငြိမ်းစား ယူတဲ့အခါ ငါ့ကို စောင့်ရှောက်ပေးနိုင်မလား ..." 


တစ္ဆေဘုရင်က ပြုံးကာ မေးလိုက်သည်။ 


ရှဲ့ယွင်နန်ကလည်း တလေးတစား သဘောတူလိုက်၏။ 


"စိတ်မပူပါနဲ့ ကျွန်တော် သေချာပေါက် ပြင်းပြင်းထန်ထန် လေ့လာသင်ယူပါ့မယ် ကျွန်တော့်ရဲ့ အဖော်သားရဲက အရမ်းကို သာမန်ဖြစ်ပြီး အားကောင်းတဲ့ တိုက်ခိုက်ရေးသမား မဟုတ်ခဲ့ပေမယ့် .. ကျွန်တော် ကျိန်းသေ ကြိုးစားပါ့မယ် ..." 


သူ သဘောတူလိုက်သည့်အခါ ‌တစ္ဆေဘုရင်ကလည်း စိတ်လက်ကြည်သာစွာ ရယ်မောလိုက်၏။ 


သွမ့်ချန်ချင်း၏ စိတ်အခြေအနေမှာမူ မကောင်းလှ။ 


ဒီမြေခွေးကောင်ကတော့ ..  ငါ့ကို အသားစားခွင့် မပေးဘူးပေါ့ ဟုတ်လား ..  


"ချန်ချင်း ဒါက အံ့ဖွယ်သားရဲရဲ့ အသားဆိုတော့ မင်းအနေနဲ့ နည်းနည်းပဲ စားသင့်တယ် တစ်ခြားဟင်းတွေကိုပဲ ပိုစားလိုက်နော် ..." 


ရှဲ့ယွင်နန်က ပြောလိုက်သည်။ 


အံ့ဖွယ်သားရဲတို့၏ အသားမှာ ခန္ဓာကိုယ်ကို အာဟာရ ဖြစ်စေသည့် အစွမ်းသတ္တိများ ရှိသည့်အတွက် နာမကျန်းဖြစ်နေသူပင် အချို့အဝက် စားသောက်နိုင်သော်လည်း အလွန်အကျူး မဖြစ်ပါလျှင် အကောင်းဆုံးဖြစ်သည်။ 


အလွန်အကျူး စားမိခြင်းက ခန္ဓာကိုယ်ကိုပင် တစ်ဖန် ဥပါဒ်ပြန်ဖြစ်စေနိုင်၏။ 


"ကောင်းပါပြီ ..." 


သွမ့်ချန်ချင်းက သဘောတူလိုက်သည်။ သူ့အခြေအနေမှာ လွန်စွာ ထူးကဲလှကြောင်း ရှဲ့ယွင်နန်က သိထားသော်လည်း မည်သည့်နေရာက ရောက်မှန်းမသိ ရောက်လာသူမှာမူ ... 


ရှဲ့ယွင်နန်က သူ့ကို ပန်းကန်လုံးတစ်လုံး ပေးကာ လျော့စားရန် ပြောလိုက်သည်။ 


ထိုအချိန်တွင် တစ္ဆေဘုရင်က ရှဲ့ယွင်နန်ကို ကျင့်ကြံခြင်းနှင့် သက်ဆိုင်သည့် ကိစ္စအချို့အား ပြောနေ၏။ 


တိုက်ခိုက်ရေးသမားတစ်ဦးအနေဖြင့် ကြံ့ခိုင်မှုကို မြှင့်တင်လိုပါလျှင် ရလဒ်မှာ အံ့ဖွယ်သားရဲတို့၏ အသားနှင့် ထူးခြားဆေးပင်တို့အား စားသုံးခြင်းအပေါ် အဓိက မူတည်နေသည်။ သို့သော် အစားအစာကိုသာ အားကိုးအားထား ပြုနေကာ တိုက်ပွဲတို့တွင် ပါဝင်ဆင်နွှဲဖူးခြင်း မရှိပါလျှင်မူ ... အဆင့်မြင့်တိုက်ခိုက်ရေးသမား ဖြစ်သည့်တိုင် အလယ်အလတ်အဆင့် တိုက်ခိုက်ရေးသမားတစ်ဦး၏ လက်ချက်ဖြင့် အသက်ဆုံးရှုံးသွားနိုင်ပေသည်။ 


အတွေ့အကြုံ မရှိသူ၏ သေလမ်းမှာ အမြန်ဆုံးပင်။ 


ယဇ်ဆရာကိုပဲ နမူနာ ကြည့်ပါ့လား သူ့ဘာသာသူ ဘယ်လောက်ပဲ သန်မာသန်မာ အစပျောက်သွားတာ ကြာနေပြီ သေနေပြီလားတောင် မသိဘူး ... 


"တကယ်တမ်း ပြောရရင် ဟိုးအရင်တုန်းက တိုက်ခိုက်သူတွေကို အဆင့်ဆယ်ဆင့်ဆိုပြီး ခွဲထားတာမျိုး မရှိဘူး အဆင့်နိမ့်၊ အလယ်အလတ်၊ အမြင့်ဆုံးနဲ့ နတ်ဘုရားအဆင့် တိုက်ခိုက်သူ ဆိုပြီးပဲ ရှိတာ အံ့ဖွယ်သားရဲကို ပိုင်ဆိုင်ထားတဲ့သူ ဘယ်သူမဆို အဆင့်နိမ့် တိုက်ခိုက်သူ ဖြစ်နိုင်တယ်လေ အဲဒီ့လူရဲ့ အဖော်သားရဲက အသက်လည်း ကြီးလာပြီ အရွယ်အစားလည်း ကြီးလာပြီ ဆိုရင်တော့ သူတို့က အလယ်အလတ်အဆင့် တိုက်ခိုက်သူ ဖြစ်နေပြီဆိုတဲ့ သဘောပဲ အဆင့်မြင့် တိုက်ခိုက်သူ ... အဆင့်မြင့် တိုက်ခိုက်သူတွေရဲ့ အဖော်သားရဲတွေကကျ စွမ်းရည်‌တွေ နိုးထလာနေပြီ ... "



ရှဲ့ယွင်နန်က ထိုအကြောင်းများကို သိထားပြီး ဖြစ်သည့်တိုင် သွမ့်ချန်ချင်းမှာမူ စိုးစဉ်းမျှပင် မသိသေးချေ။ တစ္ဆေဘုရင်၏ စကားများကို နားထောင်ပြီးကာမှ ဤကမ္ဘာသည် သူ၏ အတိတ်ဘဝနှင့် ကွဲပြားမှုများ ရှိနေသေးကြောင်း သဘောပေါက်သွားတော့သည်။ 


သူက ရုတ်တရက် ထမေးလိုက်သည်။ 


"ဘာလို့ အားကောင်းတဲ့ အဖော်သားရဲကို ပိုင်ဆိုင်ထားတဲ့ သူတွေကပဲ တိုက်ခိုက်သူ ဖြစ်နိုင်ရတာလဲ အရင်ကလည်း ဒီလိုပဲလား ..." 


ယုတ္တိကျကျ စဉ်းစားကြည့်ရင် ဒါမျိုးက .. ဖြစ်မှ မဖြစ်သင့်တာ ... 


"အရင်က ဒီလို မဟုတ်ဘူး တစ်ချို့လူတွေက အားနည်းတဲ့ အဖော်သားရဲကို ပိုင်ဆိုင်ထားပေမယ့် တိုက်ခိုက်သူ ဒါမှမဟုတ် အဆင့်မြင့် တိုက်ခိုက်သူ အဆင့်အထိ ဖြစ်ခဲ့ကြဖူးတယ် ဒါပေမယ့် သူတို့အတွက် တိုက်ခိုက်သူ ဖြစ်ဖို့ဆိုတာ တစ်ခြားသူတွေထက် ပိုခက်ခဲပြီး တစ်ဖြည်းဖြည်း အောက်ခြေကို ပြုတ်ကျသွားတတ်ကြတယ်လေ ..." 


တစ္ဆေဘုရင်က ပြောလိုက်သည်။ 


သွမ့်ချန်ချင်း၏ မျက်ခုံးတို့ အနည်းငယ် စုကျုံ့သွားတော့၏။


ကျင့်ကြံရေးလောကတွင် နတ်ဆိုးများသည်လည်း ပင်ကိုယ်စွမ်းရည်ကို တန်ဖိုးထားကြသော်ငြား များသောအားဖြင့် လူသားပုံစံသို့ ပြောင်းလဲနိုင်ရန်  မကျင့်ကြံရသေးခင်အထိသာ ဖြစ်သည်။ 


လူသားပုံစံသို့ ပြောင်းလဲနိုင်သွားပြီးသည့်နောက် သူတို့သည် ပင်ကိုယ်စွမ်းရည်အပြင် အသိဉာဏ်ကဲ့သို့သော အခြားအရာများကိုပါ တန်ဖိုးထားလာကြသည်။ 


ဤကမ္ဘာတွင် နေထိုင်သူများမှာ လူသားပုံစံဖြင့် မွေးဖွားလာကြခြင်း ဖြစ်ရာ ခန္ဓာကိုယ်၏ အခန်းကဏ္ဍမှာ မကြီးမားလောက်။ 


သို့သော် ကြီးမားသည့်တိုင် အံ့ဩစရာ မရှိပေ။ ဤနေရာတွင် ရှိသူများမှာ မည်ကဲ့သို့ ကျင့်ကြံရမည်ကို မသိ၊ အင်အား တိုးတက်ရန် အစားအသောက်ကိုသာ အားထားနေကြရရာ ... 


ကျင့်ကြံရေး နည်းလမ်းသာ မရှိပါလျှင် ... ဥပမာအားဖြင့် သူ၏ ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဉ်မှာ ပင်ကိုယ်ပါရမီအပေါ် မူတည်နေခြင်း မဟုတ်။ ထို့ကြောင့် သူ့ပါရမီမှာ ချို့တဲ့သည့်တိုင် ပိုပြီး သန်မာလာနိုင်ပေသည်။ 


တစ္ဆေဘုရင်က သွမ့်ချန်ချင်းကို ဖျတ်ခနဲ လှမ်းကြည့်ကာ သူ့မြေခွေးကို ထုတ်ပြ၍ ရှဲ့ယွင်နန်ကို ပြောလိုက်သည်။ 


"ငါ့အဖော်သားရဲက မြေခွေးတစ်ကောင်လေ သူက အရမ်းကြီး သန်မာနေတာ မဟုတ်ဘူး ဒါပေမယ့် ငါကတော့ တိုက်ခိုက်သူ ဖြစ်နေတုန်းပဲ စတုတ္ထအဆင့် တိုက်ခိုက်သူတောင်နော် ယွင်နန် ငါ မင်းကို ယုံကြည်တယ် မင်းက သေချာပေါက်ကို သန်မာလာမှာ ..." 


သွမ့်ချန်ချင်း "..." 


ဒီလူကတော့ တကယ်ကို ... မြေခွေးတစ်ကောင်ကတောင် ကျင့်ကြံစဉ် မရှိဘဲနဲ့ သန်မာလာနိုင်ရင် ဒါကို ပင်ကိုပါရမီလို့ ခေါ်ရတော့မှာပေါ့ ... 


သို့သော် ထိုသူ၏ မြေခွေးမှာ အမြင်အာရုံကို မှောက်မှားစေနိုင်သည့် အစွမ်းသတ္တိမျိုး ရှိနေပေသည်။ ရှဲ့ယွင်နန်၏ အမြင်တွင် ၎င်းသည် သာမန် အနီရောင်မြေခွေးတစ်ကောင်မျှသာပင် ... ဤကိစ္စတွင် ရှဲ့ယွင်နန်အဖို့ စတုတ္ထအဆင့် တိုက်ခိုက်သူ ဖြစ်လာရန်မှာ မလွယ်ကူလှ။ 


"ဟုတ်ကဲ့ ..." 


ရှဲ့ယွင်နန်က အားတက်သရော ပြန်ဖြေလိုက်သည်။ 


"ဒါနဲ့ မင်းရဲ့ အဖော်သားရဲကရော ဘာလဲ ..." 


တစ္ဆေဘုရင်က သွမ့်ချန်ချင်းကို မေးလိုက်သည်။ 


သွမ့်ချန်ချင်းက တစ်ခဏမျှ စဉ်းစားပြီးနောက် ရှောင်ဟွားကို ထုတ်ပြလိုက်သည်။ ဤသည်မှာ ထိုသူ မူလပိုင်ရှင်ကို သိမသိ စမ်းသပ်နိုင်မည့် အခွင့်အရေးကောင်းတစ်ခုပင်ဖြစ်သည်။ 


ပိန်လှီလှသည့် ရှဉ့်ပေါက်စကို တွေ့လိုက်ရသည့်အခါ တစ္ဆေဘုရင်မှာ ပြောစရာစကားပင် မရှိတော့။ 


ငါ့သားရဲ့ လက်တွဲဖော်ကလေ အဖော်သားရဲကတောင် အားနည်းနေလိုက်တာများ ... 


အဲဒါတင် မကဘူး ဘာမှ ထူးထူးခြားခြား စွမ်းရည်တွေ သွေးကြောဖွဲ့စည်းပုံတွေ မပါတဲ့ သာမန် ရှဉ့်တစ်ကောင်တဲ့ ... 


သူက အနည်းငယ် စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။ 


"မင်းအဖော်သားရဲက ချစ်စရာတော့ ကောင်းပါတယ် ဒါပေမယ့် မင်းအနေနဲ့ တိုက်ခိုက်သူ ဖြစ်လာဖို့ မလွယ်လောက်ဘူး .. ဒါပေမယ့် ခန္ဓာကိုယ်ကို အားဖြည့်ဖို့ အံ့ဖွယ်သားရဲရဲ့ အသားတွေ နည်းနည်းပါးပါးလောက်တော့ စားလို့ရပါတယ် ..." 


ထိုသို့ပြောနေရင်း သူသည် သွမ့်ချန်ချင်းကို အနည်းငယ် သနားမိလာတော့သည်။ 


သွမ့်ချန်ချင်းကလည်း စိတ်သက်သာရာ ရစွာဖြင့် လေပူတစ်ချက် မှုတ်ထုတ်လိုက်၏။ 


ဒီလူက မူလကိုယ်ကို မသိဘူးပဲ ... 


"ဟုတ်တယ် ချန်ချင်းရဲ့ အဖော်သားရဲလေးက အရမ်း ချစ်ဖို့ကောင်းတာ ချန်ချင်း မင်း တိုက်ခိုက်သူ မဖြစ်နိုင်လည်း ကိစ္စမရှိဘူး သိလား ကိုယ်က မင်းကိုပဲ သဘောကျတာ ..." 


ရှဲ့ယွင်နန်မှာ သူ စိတ်မကောင်းဖြစ်သွားမည်ကို စိုးရိမ်စွာဖြင့် နှစ်သိမ့်ပေးလိုက်သည်။ 


သွမ့်ချန်ချင်း "..." 


စိတ်စွမ်းအင်အစိုင်အခဲနဲ့သာဆို ဒီမြေခွေးကောင်ကို တစ်လလောက်နဲ့တင် အနိုင်တိုက်လို့ ရပါတယ်နော် ... 


ရှဲ့ယွင်နန်က သွမ့်ချန်ချင်းနှင့် သူ့ဆရာကို ပြေပြေလည်လည် ဖြစ်စေလိုသည့်ဟန်။ 


"ဆရာ တကယ်တမ်းတော့လေ ဆရာနဲ့ ချန်ချင်းကလည်း အရမ်းကို ရေစက်ပါတယ် ဆရာ့နာမည်က ရှဲ့ချင် သူ့နာမည်က ချန်ချင်းလေ ..."

(နှစ်ယောက်လုံးက Qing တွေကိုမှ လေသံအနိမ့်အမြင့်ကြောင့် မြန်မာလို ရေးတဲ့နေရာမှာ ချင်နဲ့ ချင်းဆိုပြီး ကွဲသွားတာပါ) 


တစ္ဆေဘုရင်သည် သားဖြစ်သူနှင့် ရင်းနှီးနိုင်ရ

န် မျိုးရိုးနာမည်ကို ရှဲ့ဟု ပြောခဲ့ခြင်း ဖြစ်ကာ ယခု သူ့သားက သူနှင့် သွမ့်ချန်ချင်းကို ရေစက်ပါသည်ဟု ပြောလာတော့သည်။ 


တစ္ဆေဘုရင် "..." 


သရဲပဲ သူနဲ့ ရေစက်ဆုံမှာကွ ... 


သွမ့်ချန်ချင်း "..." 


ငါကလည်း သူနဲ့ ရေစက် မရှိပါဘူးနော် ...