Chapter 30
သူ ယူလာသည့် အံ့ဖွယ်သားရဲ၏အသားများကို ပြန်နွှေးပြီးနောက် တစ္ဆေဘုရင်သည် တစ်ဝက်ခန့်ကို သူတစ်ယောက်တည်း စားလိုက်သည်။
ကျန်တစ်ဝက်ကို ရှဲ့ယွင်နန်နှင့် သွမ့်ချန်ချင်းတို့အား ခွဲပေးလိုက်၏။ ရှဲ့ယွင်နန်က တစ်ဝက်ကျော်ကျော်ခန့် စားလိုက်ကာ သွမ့်ချန်ချင်းကမူ ဝေစုထဲမှ အနည်းငယ်ကိုသာ စားလိုက်သည်။
သွမ့်ချန်ချင်းက ထိုထက်ပို၍ စားနိုင်သေးသော်ငြား ကျန်နှစ်ယောက်က သူ့ကို အားနည်းလွန်း၍ များများ မစားနိုင်ဟု ထင်နေကြသည်။
စားသောက်ပြီးနောက် ရှဲ့ယွင်နန်က အနည်းငယ် ငိုက်မျဉ်းစ ပြုလာ၏။ တစ္ဆေဘုရင်က ပြောလိုက်သည်။
"အံ့ဖွယ်သားရဲရဲ့ အသားကို စားပြီးရင် စုပ်ယူနိုင်ဖို့အတွက် အိပ်ရမယ်... ကောင်းကောင်း အနားယူလိုက် ငါလည်း ပြန်တော့မယ် မနက်ဖြန်မှ ပြန်လာခဲ့မယ်..."
"ဆရာ့ကို နှုတ်ဆက်ပါတယ် ..."
ရှဲ့ယွင်နန်က ပြောလိုက်သည်။
တစ္ဆေဘုရင်က ပြုံးပြကာ ခပ်သွက်သွက် ပြန်သွားလိုက်၏။
သူ ပြန်သွားပြီးနောက် ရှဲ့ယွင်နန်မှာ အိပ်ချင်စိတ်ကို မထိန်းချုပ်နိုင်၊ ဟန်မဆောင်နိုင်အောင်ပင် ငိုက်မျဉ်းလာတော့သည်။
"ချန်ချင်းရေ ကိုယ်တော့ မရတော့ဘူး သွားအိပ်တော့မယ် ... မင်းလည်း တစ်ရေးလောက် အိပ်သင့်တယ်နော် ..."
ထို့နောက် အိပ်ယာပေါ် လှဲချကာ ချက်ခြင်း အိပ်ပျော်သွားတော့သည်။
သွမ့်ချန်ချင်းက သူ့လက်ကို ကိုင်၍ ခန္ဓာကိုယ်ထဲရှိ စိတ်စွမ်းအင်များကို ကူညီကာ စုပ်ယူပေးလိုက်သည်။ ထိုသို့ ကူညီရင်း ဒဏ်ရာဟောင်းများကိုပါ တစ်ပါတည်း ကုသပေးလိုက်၏။
ထိုမြေခွေးသာ အံ့ဖွယ်သားရဲတို့၏ အသားကို ဆက်တိုက် ထောက်ပံ့ပေးနေမည်ဆိုလျှင် ရှဲ့ယွင်နန်၏ ခန္ဓာကိုယ်မှာ တစ်လပင် မကြာဘဲ ပြန်လည်ကာ သက်သာလာနိုင်မည်ဖြစ်သည်။
ရှဲ့ယွင်နန်၏ ကိုယ်ထဲရှိ စိတ်စွမ်းအင်များကို တူညီသည့် အုပ်စုများ စုစည်းပေးပြီးသည့်နောက် သွမ့်ချန်ချင်းသည် သူ့စိတ်စွမ်းအင်များကိုပါ ရှဲ့ယွင်နန်၏ ကိုယ်ထဲသို့ ပို့ပေးလိုက်သည်။ ထို့နောက် မီးဖိုထဲသို့ သွားကာ ကျန်အသားအားလုံးကို စားလိုက်၏။
သူက ဤထူးဆန်းသည့် သားရဲကို မချက်ခဲ့ပေ။ ထို့ကြောင့် ၎င်း၏ စိတ်စွမ်းအင်များ အများအပြား ဆုံးရှုံးသွားတော့သည်။ မနက်ဖြန်အထိ ထိုအတိုင်း ဆက်ဖြစ်နေပါလျှင် အများဆုံးမှ ဆယ်ပုံတစ်ပုံသာ ကျန်တော့မည် ဖြစ်သည်။
မစားဘဲ ထားလိုက်ဖို့က အရမ်းကို ဖြုန်းတီးရာ ကျလွန်းတယ် ...
ပြီးတော့ သူ့ခန္ဓာကိုယ်ကလည်း ပရိုတိန်းဓာတ်တွေ အားနည်းနေတယ်လေ ...
ခန္ဓာကိုယ်ကလည်း အရမ်း ပိန်လွန်းနေတော့ .. ပိုပြီး သန်မာဖို့ဆို ပရိုတိန်းဓာတ်တွေ အများကြီး လိုအပ်တယ် ...
ရှဲ့ယွင်နန်အဖို့ ယခုလက်ရှိ သူ့အခြေအနေအရ အသားအများအပြား စားခြင်းမှာ မကောင်းပေ။ စွမ်းအင်ကို စုပ်ယူရာ၌ သူ့အကူအညီသာ မပါပါလျှင် ရှဲ့ယွင်နန်မှာ ထိုစွမ်းအင်ကို ချေဖျက်ရန် တစ်နေကုန် တစ်ညလုံး အိပ်စက်နေရမည်ဖြစ်သည်။
ခန္ဓာကိုယ်တွင် အနာတရ ဖြစ်ထားဖူးသည့် ရှဲ့ယွင်နန်သည် အံ့ဖွယ်သားရဲ၏ အသားကို သူ့တစ်ကိုယ်တည်းအားဖြင့် လျင်မြန်စွာ စုပ်ယူနိုင်မည် မဟုတ်ချေ။
နောက်တစ်နေ့မနက် နိုးလာသည့်အခါ ရှဲ့ယွင်နန်၏ တစ်ကိုယ်လုံး လန်းဆန်းတက်ကြွနေတော့၏။
ဒါက အံ့ဖွယ်သားရဲရဲ့ အသားကို စားရတဲ့ ခံစားချက်လား ဒီအသားတွေ ဈေးတအားကြီးနေတာ မထူးဆန်းတော့ပါဘူး ဟိုလူချမ်းသာတွေ ဘာလို့ ဒီလောက် ဈေးကြီးပေးပြီး စားကြလဲ ဆိုတာကိုပါ နားလည်သွားပြီ ...
ထို့နောက် ယခင်နေ့ကလည်း နေ့လည်စာ စားပြီးနောက် အိပ်ပျော်သွားခဲ့မိသည်ကို သတိရလိုက်သောအခါမှ သူသည် ရှဲ့ချင် ပို့ပေးသည့် အသားမှာလည်း အံ့ဖွယ်သားရဲ၏အသား ဖြစ်နိုင်ကြောင်း သဘောပေါက်သွားတော့သည်။
နေပါဦး .. အဲဒီ့နေ့က ချန်ချင်းလည်း အများကြီး စားခဲ့တာ သူ အဆင်ရော ပြေရဲ့လား ...
အိပ်ယာမှ ရုတ်ချည်း ထထိုင်လိုက်ပြီးနောက် သွမ့်ချန်ချင်းမှာ သူ့ထက်အရင် နိုးနေနှင့်ပြီဖြစ်ကြောင်း တွေ့လိုက်သည်။
"မင်း အဆင်ပြေရဲ့လား ..."
သူက စိုးရိမ်တကြီး မေးလိုက်သည်။
"အဆင်ပြေပါတယ် အံ့ဖွယ်သားရဲရဲ့ အသားကို စားရတာ ကျွန်တော့်အတွက် အရမ်း သက်တောင့်သက်သာ ဖြစ်တယ် ..."
သွမ့်ချန်ချင်းက ပြောလိုက်သည်။
"ကျွန်တော်က နည်းနည်းလေးများ ထူးဆန်းနေမလား မသိဘူး ..."
သွမ့်ချန်ချင်းရဲ့ အစားစားနိုင်စွမ်းက အံ့ဩစရာ ကောင်းလောက်အောင်ကို ကြီးမားတာပဲ ...
ရှဲ့ယွင်နန်က သူ့ကို နှစ်သိမ့်လိုက်သည်။
"ဒါက ထူးဆန်းတာ မဟုတ်ပါဘူး မင်းခန္ဓာကိုယ်က မကျန်းမာသေးတော့ အာဟာရတွေ အများကြီး လိုအပ်နေလို့ နေမှာပါ ဒါက ပုံမှန်ပဲ ဖြစ်မယ် အများကြီး တွေးမနေနဲ့နော် ..."
သွမ့်ချန်ချင်းက ပြုံးကာ ပြောလိုက်သည်။
"အင်း .. ခင်ဗျားက ကျွန်တော့်ကို ထူးဆန်းတယ်လို့ မထင်ဘူးလား ..."
"ကိုယ်က မင်းကို ထူးဆန်းတယ်လို့ နည်းနည်းလေးမှကို မထင်မိပါဘူး ..."
ရှဲ့ယွင်နန်က အခိုင်အမာ ပြောလိုက်သည်။
သူက သွမ့်ချန်ချင်းသည် ပြင်းထန်သော ရုပ်ပိုင်းဆိုင်ရာ ပျက်စီးဆုံးရှုံးမှုများကို ခံစားခဲ့ရကာ အင်အား ပြန်လည်ဖြည့်တင်းနိုင်ရန် အလောတကြီး လိုအပ်နေသည့်အတွက် အစားအများအပြား စားသောက်ကာ အံ့ဖွယ်သားရဲတို့၏ အသားကိုပါ တောင့်တမိခြင်း ဖြစ်ရမည်ဟု တွေးမိ၏။
သွမ့်ချန်ချင်းသာ စားချင်ရင် စားလို့ ရတာပေါ့ ...
ဒါပေမယ့် .. သူ့အနေနဲ့ အာဟာရဓာတ်တွေ အကုန်လုံးကို စုပ်ယူနိုင်ပါ့မလား ဆိုတာကိုတော့ မသေချာဘူးပေါ့ ပြီးတော့ အများကြီး စားလိုက်ရင် ပြဿနာ ဖြစ်လာနိုင်သလား ဆိုတာကိုရောပဲ ...
သွမ့်ချန်ချင်း၏ အခြေအနေမှာ ယခင်အတိုင်းပင် မပြောင်းမလဲ ရှိနေသေးကြောင်း သိလိုက်ရမှသာ ရှဲ့ယွင်နန်လည်း စိတ်အေးသွားတော့သည်။
ဆရာတစ်ယောက် ရှိသွားပြီ ဖြစ်သည့်တိုင် သူသည် ကားပြင်ဆိုင်ကိုမူ ဖွင့်ထားဆဲပင်။
တံခါးကို ဖွင့်ပြီးနောက် သူက မေးလိုက်သည်။
"ချန်ချင်း ကိုယ် ဆရာကို လက်ဆောင်တစ်ခုခု ပေးသင့်တယ်လို့ ထင်လား ဘာပေးရရင် ကောင်းမလဲ ..."
ဆရာက သူ့ကို နှစ်ခါတောင် ပေးထားပေမယ့် သူကကျ ဘာတစ်ခုမှ မပေးဖူးဘူးလေ ...
ပြီးတော့ ဘာပေးရမှန်းလည်း မသိဘူး ...
"သူ့မှာ ပစ္စည်းတွေအားလုံး ရှိနေလောက်တယ် ..."
သွမ့်ချန်ချင်းက ပြောလိုက်သည်။
"ဒါဆို ကိုယ် ဘာကို ပေးသင့် ..."
ရှဲ့ယွင်နန်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ ထို့နောက် တစ်ခုခုကို သတိရသွားသည့်ဟန်။
သွမ့်ချန်ချင်းက သူ့ကို အကြံပေးလိုက်၏။
"သူ့ကို ထူးခြားဆေးပင်တစ်ပင်လောက် ဝယ်ပေးလိုက်ရင်ရော ..."
"ထူးခြားဆေးပင်လား ..."
ရှဲ့ယွင်နန်က ပြန်မေးလိုက်သည်။
"တစ်ခြား ဘာမှ ပေးစရာ မရှိဘူးလေ ..."
သွမ့်ချန်ချင်းက ပြောလိုက်သည်။
အဓိကအချက်က ... သူသာ ထူးခြားဆေးပင်ကို ပို့လိုက်မယ်ဆိုရင် အဲဒီ့ ထူးခြားဆေးပင် ထွက်လာအောင် သူ့ကိုယ်ပိုင် စိတ်စွမ်းအင်ကို အသုံးပြုလို့ရတယ် ...
ပြီးတော့ အဲဒီ့ ရှဲ့ချင်အပေါ်လည်း အကြွေးမတင်ချင်ဘူး သူပေးထားတဲ့ အံ့ဖွယ်သားရဲရဲ့ အသားထက် ပိုကောင်းတဲ့ ထူးခြားဆေးပင်တစ်ပင်ကို သေချာပေါက် ပေးရမှာ ...
သူ ရှဲ့ယွင်နန်အပေါ် အကြွေးတင်မတင်ဆိုတာကတော့ ... သူတို့က တာအိုလက်တွဲဖော်တွေ ပြီးတော့ မိသားစုတွေလေ ...
ရှဲ့ယွင်နန်ကလည်း ထိုအကြံမှာ အကောင်းဆုံးဖြစ်သည်ဟု ခံစားမိသော်ငြား သူ့တွင် ငွေအမြောက်အများ ရှိမနေရာ ...
တိုက်တိုက်ဆိုင်ဆိုင်ပင် မွန်းလွဲပိုင်း၌ ဟုန်ယဲ့တောအုပ်မှ ထူးခြားဆေးပင် တူးလာသည့် မုဆိုးတစ်ဦး သူ့ဆိုင်သို့ ရောက်လာသည်။
သွမ့်ချန်ချင်းက ကားကို စိတ်စွမ်းအင်ဖြင့် ဖြန့်ကြက်စစ်ဆေးပြီးနောက် မြောက်များစွာသော စိတ်စွမ်းအင်ဆေးပင်များ ရှိနေကြောင်း တွေ့လိုက်ရသည်။ သို့သော် ထိုသူမှာ သိုလှောင်ရာ၌ မကျွမ်းကျင်။ အပင်တစ်ပင်မှာ သေနေပြီဖြစ်ကာ စိတ်စွမ်းအင်များလည်း လွင့်စင်ပပျောက်နေပြီဖြစ်၏။
"ငါ့ကို ဒီကားလေး ပြင်ထားပေးကြဦးနော် မနက်ဖြန်မှ လာယူမယ် ..."
သူက ကားကို ရပ်ကာ ဆေးပင်များကို ကားပေါ်မှ ချလိုက်သည်။
အပင်မှာ တစ်ခုခု ထူးခြားနေကြောင်း သူကိုယ်တိုင်လည်း သတိပြုမိ၏။
ဒီအပင်ကို ကြည့်ရတာ သိပ်တော့ မဟုတ်တော့ဘူး ...
သူက မျက်မှောင်ကြုတ်လိုက်သည်။
သွမ့်ချန်ချင်းက ထို သေနေပြီဖြစ်သည့် အပင်တွင် ကုသနိုင်သည့် စွမ်းအင်ရှိသော်လည်း စိတ်စွမ်းအင် ပေါများသည့် နေရာတွင်သာ ကြီးထွားကာ ရှင်သန်နိုင်ရန်အတွက်လည်း လိုအပ်ချက်များ အလွန်အမင်း များပြားကြောင်း သိထား၏။ ၎င်းကို တူးဖော်ရာ၌ စိတ်စွမ်းအင် မလုံလောက်ပါလျှင် ချက်ခြင်း ညှိုးလျော်ခြောက်သွေ့သွားမည်ဖြစ်သည်။
ထို့အပြင် ထိုအပင်မှာ ကံလည်း မကောင်း။ ဤကမ္ဘာမှာ စိတ်စွမ်းအင်များ နည်းပါးလှသည့်အတွက် အပင်တစ်ပင်လုံး ပိန်လှီနေ၏။ ထို့အပြင် စိတ်စွမ်းအင်တို့ ပေါကြွယ်ဝသည်ဟု ဆိုရလောက်မည့် ဟုန်ယဲ့တောအုပ်မှ တူးထုတ်ခံခဲ့ရရာ ...
ခြောက်သွေ့ကာ သေဆုံးသွားတော့၏။
ဤကမ္ဘာရှိ လူသားများမှာ စိတ်ဝိဉာဉ်ဆေးပင်များအကြောင်း များစွာ လေ့လာထားခြင်း မရှိ။ စိတ်ဝိဉာဉ်ဆေးပင်ကို နှုတ်ယူပြီးနောက် ၎င်းကို ဆေးအဖြစ် သို့မဟုတ် ဆေးဓာတ်လုံးအဖြစ် အသုံးပြုခြင်း မရှိဘဲ အပင်အတိုင်း စားကြ၏။
တိုက်ရိုက် စား၍ မရသော အချို့သော အဆိပ်ရှိအပင်များကိုမူ နှုတ်ယူခြင်း မပြုကြ၊ သို့မဟုတ် လွှင့်သာပစ်ကြသည်။
သူတို့က စိတ်ဝိဉာဉ်ဆေးပင်များကို မည်ကဲ့သို့ ဂရုစိုက်ရမည်မှန်းလည်း မသိ၊ မည်သို့မည်ပုံ အမျိုးအစား ခွဲခြားကာ ထိန်းသိမ်းရမည်ကိုလည်း မသိ။ ဤမုဆိုးမှာလည်း ထူးမခြားနားပင်။
မဟုတ်မှလွဲရော ဒါက စိတ်ဝိဉာဉ်ဆေးပင်လို့ပါ မသိတာများလား ...
"ဒါက ထူးခြားဆေးပင်လား ကျွန်တော့်ကို တစ်ပင်လောက် ရောင်းပေးလို့ ရမလား ..."
ရှဲ့ယွင်နန်ကလည်း ထိုသူ ကိုင်ထားသည့် ဆေးပင်ကို တွေ့လိုက်သည်။
"မင်းက ထူးခြားဆေးပင်ကို ဝယ်ချင်လို့လား ဘာလို့လဲ ..."
ကြေးစားမုဆိုးမှာလည်း စိတ်ရှုပ်ထွေးသွားသည့်ဟန်။
ရှဲ့ယွင်နန်ထံတွင် သူ ကားပြင်ဖူးခြင်းမှာ ပထမဆုံးအကြိမ် မဟုတ်။ ယခင်ကလည်း အံ့ဖွယ်သားရဲ၊ ထူးခြားဆေးပင်တို့နှင့်အတူ ကားပြင်ရန် မကြာခဏ ရောက်လာဖူးသော်ငြား ရှဲ့ယွင်နန်က တစ်ခါမှ ဝယ်လိုကြောင်း မပြောဖူးခဲ့ချေ။
"တစ်ပင်လောက် လိုချင်ရုံတင်ပါ ... ဒီအပင်တွေကို ဘယ်လို ရောင်းတာလဲ ..."
သူက မေးလိုက်သည်။
"ဈေးအချိုဆုံးက ၅၀,၀၀၀ မင်း ဝယ်ချင်တာ သေချာရဲ့လား ..."
မုဆိုးက မေးလိုက်သည်။
ရှဲ့ယွင်နန်လည်း အာစေးမိသွားရှာ၏။
သူ့တွင် စုဆောင်းထားသည့် ငွေဟူ၍ အများအပြား မရှိ။ ကန်စွန်းဥ ဝယ်ရန်အတွက် ၂၀,၀၀၀ သုံးထားလိုက်ပြီးဖြစ်ရာ ဈေးအချိုဆုံးအပင်ကို ဝယ်ရန်ပင် မတတ်နိုင်တော့ချေ။
"ဒီတစ်ပင်က သေနေပြီ မဟုတ်လား ဒါကိုပဲ ဈေးလျော့ပြီး ရောင်းပေးလိုက်လို့ မရဘူးလား ..."
သွမ့်ချန်ချင်းက ညှိုးလျော်နေသည့် အပင်ကို လက်ညှိုးထိုးပြကာ မေးလိုက်သည်။
မုဆိုးမှာ တတိယအဆင့် တိုက်ခိုက်သူ ဖြစ်သည့်အပြင် အတွေ့အကြုံအချို့လည်း ရှိထားသူ ဖြစ်သည့်အတွက် ဤအပင်မှာ တစ်ခုခု မှားယွင်းနေကြောင်း မုချ သတိပြုမိပေသည်။
အံ့ဖွယ်သားရဲတို့၏ အသားမှာ သေဆုံးပြီးချိန် ကြာမြင့်လေလေ တန်ဖိုးနည်းလာလေ ဖြစ်သည်။ အလားတူပင် ထူးခြားဆေးပင်တို့သည်လည်း ညှိုးလျော်သေဆုံးသွားသည်နှင့် တစ်ပြိုင်နက် တန်ဖိုးမရှိတော့။
သူက ထိုဆေးပင်အကြောင်း တွေးပူနေစဉ် သွမ့်ချန်ချင်းက ထုတ်ပြောလာရာ ...
"ဒီအပင့်က အဆင့်နိမ့်အပင်တော့ မဟုတ်ဘူးကွ အခု နည်းနည်းလေး ညှိုးလျော်နေတယ်ဆိုပေမယ့် ဒီလောက်ကတော့ ပြဿနာ အကြီးကြီးလည်း မဟုတ်ပါဘူး .. ဒါပေမယ့် ငါတို့တွေက ဟိုးအရင်ကတည်းက ရင်းနှီးလာပြီးသားသူတွေဆိုတော့ မင်းတို့ကို ၂၀,၀၀၀ နဲ့ပဲ ပေးလိုက်မယ်လေ ..."
ရှဲ့ယွင်နန်က ထူးခြားဆေးပင်များအကြောင်း မသိထားသော်ငြား ၂၀,၀၀၀ မှာ ဈေးမကြီးလှဟုတော့ ခံစားမိသည်။ သူက လက်ခံတော့မည်ပြုစဉ် သွမ့်ချန်ချင်းက ပြောလိုက်သည်။
"ယွမ် ၁၀,၀၀၀ ကားကို ဒီတစ်ခါ အလကား ပြင်ပေးမယ် ဒီလိုဆိုရင်ရော ..."
မုဆိုးက အနည်းငယ် တုန့်ဆိုင်းသွား၏။ ဤအပင်မှာ သေနေပြီဟု ယူဆရသည့်တိုင် မြို့တော်တွင် ဝယ်သူ တစ်ဦးနှစ်ဦးခန့် ရှိနေနိုင် ..
သွမ့်ချန်ချင်းက ထပ်ပြောလိုက်သည်။
"မဟုတ်သေးဘူး ၁၀,၀၀၀ ဆိုတောင် များနေသေးတယ် အပင်က သေနေပြီးသားဆိုတော့ ..."
"၁၀,၀၀၀ ကကို ဈေးချိုလွန်းနေပြီ မင်း ယူချင်ရင် ၁၀,၀၀၀ နဲ့ ရောင်းပေးမယ် မလိုချင်ရင်လည်း ငါပြန်တော့မယ် ..."
မုဆိုးက ပြောလိုက်သည်။
"လိုချင်တယ် ..."
သွမ့်ချန်ချင်းက အပြီးသတ် ဆုံးဖြတ်ချက်ကို ချလိုက်သည်။
ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် ထူးခြားဆေးပင် ဝယ်ယူပြီးနောက် ရှဲ့ယွင်နန်မှာ အနည်းငယ် ပူပန်လာတော့သည်။
"ချန်ချင်း ဒီအပင်က သေနေပြီဆို ကိုယ်တို့တွေ ဝယ်တာ အသုံးရော ဝင်ပါ့မလား ..."
သွမ့်ချန်ချင်းက ပြောလိုက်သည်။
"ကျွန်တော် အိုးတစ်အိုးထဲ ပြန်စိုက်ပြီး ရေလောင်းပေးလိုက်မယ် ..."
ရှဲ့ယွင်နန်က တစ်ခဏမျှ စဉ်းစားကာ သဘောတူလိုက်သည်။
သူ့အမြင်တွင် ထူးခြားဆေးပင်သည်လည်း အပင်တစ်မျိုးပင် ဖြစ်သည်။
ရေလောင်းပြီးရင်တော့ အဆင်ပြေသွားလောက်တယ် မဟုတ်လား ...
သွမ့်ချန်ချင်းက အိုးတစ်လုံးကို ရှာကာ အပင်ကို ပြန်စိုက်လိုက်သည်။ ထို့နောက် ရေအနည်းငယ်လည်း လောင်းပေးလိုက်၏။ သို့သော် ၎င်းမှာ အဓိကမဟုတ်။
အဓိကအချက်မှာ .. သူသည် စိတ်စွမ်းအင်အစိုင်အခဲမှ ဖြာထွက်လာသည့် စိတ်စွမ်းအင်များကို မစုပ်ယူဘဲ အပင်ထံသို့ အားလုံး ပို့ပေးလိုက်ခြင်း ဖြစ်သည်။
"ဝုတ် ဝုတ် ဝုတ် ..."
ရှောင်ပိုင်က လောဘတကြီး ဟောင်လိုက်သည်။
"ပြီးရင် မင်းကိုလည်း ပေးပါ့မယ် ..."
သူက ရှောင်ပိုင်၏ ခေါင်းကို ပွတ်ပေးကာ အပင်ကို စိတ်စွမ်းအင်များ ဆက်ထည့်ပေးနေလိုက်သည်။
ထိုအပင်မှာ သေလုဆဲဆဲ အခြေအနေသို့ ရောက်နေပြီ ဖြစ်သော်ငြား လုံလောက်သည့် စိတ်စွမ်းအင်ကို ရနေသရွေ့ ရှင်သန်နိုင်ပေသည်။
အရည်အသွေးလည်း တိုးမြင့်လာမည် ဖြစ်သည်။
၎င်းကို လက်ထဲတွင် ကိုင်ထားရင်း စိတ်စွမ်းအင်များ အဆက်မပြတ် ထုတ်ပေးလိုက်၏။ တစ်ဖြည်းဖြည်း အစိမ်းရောင်သမ်းလာကာမှသာ စိတ်အေးသွားရတော့သည်။
တစ်ခဏမျှ တွေးပြီးနောက် သူက ပန်းအိုးကိုတစ်ဖက် ရှောင်ပိုင်ကို ကျန်လက်တစ်ဖက်ဖြင့် ပွေ့ကာ အောက်ထပ်သို့ ဆင်းလာလိုက်သည်။
ကားပြင်နေသည့် ရှဲ့ယွင်နန်ကလည်း သူ့လက်ထဲမှ ပန်းအိုးကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် ပြုံးမိသွား၏။
အပင်က ရှင်နေတုန်းပဲ ပေးစရာ လက်ဆောင် မရှိမှာကို ပူနေစရာ မလိုတော့ဘူး ...
ဒီ ၁၀,၀၀၀ တန် ထူးခြားဆေးပင်က နည်းနည်းလေးများ ...
သူ တွေးနေစဉ်မှာပင် တစ္ဆေဘုရင် ရောက်လာလေသည်။
ဤမနက်တွင်လည်း တစ္ဆေဘုရင်သည် ထုံးစံအတိုင်းပင် ဟုန်ယဲ့တောအုပ်သို့သွားကာ အမဲလိုက်ခဲ့သည်။ ဤတစ်ခေါက်တွင် အနည်းငယ် ပိုအားစိုက်ထုတ်ခဲ့သဖြင့် ယုန်အရှင်တစ်ကောင်ကို ဖမ်းမိနိုင်ခဲ့၏။
ထိုယုန်မှာ အလယ်အလတ်အဆင့်သို့ ရောက်ရှိရန် စိတ်စွမ်းအင်ဆေးပင်အချို့ကို စားထားဖူးပြီးဖြစ်သည်။ ၎င်းမှာ သာမန်ယုန်များထက် ပိုမိုကြီးမားပြီး ပေါင် ၃၀ ခန့် အလေးချိန်စီး၏။ ခြေကန်ချက် တစ်ချက်တည်းကပင်လျှင် အဆင့်နိမ့်တိုက်ခိုက်ရေးသမားတစ်ဦးကို အလဲထိုးနိုင်ပေသည်။
သိူ့သော် တစ္ဆေဘုရင်အဖို့မူ ဖမ်းနိုင်ရန် လွန်စွာ လွယ်ကူနေဆဲပင်။
ယုန်ကို ဖမ်းကာ သားဖြစ်သူအတွက် လေ့ကျင့်ရေး အစီအစဉ်တစ်ခု ပြုလုပ်ပြီးနောက် တစ္ဆေဘုရင်သည် ရှဲ့ယွင်နန်ကို တွေ့ရန် ထွက်လာလိုက်သည်။
ယမန်နေ့က အံ့ဖွယ်သားရဲ၏ အသားကို အများအပြား စားထားခဲ့သည့်အတွက် ရှဲ့ယွင်နန်ကို နိုးလိမ့်ဦးမည်မဟုတ်ဟုပင် ထင်ထားခဲ့သော်ငြား ... ခွန်အားအပြည့်ဖြင့် ကားပြင်နေသူကို တွေ့လိုက်ရသည်။
"မနေ့က အိပ်ပျော်သွားပြီးတော့ ဘယ်အချိန် ပြန်နိုးလာလဲ ..."
သူက မေးလိုက်သည်။
"ခြောက်နာရီ ကျော်ကျော်လောက်ပါ ..."
ရှဲ့ယွင်နန်က လက်ဆေးနေရင်း ပြန်ဖြေလိုက်သည်။
"ဆရာ ပြဿနာတစ်ခုခု ရှိလို့လား ..."
"ပြဿနာ မရှိပါဘူး ..."
ဒါက ကောင်းတဲ့ကိစ္စလို့တောင် ပြောလို့ရတယ် .. သူ့သားမှာ အလားအလာကောင်းတွေ ရှိတယ်ဆိုတဲ့ သဘောပဲလေ ....
ထို့နောက် သူက ထပ်မေးလိုက်သည်။
"မနေ့က ကျန်တဲ့ အသားတစ်ပုံးက ..."
"ကျွန်တော် အကုန် စားလိုက်မိသွားတယ် ..."
ရှဲ့ယွင်နန်က ရှက်ရွံ့စွာဖြင့် ပြန်ဖြေလိုက်သည်။ အမှန်တကယ်တွင် သွမ့်ချန်ချင်း စားခဲ့ခြင်း ဖြစ်သော်ငြား ဆရာဖြစ်သူမှာ သွမ့်ချန်ချင်းကို မနှစ်သက်ဟု ဝိုးတဝါး ခံစားမိနေရာ ..
သူ စားသည်ဟုသာ ပြောလိုက်သည်။
အသားကို တစ်ည သိမ်းထားခြင်းက ပါဝင်သည့် စိတ်စွမ်းအင်ကို လျော့နည်းသွားစေနိုင်သော်ငြား _ ၎င်းကို ဤမျှအထိလည်း အလျင်အမြန် မစုပ်ယူနိုင်လောက်ချေ။ တစ္ဆေဘုရင်က သားဖြစ်သူကို အံ့ဩတကြီး ငေးကြည့်နေလိုက်၏။
သူ့သားက သူ့ထက်ကို ပိုပြီး ပါရမီပါနေတာလား ...
"ငါ့ကို ရှောင်ပိုင်ကို ပြလို့ ရမလား ..."
သူက မေးလိုက်သည်။ အံ့ဖွယ်သားရဲ၏ အသားကို စားသောက်ပြီးနောက် ရှောင်ပိုင်တွင် ထူးခြားမှုတစ်ခုခု ရှိမရှိ စိတ်ဝင်စားမိနေ၏။
"ချန်ချင်း ..."
ရှဲ့ယွင်နန်က လှမ်းခေါ်လိုက်သည့်အခါ သွမ့်ချန်ချင်းက ရှောင်ပိုင်ကို ပွေ့ထားလျက် အနားသို့ ရောက်လာသည်။
ရှောင်ပိုင်၏ ဦးခေါင်းမှာ ယမန်နေ့ကထက် ယောင်ယောင်လေး ပိုကြီးလာ၏။
၎င်းကို တစ္ဆေဘုရင်နည်းတူ ရှဲ့ယွင်နန်လည်း သတိပြုမိလိုက်သည်။
သူ့သားက အံ့ဖွယ်သားရဲရဲ့ အသားကို နည်းနည်းလေးပဲ စားလိုက်ရသေးတယ် အဖော်သားရဲကပါ ချက်ခြင်း သန်မာလာပြီ .. ဒီ ပါရမီက အတော်လေးကို အားကောင်းတာပဲ ..
မွေးကတည်းကသာ သူ့အမေနဲ့ နေခွင့်ရရင် အခုလောက်ဆို စီနီယာအဆင့် တိုက်ခိုက်သူတောင် ဖြစ်နေလောက်ပြီ ..
တစ္ဆေဘုရင်က တွေးနေရင်းပင် တစ်ခုခု မှားယွင်းနေကြောင်း ခံစားမိလိုက်သည်။
သူ့မြေခွေးက သွမ့်ချန်ချင်း၏ ခြေထောက်နား သွားကာ အလိုလိုက်ခံထားရသည့် ကလေးတစ်ယောက်နှယ် ပွတ်သီးပွတ်သပ် လုပ်နေလိုက်၏။
သူ့မြေခွေးကို မနေ့ကတည်းက ရှဲ့ယွင်နန်ကို ထုတ်ပြထားပြီး ဖြစ်သည့်အပြင် ၎င်းမှာ
ကိုယ်ယောင်ဖျောက်နိုင်စွမ်းလည်း ရှိသည့်အတွက် ယနေ့ ရောက်လာသည့်အခါတွင်လည်း အပြင်ထုတ်ထားမိခြင်း ဖြစ်သည်။
၎င်းကို ရှောင်ပိုင်နှင့် ရင်းနှီးစေလို၍ ဖြစ်သော်ငြား ..
သူ့မြေခွေးက သွမ့်ချန်ချင်းရဲ့ အနားကို တကယ်ကြီး ကပ်သွားတယ် ...
ဘာတွေ ဖြစ်ကုန်တာလဲ ...
အဲဒီ့ သွမ့်ချန်ချင်းမှာ ပြဿနာတစ်ခုခု ရှိနေတာလား ...