အပိုင်း ၃၂
Viewers 7k

Chapter 32




သူက အလောတကြီး ထရပ်ကာ တစ္ဆေဘုရင်ကို သွားတွေ့ရန် ပြင်လိုက်သည်။ 


တစ္ဆေဘုရင်ကမူ သူ့ကို ပြန်လည်မွေးဖွားလာသူဟု အထင်လွဲခံနေရပြီဖြစ်ကြောင်း မသိသေး။ 


သွမ့်ချန်ချင်းက ယုန်ကို ချက်ပြုတ်ကာ ရှဲ့ယွင်နန်၏အိမ်တွင် အတူတူ ညစာစားလိုက်ကြသည်။ 


"မင်းရဲ့ အချက်အပြုတ်စွမ်းရည်က လုံလောက်အောင် မကောင်းသေးဘူး ပိုပြီး လေ့ကျင့်သင့်တယ် ..." 


တစ္ဆေဘုရင်က တစ်လုပ်စားပြီးနောက် ပြောလိုက်သည်။ 


ဒီယုန်ကို ချက်ထားတာ သူချက်ထားတာလောက်တောင် မကောင်းဘူး ... 


ဒါပေမယ့် အံ့ဖွယ်သားရဲရဲ့ အသားဆိုတော့ အထဲက စိတ်စွမ်းအင်တွေရဲ့ မျက်နှာနဲ့ မကြိုက်လို့လည်း မရဘူး ... 


သူ ဖမ်းလာတဲ့ အံ့ဖွယ်သားရဲမှာ .. စိတ်စွမ်းအင်တွေမှ အများကြီးကို ပါတာလေ ... 


ဒီစိတ်စွမ်းအင်တွေကို အကောင်းအတိုင်း ကျန်နေဖို့ အားကုန်ထုတ်ပြီး ကြိုးစားခဲ့ရတာကို .. ဒီတစ်ယောက်က ဘယ်လိုတောင် ဖျက်လိုဖျက်ဆီး လုပ်ပစ်လိုက်တာလဲ ... 


သွမ့်ချန်ချင်းက ချက်ခြင်း ရှဲ့ယွင်နန်ကို လှည့်ကြည့်လိုက်သည်။ 


"ယွင်နန်ကော ကျွန်တော်ချက်ထားတာ အရသာ မရှိဘူးလား ..." 


"သေချာပေါက်ကို အရသာရှိတာပေါ့ ပြီးတော့ ကိုယ်လည်း ကြိုက်တယ် ...ဆရာ ချန်ချင်းက ကျွန်တော်တို့နဲ့ အကြိုက်ချင်း သိပ်မတူလို့ပါ ..." 


သူက ပြောလိုက်သည်။ 


"ဆရာ နောက်တစ်ခါကျ ကျွန်တော်ပဲ ချက်ပါ့မယ် ကျွန်တော်က ဟင်းချက်လက်ရာ ကောင်းတယ်လေ ..." 


"မင်းက တိုက်ခိုက်သူ ဖြစ်ချင်တာ မဟုတ်လား ဒါမျိုးလုပ်ဖို့ မလိူအပ်ဘူး ..." 


တစ္ဆေဘုရင်က ပြောလိုက်သည်။ 


"မဟုတ်တာ .. ကျွန်တော်က ဆရာ့ကို ရိုသေလို့ပါ ..." 


သူက ပြုံးကာ ပြောလိုက်၏။ 


တစ္ဆေဘုရင်လည်း ကျေနပ်သွားတော့သည်။


ထို့နောက် တစ်ခဏအကြာတွင် သူက သွမ့်ချန်ချင်းကို ပြောလိုက်ပြန်သည်။ 


"မင်းအဖော်သားရဲက ရှဉ့်ပေါက်စလေး မဟုတ်လား ဒီလောက်အများကြီး စားနေတာ မင်း ဗိုက်နာနေမှာ မကြောက်ဘူးလား ..." 


"ကျွန်တော်က ကျန်းမာရေးကောင်းတယ် ..." 


"ဒီလောက် ပိန်လှီနေတာတောင် ကျန်းမာရေးကောင်းတယ်လို့ ပြောရဲသေးတယ်ပေါ့ ..." 


တစ္ဆေဘုရင်က ရွဲ့ပြောလိုက်သည်။ 


"ယွင်နန်ကောက ကျွန်တော့်ရဲ့ ဒီလိုပုံစံကို ကြိုက်တာလေ ..." 


သူက ရှဲ့ယွင်နန်ကို ကြည့်ကာ ခပ်ပြုံးပြုံး ပြောလိုက်သည်။ 


တစ္ဆေဘုရင် "..." 


စိတ်ကုန်စရာ ကောင်းလိုက်တာ ... 


ရှဲ့ယွင်နန်မှာ စကားစစ်ထိုးနေသူနှစ်ဦးကို ကြည့်ကာ ဘာဆက်လုပ်ရမည် မသိတော့။ 


ဘာလို့ သူ့ကိုယ်သူ ယောက္ခမနဲ့ ချွေးမကြား ညပ်နေပြီး နှစ်ယောက်လုံး စိတ်ကျေနပ်အောင် လုပ်ပေးရမယ့်သူလို့ ခံစားနေရပါလိမ့် ...


တစ္ဆေဘုရင်က သွမ့်ချန်ချင်းသည် သူ့အတွက် ကောင်းမွန်သည့် အရာများကို မသိဟု ခံစားမိလိုက်သည်။ 


သူက သွမ့်ချန်ချင်းကို အစားလျော့စားခိုင်းခြင်းမှာ ထိုသူ၏ ကောင်းကျိုးအတွက်သာ ဖြစ်သည်။ 


သာမန်သူများအဖို့ အစားကြူးခြင်းမှာ မ‌ကောင်းလှ။ 


သို့သော် သွမ့်ချန်ချင်းက နားမထောင်ပါလျှင် သူကလည်း ထွေထွေထူးထူး ဂရုစိုက်နေမည် မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ သွမ့်ချန်ချင်းအနေဖြင့်လည်း မသက်မသာ ခံစားလာရပါလျှင် သူ့လုပ်ရပ်များကို ရပ်တန့်မည်ဖြစ်သည်။ 


စားသောက်ပြီးနောက် ရှဲ့ယွင်နန်မှာ ငိုက်မျဉ်းစ ပြုလာပြီဖြစ်ကြောင်း တွေ့လိုက်ရသည့်အခါ တစ္ဆေဘုရင်လည်း ပြန်သွားလိုက်သည်။ 


သူထွက်သွားပြီးနောက် ရှဲ့ယွင်နန်က သွမ့်ချန်ချင်းကို ပြောလိုက်သည်။ 


"ချန်ချင်း ကျန်တဲ့အသားတွေကို မင်း ကုန်ရင် အကုန်စားလို့ ရတယ်နော် ..." 


သူ့ထင်သည်က သွမ့်ချန်ချင်း၏ အာဟာရဓာတ် စုပ်ယူနိုင်စွမ်းမှာ လွန်စွာ နည်းပါးလှရာ ယခုထက်ပို၍ များများစားရန် လိုအပ်ပေသည်။ 


ထိုသို့ ပြောပြီးနောက် ရှဲ့ယွင်နန်က အိပ်ယာထဲ လှဲကာ ချက်ခြင်း အိပ်‌ပျော်သွားတော့သည်။ 


ငယ်စဉ်ကတည်းက အံ့ဖွယ်သားရဲအသားနှင့် ရှားပါးအပင်တို့ကို စားခဲ့သူများမှာမူ သူကဲ့သို့သော အခြေအနေမျိုး မဖြစ်ချေ။ သို့သော် သူကမူ ... သူ့ခန္ဓာကိုယ်က လိုက်လျောညီထွေဖြစ်အောင် ပြုပြင်ရန် လိုအပ်နေ၏။ 


သွမ့်ချန်ချင်းက သူ့ကို တံခါးနှင့် ပြတင်းပေါက်များ ပိတ်ပေးကာ လိုက်ကာကိုပါ ဆွဲချပေးလိုက်သည်။ ထို့နောက် အိုးကိုထုတ်၍ ကျန်နေသည့် အသားများကို စားသောက်ရင်း ရှဲ့ယွင်နန်၏ ခန္ဓာကိုယ်ထဲရှိ စိတ်စွမ်းအင်များကို ကူညီ၍ မျိုးတူရာ စုပေးပြီး ဒဏ်ရာဟောင်းများကိုပါ တစ်ပါတည်း ကုသပေးလိုက်သည်။ 


ယနေ့တွင် ရှဲ့ယွင်နန်၏ ဆရာက ဗဟုသုတများစွာကို သင်ကြားပေးခဲ့သည်။ သွမ့်ချန်ချင်းက ဤကမ္ဘာရှိ တိုက်ခိုက်ရေးသမားများသည် ကျင့်ကြံ‌ရေး ကျင့်စဉ်များကို အသုံးမပြုသည့်တိုင် ကျင့်ကြံရေးလမ်းစဉ်များမှာမူ သူနှင့် အတူတူပင် ဖြစ်ကြောင်း သတိပြုမိလိုက်သည်။ 


အံ့ဖွယ်သားရဲရဲ့ အသားတွေ၊ ရှားပါးဆေးပင်တွေကို စားပြီးတော့ ခန္ဓာကိုယ် ဒီ့ထက်ပိုပြီး သန်မာလာအောင် ထိန်းချုပ်လေ့ကျင့်တာက ... 


ဒါက ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံရေးပဲ မဟုတ်ဘူးလား ... 


‌ဤကမ္ဘာကဲ့သို့ စိတ်စွမ်းအင် မလုံလောက်သည့် နေရာမျိုးတွင် ကိုယ်ခန္ဓာကျင့်ကြံစဉ်ကသာလျှင် အကောင်းမွန်ဆုံးဖြစ်သည်။ ၎င်းက အင်အားကြီးခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့် မိစ္ဆာများအတွက်လည်း အထူးသင့်လျော်သည်။ သို့သော် သူကမူ ရှဲ့ယွင်နန်အတွက် ချီကျင့်ကြံသူ ဖြစ်လာခြင်းက ပိုပြီး သင့်လျော်ပေမည်ဟု ထင်မြင်မိ၏။ 


ရှဲ့ယွင်နန်၏ ပင်ကိုယ်ပါရမီမှာ လွန်စွာ ကောင်းမွန်သည့်အပြင် ဉာဏ်ကောင်းပြီး ထက်မြက်သည့် စိတ်ထားကိုလည်း ပိုင်ဆိုင်ထားသည်။ 


စိတ်စွမ်းအင် ချို့တဲ့မှုအတွက်မူ ... သူ့တွင် စိတ်စွမ်းအင်အစိုင်အခဲ ရှိနေရာ ... 


စိတ်စွမ်းအင်တို့ ပေါကြွယ်ဝစွာ ရှိနေသည့် နေရာမှ စိတ်စွမ်းအင်အစိုင်အခဲကို ပိုင်ဆိုင်ထားသည့် ခန္ဓာကိုယ်ထဲသို့ ကူးပြောင်းလာရသည့်အတွက် အစောပိုင်းတွင် သွမ့်ချန်ချင်း၏ ခန္ဓာကိုယ်သည် များစွာ ပျက်စီးနေခဲ့သည်။ 


ထို့ကြောင့် အစပိုင်းအချိန်များတွင် ထိုစိတ်စွမ်းအင်ကို နေရာတိုင်း၌ အသုံးမပြုနိုင်။ အများဆုံးအနေဖြင့် ရှောင်ပိုင်ကို အနည်းငယ် သွေးဆောင်ရန်တွင်သာ အသုံးပြုနိုင်သည်။ 


သို့သော် ယခုမူ ကိစ္စတို့မှာ မတူညီတော့။ 


သူသာ အံ့ဖွယ်သားရဲတို့၏ အသားကို စဉ်ဆက်မပြတ် စားသောက်နိုင်ပါလျှင် ... စိတ်စွမ်းအင်အစိုင်အခဲအပေါ် များစွာ မှီခိုနေရန် မလိုဘဲ အပြည့်အဝ ကျင့်ကြံနိုင်လာမည် ဖြစ်သည်။ 


သူ စားသောက်ပြီးသွားသည့် အချိန်တွင် ရှဲ့ယွင်နန်သည်လည်း အသားနှင့် သူ့ခန္ဓာကိုယ်ထဲသို့ ရှဲ့ယွင်နန် ထည့်ပေးထားသည့် စိတ်စွမ်းအင် နှစ်မျိုးလုံးကို အပြည့်အဝ စုပ်ယူနိုင်သွားခဲ့သည်။ 


ထို့နောက် သွမ့်ချန်ချင်းလည်း ကျင့်ကြံခြင်း မပြုတော့ဘဲ အိပ်ယာပေါ်တက်ကာ အိပ်စက်လိုက်သည်။ 


နှစ်ဦးသား အိပ်မောကျနေစဉ် ပြတင်းပေါက်အပြင်ဘက်တွင် မြေခွေးတစ်ကောင် ရှိနေကာ ၎င်းက ပြတင်းပေါက်ကို ဒေါသတကြီး စိုက်ကြည့်နေသည်။ 


ဟမ့် ... လိုက်ကာတွေပါ ပိတ်ထားပြီး ဘာလုပ်နေကြတာလဲ ... 


သူ့သားရဲ့ ကျင့်ကြံနေတဲ့ပုံကို ကြည့်ချင်လို့ပါဆို .. အခု ကြည့်လို့မရတော့ဘူး ... 


တစ္ဆေဘုရင်မှာ အဖော်သားရဲနှင့်အတူ ပြန်သွားရန်သာ ရှိတော့သည်။ 


စိုက်ခင်းထဲရှိ သူ့ငယ်သားများက တီဗီကို ကြည့်နေရင်း ဇာတ်လမ်းအကြောင်း တစ်ယောက်တစ်ပေါက် ဆွေးနွေးနေကြ၏။ 


"ဒီဇာတ်လမ်းတွဲတွေက ရယ်ချင်စရာ ကောင်းလိုက်တာ ..." 


"လွှမ်းမိုးနိုင်တဲ့ တိုက်ခိုက်သူတွေအားလုံး သူ‌တို့နဲ့ ကြိုက်ကုန်ကြပြီ ..." 


"ဒါလည်း ဆိုးတော့မဆိုးပါဘူး ဘာပဲဖြစ်ဖြစ် လွှမ်းမိုးနိုင်တဲ့ ယဇ်ဆရာက ငါနဲ့ကြိုက် ..." 


... 


တစ္ဆေဘုရင် ပြန်ရောက်လာသည်နှင့် တစ်ပြိုင်နက် အားလုံး၏ ရယ်သံများ တိတ်ဆိတ်ကုန်ကာ ‌အလေးအနက် မေးလိုက်ကြသည်။ 


"ခေါင်းဆောင် ပြန်လာပြီလား ..." 


"အင်း ..." 


သူက ခေါင်းငြိမ့်ပြလိုက်၏။ ထို့နောက် တစ်ခဏမျှ စဉ်းစားကာ ထပ်ပြောလိုက်သည်။


"အဲဒီ့ သွမ့်ချန်ချင်း .. မင်းတို့တွေ သူ့ရဲ့ ဇစ်မြစ်ကို သွားစုံစမ်းကြည့်လိုက် ပြီးတော့ ရှဲ့ယွင်နန်ကို အဝေးကနေ စောင့်ကြည့်ဖို့ နောက်ထပ် လူနှစ်ယောက်ပါ ထပ်တိုးလိုက် သူ့ကို ဘယ်လို မတော်တဆမှုမှ မဖြစ်စေနဲ့ ..." 


"ဟုတ်ကဲ့ပါ ခေါင်းဆောင် ..." 


အားလုံးက ချက်ခြင်း လိုက်နာလိုက်ကြသည်။ 


တစ္ဆေဘုရင် ထွက်သွားပြီးနောက် ကျန်နေခဲ့သူများမှာ ပို၍ပင် ပဟေဠိ ဖြစ်သွားကြရတော့၏။ 


သူတို့ရဲ့ အစ်ကိုကြီးက တကယ်ကို တပည့်အသစ်လေး အပေါ်မှာ အာရုံစိုက်လွန်းနေတာပဲ ... 


"ဘော့စ်မှာလည်း သေချာပေါက်ကို အကြောင်းပြချက် တစ်ခုခု ရှိလို့နေမှာပါ ရှဲ့ယွင်နန်က လုံးဝကို သာမန် မဟုတ်လောက်ဘူး ..." 


တစ်ယောက်က ပြောလိုက်သည်။ 


ကျန်သူများက ခေါင်းငြိမ့်ပြလိုက်သည်။ 


ထိုသို့ဖြင့် နောက်တစ်နေ့တွင် ထိုသူများအားလုံး သွမ့်ချန်ချင်းအကြောင်းကို အားသွန်ခွန်စိုက် စုံစမ်းကြတော့၏။ 


သို့သော် သူတို့၏ စုံစမ်းမှုအရ ... 


ထိုသို့သောသူမျိုး ... တစ်ကြိမ်တစ်ခါမျှပင် မရှိခဲ့။ 


သူတို့က သွမ့်ချန်ချင်း၏ ဓာတ်ပုံကို ယူကာ ဟုန်ယဲ့မြို့အနီး ကျင်လည်နေသော ဒေသခံများအား သွမ့်ချန်ချင်းအကြောင်း မေးမြန်းခဲ့သော်လည်း ထိုသူများပင်လျှင် သွမ့်ချန်ချင်းအကြောင်း မသိကြ။ 


အဲဒီ့ သွမ့်ချန်ချင်းက လေထဲကနေ ဝါးခနဲ ထွက်လာခဲ့တဲ့ အတိုင်းပဲ ... 


ရက်အနည်းငယ်ခန့် စုံစမ်းပြီးနောက် သူတို့၏ ခေါင်းဆောင်ဖြစ်သူကို တစ်စုံတစ်ခုမှ မသိခဲ့ရကြောင်းသာ ပြန်လည်အစီရင်ခံလိုက်ရတော့သည်။ 


ဤရက်ပိုင်းအတွင်း တစ္ဆေဘုရင်ကလည်း ရှဲ့ယွင်နန်ကို နေ့တိုင်း သွားရှာခဲ့သည်။ 


သူ ရောက်သွားလေတိုင်း ရှောင်ပိုင်မှာ အနည်းငယ် ပိုပိုကြီးလာကြောင်း သတိပြုမိလိုက်သည်။ ရှဲ့ယွင်နန်၏ ပုံစံမှာ မိုးရေနှင့် နှင်းစက်တို့ လုံလုံလောက်လောက် မရခဲ့သည့် အပင်တစ်ပင်နှယ်ပင်။ ယခု သူ့တွင် ကောင်းမွန်သော ပတ်ဝန်းကျင်နှင့် အာဟာရဓာတ်များ ရရှိလာသည့်အခါ ကြီးထွားဖွံ့ဖြိုးစ ပြုလာတော့သည်။ 


တစ္ဆေဘုရင်၏ နေ့စဉ်ဘဝမှာလည်း ပုံမှန်ဖြစ်နေ၏။ မနက် နိုးလာသည့်အခါ ဟုန်ယဲ့တောအုပ်သို့ သွား၍ အလယ်အလတ်အဆင့် အံ့ဖွယ်သားရဲတစ်ကောင်ကို အမဲလိုက်သည်။ ၎င်းတို့ကို ဖမ်းဆီးရန်မှာ မလွယ်ကူလှရာ အချိန် ‌၇နာရီ ၈ နာရီခန့် ပေးရ၏။ ဖမ်းမိပြီး၍ ရှဲ့ယွင်နန်ကို သွားတွေ့ချိန်တွင် မွန်းပင်တိမ်းနေပြီဖြစ်သည်။ 


ထို့နောက် ရှဲ့ယွင်နန်ကို တိုက်ခိုက်သူတစ်ဦး ဖြစ်လာရန် သင်ကြားပေးကာ သူနှင့်အတူ ညစာစားပြီးနောက်မှ စိုက်ခင်းသို့ ပြန်လာသည်။ 


သူက အသားများစွာ ယူလာပေးရာ သားဖြစ်သူအနေဖြင့် စား၍ မကုန်နိုင်လောက်ဟု ထင်ခဲ့မိသော်လည်း ... နောက်တစ်နေ့ သူ ရောက်သွားသည့်အခါတွင် အသားတစ်တုံးပင် မကျန်တော့။ 


သူ့သားရဲ့ အစားစားနိုင်စွမ်းက သူ့ထက်ကို ပိုများတာပဲ ... 


ဆက်တိုက် ကြီးထွားနေတဲ့အပြင် မသက်မသာဖြစ်တဲ့ အရိပ်အယောင်လည်း မတွေ့ရလို့သာပေါ့ မဟုတ်ရင် သူ့သားတော့ စားရင်းသောက်ရင်းနဲ့များ ထိခိုက်သွားမလားလို့ စိုးရိမ်နေရတာ ... 


သားလေးက လိုအပ်တယ် ဆိုမှတော့ ... သူလည်း ဒီ့ထက်ပိုပြီး အမဲလိုက်ပေးရမှာပေါ့ ... 


သားဖြစ်သူ၏ စဉ်ဆက်မပြတ် တိုးတက်လာမှုကြောင့် ပျော်ရွှင်နေသော တစ္ဆေဘုရင်သည် သွမ့်ချန်ချင်း၏ ဇစ်မြစ်ကို စုံစမ်း၍ မ‌ရကြောင်း သိလိုက်ရသည့်အခါ မျက်မှောင်ကြုတ်မိသွားတော့၏။ 


ဒီလူက ဘယ်နေရာကနေ ရောက်လာတာလဲ ... 


ပြီးတော့ ဘာလို့ သူ့သားနောက်ကို လိုက်နေရတာလဲ ... 


ညနေ လေးနာရီတွင် သူသည် နောက်ထပ် အံ့ဖွယ်သားရဲအသားတုံး အကြီးကြီးတစ်တုံးကို သယ်ကာ ရှဲ့ယွင်နန်ထံ ရောက်လာပြန်သည်။ 


ရောက်လျှင်ရောက်ချင်း ရှဲ့ယွင်နန်၏ အခြေအနေကို အရင်ဆုံး စစ်ဆေးလိုက်သည်။ ထို့နောက် ရှောင်ပိုင်မှာ အနည်းငယ် ပိုပြီး ကြီးထွားလာပြန်ကာ အရွယ်ရောက်စပြုတော့မည်ဖြစ်ကြောင်း သိလိုက်ရ၏။ 


ချစ်စရာကောင်းနေဆဲ ဖြစ်သည့်တိုင် ယခင်လောက်တော့ မဟုတ်တော့ပေ။ 


ကြီးထွားတာ အရမ်းကို မြန်လွန်းတာပဲ ဒီကောင်လေးနဲ့ ရင်းရင်းနှီးနှီး နေမယ်တောင် မကြံရသေးဘူး သူက အရွယ်ရောက်နေပြီ ... 


"ယွင်နန် မင်းက တကယ်ကို ဉာဏ်ကြီးရှင်ပဲ တိုးတက်နှုန်းကလည်း အရမ်းကို မြန်တယ် အခုဆို မင်းက အဆင့်နိမ့်တိုက်ခိုက်သူ ဖြစ်နေပြီ ငါ့ရဲ့ လမ်းညွှန်မှုနဲ့သာဆို တစ်နှစ်အတွင်းမှာတင် အလယ်အလတ်အဆင့် တိုက်ခိုက်သူ ဖြစ်လာမှာ သေချာတယ်..." 


သူက နောက်တစ်ကြိမ် ချီးကျူးလိုက်သည်။ 


ရှဲ့ယွင်နန်မှာ မည်ကဲ့သို့ တုန့်ပြန်ရမည်ပင် မသိတော့။ 


"ကျွန်တော်က ဒီလောက်အထိတောင် အင်အားကြီးတယ်လား ..." 


"တကယ်ပေါ့ကွ ..." 


တစ္ဆေဘုရင်က ပြောလိုက်သည်။ 


"ဒီလောက် အံ့ဖွယ်သားရဲရဲ့အသား‌တွေ အများကြီးကို နေ့တိုင်း ကုန်အောင်စားနိုင်တာ .. မင်းရဲ့ ပါရမီက အရမ်းကို သန်မာလို့ဆိုတဲ့ သဘောပဲလေ ..." 


ရှဲ့ယွင်နန် "..." 


ဒါပေမယ့် အဲဒီ့အသားတွေကို စားတာက သူမှ မဟုတ်တာ ... 


"ပုံမှန်အားဖြင့်တော့ တစ်ခြားသူတွေက မင်းစားတဲ့ ပမာဏအတိုင်း လိုက်စားမယ် ဆိုရင်တောင် မင်းလိုမျိုး လုပ်နိုင်မှာ မဟုတ်ဘူး ..." 


သူက ပြောလိုက်သည်။ 


"အထူးသဖြင့် တစ်ရက်ပြီးသွားတိုင်း အရည်အသွေးက ကျသွားတတ်တော့ ..." 


တစ္ဆေဘုရင်က ရှဲ့ယွင်နန်ကို အများအပြား ရှင်းပြကာ သူ တစ်ကြိမ်တစ်ခါမှ မကြားဖူးသည့် မြင့်မြတ်သည့် မြို့တော်မှ ဖြစ်ရပ်များကိုလည်း အများအပြား မျှဝေခဲ့သည်။


ရှဲ့ယွင်နန်ကလည်း ဂရုတစိုက် နားထောင်ခဲ့၏။ 


ထို့နောက် တစ္ဆေဘုရင်က ရုတ်တရက် မေးလိုက်သည်။ 


"မင်းနဲ့ သွမ့်ချန်ချင်းက အတော်လေး ဆက်ဆံရေး ကောင်းတယ်နော် မင်းတို့တွေ ဘယ်လို တွေ့ကြတာလဲ ..." 


ရှဲ့ယွင်နန်က ချက်ခြင်း ပြန်မဖြေ။ 


မူလက သူသည် ဆရာဖြစ်သူအပေါ် များစွာ သတိကြီးကြီး ထားခဲ့၏။ သို့သော် ဆယ်ရက်ခန့် သင်ကြားအပြီးတွင် ဆရာဖြစ်သူ၏ စစ်မှန်ထက်သန်သော ကြင်နာမှုကို ခံစားမိလာတော့သည်။ 


အရေးအကြီးဆုံး အချက်မှာ ... ဆရာဖြစ်သူက သူ့အတွက် အံ့ဖွယ်သားရဲ၏ အသားကို နေ့တိုင်း ယူလာပေးရာ ထိုကျေးဇူးမှာ များပြားလွန်း၍ ပြန်ပင် မဆပ်နိုင်လောက်ဟု ခံစားမိ၍ ဖြစ်သည်။ 


ရှားပါးအပင်ကို ပေးပြီးနောက် သူသည် နောက်ထပ်တစ်ပင် လက်ဆောင်ထပ်ပေးရန် စဉ်းစားခဲ့သော်ငြား မတတ်နိုင်ခဲ့။ သူ လက်ဆောင်ပေးခဲ့သည့် ရှားပါးအပင်၏ တန်ဖိုးမှာ ဆရာဖြစ်သူ ယူလာပေးသော အသားထက် များစွာ လျော့နည်းကြောင်းကိုပါ သိလိုက်ရသည်။ 


ဆရာဖြစ်သူက သူ့အပေါ် အမှန်တကယ် စစ်မှန်လေးနက်ကာ မြောက်များစွာသော ကောင်းကျိုးများကို ယူဆောင်ပေးခဲ့သည်။ ထို့ကြောင့် ရှဲ့ယွင်နန်က တစ်ဖက်သူအပေါ် သံသယဆက်ဝင်နေရန် မသင့်ဟု ခံစားမိလိုက်သည်။ 


သို့သော် သွမ့်ချန်ချင်း၏ ဇစ်မြစ်ကို ထုတ်ပြောရန်မှာလည်း မသင့်လျော်။ 


ဆရာဖြစ်သူက သွမ့်ချန်ချင်းကို မနှစ်မြို့။ အကယ်၍ သူသာ သွမ့်ချန်ချင်း၏ အတိတ်ဖြစ်ရပ်များကို သိသွားခဲ့ပါလျှင် သဘောမကျမှုတို့က ပို၍ပင် များပြားလာမည်ဖြစ်သည်။ 


သွမ့်ချန်ချင်းမှာ ဒုက္ခမျိုးစုံ ကြုံတွေ့ခဲ့ရကာ အကျဉ်းချ၍ အနိုင်ကျင့်ခြင်းကိုပင် ခံစားခဲ့ရ၏။ အားလုံးမှာ သူ့အမှားကြောင့် ဖြစ်ခဲ့ခြင်း မဟုတ်သည့်တိုင် ‌အပြင်လူများကမူ အလွယ်တကူ အမြင်စောင်းသွားနိုင်ပေသည်။ 


သူနှင့် တစ္ဆေဘုရင်တို့သည် ရှင်းလင်းထားသော ဒုတိယအခန်းထဲတွင် စကားပြောနေကြခြင်း ဖြစ်သည်။ သူက မီးဖိုချောင်ထဲသို့ ဖျတ်ခနဲ လှမ်းကြည့်ပြီးကာမှ ပြောလိုက်သည်။ 


"ဆရာ ... ကျွန်တော်နဲ့ ချန်ချင်းက အမှတ်မထင် တွေ့ခဲ့ကြတာပါ သူက မှတ်ဉာဏ်ပျောက်သွားပြီး ဘာကိုမှ သိပ်မမှတ်မိတော့ပေမယ့် အရမ်း ကြင်နာတတ်ပြီး ကျွန်တော့်အပေါ်လည်း ကောင်းပါတယ် ကျွန်တော်ကလည်း သူ့ကို အရမ်း သဘောကျပါတယ် ..." 


ထိုအခိုက်တွင် သွမ့်ချန်ချင်းသည် မီးဖိုထဲတွင် အံ့ဖွယ်သားရဲ၏ အသားကို ချက်ပြုတ်နေ၏။ 


သူ၏ ဟင်းချက်စွမ်းရည်မှာ အမှန်တကယ်ပင် မကောင်းလှ။ တစ္ဆေဘုရင်၏ လက်ရာကို လုံးဝ မယှဉ်ပြိုင်နိုင်ပေ။ 


တစ်ကြိမ် စားပြီးနောက် တစ္ဆေဘုရင်က သူကိုယ်တိုင်သာ ချက်လိုသော်ငြား သွမ့်ချန်ချင်းက လက်မခံ။ သူ့ဟင်းချက်စွမ်းရည်ကို လေ့ကျင့်လို၍ဟု အကြောင်းပြလာသည်။ 


တစ္ဆေဘုရင်ကလည်း သူ မီးဖိုချောင်ထဲ အလုပ်များနေခြင်းကို အမှန်တကယ် သဘောကျပေသည်။ သူနှင့် ရှဲ့ယွင်နန် နှစ်ဦးတည်း ရှိနိုင်မည်ဖြစ်ရာ သွမ့်ချန်ချင်းကို အသာတကြည်ပင် ဟင်းချက်ခွင့် ပြုလိုက်သည်။ 


သွမ့်ချန်ချင်း၏ အသားဟင်းချက်သည့် စွမ်းရည် တိုးတက်လာ၏။ သို့သော် အများအပြားတော့ မဟုတ်။ 


ထိုအတွက် သူ့ကို အပြစ်တင်၍လည်း မရပေ။ အံ့ဖွယ်သားရဲတို့၏ အသားမှာ အမျိုးအစား တစ်ခုနှင့်တစ်ခုအကြား ခြားနားချက် အလွန်ကြီးမားရာ တစ်မျိုးကို မည်သို့ ချက်ပြုတ်ရမည်ဖြစ်ကြောင်း သင်ယူပြီးကာစတွင်ပင် တစ္ဆေဘုရင်က နောက်ထပ်တစ်မျိုး ယူလာပြန်ရာ တူညီသည့် ဟင်းချက်နည်းကို အသုံးပြုခြင်းကြောင့် အရသာ ကောင်းမလာခဲ့ချေ။ 


သို့သော် ရှဲ့ယွင်နန်က ဂရုမစိုက်။ 


သူ့အိမ်ထောင်ဖက်၏ ဟင်းချက်လက်ရာမှာ ကောင်းနိုင်သလောက် ကောင်းမွန်နေပြီဖြစ်ရာ စား၍ ရသဖြင့် အဆင်ပြေပေသည်။ တစ္ဆေဘုရင်ကမူ ရံဖန်ရံခါ အပြစ်တင်သည့် လေသံမျိုး ပြောတတ်သော်ငြား ရှဲ့ယွင်နန်ပါ ပါလာသည့်အခါ အနိုင်မရတော့။ ..  ထို့အပြင် သူကလည်း ရှဲ့ယွင်နန်နှင့် နှစ်ဦးတည်း အတူရှိလိုသူ ဖြစ်ပေသည်။ 


သူကလည်း မီးဖိုချောင် ရှိရာဆီသို့ လှမ်းကြည့်လိုက်ကာ ရှဲ့ယွင်နန်အား ရှောင်ပိုင်ကို မည်ကဲ့သို့ လေ့ကျင့်ပေးရမည်ဖြစ်ကြောင်း သရုပ်ပြလိုက်သည်။ 


သွမ့်ချန်ချင်းက မီးဖိုချောင်ထဲတွင် မတ်တပ်ရပ်ကာ လွန်စွာ တည်ငြိမ်စွာဖြင့် အသားနှပ်နေ၏။ မျက်ဝန်းတစ်စုံကသာလျှင် မသိမသာ ကျဉ်းမြောင်းနေပေသည်။ 


သူက ရှဲ့ယွင်နန်နှင့် သူ့ဆရာ၏ စကားများကို ကြားနေရသည်။ 


ရှဲ့ယွင်နန်၏ ဆရာဖြစ်သူက သူ့အကြောင်း စုံစမ်းခြင်းကို ထူးဆန်းသည်ဟု မခံစားရ။ သိူ့သော် ဆရာဖြစ်သူက ရှဲ့ယွင်နန်အပေါ် လွန်စွာ ကြင်နာနေသည်ကိုမူ ... တစ်ခုခု မှားယွင်းနေသည်ဟု ခံစားမိနေသည်။ 


အစပိုင်းတွင် သူသည် ထိုသူ၏ ခွန်အားအစစ်အမှန်ကို မသိရသေး။ လတ်တလော၌ ရှဲ့ယွင်နန်နှင့်အတူ သင်ခန်းစာကို လိုက်နားထောင်ရင်းတွင်မှ ထိုသူသည် ကုန်းမြေတိုက်တစ်ခုလုံး၏ ထိပ်သီးတစ်ဦး ဖြစ်နိုင်ကြောင်း သဘောပေါက်သွားခဲ့သည်။ 


ဒီလိုလူမျိုးက ဘာလို့ ငယ်ငယ်လေးကတည်းက မြို့သေးသေးလေးမှာပဲ နေနေခဲ့တဲ့ ရှဲ့ယွင်နန်လို လူမျိုးကို အရမ်း ကြင်နာနေရတာလဲ ... 


တစ်ဖြ

ည်းဖြည်း ပြန်လည်သက်သာနေပြီဖြစ်သည့် သူ့ခွန်အားနှင့်အတူ .. သူတို့ကို တစ်ချိန်လုံး စောင့်ကြည့်နေသူများ ရှိနေကြောင်းကိုပါ တစ်ပါတည်း တွေ့လိုက်ရသည်။ 


ထိုသူများမှာ ရှဲ့ယွင်နန်၏ ဆရာဖြစ်သူ လွှတ်ထားသူများ ဖြစ်ပေလိမ့်မည်။ 


သူက ခေါင်းကို ငုံ့ကာ အသားနှပ်ခြင်းကိုသာ ဆက်လုပ်နေလိုက်သည်။