Chapter 31
စိတ်စွမ်းအင်အပင်ကို ပျိုးထောင်နေသည့် သွမ့်ချန်ချင်းက တစ္ဆေဘုရင် ရောက်လာသည်နှင့် တစ်ပြိုင်နက် ချက်ခြင်း ရပ်တန့်လိုက်သည်။
သူ ရပ်လိုက်သည့်တိုင် သန့်စင်သည့် စိတ်စွမ်းအင်များကမူ စိတ်စွမ်းအင်မြက်ပင် အနီးတစ်ဝိုက်တွင် ပျံ့လွင့်နေဆဲပင်။
သန့်စင်မှုနှင့် သိပ်သည်းဆမှာ သူ ရှောင်ပိုင်ကို ကျွေးလေ့ရှိသည့် စိတ်စွမ်းအင်များထက်ပင် ပိုမိုမြင့်မား၏။ ထို့ကြောင့် စိတ်စွမ်းအင်များ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားပြီ ဖြစ်သည့်တိုင် တစ္ဆေဘုရင်၏ မြေခွေးမှာ ဆွဲဆောင်ခြင်း ခံလိုက်ရကာ ရှောင်ပိုင်ကဲ့သို့ပင် သူ့ကို တရင်းတနှီး ဆက်ဆံလာသည်။
သူ့ခန္ဓာကိုယ်ထဲမှ စိတ်စွမ်းအင်အားလုံးကို လက်စဖျောက်ပြီးဖြစ်သည့် သွမ့်ချန်ချင်းက တစ္ဆေဘုရင်ကို အပြစ်ကင်းစင်သော အကြည့်တို့ဖြင့်သာ ကြည့်လိုက်သည်။
"ဘာများ ဖြစ်လို့လဲဟင် ..."
တစ္ဆေဘုရင်က သူ့အဖော်သားရဲကို ဆက်သွယ်ပြီးသည်နှင့် တစ်ပြိုင်နက် တစ်ခုခု မှားနေကြောင်း သတိပြုမိလိုက်သည်။
အလယ်အလတ်အဆင့်သို့ ရောက်ရှိပြီးသူများသည် အဖော်သားရဲနှင့် ဆက်သွယ်နိုင်ကာ ကမ္ဘာလောကကိုပင်လျှင် အဖော်သားရဲ၏ ရှုထောင့်မှတစ်ဆင့် မြင်နိုင်စွမ်း ရှိလာနိုင်၏။
တိုက်ခိုက်သည့်အခါတွင် ဤသို့သော နည်းလမ်းဖြင့် အဖော်သားရဲ၏ တိုက်ခိုက်ရေးစွမ်းရည်ကို အမြင့်ဆုံးအဆင့်အထိရောက်အောင် ဆွဲတင်ပေးနိုင်သည်။
တစ္ဆေဘုရင်က သူ့အဖော်သားရဲ၏ အာရုံငါးပါးကို ဝေမျှခံစားပြီးနောက် သွမ့်ချန်ချင်း၏ လက်ထဲရှိ ရှားပါးဆေးပင်၏ ထူးကဲမှုကို သတိပြုမိသွားတော့သည်။
"ဒီ ထူးခြားဆေးပင်က ..."
သူက သွမ့်ချန်ချင်း၏ လက်ထဲရှိ အပင်ကို အံ့ဩတကြီး စိုက်ကြည့်လိုက်သည်။ ထိုအပင်မှာ အလယ်အလတ်အဆင့်နီးပါး ရှိနေနိုင်ကာ တန်ဖိုးအားဖြင့်လည်း သူ့လက်ထဲရှိ ယုန်ထက် လျော့နည်းလိမ့်မည် မဟုတ်ချေ။
ဘယ်လိုဖြစ်လို့ အလယ်အလတ်အဆင့် ထူးခြားသစ်ပင်က သွမ့်ချန်ချင်းရဲ့လက်ထဲ ရောက်နေရတာလဲ ...
ပြီးတော့ စောစောတုန်းက သူ့မြေခွေးရဲ့ ထူးထူးခြားခြား အပြုအမူတွေက ...
သွမ့်ချန်ချင်း၏ စိတ်စွမ်းအင် အငွေ့အသက်မှာ ပျောက်ကွယ်သွားပြီဖြစ်သည့်အတွက် မြေခွေးကလည်း သူ့ကို အာရုံမစိုက်တော့။ ထိုအစား ထူးခြားဆေးပင်ကိုသာ စိုက်ကြည့်နေသည်။
သွမ့်ချန်ချင်း၏ စိတ်စွမ်းအင်တို့ဖြင့် အာဟာရ ဖြည့်တင်းလိုက်ရသည့်အတွက် ထိုအပင်မှာ တစ်ဖြည်းဖြည်းချင်း မျက်စိကျစရာ ဖြစ်လာသည်။
တစ္ဆေဘုရင်မှာ မူမမှန်မှု တစ်ခုကိုမှ မတွေ့ရသည့်တိုင် မြောက်များစွာသော ဖြစ်ရပ်များကို ကြုံတွေ့ဖူးသူ ဖြစ်သည့်အလျောက် တစ်ခုခု လွဲမှားနေသည်ဟု ခံစားမိနေ၏။
သူ့သားရဲ့ လက်တွဲဖော်က ထင်သလောက် ရိုးရှင်းမနေမှာကို ကြောက်မိတယ် ...
သူက ရှဲ့ယွင်နန်၏ နောက်ကြောင်းရာဇဝင်ကို စုံစမ်းကြည့်ဖူး၏။ ရှဲ့ယွင်နန်မှာ ဆင်ခြေဖုံးဒေသတွင်သာ တစ်သက်လုံး နေထိုင်ခဲ့သူ ဖြစ်သည့်အတွက် သူ့ဘဝဇာတ်ကြောင်းကို ယေဘုယျအားဖြင့် ခြုံငုံသိရှိထားပြီးဖြစ်သည်။
သို့သော် သွမ့်ချန်ချင်းနှင့် ပတ်သက်၍မူ ... တစ်ခုတစ်လေကိုမှ ရှာမတွေ့ခဲ့။
ယနေ့ သူ့မြေခွေး၏ တုန့်ပြန်ပုံမှာလည်း ထူးဆန်းနေရာ ... သူကိုယ်တိုင်ပင် သတိမပြုမိပါဘဲ သွမ့်ချန်ချင်းနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်ထားလိုစိတ်များ ဖြစ်လာတော့သည်။
လူတစ်ယောက်လောက် ရှာပြီး သွမ့်ချန်ချင်းအကြောင်း စုံစမ်းခိုင်းဦးမှပဲ ...
အတွေးတို့ ရစ်ဝဲနေစဉ်မှာပင် ရှဲ့ယွင်နန်က သူ့ကို သိလိုစိတ်အပြည့်ဖြင့် မေးလိုက်သည်။
"ဒီအပင်က ဘာဖြစ်လို့လဲ ..."
သားဖြစ်သူ၏ အမေးစကားကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် တစ္ဆေဘုရင်က ချက်ခြင်း ပြန်ဖြေလိုက်သည်။
"ဒါက အလယ်အလတ်အဆင့် ထူးခြားအပင်လေ .. ဒါ ဘယ်ကနေ ရောက်လာတာလဲ ..."
"ကျွန်တော် ဒီနေ့ပဲ ဝယ်ခဲ့တာ ..."
ရှဲ့ယွင်နန်က ပြန်ဖြေလိုက်သည်။
"ဆရာ .. ဒါက ကျွန်တော် ဆရာ့အတွက် ဝယ်ခဲ့တာဆိုပေမယ့် ထူးခြားအပင်တွေနဲ့ ပတ်သက်ပြီး ဘာမှ သိမထားတော့ ဆရာ့အတွက် အသုံးဝင်ပါ့မလားပဲ ..."
"ဒီအပင်က အရမ်းကောင်းတယ် ငွေတွေ အများကြီး ကုန်မှာပေါ့ ..."
တစ္ဆေဘုရင်က မေးလိုက်သည်။
"မင်း ဘယ်ကနေ ဝယ်ခဲ့တာလဲ ..."
ရှဲ့ယွင်နန်၏ သရုပ်မှန်ကို အတည်ပြုပြီးနောက် တစ္တေဘုရင်သည် ရှဲ့ယွင်နန်ကို ကာကွယ်ရန် သူ့ငယ်သားများကို အနီးအနား၌ နေရာချထားခဲ့၏။
သူ့လူများက ရှဲ့ယွင်နန်၏ အနားသို့ မချဉ်းကပ်သည့်တိုင် သူ လုပ်သမျှတိုင်းကို စောင့်ကြည့်နေကြမည်ဖြစ်သည်။
သူသိထားသလောက်ဆိုလျှင် ရှဲ့ယွင်နန်သည် ဒီနေ့တစ်နေကုန် မြို့ထဲမှ မခွါခဲ့။
"ကားလာပြင်တဲ့ မုဆိုးတစ်ယောက်စီကနေ ဝယ်လိုက်တာပါ ..."
ရှဲ့ယွင်နန်က ဖြစ်ကြောင်းကုန်စင်ကို ပြန်ပြောပြလိုက်သည်။
တစ္ဆေဘုရင် ".."
သူ့သားက ပါရမီဓာတ်ခံ ရှိရုံတင် မကဘူး ကံလည်း ကောင်းတာပဲ ...
အလယ်အလတ်အဆင့် အပင်တစ်ပင်ကို ယွမ် ၁၀,၀၀၀ ဒါက အကြီးကြီးကို ပွပေါက်တိုးတာပဲ မဟုတ်လား ...
နေပါဦး ဒါနဲ့ ဘာလို့ အပင်ကို အိုးအစုတ်ထဲ ထည့်စိုက်ထားတာလဲ ...
သူက အပင်ကို အိုးအဟောင်းတစ်လုံးထဲ ထည့်စိုက်ထားခြင်းဖြစ်ကြောင်း သိလိုက်ရသည့်အခါ အနည်းငယ် ရှုပ်ထွေးသွားသည်။
ဒီလိုအပင်မျိုးဆိုတာ နေရာနဲ့ ပတ်သက်ရင် အရမ်း ဇီဇာကြောင်တာလေ တစ်ခါတစ်လေဆို အိုးပြောင်းစိုက်လိုက်တာနဲ့ တစ်ပြိုင်နက် သေတောင်သေသွားတတ်တာကို ...
ဒါပေမယ့် ဒီတစ်ပင်ကတော့ တော်တော်လေး အခြေအနေ ကောင်းနေသေးတာပဲ ...
"ဆရာ ဒီအပင်က ဆရာ့အတွက်ပါ ..."
ရှဲ့ယွင်နန်က ပြောလိုက်သည်။
"ဒီအပင် မင်းဘာသာမင်းပဲ သိမ်းထားလိုက် ငါ့အတွက် မလိုအပ်ဘူး ...
တစ္ဆေဘုရင်က ပြောလိုက်သည်။
ဤသို့သော ထူးခြားအပင်များမှာ လွန်စွာ ဈေးကြီးလှ၏။ အထူးသဖြင့် ဟုန်ယဲ့မြို့တော်လို နေရာမျိုးတွင် သာ၍ပင် ဈေးကြီးသေးသည်။
ဒါကို သူ့အတွက် သုံးလိုက်ရင် အလဟဿ ဖြစ်သွားမှာပေါ့ အဲဒီ့အစား ရှဲ့ယွင်နန်ကို သုံးခိုင်းလိုက်တာကမှ ပိုကောင်းဦးမယ် ...
"ဆရာ ဒါက ဆရာ့အတွက်ပါ ကျွန်တော်တို့ရဲ့ ဂါရဝပြု လက်ဆောင်ပါ ..."
ရှဲ့ယွင်နန်က ပြောလိုက်သည်။
တစ္ဆေဘုရင်က ငြင်းဆန်လိုသော်ငြား သွမ့်ချန်ချင်းက အပင်ကို မြေခွေး၏ ပါးစပ်ထဲသို့ ရုတ်တရက် ထည့်လိုက်သည်။
မြေခွေးကလည်း တစ်လုပ်တည်းဖြင့် မျိုချလိုက်၏။
တစ္ဆေဘုရင် "..."
အမြီးကိုးချောင်း မြေခွေးက သူ့ကို အပြစ်ကင်းစင်သည့် အကြည့်တို့ဖြင့် ပြန်ကြည့်လိုက်သည်။ အပင်ကို စားပြီးနောက် ၎င်းက သွမ့်ချန်ချင်း ပွေ့ချီထားသည့် ရှောင်ပိုင်ကို မော့ကြည့်ကာ .. အမြီးကို တရစပ် လှုပ်ယမ်းပြလိုက်သည်။
ဟေး မင်းက အမြီးကိုးချောင်း မြေခွေးလေ ဘာလို့ အမြီးတယမ်းယမ်းနဲ့ လုပ်နေရတာလဲ ...
တစ္ဆေဘုရင်မှာ သူ့အဖော်သားရဲကို ကြည့်ပြီး ပြောစရာစကားပင် မရှိတော့။
များမကြာမီ နောက်တစ်ဖန် ကြောင်အသွားရပြန်သည်။
အဖော်သားရဲက ထိုအပင်ကို စားပြီးနောက် တစ္ဆေဘုရင်သည် သူ့ဒဏ်ရာများ အနည်းငယ် သက်သာလာကြောင်း ခံစားမိလိုက်သည်။
ဒီထူးခြားအပင်မှာ ကုသခြင်းစွမ်းအင်ပါ ရှိနေတာလား ...
ကုသခြင်းစွမ်းအင်ကိုပါ ပိုင်ဆိုင်ထားသည့် ထူးခြားဆေးပင်တို့၏ အဖိုးတန်မှုမှာ အခြားထူးခြားအပင်တို့ထက်ပင် မြင့်မားလှသည်။
ဒီအပင်က အဆင့်မြင့်အပင် မဟုတ်တာ နှမြောစရာပဲ ဒါက သူ့ကို ပိုပြီး နေရသက်သာလာအောင် လုပ်ပေးနိုင်ပေမယ့် ဒဏ်ရာအပေါ်မှာတော့ နည်းနည်းလေးပဲ အကျိုးသက်ရောက်တယ်...
ဒါဆို ဒါကြောင့် သူ့မြေခွေးက ဒီအပင်ကို သဘောကျနေတာပေါ့ ...
သူက သွမ့်ချန်ချင်းကို ဖျတ်ခနဲ လှည့်ကြည့်ပြီးနောက် ရှဲ့ယွင်နန်အား ခွန်အားများ တိုးတက်လာအောင် မည်ကဲ့သို့ လေ့ကျင့်ရမည်ကို စတင် သင်ကြားပေးလိုက်သည်။
ခွန်အားတိုးမြင့်လာစေရန်မှာ လွန်စွာ ရိုးရှင်းလှ၏။ ပထမဆုံး လုပ်ရမည့်အရာမှာ အံ့ဖွယ်သားရဲအသားနှင့် ရှားပါးအပင်တို့ကဲ့သို့သော အရင်းအမြစ်များ လုံလုံလောက်လောက် ရှိထားရန်ဖြစ်သည်။
ထို့အပြင် လေ့ကျင့်ခန်းများလည်း ပါသေး၏။ လေ့ကျင့်ခန်းအများစုမှာ အဖော်သားရဲအတွက် ရည်ရွယ်ပေသည်။
"အရေးအကြီးဆုံးအချက်ကတော့ သေချာပေါက်ကို တိုက်ခိုက်ရေးစွမ်းရည်ပဲပေါ့ မင်းနဲ့ မင်းရဲ့ အဖော်သားရဲက ထုတ်ပြောနေစရာကို မလိုဘဲ ပူးပေါင်းဆောင်ရွက်ရာကနေ ထွက်လာတဲ့ တိုက်ခိုက်ရေးစွမ်းရည်ကမှ ..."
ရှဲ့ယွင်နန်က ဂရုတစိုက် နားထောင်လိုက်သည်။
သွမ့်ချန်ချင်းမှာ ပြောစရာစကားပင် မရှိတော့။
အဖော်သားရဲဆိုတာ လူတစ်ယောက်ရဲ့ ပင်မခန္ဓာကိုယ်လေ အဲဒါကို ရိုးရိုးတန်းတန်း မလေ့ကျင့်ဘဲ သူတို့က အစစ်အမှန်ခန္ဓာကိုယ်ကို တိုက်ခိုက်ခိုင်းတယ် ဟုတ်လား ... တကယ်လို့ အစစ်အမှန်ခန္ဓာကိုယ်သာ ထိခိုက်သွားရင် အခြေခံအုတ်မြစ်ကိုပါ ဖျက်ဆီးမိရာ ရောက်သွားမှာပေါ့ ...
ပြီးတော့ အံ့ဖွယ်သားရဲအသားတွေ ရှားပါးအပင်တွေကို စားတာကလည်း တွေ့ကရာကို လျှောက်စားလို့ မရဘူးလေ မသန့်စင်မှုတွေ စုပုံလာနိုင်ချေ များသွားမှာပေါ့ ...
ဒီပုံစံအတိုင်းသာဆို တိုက်ခိုက်သူအများစုရဲ့ ခန္ဓာကိုယ်ထဲမှာ ပြဿနာတွေ ကျိန်းသေ ရှိနေမှာပဲ ...
ဒီလိုဆိုမှ သူ့ရှေ့မှာ ရှိနေတဲ့ မြေခွေးကလည်း ဒဏ်ရာတွေ အများကြီး ရထားပါ့လား!!!
ဒါပေမယ့် သူက ရန်သူလား မိတ်ဆွေလားဆိုတာကို အခုထိ ကွဲကွဲပြားပြား မသိရသေးတော့ ...
သွမ့်ချန်ချင်းက များများစားစား မပြောခဲ့။
ရှဲ့ယွင်နန်၏ ကျင့်ကြံခြင်းအတွက်မူ ... ဘေးတွင် သူ ရှိနေသရွေ့ ရှဲ့ယွင်နန်၌ ပြဿနာ တစ်စုံတစ်ရာမှ ဖြစ်လိမ့်မည် မဟုတ်ပေ။
အချို့သော ကိစ္စများကို ရှင်းပြပြီးနောက် တစ္ဆေဘုရင်က ပြောလိုက်သည်။
"ငါ ညစာ သွားပြင်လိုက်ဦးမယ်..."
သူ ယူလာသည့် အံ့ဖွယ်သားရဲ၏ အသားကို ညစာအဖြစ် စားသောက်နိုင်ပေသည်။
"ကျွန်တော်လုပ်လိုက်ပါ့မယ် ..."
သွမ့်ချန်ချင်းက ပြောလိုက်သည်။
သူသာ ညစာ ပြင်ဆင်ရမယ်ဆိုရင် ဒီအသားထဲမှာ ရှိနေတဲ့ စွမ်းအင်တွေကို အမြင့်ဆုံးအဆင့်အထိ ရောက်အောင် မြှင့်တင်ပေးလို့ ရတယ်လေ ...
"ကောင်းပြီလေ ဒါဆိုလည်း မင်းပဲ လုပ်လိုက်တော့ ..."
တစ္ဆေဘုရင်၏ မျက်ဝန်းတို့ ဝင်းလက်သွားကာ ရှဲ့ယွင်နန်ဘက်သို့ ပြန်လှည့်လိုက်သည်။
"သူ ချက်နေတုန်း ရှောင်ပိုင်ကို ဒီနားပဲ နေခိုင်းလိုက်လေ ငါ ရှောင်ပိုင်ကို ဘယ်လို လေ့ကျင့်ရမလဲဆိုတာ သင်ပေးမယ် ..."
ပြီးခဲ့သည့်ညက သူသည် ရှောင်ပိုင်နှင့် နီးကပ်နိုင်မည့် အခွင့်အရေးတစ်ခု ရခဲ့သော်ငြား ငိုက်မျဉ်းနေသည့် သားဖြစ်သူကို အနှောင့်အယှက် မပေးလိုသောကြောင့် စိုက်ခင်းသို့သာ ပြန်လာခဲ့သည်။
အခု အခွင့်အရေး ထပ်ရလို့ တော်သေးတာပေါ့ ...
ရှဲ့ယွင်နန်၏ အဖော်သားရဲမှာ အနည်းငယ် ကြီးထွားလာပြီ ဖြစ်သည့်တိုင် ၎င်းမှာ ခွေးပေါက်စတစ်ကောင်သာ ဖြစ်နေဆဲပင်။
ချစ်စရာကောင်းလိုက်တာ ...
တစ္ဆေဘုရင်မှာ ထိုအဖော်သားရဲ ပေါက်စလေးနှင့် အတိုက်အခိုက် လေ့ကျင့်ခိုင်းရမည်ကိုပင် ရှက်ရွံ့မိလာ၏။
ထားပါ သူ နည်းနည်းကြီးလာတဲ့အထိ စောင့်ပြီးမှပဲ ကောင်းကောင်း လေ့ကျင့်ပေးကြတာပေါ့ အခုတော့ ခံစားချက်တွေ ပျိုးထောင်ဖို့ကိုပဲ အာရုံစိုက်လိုက်ပါဦးမယ် ...
ကော့တက်လာသည့် နှုတ်ခမ်းထောင့်စွန်းတို့ကြောင့် အမာရွတ်တို့ဖြင့် ပြည့်နှက်နေသည့် သူ့မျက်နှာမှာ ပို၍ပင် ကြောက်ဖို့ကောင်းလာတော့သည်။
ထိုစဉ် သွမ့်ချန်ချင်းက ရှောင်ပိုင်ကို ရှဲ့ယွင်နန်၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။
"ယွင်နန် ရှောင်ပိုင်ကို လေ့ကျင့်ဖို့ ခေါ်ထားလိုက်လေ မစ္စတာရှဲ့ကလည်း အမြဲတမ်း မင်းကို သင်ပေးဖို့ အားမှာ မဟုတ်ဘူး သင်ပြီးသွားရင် ရှောင်ပိုင်ကို မင်းဘာသာမင်း လေ့ကျင့်လို့ ရပြီ ..."
ရှဲ့ယွင်နန်က ခေါင်းငြိမ့်ပြကာ ရှောင်ပိုင်ကို ပွေ့ဖက်၍ တစ္ဆေဘုရင်ကို မေးလိုက်သည်။
"ဆရာ ကျွန်တော် ဘယ်လို လေ့ကျင့်ပေးသင့်လဲ ..."
"ရှောင်ပိုင်ကို ငါ့ကိုပေး မင်းကို တစ်ခေါက် လုပ်ပြမယ် ..."
သူက ပြောလိုက်သည်။
"မဟုတ်တာ ကျွန်တော် ကိုယ့်ဘာသာကိုယ်ပဲ လုပ်လိုက်ပါ့မယ် ရှောင်ပိုင်က နည်းနည်း ..."
ရှောင်ပိုင်မှာ များစွာ တက်ကြွလွန်းရာ ရှဲ့ယွင်နန်သည် သူ့ဆရာက ရှောင်ပိုင်ကို မနာခံတတ်ဟု အမြင်စောင်းသွားမည်ကို စိုးရိမ်မိ၏။
တစ္ဆေဘုရင် "..."
သူက ရှောင်ပိုင်ကို မနာခံတတ်လို့ဆိုပြီး စိတ်မကွက်သွားပါဘူး ဒီတိုင်း နီးနီးကပ်ကပ်လေး ရှိချင်ရုံလေးတင်ပါ ...
ဒါပေမယ့် သူသာ ရှောင်ပိုင်ကို ပေးဖို့ အတင်း တောင်းဆိုလိုက်ရင် သူ့မှာ မကောင်းတဲ့ အကြံအစည်တွေ ရှိနေတဲ့ ပုံစံမျိုး ဖြစ်သွားမှာပေါ့ ...
နောက်ဆုံးတွင် သူသည် ဘေးမှသာ လမ်းညွှန်ပေးလိုက်တော့သည်။ ထို့နောက် တိတ်တိတ်လေး လက်ကို ဆန့်တန်းကာ ရှောင်ပိုင်၏ အမွေးများကို လက်နှစ်ဖက်နှင့်အပြည့် ဆုပ်ကိုင်လိုက်သည်။
"ဝုတ် ဝုတ် ..."
ရှောင်ပိုင်ကလည်း သူ့ကို လွန်စွာ သဘောကျရာ သူ့လက်ကို ဆန့်ထုတ်လိုက်သည်နှင့် တစ်ပြိုင်နက် လေ့ကျင့်ခြင်းကို ရပ်တန့်ပြီး တစ္ဆေဘုရင်၏ လက်ကို ခေါင်းဖြင့် တိုးကာ အသာဟပ်လိုက်သည်။
၎င်းကို မြင်လိုက်သည့် ရှဲ့ယွင်နန်က ရှောင်ပိုင်ကို ချက်ခြင်း နောက်ပြန်ဆွဲလိုက်၏။
"ဆရာ ရှောင်ပိုင်က ငယ်သေးတော့ ..."
ပြောနေရင်းပင် အနည်းငယ် ရှက်ရွံ့မိသွားသည်။ ရှောင်ပိုင်မှာ အမြင်အားဖြင့် သေးငယ်သည့်တိုင် အရွယ်ရောက်နေပြီဖြစ်သည်။
တစ္ဆေဘုရင်က အလောတကြီး ပြန်ဖြေလိုက်၏။
"ဟုတ်တယ် ရှောင်ပိုင်က ငယ်လွန်းသေးတယ် သူ့ကို နားခိုင်းလိုက်ပါ မစိုးရိမ်နဲ့ ..."
ရှဲ့ယွင်နန်က အနည်းငယ် ကြောင်အသွား၏။
ဒါပေမယ့် သူတို့တွေ ဘာ လေ့ကျင့်ရေးမှ မလုပ်ရသေးဘူးလေ ...
သိူ့သော် သူ့ဆရာ၏ မျက်လုံးထဲရှိ ခံစားချက်တို့မှာ ပြင်းထန်လွန်းလှ၏။
အိမ်ထဲမှာ နည်းနည်းပါးပါး ပြေးလွှားလိုက်တာကိုလည်း လေ့ကျင့်ရေးလို့ သတ်မှတ်လို့ ရတယ်လား ...
သွမ့်ချန်ချင်းလည်း ချက်ပြုတ်နေရင်း အပြင်ဘက်က အခြေအနေကိုပါ အကဲခတ်နေသည်။ ရှောင်ပိုင်မှာ ရှဲ့ယွင်နန်၏ ဆရာဖြစ်သူထံမှ အခွင့်အရေးယူခြင်း မခံရမှန်း တွေ့လိုက်ရကာမှသာ စိတ်အေးသွားတော့သည်။
တစ်ချိန်တည်းမှာပင် စိုက်ခင်းထဲ၌ ...
တစ္ဆေဘုရင်၏ လက်အောက်ငယ်သားများမှာလည်း ညစာစားရန် ပြင်ဆင်နေကြပြီးဖြစ်သည်။ စားသောက်နေစဉ်အတွင်း အားလုံးပြိုင်တူ သက်ပြင်းချလိုက်ကြ၏။
"ဘော့စ် ပြန်မလာသေးဘူး ..."
ခေါင်းဆောင်ဖြစ်သူ သူတို့အနီးတွင် ရှိနေစဉ်က ကြောက်လန့်ခဲ့ကြ၏။ ယခု သူတို့ကို ဂရုမစိုက်တော့သည့်အခါတွင်လည်း အနည်းငယ် လွမ်းဆွတ်မိလာသယောင်။
"အခု ဘော့စ်က ရှဲ့ယွင်နန်အကြောင်းပဲ တွေးတော့တယ် ..."
"ဘော့စ်က တကယ် ရှဲ့ယွင်နန်ကို မကြိုက်ပါဘူးနော် သူ့အနေနဲ့ တပည့်အဖြစ် လက်ခံချင်တယ် ဆိုရင်တောင် ဒီလောက်ကြီး ကောင်းပေးနေစရာ မလိုဘူး မဟုတ်လား ..."
"ဟုတ်တယ် ဘာလို့ ငါတို့ကိုပါ ကာကွယ်ခိုင်းရတာလဲ မသိဘူး ..."
"သွားရအောင် ရှဲ့ယွင်နန်နဲ့ သူ့အိမ်ထောင်ဖက်ကို သွားစုံစမ်းကြရအောင် ..."
"သူ့မှာ ဘယ်လို မှော်ပညာတွေများ ရှိနေလဲ မသိဘူး ..."
...
သူတို့၏ ဘော့စ်ဖြစ်သူက ဘာကြောင့် ရှဲ့ယွင်နန်အပေါ် ဤမျှအထိ ကြင်နာနေကြောင်း နားမလည်နိုင်ကြ။
ရှဲ့ယွင်နန်ကို ခေါင်းဆောင်ဖြစ်သူကပင်လျှင် အရေးတယူ ပြုမူဆက်ဆံသည့်အတွက် သူတို့အနေဖြင့်လည်း သူ့ကို အထင်မသေးဝံ့။
တစ္ဆေဘုရင်၏ ငယ်သားများက ရှဲ့ယွင်နန်အကြောင်း ဆွေးနွေးနေစဉ် တစ်ဖက်တွင် လျောင်မုယဲ့ကလည်း သူ့လူများထံမှတစ်ဆင့် ရှဲ့ယွင်နန်အကြောင်း စုံစမ်းနေသည်။
ပြီးခဲ့သည့်အခေါက် သူ ရှဲ့ယွင်နန်ကို သွားတွေ့စဉ်က ရှဲ့ယွင်နန်သည် သွမ့်ချန်ချင်းကို အမှန်တကယ် သဘောကျနေခြင်းဖြစ်ကြောင်း သိခဲ့ရကာ သူ့ဒေါသကို ထုတ်မပြခဲ့။
ရှဲ့ယွင်နန်က သူ့ကို မကြိုက်ဘဲနဲ့ ဒီလိုလူစားမျိုးကို သွားကြိုက်တာ .. သူ ဒေါသမထွက်ဘဲ နေမလား ...
သို့သော် သူက ဘာမှ မလုပ်ခဲ့ပေ။
သူ့အကူအညီ မရဘဲ ထိုကဲ့သို့သော လူစားမျိုးနှင့် ချစ်ကြိုက်ခဲ့သူ ရှဲ့ယွင်နန်မှာ မည်ကဲ့သို့ ရှင်သန်ရုန်းကန်နေရကြောင်း တွေ့မြင်လိုပေသည်။
ထို့ကြောင့် သူ့ငယ်သားများအား ရှဲ့ယွင်နန်ကို မျက်ခြည်မပြတ် စောင့်ကြည့်ကာ နေ့စဉ် အစီရင်ခံစေသည်။
ရှဲ့ယွင်နန်က ကားပြင်ရင်း အချိန်ကုန်နေရကြောင်း သိလိုက်ရသည့်အခါ ခံစားချက်တို့ ကောင်းမွန်လာ၏။
အောက်ခြေတွင် ရုန်းကန်နေသည့် ရှဲ့ယွင်နန်အား စောင့်ကြည့်ရခြင်းကို များစွာ နှစ်သက်လှပေသည်။
"ရှဲ့ယွင်နန်က ဒီနေ့လည်း တစ်နေကုန် ကားပြင်နေပါတယ် ..."
သူ့ငယ်သားများက ရှဲ့ယွင်နန်၏ နေ့စဉ်ဓူဝကိစ္စကို အစီရင်ခံလိုက်သည်။
"ရှဲ့ယွင်နန် ကယ်ခဲ့တဲ့ စိုက်ခင်းပိုင်ရှင်ကတော့ နည်းနည်းလေး ပြဿနာရှိနေပါတယ် သူက ဒီနေ့ ရှဲ့ယွင်နန်အတွက် အံ့ဖွယ်သားရဲတစ်ကောင် ယူလာပေးခဲ့တယ် ..."
"အံ့ဖွယ်သားရဲ ဟုတ်လား ..."
လျောင်မုယဲ့လည်း အံ့ဩသွား၏။
"အဲဒီ့လူရဲ့ ဓာတ်ပုံ ရှိလား ..."
လျောင်မုယဲ့က ရှဲ့ယွင်နန် စိုက်ခင်းပိုင်ရှင်တစ်ဉီးကို ကယ်တင်ခဲ့ကြောင်း သိထားသည့်တိုင် ထိုမတိုင်ခင်အထိ အတိအကျ သဘောမပေါက်ခဲ့။
"ဟုတ်ကဲ့ ..."
ငယ်သားက ကားပြင်ဆိုင်ရှေ့တွင် မတ်တပ်ရပ်နေသည့် တစ္ဆေဘုရင်၏ ဓာတ်ပုံကို ပြလိုက်သည်။
လျောင်မုယဲ့က တုန်လှုပ်သွားတော့၏။
သူ ဒီမျက်နှာကို သိတယ် ဒါ ဒါ တစ္ဆေဘုရင်ရဲ့ မျက်နှာအစစ်ပဲ ...
တစ္ဆေဘုရင်၏ ကန်ထုတ်ခြင်းကို ခံခဲ့ရသည့်တိုင် နောက်တစ်ကြိမ် ထပ်ရှာလိုခဲ့သော်ငြား သူ့တွင် အချိန်မရှိခဲ့။
ရလဒ်က ... တစ္ဆေဘုရင်ကို ရှဲ့ယွင်နန်က ကယ်ခဲ့တာလား ...
တစ္ဆေဘုရင်ရဲ့ ခွန်အားနဲ့ဆို .. ရှဲ့ယွင်နန်က ကယ်ရော ကယ်နိုင်ပါ့မလား ...
တစ္ဆေဘုရင်သာ ရှဲ့ယွင်နန်ရဲ့ အကူအညီကိုတောင် ယူနေရပြီဆိုရင် အဲဒါ သူ သေခါနီးအထိ အခြေအနေဆိုးနေလို့ဆိုတဲ့ သဘောပဲ မဟုတ်လား ... ဒါပေမယ့် သေခါနီးလူက နောက်တစ်ရက်အကြာမှာပဲ ကျေးဇူးတင်စကား ပြောဖို့ဆိုပြီး ရောက်လာနိုင်ပါ့မလား ...
အရင်ဘဝက သူနဲ့ ရှဲ့ယွင်နန် အတူတူ ကယ်ခဲ့တုန်းကဆို တစ္ဆေဘုရင်က အကြာကြီး မလှုပ်မရှားနိုင် ဖြစ်ခဲ့တာလေ ...
ထို့နောက် သူက ရုတ်တရက် သတိရသွားသည်။
ဟိုးတစ်လောက သူ တစ္ဆေဘုရင်ကို ကယ်မလို့ လုပ်ခဲ့ပေမယ့် အကန်ခံခဲ့ရတာလေ .. အဲဒီ့တုန်းက ရှဲ့ယွင်နန်ကလည်း အဲဒီ့လမ်းကနေ ဖြတ်သွားခဲ့တာ မဟုတ်လား ...
တစ္ဆေဘုရင်က ရှဲ့ယွင်နန် ကယ်တာကို လိုချင်လို့ ဒဏ်ရာရချင်ယောင်ဆောင်နေတာများလား ...
ဘာလို့များ သူက ဒီလိုလုပ်ရပ်မျိုးကို လုပ်ရတာလဲ ...
ပြီးတော့ တစ်ခုရှိသေးတယ် ..
ဟုန်ယဲ့တောအုပ်ထဲက သားရဲတွေ စိတ်ရိုင်းဖောက်မလာတာတောင် တစ္ဆေဘုရင်က ရှဲ့ယွင်နန် သူ့ကို ကယ်မိအောင် အကွက်ချခဲ့သေးတယ်ဆိုတော့ ...
သူကလည်း ပြန်လည်မွေးဖွားလာတာများလား ...
ဒီလိုသာဆိုရင်တော့ အကုန် ယုတ္တိရှိသွားပြီ ...
ဟုန်ယဲ့တောအုပ်ထဲမှာ ဘယ်လိုဖြစ်ပြီး မတော်တဆမှုတွေ မဖြစ်ဘဲ နေမှာလဲလို့ ပြောခဲ့သားပဲ တစ္ဆေဘုရင်သာ အတိတ်ဘဝတုန်းက ဟုန်ယဲ့တောအုပ်ရဲ့ အခြေအနေကို သိခဲ့ရင် ... သူသာ ပြန်လည်မွေးဖွားလာတဲ့သူ ဆိုရင် သေချာပေါက်ကို ဖြစ်မလာအောင် ကာကွယ်မှာပဲ မဟုတ်လား ...
ဒါပေမယ့် သူက ရုးများ ရူးနေတာလား ...အတိတ်ဘဝတုန်းကလည်း ရှဲ့ယွင်နန်ကို ကောင်းကောင်းဆက်ဆံပြီး သူ့အာဏာတွေအကုန်
လွှဲပေးခဲ့တယ် ဒီဘဝမှာလည်း ရှဲ့ယွင်နန်ကို ကူညီနေတုန်းပဲ ...
ကျေးဇူးဆပ်တာကလည်း ပြီးကို မပြီးနိုင်တော့ဘူးလား ...
ဒါပေမယ့် အဲဒီ့တုန်းက တစ္ဆေဘုရင်ကို ကယ်တဲ့နေရာမှာ သူလည်း ပါခဲ့တာ အရှင်းကြီးပါနော် ...
ပြီးတော့ ပြန်ပြီးမှ မွေးဖွားလာပြီဆိုရင် ပိုကောင်းတဲ့ဘဝမျိုး ရအောင် လုပ်ရမှာလေ ဘာလို့ ရှဲ့ယွင်နန်ကိုပဲ သွားရှာရပြန်တာလဲ ...