Chapter 33
ဘာပဲဖြစ်ဖြစ် .. သူ့ရဲ့ ခွန်အားတွေ ပြန်ရလာဖို့က ပထမဆုံး ဦးစားပေးပဲ ...
သူသာ လုံလုံလောက်လောက် သန်မာလာရင် .. ရှဲ့ချင်ဆိုတော့ရော ဘာအရေးလဲ ...
ဟင်းချက်၍ ပြီးသည့်အခါ သူက တစ္ဆေဘုရင်နှင့် ရှဲ့ယွင်နန်ကို ထမင်းစားရန် ခေါ်လိုက်သည်။
တစ္ဆေဘုရင်က ထိုင်ခုံတွင် ဝင်ထိုင်ပြီးသည်နှင့် တစ်ပြိုင်နက် ချက်ခြင်း မေးလိုက်သည်။
"ငါကြားထားတာ မင်းက မှတ်ဉာဏ်ပျောက်နေတာဆို ..."
သူက ပြုံးပြလိုက်သည်။
"ဟုတ်ကဲ့ ..."
"အတိတ်ကို လုံးဝ မမှတ်မိဘူးလား ယွင်နန်နဲ့ ဘယ်လို တွေ့ခဲ့ကြတာလဲ ..."
"ဆရာ့လိုပဲ ယွင်နန်က ကျွန်တော့်ကို ကယ်တင်ခဲ့တာပါ ..."
သွမ့်ချန်ချင်းက ပြုံးလျက်နှင့်ပင် တစ္ဆေဘုရင်ကို အပြစ်ကင်းစင်စွာဖြင့် လှမ်းကြည့်လိုက်သည်။
သူ့အပြုံးကို မြင်လိုက်ရသည့် ရှဲ့ယွင်နန်က တစ်ဖက်သူအပေါ် ခုခံလိုမှုတို့ မရှိတော့။ စကားများများပြောရင်း သူ့ဇစ်မြစ်အား မတော်တဆ ထုတ်ပြောမိမည်ကို စိုးရိမ်သဖြင့် စကားဖြတ်ပြောလိုက်သည်။
"ဆရာ ဒီနေ့ ချန်ချင်း ချက်ထားတဲ့ အသားဟင်းက အတော်လေး အရသာရှိတယ် ဆရာလည်း များများ ထည့်စားပါ ..."
သူက သွမ့်ချန်ချင်းကို သိသိသာသာပင် ကူညီလိုက်ခြင်း ဖြစ်သည်။ တစ္ဆေဘုရင်က သူ့ကို စိုက်ကြည့်လိုက်သော်ငြား နောက်ထပ် ဆက်မမေးတော့။
သူ့သားရဲ့ စိတ်ထဲမှာ သွမ့်ချန်ချင်းက သူ့ထက်တောင် ပိုပြီး အရေးပါနေသလားပဲ ...
တစ်ယောက်က သူ့ဘေးမှာ ရှိနေတဲ့ လက်တွဲဖော် နောက်တစ်ယောက်က သိတာ အချိန်တိုတိုလေးပဲ ရှိသေးတဲ့ ဆရာဆိုတော့ ... ဒါမျိုးက ဖြစ်တော့လည်း ဖြစ်သင့်ပါတယ်လေ ...
သူ့ကလေးသာ အလုယူ မခံခဲ့ရရင် အခုအချိန်ဆို သူတို့ မိသားစုသုံးယောက် မြင့်မြတ်တဲ့မြို့တော်မှာ ပျော်ပျော်ကြီး နေနေကြရမှာ ...
ရှဲ့ယွင်နန် စားပြီးသည့်အခါ တစ္ဆေဘုရင်လည်း ပြန်သွားလိုက်သည်။
သွမ့်ချန်ချင်း ... သူက သူ့ကို တစ်ယောက်တည်း ခွဲထားရန် အခွင့်အရေးတစ်ခု ရှာဟန်ဆောင်ကာ မေးလိုက်သည်။
တစ္ဆေဘုရင်က ရှဲ့ယွင်နန်၏ ကားပြင်ဆိုင်မှ ထွက်ကာ ကားပေါ်တက်၍ အမြန် မောင်းထွက်သွားသည်။
တစ်ခဏမျှ မောင်းနှင်ပြီးနောက် လမ်းဘေးမှ မုဆိုးတစ်ဉီး ပြေးထွက်လာကာ သူ့ကားကို တားလာသည်။
ကားပြတင်းပေါက်ဘေးသို့ လျှောက်လာသူကို မျက်မှောင်ကြုတ်ကာ စိုက်ကြည့်နေလိုက်သည်။
"လူတစ်ယောက်က ကျွန်တော့်ကို ဒီဖုန်း ပေးခိုင်းလိုက်လို့ ..."
ဖုန်းကို လက်ထဲ ကိုင်ထားသူမှာ လွန်စွာ အားနည်းလှ၏။ .. တစ္ဆေဘုရင်က ပြတင်းပေါက်မှန်ကို ချကာ ဖုန်းကို ယူလိုက်သည်။
ဖွင့်လိုက်သည့်အခါ ဖုန်း၏ မျက်နှာပြင် လင်းလာပြီး သူ မျက်နှာဖုံးတပ်ထားသည့် ဓာတ်ပုံတစ်ပုံ ထွက်ပေါ်လာ၏။
ပြီးခဲ့သည့် ရက်ပိုင်းက လျောင်မုယဲ့သည် တစ္ဆေဘုရင်မှာ ပြန်လည်မွေးဖွားလာခြင်း ဖြစ်ရမည်ဟု ခန့်မှန်းမိပြီးနောက် ထိုသူနှင့် တွေ့လိုလာခဲ့သည်။
သို့သော် သူကိုယ်တိုင် သွားတွေ့ရန်လည်း မဝံ့ရဲ။
တစ္ဆေဘုရင်ရဲ့ အင်အားက ခန့်မှန်းလို့မှ မရတာ မတော်လို့ အဲဒီ့လူက သူ့ဆီ ပြေးဝင်လာပြီး သတ်လိုက်ရင် ဘယ်လိုလုပ်မလဲ ...
အတိတ်ဘဝက သူသည် ငယ်ရွယ်ကာ အားအင်ပြည့်ဝ တက်ကြွပြီး အန္တရာယ်ကိုပင် အမှုမထား၊ နေရာတိုင်းကို သွားရဲသည့်ဆန္ဒ ရှိသော်ငြား ပြန်လည်မွေးဖွားပြီးနောက်ပိုင်းတွင်မူ အသက်ငါးဆယ်အရွယ် လူအိုကြီးတစ်ဦးနှယ် ပြုမူလုပ်ကိုင်ပုံတို့က ပြောင်းလဲသွားတော့သည်။
သူသည် မတောင့်မတ မကြောင့်မကြရသော ဘဝမျိုးတွင် နှစ်နှစ်ဆယ်ကြာ နေထိုင်ခဲ့သည်။
အသက် ငါးဆယ်အရွယ်သို့ ရောက်သည့်အခါ သူ့ဘဝကို တန်ဖိုးထားတတ်လာ၍ အရဲစွန့်ရမည့် ကိစ္စမျိုးကို တစ်ခုမျှပင် မလုပ်လိုတော့ချေ။
ထို့ကြောင့် သူသည် ပထမဆုံးအနေဖြင့် တစ္ဆေဘုရင်ကို စုံစမ်းရန် လူတစ်ယောက်ကိုသာ စေလွှတ်လိုက်သည်။
ထိုသူက သူတို့မိသားစု ရောင်းချခဲ့သည့် စိုက်ခင်းထဲတွင် အမှန်တကယ် နေထိုင်နေခြင်းဖြစ်ကြောင်း သိလိုက်ရသည့်အခါ များစွာ အံ့ဩမိသွားတော့သည်။ တစ္ဆေဘုရင်က သူ့အကြောင်း တစ်ခုခု သိသွားကာ သူ့ကို အဝေးတစ်နေရာသို့ ဖမ်းဆီးသွားမည်ကို တွေးပူမိ၏။ သူ၏ လျောင်မိသားစုမှာ ထိုသူကို အနည်းငယ်မျှပင် တားဆီးနိုင်မည် မဟုတ်ချေ။
မူလက စိုးရိမ်စိတ်တို့ဖြင့် ပြည့်နှက်နေသေးသော်ငြား အသေအချာ ဝေဖန်ပိုင်းခြားပြီးနောက် တစ္ဆေဘုရင်သည် သူနှင့်ပတ်သက်၍ မည်သည့်အရာက မှားနေကြောင်း သိနိုင်မည် မဟုတ်၊ အနည်းဆုံးအနေဖြင့် မရေမရာ ဖြစ်နေလိမ့်မည်ဟု ခံစားမိလိုက်သည်။
ဦးစွာ သူသည် ပြန်လည်မွေးဖွားလာပြီးနောက် မည်သည့် လှုပ်ရှားမှုကိုမှ အကြီးအကျယ် မလုပ်ခဲ့။ အများဆုံးအနေဖြင့် လျောင်မိသားစုကို အစားအစာနှင့် ကုန်ကြမ်းများ သိုလှောင်ထားရန်သာ ပြောခဲ့သည်။ သို့သော် ဟုန်ယဲ့တောအုပ်ထဲတွင် ရှိနေသည့် တစ္ဆေဘုရင်မှာ အတိတ်ဘဝက လျောင်မိသားစု၏ လှုပ်ရှားမှုများကို သိနိုင်မည် မဟုတ်ပေ။
ဒုတိယတစ်ခုအနေဖြင့် .. သူ့ဘဝအတွက် အကြီးမားဆုံး ပြောင်းလဲချက်မှာ ရှဲ့ယွင်နန်အပေါ် ထားသည့် သူ့ခံစားချက်များပင် ဖြစ်ပေလိမ့်မည်။ အတိတ်ဘဝက ထိုအချိန်တွင် သူသည် ရှဲ့ယွင်နန်ကို ချစ်ရေးဆိုခွင့်ရရန် နောက်မှ တကောက်ကောက် လိုက်နေပြီ ဖြစ်သော်ငြား ဤဘဝတွင် ထိုကဲ့သို့ မလုပ်ခဲ့။
ဒါပေမယ့် ... ရှဲ့ယွင်နန်ကလည်း လူတစ်ယောက်နဲ့ လက်ထပ်လိုက်တယ်လေ ...
ရှဲ့ယွင်နန်က လက်ထပ်ပြီးသားဆိုတော့ ... သူ့ကို ချစ်ရေးဆိုဖို့ မကြိုးစားတော့တာ ပုံမှန်ပဲ မဟုတ်လား...
အတိုချုပ် ပြောရပါလျှင် တစ္ဆေဘုရင်သည် သူ၏ ပြန်လည်မွေးဖွားလာမှုကို သိလိမ့်မည်မဟုတ်။ အကယ်၍ သိသွားသည့်တိုင် ဂရုစိုက်လိမ့်မည် မဟုတ်ချေ။
အတိတ်ဘဝက သူနှင့် တစ္ဆေဘုရင်တွင် အကျိုးအမြတ်နှင့် ပတ်သက်ပြီး အငြင်းပွားမှု မရှိခဲ့။ သူတို့နှစ်ဦးမှာ ဆက်ဆံရေးကောင်းသည်ဟုပင် ပြော၍ ရခဲ့သေးသည်။ တစ္ဆေဘုရင် ကွယ်လွန်သွားသည့်တိုင် သူက ရှဲ့ယွင်နန်ကို သဘောကျနေခဲ့ဆဲပင်။
တစ်ခဏမျှ စဉ်းစားပြီးနောက် သူက တစ္ဆေဘုရင်ကို စမ်းသပ်ရန် ဆုံးဖြတ်လိုက်သည်။
တစ္ဆေဘုရင်၏ လက်ထဲသို့ ဖုန်းထည့်ပေးရန် လူတစ်ယောက်ကို ရှာလိုက်သည်။
မြို့အပြင်ဘက်ရှိ ယိုယွင်းပျက်စီးနေသော လမ်းမတစ်နေရာ ...
တစ္ဆေဘုရင်က ထိုဓာတ်ပုံကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် ဖုန်းကို ယူလာပေးသူ၏ လည်ပင်းအား ဆွဲညှစ်လိုက်သည်။
"မင်းကို ဘယ်သူ လွှတ်လိုက်တာလဲ ..."
အမြီးကိုးချောင်းမြေခွေး ထွက်ပေါ်လာသည်ကိုပါ တွေ့လိုက်ရရာ ထိုသူက ချက်ခြင်းပင် ခရေစေ့တွင်းကျ ပြောပြလိုက်တော့သည်။
မျက်နှာဖုံးတပ်ကာ ဝတ်ရုံရှည် ဝတ်ထားသည့် အမျိုးသားတစ်ဦးက သူ့ကို လမ်းတွင်စောင့်ကာ ဤဖုန်းကို ပေးခိုင်းခဲ့ခြင်းဖြစ်ပြီး ထိုမှအပ တစ်ခုမှ မသိထားချေ။
တစ္ဆေဘုရင်က လွှတ်ပေးလိုက်လျှင် သတိလစ်နေသည့် မုဆိုး၏ ခန္ဓာကိုယ်မှာ မြေပေါ်သို့ လူးလိမ့်ကာ ကျသွား၏။ သူက ထိုသူကို လှည့်ပင်မကြည့်ဘဲ ကားကို စွန့်ပစ်ကာ မြို့ထဲသို့ အမြန် ပြန်သွားလိုက်တော့သည်။
သူ ထွက်သွားသည်နှင့် တစ်ပြိုင်နက် မေ့လဲနေသည့် မုဆိုးက ချက်ခြင်း မတ်တပ်ထရပ်ကာ ဒေါသတကြီး ကျိန်ဆဲလိုက်သည်။
"ရူးနေလား ဖုန်းလေးတစ်လုံးပဲ ပေးမိတာကို ဘာလို့ ငါ့ကို ကိုင်ပေါက်ရတာလဲ ..."
ထို့နောက် အကြည့်တို့ ဝင်းလက်သွားကာ ကားပြတင်းပေါက်မှတစ်ဆင့် အထဲသို့ ဝင်လိုက်သည်။
တစ္ဆေဘုရင်၏ အမြန်နှုန်းမှာ ကားမောင်းသည်ထက်ပင် ပိုမို မြန်ဆန်နေ၏။
တစ်ခဏမျှ အကြာတွင် သူသည် ရှဲ့ယွင်နန်၏ ကားပြင်ဆိုင်အနီးသို့ ပြန်ရောက်လာခဲ့သည်။ လမ်းတစ်လျှောက် မည်သူနှင့်မှ မတွေ့ခဲ့။
မြို့ထဲသို့ ရောက်သည်နှင့် တစ်ပြိုင်နက် သူ့ငယ်သားများကို အရင်ခေါ်လိုက်သည်။
အားလုံး အဆင်ပြေကြောင်း အတည်ပြုပြီးသည်နှင့် တစ်ပြိုင်နက် သူက ထိုသူအားလုံးကို မြို့ထဲသို့ လာခိုင်းလိုက်သည်။ ထို့နောက် လက်ထဲရှိ ဖုန်းကို အပြန်အလှန် စစ်ဆေးလိုက်၏။
၎င်းမှာ သာမန်ဖုန်းတစ်လုံးမျှသာပင်။ မျက်နှာပြင်၌ သူ့ကို အလိုရှိကြောင်း ကြေငြာစာ ဓာတ်ပုံ ရှိနေသည်။
သူ့ရဲ့ သရုပ်မှန်ကို တစ်ယောက်ယောက်က တွေ့သွားတာများလား ဒါမှမဟုတ် တိုက်ဆိုင်မှုတစ်ခု သပ်သပ်ပဲလား ...
တိုက်ဆိုင်တာ ဆိုရင်တော့ ဒီတိုင်း ဆက်နေနေရုံပဲ ဒါပေမယ့် ... သူ့အကြောင်းကို သိသွားတာဆိုရင် ...
ရှဲ့ယွင်နန်ပါ အန္တရာယ် ဖြစ်နိုင်လောက်လား ...
သူက ဖုန်းကို ပြန်စစ်ဆေးလိုက်သည်။
၎င်းမှာ သာမန်ဖုန်းအသစ်တစ်လုံးသာ ဖြစ်ပြီး လိပ်စာစာအုပ်ထဲတွင်လည်း ဖုန်းနံပါတ်တစ်ခုသာ ရှိ၏။
ဒီဖုန်းကို ပေးခိုင်းတဲ့သူက သူ့ကို ဖုန်းဆက်စေချင်တာများလား ...
တစ္ဆဘုရင်က ဖုန်းကို လက်ထဲတွင် ကိုင်ထားရင်း ရှဲ့ယွင်နန်၏ အိမ်ခေါင်မိုးပေါ်သို့ ခုန်တက်လိုက်သည်။ သူ့အဖော်သားရဲကလည်း ရှဲ့ယွင်နန်၏ အိပ်ခန်း ပြတင်းပေါက်ဘေးတွင် ထိုင်လိုက်သည်။
ရှဲ့ယွင်နန်သည် အစောပိုင်းကာလများကဲ့သို့ စားပြီးပြီးချင်း အိပ်မောကျခြင်းမျိုး မရှိတော့။ ယနေ့တွင် သူက အချိန်အနည်းငယ် ပိုနေနိုင်လာကာ အိပ်ယာခင်း ခင်းပြီး လှဲချကာစသာ ရှိသေးသည်။
သူက ပြတင်းပေါက်ဘေးရှိ မြေခွေးကို မမြင်။ သွမ့်ချန်ချင်းကလည်း မမြင်ဟန်ဆောင်ကာ လိုက်ကာစကို ဆွဲပိတ်လိုက်သည်။
အခန်းထဲရှိ နှစ်ဦးလုံးမှာ အကောင်းပကတိအတိုင်း ရှိနေ၏။
တစ္ဆေဘုရင်လည်း စိတ်အေးသွားဟန်ဖြင့် သက်ပြင်းချကာ ဖုန်းကိုသာ ဆက်ပြီး စိုက်ကြည့်နေလိုက်သည်။
သူထံ ရောက်လာသူများမှာ မြင့်မြတ်သည့် မြို့တော်မှ ရှေးရိုးစွဲ လူအိုကြီးများ မဟုတ်သရွေ့ ကိစ္စမရှိပေ။ ထို့အပြင် ထိုသူများမှာလည်း သေရမည်ကို လွန်စွာ ကြောက်ရွံ့ကြသူများ ဖြစ်သည့်အတွက် သူ့ကို လွယ်လင့်တကူ လာရှာလိမ့်မည် မဟုတ်ပေ။
ထို့အပြင် လတ်တလော၌ ယဇ်ဆရာ၏ ပျောက်ဆုံးမှုကလည်း ရှိနေသေးရာ ... ထိုလူအိုကြီးများမှာ အာဏာအတွက် တိုက်ခိုက်ရင်း အလုပ်များနေကြပေလိမ့်မည်။
သူက ဖုန်းပိုင်ရှင် သူ့အား ဖုန်းခေါ်လာမည်ကို စောင့်နေလိုက်သည်။ အောက်ထပ် အခန်းထဲရှိ သွမ့်ချန်ချင်းက မပျော်မရွှင် ဖြစ်လာ၏။
ညသန်းခေါင်ကြီးကို လူတစ်ယောက်က မင်းတို့ရဲ့ အိမ်ခေါင်မိုးပေါ် တက်ထိုင်နေရင် ဘယ်သူက ပျော်နိုင်ပါ့မလဲ ...
သူက မိတ်ကပ်ကို ဖျက်ကာ အိပ်ယာဝင်ရန် ပြင်နေစဉ် တစ္ဆေဘုရင် ရောက်လာခဲ့သည့်အတွက် မိတ်ကပ် မဖျက်တော့ရန်သာ ဆုံးဖြတ်လိုက်သည်။ ထို့နောက် အိပ်ယာပေါ် လှဲကာ ရှဲ့ယွင်နန်၏လက်ကို ဆုပ်ကိုင်ထားရင်း သူ့စိတ်စွမ်းအင်များအား ရှဲ့ယွင်နန်၏ ခန္ဓာကိုယ်ထဲသို့ လှည့်ပတ်စီးဆင်းစေလိုက်သည်။
စားစရာမှ ရရှိသည့် စိတ်စွမ်းအင်နှင့် သူ့ကိုယ်ထဲရှိ စိတ်စွမ်းအင်အစိုင်အခဲများမှ ဖြာထွက်လာသည့် စိတ်စွမ်းအင် ... နှစ်မျိုးလုံးက ရှဲ့ယွင်နန်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ကာ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားတော့သည်။
ရှဲ့ယွင်နန်မှာ သူတစ်ကိုယ်တည်း အမှီအခိုမရှိဘဲ မလေ့ကျင့်နိုင်။ ထို့ကြောင့် သွမ့်ချန်ချင်းက သူ့ကို ကူညီပေးရတော့သည်။
သူ နေထိုင်ခဲ့သည့် အတိတ်ကမ္ဘာတွင်လည်း ဂျူနီယာ ကျင့်ကြံသူများသည် ကျင့်ကြံခြင်းခရီးလမ်း အစတွင် စီနီယာများကို မှီခိုကြရပေသည်။
ရှဲ့ယွင်နန်က ဤရက်ပိုင်းအတွင်း အစားကောင်းများကို စားသောက်ခဲ့ရရာ သူ့ခန္ဓာကိုယ်ထဲရှိ ဒဏ်ရာဟောင်းများအားလုံး သက်သာပျောက်ကင်းသွားတော့သည်။
များမကြာခင် စတင်ကျင့်ကြံနိုင်တော့မည်ဖြစ်၏။
ပုံမှန်အားဖြင့် သွမ့်ချန်ချင်းသည် ကျန်နေသည့် အသားအားလုံးကို စားပြီးနောက် သူ့စိတ်စွမ်းအင်ကို ထုတ်လွှတ်ကာ ကျင့်ကြံလေ့ ရှိသော်ငြား ယနေ့တွင်မူ သူတို့အိမ်ခေါင်မိုးပေါ်၌ လူတစ်ယောက် ရောက်နေရာ ...
သူကိုယ်တိုင် မကျင့်ကြံတော့ဘဲ ရှဲ့ယွင်နန်၏ ကျင့်ကြံခြင်းကိုသာ ကူညီပေးနေလိုက်သည်။
မိနစ်လက်တံတို့ တရွေ့ရွေ့ ကုန်လွန်လာကာ ရှဲ့ယွင်နန်၏ ကိုယ်ထဲရှိ စိတ်စွမ်းအင်များ အကူအညီမလိုဘဲ လည်ပတ်နိုင်လာချိန်တွင် ... ခေါင်မိုးပေါ်မှ ဖုန်းမြည်သံတစ်ခုကို ကြားလိုက်ရသည်။
သွမ့်ချန်ချင်း "..."
ရှဲ့ယွင်နန်ရဲ့ ဆရာရေ ... လူတွေကို နှောင့်ယှက်မိရာ ရောက်မှာကို မကြောက်ဘူးလားဟင် ...
တစ္ဆေဘုရင်မှာ အမှန်တကယ်ပင် အခြားသူများ အနှောင့်အယှက် ဖြစ်သွားမည်ကို စိုးရိမ်နေပေသည်။ ထို့ကြောင့် သူက ချက်ခြင်း အသံကို ပိတ်ကာ ရှဲ့ယွင်နန်၏ အိမ်နောက်ဖေးရှိ ဝါးတောထဲသို့ ထွက်သွားလိုက်သည်။
၎င်းမှာ ရှဲ့ယွင်နန်၏ အိမ်နှင့် မီတာငါးဆယ်ခန့် အကွာတွင် ဖြစ်ရာ သူ ဖုန်းဆက်သံကို ကြားသွားမည်အား စိုးရိမ်နေရန် မလိုဘဲ ရှဲ့ယွင်နန်၏ အခြေအနေကိုပါ အာရုံစိုက်ထား၍ ရပေသည်။
ညကိုးနာရီသာ ရှိသေးသည့်အတွက် အများစုမှာ မအိပ်ကြသေး။
တစ်မိနစ်ခန့် အသံမြည်နေပြီးကာမှ ဖုန်းကို ကိုင်လိုက်သည်။
သူ့ကို ဖုန်းဆက်သူမှာ မည်သူမည်ဝါမှန်း မသိသည့်အတွက် ... တစ္ဆေဘုရင်သည် စကားတစ်ခွန်းမှ မပြောဘဲ ဖုန်းကို နားနားကပ်ကာသာ နားထောင်လိုက်သည်။
ဖုန်းတစ်ဖက်ရှိလူက စကားစလာ၏။
"တစ္ဆေဘုရင် ... ယဇ်ဆရာရဲ့ အလောင်းက ခင်ဗျားလက်ထဲမှာ မဟုတ်လား ..."
"ဘာ..."
တစ္ဆေဘုရင်မှာ နားမလည်နိုင်တော့သည့်ဟန်။
ထိုသူက သူ့ကို ရှဲ့ယွင်နန်အား အကြောင်းပြ၍ ခြိမ်းခြောက်လာလိမ့်မည်ဟု တွေးထားသော်ငြား ဤကဲ့သို့ မေးလာလိမ့်မည်ဟုတော့ နည်းနည်းမျှ မျှော်မှန်းမထားချေ။
အဲဒီ့ယဇ်ဆရာရဲ့အလောင်းကို သူက ဘာလုပ်ရမှာလဲ ...
သူနှင့် ယဇ်ဆရာအချို့ကြားတွင် အငြိုးအတေးများ ရှိဖူးသည့်တိုင် .. ယဇ်ဆရာခေါင်းဆောင်ကို ပြဿနာရှာရန် သို့မဟုတ် ရန်ငြိုးဖွဲ့ရန်ကိုမူ တစ်ကြိမ်တစ်ခါမှ မတွေးဖူးချေ။
ယဇ်ဆရာခေါင်းဆောင်ကို ပြဿနာရှာနိုင်တဲ့ အရည်အချင်းလည်း ရှိမနေဘူးလေ ...
အခု ဒီလူ ပြောသလိုဆို ... ယဇ်ဆရာက သေသွားပြီလား ...
ဒီလူက အခုထိ သူ့ကို အကွက်ချ ကြံစည်ချင်နေတာလား ...
သူ့အသံမှာ အလွန်အမင်း အေးစက်သွားသည်။
" မင်းက ဘာလို့ ဒီလိုထင်တာလဲ ..."
"ဘာလို့ဆို ငါတို့က တစ်ဖက်တည်း ဖြစ်နေလို့လေ ..."
ဖုန်းတစ်ဖက်ရှိလူက ထပ်ပြောလိုက်သည်။
တစ္ဆေဘုရင် "..."
ငါတို့က တစ်ဖက်တည်း ဟုတ်လား ဘယ်နားက တစ်ဖက်တည်း ဖြစ်သွားတာလဲ ယဇ်ဆရာကို ဆန့်ကျင်တဲ့သူတွေလို့ ပြောချင်တာလား .. ဘယ်လိုတောင် အကျိုးနည်းကိစ္စကြီးလဲ ...
သူက တစ်ဖက်သူ၏ စကားများကို အပြည့်အဝ နားမလည်သည့်တိုင် အေးစက်စွာ လှောင်ရယ်လိုက်သည်။
"အဲဒီ့တော့ ..."
"ငါတို့ကို သဘာဝတရားကြီးကကို ကောင်းချီးပေးထားတာဆိုတော့ သေချာပေါက်ကို စည်းလုံးရမှာပေါ့ ခင်ဗျားခန္ဓာကိုယ်မှာ ပြဿနာ ရှိနေတယ် မဟုတ်လား ငါက ခင်ဗျားကို ကူညီဖို့ ယဇ်ဆရာတစ်ယောက် ရှာပေးမယ် ခင်ဗျားက ငါ့ကို ပြန်ကူညီပေး ဘယ်လိုလဲ ..."
"မရဘူး ..."
"အခုထိ ရှဲ့ယွင်နန်ကို ကူညီပေးချင်နေတုန်းပဲလား ခင်ဗျားရဲ့ အကူအညီနဲ့ ထိုက်တန်ရအောင် သူက ဘယ်လောက် ကောင်းနေလို့လဲ ..."
တစ္ဆေဘုရင်၏ အငြင်းစကားကို ကြားလိုက်ရသည့်အခါ လျောင်မုယဲ့မှာ စိတ်ကို မထိန်းချုပ်နိုင်တော့။
သူ ရှာတွေ့ထားသည့် အချက်အလက်များအရ တစ္ဆေဘုရင်သည် ရှဲ့ယွင်နန်အတွင် အံ့ဖွယ်သားရဲများကို နေ့တိုင်း ဖမ်းလာပေးလေ့ရှိသည်။
တစ္ဆေဘုရင်က ရှဲ့ယွင်နန်ကို ကူညီပေးရန် စိတ်ဆုံးဖြတ်ထားပြီး ဖြစ်ပေသည်။
အတိတ်ဘဝတွင်လည်း ထိုကဲ့သို့ပင်။ ထိုသူက ရှဲ့ယွင်နန်အပေါ် အလွန်ကြင်နာကာ ရလာသမျှ အရင်းအမြစ်တိုင်းအား ရှဲ့ယွင်နန်ကိုသာ ပေးခဲ့သည်။
ထိုအချိန်က သူသည် ရှဲ့ယွင်နန်နှင့် ရင်းနှီးသည့်အတွက် ကောင်းကျိုးအချို့ကို ခံစားခဲ့ရသော်ငြား သူ့အပေါ် ထားသည့် တစ္ဆေဘုရင်၏ သဘောထားမှာမူ အမြဲ ဆိုးရွားခဲ့ပေသည်။
ထိုစဉ်က မမျှတဟု ခံစားခဲ့ရကာ ပြန်လည်မွေးဖွားလာပြီးနောက် ပို၍ပင် မကျေမနပ် ဖြစ်လာတော့သည်။
တစ္ဆေဘုရင်လည်း ကြောင်အသွားသည်။
အခုထိ ဟုတ်လား ...ငါက ရှဲ့ယွင်နန်ကို ဘယ်တုန်းက ကူညီခဲ့ဖူးလို့ "အခုထိ"လို့ လာပြောနေရတာလဲ ...
ဒါပေမယ့် သူပြောပုံအရဆို .. ဒီလူက သူနဲ့ ရှဲ့ယွင်နန်ရဲ့ကြားက ဆက်ဆံရေးကို သိသေးတဲ့ပုံ မပေါ်ဘူး ...
သူက တစ်ဖက်သူ၏ စကားများအတိုင်း ရေလိုက်ငါးလိုက် ပြောလိုက်သည်။
"သူက မင်းထက် အများကြီး ပိုသာတယ် ..."
ထိုစကား ကြားလိုက်သည့်အခါ လျောင်မုယဲ့လည်း ကြောင်အသွားပြီး သူ့သရုပ်မှန်ကို တစ္ဆေဘုရင် သိသွားပြီဟု ကောက်ချက်ချလိုက်၏။
ပြန်လည်မွေးဖွားပြီးနောက်ပိုင်း သူ့ဘက်ကလည်း လှုပ်ရှားခဲ့တာတွေ ရှိတော့ ... တစ္ဆေဘုရင် ခန့်မှန်းနိုင်တာ မဆန်းပါဘူး ...
"ဘာလို့ သူက ငါ့ထက် ပိုသာရမှာလဲ ဘာလို့ ခင်ဗျားကရော သူ့ကိုပဲ ကူညီပေးမယ်ဆိုပြီး စိတ်ပိုင်းဖြတ်ထားရတာလဲ ..."
သူက ထပ်မေးလိုက်သည်။
"သူက အရမ်း အရည်အချင်းရှိတယ် ဒီလိုလူမျိုးကို အလကား အဖြစ်မခံနိုင်ဘူး ..."
တစ္ဆေဘုရင်က ပြန်ပြောလိုက်သည်။
သူက နောက်ထပ် စကားအနည်းငယ်ခန့်ပြောကာ ထိုစကားများမှတစ်ဆင့် တစ်ဖက်သူ၏ သရုပ်မှန်ကို အကဲခတ်လိုသည့်ဆန္ဒ ရှိခဲ့သော်လည်း ထိုသို့ လုပ်ခဲ့ပါလျှင် တစ်ဖက်သူက သူတို့မှာ တစ်ဖက်တည်းမဟုတ်ကြောင်း သဘောပေါက်သွားမည်ကို စိုးရိမ်မိရပြန်သည်။
ထို့ကြောင့် အနည်းငယ် သတိထားလျက်သာ ပြောနေရသည်။
"အရည်အချင်း ဟုတ်လား ခင်ဗျားသာ သူ့ကို မကူညီပေးရင် ရှဲ့ယွင်နန်ဆိုတာ သာမန်လူတစ်ယောက်သာသာပဲလေ ..."
"ငါ သူ့ကို ကူညီပေးလိုက်တော့ .. အရည်အချင်းရှိတဲ့ တပည့်တစ်ယောက် ရမသွားဘူးလား ..."
တစ္ဆေဘုရင်က ပြောလိုက်သည်။
ထိုကိစ္စမှာ လျောင်မုယဲ့အတွက် ကောင်းသည့်ကိစ္စတော့ မဟုတ်ချေ။ တစ္ဆေဘုရင်က ရှဲ့ယွင်နန်ကို တပည့်အဖြစ် လက်ခံခြင်းမှာ ထိုသူက ရှဲ့ယွင်နန်ကို မည်မျှအထိ တန်ဖိုးထားကြောင်း သက်သေပြနေခြင်းနှင့် အတူတူပင် ဖြစ်သည်။
တစ္ဆေဘုရင် သေဆုံးသွားသည်နှင့် တစ်ပြိုင်နက် ရှဲ့ယွင်နန်က ထိုသူ ပိုင်ဆိုင်သမျှ အားလုံးကို အမွေဆက်ခံရမည်ဖြစ်သည်။
အတိတ်ဘဝတွင်လည်း တစ္ဆေဘုရင်က ရှဲ့ယွင်နန်ကို တပည့်အဖြစ် လက်ခံခဲ့သော်ငြား အမှန်တကယ်တွင် ထိုသူက ...
တကယ်ကို တပည့်အဖြစ်ပဲ လက်ခံခဲ့တာလား ...
လျောင်မုယဲ့က ပြောလိုက်သည်။
"ခင်ဗျားက တကယ်ပဲ ငါ့ကို မကူညီချင်ဘူးလား ငါတို့တွေ အတူတူသာဆို အဲဒီ့ ယဇ်ဆရာအုပ်စုကို တော်လှန်ပြီး အစိုးရအသစ် ဖွဲ့စည်းလို့ ရတယ်လေ ..."
တစ္ဆေဘုရင်မှာ နှလုံးခုန်သံများပင် ဟန်ချက်ပျက်သွားတော့၏။
"ဒီလိုဆိုတော့လည်း နည်းနည်းတောင် စိတ်ဝင်စားလာသလိုပဲ ငါတို့တွေ ဘယ်အချိန် တွေ့ကြမလဲ ..."
တစ္ဆေဘုရ
င်က ဒီယဇ်ဆရာတွေကို တကယ်ကြီး မုန်းနေတာပဲ ...
လျောင်မုယဲ့က ပြောလိုက်သည်။
"ငါက အခုတလော အလုပ်များနေသေးတယ် အားမှပဲ ဆက်ပြောကြတာပေါ့ အော် ဒါနဲ့ သွမ့်ချန်ချင်းကို ဂရုစိုက်ဦးနော် သူက ပေါ်ကို မလာသင့်တဲ့ လူစားမျိုး မဟုတ်လား ..."
ထိုသို့ ပြောပြီးနောက် သူက ချက်ခြင်း ဖုန်းချလိုက်သည်။